2.11.11

၁၈၅၅ ခုနှစ်က မြန်မာတို့၏ ဇာတ်သဘင်နှင့် ရုပ်သေးပွဲများ။


ဆရာ တက္ကသိုလ်နေ၀င်း မြန်မာဘာသာသို့ ပြန်ဆိုထားသည့် အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) စာအုပ်တွင် ၁၈၅၅ ခုနှစ်က မြန်မာတို့၏ ဇာတ်သဘင်နှင့် ရုပ်သေးပွဲများအကြောင်း ဗြိတိသျှတို့ မှတ်တမ်းတင်ထားခဲ့သည့် အခန်းများကို မြန်မာဘာသာပြန်ထားသည့် စာအုပ်မှ တိုက်ရိုက်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။ စီးပွားရေး အကျိုးအလို့ငှါ ကူးယူဖော်ပြခြင်း မဟုတ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်နှင့် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။

ဗြိတိသျှသံအဖွဲ့သည် ၁၈၅၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗြိတိသျှပိုင် ရန်ကုန်မြို့မှ မင်းတုန်းမင်း အုပ်စိုးနေသည့် အမရပူရ နန်းမြို့တော်သို့ ဧရာဝတီမြစ်အတိုင်း ရေကြောင်းခရီးဖြင့် စတင်ထွက်ခွာခဲ့ကြပါသည်။ လမ်းခရီး တလျှောက် တွေ့ကြုံခဲ့ရသမျှကို သံအဖွဲ့ဝင် Henry Yule က စာဖြင့် အသေးစိတ် မှတ်တမ်းတင်ခဲ့ပါသည်။ Henry Yule က သူ တွေ့ကြုံခဲ့သည့် မြန်မာတို့၏ ဇာတ်ပွဲများနှင့် ရုပ်သေးပွဲများအကြောင်းကိုလည်း ဆိုင်ရာအခန်းများတွင် အလျဉ်းသင့်သလို မှတ်တမ်းတင်ခဲ့သည်။ စာလုံးပေါင်းသတ်ပုံကို မူရင်းစာအုပ်အတိုင်း ကူးယူတင်ပြအပ်ပါသည်။


 Credit to - http://diglib.colgate.edu,   Photographer   Klier, P.

၁၉ ရာစု နှောင်းပိုင်း မြန်မာ့ ဓါတ်ပုံ

* * * * * * *

၁၈၅၅ ခုနှစ် သြဂုတ်လ ၁၃

ဗြိတိသျှမစ်ရှင် သံအဖွဲ့သည် မကွေးမြို့သို့ ရောက်ရှိလာကြပြီး ညအိပ် ရပ်နားကြပါသည်။ ယနေ့ညနေဘက်တွင် ဗြိတိသျှမစ်ရှင် အဖွဲ့ဝင်များသည် ပထမဆုံးအကြိမ် မြန်မာဇာတ်သဘင်ကို ကြည့်ရှုခွင့် ရကြပါသည်။ ယင်းဖျော်ဖြေမှုနှင့် ပတ်သက်၍ အကြောင်းအချက် အားလုံးကိုသာ ပြည့်ပြည်စုံစုံ မှတ်တမ်းတင် ရေးသားရပါက ဤမှတ်တမ်းတွင် နေရာအတော်များများ ပေးရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့အား ဧည့်ခံသူ အိမ်ရှင်ဖြစ်သော မြို့ဝန်မင်းက မြန်မာရုပ်သေးနှင့် ဇာတ်သဘင် နှစ်မျိုးစလုံးကို စီစဉ်ထားလေရာ သံအမတ်ကြီး အာသာဖယ်ရာက ကျွန်ုပ်တို့အနေဖြင့် နှစ်မျိုးစလုံးကို သွားရောက်လေ့လာ ကြည့်ရှုသင့်သည်ဟု ထင်မြင်ချက်ပေးပါသည်။

ရုပ်သေးနှင့် ဇာတ်ပွဲ နှစ်မျိုးလုံးတွင် မြန်မာတူရိယာတီးဝိုင်း အပြည့်အစုံ ပါရှိသည်။ မြန်မာတီးဝိုင်း၌ အဓိက တူရိယာ ပစ္စည်းကား ပတ်ဆိုင်းဟု ခေါ်ပြီး အရွယ်အစားစား သံစဉ်အလိုက် စီထားသော ဗုံငယ် ၁၈ လုံးမှ အလုံး ၂၀ ခန့် ရှိပါသည်။ ဆိုင်းဆရာက အသံကို ညှိရာတွင် ဗုံများပေါ်၌ တပ်ထားသည့် ရွှံ့စေးစိုထိုင်းထိုင်း (ပတ်စာ) ကို လက်မဖြင့် လိုတိုးပိုလျှော့၍ ညှိရပါသည်။ နောက် တူရိယာတစ်ခုကား ကြေးနောင်ခေါ် ကြေးမောင်းငယ်များ ပတ်ပတ်လည် စီထားသည့် ပစ္စည်း ဖြစ်ပြီး တီးသူက အလယ်မှထိုင်၍ တုတ်ချောင်း (လက်ခတ်) နှစ်ခုဖြင့် တီးခတ်ရလေရာ ကျွန်ုပ်တို့အနေဖြင့် ယင်းကြေးနောင်၏ အသံက အထူးသာယာနာပျော်ဖွယ် ရှိသည်ဟု ထင်မိပါသည်။

