15.9.11

ဂျပန်စာရေးဆရာ (Yasunari Kawabata) က၀ဗတ၏ သိမ်မွေ့နက်ရှိုင်းသော အရေးအသား


နိုင်ငံရေးမှာ စိတ်ဝင်စားသည့် ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့တွင် ပေါ်ပေါက်လာခဲ့ပြီးနောက်၊ ရက်အနည်းငယ် အကြာတွင် တက္ကသိုလ်ကျောင်းများ ရက်အကန့်အသတ်မဲ့ ပိတ်သွားခဲ့သည်။ ကျောင်းပိတ်ရက်များသည် ၃ နှစ်ကျော် ကြာသွားခဲ့လေသည်။

ကျွန်တော်သည် ထိုကာလအတွင်း စာအုပ်ပေါင်း အတော်များများ ဖတ်ဖြစ်ခဲ့၏။ ထိုကာလမှာပင် ကျွန်တော်သည် ချစ်ခင်ဖွယ်ရာကောင်းသော အငြိမ့်သမကလေးနှင့် တွေ့ဆုံခဲ့ရပါသည်။ ယခုချိန်ထိ ထိုအငြိမ့်သမလေး၏ ချစ်ခင်ဖွယ်ရာ အမူအယာလေးများကို ပြန်တွေးမိတိုင်း သတိရနေဆဲဖြစ်သည်။

ကျွန်တော်တွေ့ဆုံခဲ့သော အငြိမ့်သမကလေးမှာ အိဇုအငြိမ့်သမကလေးဖြစ်သည်။ သူမသည် ဂျပန်ဝတ္ထုတိုတစ်ပုဒ်မှ အငြိမ့်သမလေး တစ်ဦးဖြစ်၏။ ထိုဝတ္ထုကို နိုဗယ်လ်ဆုရ ဂျပန်အမျိုးသား စာရေးဆရာကြီး ယစုနရိ က၀ဗတ (Yasunari Kawabata) က အိဇုအငြိမ့်သမကလေး အမည်ဖြင့် ၁၉၂၅ ခုနှစ်ခန့်က ရေးသားခဲ့ခြင်းဖြစ်သည်။

ဆရာဇော်ဂျီသည် နိုဗယ်လ်ဆုရ နိုင်ငံရပ်ခြား စာရေးဆရာကြီးများ၏ ဝတ္ထုတိုများကို မြန်မာဘာသာပြန်ဆိုပြီး စာအုပ်သုံးအုပ်ခွဲ၍ ထုတ်ဝေခဲ့သည်။ အိဇုအငြိမ့်သမကလေး ဝတ္ထုတိုကို ဆရာဇော်ဂျီသည် နင်လားဟဲ့ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ စာအုပ်တွင် ထည့်သွင်းခဲ့သည်။ ထိုဝတ္ထုတိုကို ဆရာဇော်ဂျီက အောက်ပါအတိုင်း စာညွှန်းထားပါသည်။

“အိဇုအငြိမ့်သမကလေး ဝတ္ထုတိုသည် အင်္ဂလိပ်ဘာသာပြန်ဖြစ်သော The Izu Dancer (Tr., E. Seidinstiker) မှ မြန်မာပြန်သော ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုသည် ၁၉၂၅ ခုနှစ်တွင် ပထမအကြိမ် စတင်ထုတ်ဝေသည်မှစ၍ ယခုတိုင် အဖတ်များ၊ အကြိုက်များသော ဝတ္ထုဖြစ်သည်ဟု သိရပါသည်။ ထိုဝတ္ထုတိုကို ကျောင်းသားဘ၀တုန်းက က၀ဗတ ရခဲ့သော သူ့ ကိုယ်စိတ် အတွေ့အကြုံမှ ဂယက်ရိုက်လာသော သနားချစ်ခင်စရာ အလွမ်းဝတ္ထုတို ဖြစ်သည်ဟု ဆိုရာသည်။ ဝတ္ထုဇာတ်လမ်းသည် ရိုးသည်။ သို့ရာတွင် သရုပ်ဖော်ရာတွင် ထူးသည်ဟု လည်းကောင်း၊ က၀ဗတ၏ ကရုဏာကို ရိပ်မိနိုင်သည်ဟု လည်းကောင်း ဆိုချင်ပါသည်။

