9.9.11

မကွေးမင်းကြီး ဦးကြာဥ၊ အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) ၊ ကောက်နှုတ်ချက် ၂။


Moung-Gya-oo. Mugway Mengyee - Chief Woongee, or Prime Minister of State (Painging By Grant-1855)


၁၈၅၅ ခုနှစ် သြဂုတ်လ ၃၀

.................။.....................။.......................။ ယနေ့ မွန်းတည့်ချိန် သာသာတွင် မကွေးမင်းကြီးသည် မြန်မာစစ်လှေယာဉ် အမြောက်အမြား ခြံရံလျက် ဗြိတိသျှ သံအမတ်ကြီးအား (အာသာဖယ်ရာ) တွေ့ဆုံနှုတ်ဆက်ရန် ဆိုက်ရောက်လာပါသည်။ မကွေးမင်းကြီး ဆိုသူကား ၁၈၅၃ ခုနှစ် ဧပြီနှင့် မေလ အတွင်းက ပြည်မြို့တွင် စေ့စပ်ဆွေးနွေးရေးကို ခေါင်းဆောင်ခဲ့သူ မြန်မာ ၀န်ကြီးပင်ဖြစ်ပါသည်။

သူသည် တည်ကြည် ဖြောင့်မတ်ပြီး သိက္ခာရှိသော ပုဂ္ဂိုလ်တဦးအဖြစ် မြန်မာတို့က အထူးလေးစားခြင်းခံရသူလည်း ဖြစ်ပါသည်။ မြန်မာဘုရင်၏ ယုံကြည် စိတ်ချခြင်း ခံရသူဖြစ်၍ မကွေးမင်းကြီးသည် ဘုရင့်နန်းတော်၌ အဆင့်အမြင့်ဆုံး ၀န်ကြီးတဦး ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်ုပ် လေ့လာစုံစမ်း သိရှိရသလောက် ဆိုလျှင်ကား မြန်မာဘုရင်၏ လွှတ်တော်ဝန်ကြီးများသည် တဦးနှင့်တဦး မည်သူက အဆင့်မြင့်သည် နိမ့်သည်ဟူ၍ မရှိ။ အားလုံး အဆင့်အတူတူပင် ဖြစ်သည်ဟု သိရပါသည်။ (မှတ်ချက် - မြန်မာစစ်လှေယာဉ်များတွင် ပျှမ်းမျှအားဖြင့် လှေတစင်းလျှင် လှေလှော်သား ၃၀ ဦး ခန့်ရှိပါသည်။ စာမျက်နှာ ၁၅၀)

ဝန်ကြီး (မကွေးမင်းကြီး)သည် သူ၏ စစ်လှေယာဉ်၏ လှေဦးပိုင်း အနီရောင် ထီးမိုးထားသည့် နေရာတွင် ထိုင်၍ လိုက်ပါလာသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့ နယ်များတွင် တွေ့ခဲ့သော ထီးဖြူများကား နေပြည်တော်တွင် ဘုရင် သို့မဟုတ် မင်းညီမင်းသားများမှလွဲ၍ မည်သူမှ ဆောင်းပိုင်ခွင့် မရှိဟု ပိတ်ပင်တားမြစ်ထားကြောင်း သိရပါသည်။ ၀န်ကြီး (မကွေးမင်းကြီး) ကို အကဲခတ် ကြည့်ရသည်မှာ စိတ်ကူးဉာဏ် ရင့်သန်ထက်မြက်ပုံ ရသည့်ပြင် မျက်နှာထားနှင့် ဣနြေ္ဒက (မစ္စတာ အိုလ်ဒ်ဟမ် မှတ်ချက်ချသလို) သမိုင်းခေတ် အလယ်ပိုင်းမှ “ပုပ်” (Pope) ရဟန်းမင်းကြီးတပါးနှင့် တူသည်ဟု ဆိုရပါမည်။

