27.8.11

တက္ကသိုလ်နေ၀င်း ၊ အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) ၊ ကောက်နှုတ်ချက် ၁။


ဆရာ တက္ကသိုလ်နေ၀င်း မြန်မာဘာသာသို့ ပြန်ဆိုထားသည့် အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) စာအုပ်မှ မျှဝေချင်သည် အကြောင်းအရာ မှတ်တမ်း အနည်းငယ်ကို မြန်မာဘာသာပြန်ထားသည့် စာအုပ်မှ တိုက်ရိုက်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။ စီးပွားရေး အကျိုးအလို့ငှါ ကူးယူဖော်ပြခြင်း မဟုတ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်နှင့် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။

ဗြိတိသျှသံအဖွဲ့သည် ၁၈၅၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗြိတိသျှပိုင် ရန်ကုန်မြို့မှ မင်းတုန်းမင်း အုပ်စိုးနေသည့် အမရပူရ နန်းမြို့တော်သို့ ရေကြောင်းခရီးဖြင့် စတင်ထွက်ခွာခဲ့ကြပါသည်။ လမ်းခရီး တလျှောက် တွေ့ကြုံခဲ့ရသမျှကို သံအဖွဲ့ဝင် Henry Yule က စာဖြင့် အသေးစိတ် မှတ်တမ်းတင်ခဲ့ပါသည်။ ၁၈၅၅ ခုနှစ် အထက်မြန်မာနိုင်ငံအကြောင်း မှတ်တမ်းများဖြင့် ပြည့်နေသည့် ဤစာအုပ်၏ စာမျက်နှာများသည် တမျက်နှာကိုမျှ ပစ်ပယ်ရက်စရာ မရှိအောင် ကောင်းမွန်နေပါသည်။

ယခု ကောက်နှုတ်ချက်မှာ ၁၈၅၅ ခုနှစ်ကာလက ဧရာဝတီမြစ်တွင်း သွားလာနေသည့် မြန်မာတို့၏ လှေများနှင့် ရေနံထုတ်လုပ်မှုအကြောင်းများ ဖြစ်ပါသည်။ နောက်ထပ် မင်းတုန်းမင်း ၊ ကနောင်မင်း ၊ မကွေးမင်းကြီး နှင့် သံအဖွဲ့ ခေါင်းဆောင် အာသာဖယ်ရာတို့ တွေ့ဆုံ စကားပြောဆိုကြသည့် မှတ်တမ်းများကိုလည်း ဖော်ပြဦးမည်ဖြစ်၏။

Henry Yule  က စာဖြင့် မှတ်တမ်းတင်ခဲ့သည့်နည်းတူ ဓါတ်ပုံပညာရှင် Captain Linnaeus Tripe
(14 April 1822 – 2 March 1902) 
နှင့် ပန်းချီအနုပညာရှင် Colesworthy Grant (1813 – 1880)   တို့ကလည်း ဓါတ်ပုံများ ၊ ပန်းချီကားများဖြင့် ၁၈၅၅ ခုနှစ် အမရပူရ ခရီးစဉ်တလျှောက် မှတ်တမ်းများ တင်ခဲ့ကြပါသည်။ ဓါတ်ပုံများနှင့် ပန်းချီကားများကို 
အောက်ပါ လင့်များတွင် ရယူနိုင်ပါသည်။

http://www.mediafire.com/?gyi8vt9b9pa3n75

http://www.mediafire.com/?z9ypq726494lac2


*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *




Narrative of the Mission to The Court of Ava In 1855. By Henry Yule

တက္ကသိုလ်နေ၀င်း (မြန်မာပြန်)  အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)

စပယ်ဦးစာပေ ၊ ပထမအကြိမ် ၊ မျက်နှာဖုံး ပန်းချီ - မောင်မောင်သိုက် ၊ ၁၉၇၈ သြဂုတ်လ ၊ တန်ဖိုး - တဆယ့်ခြောက်ကျပ်


မူရင်းစာအုပ် ရေးသားသူ Henry Yule ၏ နိဒါန်း (အပြည့်အစုံမဟုတ်ပါ)

အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲပြီးဆုံး၍ တနှစ်ခွဲခန့် အကြာ ၁၈၅၅ ခုနှစ်ဆန်းတွင် မြန်မာဘုရင်က (မင်းတုန်းမင်း) အိန္ဒိယဘုရင်ခံချုပ် လော့ဒ်- ဒါလဟိုဇီ ထံသို့ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ခဲ့လေသည်။ ဘုရင်ခံချုပ်ကြီးကလည်း လက်ဆောင်များဖြင့် လာရောက်သော မြန်မာဘုရင်၏ ကိုယ်စားလှယ်အဖွဲ့ကို ကောင်းမွန်စွာ လက်ခံပြီးနောက် တုံ့ပြန်သောအားဖြင့် ထိုနှစ်တွင်ပင် ဗြိတိသျှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာဘုရင်ထံသို့ စေလွှတ်လိုက်ပါမည်ဟု ကတိစကား မှာကြားလိုက်ခဲ့၏။

