14.9.11

မောင်ဇေယျာ ၊ ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာစာအုပ်များ။




ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာစာအုပ်များ ၊ မောင်ဇေယျာ 

UNITY ၊ ပထမအကြိမ် ၊ ၂၀၀၇ ခုနှစ် နိုဝင်ဘာ
မျက်နှာဖုံး - ခွန်ကျော်စွာ ၊ တန်ဖိုး - ၁၅၀၀ ကျပ်

မောင်ဇေယျာ

၁၉၅၈ ဧပြီ ၁၈ တွင် မကွေးတိုင်း၊ နတ်မောက်မြို့၊ အင်းကုန်းရွာ၌ အဘ ဦးထွန်းအုံ၊ အမိ ဒေါ်ချောတို့မှ မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အလတ်ဖြစ်ပြီး အမည်ရင်း ဦးသန်းအုန်း ဖြစ်သည်။ နတ်မောက်မြို့ ဗိုလ်ချုပ် အထိမ်းအမှတ် အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်း စာမေးပွဲ အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ (၁၉၈၂) ၊ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာ (၁၉၉၅) ၊ စာကြည့်တိုက်နှင့် သုတပညာ မဟာဝိဇ္ဇာဘွဲ့ (၂၀၀၁) တို့ ရရှိခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖွင့်လှစ်သော ၁/၁၉၉၂ စာကြည့်တိုက်ပညာ လေးလ သင်တန်းတွင် ပထမ ရသည်။ ၁၉၉၃-၉၅ စာကြည့်တိုက်ဒီပလိုမာဘွဲ့ သင်တန်းတွင် ပထမရ၍ ပထမဆုံး ဆရာဇော်ဂျီဆု ချီးမြှင့်ခံရသည်။ ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့ ထန်းရိပ်ညို စာပေဆု ရရှိသည်။ စာနယ်ဇင်းများတွင် မောင်ဇေယျာ ကလောင်အမည်ဖြင့် စာပေ၊ အတ္ထုပ္ပတ္တိ၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ လုံးချင်းစာအုပ်အဖြစ် မြန်မာလူကျော် ၁၀၀ (ပထမတွဲ ၊ ၂၀၀၂) ၊ ဗုဒ္ဓဘာသာကို ကမ္ဘာသိစေခဲ့သော မြန်မာများ (၂၀၀၃) ၊ စာပေသမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ (၂၀၀၃) တို့ကို ထုတ်ဝေပြီးဖြစ်သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန အမျိုးသား စာကြည့်တိုက်တွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ 

မာတိကာ

အပိုင်း (၁)

ကမ္ဘာသိ မြန်မာပညာရှင်များ

၁။ မြန်မာ ရာဇ၀င်များကို ခုခံကာကွယ်သူ (ဒေါက်တာထင်အောင်)
၂။ အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းပြု ဥပဒေပညာရှင် (ဒေါက်တာဘဟန်)
၃။ မွန် - မြန်မာ - ပါဠိ စာပေပညာရှင် (ဦးလူဖေ၀င်း)
၎။ ခေတ်ဟောင်း မြန်မာ့သမိုင်းပညာရှင် (ဗိုလ်မှူးဘရှင်)
၅။ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ (ဒေါက်တာဖေမောင်တင်)
၆။ စွယ်စုံပညာရှင် (ဦးမေအောင်)
၇။ ကမ္ပည်းကျောက်စာဝန် (ဦးမြ)
၈။ ရှေးဟောင်း ရခိုင်သုတေသနပညာရှင် (ဦးစံသာအောင်)
၉။ မြန်မာ့ဂုဏ်ဆောင် (ဒေါ်မြစိန်)
၁၀။ ပျူဘာသာစကား ပညာရှင် (ဦးသာမြတ်)
၁၁။ မြန်မာဘာသာစကားပညာရှင် (ဦးဖိုးလတ်)
၁၂။ ဗုဒ္ဓကျမ်းစာများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ (ဦးဖေမောင်တင်)
၁၃။ ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ် ရက်စွဲများ

အပိုင်း (၂) 