မြန်မာဝန်ကြီးက ကျွန်ုပ်တို့၏ သင်္ဘောပေါ်သို့ တက်လာပြီးနောက် သူ၏ဆန္ဒအတိုင်း ဗြိတိသျှ သံအဖွဲ့ဝင် အရာရှိများ အားလုံးနှင့် တဦးစီ မိတ်ဆက်ပေးရပါသည်။ မစ္စတာ အိုလ်ဒ်ဟမ်နှင့် မိတ်ဆက်ပေးသောအခါ မြန်မာဝန်ကြီးက ကြေးနီ သို့မဟုတ် ခဲသတ္ထုများ ရှာတွေ့ခဲ့ပါ၏လော ဟုပင် မေးခဲ့ပါသည်။ ၀န်ကြီးနှင့်အတူ သူ၏ အဖွဲ့ဝင်များအဖြစ် မြန်မာလွှတ်တော်တွင် ဒုတိယ၀န်ကြီး အဆင့်ရှိသူ ၀န်ထောက်တဦးနှင့် စာရေးတော်ကြီး တဦးတို့လည်း လိုက်ပါလာကြပါသည်။

မြန်မာဝန်ကြီးသည် သံအမတ်ကြီး အာသာဖယ်ယာအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ယင်း ယခင်က ပြည်မြို့တွင် တကြိမ် တွေ့ဆုံခဲ့ဘူးကြောင်းကိုပါ ထည့်ပြောပါသည်။ ထို့နောက် ဗြိတိသျှ ဗိုလ်ချုပ်ကြီး (ဂျင်နရယ်လ်) ဂေါ်ဒွင် အကြောင်းမေးမြန်းကာ ဂေါ်ဒွင်သည် စိတ်မရှည်သူ၊ ဒေါသဖြစ်လွယ်သူ တဦးဖြစ်သော်လည်း ယခု သူကွယ်လွန်သွားကြောင်း ကြားသိရ၍ ၀မ်းနည်းမိပါသည်ဟုလည်း ပြောပါသေးသည်။

ယင်းသို့ စတင် နှုတ်ခွန်းဆက်ပြီးနောက် မြန်မာဝန်ကြီးက ကျွန်ုပ်တို့ ဗြိတိသျှမစ်ရှင်အဖွဲ့ အနေဖြင့် လမ်းခရီးတလျှောက် (အထူးသဖြင့်ဝန်ကြီး၏ ပိုင်နက်ဖြစ်သော မကွေးမြို့) ၌ ဧည့်ခံ ကြိုဆိုရေး အစီအစဉ်များ အဆင်ပြေပါ၏လော၊ ကျေနပ်ဖွယ်ရှိပါ၏လော ဟုမေးမြန်းပါသည်။ သံအမတ်ကြီး မေဂျာဖယ်ယာကလည်း အစစ အရာရာ အဆင်ပြေပါကြောင်း၊ ကျွန်ုပ်တို့နှင့်အတူ တောက်လျှောက် လိုက်ပါခဲ့သူ ၀န်ထောက်မင်း ကိုယ်တိုင်က လိုလေသေးမရှိ ဂရုစိုက် စီစဉ်ပြုစုပါကြောင်း ပြန်ပြောလိုက်ပါသည်။ ဤသို့ ပြောလိုက်ခြင်းကြောင့် မိမိအတွက် များစွာအကျိုးရှိ၍ ကျေးဇူးတင်ကြောင်းကို နောက်ပိုင်းတွင် ၀န်ထောက်မင်းက သံအမတ်ကြီးအား ဖွင့်ပြောပါသည်။

ကျွန်ုပ်တို့သည် အင်းဝမြို့ဟောင်းနေရာနှင့် မျက်နှာချင်းဆိုင် တည့်တည့်လောက်နေရာတွင် ထိုင်၍ အလ္လာပ သလ္လာပ စကားများ ပြောဆိုနေကြစဉ် မြန်မာဝန်ကြီးက အတိတ်ကာလက အဖြစ်အပျက်များ အကြောင်း စကားစပ် ပြောဆိုပါသည်။ ၀န်ကြီးကိုယ်တိုင်၏ ငယ်ရွယ်စဉ်ဘ၀ အတွေ့အကြုံများအကြောင်း၊ လက်ရှိဘုရင် (မင်းတုန်းမင်း) ၏ ဖခင် သာယာဝတီမင်းအကြောင်း၊ အင်းဝရွှေနန်း၌ ဗြိတိသျှသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ကာနယ် (ဗိုလ်မှူးကြီး) ဘာနီအကြောင်း၊ အင်းဝမြို့တော် အကြီးအကျယ် ပျက်စီးခဲ့ရသည့် ၁၈၃၉ ခုနှစ် မြေငလျင်ကြီး အကြောင်း စသည်ဖြင့် စုံလင်စွာ ပြောသွားပါသည်။ မြန်မာဝန်ကြီး၏ ပြောဆိုပုံအရ အင်းဝမြို့ကို စွန့်ခွာ၍ အမရပူရ မြို့သစ်နန်းသစ် ပြောင်းရွှေ့တည်ခဲ့ပုံကို ၀မ်းနည်းဟန်တူပါသည်။

