9.12.11

စောသက်လင်း ၊ ခဲစာလုံးဖြင့် စာစီခြင်း ၊ ၂ ။

မြန်မာစာလုံးများ၏ ပုံစံ (Font) မှာလည်း ခေတ်ကာလအလိုက် ပြောင်းလဲလာသည်ကို ဥပမာ ၃ ခုဖြင့် ဖော်ပြလိုပါသည်။

ဥပမာ - ၁ ၊ ၂၁-၁၀-၁၉၃၉ နေ့ထုတ် ဂျာနယ်ကျော် စာစောင်မှာ အသုံးပြုခဲ့သည့် စာလုံးပုံစံ (Font)

ဥပမာ - ၂ ၊ ၂-၈-၁၉၇၁ နေ့ထုတ် ဟံသာဝတီ သတင်းစာတွင် အသုံးပြုခဲ့သည့် စာလုံး (Font)

 
ဥပမာ ၃ ၊ ဟိန်းလတ် ၊ သိစိတ်စီကြောင်း ဖြစ်တည်မှုသစ် ပဉ္စလက် သရုပ်မှန် နှင့် စာပေအနုပညာရေးရာ စာအုပ်၏ ၁၉၉၄ ဇွန်လပုံနှိပ်ခြင်းတွင် အသုံးပြုခဲ့သည့် မြန်မာစာလုံး (Font)

အထက်ပါ ၁၉၃၉၊ ၁၉၇၁၊ ၁၉၉၄ ခုနှစ် မြန်မာစာလုံးများကို ဖော်ပြထားသည့် ဥပမာ ၃ ခုတွင် ဥပမာ ၁ မှ နေပြည်တော်ပါတီ (စာကြောင်း ၇)၊ ဥပမာ ၂ မှ ဇီးကုန်း (စာကြောင်း ၃ ၊ ၇) နှင့် ဥပမာ ၃ မှ ဂျိမ်းစ်ဂျွိုက် စကားလုံးများအကြောင်း ပြောလိုပါသည်။

ယခုအခါ ကွန်ပြူတာနှင့် စာစီလျှင် အထက်ပါစာလုံးများကို အလွယ်တကူ ရိုက်နိုင်ပါသည်။ ခဲစာလုံးအသုံးပြုသည့် ကာလများကမူ တခါတရံ စာလုံးများကို အလွယ်တကူ ရှာဖွေမတွေ့သည့် အချိန်များ ရှိသည်။ မြန်မာစာလုံးများတွင် အသုံးနည်းသည့် စာလုံး၊ အသုံးများသည့် စာလုံးဟူ၍ရှိသည်။ အသုံးများသည့် စာလုံးများအတွက် စာခွက်များရှိသဖြင့် အလွယ်တကူ ရှာဖွေနိုင်ပါသည်။ အသုံးနည်းသည့်စာလုံးများ၊ ပါဠိစာလုံးများမှာမူ အပိုစာခွက်များတွင် တကူးတက ရှာရသဖြင့် အချိန်ကုန်ပါသည်။ စာစီသမားများ၏ လခကို စီပြီးသည့် စာမျက်နှာအလိုက် ပုတ်ပြတ်ပေးသည့်အခါ စာစီသမားများက မြန်မြန်ပြီးလိုသဖြင့် အသုံးနည်းသည့် စာလုံးများကို တကူးတက မရှာတော့ဘဲ ပြီးစလွယ်လုပ်လိုက်ခြင်းဖြစ်သည်။ (ကျွန်တော်လည်း လုပ်ခဲ့ပါသည်)

(ပါတီ) ကို ကွန်ပြူတာနှင့် စီလျှင် (ပ+ါ + တ +ီ) ဟု စီရပါမည်။ ခဲစာလုံးနှင့်စီလျှင် (ပ +ါ + တီ = ပ +ါ ခဲစာလုံးနှင့် တီ စာလုံး) ၃ လုံးကို ပေါင်းစီရပါသည်။ (ဥပမာ - ခို ကိုစီလျှင် ခို စာလုံးကိုသာ စီရပါသည်။ ကွန်ပြူတာကဲ့သို့ (ခ +ိ +ု = ခို) စီလို့ မရပါ။ ထိုကဲ့သို့ စာလုံးများ မရှိပါ။

