8.6.13

ရွှေပြည်ကြီးကိုလ၊ နီးလှပြီလေး။ မွန်ဦးမြေ

ဘ၀တစ်လွှာ
ဘ၀ဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍
နှိုင်းစတမ်းဆိုပါလျှင် - - -
တစ်ရိုးတံမှာ အလွှာငယ် တစ်ဆယ်မကနှင့်
ကြွယ်လှသော စိန်ပန်းရွက်နှယ် ဘ၀မျိုးလည်းရှိသည်။
တစ်ညှာတွင် တစ်လွှာရှိ၍ ဤတစ်လွှာပင် တစ်ရွက်မည်သော
ညောင်ရွက်ကဲ့သို့  ဘ၀မျိုးလည်းရှိပါ၏။
ခိုင်နှင့် ကျွန်တော့ ဘ၀မှာမူ
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက်
ပမာသာ ဖြစ်ခဲ့ရသည်။
တစ်လွှာကြွေခဲ့လေပြီးမင့် တစ်ရွက်မမည်လေတော့သော
အထီးကျန် ဤဘ၀၀ယ် - - -

တက္ကသိုလ် ဘုန်းနိုင်     
(သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်ခိုင်) မှ

ဆရာဘုန်းနိုင်၏ အသစ်စက်စက် ၀တ္ထုကလေးကို ပိုက်ပြီး အာအိုင်တီခေါ် စက်မှုတက္ကသိုလ်သို့  ရောက်ခဲ့ပါ သည်။ ဤတက္ကသိုလ်ကြီးကို ရောက်မှပဲ စွယ်တော်ပင်၏ အပွင့်နှင့် အရွက်များကို သေသေခြာခြာ ဂရုပြုပြီး ကြည့်မိပါသည်၊ ကျောင်းတွင်း မှာ ဝေေ၀ဆာဆာပွင့်နေပါသည်။ ထိုအချိန်က စွယ်တော်ရိပ် စာစောင် မပေါ်သေးပါ။ အချိန် အားဖြင့် နှစ်ပေါင်း ၄၆ နှစ် ကျော်ခန့်  က ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ တတွေ  မြောက်ကြွမြောက်ကြွ နှင့် စက်မှုတက္ကသိုလ်ကြီးရဲ့  ဘ၀ဇာတ်ခုံမှာ စတင် ကပြနေကြ ပါတယ်လို့   အဲဒီ့အချိန်က မသိကြပါ၊ မနူးမနပ်နှင့် စက်မှုဘာသာရပ်များကို သင်ကြားနေရခြင်းမှာ စိတ်ပါဝင်စားမှု ရှိသလို တချို့  မှာလည်း အူကြောင်ကြောင်နိုင်လှ ပါသည်။ အကျိုးအကြောင်း ဆီလျှော်သည့် အတွက်မှတ်ရလွယ်ပေမဲ့လည်း၊ တချို့ အကြောင်း အရာများမှာ ဆက်စပ်၍ မရတာကြောင့် ကြက်တူရွေးနှုပ်တိုက် အလွတ်ကျက်ရတာမျိုးလည်း ရှိပါသည်။ အဲဒီ့အခါများမှာ ရယ်စရာ များနှင့်ရော ပြီးမှတ်လျှင် ဘယ်တော့မှ မမေ့တော့ပါ။ 

အဲဒီ့အချိန်က အာအိုင်တီ ကျောင်းသူများ ( စက်မှုတက္ကသိုလ် ကျောင်းသူများမပါ ) အလှစံချိန် မတင်နိုင်သေးပါဘူးလို့  ဆိုရင် ရိုင်းရာကြပါတယ်။ ကက်ကက်လန်အောင်ပြန်ပြော တာကိုလည်းခံရပါလိမ့်မယ်။ တစ်ခါက ဖရက်ရှာ ၀ယ်ကမ်း နေ့ မှာ ကျောင်းသူ အသစ်ခလေး နှစ်ယောက်ဟာ ဆံရစ်ဝိုင်း ကလေးတွေနဲ့ ကျောင်းရှေ့  ဆင်ဝင်ကြီး အောက်မှာ ရောက်နေပါတယ်။ ကျွန်တော်တို့  အထဲက ရွှတ်နောက် နောက် တစ်ယောက်ဟာ၊ ထီး ကောက်ကြီးကို ချိုင်းကြား မှာညှပ်၊ ညှပ်ဘိနပ်နှစ်ဖက်ကို လက်မှာကိုင်ပြီး၊ အဲဒီ့ ဆံရစ်ဝိုင်းနဲ့ ဖရက်ရှာကလေးတွေ ကိုသွားမေးတယ်မမလေး ရွှေတိဂုံဘုရား ဘယ်ကသွားရသလဲ လို့ သွားမေး တော့။ ဒါ အာအိုင်တီရှင့် ရွှေတိဂုံ ဘုရားမဟုတ်ဖူးလို့  ခပ်ဆတ်ဆတ်ခလေး ပြန်ဖြေလိုက်တယ်။

