19.12.11

ခိုင်ထူးသစ် ၊ အသက်တမဲ့...။


Mariana in the Moated Grange By John Everett Millais, 1851, Oil on Wood, 23.5x19.5 in,
http://en.wikipedia.org/wiki/Mariana_%28Millais%29

အရောင်များ ကွဲလွင့်နေသော ပန်းချီကားတစ်ချပ်၏ ရှေ့တွင် ကျွန်တော် ရပ်လိုက်သည်။ လေမငြိမ်၍ ရွေ့နေဟန်ရှိသည့် ရေပြင်ပေါ်တွင် လှေတစ်စင်းနှင့် မိန်းမပျိုလေးတစ်ဦး ရွေ့လာသယောင်။ လှေဝမ်းထဲက အနီရောင် ခရမ်းချဉ်သီးတွေကို မိန်းမပျိုလေး ငုံ့ကြည့်နေသည်။ ခမောက်ကို ငိုက်၍ ဆောင်းထားသောကြောင့် မိန်းမပျိုကလေး၏ မျက်နှာမှာ အောက်နှုတ်ခမ်းနှင့် မေးစေ့ကိုသာ မြင်နေရသည်။

“ဒါ..မ..အင်းလေးမှာ ဆွဲခဲ့တဲ့ ပန်းချီကားလေ။ အင်းထဲက ရှမ်းမလေးကိုကြည့်ပြီး လှေပေါ်မှာ ဖြစ်သလို ဆွဲခဲ့ရတာပေါ့။ ဆေးမစုံ စုတ်မကောင်းလို့ ဆွဲရတာအားမရဘူး။” သက်ပြင်းညင်းညင်းလေးများ ရောယှက်နေသည့် မ၏စကားသံက ကျွန်တော့်နားထဲမှာ မ၀င်တစ်ချက် ၀င်တစ်ချက်။ နံရံတွင် ထောင်ထား ချိတ်ထားသည့် ပန်းချီကားများကို တစ်ချပ်ပြီး တစ်ချပ် ကျွန်တော် လိုက်ကြည့်နေမိသည်။ မ ကတော့ သူ့ပန်းချီကားလေးတွေကို ကြည့်လိုက် ကျွန်တော့်မျက်နှာကို အကဲခတ်လိုက်နှင့် စကားတွေ ဆက်ပြောနေပြန်သည်။

မဆီက ရူပဗေဒပညာကို သင်ယူဖို့ ကျွန်တော်လာခဲ့သော်လည်း မ က ရူပဗေဒထက် အရောင်ဗေဒကို သင်ပေးနေတတ်သည်။ အလင်းရဲ့သဘော၊ အရောင်ရဲ့သဘာဝ၊ အမှောင်ရဲ့နက်ရှိုင်းမှုတွေကို မ ပြောပြ၍ ကျွန်တော် နားလည်ခဲ့ရသည်။ စုတ်တံကိုင်သော မရဲ့ လက်ချောင်းကလေးများက ပြတင်းဝဆီမှ အလင်းတန်းများရှိရာကို ညွှန်ပြရင်း စာရွက်ပေါ်က စာကြောင်းလေးတွေကို ထောက်ပြရင်း အဓိပ္ပာယ် ဖွင့်ဆိုချက်များအား တိတိကျကျ ရှင်းပြတတ်သည်။ 

“Light is a form of energy which stimulates our sense of vision” အလင်းဆိုသည်မှာ ကျွန်ုပ်တို့၏ အမြင်အာရုံကို လှုံဆော်သော စွမ်းအင်တစ်မျိုးဖြစ်သည် လို့ရူပဗေဒဘာသာက အဓိပ္ပာယ်ဖွင့်ထားတယ်။ အလင်းရှိလို့ မတို့ တစ်တွေဟာ တစ်ယောက်ကို တစ်ယောက် မြင်နေရတာပေါ့” ၀င်းလဲ့ထိန်ဝါသည့် မ၏ မျက်နှာလေးကို ကျွန်တော် မော့ကြည့် လိုက်ချင်သော်လည်း စာရွက်ပေါ်က စာကြောင်းလေးကို တရွေ့ရွေ့ ထောက်ပြနေသည့် မ၏ လက်ညှိုးလေးအား ကျွန်တော် အားနာနေမိသည်။

