29.9.11

ခိုင်ထူးသစ် ၊ အတုများ။

Nude Woman Reclining By Vincent Van Gogh
Painting, Oil on Canvas
Paris: early year, 1887

“ အတုများ”

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )
အတုများကို သူမုန်းမိသည်။ ဆံပင်အတု၊ သွားအတု၊ ခြေအတု၊ လက်အတုကအစ မုန်းသည်။ အသက်ကြီးလို့ သွားတွေ ကျိုးရင်တောင် ‘သွားတုမစိုက်ဘူး’ လို့ ဆုံးဖြတ်ထားသည်။ သူ့စိတ်အစွဲက အဲသည်လောက်ထိ ကြီးသည်။ ပစ္စည်းတစ်ခု၊ အသုံးအဆောင်တစ်ခု နာမည်ကြီးလာလျှင်၊ လူကြိုက်များလာလျှင် အတုလိုက်လာ တတ်သည်မှာ သဘာဝ။ အလွယ်လိုက်၍ အမြတ်ယူလိုသော စီးပွားရေးသမားများမှာ ခေတ်တိုင်းခေတ်တိုင်း ရှိနေလိမ့်မည်။ ဘယ်လိုပင် တားဆီးတားဆီး လုံးဝ ပျောက်သွားမည်မဟုတ်။ မိမိတို့ ၀ယ်ယူသုံးစွဲသူတွေဘက်က ရှောင်ဖို့ရှားဖို့သာ အရေးကြီးသည်။

အတုတွေကလည်း ပေါမှပေါ။ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးသည်ကပင် ‘အစစ်ယုမလား၊ အတုယူမလား’ လို့မေးလာတတ်သည်။ ထင်ယောင်ထင်မှား တံဆိပ်တွေနှင့် ပုံစံတွေကလည်း သေချာကြည့်မှသိရသည်။

ဟိုတစ်လောက သူ့သားလေး နာရီပူဆာ၍ လိုက်ဝယ်ပေးရာ ကောင်တာထဲတွင် RADO နာရီတစ်လုံး ကိုတွေ့လိုက်ရသည်။ နာရီဒီဇိုင်းလေးက လှမှလှ။ အိုးကလေးက အနက်ရောင်။ အထဲကစိန်ပွင့်ကလေးတွေက တလက်လက်။ လက်ပတ်ကြိုး အလယ်မှာလည်း ရွှေရောင်လိုင်းလေးတွေ ပြေးထားသည်။ နာရီကို ထုတ်ကြည့်ပြီး ဈေးမေးလိုက်တော့ ထောင့်နှစ်ရာတဲ့။ သူ အံ့သြသွားသည်။

‘ဟ..ဟုတ်ရဲ့လားကွ၊ ဒီလို ဆွစ်မိတ်နာရီက ထောင့်နှစ်ရာပဲရှိသလား၊ ဈေးများ မှားနေသလား’  ဆိုတော့ ဆိုင်ရှင်ကောင်မလေးက တခစ်ခစ် ရယ်လေသည်။ ပြီးမှ ‘မဟုတ်ဘူး ဦးရဲ့၊ ဒါက RADO အတုကြီး၊ ဆွစ်မိတ်မဟုတ်ဘူး၊ ချိုင်းနားမိတ်’

လက်ထဲတွင် ကိုင်ထားသော နာရီကို ချက်ချင်း ပြန်ချမိသည်။ သူ့သားလေးကတော့ ထိုနာရီကို သဘောကျသွားပြီး ‘ဖေဖေ ဒီနာရီပဲ လိုချင်တယ်၊ ဒီနာရီပဲဝယ်ပေး’ လို့ တဆာဆာ တောင်းဆိုနေသည်။ ဘယ်လို ပြောပြောမရ။ သူကလည်း အစစ်ကို ၀ယ်မပေးနိုင်။ အတုကျ တော့လည်း မသတီ။ သို့သော်လည်း သားလေးကြိုက်နေသောကြောင့် အောင့်သက်သက်နှင့် ၀ယ်ခဲ့ရသည်။ သားလေးလက်ထဲက RADO နာရီကိုကြည့်မိတိုင်း သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မိသည်။

‘ထီပေါက်လို့ကတော့ ဒီနာရီကို ပေါက်ခွဲပြီး အစစ်တစ်လုံး ၀ယ်ပေးမည်’ ဟုစိတ်ကူးမိသည်။ မသိနားမလည်သော သားလေးကတော့ ပျော်နေရှာသည်။

သို့သော်လည်း သားလေးကြာကြာ မပျော်နိုင်ပေ။ တစ်လလောက် ကြာတော့ လက်ထဲက နာရီမှာ ရွှေရောင်တွေ ကျွတ်လာသည်။ အထဲက စိန်ပွင့်ကလေး တွေကလည်း အရောင် သိပ်မလက်တော့ပေ။ လက်ပတ်ကြိုးမှာလည်း  ခပ်မည်းမည်း ခပ်မွဲမွဲနှင့် အကြည့်ရ ဆိုးလာသည်။ ပြုံးပျော်နေသော သားလေး၏ မျက်နှာမှာလည်း နာရီကြည့်မိတိုင်း ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။

‘တောက်…အတုတွေကတော့ အကုန်လုံး မီးရှို့ပစ်ဖို့ကောင်းတယ်၊ အတု လိုက်လုပ်တဲ့ ကောင်တွေကိုလည်း အရေးယူရမယ်။ ’သူ့စကားကြောင့် မိန်းမ၏ မျက်နှာမှာ တွန့်လိမ် သွားသည်။

“အိုတော်..ကျုပ်တို့လိုလူလတ်တန်းစား     တွေအတွက်တော့အတုရှိမှပေါ့၊ရတဲ့ငွေကလေးနဲ့ အစစ်ကိုဘယ်ဝယ်နိုင်ပါ့မလဲ၊တချို့အတုတွေကျတော့ လည်းအစစ်နီးပါးကောင်းပါတယ်။ဒါနဲ့ နေပါဦး၊ အစစ်ကို ၀ယ်ရအောင် တော်ကရောငွေ ဘယ်လောက် ရှာပေးနိုင်လို့လဲ”

မိန်းမစကားကြောင့် သူငြိမ်သွားသည်။ ခေါင်းကိုကုပ်၍ မကြားချင်ယောင်ဆောင်ကာ အိမ်အ ပြင် ထွက်လာခဲ့သည်။ ရက်ဆိုင်သို့ ဦးတည်နေသော သူ့ခြေလှမ်းများကို ငုံ့ကြည့်ရင်း ထပ်၍ ဒေါသထွက်မိပြန်သည်။ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်း သူ့ခြေထောက်တွင် စီးထားသော ဖိနပ်မှာ ကျွတ်ချင်သလိုလို ကွာချင်သလို လိုဖြစ်လာသည်။ တကယ်တော့ သည်ဖိနပ်က အစစ်မဟုတ်။ ‘အော်’ ကိုတု၍ ချုပ်ထားသော မိတ် ‘အင်’ ဒီတွင် သာဖြစ်သည်။ ထို့ကြောင့်လည်း တာရှည်မခံ။ ချုပ်ကြောင်းရာတွေ ကွာလိုက်လာသည်။ ဖိန်ပိုမပြတ်အောင် ထိန်းစီးရင်း တောက် တခေါက်ခေါက်ဖြင့် အတုများကို ဆဲရေးနေမိသည်။ အရက်ဆိုင်ထဲ ရောက်သွားတဲ့အထိ တဖျစ်တောက်တောက်နှင့်။