ထိုဝတ္ထုတွင် ဇာတ်လမ်းပါ အခါကာလသည် ၁၉၁၈ ခုနှစ်လောက်က ဖြစ်ဟန်တူပါသည်။ ဒေသသည် ရေပူစမ်း စခန်းများရှိရာ အိဇုကျွန်းဆွယ် ဖြစ်သည်။ ဇာတ်ဆောင်တို့သည် ကျောင်းသားလူငယ်တစ်ဦးနှင့် နယ်လှည့်အငြိမ့်သဘင်သည်များ ဖြစ်သည်။ သရုပ်ဖော်အဖွဲ့များတွင် အိဇုကျွန်းဆွယ်ရှိ ရေမြေတောတောင်များကိုလည်းကောင်း၊ ထိုခေတ်က အငြိမ့်သဘင်သည် လူဆင်းရဲတို့၏ ဘ၀ကိုလည်းကောင်း၊ ချစ်ခင်စွဲလမ်းချင်သော အရွယ်ရောက်စ လူငယ်တစ်ဦး၏ သဘာဝကို လည်းကောင်း၊ အထူးသဖြင့် အငြိမ့်သမကလေး၏ ချစ်ခင်စရာ အမူအရာ၊ ချစ်ခင်စရာဖြစ်အောင် ပြုမူသော အတိုးအလျှော့၊ မ၀ံ့မရဲ တပိတပိုင်း အမူအရာတို့ကို လည်းကောင်း သိမြင်နိုင်သည်ဟု ယူချင်ပါသည်” [စာမျက်နှာ၂၄၂]

ဤဝတ္ထုကို ဆရာကြီးတက်တိုးကလည်း ကချေသည် အမည်ဖြင့် ထပ်၍ ဘာသာပြန်ထားသည်ဟု သိရပါသည်။ ဝတ္ထုတိုဇာတ်လမ်းသည် တကယ့်ကို သာမန် ဇာတ်လမ်းလေးတစ်ပုဒ်သာ ဖြစ်သည်။ ဝတ္ထုတွင် ကျောင်းသားလေး၏ စွဲလမ်းမှုကို အနုစိတ် ဖော်ပြထားသည်။ သူတို့နှစ်ဦး နောက်ပိုင်း ပြန်တွေ့ဖြစ်ကြမည့် အရိပ်အယောင် တစ်ခုလောက်ကိုမျှ  ဝတ္ထုမှာ ပြထားခြင်း မရှိခဲ့ပါ။

ရိုးလွန်းသော ဇာတ်လမ်းပေမင့် ဤဝတ္ထုတိုလေးကို ကျွန်တော် နှစ်သက်သွားသည်။ ဂျပန် စာရေးဆရာကြီး ယစုနရိက၀ဗတ ကိုလည်း စိတ်ဝင်စားသွားခဲ့မိသည်။ သူ၏ စာများကိုလည်း ဂရုတစိုက် လိုက်ရှာနေမိသည်။ သိပ်မကြာမီမှာပင် ကျွန်တော်သည် သူ၏ နောက်ထပ် ဝတ္ထုရှည်တစ်ပုဒ်နှင့် တွေ့ဆုံခဲ့ရပါသည်။ က၀ဗတ ရေးသားခဲ့သည့် Snow Country အမည်ရှိ ၀တ္ထုရှည်ဖြစ်သည်။ ဤဝတ္ထု ဖြစ်တည်လာပုံ ဇာတ်လမ်းမှာလည်း စိတ်ဝင်စားဖို့ ကောင်းသဖြင့် http://en.wikipedia.org/wiki/Snow_Country တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

နှင်းပွင့်တိုင်းပြည်ကို ဆရာ နန္ဒသူက အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ အလင်းတိုက် စာအုပ်ထုတ်ဝေရေးမှ ၁၉၉၇ ခုနှစ် မေလတွင် တန်ဖိုး ၉၀ ကျပ်ဖြင့် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ နှင်းပွင့်တိုင်းပြည်ကို ဆရာနန္ဒသူ ဘာသာပြန်ခဲ့ခြင်းသည် အနည်းငယ် တအံ့တသြ ဖြစ်သွားစေခဲ့သည်ဟု ပန်းချီဆရာ မောင်ဒီက ဆရာမ စန်းစန်းဦး၏ သေလွန်ပြီးနောက်.... စာအုပ်အမှာစာတွင် ယခုလို ရေးထားပါသည်။ “နှင်းပွင့်တိုင်းပြည်မှာ ဝတ္ထုရှည်ဖြစ်၍ ဘာသာပြန်သူမှာ နန္ဒသူဖြစ်နေ၍လည်း တစ်ကြိမ် အံ့သြခဲ့ရဖူးသည်။ ထိုအချိန်က က၀ါဘာတမှာ ကမ္ဘာ့စာပေ နိုဗယ်ဆုကိုမျှပင် မရရှိသေး။”