အဲဒီ့အချိန်ကစပြီး စက်မှုတက္ကသိုလ်ရဲ့ စံချိန်မမှီတဲ့ နောင်ကြီးနောင်ငယ် မမကြီး မမလေးတို့ ကို ကျောင်းထဲမှာတွေ့ ရင် ရွှေတိဂုံဘုရား ဘယ်လမ်းက သွားရပါ သလဲလို့  မေးလေ့မေးထရှိ့  ကြပါတယ်။ ထို့ အတူ ဆရာအောင်ကြီးရဲ့ ကြက်ဥခွံ ဆောက်လုပ်ပုံများ (Shell structure equations) နှင့် ပတ်သက်လာရင် ရွှေတဂုံဘုရား ဘယ်လမ်းကသွားရပါ့လို့  ခေါင်းကုတ်ပြီးဖြေလိုက် ရင် ကျွန်တော်တို့  အချင်းချင်း သိပါပြီ။ ဤကဲ့သို့ သော ဟာသများနှင့် တွဲဖက်၍ ပညာရင်နို့ သောက်သုံးရသော အဖြစ်အပြက်များမှာ ပြောမဆုံးပေါင် တောသုံး ထောင် မက ရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤအဖြစ်အပြက်များနှင့် ဆင်တူရိုးမှား ဖြစ်ပြက်ခဲ့ဘူး သူများ ရှိပါကလည်း စာရေးသူ အနေနှင့် ၀မ်းနည်း ရိုသေစွာ တောင်းပန်ပါသည်။ တိုက်ဆိုင်မှုဟုသာ မှတ်ယူစေလိုပါသည်၊ မည်သူတစ်ဦး တစ်ယောက်ကိုမှ စွတ်စွဲ နေခြင်းမဟုတ်ပါ။

အမှန်ကို ၀န်ခံရလျှင် အတိတ်က ဤအချိန် ဤအခါသည် ကျွန်တော်တို့ အတွက်  ပျော်ရွှင်ဘွယ် အကောင်းဆုံး ဖြစ်လျှက် စိတ်ကူယဉ် အိမ့်မက်ကြီးများ ညတိုင်း မက်နေသော အချိန်လည်း ဖြစ်ပါသည်။ ပိသုကာကျောင်းသား တစ်ဦးဖြစ်သည် ကြောင့် ညတိုင်း အိမ့်မက်များ မက်ခဲ့ သော်လည်း နေ့ လယ် ဆရာနှင့် တွေ့ သောအခါ ပြိုလဲပြီး အမှုံ့ ဖြစ်သွားခြင်းကိုက ညစဉ် အိမ့်မက်ဆက် ၍ အသက်ရှု ရပ်မသွားအောင် လေ့ကျင့်နေခြင်းမဟုတ်ပါလား။

တခါတရံ စိတ်ကူးယဉ် နေပြည်တော်ကြီးများကို ပုံဖေါ်ကြည့်ကြသည်။ ပုံဖေါ်ရာမှာလည်း တစ်ဦးတစ်ယောက် ထည်း မဟုတ်ဘဲ အများနှင့်ဝိုင်း၍ လေထဲမှ မြို့ တော်တည်ကြသည်၊ သို့ သော် လုံးဝမှောင်မဲနေသော အခန်းတစ်ခုထဲမှာ လုံးဝမရှိသော ကြောင်အမဲ တစ်ကောင်ကို လိုက်ဖမ်းနေတဲ့ မျက်မမြင်တွေလို တော့မဟုတ်ပါ။ အခြေခံ တစ်ခု တော့ ရှိစမြဲပါ၊ ဥပမာအားဖြင့် အောက်ပါ ကဗျာတစ်ပုဒ်ကို တစ်ယောက်က ယူလာပြီး ချပြပါသည်၊

ရွှေပြည်ကြီး  (ဦးကူး ၁၈၂၇ / ၁၈၉၅)

ပဟိုရ်ရယ်ညောင်းပါလို့ ၊ ငွေခေါင်းလောင်းဆော်သံ၊ ခြိမ့်ခြိမ့်ငယ်ညံ၊ နန်းဝေယန်ဆောင်မော်နှင့်၊ ပြာသာဒ်တော်ရွှေစမုတ်ကိုလ၊ တိမ်အုပ်ကယ်မှုန်ပြာရီလို့ ၊ သိသိမြင်ပေါ့ မိငယ်လေး။ 

 ဖြိုးဝေရီငယ်၊ မိုးသီမတတ်၊ ဘွေမဟီမှာ၊ စေတီမြတ်ကယ်နှင့်၊ ပြာသာဒ် ကယ်ဆောင်မော်၊ ရွှေကျောင်းတော်က၊ ဆော်တညံညံ၊ ရင့်ရူငယ်သည်းပါတဲ့၊ ဆည်းလည်းသံကို၊ အဖန်ဖန် ခင်မယ်ကြားပါစ၊ ရွှေနားတော်တင်ကာ မှီးပါတော့၊ တိုင်းဌာနီရွှေပြည်ကြီးကိုလ၊ နီးလှပြီလေး။