“ဟ..ဆရာခိုင်၊ မျက်နှာကြီးကလည်း စူပုပ်နေတာပဲ၊ မိန်းမနဲ့ ရန်ဖြစ်လာတာလား၊ လာပါဦးဗျ”

လျှပ်စစ်ပစ္စည်း ရောင်းသော ခင်မောင်ဝင်းက အရက်ခွက်ထဲ ရေငှဲ့ရင်း သူ့ကိုလှမ်းခေါ်သည်။ သူလည်း ခင်မောင်ဝင်းတို့ ၀ိုင်းမှာပဲ ၀င်ထိုင်လိုက်သည်။

ဟေ့…၀ီစကီနှစ်ပက်ပေးကွာ’ သူ့အမှာကြောင့် ခင်မောင်ဝင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဆရာခိုင်၊ အရင်က ရမ်ပဲသောက်တာနော်၊ အခုဝီစကီ ပြောင်းသောက်နေပြီလား’ ‘အေးကွ၊ ရမ်ကအတုပေါလို့ ၀ီစကီပြောင်း သောက်နေတာ၊ ဟိုတစ်လောက လှတောရွာဘက်မှာ ရမ်အတုသောက်မိလို့ လူသုံးယောက် ဆေးရုံတက်ရတာ မင်းလည်းကြားမှာပါ၊ အတုသမားတွေ တော်တော်ဆိုးတယ်ကွာ၊ ပစ္စည်းအတုလုပ်တာက တော်သေးတယ်၊ အစားအသောက်အတု၊ ဆေးဝါးအတု လုပ်တာကတော့ ဆိုးဝါးလွန်းပါတယ်၊ အဆိုးဆုံးကတော့ အရက်အတုကွအရက်အတု၊ ငါတို့ကို ထိခိုက်တယ်၊ ပိုက်ဆံသာ ရှိလို့ကတော့ ဂျော်နှီဝါကာတွေ၊ ဘလက်လေဗယ်တွေပဲ သောက်မယ်မောင်ရေ၊’ သူ့စကားကြောင့် အရက်ခွက်ကိုမော့ရန် ဟန်ပြင်နေသော ခင်မောင်ဝင်းမှာ တုံ့ဆိုင်းသွားသည်။

‘မထင်နဲ့ ဆရာခိုင်ရေ့၊ အဲ့ဒီဂျော်နီဝါကားတွေ၊ ဘလက်လေဗယ်တွေက ပိုပြီးအတုပေါတယ်။ ခင်မောင်ဝင်းက အရက်ခွက်ကို မော့ချလိုက်ပြီး အမြည်းခွက်ကို နှိုက်ရင်း ဆက်ပြောပြန်သည်။‘ တန်ဖိုးကြီးတော့ ပိုပြီး အတုလုပ်တာပေါ့ဗျာ၊ ပုလင်းအဖုံးကို ဆေးထိုးအပ်စိုက်လိုက်တယ်၊ ပြီးတော့ ပုလင်းကို မှောက် ဆေးထိုးအပ်ကိုဆွဲပြီး အထဲက အရက်အစစ်ကို နည်းနည်းချင်းဆွဲထုတ်တယ်။ ပြီးမှ အရက်အတုကို ဆေးထိုးအပ်နဲ့ ပြန်ထည့်ပြီး အဖုံးပေါ်က အပ်စိုက်ရာကို ပြန်ဖုံးတယ်၊ တကယ်ပိရိတယ်ဗျာ၊ နောက်ထုတ်ထားတဲ့ အစစ်ကိုဆိုင်မှာ ပက်ချင့်ရောင်းပြီး အတုကို တခြားပြန်သွင်းတယ်၊ ကိုယ့်ဆိုင်လာသောက်တဲ့ သူကတော့ အစစ်သောက်ရတာပေါ့ဗျာ၊ တရုတ်နယ်စပ်မှာ ဒီလိုလုပ်နေတဲ့ သူတွေအများကြီးပဲ’

ခင်မောင်ဝင်း ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြီးတော့ ဈေးရောင်းနေသူဖြစ်သောကြောင့် အတုတွေနှင့်ပိုပြီး ရင်းနှီးသည်။ ထို့ကြောင့် သူလည်း ခင်မောင်ဝင်းနှင့် စကားကောင်းနေမိသည်။

‘မင်းတို့ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုပေါမှာပေါ့’ ‘ပေါတာပေါ့ ဆရာခိုင်ရယ်၊ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုတွေ၊ ပုံမှားရိုက်တာတွေ အများကြီးပဲ၊ ကျွန်တော်ဆိုရင် ဆိုင်မဖွင့်ခင်က ခဏခဏခံရတယ်၊ အဲ့ဒီတုန်းက တီဗွီအင်တင်နာဝယ်တာ အမျိုးအစားက TOSHIBUဗျ။ ကျွန်တော်လည်း တိုရှီဘာက ဈေးချောင်လှချည်လားဆိုပြီး၊ ၀ယ်လာတာ အိမ်ရောက်မှ တိုရှီဘာမဟုတ်ဘဲ တိုရှီဘူ ဖြစ်နေမှန်းသိရတယ်။ တိုအိုအက်စ်အိတ်(ခ်ျ)အိုင်ဘီအေ (TOSHIBA) ကိုမသိမသာနဲ့ တိုအိုအက်စ်အိတ်(ခ်ျ)ဗွီယူ (TOSHIBU) လို့လုပ်ထားတယ်။ ‘A’နဲ့ ‘U’ ကို မသိမသာ ပုံမှားလုပ်ထားတယ်။ သေချာ ကြည့်မှ တိုရှီဘူမှန်း သိရတယ်’

ခင်မောင်ဝင်းက ပြောပြီး တ၀ါးဝါးရယ်လေသည်။ သူလည်းမနေနိုင်တော့ ဘဲခွက်ထိုးခွက်လန် ရယ်လေတော့သည်။ အရက်ဆိုင် တစ်ဆိုင်လုံးမှာ ရယ်သံများ ဆူညံသွားသည်။

‘ဟ..ရယ်လှချည်လား၊ ဘာတွေများ သဘောကျနေကြတာလဲ’

