20.1.12

ခိုင်ထူးသစ် ၊ အပါယ်ဘုံဒစ်စကာဗာရီ....။ (ပန်းအလင်္ကာမဂ္ဂဇင်း ၊ အောက်တိုဘာ၂၀၀၉)

The Faithful Colt (1890) by William Michael Harnett (1848-1892) Oil on canvas


ဆွစ်..ဆွစ်..ဆွစ်…။

အပြေးသန် အသံစူးပြီး အမွေးအမြီးဖွားသော သူ့ကိုအများက ‘ရှဉ့်’ ဟုထင်ကြသည်။ သူ့ခြေတွေက လေထက်မြန်သည်။ သူ့လက်တွေက ရဲသည်။ မြဲသည်။ ပါးပြင်းထောင်နေသော မြွေတစ်ကောင်ကို ဖျပ်ခနဲဆွဲဆုပ်ကာ ခေါင်းကို ကိုက်ဖြဲပြီး ဦးနှောက်ဖောက်စားသည့် အလုပ်ကို သူကျွမ်း၏။ သူ့ရုပ်သွင်က ရှဉ့်နှင့်ဆင်သော်လည်း သူသည်‘ရှဉ့်’မဟုတ်။ ပွက်ပွက်ဆူနေသော ဒေါသပိုင်ရှင် မြွေတို့၏ ဦးနှောက်နွေးနွေးေ လးတွေကို ခံတွင်းတွေ့နေသည့် ‘မြွေပါ’ တစ်ကောင်ဖြစ်သည်။

အခေါင်းအပေါက်ရှိသည့် သစ်ပင်ကြီးကို သူပတ်ပြေးသည်။ ချောင်းစပ်မှ လေပြင်းတစ်ချက် ဝှေ့တိုက်လာ၍ သူ့အမွေးများ လွင့်လန်သွားသည်။ ရွှံနှင့်သဲ မသဲကွဲသည့် မြေပြင်ပေါ်ဝယ် ခြေရာတွေက တစ်ကွက်ပြီးတစ်ကွက်။ သေးသေး ကြီးကြီး။ တိမ်တိမ် နက်နက်။ ရေသောက်ဆင်းကြမည့် သမင်၊ ဒရယ်၊ နွားနောက်၊ ယုန်၊ ကြောင်တို့၏ ခြေရာများ ဖြစ်ကြသည်။ သစ်ပင်၏ကြီးမားသော အမြစ်ကြီးများက မြေပေါ်မှာ ထင်းထင်းပေါ်ကာ ချောင်းထဲကျဆင်းနေ၏။

အမြစ်ကြီးပေါ် သူခုန်တက်သည်။ ပင်ခြေမှ ချောင်းစပ်ထိ ရှည်သည့်အမြစ်သည် သူ့ပြေးလမ်းအတွက် အဖုအထစ်ဖြစ်နေသည်။

ရှေ့ကိုတစ်ချက် ဆက်အခုန် အရိုးတစ်ချောင်းပေါ် ရောက်သွား၏။ ဖွေးဖွေး မာမာချောချော။ အညှီနံ့ အသားနံ့လည်း စွဲနေသည်။ အရိုး၏ အဆစ်အဖုကို သူလှုပ်ကြည့်လိုက်စဉ်မှာပင် ဒေါက်ဒေါက် ဒုန်းဒုန်းဝုန်းဝုန်း မြည်သွား၍ လန့်ဖျပ်ကာ ခုန်လိုက်မိသည်။

သစ်ပင်ပေါ်မှာအရိုးတွေ. .အရိုးတွေ

စပါးကြီး မြွေကြီးတစ်ကောင် သစ်ကိုင်းကိုပတ်ကာ လိမ်ကာ အောက်ဖက်သို့ ဇောက်ထိုးဆွဲလျက် ပါးစပ်ဟပြီး အရိုးတွေကို အထွေးလိုက် အခွေလိုက်အန်ချသည်။

ခြေရိုး၊ ဒူးရိုး၊ နံရိုး၊ ဦးခေါင်းခွံနှင့် ဦးချိုများ မြေပြင်ပေါ်တွင် တစ်ခုပေါ်တစ်ခု ကျကာပုံသွား၏။ သည်လောက်ကြီးသည့် မြွေကြီးကို တစ်ခါမှမမြင်ဘူး။ အကောင်ကြီးသလို ဦးနှောက်လည်း ကြီးလိမ့်မည်။ ဖောက်စားလိုက်ရလျင် တော်တော်အရသာရှိမည်ဟု တွေးရင်း သစ်ပင်ပေါ်ကို သူစောင့် မျှော်ကြည့်နေမိသည်။