ထို့ကြောင့် ထိုနှစ် ၁၈၅၅ နွေရာသီ ကာလတွင် ဗြိတိသျှ ချစ်ကြည်ရေး သံတမန် အဖွဲ့တဖွဲ့သည် မြန်မာဘုရင်၏ အင်းဝရွှေနန်းသို့ သွားရောက်ခဲ့ရလေရာ အဖွဲ့ခေါင်းဆောင် ဗြိတိသျှ အထူးသံအဖြစ် ရွေးချယ်ခံရသူကား ဗြိတိသျှပိုင်နယ် မြေသစ်ဖြစ်သော ပဲခူးပြည်နယ် ဘုရင်ခံ မေဂျာ (ဗိုလ်မှူး) အာသာဖယ်ယာပင် ဖြစ်လေသည်။ (Arthur Phayre)

ကျွန်ုပ်မှာ အဖွဲ့ခေါင်းဆောင် အထူး သံတမန်၏ အတွင်းရေးမှူးအဖြစ် လိုက်ပါရန် ရွေးချယ်ခြင်းခံရပြီး ကျွန်ုပ်၏ တာဝန် ၀တ္တရားများအနက် တခုသော တာဝန်ကား သံတမန်အဖွဲ့၏ မှတ်တမ်းကို နောင်တနေ့ ပုံနှိပ်ထုတ်ပြန်ရန်အတွက် အသေးစိတ် ရေးသားပြုစုရန်ပင်ဖြစ်၏။

ကျွန်ုပ်လည်း ယင်းမှတ်တမ်းကို ရေးသားပြုစုခဲ့ရာ ပြီးစီးသွားသောအခါ အစိုးရ အသုံးပြုရန်အတွက် ကလကတ္တားမြို့တွင် စောင်ရေအနည်းငယ်သာ ပုံနှိပ်ခဲ့၏။ ဗြိတိသျှ အစိုးရနှင့်တကွ တာဝန်ရှိ ပုဂ္ဂိုလ်များ အပိုင်းမှ ယင်းမှတ်တမ်းကို သဘောတူ အတည်ပြုပြီးနောက်တွင်ကား ယခုလက်ရှိ ပုံစံအတိုင်း ထုတ်ဝေလိုက်ခြင်း ဖြစ်ပေသည်။

...........။ ..............။ ................။..................။................။...................။

ဟင်နရီ ယူးလ်
အလာဟာဘတ်မြို့
၁၈၅၇ ခုနှစ် အောက်တိုဘာလ ၃ ရက်

၁၈၅၅ ခုနှစ် သြဂုတ်လ ၁၂ ရက်။

............။...............။ မွန်းလွဲ တနာရီအချိန်တွင် ကျွန်ုပ်တို့သည် မင်းလှမြို့သို့ ဆိုက်ရောက်သွားရာ ကျွန်ုပ်တို့အား ကြိုဆိုစောင့်ရှောက်လိုက်ပါရန် မြန်မာဘုရင်က ခန့်အပ်စေလွှတ်လိုက်သော အဖွဲ့သည် ကျွန်ုပ်တို့၏ သင်္ဘောပေါ်သို့ တက်လာပါတော့သည်။........။ အဆိုပါ မြန်မာအကြိုတော် အဖွဲ့သည် စစ်လှေယာဉ် ခြောက်စင်းဖြင့် ကျွန်ုပ်တို့၏ သင်္ဘောနှင့် ဘေးချင်းယှဉ်ဆိုက်လာပြီး သင်္ဘောပေါ် တက်လာကြ၏။ ကျွန်ုပ်တို့အနေဖြင့် မြန်မာစစ်လှေယာဉ်ကို ပထမဆုံးအကြိမ် မြင်ဘူးခြင်းဖြစ်၏။ ယင်းတို့ကား ကျွန်ုပ်တို့ နားလည်သော ကနူး (Canoe) ခေါ် လှေမျိုးသဏ္ဌာန်  ဖြစ်ပြီး အရွယ်အစားအားဖြင့် အလွန်ကြီးမားလျက် လှေလှော်သား တဖက်လျှင် ၂၀ မှ ၃၀ ခန့် လှော်ခတ်ရ၏။ လှေကြီး၏ ကိုယ်ထည်ကို ပြင်ဘက်မှ ရွှေချထားသည့်ပြင် အချို့သော လှော်တက်များကိုပင်လျှင် ရွှေချထားသည်ကို သတိပြုမိပါသည်။ လှေလှော်သားများကား ကာယဗလ ကြံ့ခိုင် တောင့်တင်းသူများဖြစ်ပြီး ဦးခေါင်းတွင် ၀ါးခမောက်များ ဆောင်းထားသည်။ အချို့ကမူ အနက်ရောင် အင်္ကျီနှင့် သပ်ရပ်ခြင်း မရှိသော စစ်ဝတ်စုံ ယူနီဖောင်း ၀တ်ဆင်ထား၏။ လှေဦးတွင်ကား ကြီးမားသော အဖြူရောင်ငွေနားကွပ် မြန်မာဒေါင်းလံကြီး တခုကို လွှင့်ထူထား၏။ အလံတိုင်၏ ထိပ်ဖျားကိုမူ မှန်စီရွှေချ မွမ်းမံ၍ ထား၏။ ဒေါင်းလံလွှင့်ထူထားရာ အလံတိုင်၏ အောက်ခြေနားတွင် မြန်မာဘုရင်၏ အမှတ်အသား အဆောင်အယောင်ဖြစ်သော ရွှေထီးတလက်ကို စိုက်ထူ၍ ထားပါသည်။