ပိသုကာကျောင်းသားတွေ ဖြစ်သည့်အလျှောက် - ပြာသာဒ်တော်ရွှေစမုတ်ကိုလ၊ တိမ်အုပ်ကယ် မှုန်ပြာရီလို့  - ဆိုတဲ့ အပိုဒ်ကို တစ်ယောက်က ချက်ခြင်း ပုံဆွဲစက္ကူအပေါ်မှာ ကောက်ကျောင်းပန်းချီ ဆွဲချလိုက်ပါတယ်။ ကျန်ကျောင်း သားများက လည်း ၀ိုင်းဖွဲ့  ပြီး ကူဆွဲကြပါတယ်၊ တချို့ က လမ်းပေါ်မှာနွားလှည်းတို့ ဈေးရောင်းဈေး ၀ယ်တို့ စသည်ဖြင့် ဝေေ၀ဆာဆာ အားဖြည့်ကြပါ တယ်။ တချို့ က သစ်ပင်ပန်းပင်တွေ စိုက်ကြပါတယ်။ အနီး အဝေ (Perspective Theory) သီအိုရီကို ဆရာဦးကံလှ (ရူးရှားပါမောက္ခ) က သင်ကြားပြီးခါစ အချိန်ဖြစ်ထာကြောင့် လက်တဲ့စမ်းခြင်တဲ့ ကျောင်းသားကလည်း ၀င်စမ်းတာဘဲ။ ဒါပေမဲ့ ပထမအစပါအပိုဒ်ကို ပြန်စလိုက်တဲ့ အခါမှာတော့ - ပဟိုရ်ရယ်ညောင်းပါလို့ ၊ ငွေခေါင်းလောင်း ဆော်သံ၊ ခြိမ့်ခြိမ့်ငယ်ညံ၊- ဆိုတာကို ဘယ်လိုဆွဲကြ မလည်းလို့ မေးလိုက်တော့၊ ကျွန်တော်တို့ ရွှေတိဂုံဘုရား ဘယ်က သွားရမှန်းမသိ ဖြစ်ကုန်ကြပါတယ်။ အဲဒီ့အခါမှာ တခြားဌာန များမှ နောင်ကြီးနောင်ငယ်များ လည်း ပါဝင်လာကြပါတယ်၊ သို့ သော်အဖြေ မထွက်ပါ။ ကျွန်တော် မှတ်မိသလောက် တခြားဌာနများမှ နောင်ကြီး နောင်ငယ်များမှာ၊ လျှပ်စစ်မှ (ကိုငွေသော်)၊ စက်မှုမှ ကိုကျင်ထွန်း၊ ဓါတုမှ ကိုခွန်း၊ မြို့ ပြမှ မိတ်ဆွေများ နာမည် ကျွန်တော်မေ့နေပါပြီ၊ ပိသုကာမှ ကိုသန်းထွန်း၊ ကိုသန်းထိုက်၊ ကိုထင်မြိုင်၊ မခင်ခင်ကြူ  နှင့် အခြားကျောင်းသူကျောင်းသားများ ဖြစ်ပါတယ်။ 

ကျွန်တော်တို့  ၀ိုင်းဖွဲ့ ပြီး ရွှေတိဂုံဘုရား သွားရာလမ်းကို ခေါင်းကုတ် စဉ်းစာနေချိန်မှာ အခန်းထဲကို ပန်းချီ ဆရာကြီး *ဦးဘကြည် ၀င်လာတာနှင့်ကြုံပြီး အကျိုးအကြောင်း ရှင်းပြတော့။ ဒီပန်းချီကားထဲမှာ အသံကိုဝင်ထဲ့လို့  မရဘူး၊ တခြားဘေးမှာ အသံလာရာ ခေါင်းလောင်းတို့   ဆွဲလဲတို့ ကို အပိုကားချပ်အဖြစ် အနားမှာကပ်ဆွဲမှ အသံကို အထူးပြုစေတယ်လို့ ပြောပြတော့၊ အားလုံး ရွှေတိဂုံဘုရား သွားရာလမ်းကို သိခဲ့ရပါတယ်။ ကျွန်တော်တို့  အထဲကတစ်ယောက်က ဆရာကြီး အဲဒါ ဘာသီအိုရီလဲလို့  မေးလိုက်တော့ ? ၊ ကိုင်း မင်းတို့ သိခြင်ရင်တော့ရှင်းပြရမှာပါဘဲ၊ သီးခံပြီးနားထောင်ပါတဲ့။