ကမ္ဘာသိ မြန်မာစာအုပ်များ
၁။ တထာဂတ ဥဒါန ဒီပနီကျမ်း
၂။ မာလာလင်္ကာရ ဝတ္ထုတော်ကြီး
၃။ သာသနာ့ ၀ံသကျမ်း
၎။ ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ် စာတမ်းနှင့် ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်စာတမ်း
၅။ ကျည်းကန်ရှင်ကြီး မေတ္တာစာ
၆။ ခေတ်သစ်ဆန်းပြီ ပြဇာတ်
၇။ ဘုရင်ခံဝတ္ထု
၈။ မနုကျယ် ဓမ္မသတ်
၉။ မှန်နန်းရာဇ၀င်
၁၀။ မြန်မာ ဂန္တဝင် တောလားနှင့် ရတု



 ဦးသော်ကောင်း၏ အမှာစာ

ကျွန်တော် ငယ်စဉ်ကတည်းကပင် အတ္ထုပ္ပတ္တိစာပေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ပါသည်။ အတ္ထုပ္ပတ္တိစာအုပ်များ ဖတ်ရှုခြင်းဖြင့် နာမည်ကျော် ပုဂ္ဂိုလ်ကြီးများနှင့် တရင်းတနှီး တွေ့ဆုံရသကဲ့သို့ သူတို့၏ ဘ၀ဖြစ်ရပ်များမှ အားတက်စရာ၊ ကြည်နူးစရာ အချက်များအား သိရပေသည်။ တချို့ပုဂ္ဂိုလ်များ၏ ဘ၀တွင် စိတ်ဖိစီး ချုပ်ချယ်မှု၊ ရောဂါဘယနှိပ်စက်မှု၊ ကြေကွဲပူဆွေးဖွယ်ရာ ဖြစ်ရပ်များကို ကြုံတွေ့ရသော်လည်း အပတ်တကုတ် ကြိုးစားကျော်လွှားနိုင်မှုတို့ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်ပုဂ္ဂိုလ်ထူး  ပုဂ္ဂိုလ်ကျော်တို့၏ အတ္ထုပ္ပတ္တိကို ဖတ်ခြင်းဖြင့် ဘ၀အတွေ့အကြုံ ပိုမိုပြည့်စုံ ရင့်ကျက်မှုများ ရရှိနိုင်ပါသည်။

မြန်မာစာပေရှိ အတ္ထုပ္ပတ္တိများ ပါဝင်သည့် ရာဇ၀င်ကျမ်းများ၊ အရေးတော်ပုံကျမ်း၊ ဧချင်း၊ မော်ကွန်း၊ ကဗျာများ စသည်တို့ကို ရှေးခေတ် အဆက်ဆက်ကပင် ရေးသားခဲ့ကြသော်လည်း သီးခြား အတ္ထုပ္ပတ္တိစာပေ အဖြစ် မရှိခဲ့ပေ။ ၂၀ရာစုပိုင်းသို့ ရောက်မှ အတ္ထုပ္ပတ္တိစာပေ သိသာစွာ ထွန်းကားလာပါသည်။ အတ္ထုပ္ပတ္တိစာပေများကို လုံချင်းစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ် ဆောင်းပါးများတွင် တွေ့ရှိလာရပါသည်။ ဤသို့ မြန်မာအတ္ထုပ္ပတ္တိစာပေ ပိုမို ထွန်းကားလာခြင်းကြောင့် ၀မ်းမြောက် အားတက်ရပါသည်။ နိုင်ငံခြားစာပေတွင်မူ ရှေးကာလ ကြာမြင့်စွာကပင် အတ္ထုပ္ပတ္တိစာပေ ထွန်းကားခဲ့ပြီး ယခုလည်း ဆက်လက် ထွန်းကားနေဆဲ ဖြစ်ပါသည်။

အတ္ထုပ္ပတ္တိစာပေကို ပုံစံ အမျိုးမျိုးဖြင့် နိုင်ငံတကာ စာပေတွင် တွေ့နိုင်ပါသည်။ မြန်မာ စာပေတွင်လည်း ဤပုံစံမျိုးပင် အတော်စုံစုံလင်လင် တွေ့ရနိုင်ပြီ ဖြစ်ပါသည်။