ထို့နောက် မြန်မာဝန်ကြီး၏ အဖွဲ့နှင့် ကျွန်ုပ်တို့ ဗြိတိသျှအရာရှိများ အားလုံးသည် “ဘင်းတင့်” Bentinck မီးသင်္ဘောပေါ်သို့ တက်သွားကြပြီး နေနှင့်တကွ နေပတ်ဝန်းကျင်ရှိ အာကာသအကြောင်း အချက်အလက်များကို ဆွေးနွေးကြပြန်ပါသည်။ ဆွေးနွေးပွဲကို စဖွင့်သူကား ၀န်ထောက်မင်းပင်ဖြစ်ပြီး ဗြိတိသျှ သံအမတ်ကြီး ပြောပြချက်အရ ဥရောပမြောက်ပိုင်း နိုင်ငံ တနိုင်ငံ၌ နွေရာသီကာလတွင် နေလုံးဝ မ၀င်ဘဲနေသည်ဟု သိရကြောင်းပြောပါသည်။ ဤတွင် ၀န်ကြီး (မကွေးမင်းကြီး)က မည်သည့် နိုင်ငံသားကမှ ယင်းသို့ ပြောဆိုသည်ကို မကြားဘူးကြောင်း ပြောလေရာ သံအမတ်ကြီး မေဂျာဖယ်ယာသည် နေ၏ သွားလာပုံ လမ်းကြောင်းကို ရှင်းလင်းပြောပြရန် ကြိုးစားပါသည်။

သို့ရာတွင် မြန်မာတို့၏ စွဲမြဲယုံကြည်ချက်တခုက မိုင်ပေါင်းများစွာ မြင့်သည်ဆိုသော “မြင့်မိုရ်” တောင်ကို ဗဟိုပြုလျက် ကျွန်းကြီးလေးကျွန်းရှိပြီး အာရှနှင့် ဥရောပတိုက်တို့သည် တောင်ကျွန်းပေါ်တွင် ရှိကြောင်း၊ (အမေရိကန်ကိုမူ မြန်မာတို့က ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ပြင်ဘက်မှ သီးခြား ကျွန်းတကျွန်းဖြစ်သည်ဟု ယုံကြည် နေကြဟန်တူ၏။) ထိုကျွန်းကြီး လေးကျွန်းကို ပတ်၍သွားသော နေက အလင်းရောင်ပေးခြင်း ဖြစ်ကြောင်း စသဖြင့် ရှိလေရာ ကျွန်ုပ်တို့ သံအမတ်ကြီးအနေဖြင့် သိပ္ပံနည်းကျကျ နေအကြောင်း အမှန်ကို ရှင်းပြရာ၌ ထိရောက် အောင်မြင်ခြင်း မရှိလှပါ။ ၀န်ကြီးက နေမှ အလင်းရောင် ရရှိပုံ ခေတ်မှီ သုံးသပ်ချက်များအကြောင်း မကြားဘူးပါဟု ဇွတ်ဆိုနေသဖြင့် သံအမတ်ကြီးလည်း ဤသို့ဖြစ်လျှင် သင်္ဘောပေါ်၌ အဆင်သင့် ရှိနေသော မစ္စတာ စပီးယားစ်ကို မေးကြည့်ပါဟုဆို၏။

မစ္စတာ စပီးယားစ်လည်း မြန်မာဝန်ကြီး၏ မေတ္တာရပ်ခံချက်အရ ရောက်ရှိလာလေရာ သံအမတ်ကြီးသည် မြန်မာဘာသာဖြင့်ပင် မစ္စတာ စပီးယားစ်အား မေးမြန်း၏။ မစ္စတာ စပီးယားစ်ကလည်း သံအမတ်ကြီး ပြောသည့်အတိုင်းပင် ကမ္ဘာနှင့် နေအကြောင်းကို ထပ်ရှင်းပြ၏။ ထိုအခါ ၀န်ကြီးက မြင့်မိုရ်တောင်နှင့် ကျွန်းကြီးလေးကျွန်း အယူအဆသာလျှင် မှန်ကန်ကြောင်း ဆိုပြန်၏။