မှတ်ချက်၊    ၊ *ဦးဘကြည် (၁၉၁၂ ~ ၂၀၀၀) ကျိုက်ထိုမြို့ ဇာတိ၊ F.R.S.A. London, ဘွဲ့ ကို ၁၉၅၈ ခုနှစ်တွင် လန်ဒန် တော်ဝင် ပန်းချီဆရာ အသင်းကြီးမှ ရာသက်ပန်အဖွဲ့ ဝင်အဖြစ် ချီးမြှင့်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ပြင်သစ် အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့်ပန်းချီ သိပ္ပံတွင် ပညာသင်ခွင့်ရခဲ့သည်။ ပညာဆည်းပူးနေစဉ်၊ ကမ္ဘာ့ပန်းချီပြပွဲကြီး La Salon 49 တွင် ၀င်ရောက်ပြသနိုင်ခဲ့သည်။ လန်ဒန်၊ မွန်တီ ကာလို မြို့ များတွင်ကျင်းပသော ကမ္ဘာ့ပန်းချီပြပွဲများတွင်လည်း ၀င်ရောက်ပြသနိုင်ခဲ့သည်။ အမေရိကန်၊ ပင်စီဗေးနီးရား တက္ကသိုလ်မှလည်း ပန်းချီ မဟာဝိဇ္ဇာရခဲ့သည်။ ဆရာကြီး ဦးဘကြည် သည် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးတွင် ဥက္ကဌအဖြစ် ဆယ်ကြိမ် လုပ်ခဲ့သည်။

ပန်းချီဆိုတာ အရာရာကို (Reality-fine arts) အမှန်တကယ် အနုစိတ်ပန်းချီနဲ့  ချည်းဘဲဆွဲလို့ မရဘူး။ တခါတရံ ၀ိုးတ၀ါးဝါး ဆွဲခဲ့ရတာလည်းရှိတယ်။ တခါတစ်ရံ အသံကို ပုံဖေါ်ဘို့ အပြင်မှ အကူကားချပ်တွေနဲ့ တွဲပြီး ဖေါ်ပြရတာလည်းရှိတယ်။ ဥပမာ၊  ၊ရေလုပ်သား ရွာကလေးတစ်ခုမှာ ငါးဖန်းသင်္ဘောကလေးပြန်လာတာကို ဥသြဆွဲပြီး အချက်ပေးတာကို ဘယ်လိုလုပ်ပြီး ဆွဲထဲ့မလည်း။ ဘေးနားမှာဘဲဖြစ်ဖြစ် သင်္ဘော အခေါင်းတိုင်နားမှာဘဲဖြစ်ဖြစ် အသံလှိုင်း ဆွဲထဲ့ရင်၊ အသံပါတဲ့ပန်းချီလို့ ကျည့်သူ တိုင်း ခံစားနိုင်ပါတယ်။ နောင်အခါမှာ ရေပန်းစားလာမဲ့ Sound-scape ဆိုတာအဲဒါဘဲ။ အခုတော့ ရှေးစာဆိုတစ်ဦးရဲ့ ရွှပြည်ကြီး  ဆိုတဲ့ မြေခင်းအလှပန်းချီကြီး (City Landscape) ကို တပြည့်တို့ ဝိုင်းဆွဲနေတာ ဆရာဝမ်းသာမိတယ်၊ အားပေးမိတယ်လို့ ပြော လိုက်တော့ ကျနော်တို့ တတွေ ရေငတ်ထာနဲ့ ရေတွင်းထဲကျတာ အတော်ဖြစ်သွားတာပေါ့

ဆရာကြီးရယ် Landscape ဆိုတာတော့ကြားဘူးပါတယ်၊ Sound-scape ဆိုတာတော့ မကြားဘူးသေးတာကြောင့် နဲနဲ ရှင်းပြပေးပါလားလို့ မေးကြတော့။ ဒီလိုကွဲ့  ပညာခန်းဆိုင်ရာ Sound-scape ဆိုတဲ့ ဝေါဟာရတော့ ခုအချိန်မှာမပေါ်သေးဘူး၊ ဒါပေမဲ့ အများကသိနေတဲ့ ငှက်သံကလေးတွေ၊ ဘုရာကျောင်းတို့  ဘုန်းကြီးကျောင်းတို့ က ခေါင်လောင်းသံတွေဟာ Sound-scape မှာပါတယ်။ မော်တော်ကားသံတွေ၊ စက်ရုံက အသံဗလန်တွေက Sound-scape မှာမပါဘူး၊ ခုချိန်ထိ ဘယ်အသံတွေ ဟာ ပါသင့်တယ်လို့ မသတ်မှတ်ရသေးဘူး။ ဥပမာ ရန်ကုန်ဘူတာကြီးမှာ မီးရထားကြီးတွေ ၀င်လာတာကို သိစေခြင်လို့  ဥသြဆွဲလိုက်ထာကို Sound-scape လို့ မခေါ်ဘဲ Noise ခေါ်ကြတယ်၊ ဒါပေမဲ့ တောရွာလေး အနားက မီးရထားသံလမ်း ပေါ်က လူ တိရစ္ဆာန်များ ဖယ်ရှားဘို့ ဥသြဆွံလိုက်ထာကိုတော့ Sound-scape ထဲမှာ ထဲ့ထားတာကြောင့် မူအတိအကြ မရှိသေးဘူး။ အဲဒီ့လိုဘဲ ပိသုကာ ပညာရပ်ဆိုင်ရာ တွေမှာလည်း အတွက်အချက်တွေနဲ့ ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုးထွက်ပေါ် လာတာ ကြောင့် သီအိုရီတွေ အမျိုးမျိုးပေါ်လာတာကို တပြည့်တို့ ဂရုစိုက်ရမယ် လို့ ပြောပြန်တော့၊ ကျွန်တော်တို့ တတွေ ရှင်းသလိုလိုနဲ့  ပိုပြီး ရှုပ်ကုန်ပါတယ်။ 