‘အသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်။ ထိုလူက  ပြုံးဖြီးဖြီးနှင့် သူ့ပခုံးကို ကိုင်လျှက်။ ‘ဆရာ….ကျွန်တော့်ကို မှတ်မိလား’တဲ့။ သူလည်း စားပွဲခုံပေါ်က  အရက်ခွက် ဘေးရှိမျက်မှန်ကို  ကောက်တပ်၍ ကြည့်လိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် ၀ါးတားတား။

‘ဆရာ့တပည့် သဘောင်္သား ဖိုးထောင်လေ’ ‘ဟ..ဖိုးထောင်ကြီးပါလား။ ပိန်ပြီးအသားတွေ ဖြူလို့ မှတ်တောင် မမှတ်မိဘူးကွာ၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ’ ‘ရောက်တာ ကြာပြီဆရာ၊ ဆရာနဲ့ မတွေ့ဖြစ်လို့၊ လကုန်ရင်ပြန်ထွက်မှာပါ”

ဖိုးထောင်က ထိုင်လက်စ ၀ိုင်းက သောက်လက်စ အရက်ခွက်ကိုသွားယူပြီး သူတို့ ၀ိုင်းထဲပြောင်းလာသည်။ ခင်မောင်ဝင်းကလည်း ခုံကိုချဲ့၍ နေရာပေးသည်။ ကျွန်တော်ဒီမှာ တစ်ယောက်တည်း ထိုင်နေတာကြာပြီ၊ ရယ်သံတွေကြားလို့ ကြည့်လိုက်မှ ဆရာတို့မှန်းသိရတယ်၊ ဘာတွေများ သဘောကျ ပြီးရယ်နေကြတာလဲ’

‘သြော်…ဒီခေတ်ကြီးထဲ အတုတွေပေါတဲ့ အကြောင်းပြောရင်းရယ်မိတာပါကွာ၊  ဒါနဲ့မင်းတို့နိုင်ငံခြား သဘောင်္လောကမှာရော အတုတွေ မပေါဘူးလား’ ဖိုးထောင်က ချက်ချင်းပြန်မဖြေ။ စီးကရက်တစ်လိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။ ပြီးမှရှိုက်ထားသော မီးခိုးများကို ဖွာထုတ်ရင်းပြောသည်။

‘ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်တော်တို့ နိုင်ငံခြားသင်္ဘောလောက၊ ရှိုးဂျော့ လောကတွေမှာ အတုတွေ အများကြီးပဲ၊ အလုပ်ခန့်စာအတု၊ စပွန်ဆာအတု၊ ပတ်(စ်)ပို့အတု၊ ဟောကျွန်တော်တို့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ မိန်းမအတု’

‘ဘယ်လိုဘယ်လို၊ မိန်းမအတုဟုတ်လား’

ဖိုးထောင်စကားပင် မဆုံးသေး၊ သူနှင့်ခင်မောင်ဝင် အံသြစွာဝင်ပြောလိုက်သည်။ ‘ဟုတ်တယ်ဗျ။ သင်္ဘောပေါ်မှာ မိန်းမအတုတွေရှိတယ် ’ဟာကွာ..မင်းကလည်း အတုတပ်ထားတဲ့ မိန်းမနေမှာပါ၊ မိန်းမအတုတော့မဟုတ်ပါဘူး’ နားမလည်သော ခင်မောင်ဝင်းက ၀င်ပြောတော့ ဖိုးထောင်ကရယ်သည်။

‘အတုတပ်ထားတာမဟုတ်ဘူး၊ တစ်ကိုယ်လုံးအတု ဖြစ်နေတဲ့ လေထိုးထားတဲ့ မိန်းမပုံ ရာဘာရုပ်ကြီးတွေကိုပြောတာ’ ထိုအခါကျမှ တ၀ါးဝါး ရယ်လေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသွားရင် သင်္ဘောပေါ်မှာ မိန်းမအတုတွေပဲရှိတယ်ဗျ၊ ကျွန်တော် ကတော့ အတုကို အစစ်ထက် ပိုပြီးကြိုက်တယ်’ သည်တစ်ခါတော့ သူရော ခင်မောင်ဝင်းရော ခေါင်းခါမိသည်။

‘မင်းကလည်းကွာ အစစ်ကို ဘယ်မီပါ့မလဲ၊ မင်းရူးများ ရူးနေလား’ ဖိုးထောင်ကတော့ သူတို့ကိုကြည့်၍ လေးနက်တည်ငြိမ်စွာ ပြုံးသည်။ ‘ဆရာတို့ တကယ်မကြုံသေးလို့ အတုရဲ့တန်ဖိုးကို မသိကြတာပါ’ သူလည်း အတော်လေးမူးနေသော ဖိုးထောင်နှင့် ဆက်၍ အတိုက်အခံ မပြောလိုသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် စကားတွေက မဆုံးနိုင်။ တောင်ရောက် မြောက်ရောက်နှင့် ပြောလိုက်ကြသည်မှာ ညမိုးချုပ်သည်အထိ။ သူရော၊ ခင်မောင်ဝင်းရော၊ ဖိုးထောင်ရော စကားတွေ လေးလံလာပြီး ခေါင်းငိုက်စိုက်ပင် ကျလာသည်။

* * *  * *       *  *  *  *   *         *  *  *   *

အရက်ဆိုင်မသွားဖြစ်တာလည်း အတော်ကြာသွားပြီ။ မိန်းမက သူအပြင်ထွက်သည်ကို မကြိုက်သောကြောင့် ညနေရောက်တိုင်း အိမ်ထဲမှာပဲ တစ်ယောက်တည်း သောက်ဖြစ်သည်။  ဖိုးထောင်လည်း ပြန်ထွက်သွားပြီဟုကြားရသည်။ အရက်ဆိုင်တွင် ကြုံခဲ့သော ညက ဖိုးထောင် ပြောခဲ့သော အကြိုက်ကတော့ တွေးမိတိုင်း အံ့သြ၍ မဆုံးနိုင်။ တော်တော်ထူးတဲ့ ကောင်၊ အတုမှ ကြိုက်ရတယ်လို့’ ဟု ဆိုညဉ်းမိသည်။

သူကတော့ အရက်မူးတိုင်း အိမ်ထဲရှိ အတုမှန်သမျှကို ရိုက်ခွဲပစ်ချင်သည်။ သို့သော်လည်း မိန်းမက သူ့ကိုရိုက်ခွဲမည် စိုးသောကြောင့် အသာငြိမ်နေမိသည်။ တစ်နေ့တော့ သူ့အိမ်ကို လူတစ်ယောက် ကပျာကယာနှင့် ပြေးလာသည်။

‘ဆရာ..ဆရာ…၊ ဆုံးခါနီးလူနာတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်ဆိုလို့၊ အမြန်လိုက်ခဲ့ပါဆရာ၊’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။

“ဗျာ..ဘယ်သူများလဲ’

‘ဟိုရောက်မှ တွေ့လိမ့်မယ်ဆရာ၊ လူနာကဆရာ့ကို အရမ်းတွေ့ချင်နေတယ်၊ အခုလိုက်ခဲ့ပါ၊’

