17.9.11

ခိုင်ထူးသစ် ၊ လူအူသံ ။


Wheat Fields at Auvers Under Clouded Sky By VanGogh

လူအူသံ ”
ငိုသူများနှင့် ရင်းနှီးနေသော သူ့မျက်နှာတွင် အပြုံးအရယ်များ ပျောက်ဆုံးနေ၏။ မြို့ကလေးရဲ့ ဟို အဝေးက ရှင်းလင်းမှုမရှိသော လွင်ပြင်ကျယ်တစ်ခုတွင် နေထိုင်ရင်း အုပ်ဖွဲ့ငိုသံများကို သူ (တစ်ဝကြီး) နားဆင်နေရသည်။ ခပ်ပြဲပြဲ ခပ်ကျယ်ကျယ် ဖွင့်ငိုသံ၊ စူးစူးဝါးဝါး အော်ငိုသံ၊ ဟစ်ငိုသံ၊ ဆို့နင့်တိုးတိတ်သော ရှိုက်ငိုသံတို့ကို သူ့နားက အလိုလို ခွဲခြား၍ နားဆင်နိုင်သည်။ ပြီးတော့ ရင်ထဲထိ မြည်ဟည်းသွားသော ကြေးစည်တီး သံက သူ့ကို အမိန့်ပေးနေသည်။ အရွယ်မညီသော မြေစိုင်ခဲများပေါ်တွင် ဖိနပ်မပါသော သူ့ခြေဖ၀ါးများက သားသားနားနား ဖြစ်နေ တတ်သည်။
အရိုးနှင့်အသားကိုဖြည်းဖြည်းချင်းခွဲခြားပေးသော မြေကြီးပေါ်တွင်သူတစ်နေကုန် ပြေးလွှားနေရသည်။
“အဟင့်….အဟင့်….အဟင့်”
ဖြည်းဖြည်းချင်း ကျယ်လွင့်လာသော ပင့်ရှိုက်ငိုကြွေးသံများနှင့် သံပြိုင်ငိုသံများကို သူ ဥပက္ခာပြု ၍ မရခဲ့ပေ။ ပြီးတော့…… သူ့ဆီရောက်လာသော လူတစ်အုပ်က မငိုနိုင်သော လူတစ်ယောက်အား သူ့ဆီမှာ ထားခဲ့ပြီး ထွက်ခွာသွားသည်ကိုလည်း သူမငြင်းပယ်ခဲ့ပေ။
ညဘက်ပိုင်းကို ရောက်ရင်တော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ရှိလှသည်မို့ သူပျော်သ လိုလို ဖြစ်နေမိသည်။ သို့သော်လည်း အဘက အရက်နံ့များကို သယ်ဆောင်၍ သူ့အနားလာပြီး စကားပြောသော အခါမျိုးတွင်တော့ သူ အေးအေးဆေးဆေး နေ၍ မရတော့ပေ။
ဟိုး …ရှေးရှေးတုန်းကတော့ လူတစ်ယောက်သေရင် ရေးချိုးပေး၊ သနပ်ခါးလိမ်းပေးပြီး ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် သူ့ဘာသာ ထလျှောက်သွားတယ်တဲ့။ အခုချိန်မှာ အဲသလိုသာ ဖြစ်လာလို့ကတော့ အဘ က ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို မလုပ်တော့ဘူး။ ခေါင်ရမ်းစိုက်ပြီး  ဒီမြို့ထဲ ခေါင်ရမ်းပန်း လိုက်ရောင်းမယ် လူလေးရေ။”
ပြောလိုက် မော့လိုက် လုပ်နေသော  အဘကို လှမ်းကြည့်ရင်း  လက်ထဲက ပေါက်တူးတစ်လက် ကို သူပစ်ချလိုက်သည်။ လရောင်အောက်က အဘ၏ မျက်နှာပြဲပြဲ ဖောဖောကြီးသည် အဆီတ၀င်းဝင်းနှင့်။ တူးလက်စ မြေကျင်းဆီကို လှမ်းကြည့်နေသည်။

“ဟ….လူလေး တူးနေတဲ့ ကျင်းက ရှည်လှချည်လား” အဘက အားပါးတရ အော်ပြောလိုက်သော်လည်း သူဘာမှ ပြန်မပြောမိ။