ရွစိရွစိ လှုပ်ရှားနေသည့် မလက်ဖျားထိပ်က လက်သည်းများပေါ်တွင် ခရမ်းနုရောင် လက်သည်းဆိုးဆေးတို့ ဖုံးလွှမ်းထားသည်။ လက်သည်း အရှည်ထားပြီး လက်သည်းဆိုးဆေး ဆိုးတာကို မ.. အလွန် သဘောကျပုံရသည်။ မ လက်သည်းပေါ်တွင် ခရမ်းနုရောင်၊ ပန်းနုရောင်နှင့် ချောကလက်ရောင်တို့ကို အများဆုံးတွေ့ရသည်။ တစ်ခါတစ်လေမှာလည်း မလက်ပေါ်မှာ ဆေးစက်၊ ဆေးပြောက်များ၊ မြေဖြူမှုန့်များ ပေကျံနေတတ်သည်။ ပန်းချီဆွဲရင်း စာသင်ပေးသော မ ကို ကျွန်တော် ကျေးဇူးတင်မိသလို အားတုံ့အားနာလည်း ဖြစ်မိသေးသည်။ မ လက်တွေက စုတ်တံချပြီး မြေဖြူကိုင်လိုက်၊ မြေဖြူချပြီး စုတ်တံကိုင်လိုက်နှင့် ကျွန်တော့်ရှေ့မှာ အလုပ်ရှုပ်နေတတ်သည်။

ပြတင်းဝက အခန်းဆီးကလေအသင့်မှာ တလွင့်လွင့်နှင့်။

နံရံကပ်ထားသည့် အနက်ရောင် သင်ပုန်းတစ်ချပ်နှင့် ပန်းချီကားများက က္ကနြေ္ဒရနေသည်။ စုတ်တံ၊ ထောက်စင်၊ ကင်းဘတ်နှင့် ဆေးဘူးများက ကြမ်းပြင်ပေါ်မှာ ကပိုကရို။ မ ဘာတွေ ဆွဲနေတယ်ဆိုတာကို စူးစမ်းကြည့်မိသလို မ သင်ပြပေးသည့် သင်ခန်းစာများ လွတ်မသွားအောင်လည်း ကျွန်တော် ဂရုစိုက်နေရသည်။ ကျွန်တော့်ထက် အသက် ဆယ်နှစ်မကကြီးသော မ သည် ရူပဗေဒဘွဲ့ကို ရရှိခဲ့သော်လည်း ပန်းချီဆရာမ တစ်ယောက်အဖြစ် အသက်မွေးနေရသည့်အတွက် ကျွန်တော် အစက အံ့သြခဲ့ရပါသည်။ သို့သော်လည်း စုတ်တံကိုင်သည့် မ ၏လက်ချောင်းလေးများက ကျွန်တော့် အံသြမှုများကို လျော့ပါး သွားစေသည်။ မ ၏ တစ်ဦးတည်းသော တပည့်ဖြစ်သည့် ကျွန်တော်သည်လည်း မ လက်ထဲက စုတ်တံတစ်ချောင်းလို မ ဆွဲခေါ်ရာကို အသက်တမဲ့ လိုက်ပါခဲ့ပါသည်။

အလင်းရိုက်ခြင်း၊ အလင်းယိုင်ခြင်းနှင့် အလင်းပြန်ခြင်း အကြောင်းများကို နေရောင်အောက်တွင် မှန်တစ်ချပ်၊ ဖန်ခွက်တစ်ခွက်၊ နှင်းဆီတစ်ပွင့်နှင့် မ ရှင်းပြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ပြီးတော့ မက ပန်းချီကားများကို လှမ်းကြည့်ရင်း အရောင်များအကြောင်းကို ပြောပြနေပြန်သည်။

“မ က အနီရောင်ဆိုရင် သွေးလို ရဲရဲနီနေတာထက် ပန်းသီးတစ်လုံးလို စွေးစွေးနီ နေတာကို ပိုသဘောကျတယ်။” ပြောရင်းပြုံးလိုက်သော မ၏ ပါးမို့မို့ပေါ်တွင် ပန်းရောင်သန်းသွားသည်။ ကျွန်တော်ကတော့ မ ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကြားတွင် ထိုးစိုက်ထားသည့် အနီရောင် နှင်းဆီ တစ်ပွင့်ကိုသာ သဘောကျနေမိသည်။