(တီ) စာလုံးကို အလွယ်မရတော့လျှင် စာစီသမားက (ပါ + တ +ီ = ပါတီ ) ဟု စီလိုက်ပါသည်။ ထို့အတူ ခဲစာလုံး (ဇီ +း + ကု + န် +း) ဟု စီရမည့်အစား (ဇ +ီ +း + ကု + န် +း = ဇီးကုန်း) ၊ ခဲစာလုံး (ဂျိ + မ် +း + ဂျွိ +ု + က်) ဟု စီရမည့် အစား (ဂျ +ိ + မ် +း + ဂျွ +ိ +ု + က် = ဂျိမ်းစ်ဂျွိုက်) ဟု အလွယ်တကူ ရရာ စာလုံးသုံး၍ စာစီကြပါသည်။

မြန်မာခဲစာလုံးများ (ဓါတ်ပုံ - စောသက်လင်း)

၂။ ခဲစာလုံး စီရာတွင် အသုံးပြုရသည့် စတစ် (Compositing Stick)

  
စာခွက် (Sort case) ၊ စာစီစတစ် (Compositing stick) ၊ ခဲစာလုံးများ (Metal sort) နှင့် စီထားသည့် စာ ၄ ကြောင်း

(Stick ထဲတွင် စီထားသည့်စာ  -  The quick brown fox jumps over the lazy dog and feels as if he were in the seventh heaven of typography together with Hermann Zapf, the most famous artist of the)

Compositing Stick - မြန်မာခဲစာလုံးစာစီလောကမှာလည်း စတစ် ဟုသာ ခေါ်ကြပါသည်။ ဒန်စတစ်၊ ကြေးစတစ် စသည်ဖြင့် အမျိုးမျိုးရှိသည်။ (ကျွန်တော်ကတော့ ဒန်စတစ်ကို အလေးချိန်ပေါ့သဖြင့် ပိုနှစ်သက်ပါသည်။) စာစီနေသည့် တချိန်လုံး ဘယ်လက်နှင့် ကိုင်မြှောက်ထားရသဖြင့် ပေါ့သည့် စတစ်ကို ပိုကြိုက်ကြပါသည်။ ၀ါကျ အတို အရှည်ပေါ်မူတည် စတစ်အကျယ်ကို အတိုးအလျော့ ပြုလုပ်နိုင်သည်။ သတင်းစာ ကော်လံရှိ စာကြောင်းတစ်ကြောင်း၏ အကျယ်နှင့် ဝတ္ထုစာအုပ်ရှိ စာကြောင်း၏ အကျယ် မတူညီနိုင်ပါ။ စာစီသမားများက စတစ် အကျယ် ဘယ်လောက်ထားရမည်ကို နားလည်ထားရပါသည်။

စတစ်၏ အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ အတွင်းမျက်နှာပြင်သည် ကျင်တွယ်ကျရမည်။ သို့မှသာ စာကြောင်းများ အကျယ်ညီနေမည်ဖြစ်သည်။ အထက်ပါပုံတွင် စတစ်အတွင်း စာကြောင်း ၄ ကြောင်း စီထားပါသည်။ ၄ ကြောင်းစလုံး၏ အကျယ်သည် ညီနေရမည်ဖြစ်သည်။ အကျယ်မညီဘဲ ဖြစ်နေပါက ပုံနှိပ်စက်ပေါ် တင်ရိုက်သည့်အခါ တိုနေသည့် စာကြောင်းမှ ခဲစာလုံးများ ထွက်လာပြီး စာဖောင်တစ်ခုလုံး ပြိုကျသွားတတ်သည်။ ပုံနှိပ်စက်သမားနှင့် စာစီသမားတို့ အကြောက်ဆုံးမှာ စက်ပေါ်တင်ထားသည့် စာဖောင်ပြိုကျခြင်းဖြစ်၏။ ထို့ကြောင့် စာကြောင်းများ ညီနေခြင်းသည် စာစီရာတွင် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်။