မြွေကြီးသည်အသားကိုယူ၊ အရိုးကိုထုတ်၊ သွေးကိုစုပ်ပြီး သစ်ကိုင်းပေါ် မေးတင်ကာ ဇိမ်ခံရန်ငြိမ်သက်နေ၏။ သူမော့ကြည့်ရင်း ဦးနှောက် ဖောက်စားချင်လာသည်။ မြွေမျိုးစုံတို့၏ ဦးနှောက်ကို တစ်လုံးပြီးတစ်လုံး ဖောက်စားခဲ့သော်လည်း အခုလောက်ကြီးသည့် စပါးကြီးမြွေမျိုး၏ ဦးနှောက်ကိုမူ မစားဖူးသေး။ ထို့ကြောင့် သွားရည်ယိုလာကာ အပင်ပေါ်ကို ပြေးတက်လိုက်သည်။ ခုန်လိုက်၊ ကပ်လိုက်သော်လည်း အထက်ကိုမရောက်။ သူ့ခြေတစ်ဖက် နာသွား၍ကြွမလာ။ လှည့်ကြည့်လိုက်တော့ သူလိုပါးစပ် ချွန်ချွန်နှင့်‘မြွေပါ’ တစ်ကောင်သည် သူ့ခြေထောက်ကို ကိုက်ဆွဲနေသည်။ သူဒေါသထွက်၍ ထိုမြွေပါကို လက်ဖြင့် ပုတ်ရိုက်လိုက်၏။ သို့သော်လည်း မရိုက်မိ။ ထို‘မြွေပါ’သည် သူ့ခြေကို လွှတ်ချကာ သွက်သွက်လက်လက် ရှောင်တိမ်းသည်။ ထို့နောက်ခါးထောက်ကာ ရယ်ရင်း သူ့ကို ပြော၏။

“ရန်သူမဟုတ်ပါဘူး၊ တစ်ကောင်နဲ့တစ်ကောင်က မိတ်ဆွေတွေ၊ အမျိုးတွေ၊ ဆင်ခြင် စူးစမ်းကြည့်ပါဦး။ ခင်ဗျားလည်း မြွေပါပါ၊ ကျုပ်လည်း မြွေပါပါ”

“ဒါဆိုဘာလို့ ကျုပ်ကို ကိုက်တာ ဆွဲတာလဲ”

“ခင်ဗျား ဟိုစပါးကြီးမြွေကြီးရဲ့ ဦးနှောက်ကိုစားဖို့ အပင်ပေါ် တက်မလို့လား”

“ဟုတ်တယ်လေ၊ ခင်ဗျားလည်း စားချင်ရင် ကိုယ့်ဘာသာ တက်စားပေါ့။ ဘာလို့ ကျုပ်ကို ဆွဲချရတာလဲ။ လျင်သူ စားကြေးပဲလေ။”

သူအော်ဟစ်၍ ပြောလိုက်မိသည်။

“သိပ်မလောပါနဲ့။ ခင်ဗျားလို ငတ်ကြီးကျပြီး ဒီအပင်ပေါ် ပြေးတက်သွားတဲ့ မြွေပါတွေ အများကြီးပဲ။ ဒါပေမယ့် တစ်ကောင်မှ ပြန်ဆင်း မလာကြတော့ဘူး။ စပါးကြီးမြွေကြီးရဲ့ ညှို့မျက်ဝန်းထဲမှာ ဦးနှောက် စားချင်စိတ်ပျောက်သွားပြီး တစ်ကိုယ်လုံး စပါးကြီးမြွေကြီးရဲ့ ပါးစပ်ထဲ ကျွမ်းထိုး ၀င်သွားကြတယ်။ ဒီစပါးကြီးမြွေကြီးက မြွေပါ ဆယ်ကောင်ကျော်လောက်ကို မျိုပြီးပြီဗျ”

သူကြက်သီးထသွားကာ မိတ်ဆွေမြွေပါကို ပြူးပြူးပြဲပြဲ ကြည့်လိုက်မိသည်။ သူ့ထက် ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ပါးစပ်ချွန်၏။ မျက်လုံးတွေက အရောင်လက်လျက် ပြုံးစစနှင့်။ သဘောကောင်းသော မြွေပါတစ်ကောင်ပင်ဖြစ်သည်။ ထိုမိတ်ဆွေမြွေပါက သူ့ကို စကားတွေဆက်ပြောသည်။