ဆွဲပြီး ချိတ်ထားသော ပန်းချီကားများ၊ ဆွဲပြီး အ၀တ် အထပ်ထပ်ပတ်၍ သိမ်းထားသော ပန်းချီကားများနှင့် ဆွဲလက်စ ပန်းချီကားများက ရေနံချေး မည်းမည်းမှိုင်းမှိုင်း သုတ်ထားသည့် မ တို့၏ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးထဲတွင် ဂန္ထ၀င်ဆန်နေပါသည်။ ပန်းချီကား အားလုံးကို မ..ဆွဲခဲ့တာတော့ မဟုတ်ပါ။ ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားသည့် ပန်းချီကား အများစုမှာ မ အဖေ ဆွဲခဲ့သည်က များသည်။ ပါဝါမျက်မှန် တစ်လက်နှင့် ငြိမ်သက်နေသော ပန်းချီကားကတော့ မ ဆွဲထားသည့် မအဖေ၏ ပုံတူ ပန်းချီကားပင် ဖြစ်သည်။ သည်ပန်းချီကားကို ကြည့်ပြီး မ ကို ကျွန်တော် ချီးကျူးမိသည်။

“မရဲ့လက်က ‘မိုနာလီဇာ’ ပုံဆွဲတဲ့ လီယိုနာဒိုဒါပင်ချီထက်တောင် ပိုကောင်းတယ်။ ဒီပန်းချီကားကို ..ကိုနာလီဇာလို့ နာမည်ပေးလိုက်ရင် ကောင်းမယ်” မ က ကျွန်တော့် ကျောကုန်းကို တအုံးအုံး ထုကာ ရယ်ပါလေတော့သည်။


 Basket of Flowers By Jacques Linard, 1597–1645, Oil on Canvas,18 7/8 x 23 3/4 inches
http://en.wikipedia.org/wiki/Jacques_Linard
 
“စုတ်တံအချွန်ထက် စုတ်တံအပြားကို ကိုင်ပြီး ဆွဲရတာ ပိုအားရတယ်။ ဒါပေမယ့် မျက်တောင် မျက်လုံးလို အနုစိတ်လေးတွေကို စုတ်တံ အချွန်နဲ့ ထိရုံတို့ရုံလေး လုပ်နေရတာလည်း သိပ်အရသာရှိတာပဲ။”

သွယ်စင်းနူးညံ့သည့် မ လက်ချောင်းကလေးများက ကိုင်ထားသော စုတ်တံကို ခါရမ်းလိုက်သည်။ အညိုနုရောင် ဆေးစက် အချို့ မ ထဘီပေါ် ပေကျံသွားသည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်၏ ရှေ့တွင် ကျွန်တော်နှင့်မ ၏ အသက်ရှူသံများ ကျယ်လောင်နေသည်။ ပြတင်းဝမှ တိုးဝင်လာသော လေနုအေးက ကင်းဘတ်စပေါ်ရှိ စိုပျစ်ပျစ် ဆေးရောင်များကို ဖြည်းဖြည်းချင်း ခြောက်သွေ့သွားစေသည်။ သည်ရက်ပိုင်း မ ဆွဲနေသော ပန်းချီကားများမှာ အလုံးအထည်မပါ၊ အသွင်သဏ္ဍန်တို့ ခပ်ဖွာဖွာ ဖြစ်နေသည်ကို ကျွန်တော် သတိထားမိသည်။ အရောင်ကလည်း သိပ်မစုံ။ နှစ်မျိုး သုံးမျိုးလောက်သာ ပါနေတတ်သည်။ လှည့်နေ လည်နေသော ရေ၀ဲတစ်ခုဟု ထင်ရသည်။ မလင်း မမှိုင်းသော ဆေးရောင်တစ်မျိုးကို ရစ်ဝိုက်၍ ဆွဲထားသည်။ အနီးကို ကပ်ကြည့်လိုက်တော့ မျက်လုံးထဲတွင် ပျံ့လွင့်ေ၀၀ါးနေသည်။ ဘာကိုဆွဲထားတာလဲလို့ မကို မေးကြည့်တော့ “ဒါ အဝေးက ကြည့်ရမယ့် ပန်းချီကား” တဲ့။ ကျွန်တော် တလှမ်းချင်း နောက်ဆုတ်မိသည်။ မိခင်က ကလေးငယ် ကွေးကွေးကလေးအား ပွေ့ပိုက်ထားသည့် ဟန်ကို ဖျတ်ခနဲ့ မြင်လိုက်ရသည်။