Adjustable metal Compositing Stick

Fixed Wooden Compositing Stick



၃။ စာခွက်များ ၊ စာခွက်ဇယားနှင့် စာခုံ (Sort case)



စာခွက်များ။ ။ သစ်သားဖြင့် အကန့်လေးများ ပြုလုပ်ထားပြီး၊ ထိုအကန့်အတွင်း သက်ဆိုင်ရာ မျိုးတူ စာလုံးများ ထည့်ထားရန် ဖြစ်သည်။ အသုံးများသည့် စာလုံးများကို စာခွက်ကြီးများ၊  အသုံးနည်း စာလုံးများကို စာခွက်ငယ်များမှာ ထည့်သည်။ 

အင်္ဂလိပ် စာခွက်ဇယား

မြန်မာစာခွက်ဇယား

စာခွက်ဇယား ။ ။ စာခုံရှိ စာခွက်များအတွင်း စာလုံးများ ထည့်ထားရမည့် ပုံစံဖြစ်သည်။ စာစီသမားသည် စာခွက်ဇယားကို အလွတ်ရနေရပါမည်။ သို့မှသာ စာစီရာတွင် မြန်ဆန်မည်။ (မြန်မာနှင့် အင်္ဂလိပ်စာခွက်ဇယားမှာ တနေရာနှင့် တနေရာ အနည်းငယ် ကွဲပြားနေပါသည်။)

စာစီခုံ (Sort Case)

အင်္ဂလိပ် စာလုံးများအတွက် စာစီခုံ (မြန်မာ စာစီခုံမှာလည်း ဤခုံကဲ့သို့ သဘောတရား အတူတူပင်ဖြစ်သည်။ မြန်မာစာခွက်ခုံက စာခွက်ပိုများပြီး ခုံအရွယ်လည်း ပိုကြီးပါသည်။)

စာခုံကို အပေါ်ပိုင်း (Upper case)၊ အောက်ပိုင်း (Lower case) နှင့် အောက်အဆင့်များ (Tray cases) ဟူ၍ ၃ ပိုင်း ခွဲနိုင်သည်။

မြန်မာစာခွက် အပေါ်ပိုင်း ။  ။ ချိ၊ ခို၊ ချီ၊ ခဲ့၊ ခုံ၊ ခု၊ ခံ စသည့်စာလုံးများကို ထားပါသည်။ ယေဘူယျအားဖြင့် အသုံးနည်းသော စာလုံးများ ဖြစ်သည်။ အသုံးနည်းသော စာလုံးများကို စာစီသူ၏ လက်နှင့် အဝေးဆုံးမှာ ထားခြင်းဖြင့် စာစီသည့်အခါ စာလုံးများကို လှမ်းပြီး နှိုက်ယူရသည့် အချိန်သက်သာပါသည်။ စာလုံးနှိုက်ယူချိန်သည် စာလုံးနည်းလျှင် မသိသာသော်လည်း စာလုံး ထောင်ချီစီရသည့်အခါတွင် သိသာပါသည်။

စာစီခွက် အောက်ပိုင်း ။   ။ စာစီသူနှင့် အနီးဆုံးဖြစ်သည့် စာခွက်များမှာ အသုံးအများဆုံး စာလုံးများကို ထားပါသည်။ စာချဲတုံး (spacer) များကိုလည်း အောက်စာခွက်မှာပင် ထားသည်။

အောက်အဆင့် စာခုံများ ။  ။ အပေါ်စာခုံ နှင့် အောက်စာခုံတို့တွင် ထည့်စရာ နေရာ မကျန်တော့သည့် စာလုံးများ၊ ခေါင်းစီးများတွင် အသုံးပြုသည့် ပွိုင့်ဆိုဒ်ကြီး စာလုံးများ၊ အသုံးနည်းသည့်စာလုံးများနှင့် ပါဠိစာများကို ထားပါသည်။ စာစီသမားများတွင် စာလုံးဝှက်သည့် အကျင့်ရှိသည်။ ရှားပါးပြီး အသုံးများသည့် စာလုံးများကို တခြားသူများ မမြင်အောင် ၀ှက်ထားခြင်းဖြစ်သည်။ ၀ှက်ထားသည့် စာများကို အောင်အဆင့်များတွင် ထားတတ်သည်။ သူများ ၀ှက်ထားသည့် ရှားပါးစာလုံးကို ခိုးယူပြီး သုံးသည်မှာလည်း စာစီသမားတို့၏ အကျင့်ပင်ဖြစ်သည်။