ကျန်တူရိယာများမှာ နှဲ နှစ်လက်မှ သုံးလက်၊ လင်းကွင်းပတ်မ၊ ၀ါးလက်ခုပ်များပင် ဖြစ်ပါသည်။

ဖော်ပြပါ တူရိယာ ပစ္စည်းများမှာ မြန်မာဇာတ်သဘင်နှင့် ရုပ်သေးများ ကပြရာတွင် သုံးပြီး ဂီတအနုပညာ ဖျော်ဖြေမှုအတွက် သုံးသည့်အခြား တူရိယာ ပစ္စည်းများလည်း ရှိပါသေးသည်။ ၄င်းတို့အနက် အထင်ရှားဆုံးကား မြန်မာစောင်းကောက်နှင့် ၀ါးပတ္တလားတို့ပင် ဖြစ်၏။

မြန်မာစောင်းမှာ အနောက်တိုင်းမှ စောင်းများကဲ့သို့ ထောင်၍ မတီးရဘဲ တီးသူ၏ ပေါင်ပေါ်တင်ပြီး တီးရပါသည်။ အောက်ခံအိုးတွင် ကျွဲသားရေ ကျက်ထားပြီး ပိုးကြိုး ၁၃ ကြိုး ရှိပါသည်။ မြန်မာစောင်းသည် နားထောင်၍ သာယာသော တူရိယာတစ်ခုပင် ဖြစ်ပါသည်။

ဝါးပတ္တလားကား လွယ်ကူစွာ ရနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော်လည်း အလွန်သာယာသည့် တူရိယာသံများ ထွက်ပေါ်ပါသည်။ ယင်းတူရိယာမျိုးကို အိန္ဒိယပြည်တွင် မတွေ့ရသော်လည်း အာရှတိုက် အရှေ့ပိုင်းနိုင်ငံများ၌ အလားတူ တူရိယာပစ္စည်းမျိုး အသုံးပြုလေ့ ရှိကြပါသည်။ ထို့ပြင် တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံမှ တိုင်းရင်းသားလူမျိုးစု များသည်လည်း ၀ါးပတ္တလားနှင့် ခပ်ဆင်ဆင် တူရိယာ ပစ္စည်းတခုကို တီးမှုတ်လေ့ရှိသည်ဟု သိရပါသည်။

ဝါးပတ္တလားဆိုသည်မှာ တလက်မခွဲခန့် ဗျက်ရှိသော ၀ါးအပြား ၁၈ ခုမှ ၂၄ ခုအထိကို ကြိုးဖြင့်ဆိုင်းပြီး လခြမ်းသဏ္ဍာန်အိမ်တွင် တပ်ဆင်ကာ တုတ်ချောင်း (လက်ခတ်) များဖြင့် တီးရ၏။ ၀ါးပြားများကို တပ်ဆင်ရာတွင် ခုံးနေသည့်ဘက်ကို အပေါ်မှ ထားရ၏။ တူရိယာသံစဉ် အနိမ့်အမြင့် ရရှိအောင်ကား ၀ါးပြားများကို အထူအပြား ညှိ၍ လိုအပ်သည့်အသံကို ဖြစ်ပေါ်စေရ၏။ ပြုလုပ်ရာတွင် အသုံးသည့်ပစ္စည်းများက အဖိုးမတန်သော်လည်း အသားကျပြီးသော ၀ါးပတ္တလားဟောင်းများကို ပိုင်ရှင်များက အလွန်တန်ဖိုးထား မြတ်နိုးသည်ဆို၏။

ယင်းသို့ ပိုင်ရှင်တန်ဖိုးထားသည့် ၀ါးပတ္တလားတခုကို ကျွန်ုပ်တို့သည် နေပြည်တော်၌ တွေ့ခဲ့ရပါသည်။ သို့သော် ထိုပတ္တလားမှာ ၀ါးမဟုတ်ဘဲ ၀ါးပြားများ နေရာတွင် သံပြားများ တပ်ဆင်ထားသည့် သံပတ္တလား ဖြစ်ပါသည်။ ယင်းသံပတ္တလားကို သာယာဝတီ မင်းတရားကိုယ်တော်တိုင် ပြုလုပ်ထားသော ဘုရင့်လက်ရာဖြစ်သည်ဟု သိရပါသည်။ သာယာဝတီမင်းကား ဘုရင်အလုပ်ထက် သံပန်းဘဲအလုပ်ကို ပိုမိုကျွမ်းကျင်သူဟူ၍ ဆိုရမလို ဖြစ်နေတော့၏။ သံပတ္တလား၏ အသံက မဆိုးလှသော်လည်း ၀ါးပတ္တလားလောက် အသံချိုခြင်း မရှိဟု ထင်မိပါသည်။