သူလည်း နားမလည်နိုင်ဘဲ ထိုလူလာခေါ်သော ကားလေးနှင့် လိုက်သွားလေသည်။ ခြေတံတိုအိမ်လေးတစ်လုံး ရှေ့ရောက်မှ ‘ကျွိ’ခနဲ့ ရပ်သွားသည်။ သူလည်း သိလိုစိတ်ဖြင့် အိမ်ပေါ်ပြေးတက်သွားတော့ ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ပက်နှင့် လူတစ်ယောက်။ ကိုယ်အနှံ့မှာ အနာစိုများနှင့်။ ဆရာ…ဆရာ၊ ကျွန်တော်ဖိုးထောင်ပါ’

ကြက်သီးများပင် တဖြန်းဖြန်းထသွားသည်။

‘ဟင်…ဖိုးထောင်၊ မင်းပြန်ထွက်သွားပြီဆို’  ‘ဟုတ်တယ်ဆရာ၊ ကျွန်တော်လူတွေကို ပြန်ထွက်သွားပြီလို့ လိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။ ကျွန်တော့်မှာ AIDSရှိနေတာကြာပြီ။ ရှက်လို့ ထွက်ဟန်ဆောင်ပြီး ဒီမှာ တိတ်တိတ်ကလေး နေခဲ့တာ၊ ကျွန်တော့်အဖြစ်က ဆိုးလွန်းပါတယ် ဆရာရယ်။’

ပြောရင်း..ပြောရင်း မျက်ရည်များပင် လိမ့်ဆင်းလာသည်။ ‘အစစ်ကြောင့်ဆရာ၊ အစစ်ကြောင့် ကျွန်တော်ဒီလိုဖြစ်ရတာ၊ သင်္ဘောပေါ်မှာ မိန်းမအတုတွေနဲ့ပဲ ကျေနပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ အခုတော့ သင်္ဘောဆိပ်ကမ်းမှာ ကပ်တိုင်း အစစ်တွေနဲ့ တွေ့ခဲ့ လို့ ဒီလိုဖြစ်ရတာပါ၊ ဒါကြောင့်မို့ အတုတွေက တန်ဖိုးရှိတယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့ ဆရာရယ်၊’

စကားပြောရင်း ဖိုးထောင်မောလာသည်။ ‘စကားတွေ သိပ်မပြောပါနဲ့ ဖိုးထောင်ရယ်’ ဖိုးထောင်ကို ဖြေသိမ့်ရင်း အားပေးစကားတွေ ပြောခဲ့ရသည်။ သို့သော်လည်း ဖိုးထောင်၏ နောက်ဆုံးထွက်သက်ကို မကြားလိုသောကြောင့် ဖိုးထောင်ကို နာနာကျင်ကျင် နှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်သူ့ခြေလှမ်းများမှာ လေးလံပြီး သူ့စိတ်မှာ ထိုင်းမှိုင်းနေ၏။

*  *  *        *  *   *   *     *   *   *

ထိုညက တစ်ညလုံး အိပ်မပျော်ပေ။  ခြင်ထောင် မျက်နှာကြက်ကို မော့ကြည့်ရင်း တွေဝေနေသည်။ ညဉ့်နက်သည်အထိ သူ့စိတ်မှာ ချောက်ချားနေသည်။ လူ့လောက၏ အဖြစ်အပျက်တရားများကို စဉ်းစားရင်း ထိတ်လန့်နေမိသည်။ သူ့ကိုယ်မှာ ခုတင်ပေါ်တွင် ပက်လက်လန်လျှက်။ ဘေးမှာတော့  အအိပ်ကြီး၍ အအိပ်ကြမ်းသော သူ့ မိန်းမက တခေါခေါအိပ်နေရာမှ သူ့ဘက်လိမ့်လာသည်။ ခြေထောက်က သူ့ပေါင်ပေါ်လာခွပြီး လက်က သူ့ရင်ဘတ်ပေါ် လာတင်သည်။ သူ ချွေးများပြန်လာပြီး ခြေထောက်နှင့် လက်ကို သူ့ကိုယ်ပေါ်မှ အလျှင်အမြန်ဖယ်ချလိုက်သည်။

‘အစစ်ကြောင့်ဆရာ.. အစစ်ကြောင့်’ ဆိုသည့်ဖိုးထောင်၏ စကားများကို ကြားယောင်လာသည်။ ထိတ်ထိတ်လန့်လန့် ဖြစ်လာပြီး အိပ်ရာမှ ‘ငေါက်’ ခနဲ့ ထထိုင်လိုက်သည်။

“မဖြစ်ဘူး..မဖြစ်ဘူး၊ ဒီညကစပြီး ဒီမိန်းမနဲ့ ခွဲအိပ်ရတော့မယ်’ ခြင်ထောင်ထဲမှ ထွက်လိုက်ပြီး စောင်တစ်ထည်ကို ဆွဲယူကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ပြီးတော့ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာသည်။ ‘အင်း….ဖိုးထောင်ပြောတဲ့ အတုတစ်ခုလောက်တော့ ရှာဝယ်ရဦးမယ်

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )

 *  *  *        *  *   *   *     *   *   *

27.9.11

ဒေါက်တာထင်အောင်၏ စကားညွှန်း

၁၉၅၄ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်တွင် ပါမောက္ခချုပ် ဒေါက်တာထင်အောင် ရေးသားခဲ့သည့် စကားညွှန်း ဖြစ်ပါသည်။ ဖော်ပြခွင့် ပြုပါရန် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။