“အင်း…အရပ်ရှည်တဲ့လူတွေက ငါတို့ကိုတော့ ဒုက္ခပေးတယ်နော်။”

အဘ၏ စကားအဆုံးတွင် ငှက်စုန်းထိုးသံ တစ်ချက်‘ဂီး’ခနဲ့ ထွက်ပေါ်လာသည်။ တိမ်မည်းတို့ လကိုရှပ်၍ ဖြတ်သန်းသွားသည်မို့ ရိပ်ခနဲ့မှောင်သွားပြီး ဖျပ်ခနဲ့ ပြန်လင်းလာသည်။ လေက  တဟူးဟူးတိုက်ခတ် နေဆဲ။ ဇရပ်ဆီက သွပ်ပြားနှင့် သစ်ကိုင်းတို့ ရိုက်ပုတ်နေသံကို သဲ့သဲ့လေး ကြားနေရသည်။

“အဘ၊ညဉ့်နက်ပြီ၊ သွားအိပ်တော့လေ” ခေါင်းငိုက်စိုက်ကျနေသော အဘသည် သူ့အနားမှာ ယိုင်တိုင်ယိုင်တိုင် ဖြစ်နေရာမှ  တစ်လှမ်းချင်း လျှောက်သွားသည်။

“လေအရမ်းတိုက်တယ်၊ ဇရပ်ပေါ်မှာမအိပ်နဲ့၊ တဲထဲဝင်အိပ်”

ဖြည်းဖြည်းချင်းဝေးသွားတော့မှ မြေစိုင်ခဲများပေါ်ကပေါက်တူးကို ကောက်ကိုင်ရင်း အဘကိုလှမ်း အော်မိသည်။သူ့မျက်နှာပေါ်မှာတော့ချွေးတဒီးဒီးကျနေသည်။မြေစိုင်မြေသားများက မာကျောလွန်းသည်။ ဟိုးဝေးဝေးက အုတ်ဂူဖွေးဖွေးလေးတွေဆီမှာ ကျနေသော အရိပ်များသည် လရောင်အောက်တွင် တညီတညာတည်း ဖြစ်နေ၏။ အရိပ်မည်းမည်းကြီး ကျနေသော ဇရပ်ဆ်ီကို လှမ်းကြည့်ရင်း အဘ ခဏခဏ ပြောပြတတ်သည့် စကားများကို ကြားယောင်လာသည်။ အဘက ဇရပ်ထိပ်ကို ရောက်တိုင်း အဝေးဆီက သစ်ပင်တန်းတစ်အုပ်ကို လှမ်းငေးရင်း အတိတ်ဇာတ်ကို ပြန်ပြောနေတတ်သည်။

လူလေးကိုတွေ့ခဲ့တာ ဟိုးသစ်ပင်တန်းအဆုံးက တံတားထိပ်မှာပေါ့။ မင်းလက်ထဲမှာ နို့ဗူးလေး တစ်လုံးကလွှဲပြီး ဘာမှပါမလာဘူး။ မင်းဘေးနားတော့ ခြေရာတွေ အများကြီးရှိနေတယ်။  လူတွေက  မင်းကိုတွေ့ပေမယ့်ပွေ့ချီသွားဖို့သတ္တိမရှိကြဘူး။ အဘကတော့ ‘တောက်’ တစ်ချက်ခေါက်မိပေမယ့် မင်းကိုပွေ့ချီခဲ့တယ် လူလေး။ ”

လေးတွဲ့တုန်ခါနေသောအဘ၏အသံကသူ့နှလုံးသားကိုထိုးခွင်းနေသည်။တကယ်တော့ စွန့်ပစ်သူနဲ့ စွန့်ပစ်ခံရသူရဲ့ကြားမှာ နားလည်ရခက်တဲ့ဒုက္ခတရားတွေရှိတယ်လူလေး။ စွန့်ပစ်ခံရသူက စွန့်ပစ်သူကို အပြစ်တင်ချင်ပေမယ့် စွန့်ပစ်ရတဲ့ အကြောင်းကို မသိတော့လည်း အပြစ်တင်ဖို့က ခပ်ခက်ခက်ပါလား။ တကယ်လို့သာ သူတို့ဟာသူတို့ ကိုယ်တိုင်ကိုရပ်တည်လို့ မရနိုင်တဲ့အတွက် လူလေးကို စွန့်ပစ်တယ်ဆိုရင်  လူလေး သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့က လူလေးကိုစွန့်ပစ်တာ မဟုတ်ဘူး။ စွန့်လွတ်တာ။ တကယ်လို့များ သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားအတွက် လူလေးကို စွန့်ပစ်တာ ဆိုရင်တော့လူလေး သူတို့ကို အပြစ်တင်သင့်တယ်။”