“နွေးထွေး ယုယမှုကို မ အတတ်နိုင်ဆုံး ပုံဖော်ထားတာပါ။ ဒီပန်းချီကားလေးကို မေမေ မြင်သွားရင် တော်တော်လေး ၀မ်းသာရှာမှာပဲ” တမ်းတ ရေရွတ်လိုက်သည့် မ နှုတ်ခမ်းလေး ဖြူဖတ်ဖြူရော် ဖြစ်နေသည်။

မ မျက်နှာပေါ်မှာ အရောင်တွေ ပြောင်းသွားတတ်တာကို ကျွန်တော် မကြာခဏ တွေ့မြင်ခဲ့ရသည်။ မိတ်ကပ်နှင့် သနပ်ခါးတို့ကို ဘယ်အခါမှ လိမ်းခြယ်လေ့ မရှိသော မ မျက်နှာရှင်းရှင်းလေးသည် နေရောင်ထဲတွင် ၀င်းနေ၏။ တစ်ခါတစ်ခါမှာ မ နှင့် ကျွန်တော် အပြင်ဘက် ထွက်၍ စက်ဘီးစီးကြသည်။

မက စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် မစီးတတ်၍ ကျွန်တော့်နောက်မှာသာ ထိုင်လိုက်လေ့ရှိသည်။ လေဆန်ကို ထိုးခွင်းဖို့ ကျွန်တော့် ခြေသလုံးကြွက်သားများတွင် အားအင်အပြည့် ရှိပါသည်။ စက်ဘီးနင်းရင်းမ လက်ညှိုး ညွှန်ရာကို ကျွန်တော် အမြဲ လှည့်ကြည့်မိသည်။ နို့စို့နေသော ခွေးပေါက်စကလေးများ၊ လိုချင်တာ မရ၍ မြေကြီးပေါ်တွင် လူးလှိမ့် ငိုယိုနေသည့် ကလေးငယ်တစ်ယောက်၊ မပွင့်သေးသော ပိတောက်တစ်ပင်၊ ဓာတ်ကြိုးများနှင့် ငြိတွယ် စုတ်ပြဲသွားသည့် အနီရောင် စွန်တစ်စင်း၊ အကြော်ဖိုမှ လွင့်ဝဲလာသော မီးခိုးများ၊ သံလမ်းထိပ် သံတံခါးရှေ့တွင် ရထားအလာကို ရပ်စောင့်နေကြသည့် လူတစ်အုပ်….၊

ငေးရီနေသည့် မ မျက်နှာကို မြင်မိသည်အထိ လှည့်ကြည့်လိုက်ရင်တော့ ကျွန်တော့်ကျောကို မ လက်နှင့် ရိုက်ပုတ်ပြီး “ရှေ့မှာ.. ကား..ကား..” လို့ သတိပေးတတ်သည်။

မြို့အပြင် လယ်ကွင်းစိမ်းစိမ်းများကို မြင်ရသည်အထိ ကျွန်တော်တို့ နှစ်ယောက် ခရီးဆန့်မိသည်။ အရှေ့ အရပ်ဆီမှ မဝေးတော့သည့် ဧရာဝတီကို မ နှင့်ကျွန်တော် လှမ်းမျှော်ကြသည်။ ဖြတ်ကျော်ခဲ့သည့် သက္ကယ်တန်း ချောင်ကလေးက လွမ်းစရာ။ “စက်ဘီးနင်းရတာ သိပ်မောနေပြီလား၊ မ လက်ဖက်ရည် တိုက်ပါ့မယ်” မ နှင့်ကျွန်တော် စက်ဘီးထွက်စီးသည့် ညနေခင်းတိုင်း မြို့လယ် ပလက်ဖောင်းပေါ်တွင် ခွေးခြေပု ထိုင်ခုံလေးများ ခင်းကျင်းထားတတ်သည့် ရွက်သစ်ကဖေးဆိုင်မှာ ထိုင်၍ စကားပြောလေ့ရှိသည်။