* * * * * * * * * * * * *

25.9.11

ညိုမိုး၊ နဂါးနီနှင့် လွတ်လပ်ရေး


ဓါတ်ပုံ - စကားဝါမြေမှ ယူပါသည်။

လွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း ၆၀ ကျော်ပေပြီ။ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ် စစ်အင်အားဖြင့် တိုက်ခိုက်ပြီး နိုင်ငံတစ်ပိုင်းကို ဖဲ့ယူပြီးနောက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် တိုက်ခိုက်ပြီးလျှင် တစ်ပြည်လုံးကို သိမ်းပိုက်ယူငင်သွားသည်။
၁၉၄၈ ခုနှစ်ကျမှ မြန်မာပြည်ချစ် အင်အားစုတို့၏ စစ်ရေး နိုင်ငံရေး ကြိုးပမ်းမှုများကြောင့် အင်္ဂလိပ်နယ်ချဲ့တို့ မြန်မာနိုင်ငံကို လက်လွှတ်ရပြီး ပြည့်စုံသော လွတ်လပ်ရေးကို ရရှိခဲ့သည်။ ၆၂ နှစ်ကြာမှ ရခဲ့သည့် လွတ်လပ်ရေး၊ တစ်ပိုင်းပြီးတစ်ပိုင်း မျိုသည်ကို ၁၂၂ နှစ်တိုင် ခံရပြီးမှ ရရှိသော လွတ်လပ်ရေး။
ဤမျှ တန်ဖိုးကြီးလှသော လွတ်လပ်ရေး အကြောင်းကို စဉ်းစားနေသည့် အခိုက်ဝယ်...
အိမ်ရှေ့သို့ ရောက်လာသော ထီလက်မှတ်ရောင်း လှည်းပေါ်မှ မိမိ၏ရင်၌ ကြားရသည့်အခါတိုင်း ဆိမ့်၍ သိမ့်သိမ့်တုန်ရသော တေးသံ ပေါ်ထွက်လာသည်။
“ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါသည်။ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ၊ ဒို့အမျိုးသားတိုင်းပြည်......” အစချီသော “နဂါးနီ” သီချင်းသံက ကြည်လင်ရီရွှင်စွာ ပျံ့လွင့်လာသည်။
ဤသီချင်းကို ပြည်ခွင်တစ်ဝန်း ပျံ့နှံ့ခေတ်စားပြီး ယနေ့ထက်တိုင် မရိုးနိုင်အောင် ကြိုးစားသွားသော “နဂါးနီ” စာအုပ်အသင်းနှင့် ထိုအသင်းကို တည်ထောင်ခဲ့သူ “နဂါးနီ ဦးထွန်းအေး” ကို ပြေး၍ အမှတ်ရသည်။


သစ်တောဝန်ထောက်၏ သားဖြစ်သူ မောင်ထွန်းအေး၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးတွင် (မြန်မာနိုင်ငံအစိုးရ၏ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ) ဖဆပလ ဦးဗဆွေတို့နှင့်အတူ ထားဝယ်မြို့၌ ကျောင်းသားသပိတ်ကို ခေါင်းဆောင်ခဲ့သူ မောင်ထွန်းအေး။
သူနှင့် (မြန်မာနိုင်ငံအစိုးရ၏ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ) ဦးနုတို့နှင့်အတူ ၁၉၃၇ ခုနှစ်တွင် နဂါးနီစာအုပ်အသင်းကို တည်ထောင်ခဲ့သည်။
“မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ပြောမည်ဆိုလျှင် နဂါးနီ စာအုပ်အသင်း၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ ရကောင်းမည်မဟုတ်ပါ။ ထိုအချိန်က မြန်မာလူမျိုးတို့၏ ဘ၀မှာ သူ့ကျွန်ဘ၀သို့ ရောက်ရှိနေခဲ့ရာ အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓါတ်တို့ အခြေခံရှိပြီးဖြစ်သည်။ ထိုအခြေခံ စိတ်ဓါတ်တို့ကို နိုးကြားလာစေရန်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေး အတွေးအမြင်များ ရရှိလာစေရန်အတွက် နဂါးနီစာအုပ်အသင်းက ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ကာလက ကမ္ဘာတွင် လွှမ်းမိုတွင်ကျယ်စပြုလာသည့် လက်ဝဲစာပေများကို ဘာသာပြန်ဆို၍ လူထုလက်ထဲသို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။
နဂါးနီစာအုပ် အသင်းသည် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတွင် “အုတ်တစ်ချပ် သဲတစ်ပွင့်” အဖြစ် အထောက်အကူပြုခဲ့သည်မှာ ငြင်းမရသော အကြောင်းအချက်ဖြစ်ပေသည်။”
ဒီလှိုင်း မဂ္ဂဇင်း၏ အမှာစကား၊ ၁၉၉၁ ခုနှစ် ၊ အယ်ဒီတာ စိုးမြင့်လတ်
လွန်ခဲ့သော ၁၈ နှစ်က ဒီလှိုင်း မဂ္ဂဇင်းက အထက်ပါအတိုင်း မြန်မာနိုင်ငံ ပြည်သူလူထုနှင့် နဂါးနီ ကို မိတ်ဆက်ပေးခဲ့သည်။
နဂါးနီ ဦးထွန်းအေး (၁၉၁၇ - ၂၀၀၁) သည် စာရေးဆရာကြီး ဦးသိန်းဖေမြင့်ရေးသော တက်ဘုန်းကြီး ဝတ္ထုနှင့် ထိုဝတ္ထုအတွက် ဦးနုက ရေးသော အမှာစာကိစ္စကြောင့် သံဃာထု မကျေနပ်မှုကြီး ဖြစ်ပေါ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ရောက်သွားသည်။ အိန္ဒိယတွင် M.A နှင့် B.L ဘွဲ့ရအောင် တက္ကသိုလ်ကျောင်း၌ ပညာသင်ယူနေသူ ကိုသိန်းဖေမြင့်နှင့် ပေါင်းမိသွားသည်။ ကွန်မြူနစ်ဝါဒအကြောင်း ဆွေးနွေးပွဲများသို့ တက်ရောက် နားထောင်ရပြီးနောက် ရုရှ စာရေးဆရာကြီးများရဲ့ ဝတ္ထုကြီးတွေဖတ်၊ ဆိုရှယ်လစ်ဝါဒရဲ့ အနှစ်သာရကို တွေ့မြင်လာ၊ ဆက်လက်ပြီး အင်္ဂလန်နိုင်ငံ လက်ဝဲစာအုပ်အသင်းက ထုတ်တဲ့ ဆိုရှယ်လစ်ဝါဒအကြောင်း စာအုပ်တွေ၊ တော်လှန်ရေးစာပေတွေ၊ နိုင်ငံများစွာရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဆိုင်ရာ စာအုပ်တွေနှင့် ရင်းနှီးလာသည်။ ထိုအခါ မြန်မာနိုင်ငံသို့ပြန်ပြီး ယင်းစာအုပ်များထဲမှ သင့်တော်ရာကို မြန်မာဘာသာသို့ ပြန်ဆိုပြီး စာအုပ်များ ထုတ်ဝေဖြန့်ချိလိုသောစိတ် ပေါ်ပေါက်လာသည်။ ဦးနုနှင့် တိုင်ပင်သောအခါ သူက စိတ်ထက်သန်စွာ သဘောတူသည်။
ဤတွင် ထိုအကြံအစည်ကို အကောင်အထည်ဖော်နိုင်ရန် နှစ်ယောက်သား ကြိုးစားကြတော့သည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ဆရာကြီး ဒီးဒုတ်ဦးဘချိုနှင့် တိုင်ပင်ရာ သူက သဘောကျ၍ “မင်းကလဲ စနေသား၊ မောင်နုကလဲ စနေသား (စနေဆိုတော့ နဂါးပေါ့) ထုတ်ဝေမယ့် စာအုပ်တွေကလည်း လက်ဝဲစာပေ (အနီ) ဆိုတော့ မင်းတို့ စာအုပ်အသင်းကို နဂါးနီ စာအုပ်အသင်းလို့ အမည်ပေးပြီး အလုပ်လုပ်ကြပေတော့” ဟု ဆရာကြီးက မင်္ဂလာဘိသိက် သွန်းလောင်းပေးသည်။
ဤတွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားချိန်အထိ နဂါးနီ စာအုပ်အသင်းအနေဖြင့် စာအုပ်ပေါင်း ၇၁ အုပ်နှင့် နဂါးနီ ဦးထွန်းအေး၏ ပုဂ္ဂလိက ထုတ်ဝေရေးအနေဖြင့် စာအုပ်ပေါင်း ၃၀ ထွက်ပေါ်လာခဲ့လေသည်။ စာရင်း အစုံမရသေး။
နဂါးနီ ဦးထွန်းအေးသည် ခရစ် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ကွယ်လွန်သည်။ မကွယ်လွန်မီ ၁၀ နှစ်က ဒီလှိုင်း မဂ္ဂဇင်း၏ အယ်ဒီတာ စိုးမြင့်လတ်နှင့် တွေ့ဆုံခန်းတွင် “နဂါးနီ” ၏ သမိုင်း အသေးစိတ်ကို ပြောပြသွားသည်။ အကြောင်းသင့်လျှင် ထိုတွေ့ဆုံခန်းကို ဆက်လက်ဖော်ပြပါမည်။ ကွယ်လွန်ခါနီး ဆေးရုံပေါ်၌ သူ နောက်ဆုံးပြောပြသွားသော စကားရပ်မှာ ....