မစ္စတာ စပီးယားစ်ကလည်း စောစောက မေဂျာဖယ်ယာဆိုသည့်နည်းတူ မြင့်မိုရ်တောင်သည် တကယ်မရှိနိုင်ဟု ပြန်ပြောသည်တွင် ၀န်ကြီးသည် အနည်းငယ် ဒေါသဖြစ်သွားသယောင် ခပ်တည်တည်ဖြင့် ဘုရားဟော ကျမ်းဂန်များ၌ မြင့်မိုရ်တောင် အမှန်တကယ် ရှိခဲ့ပုံကို အတိအလင်းရှိကြောင်း၊ ထို့ပြင် မြင့်မိုရ်တောင် မည်မျှမြင့်သည်ကို၎င်း၊ အရပ်လေးမျက်နှာ၌ မည်သူတွေနေထိုင်ကြပုံကို၎င်း၊ အတိအကျ ဖော်ပြပါရှိကြောင်း စသဖြင့် အကျောက်အကန် ပြောပြန်ပါသည်။ သံအမတ်ကြီး မေဂျာဖယ်ယာက ယင်းပြဿနာသည် ဘာသာရေးဆိုင်ရာ ပြဿနာမဟုတ်။ သိပ္ပံပညာဆိုင်ရာ သက်သက်မျှသာ ဖြစ်ကြောင်းကို ဖျောင်းဖျပြောဆိုပါသည်။ ထိုအချိန် ၀န်ထောက်မင်းက ၀န်ကြီးဘက်မှ ၀င်ထောက်ခံလိုဟန်ဖြင့် တခါက သူ့အား မစ္စတာအက်ဒွပ်က ပြောပြချက်အရ ပျားအုံတအုံတွင် ပျားဘုရင်တကောင်ရှိပြီး ကျန်ပျားများကိုလည်း အလုပ်သမား၊ စစ်သားစသဖြင့် တာဝန်ခွဲဝေထားကြသည်ဟု ကြားဘူးကြောင်း ၀င်ပြောပါသည်။

မြန်မာဝန်ကြီးသည် သဘောကျသွားဟန်ဖြင့် သံအမတ်ကြီး ပြောနေသော သိပ္ပံပညာဆိုသည်မှာ ပျားအုံအကြောင်း ရေးသားထားသည့် စာအုပ်မျိုးပင်ဖြစ်တန်ရာသည်ဟု ပြောပြီးမှ စိတ်ပြေသယောင် ရယ်သွမ်းသွေးလျက် မစ္စတာ စပီးယားစ်အား.......

“အသင်ကား ကျွန်ုပ်တို့ တိုင်းပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့စဉ်က ကျွန်ုပ်တို့ကဲ့သို့ပင် တွေးခေါ်ယူဆခဲ့ပြီး ယခု အင်္ဂလိပ်သံတမန်တဦး ရောက်လာသည်နှင့် ကျွန်ုပ်တို့အား ဆန့်ကျင်ပြောဆိုဘိ၏” ဟု ပြောလိုက်ပါသည်။ တဆက်တည်းမှာပင် ၀န်ကြီးသည် သံအမတ်ဘက်သို့လှည့်၍.....

“ဤအယူအဆကို အကြည်တော်တို့အပြင် အခြားမည်သူများက ယုံကြည်ကြပါသနည်း” ဟုမေးရာ မေဂျာဖယ်ယာကလည်း.....

“အင်္ဂလိပ်၊ ပြင်သစ်၊ ပိုတူဂီ၊ ရုရှစသော ဥရောပနိုင်ငံသားများအားလုံးနှင့် အမေရိကန်လူမျိုး တို့သည်လည်း ဤအတိုင်း လက်ခံယုံကြည်ကြပါသည်” ဟုဖြေလိုက်သည်။ ဤတွင် ၀န်ကြီးက...

“အကြည်တော် ပြောသည့်အတိုင်းဆိုလျှင် နိုင်ငံခြားသား မျက်နှာဖြူလူမျိုးအားလုံး ပါဝင်သည်ဟု အဓိပ္ပါယ်ရပါသည်။ ကောင်းလှပါပြီ၊ ကျွန်ုပ်က ဘုန်းကြီးအား မေးကြည့်ပါဦးမည်” ဟုပြောပါသည်။

သူပြောသော ဘုန်းကြီး ဆိုသည်မှာ ဆာဒီနီယံလူမျိုး ခရစ်ယာန်ဘုန်းကြီး ဖာသာအာဘွန်နာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သံအမတ်ကြီး မေဂျာဖယ်ယာကမူ....