နှင်းပွင့်တိုင်းပြည်ကို အက်ဒဝပ် ဂျီ ဆယ်ဒင်စတစ်ကား က ဂျပန်ဘာသာမှ အင်္ဂလိပ်သို့ ပြန်ဆိုခဲ့သည်ဟု စာအုပ် အမှာစာတွင် ရေးသားထားသည်။ နိဒါန်းမှာလည်း နှစ်ပိုင်းဖြစ်ပြီး  “မြန်မာ စာဖတ်ပရိသတ် တို့အဖို့ ပိုမို၍ ရှင်းလင်းစေရန် နိဒါန်းကို ဝတ္ထုမစမီတစ်ဝက်နှင့် ဝတ္ထုဆုံးမှ တစ်ဝက်ကို တမင်ခွဲခြမ်း၍ ဖော်ပြလိုက်ပါသည်” ဟု ဆရာနန္ဒသူက ရေးသားထားသည်။

ဝတ္ထုသည် ရေပူစမ်းများမှ ဂေရှားမယ်တစ်ယောက်အကြောင်းကို အဓိကထား ရေးသား ထားခြင်းဖြစ်သည်။ ရေပူစမ်း ဂေရှားမယ်များသည် လူမှုဆက်ဆံရေးအရ အပယ်ခံဘဝသို့ ကျရောက်လုနီး နှိမ့်ကျလွန်းလှသည်။ ရေပူစမ်း တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့နေရပြီး တစ်ခါပြောင်းရွေ့လိုက်တိုင်း သူ့ကို အလိုရှိသူ နည်းနည်းလာပြီးလျှင် တန်ဖိုးနည်းလာသည့် အလှအပ၏ နာကြည်းဖွယ် ဆွေးမြေ့မှုများကို ခံစားနေကြရသည်။

“သူသည် မြူများဖြင့် မှုန်နေသော ရထားပြတင်းမှန်ပေါ်ဖြတ်၍ မျဉ်းတစ်ကြောင်းကို လက်ဖြင့် ဆွဲခြစ်လိုက်၏။ မိန်းမတစ်ယောက်၏ မျက်လုံးတစ်လုံးသည် သူ့ရှေ့တွင် ပေါလောပေါ်လာလေသည်။ အံ့အားသင့်သွား၍ လွှတ်ကနဲပင် အသံထွက်သွားလုလု ဖြစ်မိတော့၏။ သူအိပ်မက် မက်နေခြင်းလော။ သတိရလာသောအခါတွင် တစ်ဘက်ခုံမှ မိန်းကလေး၏ ရုပ်သွင်သည် မှန်တွင် ပြန်ဟပ် ထင်လာချက်သာလျှင် ဖြစ်သည်ကိုတွေ့ရလေ၏။ အပြင်ဘက်တွင် အမှောင်ပျိုးလာပြီ ဖြစ်သောကြောင့် ရထားတွဲထဲတွင် မီးများဖွင့်လိုက်သဖြင့် ပြတင်းမှန်သည် ကြည့်မှန်ကြေးမုံ ဖြစ်လာခဲ့သည်။ ကြေးမုံပြင်သည် မြူများဖြင့် အုံ့ဆိုင်းနေရာမှ သူ မျဉ်းကြောင်းဆွဲလိုက်မှ ကြည်လင်လာခြင်းဖြစ်သည်။ မျက်လုံးကလေး တစ်ဖက်တည်းသည်ပင်လျှင် ထူးဆန်းစွာ လှပနေ၏။” (စာမျက်နှာ ၁၂) ဝတ္ထုထဲမှ အမျိုးသားဇာတ်ဆောင်နှင့် ဂေရှားမယ်တစ်ဦးတို့ ရထားပေါ်မှာ စတင်တွေ့ဆုံသည့် အခန်းကို ကျွန်တော် သတိရနေမိပါသည်။ နှင်းပွင်းတိုင်းပြည်၏ အနှစ်သာရကို ခွဲခြမ်းစိတ်ဖြာလိုက်လျှင် ဤဝတ္ထုသည် အပယ်ခံမေတ္တာကို ဖော်ကြူးခြင်းဖြစ်သည်။

က၀ဘတ၏ ဝတ္ထုများနှင့် နောက်ထပ် တွေ့ဆုံခဲ့ရသည်မှာ ၁၉၉၉ ခုနှစ် နှစ်လည်လောက်မှာ ဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် ကိုနေမျိုးညွန့်၏ အလင်္ကာဂီတဂျာနယ်တွင် အလုပ်လုပ်နေပါသည်။ ညအိပ်တော့ ၃၅ လမ်း အလယ်ဘလောက်ရှိ အေဇက် အော့ဖ်ဆက်ဖလင်လုပ်ငန်း၏ အပေါ်ထပ် ထပ်ခိုးပေါ်မှာ အိပ်သည်။ (ယခုတော့ အေဇက်သည် ၃၃လမ်း အထက် ဘလောက်မှာရှိသည်)