နဂါးနီသီချင်း
(တေးရေး - ရွှေတိုင်ညွန့် ၊ ၁၉၀၉ - ၁၉၄၅ ဖေဖော်ဝါရီ ၂၆)
ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါသည်။ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ၊ ဒို့အမျိုးသားတိုင်းပြည်၊ မွဲတဲ့သူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏ မတဲ့ကိန်းဆိုက်ပြီ။
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်။ ဒို့နဂါးနီ သိဒ္ဓိတန်းခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ၊ အကျိုးထူးပေးတော့မယ်တဲ့ ခေတ်သစ်ထူထောင်မည်၊ ဧချမ်းသာယာစည် နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။
နေရေးနဲ့ စားသောက်ရေးပါ မနှေးအောင်ပင် ချောင်လည်ရမည်။ လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် ဒို့နဂါးနီ၊ ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်မည်၊ ကောင်းစားမယ် ဒို့မြန်ပြည် ရွှေမိုးရွာမည်။
သိဒ္ဓိအဖုံဖုံ နေ့စဉ်ညစဉ် ဖိုလ်မထိုးပဲ အကျိုးထူးပေးတော့မည်။ မြန်မာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးကိုပျံနိုင်မည်။ မွဲတဲ့လူတွေ ငွေမရှားအောင်လို့ ဆောင်ရွက်ကာမှန်း ထွက်ရပ်လမ်းပြမည်။

နဂါးနီ ဦးထွန်းအေး ဆေးရုံပေါ်တွင် မကွယ်လွန်မီ နောက်ဆုံးပြောခဲ့သည့်စကား
“ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့တတွေဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အသက်စွန့်လုပ်ကိုင်ခဲ့ကြတယ်။ ဒီလိုပါပဲ။ ဒီနေ့ခေတ် မျိုးဆက်သစ်လူငယ်တွေဟာလည်း တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် လုပ်နေကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ညိုမိုး၊ ရနံ့သစ် မဂ္ဂဇင်း ၊ အမှတ် ၅  ၊ ၂၀၀၉ မေလ။

 * * * * * * * * * * * * * * *
ဤဆောင်းပါးကို ရနံ့သစ်မဂ္ဂဇင်း လက်ရွေးစင်ဆောင်းပါးများ၊ ခေတ်ပြတိုက်စာပေ၊ ပထမအကြိမ်၊ ၂၀၁၀ ဇူလိုင်လ၊ စာမျက်နှာ ၂၃ - ၂၆ မှ တိုက်ရိုက်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံကိုလည်း စာမျက်နှာ ၂၅ မှ ကူးယူထားပါသည်။ စီးပွားရေးအလို့ငှါ ဖော်ပြခြင်း မဟုတ်ပါသဖြင့် ခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

17.9.11

ခိုင်ထူးသစ် ၊ လူအူသံ ။


Wheat Fields at Auvers Under Clouded Sky By VanGogh

လူအူသံ ”
ငိုသူများနှင့် ရင်းနှီးနေသော သူ့မျက်နှာတွင် အပြုံးအရယ်များ ပျောက်ဆုံးနေ၏။ မြို့ကလေးရဲ့ ဟို အဝေးက ရှင်းလင်းမှုမရှိသော လွင်ပြင်ကျယ်တစ်ခုတွင် နေထိုင်ရင်း အုပ်ဖွဲ့ငိုသံများကို သူ (တစ်ဝကြီး) နားဆင်နေရသည်။ ခပ်ပြဲပြဲ ခပ်ကျယ်ကျယ် ဖွင့်ငိုသံ၊ စူးစူးဝါးဝါး အော်ငိုသံ၊ ဟစ်ငိုသံ၊ ဆို့နင့်တိုးတိတ်သော ရှိုက်ငိုသံတို့ကို သူ့နားက အလိုလို ခွဲခြား၍ နားဆင်နိုင်သည်။ ပြီးတော့ ရင်ထဲထိ မြည်ဟည်းသွားသော ကြေးစည်တီး သံက သူ့ကို အမိန့်ပေးနေသည်။ အရွယ်မညီသော မြေစိုင်ခဲများပေါ်တွင် ဖိနပ်မပါသော သူ့ခြေဖ၀ါးများက သားသားနားနား ဖြစ်နေ တတ်သည်။
အရိုးနှင့်အသားကိုဖြည်းဖြည်းချင်းခွဲခြားပေးသော မြေကြီးပေါ်တွင်သူတစ်နေကုန် ပြေးလွှားနေရသည်။
“အဟင့်….အဟင့်….အဟင့်”
ဖြည်းဖြည်းချင်း ကျယ်လွင့်လာသော ပင့်ရှိုက်ငိုကြွေးသံများနှင့် သံပြိုင်ငိုသံများကို သူ ဥပက္ခာပြု ၍ မရခဲ့ပေ။ ပြီးတော့…… သူ့ဆီရောက်လာသော လူတစ်အုပ်က မငိုနိုင်သော လူတစ်ယောက်အား သူ့ဆီမှာ ထားခဲ့ပြီး ထွက်ခွာသွားသည်ကိုလည်း သူမငြင်းပယ်ခဲ့ပေ။
ညဘက်ပိုင်းကို ရောက်ရင်တော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ရှိလှသည်မို့ သူပျော်သ လိုလို ဖြစ်နေမိသည်။ သို့သော်လည်း အဘက အရက်နံ့များကို သယ်ဆောင်၍ သူ့အနားလာပြီး စကားပြောသော အခါမျိုးတွင်တော့ သူ အေးအေးဆေးဆေး နေ၍ မရတော့ပေ။
ဟိုး …ရှေးရှေးတုန်းကတော့ လူတစ်ယောက်သေရင် ရေးချိုးပေး၊ သနပ်ခါးလိမ်းပေးပြီး ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် သူ့ဘာသာ ထလျှောက်သွားတယ်တဲ့။ အခုချိန်မှာ အဲသလိုသာ ဖြစ်လာလို့ကတော့ အဘ က ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို မလုပ်တော့ဘူး။ ခေါင်ရမ်းစိုက်ပြီး  ဒီမြို့ထဲ ခေါင်ရမ်းပန်း လိုက်ရောင်းမယ် လူလေးရေ။”
ပြောလိုက် မော့လိုက် လုပ်နေသော  အဘကို လှမ်းကြည့်ရင်း  လက်ထဲက ပေါက်တူးတစ်လက် ကို သူပစ်ချလိုက်သည်။ လရောင်အောက်က အဘ၏ မျက်နှာပြဲပြဲ ဖောဖောကြီးသည် အဆီတ၀င်းဝင်းနှင့်။ တူးလက်စ မြေကျင်းဆီကို လှမ်းကြည့်နေသည်။