ဆရာကြီးရယ်ကျွန်တော်တို့ နားလယ်အောင် ဥပမာကလေးနဲ့ ရှင်းပြပေးပါလားဆိုတော့။ ကဲ ဒီလိုဆိုရင်ဖြင့် ဆရာ့ရဲ့ ပညာသင်ကာလက ဥပမာ ကလေးတစ်ခုပြောပြမယ်။ ဆရာဟာ ငယ်ငယ်ထဲက အင်မတန် စည်းကမ်းကြီးတဲ့ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာရတာကြောင့် ဘာသာရေးကို မိရိုးဖလာတင် မဟုတ်ဘဲ တကယ်ယုံကြည်လေ့လာခဲ့တယ်။ ဒါပေမဲ့ ဘွဲ့ လွန်ပညာ တွေသင်ဘို့  တော်ဝင်လန်ဒန်အနုပညာကျောင်းကို ရောက်တဲ့နေ့ မှာဘဲ၊ Nudistic Art (အ၀တ်မဆင် အလှပြပန်းချီ) အတန်းကို တက်ရ ပြီး တလလုံးလုံး အမျိုးသမီးတစ်ဦးရဲ့ မိမွေးတိုင်း ဖမွေးတိုင်းပုံကို ဆွဲရတယ်။ ဆရာ စေ့စေ့ မကြည့်ရဲဘူး၊ မော်ဒယ်ဂဲကို မြက်စေ့ တမှိတ် ကြည့်လိုက် အပြင်ပြူတင်းပေါက်ကို ကြည့်လိုက်နဲ့ စိတ်ကူးထဲမှာ မြင်ရတဲ့ပုံမျိုးကို ၀ိုးတ၀ါးဝါး ဆွဲပြီး ဆေးရောင် ချယ်နေ တော့၊ အတန်းပိုင် ကထိကက သေသေခြာခြာကြည့်ပြီး ဘာပြုလို့  Realistic  ပန်းချီကို မဆွဲတာလည်းလို့ မေးတော့။ ကျွန်တော် မိန်းမတစ်ယောက်ရဲ့ အသေးစိတ်ပုံများထက်၊ ၀ိုးတ၀ါးဝါး ပုံက ပိုပြီး ခံစားရပါတယ်၊ ပိုပြီး စိတ်မှာ အကြာကြီး ဆွဲနေပါတယ်လို့  ပြောလိုက်တော့၊ ဆရာ့ ရဲ့ ပုံနှစ်ပုံစလုံးကို ယူပြီး အထက်က ပါမောက္ခအဖွဲ့  မှာတင်ပြီး ရှင်းပြပါတယ်။ နောက်ပြီး အဲဒီ့ ပုံနှစ်ပုံစလုံးကို ပါရီ (Paris) မြို့ က ပြပွဲမှာ ပို့ ပြီး ပြခဲ့ပါတယ်၊ ပြပွဲ ဖွင့်တဲ့နေ့  နာရီပိုင်း အတွင်းမှာ ရောင်းထွက်သွာပါတယ်။ Royal London School of Art အနေနဲ့ ကတော့ အဲဒါကို Blurred Art လို့  ခေါ်တယ်၊ အရင်ကလည်း ဒါမျိုးပေါ်ဘူးတယ်။ ဆရာ့အနေနဲ့ ကတော့ အဲဒီ့ သီအိုရီမျိုး မသိယိုး အမှန်ပါဘဲ၊ ဘာသာရေး ကန့် လန့် ကာ နောက်မှ ဆွဲမိတဲ့ပုံလို့ ဘဲ ဆရာကတော့ အမည်ပေး ထားမိပါတယ်။ တပည့်တို့ ပိသုကာ ပညာသင်ကျောင်းသား တွေလည်း တနေ့ ကြရင် Blurred Architecture ဆိုတဲ့ သီအိုရီ မပေါ်ဘူးလို့ မပြော နိုင်ဘူး လို့ ရှင်းပြတော့ - - - ကျွန်တော်တို့  စိတ်ကူးတွေက စိတ္တဇ အလွမ်းလား ? ၊ ၀ိုးတ၀ါးဝါး အူကြောင်ကြောင်တွေလား ? ၊ လို့ မဝေခွဲနိုင်ပေမဲ့။ အများကတော့ ဒီကောင်တွေ စိတ္တဇနာ ထိနေပြီလို့ သမှတ်ကြပါတယ်။ 