(၁) တစ်ဦးတစ်ယောက်က မိမိ အကြောင်း ပြန်ရေးသည့် ကိုယ်ရေး အတ္ထုပ္ပတ္တိ (Autobiographies)
ဥပမာ - ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။

(၂) မိမိ ဘ၀ အတွေ့အကြုံမှ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည် ရေးသားထားသည့် ဘ၀မှတ်တမ်း ကောက်နှုတ်ဖော်ပြချက် (Memoirs)
ဥပမာ - သခင်သိန်းဖေ၏ ဂျပန်ခေတ် ကင်ပေတိုင် ညှဉ်းဆဲမှု အတွေ့အကြုံ ကိုယ်တွေ့မှတ်တမ်း။

(၃) မိမိဘ၀ အဖြစ်အပျက်ကို မကွယ်မဖျောက်ဘဲ ဖြောင့်ချက်ပေးသကဲ့သို့ ဖွင့်ဟ ရေးသား မှတ်တမ်းတင်ခြင်း (Confessions)
ဥပမာ - ၀န်ထောက်မင်း ဦးညို၏ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာ၊ ထို့နောက် ဗုဒ္ဓဘာသာ ပြန်လည် ယုံကြည် ကိုးကွယ်မှု ပြောင်းလဲခြင်း ဖြောင့်ချက်။

(၄) နေ့စဉ် ဒိုင်ယာရီ ပုံစံဖြင့် ရေးသားထားသော ဘ၀မှတ်တမ်း။
ဥပမာ - ကင်းဝန်မင်းကြီး၏ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း။

မိမိကိုယ်တိုင် ရေးသည့် မိမိအကြောင်း အတ္ထုပ္ပတ္တိ ရှိသကဲ့သို့ အခြား ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မိမိ စိတ်ဝင်စားသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အကြောင်း ရေးသည့် အတ္ထုပ္ပတ္တိမျိုးမှာ ပိုမိုများပြားပါသည်။ ဤအတ္ထုပ္ပတ္တိ စာပေမျိုးတွင်လည်း ပုံစံအမျိုးမျိုး တွေ့ရပါသည်။

(၁) ပုဂ္ဂိုလ်အများအပြားအကြောင်း လိုရင်းအဓိက အချက်အလက်တို့ကိုသာ ဖော်ပြသည့် စုပေါင်း အတ္ထုပ္ပတ္တိအဘိဓါန်၊ အညွှန်းစာအုပ် (Collective Biographical Dictionaries or Directories)
ဥပမာ - ဗိုလ်မှူးဘသောင်း ပြုစုသည့် စာဆိုတော်များ အတ္ထုပ္ပတ္တိ။ (Who’s who in Myanmar)

(၂) ပညာရပ်အလိုက်၊ အလုပ်အကိုင်အလိုက် ပြုစုထားသော စုပေါင်းအတ္ထုပ္ပတ္တိ (Subject Biographies or By Profession)
ဥပမာ - လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ။
-       Who’s who in Health and Medicine.

(၃) ထေရုပ္ပတ္တိများ (Hagiographies)
ဥပမာ - ဆရာတိုင်းရေး ပထမရွှေကျင်ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိကထာ စာတမ်း။

(၄) သမိုင်းမှ လူစွမ်းကောင်းများ အတ္ထုပ္ပတ္တိ (Biographies of Heroes)
ဥပမာ - သတင်းစာဆရာ ဦးသိမ်းမောင်၏ မြန်မာသူရဲကောင်းများ။

(၅) ပုဂ္ဂိုလ်တစ်ဦးချင်း၏ အဓိက ရုပ်ပုံလွှာကို ပေါ်လွင်အောင် အတ္ထုပ္ပတ္တိမှ ကောက်နှုတ်ဖော်ပြချက် (Sketches)
ဥပမာ - ဒဂုန်တာရာ ရေး ရုပ်ပုံလွှာ