“၀န်ကြီးကိုယ်တိုင် မေးမြန်းကြည့်တော်မူပါ။ သူသည်လည်း ကျွန်ုပ်တို့ ပြောဆိုသလိုမှလွဲ၍ တမျိုးတဖုံ ခြားနားစွာ ဖြေကြားနိုင်မည် မဟုတ်ပါ” ဟု စကားကို ဖြတ်လိုက်ပါသည်။

မြန်မာဝန်ကြီးလည်း ကျေနပ်သွားပုံရပြီး သုံးနာရီ ထိုးလုနီးမှ ပြန်သွားပါသည်။ သူသည် ဘုရင့်နန်းတော်သို့ တိုက်ရိုက်သွားပြီး ကျွန်ုပ်တို့အား ကြိုဆိုခဲ့ပုံ အကြောင်းကို မြန်မာဘုရင်ထံ အစီရင်ခံရမည်ဟု သိရပါသည်။ ယင်းသို့ မြန်မာလွှတ်တော် ၀န်ကြီးတဦးက နေပြည်တော်မှ ဤမျှ ဝေးဝေးထွက်လာပြီး ကျွန်ုပ်တို့အား လာရောက်တွေ့ဆုံ နှုတ်ဆက်ခြင်းကား ယခင်က ဗြိတိသျှတို့နှင့် အင်းဝနန်းတော်တို့ ဆက်ဆံရေးသမိုင်းတွင် တကြိမ်တခါမျှ မရှိခဲ့ဘူးကြောင်းကိုလည်း မှတ်တမ်းတင်ရပါမည်။ (စာမျက်နှာ ၁၆၄ - ၁၇၁)

Major A.P. Phayre. Envoy, and Commissioner of the Pegue Provinces (Painting By Grant - 1855)

၁၈၅၅ စက်တင်ဘာ ၂၄ ရက်

ကြိုတင်စီစဉ်ထားသည့်အတိုင်း ယနေ့တွင် ကျွန်ုပ်တို့ သံအမတ်ကြီးသည် ဒေါက်တာဖောဆိုက်သ်၊ မေဂျာအာလံ၊ မစ္စတာ အက်ဒ၀ပ် တို့နှင့်အတူ မြန်မာဝန်ကြီး လေးဦးတို့ထံသို့ သွားရောက်ပြီး သံတမန် ၀တ္တရားအရ တွေ့ဆုံနှုတ်ဆက်ပါသည်။ ..............။..................။ 

ပထမဆုံး သွားရောက်တွေ့ဆုံကြသော ပုဂ္ဂိုလ်မှာ သြဇာတိက္ကမ အကြီးဆုံး၊ ဉာဏ်ပညာ အထက်မြက်ဆုံးဟု ကျော်ကြားသူ ၀န်ကြီး မကွေးမင်းကြီးပင် ဖြစ်ပါသည်။ ဗြိတိသျှ သံအမတ်ကြီးအား မကွေးမင်းကြီးကိုယ်တိုင် အိမ်ဝမှနေ၍ အထူးတလည် ပြင်ဆင်ထားဟန်ရှိသော ဧည့်ခန်းဆောင် တခုသို့ ခေါ်သွားပါသည်။ ခန်းလုံးပြည့် ကော်ဇောများ ခင်းထားပြီး ဧည့်သည်တော်များ အတွက် ကုလားထိုင်များကို အခန်းလယ်ရှိ စားပွဲရှည်ကြီးနားတွင် အဆင်သင့် ချထားပါသည်။ ထိုဧည့်ခန်းနှင့် အတွင်းဘက် အမျိုးသမီး ဆောင်ကြားတွင်လည်း လှပသော ပိုးသားခန်းဆီးတခု ကာထားပါသည်။

ဗြိတိသျှ သံအဖွဲ့ ရောက်သွားသောအခါ ရည်မွန်သားနားစွာ ၀တ်စား ဆင်ယင်ထားသော မြန်မာ အမျိုးသား အချို့သည် ဧည့်ခန်း၌ ကြိုတင်ရောက်ရှိနေကြရာ သံအမတ်နှင့် မကွေးမင်းကြီးတို့ တွေ့ဆုံနှုတ်ဆက် စကားပြောခြင်းကို လာရောက် ကြည့်ရှုကြရန် ဖြစ်ဟန်တူပါသည်။