အေဇက်သည် စာအုပ်ထုတ်ဝေရေးလည်း လုပ်လိုက်သေးသည်။ (အောင် (ဆေး ၁) မြန်မာပြန်သည် ယန်းပေါဆတ်နှင့် အဲလဘတ်ကမူး၏ ဝတ္ထုတိုများ (ဖြစ်တည်မှုအပေါ် ခုံမင်တပ်မက်ခြင်း) စာအုပ်ကိုလည်း အေဇက်မှ ၁၉၉၅ နိုဝင်ဘာတုန်းက ပထမအကြိမ် ထုတ်ဝေခဲ့ပါသည်။)

အေဇက်၏ အပေါ်ထပ် ထပ်ခိုးတွင် ရောင်းမကုန်သည့် စာအုပ်ထုတ်ကြီးများ အတော်များများ ရှိသည်။ တညတွင် ကျွန်တော်သည် အိပ်မပျော်သဖြင့် ဖတ်စရာ စာအုပ်ရှာရင်း က၀ဘတ၏ ဝတ္ထုတိုများ စုစည်းထားသည့် စာအုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစာအုပ်များသည် ရောင်းမကုန်သဖြင့် အိတ်ကြီးများဖြင့် ထုတ်ထားသည်မှာ ၂ အိတ် ၃ အိတ်ခန့်ရှိသည်။ ထုတ်ဝေသူ ကိုမြင့်ဝင်းမောင်ကို မေးကြည့်သောအခါ “ဖတ်သူမရှိလို့ ရောင်းမကုန်ဘူး။ တွေ့တဲ့အတိုင်းပဲ စာအုပ်ထုတ်တွေ” ဟု ပြောလေသည်။ ကျွန်တော်သည် က၀ဗတ၏ ဝတ္ထုစာအုပ်များ ဖတ်သူမရှိဟု ဆိုသဖြင့် ၀မ်းနည်းသွားသည်။ ယခုထိ တွေးမိတိုင်း စိတ်မသက်မသာ ဖြစ်မိသည်။

ဆရာမ စန်းစန်းဦးသည် က၀ဗတ၏ ဝတ္ထုတို ၅ပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီး သေလွန်ပြီးနောက်နှင့် အခြား ဝတ္ထုတိုများ အမည်ဖြင့် အေဇက်စာပေမှ ၁၉၉၄ ခုနှစ် ဒီဇင်ဘာတွင် တန်ဖိုး ၆၅ကျပ်ဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်။ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပန်းချီများကို မျိုးညွန့်မှ ရေးဆွဲခဲ့ပြီး အမှာစာကို မောင်ဒီမှ ရေးသားခဲ့သည်။ ပါဝင်သည့် ဝတ္ထုတိုများမှာ

၁။ ခြေစွပ်များ (Socks - ၁၉၄၈)
၂။ သေလွန်ပြီးနောက် (Beyond Death)
၃။ ဆောင်းမိုးဦး (Autum Rain)
၎။ မှဲ့ကလေး (The Mole)
၅။ လက်တဖက် (One Arm)   တို့ ဖြစ်ကြပါသည်။

ကျွန်တော်သည် စန်းစန်းဦး ဟူသည့် ကလောင်အမည်တစ်ခုကို ထိုအချိန်ကျမှ သိခဲ့ရခြင်းဖြစ်ပါသည်။ လူငယ်အမျိုးသမီး ဆရာဝန်တစ်ဦးဖြစ်သည်၊ ဟန်သစ်မဂ္ဂဇင်း၊ ပင်လယ်မဂ္ဂဇင်း စသည်တို့တွင် ရေးသားခဲ့သည် ဟူသည်မှလွှဲ၍ ဆရာမ စန်းစန်းဦး အကြောင်းကို ယခုထိ နောက်ထပ်ဘာမှ မသိသေးပါ။ ဆရာမ စန်းစန်းဦးသည် သူဘာသာပြန်ခဲ့သည့် ဝတ္ထုတိုများ၏ အညွှန်းကိုလည်း စာအုပ်အမှာစာတွင် ယခုလို ရေးသားထားပါသည်။