အခြားတူရိယာ ပစ္စည်းတခုကား ကြိုး ၃ ချောင်းတပ် ရှည်မျောမျောနှင့် ဂီတာတလက်ပင် ဖြစ်ပါသည်။ ပုံသဏ္ဍာန်အားဖြင့် မိကျောင်းတကောင်၏ ပုံ ပြုလုပ်ထားပြီး မြန်မာတို့က ယင်းတူရိယာကို “မိကျောင်း” ဟုပင်ခေါ်ပါသည်။ တီးပုံတီးနည်းကား အဆိုပါ မိကျောင်းကို တီးသူ၏ ရှေ့တည့်တည့် မြေကြီးပေါ်တွင် ချထားပြီး တီးခတ်ရပါသည်။

မြန်မာဇာတ်သဘင်အကြောင်း ဆက်လက်တင်ပြပါဦးမည်။

မြန်မာဇာတ်သဘင် ကပြသည့် ဇာတ်ခုံကား မြေကြီးပေါ်တွင် ဖျာခင်းထားသည့် နေရာပင်ဖြစ်၏။ ကပြသည့်နေရာ ရှေ့တည့်တည့်နှင့် ၀ဲယာဘက် မလှမ်းမကမ်းတွင် အထူးဧည့်သည်တော်ကြီးများ ထိုင်ကြည့်ရန်အတွက် ၀ါးဖြင့် စင်မြင့်များ ထိုးထား၏။ သာမန်ပွဲကြည့် ပရိသတ်များကား မြေကြီးပေါ်တွင်ပင် နေရာအလွတ်ရှိရာ၌ ထိုင်ကြည့်ကြရ၏။

သဘင်ပညာရှင်များ ကပြသည့်နေရာ (တနည်းအားဖြင့် ဇာတ်စင်) ၏) အလယ်ဗဟို တည့်တည့်တွင် သစ်ပင် သို့မဟုတ် သစ်ကိုင်းတခု စိုက်ထူထားပြီး ကပြသူတို့က ထိုသစ်ကိုင်းကိုပင် ဗဟိုပြု၍ ကပြကြ၏။ အကယ်၍ ကပြနေသည့် အခန်းက တောခန်း သို့မဟုတ် ဥယျာဉ်ခန်း ဖြစ်ပါက သစ်ပင်သည် သဘာဝကျမည် ဖြစ်သော်လည်း တောခန်းတောင်ခန်း မဟုတ်ပါလျှင်လည်း ဇာတ်စင်အလယ်၌ သစ်ပင်ရှိနေခြင်း အဓိပ္ပါယ်ကို ကျွန်ုပ်အနေဖြင့် ကောင်းစွာနားလည် သဘောပေါက်ခြင်း မရှိခဲ့ပါ။

ဇာတ်ကနေသူများအတွက် မီးအလင်းရောင်ကား ရေနံဆီ သို့မဟုတ် ရေနံစိမ်ထားသော ၀ါဂွမ်းစေ့များ ထည့်ထားသည့် မြေအိုးများကို မီးထွန်းညှိထားခြင်းပင် ဖြစ်၏။ ထိုမီးတိုင်များကို ကပြသည့်နေရာ ပတ်ပတ်လည်တွင် ထွန်းညှိ၍ထားရာ ရံဖန်ရံခါ မီးတိုင်တတိုင် ရေနံကုန်သွားလျှင် ကပြသူများထဲမှ တယောက်ယောက်က ဇာတ်ကနေယင်း ရေနံဖြည့်လောင်းရသည်ကိုလည်း တွေ့ရတတ်၏။

ကပြသည့်နေရာ တဖက်တွင်ကား ဇာတ်ပစ္စည်းများထည့်သည့် သေတ္တာတလုံး ထားရှိ၏။ ထိုဇာတ်သေတ္တာကိုပင်လျှင် ဇာတ်လမ်းဇာတ်ကွက်အရ ရှင်ဘုရင်အခန်းပါလာလျှင် ဘုရင်၏ ရာဇလ္လင်အဖြစ် အသုံးပြုရ၏။ မြန်မာဇာတ်သဘင် ဆိုသည်မှာလည်း ဇာတ်တိုင်းလိုလို ဘုရင်ထွက်သည့် အခန်းများ ပါရှိတတ်၏။