“မြွေတွေထဲမှာတော့စပါးကြီးမြွေကဖမ်းရတာအခက်ဆုံးပဲ။သူ့မှာညှို့ဓာတ်ရှိတော့ သူ့မျက်ဝန်းနဲ့ငြိသွားရင် ကိုယ့်စိတ်က အလိုလိုညှိုးသွားပြီး သူ့ကိုကိုက်ချင်တဲ့စိတ်တွေပျောက်သွားတဲ့အပြင်ကိုယ်ကသူ့ အစာတောင်ဖြစ်သွားရတယ်။မြွေကိုစားတဲ့မြွေပါဟာ စပါးကြီးမြွေနဲ့တွေ့မှမြွေအစာဖြစ်သွားရတယ်။ ဒီတော့ ဆန္ဒမစောပါနဲ့ဗျာ၊ ကျုပ်လည်းဦးနှောက်ကိုဖောက်စားဖို့စောင့်ကြည့်နေတာလေးရက်ရှိသွားပြီ။ လွယ်လွယ်နဲ့တော့ မရဘူးဗျ ။ခေါင်းအေးအေးထားပြီး ကြံရမယ်။”

မိတ်ဆွေမြွေပါကဆက်ပြောပြန်သည်။

“အင်း. .စားရပြီဆိုရင်တော့ ဦးနှောက်ရော. .သည်းခြေရော အ၀စားရမယ်။သည်းခြေကတော့တော်တော် ခါးတယ်ပြောကြတာပဲ။ ဒါပေမယ့် ဆေးဖက်ဝင်တယ်တဲ့။”

မိတ်ဆွေမြွေပါသည် ဗဟုသုတနှင့် အတွေ့အကြုံ ရှိပုံရ၏။ ဘာပဲဖြစ်ဖြစ်သည်နေရာကို ကိုယ့်ထက် အရင်ရောက်နှင့်နေသူ၊ ကိုယ့်ထက် အကောင်ကြီးသူဖြစ်၍ သူ့ကိုကျော်မလုပ်သင့်ဟု ယူဆကာခေါင်းညိတ်ပြီး ပြုံးလိုက်၏။

“ဟုတ်တယ်ဗျာ၊ ခင်ဗျားပြောတာမှန်တယ်။ ဒီမြွေကြီးက သမင်၊ ဒရယ်လို အကောင်ကြီးတွေကိုတောင် ရအောင်မျိုထားတာ။ သူ့ပါးစပ်နဲ့သူ့ ညှို့ဓာတ်သိပ်ကြီးမယ် ဆိုတာဟောဒီ အရိုးပုံကြီးကို ကြည့်ပြီး သိနိုင်တယ်။ အဲ့ဒီတော့ သူ့ဦးနှောက်ကိုဖောက်စားဖို့ ခင်ဗျားနဲ့ကျုပ် ဘယ်လိုလုပ်ကြမလဲ”

မိတ်ဆွေမြွေပါသည် သစ်မြစ်ကြီးကိုလက်ဖြင့်ထောက်ရင်း မျက်တောင်နှစ်ချက်သုံးချက် ခတ်ပြီးဆွစ်..ဆွစ်..ဆွစ်ဟုအော်ကာ အသံစူးစူးနှင့် သူ့ကိုပြောပြသည်။ “နှစ်ကောင်ပေါင်းရင် ဘာခံနိုင်မလဲဗျာ။ ဒါပေမယ့်နည်းစနစ်တော့ လိုတာပေါ့။ ဒီစပါးကြီးမြွေကြီးကိုရင်ဆိုင်ရင် ခင်ဗျားနဲ့ကျုပ် တွဲကပ်နေလို့ မရဘူး။ရှေ့တစ်ကောင်နောက်တစ်ကောင် ခပ်ခွာခွာနေရမယ်။ သူညှို့မယ်ဆိုရင်ရှေ့ကကောင်ကိုပဲ ညှို့နိုင်မယ်။ အဲဒီကျရင်နောက်ကကောင်က ခုန်ပြီးေ ကျာ်ပြီး သူ့ခေါင်းကို ၀င်အုပ်ရမယ်။ သူ့ခေါင်းပေါ်တစ်ကောင်ရောက်တာနဲ့ ကျန်တဲ့ကောင်လည်း ၀င်လုံးလိုရသွားပြီပေါ့”