“ခြေစွပ်များ” (၁၉၄၈) တွင် အရွယ်မတိုင်ခင် ကွယ်လွန်ခဲ့ကြသော သူချစ်သောသူများအပေါ် ထားသည့် သူမ၏ အချစ်များကို ဖော်ပြသည်။ သူမ၏ မျှော်မှန်းတမ်းတမှုများမှာ သူမချစ်သူများ၏ (ချစ်သူနှင့် အစ်မ) အသုဘခေါင်းတွင် အမှတ်တရ ပစ္စည်းတစ်ခုစီဖြင့် အဆုံးသတ်ခဲ့သည်။

“သေလွန်ပြီးနောက်” (၁၉၆၃) တွင် အပျိုစင်အချစ် (Virginal Love) ကို ထာဝရ ရှင်သန်စေလိုသောဆန္ဒ၊ သန့်စင်ကြည်လင်ပြီး အာသာရမ္မက်ကင်းသော အချစ်ကို ဖွဲ့ဆိုသည်။ က၀ါဘာတ၏ အမြင်တွင် အပျိုစင်တစ်ယောက်၏ အလှထက် ဘယ်အလှကမှ ပိုပြီး မလှပနိုင်၊ ပိုပြီး မစင်ကြယ်နိုင်၊ ပိုပြီး မသန့်ရှင်းနိုင်။ ထိုအမြင်ကို သူ၏ လက်ရာ အတော်များများတွင် တွေ့ရသည်။ (သေလွန်ပြီးနောက် ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ http://www.mingalarpar.org/2011/02/beyond-death-by-kawabata.html)

“ဆောင်းမိုးဦး” (၁၉၆၂) တွင် မိန်းမငယ် တစ်ယောက်၏ ကလေးဘ၀ကို ရေးသည်။ မိန်းကလေးမှာ ချစ်စဖွယ် ဆက်အသက်ရှင် နေထိုင်လိုသော်လည်း နောက်ဖက်တွင် သေခြင်းတရားက နီးကပ်စွာ ရပ်လျက်။

“မှဲ့ကလေး” (၁၉၄၀) တွင် မိန်းမတစ်ဦး၏ အတွင်းစိတ်ကို အနုစိတ် ဖော်ပြသည်။ (Sadomasochitic) မိမိကိုယ်ကိုလည်း အနာခံ၊ သူများကိုလည်း နာကျင်မှု ရစေပြီးမှ စိတ်ဖြေဖျောက် သာယာမှုဟူသော အတွင်းစိတ် သဘောကို လျှို့ဝှက်လှပစွာ ဖော်ပြသည်။ ၄င်းကို က၀ါဘာတ၏ “တစ်ကိုယ်တည်း ကာမအာရုံ ခံစားမှု” ကို အနက်ရှိုင်းဆုံးနှင့် သိမ်မွေ့စွာ ဖော်ပြချက်တွင် အကောင်းဆုံးလက်ရာဟု သတ်မှတ်ကြသည်။ (မှဲ့ကလေး ဝတ္ထုတိုကို လေးကိုတင်နှင့် ဘိုဘိုထွန်းတို့ စုစည်းစီစဉ်သည့် အရှေ့အနောက်ခေတ်ပြိုင် ဝတ္ထုတိုများ စာအုပ်တွင်လည်း ထပ်မံဖော်ပြထားခဲ့ပါသည်။ ဟန်သစ် နိုင်ငံတကာ ဝတ္ထုတိုများ စာအုပ်တွင်လည်း ဖော်ပြထားသေးသည်ဟု ထင်ပါသည်။ စာအုပ် လက်တွင်မရှိသဖြင့် သိပ်တော့ မသေချာ)

“လက်တဖက်” (၁၉၃၆) မှာ House of Sleeping Beauties ဝတ္ထုတို ၃ ပုဒ် စုထွက်သည့် စာအုပ်ထဲမှ တစ်ပုဒ်ဖြစ်သည်။ ဤဝတ္ထုတွင် အထီးကျန်ဆန်မှု၊ အေးစက်စက်နိုင်မှု၊ တဏှာနှင့် ဆက်နွယ်သော ဖိုမအချစ်ကို ရေးဖွဲ့သည်။ ၄င်းတွင် Surrealism ၏ သဘောကို အပြည့်အ၀ ယူခဲ့သည်။ Surrealism ကိုသုံး၍ သဘာဝလောက၏ အလှ၊ အေးစက်သော အထီးကျန်ဘ၀၊ သွေးနှင့်ကိုယ် သားနှင့်ကိုယ်၊ လူတို့၏ တဏှာနှင့် ဆက်နွယ်သည့် အတွင်းစိတ်ကို အနုစိတ် နက်နဲစွာ ရေးဖွဲ့သည်။    ဆရာမ စန်းစန်းဦးက အထက်ပါအတိုင်း ဝတ္ထုတိုများကို စာညွှန်းထားပါသည်။