ဇာတ်လမ်းများတွင် အများဆုံး ပါဝင်သည့် ဇာတ်ကောင်များကလည်း ဘုရင်များ၊ မင်းညီမင်းသားများ၊ မင်းသမီးများ၊ ၀န်ကြီးများ၊ မှူးကြီးမတ်ရာများ ဖြစ်ကြ၏။ ကျွန်ုပ်တို့ အနေဖြင့်ကား မြန်မာဇာတ်သဘင်၏ ဇာတ်လမ်းကို လုံးဝ နားမလည်ခဲ့ပါ။ ဇာတ်တိုင်းလိုလို ခေါင်းဆောင်ဇာတ်လိုက်မှာ မင်းသားတပါး ဖြစ်တတ်၏။ သူ၏ အပါးတွင်လည်း လူရွှင်တော်အဖြစ် ဟာသကွက်များ ဖန်တီးသူ တပည့်တယောက်လည်း ပါတတ်၏။ မင်းသားနှင့် မေတ္တာသက်ဝင် ချစ်ခင်နေသော မင်းသမီးတဦးကိုလည်း တွေ့ရတတ်၏။ ဇာတ်ကောင်တွေက ပြောဆိုသည့် စကားများက အလွန်ရှည်လျားလေရာ ကျွန်ုပ်တို့အဖို့ ကြာရှည် သည်းမခံနိုင်လောက်အောင်ပင် ငြီးငွေ့ဖွယ် ကောင်းလှပါသည်။

မြန်မာဇာတ်သဘင် ကပြပုံကို အကဲခတ်ကြည့်ရသည်မှာ ဇာတ်လမ်း ကူးပြောင်းသွားပုံက နှေးကွေးလွန်းလှသဖြင့် ဇာတ်၏ ဆုံးခန်းရောက်ရန် ရက်ပေါင်းများစွာ ကြာလိမ့်မည်ဟု ခန့်မှန်းမိပါသည်။

(မှတ်ချက် ။   ။ မစ္စတာ ခရော့ဒ်ဖို့၏ ယိုးဒယားပြည်သွား မှတ်တမ်းတွင် ယိုးဒယားရာမ ဇာတ်တခုသည် ရက်သတ္တ ၃ ပတ်ကြာအောင်ကမှ ဇာတ်လမ်းဆုံးသည်ဟု ဖော်ပြထား၏။)

မြန်မာဇာတ်သဘင်၌ ဇာတ်ကောင်အချင်းချင်း စကားပြောရာတွင် သီချင်းဆို၍ ပြောခြင်းက များကြောင်းကိုလည်း သတိပြုမိပါသည်။ မကြာခဏ မင်းသမီး မင်းသားတို့ ကခုန်ဖျော်ဖြေခြင်းကိုလည်း မြင်ရပါသည်။

နေပြည်တော်နှင် အလှမ်းဝေးသည့် ကျေးလက်ဒေသများမှ မြန်မာဇာတ်အဖွဲ့များတွင်ကား အမျိုးသမီး ဇာတ်ကောင်များနေရာ၌ ယောက်ျားကလေးများက မိန်းကလေးလို ၀တ်စားပြီး ကပြကြသည်ဟု သိရပါသည်။

မြန်မာလူမျိုး ပရိသတ်များ အဖို့တွင်ကား ဇာတ်ပွဲထက် ရုပ်သေးက ပို၍ ခေတ်စား လူကြိုက်များပုံ ရပါသည်။ ရုပ်သေးကပြရန် အတွက် ၀ါးဖြင့်တည်ဆောက်ထားသည့် အလျားပေ ၃၀ ခန့် ရှည်သော စင်မြင့်တခု ထိုးထား၏။ ထိုစင်မြင့်၏ တဖက်အစွန်တွင် ဘုရင့်နန်းတော်ခန်း ကပြရန် ပုလ္လင်ငယ်တခု တင်ထားပြီး တဖက်အစွန်တွင်မူ တောခန်း တောင်ခန်းများတွင် အသုံးပြုရန် သစ်ကိုင်းသစ်ခက် အနည်းငယ် ထားရှိ၏။

ကျွန်ုပ်တို့ အနေဖြင့် ရုပ်သေးကို ကြည့်ရသည်မှာ မြန်မာဇာတ်သဘင် ကပြပုံနှင့် တူနေသည်ကို မြင်ရပါသည်။ ပြကွင်း ပြကွက် ဇာတ်ဝင်ခန်းများ၊ ဇာတ်ကောင်တို့ ပြောဆိုသော စကားများကအစ ရိုးရိုးဇာတ်ပွဲနှင့် မခြားလှပါ။ သဏ္ဍာန်လုပ် သရုပ်ဖော်ရာတွင် ရုပ်သေးက ဇာတ်သဘင်ထက် ပိုမိုလွယ်ကူ၍ဘဲလား မပြောတတ်။ ရုပ်သေးပွဲတွင် နတ်၊ နဂါး၊ ရထားပျံ စသော တန်ခိုးဣုဒ္ဓိပါဒ် ဆန်းဆန်းပြားပြား အခန်းတွေ ပိုမိုထည့်သွင်း ကပြကြဟန် တူပါသည်။ အချို့သော ရုပ်သေးဇာတ်လမ်းများမှာ ဂေါတမ ဗုဒ္ဓ၏ ဖြစ်စဉ်များထဲမှ ထုတ်နှုတ်ကပြခြင်းများ ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်များကို လူဇာတ်ကောင်များ သရုပ်ဆောင်ခြင်းငှာ မသင့်လျော်ဟု သတ်မှတ် ယူဆကြသောကြောင့် ရုပ်သေးဖြင့် ကပြကြခြင်း ဖြစ်ဟန်တူပါသည်။