(၆) ဝတ္ထုပုံစံဖြင့် ရေးသားထားသော အတ္ထုပ္ပတ္တိ (Fictionalized Biographies)
ဥပမာ - လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေး တပင်ရွှေထီး ဝတ္ထုတော်ကြီး။

ဤကဲ့သို့ အတ္ထုပ္ပတ္တိ ပုံစံအမျိုးမျိုး ရှိသည့်အနက် မောင်ဇေယျာ (ဦးသန်းအုန်း ၊ အမျိုးသားစာကြည့်တိုက်) ရေးသားသည့် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ရပါသည်။ အထူးသဖြင့် ၂၀ ရာစုနှစ်များအတွင်း မြန်မာထဲမှ ကျော်ကြားသည့် ပညာရှင်များ၊ ကမ္ဘာကျော် မြန်မာများအကြောင်းကို ဖတ်ရှုရ၍လည်း မသိရှိသေးသော အချက်အလက် အမြောက်အမြားကို သိရှိခဲ့ရပါသည်။

မောင်ဇေယျာက စာကြည့်တိုက်မှူး ပီသပါပေသည်။ အတ္ထုပ္ပတ္တိတစ်ပုဒ် ရေးတော့မည်ဆိုလျှင် ထိုပုဂ္ဂိုလ်၏ ရေးသားချက်များ၊ အခြားပုဂ္ဂိုလ်များက ယင်း ပုဂ္ဂိုလ်အကြောင်း ရေးသားချက်များကို စုံစုံလင်လင်၊ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ သုတေသန ပြုလုပ်ပြီးမှ ရေးသည်ကို တွေ့ရပြီး အတ္ထုပ္ပတ္တိပါ အချက်အလက်များလည်း မှန်ကန်တိကျမှု ရှိပါသည်။

ယခု ထုတ်ဝေသည့် စာအုပ်တွင် ကျွန်တော် မီလိုက်သော ဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဒေါ်မြစိန်၊ ဦးစံသာအောင်ကဲ့သို့သော ဆရာကြီး၊ ဆရာမကြီးများ ပါရှိသကဲ့သို့ ကျွန်တော်ကိုယ်တိုင် သိခွင့်မရခဲ့သော်လည်းသူတို့၏ စာများကို မကြာခဏ လေ့လာအသုံးပြုနေရသည့် ဦးမေအောင်၊ ကျောက်စာဝန် ဦးမြ အစရှိသည့် ဆရာကြီးများ အကြောင်းကိုလည်း ဖတ်ရှုရသဖြင့် ပိုမိုကြည်ညို လေးစားမှု၊ စိတ်ဝင်စားမှု ဖြစ်ပေါ်လာရပါသည်။ ၂၀ ရာစု ကမ္ဘာသိ မြန်မာပညာရှင် သုတေသီများ အနက် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့် လည်းကောင်း သုတေသန စာအုပ်စာတမ်းများ ရေးသားခဲ့ကြ၍ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လူသိများလာရသည့် ပုဂ္ဂိုလ်ထူးများ၏ အတ္ထုပ္ပတ္တိကို တစ်စုတစ်စည်းတည်း ဖတ်ရှုရ၍လည်း တန်ဖိုးများစွာ ရှိပါသည်။

မောင်ဇေယျာ၏ စာအုပ်ကို နှစ်ပိုင်းခွဲ တင်ပြထားကြောင်း တွေ့ရပါသည်။ ပထမပိုင်းတွင် အတ္ထုပ္ပတ္တိဆောင်းပါး ၁၃ ပုဒ်၊ ပညာရှင် ၁၁ ဦးအကြောင်း ပါရှိပါသည်။ မြန်မာသမိုင်း၊ စာပေ၊ ယဉ်ကျေးမှုကို အထူးပြု လေ့လာရေးသားသည့် သုတေသီများအကြောင်း ဖြစ်ပါသည်။