မိတ်ဆွေမြွေပါပြောသည့် တိုက်နည်း၊ ကိုက်နည်းကို သူသဘောပေါက်သွားသည်။ သို့သော်လည်းစောဒက တက်စရာ စဉ်းစားစရာတော့ ရှိနေသေး၏။ “ခင်ဗျားပြောတဲ့နည်းက သိပ်ကောင်းပါတယ်။ ဒါပေမယ့်ရှေ့ကနေမယ့်မြွေပါက စတေးရမှာပေါ့။ တကယ်လို့နောက်ကနေတဲ့ကောင်က အစွမ်းအစ မရှိရင်ခေါင်းပေါ်ရောက်အောင် မခုန်နိုင်ရင်ရှေ့ကကောင်ကတော့ သူ့ညှို့ဓာတ်နဲ့ သူ့ပါးစပ်ထဲရောက်သွားမှာပဲ။”

“အဲ့ဒီအတွက်မပူပါနဲ့။ ကျုပ်ကရှေ့ကနေပြီး ရင်းပါ့မယ်ဗျာ။ ခင်းဗျားနောက်ကလိုက်ခဲ့ပါ။ ဒါပေမယ့်ခပ်နီးနီးရောက်လို့ သူ့ခေါင်းပေါ် ခုန်တက်လို့ရပြီးဆိုတာနဲ့ ချက်ချင်းအားသုံးပြီး ခုန်နော်။ ပြီးရင်အသေကိုက်လိုက်။ ကျုပ်ကတော့ရှေ့ကနေတဲ့အတွက် သူ့ညှို့အားထဲမျောနေမှာပဲ။ ခင်ဗျားဦးနှောက်ဖောက်လို့ရတဲ့ အချိန်ကျမှပဲမျောနေတဲ့ ကျုပ်ကိုအော်ပြီး သတိပေးပေါ့။ ပြီးရင် ဦးနှောက် တစ်ဝက် ကျုပ်ကို ခွဲကျွေး”

မိတ်ဆွေမြွေပါ၏ စကားကို ကြားရသည့်အခါ ‘အမြော်အမြင် ရှိလိုက်လေခြင်း’ ဟုချီးကျူးမိသည်။ ထို့နောက် ‘အိုကေ’ဟုဆိုကာ “လုပ်ကြစို့”ဟု လှုံဆော်လိုက်သည်။ မိတ်ဆွေမြွေပါသည် ကျွမ်းတစ်ပတ်လှိမ့်၍ သစ်ပင်ပေါ်ကို ကပ်တက်လိုက်သည်။ သူလည်းနောက်မှ လိုက်တက်ရ၏။

ရှေ့တစ်ကောင်. .နောက်တစ်ကောင်။မြွေပါနှစ်ကောင် သစ်ပင်ပေါ်တက်လာသည်ကို စပါးကြီးမြွေကြီးတွေ့သွားသည့် အခါအမြီးတုပ်တုပ်ကြီးကို တဗျန်းဗျန်းရမ်းကာနောက်ပြန်လှည့်ကြည့်သည်။ သစ်ကိုင်းအထက်၌ စပါးကြီးမြွေကြီးသည် ရစ်နေလိမ်နေသည့် ကိုယ်ကို လှည့်ကာရွေ့ကာဆန့်သည်။ သစ်ကိုင်းအရင်းပိုင်းကိုခေါင်းထိုးလာ၍ အမြီးက သစ်ကိုင်းအဖျားဆီ တိုးဆုပ်နေသည်။ မိတ်ဆွေမြွေပါသည် သတ္တိကောင်းကောင်းနှင့် သစ်ကိုင်း အရင်းနေရာကိုခုန်တက်သည်။ စပါးကြီးမြွေကြီး၏ မျက်စိပြူးပြူးဝိုင်းဝိုင်းကြီးသည် ရီဝေလာ၏။ မိတ်ဆွေမြွေပါကရှေ့ကို ဆက်တိုးသည်။ မျက်လုံးတွေ အရောင်လက်လာသည်။ သူ့နောက်မှ လိုက်သွား၏။ သစ်ကိုင်းက တုပ်တုပ် ရှည်ရှည်ကြီး ဖြစ်သောကြောင့်တော်တော်လျှောက်ရသည်။ ပြေးလို့တော့ မဖြစ်။ ခုန်အုပ်ရန်ဝေးသေးသောကြောင့် မိတ်ဆွေမြွေပါနောက်မှ တရွေ့ရွေ့ လိုက်နေရသည်။ စပါးကြီးမြွေကြီး၏ မျက်လုံးမျက်ဆံများကို တကယ်မြင်ရတော့ ကြည်ကြည်ရွှင်ရွှင် ၀င်းဝင်းပပ ရှိလှသည်မို့ သူ့ရင်ထဲတွင် ရန်ပြုလိုစိတ်များပျောက်ရှသွားသည်။ အရောင်တွေက စိုစိုလင်းလင်း။ မျက်ဆံနက်နက်ထဲမှ အကွင်းလိုက် ဖြန့်ထွက်လာသည့် အ၀ါရောင် ကွင်းဝိုင်းကြီးသည် အလွန်လှ၏။သေချာကြည့်လျှင် မျက်လုံးနှင့်မတူ။ သစ်ခေါင်းကြီးထဲမှ အရောင်တွေ ထွက်လာသည်နှင့် တူသည်။ ထိုသစ်ခေါင်းကြီးထဲတွင် ဘာတွေရှိလေမလဲ ဆိုသည့်သိချင်စိတ်ကလည်း ရိုးရိုးရွရွ ဖြစ်လာသည်။ ထို့ကြောင့်ရှေ့ရှိ မိတ်ဆွေမြွေပါကိုကျော်တက်ကာ ဆက်လျှောက်လိုက်သည်။