ခဲစာလုံးများသည် အသုံးပြုသည့် ကာလအပေါ်မူတည်၍ မျက်နှာပြင်များ ပဲ့ခြင်း၊ အထူနိမ့်နေခြင်း စသည့် အပြစ်အနာအဆာများ ပေါ်လာတတ်သည်။ ပုံမှန်အားဖြင့် စာခုံများရှိ ခဲစာလုံးများ အသစ်လဲလှယ်ခြင်းကို စာလဲသည်ဟု ခေါ်ကြသည်။ စာလုံးများကို အသစ်လဲလျှင် စာဟောင်းများကို စုံလိုက်လဲမှ အဆင်ပြေပါသည်။ အဟောင်းကို အကုန်စွန့်၊ အသစ်ကို အကုန်သုံး၊ အဟောင်းအသစ် ရောမသုံးကြပါ။ စာခုံအတွင်း စာလုံးအသစ် အဟောင်းများ ရောနေပြီး၊ ထိုရောရာဖြင့် ပုံနှိပ်လျှင် စာသားများသည် လှပမနေပဲ မည်းသည့်စာလုံးကမည်း၊ ကောင်းသည့်စာလုံးက ကောင်းဖြင့် လွန်စွာ အရုပ်ဆိုးသည့် ပုံနှိပ်စာများ ဖြစ်နေတတ်သည်။

(ဖဆပလခေတ်က ပုံနှိပ်တိုက်အချို့ကို လူအင်အားဖြင့် ၀င်ရောက်ကာ စာခုံများကို မှောက်ပစ်ခြင်း၊ ပုံနှိပ်စက်မောင်းတံများကို ရိုက်ချိုးကြခြင်းသည် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ စာခုံများကို မှောက်ပစ်လျှင် ခဲစာလုံးများ ပြန့်ကျဲရောထွေးသွားပြီး၊ စာခွက်အတွင်း ပြန်လည်သန့်စင် ထည့်သွင်းရသည်မှာ ခက်ခဲသော အလုပ်ဖြစ်သည်။ စာခုံတခုံ မှောက်လျှင်ပင် ရက်ပေါင်းများစွာ ကြာအောင် ပြန်လည် သန့်စင်ရသည်။ ထို့ကြောင့် ဂျာနယ်တိုက်၊ သတင်းစာတိုက်တို့၏ စာခုံများကိုသာ ပြန်လည် သန့်စင်ရလျှင် လချီ ကြာမြင့်နိုင်သည်။)

၁၉၃၀ ခုနှစ်က လန်ဒန်မြို့ရှိ ပုံနှိပ်တိုက်တစ်ခုမှ စာစီဆရာများနှင့် စာခုံများ။



အောက်အဆင့် စာဗန်းများ

အသုံးနည်းသည့် စာလုံးများကို ထည့်ထားသည့် အောက်ဆင့်စာဗန်းတစ်ခု



၎။ စာစီခြင်း (Hand Compositing) နှင့် စာပစ်ခြင်း။


Demonstrating the use of a composing stick in front of upper and lower type cases at the International Printing Museum in Carson, CA. (ကလေးငယ်ကို စာစီနည်း ပြသနေသည့် ပြတိုက်ဝန်ထမ်းတစ်ဦး)