ဒုတိယပိုင်းတွင် မြန်မာပညာရှိများ ပြုစုသည့် ကမ္ဘာကျော် မြန်မာစာအုပ် ၁၀ အုပ် အကြောင်း သုတေသနပြုလုပ်ပြီး ရေးသားတင်ပြထားပါသည်။ ဤစာအုပ် ၁၀ အုပ် ကမ္ဘာပေါ်တွင် ပိုမို လူသိများ ထင်ရှားရခြင်းသည် အင်္ဂလိပ် ဘာသာသို့ ပြန်ဆို ထားသောကြောင့်လည်း ဖြစ်ပါသည်။ မြန်မာ ဆရာတော်ကြီးများ ပြုစုသည့် ဗုဒ္ဓ၀င်၊ သာသနာဝင်များမှ အစပြု၍ နေ့စဉ်မှတ်တမ်း၊ မေတ္တာစာ၊ ပြဇာတ်၊ ဝတ္ထု၊ ဓမ္မသတ်၊ ရာဇ၀င် စာအုပ်များ အကြောင်း  ဖြစ်သောကြောင့် စာကြည့်တိုက်မှူးများ၊ စာပေလေ့လာသူများအတွက် များစွာ တန်ဖိုးကြီးလှသော ရည်ညွှန်းစာအုပ် တစ်အုပ်ဖြစ်ပါသည်။

ယခင်က တစ်ပုဒ်ချင်း ရေးခဲ့၍ ရှာဖွေဖတ်ရှုရန် ခက်ခဲနေသော အတ္ထုပ္ပတ္တိထူးများနှင့် မြန်မာဂန္ထ၀င်ကျမ်းများ၊ အင်္ဂလိပ်ဘာသာပြန် မြန်မာ ဝတ္ထု၊ ပြဇာတ်နှင့် မေတ္တာစာများအကြောင်း ပါရှိသောကြောင့် ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများမှစ၍ ပညာလိုလားသူ စာဖတ်ပရိသတ်များ ဖတ်သင့်ဖတ်ထိုက်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

၂၀၀၇ ဇန်န၀ါရီလ ၂၅ ရက်                                                                   ဦးသော်ကောင်း





ဒေါက်တာထင်အောင်
မိဘများ  -  အရေးပိုင် ဦးဖိန်း [ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM)၊ အမှုထမ်းကောင်းတံဆိပ်ရမင်း (ATM)] ဒေါ်မိမိ
ဇာတိ  -  ပဲခူးမြို့
မွေးနေ့  - ၁၈ - ၅ - ၁၉၀၉
ကွယ်လွန် - ၁၀ - ၅ - ၁၉၇၈
မွေးချင်း ခုနှစ်ယောက်တွင် ပဉ္စမ မြောက်ဖြစ်သည်။
အစ်ကိုကြီး ဦးတင်ထွတ်၊ မြန်မာများထဲမှ ပထမဆုံးအိုင်စီအက်၊လွတ်လပ်ရေးရပြီး နိုင်ငံခြားရေးဝန်ကြီး၊ ၁၉၄၉တွင် လုပ်ကြံခံရ။
ဒုတိယအစ်ကို ဦးကျော်မြင့်၊ တရားသူကြီး၊ ဥပဒေပါမောက္ခ၊ နိုင်ငံတော်လုပ်ကြံမှုတွင် တရားသူကြီး။
တတိယအစ်ကို ဦးမြင့်သိန်း၊ နိုင်ငံတော်တရားသူကြီးချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး။
အစ်မ ဒေါ်မြမူ၊ မြန်မာစာ မဟာဝိဇ္ဇာ၊ ရန်ကုန် တက္ကသိုလ် ကျောက်စာဖတ်အရာရှိ။
ဒေါ်တင်စောမူ၊ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ကထိက။
ဒေါ်ခင်စောမူ၊ စာရေးဆရာ ခေတ်စမ်းစာဆိုအဖြစ် ထင်ရှား။



ဒေါက်တာဘဟန်
မိဘများ - ဦးကျေး ၊ ဒေါ်သိန်းတင်
ဇာတိ - ရန်ကုန်
မွေးနေ့ - ၃၀-၁-၁၈၉၀
ကွယ်လွန်  - ၁၃-၅-၁၉၆၉
မွေးချင်း နှစ်ဦးတွင် အကြီးဆုံးဖြစ်သည်။
အဓိပတိ ဒေါက်တာဘမော်သည် ဒေါက်တာဘဟန်၏ ညီဖြစ်သည်။