ရုပ်သေးပွဲမှ အရုပ်များကား အမြင့် ၁၀ လက်မမှ ၁၅ လက်မခန့်သာရှိပြီး အရုပ် ကြိုးဆွဲသူများက အထူး ကျွမ်းကျင်နိုင်နင်းစွာ ဆွဲ၍ ကပြနိုင်ကြပါသည်။

မြန်မာဇာတ်သဘင်တို့တွင် ရုန့်ရင်းကြမ်းတမ်းသော စကား၊ ရိုင်းပြသော အပြုအမူများ မည်သည့်အခါမှ မကြားရ မမြင်ရဟု ပြောသံကြားဘူးပါသည်။ စကားလုံးများ အကြောင်းကိုကား ကျွန်ုပ်ကိုယ်တိုင်က ဘာသာစကား နားမလည်၍ မပြောနိုင်ပါ။ သို့သော် ရိုင်းပြသော အပြုအမူ လှုပ်ရှားမှုများ မရှိသလောက် ဖြစ်ကြောင်းကိုမူ သတိပြုမိပါသည်။

ဤအကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ်ထက်ပိုပြီး အတွေ့အကြုံများပြီး တနင်္သာရီတိုင်းတွင် အတော်ကြာကြာ နေခဲ့ဘူးသူ မစ္စတာ အိုလ်ဒ်ဟမ်၏ မှတ်တမ်းမှ မြန်မာဇာတ်သဘင် အကြောင်းကို အနည်းငယ် ထုတ်နှုတ်ဖော်ပြလိုပါသည်။

“ကျွန်ုပ်သည် မြန်မာဇာတ်ပွဲ အတော်များများကို ကြည့်ရှုခဲ့ရပြီးဖြစ်ရာ ဇာတ်ခုံပေါ်၌ က ပြပုံများအရ မြန်မာတို့၏ လက်ရှိယဉ်ကျေးမှု အခြေအနေကို စဉ်းစားရ အတော်ခက်သည်ဟု ဆိုရပါမည်။ မြန်မာတို့သည် အိမ်ထောင်ရေးအပေါ် ခပ်ပေါ့ပေါ့ဆဆ သဘောထားကြဟန်တူသဖြင့် ဇာတ်ခုံပေါ်မှ အိမ်ထောင်ရေး ဆက်ဆံမှုအကြောင်း က ပြပုံကို ကြည့်ယင်း ပျော်ရွှင် ကျေနပ်ကြပုံရ၏။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်အနေဖြင့် ဇာတ်သဘင်များ၌ သရုပ်ဆောင် က ပြပုံသည် လက်တွေ့ မြန်မာ့လူ့အဖွဲ့အစည်း၊ နေထိုင်ပုံ အခြေအနေနှင့် မတူဟူ၍ကား ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ဇာတ်ပွဲများ၌ ကပြပုံများသည် စက်ဆုပ်ဖွယ်ကောင်းသည်ဟုလည်း ဆိုနိုင်ပါသည်။”

သို့ရာတွင် မြန်မာလူမျိုးတို့အကြောင်း ကောင်းစွာသိသူ သံအမတ်ကြီး မေဂျာဖယ်ယာက ယင်းဝေဖန်ချက်ကို လုံးဝသဘောမတူရုံမက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ မေဂျာဖယ်ယာက အောက်ပါအတိုင်း မှတ်ချက်ရေးသားခဲ့ပါသည်။