စတစ်၏ ညာဘက်မှ စာ စစီထားပုံ

ခဲစာလုံး စာစီခြင်း ။     ။ ပုံတွင် မြင်ရသည့်အတိုင်း စာစီဆရာသည် ဘယ်ဘက်လက်ဖြင့် စာစီစတစ်ကို ကိုင်ထားပြီး လိုအပ်သည့် စာလုံးများကို ညာလက်ဖြင့် စာခွက်များထဲမှ နှိုက်ယူကာ စာကြောင်းအလိုက် စီရပါသည်။ စတစ်၏ ညာဘက်မှ တစ်လုံးချင်း စစီရသည်။ သို့မှသာ ဘယ်ဘက်မှစသည့် ပုံနှိပ်စာဖြစ်မည်။ စာစီသမားသည် စာခွက်များကို အလွတ်ရနေရမည်။ စာစီလုပ်သက်ရင့်လာလျှင် ၀ါကျတစ်ကြောင်း ဖတ်ပြီးသည်နှင့် ညာဘက်လက်က သက်ဆိုင်ရာ စာခွက်များကို ဆက်တိုက်လှမ်းပြီးသားဖြစ်သည်။ ကွန်ပြူတာဖြင့် အင်္ဂလိပ်၊ မြန်မာစာများကို ရိုက်ရာ၌ လက်ချောင်းများက ကီးဘုတ်မှာ အလိုလို ပြေးနေသလိုဖြစ်သည်။ ကိုယ်လိုချင်သည့် စာလုံး ဘယ်နေရာမှာရှိသည် ဆိုတာကို လူက စဉ်းစားနေဖို့မလို၊ လက်က အလိုလို သိပြီးဖြစ်သည်။

မင်းသင်္ခ၏ ပုဏ်ဏားဘကွန်း ဝတ္ထုထဲမှာ ထမင်းမငတ်သည့် ဂါထာအဖြစ် ရွတ်ဆိုသည့် ချိ၊ ခို၊ ချီ၊ ခဲ့၊ ခုံ၊ ခု၊ ခံ မှာ စာစီဇယားကို ကျက်မှတ်နေခြင်းဖြစ်သည်။ (ကျွန်တော့်ကို စာစီသင်ပေးသည့်ဆရာကတော့ ဇယားကို မှတ်မိစေရန် စာခွက်များကို သန့်ရှင်းရေး လုပ်ခိုင်းပါသည်။ ဥပမာ - ချိ ခွက်အတွင်း ရောက်နေသည့် အခြားစာလုံးများကို ဖယ်ရှားပေးခြင်းဖြစ်သည်။)

စတစ်အတွင်း အများဆုံး စာကြောင်း ၅ ကြောင်းသာ စီနိုင်ပါသည်။ စတစ်အတွင်း စာကြောင်းများ ပြည့်သွားလျှင် သံပေတံဖြင့် မပြီး စာဗန်းပေါ်သို့ ချထားရသည်။ သို့ဖြင့် ၅ ကြောင်းစီလိုက်၊ စာဗန်းပေါ်ချလိုက်ဖြင့် စာတစ်မျက်နှာ ပြည့်အောင် စီရသည်။ စာတစ်မျက်နှာရလျှင် မပြိုအောင် ထားရပြီး နောက်တစ်မျက်နှာ ထပ်စီရသည်။

ရရှိလာသည့် စာမျက်နှာများကို စာပြင်ဆရာများက စာမျက်နှာ အလိုက် ဒမ်ဘီချရသည်။ စာမျက်နှာအစီအစဉ်အလိုက် ပုံနှိပ်နိုင်ရန်ဖြစ်သည်။ အတွေ့အကြုံလိုသည့် ပညာဖြစ်သည်။ ခဲစာလုံး ပုံနှိပ်ခေတ်သာမက ယခုခေတ် အော့ဖ်ဆက်များမှာပင် စက်တင်ပုံနှိပ်ရန် ဒမ်ဘီချရသည်။ ဒမ်ဘီချမှားလျှင် ရိုက်လိုက်သည့် စာရွက်များ အစီအစဉ်တိုင်း မဖြစ်တော့ဘဲ ထွက်လာသည့် စာအုပ်မှာ လွန်စွာ အရုပ်ဆိုးပါသည်။