မှတ်ချက်။ အထက်ပါ အဖြစ်အပြက်များဖြစ်ပြက်ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာမှ Blurred Architecture သီအိုရီပေါ်ပေါက် လာပါတယ်။ အနောက်နိုင်ငံနဲ့ ဂျပန် ပိသုကာပညာရှင်များက ဌင်းသီအိုရီနှင့် ပုံဖေါ်ထားသော အဆောက်အဦး တစ်ခုအကြောင်း ကို အနည်းငယ်ဖေါ်ပြ လိုက်ပါသည်။ စိတ်ဝင်စားသူများဆက်လက်လေ့လာရန်၊ (The Japan Architect magazine; JA 41  Spring 2001) notes as follows, * Address: Sendai Mediatheque: Zozenji Street, Sendai City, Japan. * Sendai Mediatheque is a complex including a conventional Japanese Art Museum, Workshop, and a Library (All books are in digital formet, some called paperless library). * 1995 International Competition winning design by Toyo Ito; Opened on January 2001.

ကျနော်တို့ တတွေ မြောက်ကြွ မြောက်ကြွနှင့် စိတ်ကူးယဉ်ကားချပ်ကြီးမှာ ပီတိဖြစ်နေတုံး ရူးရှားမှ ပါမောက္ခရောက်လာ ပြီး မင်းတို့ ဘာဖြစ်နေကြတာတုံးလို့ မေးတာနဲ့ ၊ ကျနော်တို့ အထဲက အင်္ဂလိပ်စကား ကြွမ်းသူကရှင်းပြပါတယ်။ ဒါပေမဲ့ သူ့ အမူ အရာက ကြေနပ်ပုံမရပါ။ ကျနော်တို့ လည်း ရွှေတိဂုံဘုရား သွားရတဲ့ လမ်းပြောက်နေပြီ ဆိုတာ သိလိုက်ထာနဲ့  တစ်ယောက် သောသူက တလောက နေးရှင်းသတင်းစာ မှာ အဲဒီ့ကဗျာကို အင်္ဂလိပ်လို ဘာသာ ပြန်ထားတာသူတွေ့ ဘူးတယ် ဆိုတာနဲ့  စာကြည့်တိုက်မှူး ဒေါ်မြင့်မြင့်ခင်ကို အပူကပ်ပြီး ရှာကြပါတယ်။ တွေ့ တာနဲ ကူးယူပြီး အဲဒီ့ဘာသာပြန်နဲ့ အတူ ကျနော်တို့ ကားချပ် ကြီးကို ရှင်းပြတော့၊ တပြည့်တွေတော်တယ်ကွာ ဆိုပြီး ကားချပ်ကြီးကိုလည်း ဓါတ်ပုံရိုက်၊ ဘာသာပြန်ကိုလည်း ကူးယူပြီး မော်စကိုတက္ကသိုလ်မှာ ပြသဘူးတယ်လို့  ပါမောက္ခကြီး ကိုယ်တိုင် ပြောပြဘူးပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်သူမှာ အရှင်အာနန္ဒာ (လတ်ဗီးယား ဘုန်းတော်ကြီး) ဖြစ်ပြီး အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်၊

Golden  Capital  City U Ku (1827 ~ 1895)

Sweet sounds of drums and silver bells
Coming from the Palace
Can be heard reverberating in the air
And I can see the palace roofs,
The graduated turrets and buildings
Encompassed by haze.
And, my dear girl,
I can still faintly see 
The silhouettes of a high pagoda
Reaching nearly to the clouds
And of super-imposed roofs (i.e., pyathat)
Oh my dear, don't you hear
A melodious sound of small bells
Coming from the golden monastery?
Our golden capital city must be near.