ဆောင်းမိုးဦး ကို ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး၊ သေလွန်ပြီးနောက်၊ ခြေစွပ်များနှင့် မှဲ့ကလေး တို့ကို ပင်လယ်မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။

ဤဝတ္ထုတို ၅ ပုဒ် စလုံးကို ကျွန်တော် နှစ်သက်သွားပါသည်။ အကြိုက်ဆုံးမှာ သေလွန်ပြီးနောက်နှင့် လက်တစ်ဖက်တို့ဖြစ်၏။ ဝတ္ထုတိုအတတ်ပညာနှင့် အနုပညာနှစ်မျိုးလုံး လွှမ်းမိုးထားသော စာများဖြစ်သည်။ ဤသို့ဖြင့် စာအုပ်လေးမှာ ကျွန်တော်ပြောင်းရွှေ့လေရာ သယ်ယူသွားသော စာအုပ်များထဲမှာ ပါဝင်လာခဲ့ပါသည်။

ထို့နောက်တော့ က၀ဗတ၏ စာများကို တွေ့မြင်ရမှု နည်းပါးသွား၏။ ကျွန်တော်၏ စာဖတ် မနှံ့စပ်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူ၏ စာများကို မြန်မာဘာသာ သိပ်မပြန်ဆိုကြတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၂၀၀၂ ခုနှစ်တွင် လစ်လပ်သွားသည့် ကွက်လပ်ကလေးသို့ စာအုပ်တစ်အုပ်က အစားဝင်ရောက်လာခဲ့သည်။

ဆရာ ရဲမြလွင်သည် က၀ဗတ၏ ကြိုးကြာတစ်ထောင် (Thousand Cranes) ဝတ္ထုကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုခဲ့သည်။ ရာပြည့်စာအုပ်တိုက်မှ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် တန်ဖိုး ၃၀၀ ကျပ်ဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါသည်။ က၀ဗတသည် Senba Tsuru (Thousand Cranes) ကို ၁၉၅၉ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ ဆရာရဲမြလွင်သည် စာအုပ်အမှာစာတွင် ဝတ္ထုအကြောင်း သူခံစားမိရသမျှကို ယခုလို ရေးသားထားခဲ့သည်။

“ကြိုးကြာတစ်ထောင် သည် ဂျပန်ရိုးရာ လက်ဖက်ရည်ပွဲသို့ လာရောက်ကြသော မိန်းကလေးများ၏ အချစ်ရေးကို ဖွဲ့နွဲ့ထားသော ဝတ္ထုဖြစ်ပါသည်။ သို့သော်လည်း ဆရာကြီး ကာဝါဘတ၏ အရေးအသားက ကောင်းလွန်း၍လားမသိ။ ဘာသာပြန်သူ ကျွန်တော်သည်ပင်လျှင် ဝတ္ထုထဲသို့ မျောပါသွားခဲ့ရပေသည်။ ဝတ္ထုကို ဘာသာပြန်ရင်းက ကျွန်တော့်ကိုယ် ကျွန်တော် စာရေးနေသည်ဟု မထင်၊ အလွန်လှပ ဆန်းကြယ်သော ပန်းချီကားကလေးများကို တစ်ချပ်ပြီးတစ်ချပ် လှပ်ကြည့်နေရသည်ဟု ထင်လာပါသည်။ တစ်ခါတစ်ရံတွင်မူ အလွန် အရသာရှိလှသည့် ဟိုက္ကူ ကဗျာကလေးများကို ရွတ်ဆိုနေရသည့်အလား ခံစားလာရပါသည်။

ဝတ္ထုတစ်ပုဒ်လုံးကို ဘာသာပြန်ပြီးသွားသော အချိန်တွင်ကား ကျွန်တော်သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ကာ ဤသို့ ကောက်ချက်ချလိုက်မိပါသည်။

“အင်း.... ဒါကြောင့်လည်း ကာဝါဘတဟာ စာပေနိုဘယ်လ်ဆု ရသွားတာကိုး” ” ဟု ဆရာရဲမြလွင်က ရေးသားခဲ့သည်။