“ဟ….လူလေး တူးနေတဲ့ ကျင်းက ရှည်လှချည်လား” အဘက အားပါးတရ အော်ပြောလိုက်သော်လည်း သူဘာမှ ပြန်မပြောမိ။

“အင်း…အရပ်ရှည်တဲ့လူတွေက ငါတို့ကိုတော့ ဒုက္ခပေးတယ်နော်။”

အဘ၏ စကားအဆုံးတွင် ငှက်စုန်းထိုးသံ တစ်ချက်‘ဂီး’ခနဲ့ ထွက်ပေါ်လာသည်။ တိမ်မည်းတို့ လကိုရှပ်၍ ဖြတ်သန်းသွားသည်မို့ ရိပ်ခနဲ့မှောင်သွားပြီး ဖျပ်ခနဲ့ ပြန်လင်းလာသည်။ လေက  တဟူးဟူးတိုက်ခတ် နေဆဲ။ ဇရပ်ဆီက သွပ်ပြားနှင့် သစ်ကိုင်းတို့ ရိုက်ပုတ်နေသံကို သဲ့သဲ့လေး ကြားနေရသည်။

“အဘ၊ညဉ့်နက်ပြီ၊ သွားအိပ်တော့လေ” ခေါင်းငိုက်စိုက်ကျနေသော အဘသည် သူ့အနားမှာ ယိုင်တိုင်ယိုင်တိုင် ဖြစ်နေရာမှ  တစ်လှမ်းချင်း လျှောက်သွားသည်။

“လေအရမ်းတိုက်တယ်၊ ဇရပ်ပေါ်မှာမအိပ်နဲ့၊ တဲထဲဝင်အိပ်”

ဖြည်းဖြည်းချင်းဝေးသွားတော့မှ မြေစိုင်ခဲများပေါ်ကပေါက်တူးကို ကောက်ကိုင်ရင်း အဘကိုလှမ်း အော်မိသည်။သူ့မျက်နှာပေါ်မှာတော့ချွေးတဒီးဒီးကျနေသည်။မြေစိုင်မြေသားများက မာကျောလွန်းသည်။ ဟိုးဝေးဝေးက အုတ်ဂူဖွေးဖွေးလေးတွေဆီမှာ ကျနေသော အရိပ်များသည် လရောင်အောက်တွင် တညီတညာတည်း ဖြစ်နေ၏။ အရိပ်မည်းမည်းကြီး ကျနေသော ဇရပ်ဆ်ီကို လှမ်းကြည့်ရင်း အဘ ခဏခဏ ပြောပြတတ်သည့် စကားများကို ကြားယောင်လာသည်။ အဘက ဇရပ်ထိပ်ကို ရောက်တိုင်း အဝေးဆီက သစ်ပင်တန်းတစ်အုပ်ကို လှမ်းငေးရင်း အတိတ်ဇာတ်ကို ပြန်ပြောနေတတ်သည်။

လူလေးကိုတွေ့ခဲ့တာ ဟိုးသစ်ပင်တန်းအဆုံးက တံတားထိပ်မှာပေါ့။ မင်းလက်ထဲမှာ နို့ဗူးလေး တစ်လုံးကလွှဲပြီး ဘာမှပါမလာဘူး။ မင်းဘေးနားတော့ ခြေရာတွေ အများကြီးရှိနေတယ်။  လူတွေက  မင်းကိုတွေ့ပေမယ့်ပွေ့ချီသွားဖို့သတ္တိမရှိကြဘူး။ အဘကတော့ ‘တောက်’ တစ်ချက်ခေါက်မိပေမယ့် မင်းကိုပွေ့ချီခဲ့တယ် လူလေး။ ”

လေးတွဲ့တုန်ခါနေသောအဘ၏အသံကသူ့နှလုံးသားကိုထိုးခွင်းနေသည်။တကယ်တော့ စွန့်ပစ်သူနဲ့ စွန့်ပစ်ခံရသူရဲ့ကြားမှာ နားလည်ရခက်တဲ့ဒုက္ခတရားတွေရှိတယ်လူလေး။ စွန့်ပစ်ခံရသူက စွန့်ပစ်သူကို အပြစ်တင်ချင်ပေမယ့် စွန့်ပစ်ရတဲ့ အကြောင်းကို မသိတော့လည်း အပြစ်တင်ဖို့က ခပ်ခက်ခက်ပါလား။ တကယ်လို့သာ သူတို့ဟာသူတို့ ကိုယ်တိုင်ကိုရပ်တည်လို့ မရနိုင်တဲ့အတွက် လူလေးကို စွန့်ပစ်တယ်ဆိုရင်  လူလေး သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့က လူလေးကိုစွန့်ပစ်တာ မဟုတ်ဘူး။ စွန့်လွတ်တာ။ တကယ်လို့များ သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားအတွက် လူလေးကို စွန့်ပစ်တာ ဆိုရင်တော့လူလေး သူတို့ကို အပြစ်တင်သင့်တယ်။”

အုံ့မှိုင်းမှိုင်း သစ်ပင်တန်းများဆီမှ ငှက်တစ်အုပ် ပျံသန်းလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် အုတ်ဂူများ၊ မြေပုံမို့မို့များ၊ သစ်သားမှတ်တိုင်များ….။ နားထဲတွင်ကြေးစည်တီးသံများ တစ်ချက်ပြီးတစ်ချက် လွင့်ဝဲလာသည်။

အဝေးဆီက တရွေ့ရွေ့ ချီတက်လာသော  လူတစ်အုပ်ကို အဘမြင်သွားတော့သူပုခုံးကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

“လူလေး သူတို့အပေါ်မှာတာဝန်ကျေရမယ်နော်။ဒီအထဲမှာ မင်းမိဘနှစ်ပါး ပါမလာဘူးလို့မပြောနိုင် ဘူး။တကယ်လို့သာ မင်းမိဘနှစ်ပါးကို သင်္ဂြိင်္င်္ဲုဟ်ခွင့်ရလိုက်ရင် မင်း ဒီနေရာကိုရောက်ရကျိုးနပ်ပြီ”