အထက်ပါ အဖြစ်အပျက်ကို ကြည့်ပါက၊ ပိသုကာကျောင်းသားတစ်ယောက်အနေနဲ့ စာတွေ့ ၊ လက်တွေ့ ၊ ဂဏန်း သင်္ချာများ၊ ဘာသာယဉ်ကျေးမှု့ နှင့်အတူ အနုပညာ ဘာသာရပ်များကို လေ့လာ မှတ်သားနေရသည်မှာ မတူသော သဘာဝ တရားများကို ကိုယ့်နည်း ကိုယ့်ဟန်နှင့် ပေါင်းစပ်ဖွဲ့ စည်းနေရပါသလား ? - ဆိုတာကို ကျောင်းသားတစ်ယောက်အနေနဲ့  ဘယ်လို သိရှိနိုင်ပါမည်နည်း။ စာပေ၀ါသနာပါသူများ အနေနဲ့ ကတော့ လက်လှန်းမှီရာ စာပေ၊ ကျွမ်းကျင်ရာ ဘာသာ စကားများ ကိုအခြေခံပြီး လေ့လာ အားထုပ်မှုများ လုပ်နိုင်ပေမဲ့လည်း - - - ရှုပ်ထွေးပွေလီလှတဲ့ သင်္ချာလောကမှ ဂဏန်းများ၊ ဘယ်က ဘယ်လို ယူလာတဲ့ လက်ခံယူဆချက် (Assumptions) များ၊ ညီမျှခြင်း (Engineering & mathemitical equations) များကို ဘယ်လိုလုပ်ပြီး မေးခွန်း ထုပ်နေနိုင်ပါသလည်း။ ဘက်ပေါင်းစုံ ထည့်တွက် ဆင်ခြင်ရမည့် ပြဿနာများမှာ တဖက်စွန်းတွေမှာ ရောက်နေတာကြောင့် ဘယ်လို ဂဏန်းတွေနဲ့  အဖြေရှာမှာလည်း။ ကျောင်းသားဘ၀မှာ အသိဥာဏ်က လည်းမဖွံ့ ဖြိုးသေး၊ အတွေ့ အကြုံကလည်း နုနယ်သေးတာကြောင့်၊ အစဦး ပထမမှာ ကျွန်တော်ဆိုခဲ့တဲ့ ပညာ စည်းပူနေချိန်မှာ တချို့ ဘာသာရပ် တွေကို အလွတ် ကြက်တူရွေးနှုပ်တိုက်နဲ့ ဘဲ အဖြေရှာခဲ့ရပါတယ်။ သူများယောင်လို့ ယောင်ရသည်၊ အမောင် တောင်မှန်း မြောက်မှန်း မသိဖြစ်ခဲ့ရပါသည်။ 

အင်္ဂျင်နီယာ ဆရာများ အနေနဲ့ ကလည်း သူတို့ တွက်ထာမှန်တယ်၊ ရေပက်မ၀င်ဘူး၊ ကြိုက်တဲ့ဘက်က စမ်းကြည့်လို့  စိမ်ခေါ်နေတယ်။ အနုပညာ ဆရာများဘက်ကလည်း ပြောစမ်း ဆေးရောင်ဆိုတာ ဘာလည်း၊ " ဖက်ဖူးရောင် အနုကလေး၊ ရာမလေးလို နှုပ်ခမ်းလေးမှာ ပတ္တမြားရောင် ဆိုးထားတာ " လူတိုင်းသိတယ်။ မင်းတို့ သိပ္ပံနည်းနဲ့  nano-scale ဖြစ်တဲ့နံပတ် တွေနဲ့ ပြောလို့ ကတော့ ဘယ်သူ နားလယ်သလည်း လို့  မေးခွန်းထုပ်တော့၊ ပိသုကာကျောင်းသား မျက်စေ့ ကလယ်ကလယ်
နဲ့ ရွှေတိဂုံ ဘယ်ကသွားရမှန်း မသိ ဖြစ်ကုန်တယ်။ ဒီကြားထဲမှာ ဘာသာ စကားကလည်း ချုံခို တိုက်ပွဲဆင်ပါသည် - ဦးကူး ရဲ့၊ ရွှေပြည်ကြီးလို - ကဗျာမျိုးက ပုံဆွဲရတာ၊ ဆေးရောင်ခြယ်ရတာ၊ အများအမြင်ကို ပုံဖေါ်ရတာ ကြည်နူးမိတယ် စိတ်ဝင်စား ကြပေမဲ့ - ဘယ်သူက ယူလာတာ မသိတဲ့ အင်းဝခေတ်က ရတုပိုဒ်စုံ တစ်ခုကို ဆေးရောင်ချယ်ကြည့်ဘို့ မလွယ်ပါ။ ယူလာတဲ့ သူကပြောတယ်၊ မင်းတို့ ကင်မရာ အစုတ်ခလေးနဲ့ ရှောက်ရိုက် နေတဲ့ ဓါတ်ပုံပညာ မပေါ်သေးခင်က၊ ဘယ်တော့မှ ဆေးရောင် မပြယ်တဲ့ မြေခင်း အလှဓါတ်ပုံ ကားချပ်ကြီးတစ်ခု ငါယူလာတယ် - ကဲ ပုံဆွဲကြစမ်း၊ ဆေးရောင် ချယ်ကြည့် ကြစမ်း - တဲ့၊