သံအမတ်ကြီးနှင့် အဖွဲ့ ရောက်သွား၍ မရှေးမနှောင်းမှာပင် နံနက်စာဖြင့် တည်ခင်းဧည့်ခံပါသည်။ နံနက်စာ တည်းခင်းပုံကလည်း ကြွေထည် ပုဂံခွက်ယောက်၊ ဇွန်း၊ ခရင်း၊ ဓါးစသည်ဖြင့် ဥရောပတိုက်သားတို့၏ အသုံးအဆောင်များ အားလုံး ပြည့်ပြည့်စုံစုံနှင့် တည်ခင်းခြင်းဖြစ်ပါသည်။ ထိုအချိန်၌ ဥရောပတိုက်သားများထံ အမှုထမ်းဘူးသူ အိန္ဒိယ လူမျိုးတဦးအား မကွေးမင်းကြီးက ခေါ်ယူပြီး စားပွဲထိုးအဖြစ် တာဝန်ပေး စေခိုင်းထားကြောင်း သိရပါသည်။

နံနက်စာကို ပေါင်မုန့် ထောပတ် စသော ဥရောပတိုက်သား အစားအစာများ ကျွေးမွေးသည့်ပြင် မြန်မာ အစားအစာမျိုးစုံကိုလည်း ဆက်လက်တည်ခင်းပြန်ရာ စုစုပေါင်း အစားအစာ အမျိုးမည်ပေါင်း ၅၇ မျိုးတိတိ ဖြစ်သွားပါတော့သည်။ 

နံနက်စာ စားသောက်နေကြစဉ် ၀န်ကြီး မကွေးမင်းကြီး၏ ဇနီး ၀န်ကြီးကတော်ကိုလည်း ရှေ့သို့ ထွက်လာပြီး ကုလားထိုင်တလုံးတွင် ၀င်ထိုင်စေပါသည်။ ၀န်ကြီးကတော်မှာ အသက်အရွယ် ကြီးရင့်နေသူ အမျိုးသမီးတဦးဖြစ်ပြီး အလွန် ရှက်တတ်ပုံရပါသည်။ သူမ၏ ခင်ပွန်း မကွေးမင်းကြီး ကဲ့သို့ နိုင်ငံခြားသားများ ရှေ့တွင် ရယ်ကာ မောကာနှင့် နေတတ်သူလည်း မဟုတ်ပါ။ ပထမတွင် သူမအား ကျွန်ုပ်တို့ သံအမတ်ကြီး အနီးရှိ ကုလားထိုင်တွင် ၀င်ထိုင်ရန် စီစဉ်ပေးသော်လည်း ၀န်ကြီးကတော်က ရှက်လှပါသည်ဆိုပြီး ခပ်လှမ်းလှမ်းမှ ကုလားထိုင်တလုံးတွင် ၀င်ထိုင်ပါသည်။ ထိုင်တော့လည်း မြန်မာအမျိုးသမီးများ ထိုင်နေကျ ပုံစံအတိုင်း ပဆစ်တုပ်၍ ထိုင်ပါသည်။ ၀န်ကြီးကတော်၏ လက်တွင် အထူးလှပသော လက်စွပ်များ ၀တ်ဆင်ထားရာ လက်စွပ်နှစ်ကွင်းမှ စိန်ကြီးနှစ်လုံးမှာ အလွန်ပင် တန်ဘိုးရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။ 

ဝန်ကြီး မကွေးမင်းကြီးက အလွန် အာဝဇ္ဇန်းကောင်းသူဖြစ်၍ စကားတွေ အဆက်မပြတ် ပြောနေပါသည်။ မြန်မာလူမျိုးတို့ ဓလေ့ ထုံးစံအတိုင်း ကျွန်ုပ်တို့ ဗြိတိသျှ သံအဖွဲ့ဝင်များ၏ အသက်အရွယ်ကို၎င်း၊ အိမ်ထောင် ရှိမရှိကို၎င်း မေးမြန်းယင်း သံအမတ်ကြီး အာသာဖယ်ယာနှင့် မေဂျာ (ဗိုလ်မှူး) အာလံတို့တွင် အိမ်ထောင်မရှိကြောင်း သိရသည်တွင် ၀န်ကြီးမှာ အံ့အားသင့်သွားပုံ ရပါသည်။