“မြန်မာလူမျိုးတို့၏ ပင်ကိုယ်သဘာဝ စရိုက်နှင့် ပတ်သက်၍ ထိုသို့ ဝေဖန်ထားခြင်းကို ပြင်ဆင်ရန် အထူး လိုအပ်နေပေသည်။ ကျွန်ုပ်ကိုယ်တိုင်က မြန်မာဇာတ်သဘင် အတော်များများကို ကြည့်ခဲ့ဘူးရာ ကဲ့ရဲ့ရှုတ်ချဘွယ်ရာ ရိုင်းပြသော အပြုအမူဟူ၍ လုံးဝ မမြင်ဘူးခဲ့မိချေ။ အချို့သော မြန်မာဇာတ်ပွဲများ၌ဆိုလျှင် ပွဲကြည့်ပရိသတ်ထဲတွင် ဥရောပတိုက်သားဆို၍ ကျွန်ုပ်တဦးတည်းသာ ရှိနေ၏။ သို့စဉ်လျက် ကျွန်ုပ်၏ အမြင်တွင် ရုန့်ရင်းကြမ်းတမ်းမှု၊ ရိုင်းပြမှုဟူ၍ တကြိမ်တခါမျှ သတိမပြုမိခဲ့ကြောင်း ၀န်ခံရပေမည်။ တခါတရံ အနည်းငယ် ကြမ်းသော ဟာသ ပျက်လုံးများ ရှိတတ်ပါ၏။ သို့သော် အင်္ဂလန်နိုင်ငံ အချို့ပြဇာတ်များ၌ ထိုထက်ပိုကြမ်းသည့် ပြကွက်များကို ပွဲကြည့်ပရိသတ်က ရိုင်းပြစွာ ဟစ်အော် ဆူပူကြခြင်းက ပိုဆိုးသည်ဟု ဆိုနိုင်ပါသည်။ တခါက နယ်ဇာတ်ပွဲတခု၌ မြန်မာဝန်ထောက်မင်းက “နေပြည်တော် ရောက်လျှင် ဤပြကွင်း ပြကွက်မျိုး မြင်ရမည် မဟုတ်ပါ။ ယဉ်ယဉ်ကျေးကျေး မပြပါက မည်သို့လျှင် မောင်နှင့်နှမ သားနှင့်အမိ အတူယှဉ်ထိုင်၍ ပွဲကြည့်နိုင်ပါမည်နည်း” ဟု ကျွန်ုပ်အား ရှင်းလင်းပြောပြခဲ့ဘူးပါသည်။ အိုလ်ဒ်ဟမ်၏ ဝေဖန်ချက်ကို ကျွန်ုပ် ကန့်ကွက်ရခြင်း အဓိကအကြောင်းကား မြန်မာလူမျိုးတို့သည် ပင်ကိုယ်စရိုက်အားဖြင့် အလွန်ရိုင်းပြ ရုန့်ရင်း ကြမ်းတမ်းသယောင် မှတ်ချက်ချထား ခြင်းကြောင့်ပင်ဖြစ်၏။”

အမှန်အားဖြင့် မစ္စတာ အိုလ်ဒ်ဟမ်သည် ရန်ကုန်မြို့မှ သဘင်ပညာရှင်များ အဖွဲ့တဖွဲ့ လာရောက် ကပြသည့် မြန်မာဇာတ်ပွဲတခုကို မော်လမြိုင်မြို့၌ ကြည့်ရှုခဲ့ရရာမှ သူ၏ ထင်မြင်ချက်ကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှန်တော့လည်း သူ မော်လမြိုင်၌ ကြည့်ခဲ့ရသည့် ရုန့်ရင်းကြမ်းတမ်းသော ဇာတ်ပွဲမှ ပြကွက်များကို မင်းနေပြည်မှ ဘုရင်မင်းမြတ် မှူးကြီးမတ်ရာများ ရှေ့တော်မှောက်တွင်လည်း မြင်ရလိမ့်မည်ဟု မဆိုနိုင်ပါချေ။ (စာမျက်နှာ ၅၈ - ၆၇)


၁၈၅၅ ခုနှစ် သြဂုတ်လ ၁၅ 

ကျွန်ုပ်တို့ ဗြိတိသျှ သံအဖွဲ့သည် ရေနံချောင်းမြို့သို့ သြဂုတ်လ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ ယနေ့ ညဘက်တွင် ကျွန်ုပ်တို့သည် မြန်မာဇာတ်ပွဲတခုကို ကြည့်ရပါသည်။ ပွဲခင်း၌ ရေနံဆီဖြင့် ထွန်းညှိထားသော မီးတိုင်များမှ မီးခိုးများ၊ မှိုင်းများ အလွန်ထွက်သည့်ပြင် အပူရှိန်ကလည်း အတော်ပြင်းသောကြောင့် ပွဲကြည့်ရသည်မှာ သက်သာခြင်း မရှိလှပါ။

ပွဲစ စချင်း ပထမဆုံး ထွက်သောအခန်းမှာ မြန်မာဝန်ကြီးများ မိမိတို့၏ တာဝန် ၀တ္တရားများ အကြောင်း ဖော်ကျူးဖွဲ့ဆိုထားသည့် စာရှည်ကြီးကို ရွတ်ယင်း ပတ်ချာလည်  လှည့်ပတ်ကသည့် အခန်းဖြစ်ပါသည်။ ဇာတ်ပွဲထဲမှ ၀န်ကြီးများသည် မြန်မာဘုရင့်နန်းတော်မှ တကဲ့ ၀န်ကြီးအစစ်များလို ၀တ်စားဆင်ယင် ထားသော်လည်း အပြည့်အစုံ မဟုတ်ဘဲ အဖြူရောင် ၀န်အင်္ကျီရှည်သာလျှင် ၀တ်ထားပါသည်။