နတ်တော်ဆန်း၍၊ လျှံထွန်းရောင်ဝါ၊ သူရီယာလျှင်
အ၀ါမမူ၊ အဖြူအနီ၊ စုံစီခြယ်လွင်၊ ပြင်ထပ်တွင်၍၊
နေ၀င်မြင်သည်၊ ၀ရွှေပြည်ကား၊ ဆီးရည်ပတ်ချုပ်၊
မှိုင်းအုပ်ပျပျ၊ ပုညတောင်ဆီ၊ ရီလျက်မလင်း၊ မ၀င်းအုံ့ မှိုင်း၊
စစ်ကိုင်းတစ်ဘက်၊ သန်လျက်ပေါ်ထွန်း၊ ကျွန်းများတံခွန်၊
နန်းဗိမာန်မှာ၊     ၊ လေသွန်ပြည့်လှည်းလိမ့်တကား။   ။


မှတ်ချက်။   ။ ဖေမောင်တင် - မြန်မာစာပေသမိုင်း - စတုတ္ထအကြိမ်၊ နှာ ၁၁၅ တွင်အောက်ပါအတိုင်းရေးထားပါသည်။ တောင်ငူခေတ်၊ ရှင်ထွေးနာသိန်၊ လှော်ကား ၃၀၀၀ မှူးနှင့်အတူ အင်းဝမှတောင်ငူသို့  ပြေးလာခဲ့သော ရှင်ထွေးနာသိန် သည်၊ တောင်ငူသို့ ရောက်ပြီးလျှင် ဇာတိချက်ကြွေဖြစ်သော အင်းဝကိုသာ တမ်းတနေတော့သည်။ တောင်ငူသို့ ရောက်သော် မင်းကြီးညိုထံ၌ ၀င်ရောက် ခစား သည။ တောင်ငူရောက်၍ များမကြာမီပင် အနိစ္စရောက်ရာ ခေါင်းအုန်းအောက်၌ အင်းဝမြို့ သို့ တမ်းတ ရတုပိုဒ်စုံတခုကိုတွေ့ ရသည်။ အထက်ပါအတိုင်း စပ်ဆိုရာ၌ ညနေ၀င်ရီတရောတွင် တွေ့ မြင်ရသော အင်းဝပြည်ကြီးကို အုံ့ မှိုင်းလျက်ရှိသော ဆီးနှင်းတို့ အောက် ပုညရှင် ဘုရားစေတီနှင့် မနီးမဝေးအရပ်တွင် တည်ရှိနေပုံတို့ သည် ဓါတ်ပုံကားချပ်ကြီးသဖွယ် ပေါ်လွင်ထင်ရှားလှသည်သာမက ရာသီအချိန်ကို ဖေါ်ပြရာ၌လည်း စာရေးသူ၏ စိတ်သဘောထားကို မဆိုထားဘိ ဖတ်ရှုမိသော ကျွန်နုပ်တို့ ၏ စိတ်ကိုပင် ထိခိုက်စေတော့သည်။ ဤရတုကို ဆိုသူသည် အကယ်စင်စစ် မျက်ရည်ဖြိုင်ဖြိုင်ကျ၍ အလွမ်းမိုးရွာစေစဉ် ရေးသားဟန်တူသည်။

နိဂုံးအနေနဲ့ မှာကြားလိုတာကတော့၊ ပိသုကာပညာ နဲ့  ပိသုကာကျောင်းသား ကျောင်းသူတွေဟာ နှစ်လွှာပေါင်းမှတစ်ရွက် ဖြစ်ရသည့် စွယ်တော်ရွက်မျိုး ဖြစ်ထာကြောင့် မည်သည့် အလွှာမှ ကြွေကျလို့ မရပါ၊ တစ်လွှာကြွေလျှင် တစ်ရွက် မမည်တော့ပါ။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့များကိုလည် မေ့ပစ်လို့ မရပါ။ စာသင်ခန်းထဲမှာ ဓလေ့ထုံးစံများကို စာတွေ့ သာ ရပါလိမ့်မည်။ စာသင်ခန်းပြင်ပမှ ဓလေ့ထုံးစံများကို ကိုယ်တိုင် ခံစားမှု အလှကိုထိတွေ့နိုင်ပါစေ - - -  -

 မေတ္တာဖြင့်။     ။ မွန်ဦးမြေ ။

 --------------------------------------------------------------------------

.......ဌင်း ဆောင်းပါးကို ရန်ကုန်စက်မှုတက္ကသိုလ် ၂၀၁၂ စွယ်တော်ရိပ် စာစောင်တွင် ဖေါ်ပြပြီးပါသော်လည်း အများအပြာ ဖြတ်တောက်ခြင်းခံရပြီး ဓါတ်ပုံများ အားလုံးနီနီး ဖေါ်ပြခွင့်မပြုပါ။ အယ်ဒီတာအဖွဲ့ မှ လိုသလို တည်းဖြတ် ထားမှုကြောင့် စာသား ပုံဖေါ်မှု ကွဲလွဲသွားပါသည်။

လေးစားစွာဖြင့်
မွန်ဦးမြေ

(မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်။)

* * * * * * * *

No comments:

Post a Comment