ဦးလူဖေ၀င်း
မိဘများ - ဦးရံဝင်း၊ ဒေါ်မိမိလေး
ဇာတိ - မော်လမြိုင် ၊ မွန်တိုင်းရင်းသားဖြစ်သည်။
မွေးနေ့ - ၂၀-၆-၁၉၀၀
ကွယ်လွန်  - ၃၁-၅-၁၉၈၂



ဗိုလ်မှူးဘရှင်
မိဘများ - ကျောင်းဆရာ ဦးဟိန်၊ ဒေါ်စောရင်
ဇာတိ - ပျဉ်းမနား၊ ရွာကောက်ရပ်
မွေးနေ့ - ၂၇-၁၂-၁၉၁၅
ကွယ်လွန်  - ၇-၁-၁၉၇၀




ဒေါက်တာဖေမောင်တင်
မိဘများ - ဦးဖေ၊ ဒေါ်မြိုင်
ဇာတိ - အင်းစိန် ပေါက်တောရပ်
မွေးနေ့  - ၂၄-၄-၁၈၈၈
ကွယ်လွန်  - ၂၂-၃-၁၉၇၃



ဦးမေအောင် (ပြည်ထဲရေး ၀န်ကြီးချုပ်)
မိဘများ  - ဦးသာဒိုးဖြူ၊ ဒေါ်နှောင်းဒွေး
ဇာတိ  - စစ်တွေမြို့
မွေးနေ့  - ၆-၁-၁၈၈၀
ကွယ်လွန်  - ၅-၆-၁၉၂၆ ၊ မေမြို့ (ပြင်ဦးလွင်) ၌ ရုတ်တရက်ကွယ်လွန်



ဦးမြ
မိဘများ  - ကုန်သည် ဦးဖြူ ၊ ဒေါ်ကြင်
ဇာတိ  - ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့
မွေးနေ့ - ၁၉-၃-၁၈၇၉
ကွယ်လွန်  - ၂၂-၁-၁၉၇၃


ဦးစံသာအောင်
မိဘများ - စက်ရှင်တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) ၊ ဒေါ်ဘု (ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ်)
ဇာတိ       - 
မွေးနေ့ - ၂၇-၂-၁၉၂၅
ကွယ်လွန် -  ၂၅-၅-၁၉၈၁


ဒေါ်မြစိန်
မိဘများ - ဦးမေအောင် (ပြည်ထဲရေး ၀န်ကြီးချုပ်)၊ ဒေါ်သိန်းမြ
ဇာတိ - မော်လမြိုင်မြို့
မွေးနေ့  - ၁၃-၁၀-၁၉၀၄
ကွယ်လွန်  - ၁၀-၁၁-၁၉၈၈


ဦးသာမြတ်
မိဘများ  - ပွဲစားကြီး ဦးဘိုးမြ၊ ဒေါ်ငွေသင်
ဇာတိ  - ပြည်ခရိုင် ပုတီးကုန်းမြို့
မွေးနေ့  - ၂၉-၄-၁၈၉၈
ကွယ်လွန်  - ၂၄-၁၁-၁၉၇၇



ဦးဖိုးလတ်
မိဘများ - ဦးဖိုးမောင်၊ ဒေါ်ခင်
ဇာတိ  -  ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာ
မွေးနေ့  - ၉-၁၁-၁၉၀၀
ကွယ်လွန် - ၁၉၆၅

* * * * * * * * * * * * * * * * * * * *
ဓါတ်ပုံများကို ဆရာမောင်ဇေယျာ၏ မူရင်း စာအုပ်မှ ကူးယူထားခြင်းဖြစ်ပါသည်။
ဆောင်းပါးများ၊ ဓါတ်ပုံများနှင့် စာအုပ်ကို စီးပွားရေး အကျိုးအလို့ငှါ ကူးယူဖော်ပြခြင်း မဟုတ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်နှင့် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။ 

No comments:

Post a Comment