“အကြည်တော်တို့ အိမ်ထောင်ပြုပြီးလျှင် အကြည်တော်တို့၏ ဇနီးများကိုလည်း ကျွန်ုပ်တို့ နိုင်ငံသို့ ခေါ်ဆောင် လာလိမ့်မည်ဟု မြှော်လင့်ပါ၏” ဟုလည်း ၀န်ကြီးက ပြောလိုက် ပါသေး သည်။

နံနက်စာ စားပြီးသော် မြန်မာတို့၏ ဓလေ့ထုံးစံဖြစ်သော ကွမ်းယာ၊ လဖက်၊ ဂျင်းသုပ်၊ မြေပဲလှော်၊ ကြက်သွန်ကြော် စသည်တို့ဖြင့်လည်း ဆက်လက်တည်ခင်း ဧည့်ခံပါသည်။ ရောက်ရှိနေသော မြန်မာ ဧည့်သည်များကား ကွမ်းယာနှင့် လဖက်ကို အထူးနှစ်ခြိုက်ပုံ ရပါသည်။ နိုင်ငံခြားသားထဲမှ မစ္စတာကာမာရက်တာ တဦးတည်းသာ ရှိပါသည်။ ထိုသို့ ကွမ်းယာ၊ လဖက်များဖြင့် တည်းခင်းပြီးသော် ဧည့်သည်များအား မြန်မာဆေးပေါ့လိပ်များဖြင့် ဧည့်ခံပြန်ပါသည်။

ထိုအချိန်၌ သံအမတ်ကြီး မေဂျာဖယ်ယာသည် ထပြန်မည်ပြုရာ မြန်မာဝန်ကြီးက ခေတ္တ နေပါဦးဟု တားသဖြင့် ပြန်ထိုင်နေလိုက်ရပြန်ပါသည်။ ၀န်ကြီး၏ တားပုံကလည်း အလွန်သိမ်မွေ့ ယဉ်ကျေးသဖြင့် ငြင်းဆန်ရန် ခက်သောကြောင့် ပြန်ထိုင်ရခြင်းဖြစ်ပါသည်။ စင်စစ်အားဖြင့် ၀န်ကြီး မကွေးမင်းကြီး အိမ်သို့ ရောက်နေခဲ့သည်မှာ အချိန် တနာရီခွဲခန့် ရှိနေပြီဖြစ်ပါသည်။ 

သို့နှင့်ပင် အချိန် တနာရီခွဲကျော်ကျော် ကြာမှပင် သံအမတ်ကြီး မေဂျာဖယ်ယာသည် ထပြန်ခွင့် ရပါတော့သည်။ မပြန်မီ သံအမတ်ကြီးက ရွှေနှာဗူး တဗူးနှင့် အခြားအင်္ဂလိပ် ပစ္စည်း အသုံးအဆောင် အချို့ကို လက်ဆောင်အဖြစ် ၀န်ကြီးအား ပေးခဲ့ပါသည်။ (စာမျက်နှာ ၂၅၁ - ၂၅၅)



၁၈၅၅ အောက်တိုဘာ ၄ 

ယနေ့တွင် ကျွန်ုပ်တို့ သံအမတ်ကြီးသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း မကွေးမင်းကြီးထံ သွားရောက်တွေ့ဆုံပါသည်။ ၀န်ကြီး မကွေးမင်းကြီးသည် သံအမတ်ကြီးနှင့် တွေ့လျှင်တွေ့ချင်း အလုပ်ကိစ္စအကြောင်း မပြောသေးဘဲ ထွေရာလေးပါး စကားစမြည် ပြောနေပါသေးသည်။

ဥရောပတိုက်ရှိ နိုင်ငံအသီးသီးနှင့် ၄င်းတို့၏ အင်အား အခြေအနေ အကြောင်း၊ ပြင်သစ်နှင့် အင်္ဂလိပ်လူမျိုးတို့ ဦးခေါင်းတွင် ဦးထုပ်ဆောင်းသလို အခြား ဥရောပတိုက်သားများက ဦးထုပ် ဆောင်းလေ့ ရှိမရှိ၊ အထူးသဖြင့် ရုရှလူမျိုးများသည် ဦးထုပ် ဆောင်းမဆောင်း၊ နိုင်ငံအသီးသီးတွင် ရှိသော စစ်သည်အင်အားနှင့် ပိုင်ဆိုင်သည့် သင်္ဘောစင်းရေ၊ ဥရောပမှ အိန္ဒိယသို့ သင်္ဘောဖြင့်လာသည့် ရေကြောင်းခရီးစဉ်အကြောင်း၊ အမေရိကန်မှ သမတအုပ်စိုးသည့် စနစ်အကြောင်း၊ အီဂျစ်၊ ပါရှား၊ တူရကီနိုင်ငံအကြောင်း စသည်တို့ကို မေးမြန်းပါသည်။