လမ်းပေါ်က ဖြတ်သွားဖြတ်လာများကို ငေးမောရင်း မိန်းမချောလေးများအား မြင်မိတိုင်း တောက်ပသွားသည့် ကျွန်တော့်မျက်ဝန်းထဲကို မ ၏ ပွင့်လင်းလေးလံသော စကားလုံးများ ပြုတ်ကျလာတတ်သည်။ “ငမ်းရုံပဲ ငမ်းနော်၊ စိတ်နဲ့တော့ မပစ်မှားလိုက်ပါနဲ့” မ ၏ စကားလုံးများက ကျွန်တော့် အမြင်အာရုံကို ထုထည်ကြီးစွာ ပိတ်ဆို့ပစ်လိုက်သည်။ “မိန်းမတွေဟာ ယောက်ျားတွေအတွက် အလှဆုံး ကောက်ကြောင်းလေးတွေလို့ ကမ္ဘာကျော် ပန်းချီဆရာ တစ်ယောက်က ရေးခဲ့ဖူးတယ်။

တကယ်တော့ ပုထုဇဉ် ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ စက္ခုအာရုံထဲမှာ ၀င်ရောက် လှုပ်ရှားလာတဲ့ မိန်းမချောလေးတွေထဲက တစ်ယောက်ယောက်ကိုစိတ် နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ပြစ်မှားတတ်ကြတယ်။ မပစ်မှားဖူတဲ့ ယောက်ျားမျိုး ရှိတယ်ဆိုရင် ကျွန်တော့် နှလုံးသွေးတွေကို မ ပန်းချီဆွဲဖို့ ဖောက်ထုတ် ပေးလိုက်မယ်။”

ရဲပွင့်ညီမျှသော ကျွန်တော့်စကားများကို မ မငြင်းပယ်ပါ။ မ ၀တ်ဆင်ထားသည့်လည်ဟိုက် အင်္ကျီပေါ်က ဇာပန်းပွင့်လေးများကိုကျွန်တော် ရေတွက်ကြည့်မိတိုင်း မ မျက်နှာ လွှဲထားတတ်သည်။ မ ဆီက ပြင်းမြန်သော ၀င်သက် ထွက်သက်များကိုကျွန်တော် အသက်တမဲ့ ထိမိ လိုက်ပါသည်။

ညှိုးရီသော ညနေခင်းထဲ ပြေးဝင်လာမည့် အမှောင်ထုကို ကျွန်တော်နှင့် မ မတိုင်ပင်ဘဲ စောင့်ဆိုင်းနေမိသည်။

“မင်းနဲ့မ က ပေါင်းစပ်ဖို့ ခဲယဉ်းတဲ့ အရောင်နှစ်မျိုးပါ။ မင်းက လင်းလွန်းတယ်။ မ က မှောင်လွန်းတယ်။” မှိန်ဖျော့ဖျော့ လမ်းဘေး မီးရောင်အောက်တွင် စက်ဘီးလေးကို လက်ဖြင့်တွန်းရင်း အိမ်ပြန်ခဲ့ကြသည်။ အစာရှာထွက်ကြမည့် ညငှက် တစ်အုပ်က ဝေဟင်မှာ တဖျပ်ဖျပ်နှင့် အတောင်ခတ်နေသည်။ မ တို့ ပျဉ်ထောင်အိမ်မည်းကြီး ရှေ့ရောက်တော့ မ ကို‘ဂွတ်နိုက်’လို့ နှုတ်ဆက်လိုက်ပြီး ကျွန်တော် ထွက်ခွာ ခဲ့သည်။ ခြံဝင်းထဲမှ ခွေးဟောင်သံသည် ဟိန်းထွက်လာ၏။