အုံ့မှိုင်းမှိုင်း သစ်ပင်တန်းများဆီမှ ငှက်တစ်အုပ် ပျံသန်းလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် အုတ်ဂူများ၊ မြေပုံမို့မို့များ၊ သစ်သားမှတ်တိုင်များ….။ နားထဲတွင်ကြေးစည်တီးသံများ တစ်ချက်ပြီးတစ်ချက် လွင့်ဝဲလာသည်။

အဝေးဆီက တရွေ့ရွေ့ ချီတက်လာသော  လူတစ်အုပ်ကို အဘမြင်သွားတော့သူပုခုံးကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

“လူလေး သူတို့အပေါ်မှာတာဝန်ကျေရမယ်နော်။ဒီအထဲမှာ မင်းမိဘနှစ်ပါး ပါမလာဘူးလို့မပြောနိုင် ဘူး။တကယ်လို့သာ မင်းမိဘနှစ်ပါးကို သင်္ဂြိင်္င်္ဲုဟ်ခွင့်ရလိုက်ရင် မင်း ဒီနေရာကိုရောက်ရကျိုးနပ်ပြီ”

ကြေးစည်တီးသံကသူ့ရင်ထဲထိမြည်ဟည်းသွားသည်။ ငိုသံများနှင့်ရွာသွန်းနေသော မျက်ရည်မိုးများကို ရှုငေးနေဖို့သူ့မှာအချိန်မရှိ။ ဂူသွင်းမှာလား၊မြေချမှာလား၊ မီးရှို့မှာလား…။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ထဲတွင်သူအလုပ်ရှုပ်နေတာကိုဘယ်သူကမှသတိမပြု။ အသိအမှတ်မပြုကြ။ စုတ်ပြဲညစ်ထေးနေသော သူ့အင်္ကျီကိုကြည့်၍ နှာခေါင်းရှုံ့ကြသူများက သူ့ကိုပန်းခွေတစ် ခွေလောက်ပင် တန်ဖိုးမထားနိုင်ကြပေ။

“ခြေမကိုကြိုးနဲ့ချည်ရဲ့လားဗျ။ဖြည်းဖြည်းမကြပါ။ဖြည်းဖြည်းချကြပါ။”

သူကတော့အသက်မရှိတော့သည့် လူတစ်ယောက်နာကျင်သွားမှာကိုပင် စိုးရိမ်နေမိသည်။

“ဘာရောဂါနဲ့လဲ”

အဘကရောက်လာသူတိုင်းကို သည်လိုမေးတတ်သည်။ ရောဂါ အသစ်အဆန်း၊ နာမည်ဆန်းဆန်းလေးတွေ ဆိုရင် ထပ်ပြန်တလဲလဲမေး၍ လိုက်ရွတ်နေတတ်သည်။

“ဘာရောဂါမှမဟုတ်ဘူးဗျို့၊သူ့ကိုယ်သူ စီရင်လိုက်တာ” ဆိုလို့ကတော့ အဘပါးစပ်က ‘ထွီ’ခနဲ့မြည်သွား ပြီး လှည့်၍ပင် မကြည့်တော့ပေ။

*   *   *   *   *   *    *   *  *  *  *  *  *

“လူတွေက လူတွေကိုစွန့်ပစ်ရာမှာ အသက်မရှိမှစွန့်ပစ်ကြသလို အသက်ရှိရက်နဲ့လည်းစွန့်ပစ်တတ်ကြတယ်။အဘကတော့စွန့်ပစ်ခံရတဲ့လူဆိုရင်အသက်ရှိတဲ့လူရော၊ အသက်မရှိတော့တဲ့လူရောအကုန်လုံးကိုလက်ခံထားချင်တယ်။”