“ဒီသစ်ခေါင်းထဲကို ငါအရင်ပြေးဝင် ရမယ်ကွ” သူ့စိတ်ထဲကကြွေးကြော်သံကို မိတ်ဆွေမြွေပါ ကြားသွားမလားလို့ တွေးမိရင်းရှေ့ကို သူဆက်သွား၏ ။နောက်တွင် ကျန်ရစ်ခဲ့သော မိတ်ဆွေမြွေပါကိုပင် လှည့်မကြည့်တော့ဘဲခြေလှမ်းတွေကို အရှိန်မြှင့်နေမိသည်။ တကယ်တမ်းလျှောက်တော့လည်း သစ်ခေါင်းပေါက်ထဲရောက်ဖို့ အတော်ဝေးသေးသည်။ အရောင်တွေ ကတော့ ရှေ့မှာဖြာနေ၏။ သစ်ခေါင်းပေါက်မှာ နီးလေမြင့်လေ၊ နီးလေမြင့်လေဖြစ်နေပြီး သစ်ခေါင်းပေါက်၏အောက်မှမှောင်မှောင် မည်းမည်း မြင်ကွင်းကြီးမှာ ကျယ်လာသည်။ သူကတော့ရှေ့ကိုသာ ဆက်သွားချင်နေသည်။နောက်ကို လှည့်မကြည့်ဘဲရှေ့ကိုသာ သူဆက်သွားနေမိသည်။

“၀ုန်း..” “ဗုန်း..” “ဂီး..”

အိပ်မက်မှ လန့်နိုး သွားသလိုမျိုး။ သူ။။ ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးများပင်ထောင်ထလာသည် ။ရှေ့တည့်တည့်ရှိ ၀ိုင်းဝိုင်းလင်းလင်းကြီးသည် သစ်ခေါင်းမဟုတ်။ စပါးကြီးမြွေကြီး၏ မျက်လုံးဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အညှို့ခံလိုက်ရမှန်း သိသွားသည်။

“ဖလူး..ဖလူး..”

သွေးတွေခေါင်းမှပန်းထွက်ကာ သူ့ကိုလာစင်သည်။ စပါးကြီးမြွေကြီး၏ခေါင်းမှာပွင့်နေ၏။ အထက်တွင် မိတ်ဆွေမြွေပါရောက်နေသည်။ သူအညှို့ခံနေရသောကြောင့် ထိုမြွေပါခေါင်းပေါ်ရောက်နေသည်ကိုပင် မသိလိုက်ပေ။ ခဏလေး အတွင်းမှာပင် စပါးကြီးမြွေကြီးသည် သစ်ကိုင်းပေါ်မှာ ပတ်မထားနိုင်တော့ဘဲလျောကျသွားသည်။ မိတ်ဆွေမြွေပါကတော့ ဦးနှောက်တစ်ခုလုံးကို တစ်ကောင်တည်း အ၀စားလိုက်ရသည့်အတွက် အီသွားပုံရသည်။ လျောကျ အသက်ထွက်သွားသော စပါးကြီးမြွေကြီးကို တစ်ချက်ငုံ့ကြည့်ပြီးနောက် သူ့ကို ပြုံးပြသည်။