ကြေးစည်တီးသံကသူ့ရင်ထဲထိမြည်ဟည်းသွားသည်။ ငိုသံများနှင့်ရွာသွန်းနေသော မျက်ရည်မိုးများကို ရှုငေးနေဖို့သူ့မှာအချိန်မရှိ။ ဂူသွင်းမှာလား၊မြေချမှာလား၊ မီးရှို့မှာလား…။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ထဲတွင်သူအလုပ်ရှုပ်နေတာကိုဘယ်သူကမှသတိမပြု။ အသိအမှတ်မပြုကြ။ စုတ်ပြဲညစ်ထေးနေသော သူ့အင်္ကျီကိုကြည့်၍ နှာခေါင်းရှုံ့ကြသူများက သူ့ကိုပန်းခွေတစ် ခွေလောက်ပင် တန်ဖိုးမထားနိုင်ကြပေ။

“ခြေမကိုကြိုးနဲ့ချည်ရဲ့လားဗျ။ဖြည်းဖြည်းမကြပါ။ဖြည်းဖြည်းချကြပါ။”

သူကတော့အသက်မရှိတော့သည့် လူတစ်ယောက်နာကျင်သွားမှာကိုပင် စိုးရိမ်နေမိသည်။

“ဘာရောဂါနဲ့လဲ”

အဘကရောက်လာသူတိုင်းကို သည်လိုမေးတတ်သည်။ ရောဂါ အသစ်အဆန်း၊ နာမည်ဆန်းဆန်းလေးတွေ ဆိုရင် ထပ်ပြန်တလဲလဲမေး၍ လိုက်ရွတ်နေတတ်သည်။

“ဘာရောဂါမှမဟုတ်ဘူးဗျို့၊သူ့ကိုယ်သူ စီရင်လိုက်တာ” ဆိုလို့ကတော့ အဘပါးစပ်က ‘ထွီ’ခနဲ့မြည်သွား ပြီး လှည့်၍ပင် မကြည့်တော့ပေ။

*   *   *   *   *   *    *   *  *  *  *  *  *

“လူတွေက လူတွေကိုစွန့်ပစ်ရာမှာ အသက်မရှိမှစွန့်ပစ်ကြသလို အသက်ရှိရက်နဲ့လည်းစွန့်ပစ်တတ်ကြတယ်။အဘကတော့စွန့်ပစ်ခံရတဲ့လူဆိုရင်အသက်ရှိတဲ့လူရော၊ အသက်မရှိတော့တဲ့လူရောအကုန်လုံးကိုလက်ခံထားချင်တယ်။”

အုတ်ဂူတစ်လုံးပေါ်ထိုင်နေသောအဘသည် မြို့ကလေးရှိရာ  သစ်ပင်အုပ်များဆီကိုငေးမောလျှက် စကားတွေအများကြီးပြောနေတတ်သည်။ အဘ၏စကားများကို နားထောင်ရင်း သူ့လက်များကမြေစိုင်ခဲများကို ဆုပ်ခြေနေမိသည်။

“အဘသေရင်ဘယ်သူငိုမှာလဲ”

“ကျွန်တော်ငိုမှာ အဘ”

အဘသည်လိုမေးတိုင်းသူကမဆိုင်းမတွပြန်ဖြေတတ်သည်။

“မငိုပါနဲ့လူလေးရယ်၊ငိုသံတွေကိုအဘ မကြားချင်တော့ဘူး။ဘ၀တစ်လျှောက်လုံး ကြားခဲ့ရတဲ့ငို သံတွေ၊နေ့စဉ်နေ့တိုင်းကြားနေရတဲ့ငိုသံတွေကို အဘရွံမုန်းနေပြီ။အဘနဲ့ဝေးနေတဲ့ရယ်သံတွေကိုပဲ အဘကြားချင်တယ်။”

အဘကိုသူနားမလည်စွာမော့ကြည့်နေမိသည်။

“အေး…အဘမသေခင်မင်းသေသွားဦးမယ်နော်။ညရေးညတာမှာ ဘယ်ကိုသွားသွားလက်နှိပ်ဓာတ် မီးယူသွား။မြွေပါးကင်းပါးသတိထား။အေး…မင်းသေလို့ကတော့အဘကငိုမှာမဟုတ်ဘူး။ အဘသေရင်လည်း မင်းမငိုနဲ့” အဘက သည်လိုပြောပြီး တ၀ါးဝါး ရယ်နေတတ်သည်။ တစ်ခါတစ်ခါမှာလည်းသူ့ခေါင်းကိုလက်နှင့်ပုတ်ပြီး ငယ်ဘ၀တွေကို ပြန်ပြောရင်း ရယ်နေတတ်ပြန်သေးသည်။

"လူလေး..မင်းကနှယ်နှယ်ရရကောင်မဟုတ်ဘူးကွ။မင်းငယ်ငယ်ကအရိုးခေါင်းတွေကို ဘောလုံးလုပ် ပြီး ကန်ခဲ့တာ။”

*   *   *   *   *    *   *   *   *

နှင်းရိုင်းများသိမ်းပိုက်ထားသည့် ဆောင်းညတစ်ညတွင် အဘ ကွယ်လွန်သွားသည်။ အေးစက်မာကျောနေသော အဘ၏ အလောင်းကို သူ ကိုယ်တိုင်ပွေ့ချီ၍မြေကျင်းထဲသို့ ဖြည်းဖြည်းချင်း ချ လိုက်သည်။ သူ့ရင်ထဲတွင် ဆို့နင့်နေ၏။ မျက်ဝန်းတစ်ခုလုံး ပူလောင်နေသည်။ မြေစိုင်ခဲများကိုကျင်းထဲတွန်းချရင်း သူအော်ငိုလိုက်ချင်သည်။

သို့သော်လည်းအဘက ငိုသံတွေကို ကြားချင်တာမဟုတ်။ သူ့ကိုမငိုဖို့ မှာသွားသည်။ ငိုသံများကို နားဆင်ရင်း ဘ၀ခရီး ဆုံးသွားသော အဘက ရယ်သံများကိုသာ ဆာလောင်ခဲ့သည်မို့ သူမငိုမိအောင် ထိန်းထားရသည်။

အဘကိုသူသိပ်ချစ်သည်။ သူသိပ်ငိုချင်သည်။ နောက်ဆုံးတော့ အဘရဲ့မြေပုံရှေ့မှာ သူ လေးဖက်ထောက်လိုက်ပြီးခွေးတစ်ကောင်လို အူပစ်လိုက် လေတော့သည်။

ခိုင်ထူးသစ်

(မြားနတ်မောင်မဂ္ဂဇင်း။၂၀၀၃ဇူလိုင်)