အုတ်ဂူတစ်လုံးပေါ်ထိုင်နေသောအဘသည် မြို့ကလေးရှိရာ  သစ်ပင်အုပ်များဆီကိုငေးမောလျှက် စကားတွေအများကြီးပြောနေတတ်သည်။ အဘ၏စကားများကို နားထောင်ရင်း သူ့လက်များကမြေစိုင်ခဲများကို ဆုပ်ခြေနေမိသည်။

“အဘသေရင်ဘယ်သူငိုမှာလဲ”

“ကျွန်တော်ငိုမှာ အဘ”

အဘသည်လိုမေးတိုင်းသူကမဆိုင်းမတွပြန်ဖြေတတ်သည်။

“မငိုပါနဲ့လူလေးရယ်၊ငိုသံတွေကိုအဘ မကြားချင်တော့ဘူး။ဘ၀တစ်လျှောက်လုံး ကြားခဲ့ရတဲ့ငို သံတွေ၊နေ့စဉ်နေ့တိုင်းကြားနေရတဲ့ငိုသံတွေကို အဘရွံမုန်းနေပြီ။အဘနဲ့ဝေးနေတဲ့ရယ်သံတွေကိုပဲ အဘကြားချင်တယ်။”

အဘကိုသူနားမလည်စွာမော့ကြည့်နေမိသည်။

“အေး…အဘမသေခင်မင်းသေသွားဦးမယ်နော်။ညရေးညတာမှာ ဘယ်ကိုသွားသွားလက်နှိပ်ဓာတ် မီးယူသွား။မြွေပါးကင်းပါးသတိထား။အေး…မင်းသေလို့ကတော့အဘကငိုမှာမဟုတ်ဘူး။ အဘသေရင်လည်း မင်းမငိုနဲ့” အဘက သည်လိုပြောပြီး တ၀ါးဝါး ရယ်နေတတ်သည်။ တစ်ခါတစ်ခါမှာလည်းသူ့ခေါင်းကိုလက်နှင့်ပုတ်ပြီး ငယ်ဘ၀တွေကို ပြန်ပြောရင်း ရယ်နေတတ်ပြန်သေးသည်။

"လူလေး..မင်းကနှယ်နှယ်ရရကောင်မဟုတ်ဘူးကွ။မင်းငယ်ငယ်ကအရိုးခေါင်းတွေကို ဘောလုံးလုပ် ပြီး ကန်ခဲ့တာ။”

*   *   *   *   *    *   *   *   *

နှင်းရိုင်းများသိမ်းပိုက်ထားသည့် ဆောင်းညတစ်ညတွင် အဘ ကွယ်လွန်သွားသည်။ အေးစက်မာကျောနေသော အဘ၏ အလောင်းကို သူ ကိုယ်တိုင်ပွေ့ချီ၍မြေကျင်းထဲသို့ ဖြည်းဖြည်းချင်း ချ လိုက်သည်။ သူ့ရင်ထဲတွင် ဆို့နင့်နေ၏။ မျက်ဝန်းတစ်ခုလုံး ပူလောင်နေသည်။ မြေစိုင်ခဲများကိုကျင်းထဲတွန်းချရင်း သူအော်ငိုလိုက်ချင်သည်။

သို့သော်လည်းအဘက ငိုသံတွေကို ကြားချင်တာမဟုတ်။ သူ့ကိုမငိုဖို့ မှာသွားသည်။ ငိုသံများကို နားဆင်ရင်း ဘ၀ခရီး ဆုံးသွားသော အဘက ရယ်သံများကိုသာ ဆာလောင်ခဲ့သည်မို့ သူမငိုမိအောင် ထိန်းထားရသည်။

အဘကိုသူသိပ်ချစ်သည်။ သူသိပ်ငိုချင်သည်။ နောက်ဆုံးတော့ အဘရဲ့မြေပုံရှေ့မှာ သူ လေးဖက်ထောက်လိုက်ပြီးခွေးတစ်ကောင်လို အူပစ်လိုက် လေတော့သည်။

ခိုင်ထူးသစ်

(မြားနတ်မောင်မဂ္ဂဇင်း။၂၀၀၃ဇူလိုင်)


2 comments:

ကိုပခန်း said...

မျှဝေခံစားသွားပါတယ် အစ်ကိုရေ

သိင်္ဂါကျော် said...

အရေးအသားကောင်းတယ်...
စာတွေ ဆက်ရေးပါဦး..

Post a Comment