Untrodden Snow, The Terrace, Holland House By Andrew MacCallum, Oil on Canvas,

ခွေးတစ်ကောင်ကို အဖော်ပြုရင်း ပန်းချီကားများနှင့် တိတ်ဆိတ်နေသော မသည် အိမ်ကြမ်းပြင်ပေါ်က ကျွန်တော့်ခြေသံကို နားစွင့်နေတတ်သည်။ မ ဆီကို ကျွန်တော် နေ့စဉ် ရောက်ဖြစ်သည်။ တစ်နေ့တော့ ဧည့်ခန်းထဲတွင် ပန်းချီကားတစ်ချပ်ကို ဖြုတ်ပေးဖို့ မက ကျွန်တော့်ကို ပြောသည်။ အနီးကပ် ကြည့်လျှင် ရေခဲတုံးများ စုပုံထားသည်ဟု ထင်ရသော်လည်း အဝေးကကြည့်လျှင် ခေါင်းရွက် ဗျက်ထိုး ဈေးသည်တစ်ယောက် ပါးစပ်ဟ၍ အော်နေပုံကို မြင်ရသည်။ ကျွန်တော် ခြေဖျားထောက်၍ ပန်းချီကားလေးကို ဖြုတ်ပြီး မလက်ထဲ ထည့်ပေးလိုက်သည်။ “ဒီပန်းချီကားလေးကို မ သိမ်းထားမလို့လား” ကျွန်တော့်အမေးကို မ မဖြေခင်မှာပင် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ မရဲ့ချောင်းဆိုးသံတွေ တစ်နေ့တစ်ခြား ပြင်းထန်လာတာကို ကျွန်တော် သတိထားမိသည်။

“အဟွတ်.. အဟွတ်၊ မသိမ်းတော့ပါဘူးကွယ်။ ဒီပန်းချီကားလေးကို မ ရောင်းရတော့မယ်” တိုးညင်းသော မ အသံနှင့် ညှိုးမှိန်သော မ မျက်ဝန်းကလေးများက ကျွန်တော့်ကို ၀မ်းနည်းသွားစေသည်။

“ဖေဖေ အမွေပေးခဲ့တဲ့ ပန်းနာရောဂါကို ဖေဖေဆွဲခဲ့တဲ့ ပန်းချီကားလေးတွေက ကုသပေးကြတယ်ကွဲ့။ မ ရဲ့ ပန်းချီကားလေးတွေက ဖေဖေရဲ့ ပန်းချီကားလေးတွေလောက် ဈေးမရဘူး။”

ဧည့်ခန်းထဲက ပန်းချီကားလေးတွေ တစ်ချပ်ပြီးတစ်ချပ် ပြုတ်သွားသော်လည်း မ ဆီမှာ ချောင်းဆိုးသံက မတိတ်သေး။ တစ်ခါတစ်ရံတွင် ကိုင်ထားသော စုတ်တံ လွတ်ကျသွားသည်အထိ တဟွတ်ဟွတ် ဆိုးလာသည်။ မနံဘေးမှာ ကျွန်တော် အမြဲ နေချင်သော်လည်း မက နေခွင့်မပေး။ မိုးစုန်းစုန်းချုပ်သည်နှင့် မ ပါးစပ်က “ပြန်..တော့..လေ” ဆိုသည့် စကားတစ်ခွန်း လေးလံစွာ ထွက်ပေါ်လာသည်။ ချောင်းဆိုးသံများ တိတ်ဆိတ်သွားတိုင်း အရင်က ထက်ကြွ တုန်ခါနေသော မ၏ ရင်အ၀န်းဆီကို ကျွန်တော် စိုက်ကြည့်နေမိသည်။

မ ပါးစပ်က သွေးတစ်စက် ထွက်ကျလာသည့် တစ်ညနေ့မှာတော့ မရင်ဘတ်ကို ကျွန်တော့်လက်ဖ၀ါးနှင့် ခပ်တင်းတင်း ဖိထားမိသည်။မ လက်တွေက စုတ်တံကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ။

“မဆွဲပါနဲ့တော့ မရယ်”

မ လက်ထဲက စုတ်တံကို ကျွန်တော်ဆွဲယူ၍ ပစ်ချလိုက်သည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်ဆီမှ မ မျက်နှာကို အားယူ၍ လွှဲနေသည်။ စကားကောင်းကောင်း မပြောနိုင်သေးသော မနှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်နေတာကို ကျွန်တော် အနီးကပ် မြင်နေရသည်။