ကျွန်တော်သည် ကြိုးကြာတထောင် ဝတ္ထုရှည်နှင့် မှဲ့ကလေး ဝတ္ထုတို တို့မှ တိုက်ဆိုင်နေသည့် အကြောင်းအရာ တစ်ခုကိုလည်း သတိထားမိသည်။ ကြိုးကြာတထောင်မှ အမျိုးသမီးတစ်ဦးမှာ ဘယ်ဘက်ရင်သား ထက်ဝက်ကျော်ကို ဖုံးအုပ်လျက် ရင်ညွန့်အထိရှိသော အမည်းရောင် အမှတ်ကြီး တစ်ခုရှိသည်။ ထိုအမျိုးသမီးနှင့် သူ့ဖခင်တို့ ဆက်နွယ်မှုကို ဝတ္ထုတွင် အတော်များများ ယှက်နွယ်ထားသည်။ မှဲ့ကလေးတွင် အမျိုးသမီး၏ ကျောဘက် ညာပခုံး အပေါ်ဘက်တွင် ပဲစေ့ခန့်ရှိ မှဲ့လေး တစ်လုံးရှိသည်။ ထိုမှဲ့ကလေးကို ဆော့ကစားနေမိတတ်သည့် အမျိုးသမီး၏ မသိစိတ်တွင် သာယာမှုအကြောင်းကို သိမ်မွေ့စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီတွင် UNITY  မှ ရာရှိုမွန်မြို့တံခါးနှင့် ဂျပန်ဝတ္ထုတိုများ စာအုပ်ကို ပထမအကြိမ် ထုတ်ဝေခဲ့သည်။ စာအုပ်တွင် ကဝဗတ၏ ဝတ္ထုတိုနှစ်ပုဒ်ကို ဖော်ပြထားပါသည်။

၁၉၈၅ ဇူလိုင်လထုတ် သုတပဒေသာစာစောင်တွင် ဆရာကျော်လှိုင်ဦး (မင်းကျော်) ဘာသာပြန်ဆိုခဲ့သည့် ရေပေါ်က လ (The Moon on the Water) နှင့် ဆရာမစန်းစန်းဦး ဘာသာပြန်ထားသည့် နေရောင်ဖြာတဲ့နေရာ (A Sunny Place) တို့ဖြစ်ကြသည်။ ရေပေါ်က လ ဝတ္ထုတိုအကြောင်းကို “မိန်းမတစ်ယောက်၏ အစွဲအလမ်းကို သိမ်သိမ်မွေ့မွေ့ ရေးဖွဲ့ထားခြင်းဟု နားလည်ရပါသည်။ ရှေးရိုးဂျပန်စာပေ အစွဲအလန်းနှင့် ဟိုက္ကူကဗျာ လွှမ်းမိုးခြင်းခံရသော က၀ဘတ၏ အရေးအသားကိုလည်း ခံစားရနိုင်သည်ဟု သဘောရပါသည်” ဟု ညွန်းဆိုထားပါသည်။ (အီးဘွတ် စာမျက်နှာ ၃၀ နှင့် စာမျက်နှာ ၂၅၇)(စာအုပ်ကို အင်တာနက်တွင် ရှာဖွေဖတ်ရှုနိုင်သည်)

နေရောင်ဖြာတဲ့နေရာ အကြောင်းကို ပညာရှင်များ ညွန်းထားသည့် စာကို မတွေ့မိသေးပါ။ ကျွန်တော့်ကတော့ ဖတ်ပြီး ယခုလို ခံစားရပါသည်။ က၀ဗတ၏ ငယ်ဘ၀ကတည်းက ခံစားခဲ့ရသည့် အထီးကျန်ဝေဒနာအား စာနာ နားလည်နိုင်မည့် မိန်းကလေးတစ်ဦးကို မသိစိတ်က မျှော်လင့်တောင့်တသည့် ဆန္ဒမှ ရောင်ပြန်ဟပ်လာသည့် ဖန်တီးမှုဖြစ်ပါသည်ဟု ဆိုနိုင်ပါသည်။

က၀ဗတ၏ ဝတ္ထုများသည် လွန်စွာ သိမ်မွေ့နက်နဲလွန်းလှသည်။ အထီးကျန်ဆန်မှုနှင့် အေးစက်ခြောက်သွေ့မှုများ လွှမ်းမိုးနေသည်။ အမျိုးသမီးတို့၏ မသိစိတ်အတွင်းမှ စွဲလမ်းမှုများ အကြောင်းကို တင်စားရေးသားထားသည်များမှ နှစ်သက်ဖွယ်ကောင်းလှသည်။ က၀ဗတ၏ အထီးကျန် မိဘမဲ့ကလေးဘ၀ ခံစားမှုများက သူ၏ စာပေတွင် ထင်ဟပ်နေသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