ဒမ်ဘီချပြီးလျှင် ဆိုင်ရာ စာမျက်နှာများကို သံဘောင် (Chase) အတွင်း နေရာချပြီး စာဖောင်ဖွဲ့ရသည်။ စာဖောင်ဖွဲ့ခြင်းမှာ တစ်လုံးချင်းစီ စီထားသည့် စာလုံးများကို မပြိုမကျဘဲ ပုံနှိပ်စက်ပေါ် လိုသလို အနေအထားဖြင့် တင်နိုင်ရန်ဖြစ်သည်။ စာဖောင်ဖွဲ့သည့် စားပွဲသည် မျက်နှာပြင် ညီညာနေရမည်။ စာဖောင်ဖွဲ့သူသည်လည်း အတွေ့အကြုံရှိဖို့လိုသည်။ စာဖောင်ကို မတင်းလွန်း မလျော့လွန်း ကြပ်နိုင်ဖို့လိုသည်။ သို့မှသာ စက်ပေါ်မှ စာဖောင်သည် မြဲမည်။ စာဖောင်ဖွဲ့ပြီးလျှင်တော့ စာစီခြင်းလုပ်ငန်း ပြီးပြီဟု ဆိုနိုင်သည်။ စက်ပေါ်တင်ပြီး ပုံနှိပ်ရန်သာ လိုသည်။

စာပစ်ခြင်း ။  ။ ပုံနှိပ်လုပ်ငန်း ပြီးစီးသွားလျှင် စာဖောင်ကို စက်ပေါ်မှ စားပွဲပေါ် ပြန်ချရသည်။ မှင်များညစ်ပေနေသည့် ခဲစာလုံးမျက်နှာပြင်များကို ရေနံဆီဖြင့် ဆေးပြီး ဖြူဖွေးနေအောင် သန့်စင်ရသည်။ ထို့နောက် စာဗန်းများပေါ် ပြန်တင်ရသည်။ ထိုစာဗန်းထဲမှ ခဲစာလုံးများကို နောက်တစ်ကြိမ် အသုံးပြုရန်အတွက် စာခုံရှိ စာခွက်များ အတွင်းသို့ စာစီသမားက ပြန်ထည့်ပေးရသည်။ ထို့သို့ စာခွက်အတွင်း စာလုံးပြန်ထည့်ခြင်းကို စာပစ်သည် ဟု ခေါ်သည်။ စာစီသမားများ အပျင်းဆုံး အလုပ်လည်းဖြစ်သည်။

စာအုပ်တစ်အုပ်ကို ကွန်ပြူတာဖြင့် စာစီမည်ဆိုလျှင် စာမျက်နှာများကို ပြန်ဖျက်စရာ မလိုဘဲ သိမ်းဆည်းထားနိုင်ပါသည်။ လိုသည့် အချိန်တွင် ချက်ချင်း ပြန်လည် အသုံးပြုနိုင်သည်။ ပြင်ဆင်တည်းဖြတ်နိုင်သည်။ ခဲစာလုံးစာစီသည့် ခေတ်ကမူ ထိုကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးကို မရနိုင်ပါ။ ခဲစာလုံး စာမျက်နှာများကိုလည်း သိမ်းမထားနိုင်ပါ။ ပုံနှိပ်ပြီးသည်နှင့် စီထားသည့် စာမျက်နှာများကို ဖျက်ပစ်ရပြီး စာလုံးများကို စာခွက်များထဲ ပြန်ထည့်ရသည်။ စာပစ်ရသည်။

ထို့ကြောင့် ယခင်ခေတ်က စာအုပ်များကို စက်တင်ပုံနှိပ်ပြီး ဖြန့်ချိသည့်အခါ၊ ချက်ချင်းရောင်းကုန်သွားသည့် စာအုပ်များကို ချက်ချင်း ထပ်ထုတ်လိုလျင် စာစီခြင်းကို အစမှ ပြန်လုပ်ရသည်။ အချိန်ကြသည်။ ပထမအကြိမ် ထုတ်နှင့် ဒုတိယအကြိမ် ထုတ် စာမျက်နှာများလည်း အနည်းငယ် ပြောင်းလဲသွားနိုင်သည်။ စာအုပ်မူပိုင်ရှင်က သူ့စာအုပ်ကို ထပ်ထုတ်မထုတ် သိနိုင်သည်။ ယခုခေတ်တွင်မူ ယခင်စာမျက်နှာကိုပင် ကွန်ပြူတာမှာ သိမ်းဆည်းထားသဖြင့် စာအုပ်ကို အကြိမ်ကြိမ် ထပ်ထုတ်သော်လည်း အတူတူပင်ဖြစ်သည်။ စာအုပ်မူပိုင်ရှင်က သူ့စာအုပ်ကို ထပ်ထုတ်ထားမှန်း သိနိုင်ဖို့ခက်သည်။