“ဆောရီးပဲဗျာ။ ဗျူဟာနည်းနည်း လွဲသွားတယ်။ ကျုပ်ကရှေ့မှာနေပေမယ့် မျက်စိမှိတ်ထားတာဗျ။ ဒီမြွေကြီးကရဲ့ မျက်လုံးကို မကြည့်ဘူး။ အဲ့ဒီတော့မြွေကြီးရဲ့ ညှို့ဓာတ်ကနောက်မှာနေတဲ့ ခင်ဗျားဆီရောက်သွားတယ်လေ။ ခင်ဗျား မျက်လုံးနဲ့ မြွေကြီးရဲ့မျက်လုံး ဆုံသွားချိန်မှာ ခင်ဗျား အညှို့ခံရတော့တာပဲ။ ကျုပ်ကိုကျော်ပြီးမြွေကြီးအနားကို ကပ်သွားတယ်လေ။ ပါးစပ်ဟပြီး စားမယ်အလုပ်မှာ ကျုပ်ခုန်အုပ်ပြီးခေါင်းကိုဖောက်လိုက်တယ်။ အဲ. .ဦးနှောက်ကိုတွေ့တဲ့ အချိန်ကျတော့ ခင်ဗျားကို ခွဲကျွေးဖို့ မေ့သွားတယ်ဗျာ။ စားကောင်ကောင်းနဲ့ စားလိုက်တာ တစ်လုံးလုံး ကုန်သွားပါရောလား”

မိတ်ဆွေမြွေပါကို ကြည့်ပြီး သူစိတ်ညစ်သွား၏။ “ဦးနှောက် မရှိတော့ပေမယ့် သည်းခြေ ရှိပါသေးတယ်ဗျ။ အဲ့ဒီသည်းခြေက ခါးပေမယ့်ဆေးဖက်ဝင်တယ်နော်”

သည်တစ်ခါတော့  သူတော်တော်ဒေါသ ထွက်သွားသည်။ “ကျုပ်ကရောဂါသည်မှ မဟုတ်တာ၊ ဘာလို့ သည်းခြေစားရမှာလဲ။ ဆိမ့်ဆိမ့် အိအိ ဦးနှောက်ပဲ စားမှာပေါ့။ ကျုပ်ကို အရူးမလုပ်ပါနဲ့”

“ဟား..ဟား။ အ သူခံ လည်သူ စားပေါ့။ ကဲ.. ကဲရေချိုးဆင်းလိုက်ဦးမယ်”

ဧရာမ သစ်ကိုင်းကြီးပေါ်ရှိမြွေပါနှစ်ကောင်အနက် တစ်ကောင်သည်နောက်ပြန် ကျွမ်းထိုးလျက် ခပ်လှမ်းလှမ်းမှချောင်းထဲ ခုန်ချလိုက်လေသည်။

“ဗွမ်း..”

မျက်ဝန်းထဲတွင် လှိုင်းဂယက် ထသွားသည်။ အကွင်းလိုက်၊ အကွက်လိုက် ။ခေါင်းပွင့်သေဆုံးနေသော စပါးကြီးမြွေကြီး၏ မျက်လုံးထဲတွင် အိပ်ငိုက်နေသည့်မြွေပါ ပုံရိပ်တစ်ခု စွဲကျန်လျက်။

“ဆွစ်..ဆွစ်..ဆွစ်..”

* * * * * * * * * *

2 comments:

သိင်္ဂါကျော် said...

လျှင်သူ စားစတမ်းပေါ့.. လောကကြီးရဲ့ သဘာဝပဲ.. :)

KoHtoo said...

တိရိစ္ဆာန်လောကပဲဖြစ်ဖြစ်လူလောကပဲဖြစ်ဖြစ်လျင်သလိုလုပ်..လျင်သလိုကျော်.လျင်းသလိုစား.နေကြတာပဲ။အစပထမတော့ရပ်တည်ချက်အတွက်..။နောက်တော့ကိုယ်ကျိုးအတ္တအတွက်..။ဒါလေးကိုသတိနဲ့ဆင်ခြင်ထိန်းသိမ်းဖို့ပါ။

Post a Comment