ယင်းသို့ သောင်းပြောင်းထွေလာ စကားတွေ ပြောနေကြသည်ကပင် အချိန် ၂ နာရီ ကျော်ကျော် ကြာသွားပါသည်။ သံအမတ်ကြီး မေဂျာဖယ်ယာလည်း စက္ကူတရွက်ပေါ်တွင် ဥရောပတိုက်၏ မြေပုံအကြမ်းတခု ရေးဆွဲ၍ နိုင်ငံအသီးသီး အကြောင်း ရှင်းပြပါသည်။ ၀န်ကြီး မကွေးမင်းကြီးက ယင်းမြေပုံတွင် အိန္ဒိယပြည်၊ မြန်မာပြည်နှင့် တရုတ်ပြည်တို့ ပါဝင်အောင် ဆွဲပေးပါရန် မေတ္တာရပ်ခံပါသည်။ ထို့ပြင် ၀န်ကြီးက မြေပုံဆွဲလျှင် ဘောလုံးပုံသဏ္ဌာန်မျိုး မဆွဲရန်လည်း ပြောပါသည်။ သူ့အနေဖြင့် ကမ္ဘာကြီး လုံးနေသလို ပုံစံဖြင့် မြေပုံဆွဲလျှင် နားမလည်ကြောင်းလည်း ပြောပါသည်။ 

တဆက်တည်းမှာပင် ၀န်ကြီးက ရယ်ကာမောကာဖြင့် အကယ်၍ သံအမတ်ကြီးနှင့် ရက်သတ္တ တပတ်ခန့် ဆက်လက်၍ ပြောဆိုဆွေးနွေးရလျှင် သူသည်လည်း ကမ္ဘာကြီး လုံးနေကြောင်း ယုံကြည်လာနိုင်ဘွယ်ရာ ရှိသည်ဟု ပြောပါသေးသည်။ ထို့နောက် သူတို့နှစ်ဦး အလုပ်ကိစ္စအကြောင်း ဆက်လက် ပြောဆိုဆွေးနွေးကြရာတွင် အထူးတလည် စိတ်ဝင်စားဘွယ် အချက်ဆို၍ ပြောပလောက်အောင် မရှိပါ။ (စာမျက်နှာ ၂၇၅ - ၂၇၇)


*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *

ဆရာ တက္ကသိုလ်နေ၀င်း မြန်မာဘာသာသို့ ပြန်ဆိုထားသည့် အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) စာအုပ်မှ မကွေးမင်းကြီး၏ ပုံရိပ်ကို ဖမ်းမိနိုင်မည့် အပိုင်းများကို စာအုပ်မှ တိုက်ရိုက်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။ စီးပွားရေး အကျိုးအလို့ငှါ ကူးယူဖော်ပြခြင်း မဟုတ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်နှင့် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။
 
၁၈၅၅ ခုနှစ်၊ မင်းတုန်းမင်း နန်းတက်စနှစ်များက မြန်မာ့လွှတ်တော်တွင် အဆင့်အမြင့်ဆုံး ရာထူး အာဏာရှိသည့် ၀န်ကြီးတပါး အကြောင်းကို ဗြိတိသျှတို့ မည်သို့ မှတ်တမ်း တင်ထားခဲ့ကြသည်ကို နှစ်သက်သဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ မကွေး မင်းကြီး၏ နောက်ပိုင်း ဘ၀ဖြစ်စဉ်ကို ဆရာမကြီး ဒေါ်ကြန် ရေးသားခဲ့သည့် မင်းတုန်းမင်း၏ မှူးကြီး မတ်ကြီးများ ဆောင်းပါးတွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။
 
မင်းတုန်းမင်း၏ မှူးကြီးမတ်ကြီးများ -
https://www.myanmarisp.com/History/Kon_Baung_Period/his0015
 
မူရင်း စာအုပ် -
https://www.myanmarisp.com/2010/ABR/The-Court-of-Ava-in-1855/view
 
*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *
 

No comments:

Post a Comment