စာပစ်ခြင်းမှာလည်း စိတ်ရှည်ကျွမ်းကျင်ဖို့လိုသည်။ စာပစ်ပြီး ပြီးရောဆိုကာ သက်ဆိုင်ရာခွက်အတွင်း မထည့်နိုင်ပါက စာခွက်မသန့် ဖြစ်သွားသည်။ ခို စာလုံးကို ခို ခွက်ထဲ မထည့်ပဲ တခြားထဲ ထည့်မိပါက နောင် စာစီသည့်အခါ ခို စာလုံးကို ရှာဖို့ခက်သွားသည်။

စာစီသမားတစ်ယောက် စာပစ်နေသည်ကို ကြည့်ခြင်းဖြင့် သူ၏ လုပ်သက်ကို ခန့်မှန်းနိုင်သည်။ စာလုံးကို ညာလက်ဖြင့် ကိုင်၊ စာခွက်ရှိရာ လက်လှမ်းပြီး ထည့်နေစရာမလိုဘဲ၊ စာလုံးကို စာခွက်ထဲသို့ အဝေးမှ အတိအကျ ပစ်ထည့်နိုင်ခြင်းဖြစ်သည်။ ထိုသို့ ပစ်ထည့်လျှင် အလုပ် မြန်မြန်ပြီးသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်ရှိ မြန်မာ့မီးရထား လက်မှတ်ပြားများကို ပုံနှိပ်သည့် တိုက်သို့ ကျွန်တော် ရောက်ဖူးသည်။ ထိုကဲ့သို့ စာခွက်ထဲ အတိအကျ ပစ်နိုင်သည့် စာစီဆရာ ၃ - ၄ ဦးခန့် ထိုတိုက်တွင်ရှိသည်။

စတစ်အတွင်း စီထားသည့် စာကြောင်းများကို စာဗန်းပေါ် ချနေသည့် ပုံဖြစ်ပါသည်။ (ဗန်းပေါ် အချမမတတ်လျှင် စာလုံးများ ဖွာပြီး လွှင့်ကျသွားနိုင်သည်။)

 သစ်သားစာဗန်း (wooden galley) နှင့် လဲပြိုကျနေသည့် စီထားသည့် စာလုံးများ (စာကြောင်းများကြားတွင် ဂျပ်ပြားလေး ညှပ်ထားသည်ကို တွေ့မြင်နိုင်ပါသည်။)


ပုံနှိပ်စက်ပေါ်တင်ရန် စာဖောင်များကို ပြင်ဆင်နေသည့်ပုံ ဖြစ်ပါသည်။ စာဖောင်ပြင်မည့် စားပွဲသည် မျက်နှာပြင် ညီနေရမည်။ ခဲစာလုံးမျက်နှာပြင်ကိုလည်း ညီညာနေစေရန် ပုံထဲတွင်ပါသည့်အတိုင်း သစ်သားတုံးခံပြီး သစ်သားတူဖြင့် အသာထုပြီး ညှိပေးရသည်။


သစ်သားတူ (wooden mallet)


ပုံနှိပ်စက်ပေါ်တင်ရန် အသင့်ဖြစ်နေသည့် စာဖောင်တစ်ခု (Chase) (စာဖောင် အကြီးအသေးသည် ပုံနှိပ်စက်နှင့် ဆိုင်ပါသည်။ စက်သေးလျှင် စာဖောင်လည်း သေးသည်။



၅။ အပိုစာခုံများ၊ စာဗန်းနှင့် စာဖောင်  (စာဗန်း - Galley ၊ စာဖောင် Chase)

ပုံနှိပ်တိုက်များ၊ သတင်းစာတိုက်များသည် လုပ်ငန်းများလျှင် များသလောက် စာခုံအပိုများ ထားရသည်။ သို့မှသာ စာလုံးမပြတ်ဘဲ ဆက်တိုက် ပုံနှိပ်နိုင်မည်ဖြစ်သည်။ စာစီနေရင်း စာလုံးကုန်သွားလျှင် ပုံနှိပ်စက်ပေါ်မှ စာလုံးများ ပြန်အချကို စောင့်နေရပြီး လုပ်ငန်း မတွင်ဖြစ်တတ်သည်။