ပြတင်းဝမှ အလင်းရောင်သည် တရိပ်ရိပ် မှောင်ရီလာ၏။ မျက်လုံးတွေ တစ်ချက်တစ်ချက်မှာ မှိတ်မှိတ်သွား၏။ ရှိုက်ငင်ပိန်ပါးသည့် မ၏ ခန္ဓာကိုယ်လေးကို ကျွန်တော်ပွေ့ချီ၍ မွေ့ရာပေါ်ကို ဖွဖွလေး ချလိုက်သည်။

“မောင်…”

ခေါင်းနှင့် ခေါင်းအုံးအထိလိုက်တွင် တစ်ခါမှ မခေါ်ခဲ့ဖူးသော မ၏ ခေါ်သံက ကျွန်တော့်နှလုံးသားထဲထိ တိုးဝင်သွားသည်။

“ဒီညဟာ မ အတွက် နောက်ဆုံးည ဖြစ်ချင် ဖြစ်သွားနိုင်တယ်။”

အခန်းထဲတွင် အလင်းတစ်ဝက် အမှောင်တစ်ဝက် ရောယှက်နေသည်။

“ခုတင်အောက်က သံသေတ္တာထဲမှာ မ သိပ်မြင်ချင်တဲ့ အရောင် တစ်ရောင်ရှိတယ်။” ကျွန်တော် ခေါင်းငုံ့၍ သံသေတ္တာကို ဆွဲယူ ဖွင့်ကြည့်လိုက်တော့ ယောဂီရောင် အင်္ကျီ၊ ယောဂီရောင် ထဘီနှင့် ယောဂီရောင် တဘက်တစ်ထည်ကို တွေ့လိုက်ရသည်။

“ကြည့်စမ်း.. မေမေ ပေးခဲ့တဲ့ ၀တ်စုံကို မ ၀တ်ကြည့်ဖို့ မေ့နေတာ ဘယ်နှနှစ်များ ရှိသွားပြီလဲ” ကျွန်တော် ပြန်မဖြေနိုင်သလို မ ဆက်မပြောနိုင်တော့ပါ။

ပြတင်းဝတွင် တစ်ခြမ်းပဲ့နေသော လတစ်စင်း ဆိုက်ရောက်လာသည်။ ထိုးဆင်းလာသော လရောင် သဲ့သဲ့လေးထဲတွင် လဲလျောင်နေသော မနှင့် ခေါင်းငိုက်စိုက်ကျနေသော ကျွန်တော်တို့ အရိပ်များသည် အလှဆုံး ပန်းချီကား တစ်ချပ်ဖြစ်နေ၏။

ထိုညက မ အနားမှာ ကျွန်တော် အမှတ်တမဲ့ အိပ်ပျော်သွားပြီး ကျွန်တော့် အနားမှာ မ အသက်တမဲ့ အိပ်ပျော်သွားလေတော့သည်။

ခိုင်ထူးသစ်

မြားနတ်မောင်မဂ္ဂဇင်း ၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ

* * * * * * * * * * * * * 

3 comments:

ကိုပခန်း said...

ဖတ်ရတာ ရင်မောတယ်ဗျိုး

နျူမာန် (မိုးတား) said...

ကိုခိုင်ထူးရေ။
Descriptive writing လို့ခေါ်တဲ့ သရုပ်ရေးချက် တွေဟာ အင်မတန် ကောင်းလှပါတယ်။ စာကို မရေးခင်- ပုံတစ်ပုံ ချဆွဲ- ကောက်ကြောင်း ချပြီးမှ- ကောက်ကြောင်းကို အဆင့်လိုက် ချယ်မှုန်းလိုက်တဲ့ အလား မိမိကိုယ်တိုင် တိတိပပ မြင်လာအောင် ရေးနိုင်စွမ်း ကို အလွန်အားရမိပါတယ်။ ရှေ့ဆက် အောင်မြင်ပါစေဗျာ။

သိင်္ဂါကျော် said...

ဖတ်ရတာ လွမ်းစရာ ပန်းချီကား တစ်ချပ်လိုပဲ.. အရေးအသားက ဆွဲဆောင်မှု ရှိတယ်..။
ဒါပေမယ့် ဒီခေတ်ကြီးထဲမှာ ပန်းနာ ရောဂါနဲ့ သေပေးလိုက်တာကတော့ နည်းနည်း လွန်သလားလို့...။

Post a Comment