ကဝဗတကို ၁၈၉၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် အိုဆာကာ၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် မိဘမဲ့၊ ဆွေမျိုးမဲဖြစ်ခဲ့ပြီး အထီးကျန် ကြီးပြင်းခဲ့သည်။ အထက်တန်းကျောင်းသား ဘ၀မှစ၍ ဝတ္ထုများ ရေးသားခဲ့ပြီး ၁၉၂၄ တွင် တိုကျိုတော်ဝင်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် စာပေနိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ၁၉၇၂ ခုနှစ် ညနေစောင်းတွင် ဂတ်စ်ဓါတ်ငွေ့များ အပြည့်ဖွင့်ထားသည့် သူ၏အခန်းတွင်း၌ သေဆုံးခဲ့ပါသည်။ အများက မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ယူဆကြသော်လည်း အဘယ်ကြောင့် ယခုလို စီရင်သွားခဲ့သည်ကိုမူ ယနေ့တိုင် ပဟေဠိဖြစ်နေကြဆဲဖြစ်သည်။

စာပေနိုဗယ်လ်ဆု ရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်မှာ ယခုလိုဖြစ်ပါသည်။ The Nobel Prize in Literature 1968 was awarded to Yasunari Kawabata "for his narrative mastery, which with great sensibility expresses the essence of the Japanese mind". (http://en.wikipedia.org/wiki/Yasunari_Kawabata)

ကျွန်တော် ဖတ်ခဲ့ဖူးသည့် က၀ဗတ၏ စာများကို ဖတ်ခဲ့ဖူးသည့် အစီအစဉ်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ မြန်မာဘာသာသို့ ပြန်ဆိုပြီး ကျွန်တော်မဖတ်ရသေးသည့် သူ၏စာများရှိလျှင် ဖတ်ချင်ပါသည်။ မြန်မာဘာသာသို့ မပြန်ဆိုရသေးသည့် သူ၏ ဝတ္ထုများလည်း များစွာရှိပါသေးသည်။

ကျွန်တော်တို့သည် ဝတ္ထုများကို မည်သည့်အတွက် ဖတ်ကြသနည်း။ ထိုမေးခွန်းကို ဆန်းစစ်ရင်း ကဝဗတ၏ ဝတ္ထုများကို နောက်ထပ်ဖတ်ရန် မျှော်လင့်နေမိပါသည်။

စောသက်လင်း
၁၂-၉-၂၀၁၁


ရည်ညွန်းကိုးကား စာအုပ်များ
၁။ ဇော်ဂျီ ၊ နင်လားဟဲ့ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ ၊ ရာပြည့်စာအုပ်တိုက် ၊ တတိယအကြိမ် ၊ အောက်တိုဘာ ၁၉၉၈။
မျက်နှာဖုံး ပန်းချီ - ပီကာဆို၏ ပန်းချီကားအား ၀င်းမြင့်ဦး ဒီဇိုင်းပြုလုပ်သည်။

၂။ နန္ဒသူ ၊ နှင်းပွင့်တိုင်းပြည် ၊ အလင်းတိုက်စာအုပ်ထုတ်ဝေရေး၊ ဒုတိယအကြိမ် ၊ ၁၉၉၇ မေ။  မျက်နှာဖုံးပန်းချီ - ဗဂျီမောင်မြင့်စိုး

၃။ စန်းစန်းဦး ၊ သေလွန်ပြီးနောက်နှင့် အခြားဝတ္ထုတိုများ ၊ အေဇက်စာပေ ၊ ပထမအကြိမ် ၊ ၁၉၉၄ ဒီဇင်ဘာ။  မျက်နှာဖုံး ပန်းချီ - မျိုးညွန့်

၎။ ရဲမြလွင် ၊ ကြိုးကြာတထောင် ၊ ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၀၂ ဇန်နဝါရီ။
မျက်နှာဖုံး ပန်းချီ - ဂျပန် ပို့စကတ်တစ်ခုကို ဒီဇိုင်းဖွဲ့စည်းခြင်းဖြစ်သည်။

၅။ အရှေ့အနောက်ခေတ်ပြိုင် ဝတ္ထုတိုများ ၊ ပထမအကြိမ် ၊ ၂၀၀၃ အောက်တိုဘာ။

၆။ ရာရှိုမွန်မြို့တံခါးနှင့် ဂျပန် ဝတ္ထုတိုများ ၊ UNITY ၊ ပထမအကြိမ် ၊ ၂၀၀၃ ဖေဖော်ဝါရီ။



နှင်းပွင့်တိုင်းပြည်ကို မြန်မာပြန်ခဲ့သည့် ဆရာနန္ဒသူ
(ဓါတ်ပုံ - နတ်နွယ်၏ တောအကြောင်းတောင်အကြောင်း ၁ မှ ယူပါသည်။












* * * * * * * * * * * * * * * * * * * *


 

No comments:

Post a Comment