သစ်သားစာဗန်း၊ သံစာဗန်းဟူ၍ အသုံးများကြသည်။ စာဗန်းများ၏ မျက်နှာပြင်သည် ညီညာရမည်။ စာဖောင်များမှာလည်း စက်အမျိုးအစားပေါ်မူတည်၍ အရွယ်အစား အမျိုးမျိုးရှိသည်။ တစ်ခန်းဖောင်၊ ၂ ခန်းဖောင်နှင့် ၄ ခန်းဖောင်ဟူ၍ အသုံးများသည်။

ခြေနင်းပုံနှိပ်စက် ။   ။ ခြေနင်း ပုံနှိပ်စက်ငယ်များ အကြောင်း အနည်းငယ်ပြောပြလိုပါသည်။ တောရွာများတွင် ခြေနင်းဖြင့် မောင်းထောင်းသလို ခြေနင်းဖြင့် စက်ရိုက်ရပါသည်။ စက်၏ခြေနင်းတံကို အထက်အောက် တစ်ခါဖိလျှင် စက် ၁ ချက်နင်းသည်ဟု ခေါ်ပါသည်။ စာရွက်တစ်ရွက် ပုံနှိပ်ဖြစ်စေရန် ၆ ချက်နင်းရသည့်စက်နှင့် ၇ ချက်နင်းရသည့်စက်ဟူရှိပါသည်။ တစ်ချက်နင်း တစ်ရွက်ထွက်သည့် ပုံနှိပ်စက်တော့ ကျွန်တော်မတွေ့ဖူးပါ။ ခြေနင်းစက်ဖြင့် ပုံနှိပ်ရသည်မှာ ပင်ပန်းသော အလုပ်ဖြစ်သည်။

ထာဝရ အနားယူသွားပြီဖြစ်သည့် ပြည်တွင်းဖြစ် ခြေနင်း ပုံနှိပ်စက်ငယ် တစ်ခု (မှင်လုံး ၃ လုံးပါသည့် စက်)


၁ ခန်းစာဖောင်
၂ ခန်းစာဖောင်

၎ခန်းစာဖောင်



အင်္ဂလန်နိုင်ငံ Bath Spa University ၊ အင်္ဂလိပ်စာပေ တတိယနှစ်ကျောင်းသား ၊ သူများ၏ စာစီ သင်တန်းချိန်
(Dr Ian Gadd, right, with his third-year English literature class from Bath Spa University)


ဂိုဒေါင်ထဲမှ အင်္ဂါမစုံတော့သည့် ပြည်တွင်းဖြစ် ခြေနင်း ပုံနှိပ်စက်ငယ် (မှင်လုံး ၂ လုံး သုံးသည့်စက်)


အမှိုက်ဂိုဒေါင်ထဲက အင်္ဂလန်လုပ် ခြေနင်း ပုံနှိပ်စက်တစ်ခု (လျှပ်စစ်မီးလာလျှင် မော်တာနှင့်လည်း အသုံးပြုနိုင်သည်)


စောသက်လင်း

ရည်ညွန်းကိုးကား

၁။ မောင်သစ်လွင် (လူထု) ၊ ကိုလိုနီခေတ် တိုက်ပွဲဝင် သတင်းစာ ၊ မြန်မာနိုင်ငံ သတင်းစာသမိုင်း အကျဉ်းချုပ် (၁၈၃၆ - ၁၉၄၈) ၊ စိန်ပန်းပွင့်ချိန် စာအုပ်တိုက် (E Book မှ ယူပါသည်)

၂။ မောင်ထင် ၊  ယောမင်းကြီး ဦးဖိုးလှိုင် အတ္ထုပ္ပတ္တိ နှင့် ရာဇဓမ္မသင်္ဂဟကျမ်း (E Book မှ ယူပါသည်)



၅။ ဓါတ်ပုံများကို အင်တာနက်မှ ရယူပါသည်။

 * * * * * * * * * * * * *

No comments:

Post a Comment