ဝန်ကြီးများ၏ နောက်တွင်ကား အမျိုးသမီး လေးယောက်က သီချင်းလည်းဆို ကလည်းကယင်း လိုက်ပါလာကြပါသည်။ မိန်းကလေးများ၏ ကခုန်ပုံ၊ လက်ဟန်ခြေဟန် လှုပ်ရှားပုံတို့မှာ နွဲ့နှောင်းလှပသည်ဟု ဆိုရပါမည်။ ယင်းသို့ သီချင်းဆိုပြီး ကခုန်သူ မင်းသမီး ၄ ယောက်၏ နောက်မှ လူရွှင်တော်တဦးကလည်း လိုက်ပါလာ၏။ ထိုလူကား မင်းသမီးများ၏ လှုပ်ရှားမှု လိုက်အတုယူကာ ကိုးယိုးကားယား ကပြခြင်းဖြင့် ပရိသတ်အား ပွဲကျစေပါသည်။ ရံဖန်ရံခါ လူရွှင်တော်က ရှေ့မှ လမ်းပိတ်ဆို့ တားဆီးဟန်ပြုရာ မင်းသမီးက ကိုင်ဆောင်ထားသော ယပ်တောင်ဖြင့် လူရွှင်တော်အား အသာ လှမ်းရိုက်သည်ကိုလည်း သတိပြုမိပါသည်။ (စာမျက်နှာ ၇၉ - ၈၀)


၁၈၅၅ ခုနှစ် သြဂုတ်လ ၁၈ 

ထိုနေ့ ညဘက်တွင် ကျွန်ုပ်တို့သည် စလေမြို့ပေါ်သို့တက်ပြီး မြန်မာဇာတ်ပွဲတခု ကြည့်ရပြန်ပါသည်။ စလေမြို့ကို အပိုင်စားရသူကား မြန်မာနိုင်ငံ ထီးနန်းကို ဆက်ခံရမည့် နန်းလျာဖြစ်သူ အိမ်ရှေ့မင်းပင် ဖြစ်ပါသည်။ ထိုအိမ်ရှေ့မင်းသည် အင်္ဂလိပ်တို့အပေါ် လိုလိုလားလား ရှိဟန်မတူဟု ကြားသိထားရသဖြင့် သံအမတ်ကြီး အနေဖြင့် မြန်မာတို့ဘက်မှ စိတ်ထိခိုက် ငြိုငြင်စေမည့် အပြုအမူမှန်သမျှ အထူးသတိထား ရှောင်နေရပါသည်။

မြန်မာဇာတ်ပွဲအကြောင်းနှင့် ပတ်သက်၍ကား အကျယ်တ၀င့် ရေးသားဖော်ပြခြင်း မပြုလိုတော့ပါ။ ကျွန်ုပ်တို့ ကြည့်ခဲ့ရသော မြန်မာဇာတ်သဘင်များအနက် ပထမဆုံးအကြိမ် ရုန့်ရင်းကြမ်းတမ်းသော ပွဲပင်ဖြစ်သည် ဟူ၍သာ ဆိုချင်ပါတော့သည်။ ပွဲကြည့်နေစဉ် မြို့ဝန်မင်း ကိုယ်တိုင်က အပေါ်ပိုင်း အ၀တ်အစား ၀တ်ထားခြင်း မရှိပါ။ 

မြန်မာ အကြိုတော်အဖွဲ့က မြို့ဝန်မင်းအား ယင်း ကိစ္စနှင့် ပတ်သက်၍ ဝေဖန်အပြစ်တင်သည်ဟု ထင်ရပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်နေ့နံနက် သံအမတ်ကြီးထံ လာရောက် နှုတ်ဆက်သောအခါ မြို့ဝန်မင်းသည် ကောင်းမွန်သပ်ရပ်စွာ ၀တ်စားထားပြီး သူ၏ ဇနီးနှင့် သားသမီးများပါ အတူခေါ်လာ၍ ရည်မွန်စွာ နှုတ်ဆက်သောကြောင့်ပင် ဖြစ်ပါသည်။ (စာမျက်နှာ ၈၄)


၁၈၅၅ ခုနှစ် သြဂုတ်လ ၂၅ 

မြင်းခြံမြို့၌ ညအိပ် ကြပါသည်။ မြင်းခြံ မြို့သူမြို့သားတို့သည် ကျွန်ုပ်တို့၏ မီးသင်္ဘောများ ရှိရာသို့ လူစုလူဝေးနှင့် လာရောက်ပြီး အထူးအဆန်းသဖွယ် ၀ိုင်းအုံကြည့်နေကြပါသည်။ အချို့ကလည်း မေးခွန်းများ မေးမြန်းနေကြပါသည်။

ထိုနေ့ညနေဘက်တွင် ကျွန်ုပ်တို့သည် မြန်မာရုပ်သေးပွဲတခုကို ကြည့်ရှုရလေရာ အရုပ်များကို ကြိုးဖြင့်ဆွဲ က ပုံ ကအစ ကြည့်ခဲ့ရသမျှအနက် အကောင်းဆုံး ရုပ်သေးဇာတ်အဖွဲ့ဟု ဆိုရပါမည်။ ထိုနေ့ည တင်ဆက်ကပြသော ဇာတ်လမ်းကား ဂေါတမ မြတ်စွာဘုရားအလောင်း ငယ်ရွယ်နုပျိုသော မင်းသားဘ၀အကြောင်း ဖခင်မင်းကြီးနှင့် မှူးကြီးမတ်ရာတို့က ၀ိုင်းဝန်း တောင်းပန်သည့်ကြားမှ ဘုရားလောင်း မင်းသားသည် မင်းစည်းစိမ်ကို စွန့်ပယ်ကာ တောထွက် တရားရှာပုံ အကြောင်းတို့ကို သရုပ်ဖော် ကပြသည့် ဇာတ်ဖြစ်ပါသည်။

ယင်းဇာတ်လမ်းကို က ပြရာတွင် ဘုရားလောင်း မင်းသားအား တောထွက်ချင်စိတ်ပျောက်အောင် နန်းတွင်းသူ လှပျိုဖြူ အချောအလှများဖြင့် ဖြားယောင်းပုံ၊ ဖခင် ဘုရင်ကြီး ကိုယ်တိုင်က သားတော်အား မင်းစည်းစိမ်ကို မစွန့်လွှတ်ရန် တိုက်တွန်း ပြောဆိုပုံ၊ စသည့် အခန်းများ ပါရှိရာ ဘုရင်ကြီး၏ ပြောစကားများကို နားထောင်ယင်း မြန်မာပရိသတ်တွင် တ၀ါးဝါး ပွဲကျနေသည်ကို ထောက်ခြင်းအားဖြင့် ဘုရင်ကြီးသည် ဟာသနှော၍ စကားပြောသွားခြင်း ဖြစ်ရမည်ဟု ယူဆရပါသည်။ ဘုရားလောင်း၏ ဖခင် ဘုရင်ကြီး ကဲ့သို့သော ပုဂ္ဂိုလ်အနေဖြင့် ဤသို့ ဟာသ ပျက်လုံးဆန်သည့် စကားမျိုး ပြောဆိုခဲ့ကြောင်း ရှေးဟောင်း ဇာတ်နိပါတ်တော်များ၌ ရေးသားထားခြင်း မဖြစ်နိုင်သဖြင့် ရုပ်သေးသဘင် ပညာရှင်များက ခေတ်နှင့်လျော်ညီအောင် ဟာသကွက်များ တီထွင်ထားခြင်းသာ ဖြစ်ရမည် ဟူ၍ကား မြန်မာဘာသာ တတ်ကျွမ်းနားလည်သူ သံအမတ်ကြီး အာသာဖယ်ယာက ကျွန်ုပ်တို့အား ပြောပြခဲ့ပါသည်။ (စာမျက်နှာ ၁၃၈ - ၁၃၉)

 
၁၈၅၅ ခုနှစ် စက်တင်ဘာလ ၄ 

ယနေ့ ကျွန်ုပ်တို့ သံအဖွဲ့ စံအိမ်တော် ဆင်ဝင်ရှေ့၌ (အမရပူရမြို့တော် ရှိ သံအဖွဲ့ စံအိမ်) မြန်မာဇာတ်ပွဲတခု ခင်းကျင်းပြသရာ အလွန်ပင် သရုပ်ဆောင် လှုပ်ရှားမှုများသော ဇာတ်ပွဲဖြစ်နေပါသည်။ ဇာတ်လမ်းက ချစ်သူ လူငယ် မောင်မယ်နှစ်ဦး မေတ္တာရှိနေကြသည်ကို မိန်းကလေး၏ အကိုက သဘောမတူဘဲ အပြင်းအထန် ကန့်ကွက်သည့် ဇာတ်ဖြစ်ပြီး ရယ်စရာ ဟာသကွက်များကို ပိုင်နိုင်စွာ သရုပ်ဆောင် ကပြသွားနိုင်သည့် ဟာသဇာတ်မြူးတခုဟု ဆိုရပါမည်။ ချစ်သူနှစ်ဦးလည်း ကြံရာမရသည့် အဆုံး၌  ခိုးရာလိုက်ပြေးကြရန် ဆုံးဖြတ်ကြပြီးနောက် တည ယောက်ျားကလေးက ချစ်သူအား လာခိုးရာတွင် မိန်းကလေး၏ အစ်ကို (ယောက်ဖလောင်း) ကို သူ၏ ချစ်သူအထင်ဖြင့် မှားပြီး ထမ်းပြေးပုံကို ဇာတ်ကွက်ဆင် ကပြသွားပါသည်။ ယင်းဇာတ်၌ သရုပ်ဆောင်သူတို့ပြောသော စကားများက ကြိုတင်ဇာတ်ညွှန်း ရေးထားသည်ကို အလွတ်ကျက် ပြောပုံမျိုးနှင့် မတူဘဲ ဇာတ်ကောင်များက သရုပ်ဆောင်သွားယင်း လက်တမ်း ပြောသွားကြပုံရပါသည်။ (စာမျက်နှာ ၁၈၇)

 * * * * * * * * * *

No comments:

Post a Comment