..........။ ..........။ မင်းလှဆိပ်ကမ်းတွင် လှေအတော်များများ တွေ့ရရာ အချို့လှေများမှာ ဧရာဝတီ မြစ်ကြောင်းအတိုင်း ကုန်စည်သယ်ဆောင်သည့် လှေကြီးမျိုး အချို့ကိုလည်း တွေ့ရ၏။ သို့သော် ထိုလှေမျိုး နှစ်စင်းပေါင်းမှ ကုန်တန်ချိန် ၁၂၀ - ၁၃၀ ထက်ပို၍ တင်နိုင်မည် မထင်ချေ။

ဧရာဝတီမြစ်ထဲတွင် မြန်မာလူမျိုးတို့ အသုံးပြုသော လှေများမှာ နှစ်မျိုးနှစ်စားရှိပြီး တခုနှင့် တခု တည်ဆောက်ပုံချင်း မတူဘဲ လုံးဝခြားနားပါသည်။ လှေကြီးများကို “နှော” ဟု ခေါ်၏။ အရွယ်အစား ပမာဏ အမျိုးမျိုး ရှိသော်လည်း ပုံစံက အတူတူချည်းဖြစ်၏။ တည်ဆောက်ရာတွင် တခုတည်းသော သစ်လုံးကို ထွင်း၍ လှေ၏ ကိုယ်ထည်လုပ်ထား၏။ လှေ၏ ဦးပိုင်းက နိမ့်ပြီး ပဲ့ပိုင်းက မြင့်၏။ ထိုပဲ့ပိုင်းတွင် ပဲ့ကိုင်သူ အတွက် စင်မြင့်တခု ပြုလုပ်ထား၏။ လှေ၏ ပဲ့ကား လှော်တက် အကြီးစားနှင့် တူပြီး ၄င်းကို ကိုင်တွယ် ထိန်းသွားရန်အတွက် လက်ကိုင်တခု တပ်ဆင်ထား၏။ ရွက်တိုင်က အရှင်ဖြစ်ပြီး အသုံးမပြုလိုလျှင် ဖြတ်၍ လှဲချထားနိုင်၏။ လှေ၏ ရွက်မှာ ရွက်မကြီးတခုအပြင် ထိပ်ပိုင်း၌ နောက်ထပ် ရွက်ငယ်တခုပါ ထပ်ဆင့်ထား၏။ လှေ၏ အနေအထားအရ လေမကောင်းလျှင် ရွက်တိုက်သွားရန် အတော်ခဲယဉ်းမည့်ပုံရှိ၏။ သို့ရာတွင် ဧရာဝတီမြစ်ကို ဆန်တက်ရာတွင် (အိန္ဒိယပြည် ဂင်္ဂါမြစ်ကဲ့သို့ပင်) များသောအားဖြင့် လေသင့်သည်က များသည်ဟု သိရပါသည်။ ယင်းလှေမျိုး အုပ်စုဖွဲ့၍ ရွက်လွှင့်ဆန်တက်သွားသည်ကို မြင်ရလျှင် လိပ်ပြာကြီးများ သင်းဖွဲ့၍ ရေပြင်ပေါ်တွင် လျှပ်ပျံသွားနေဘိသကဲ့သို့ လှပကြည့်ကောင်းလှ၏။

ဒုတိယ လှေအမျိုးအစားကား “ပိန်းကော” ဟုခေါ်၏။ ဤလှေမျိုးကို ဧရာဝတီမြစ်ရိုး တလျှောက်လုံး၌ အသုံးပြုကြသော်လည်း ရေနံဆီ ဓါတ်ဆီများ တင်ဆောင်သယ်ယူရန် အများဆုံး အသုံးပြုသည်ကို ရေနံချောင်းမြို့တွင် အများဆုံး တွေ့ရပါသည်။ ပိန်းကောလှေ ဆိုသည်မှာ နှော ကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ လှေ၏ အောက်ပိုင်းက ပြားပြားဖြစ်၏။ သစ်လုံး တလုံးထဲကို ထွင်းလုပ်ထားခြင်း မဟုတ်ဘဲ သစ်သားပျဉ်ချပ်များကို စပ်၍ထား၏။ ရံဖန်ရံခါ ရွက်ကို အသုံးပြုသော်လည်း များသောအားဖြင့် လှော်တက်များဖြင့် လှော်ခတ်၍၄င်း၊ ထိုးဝါးများဖြင့် ထောက်ထိုး၍၄င်း ရွေ့လျားသွားစေပါသည်။ သို့သော် ရွက်၏ ပုံစံက နှော လှေမှ ရွက်နှင့် ပုံစံချင်း မတူချေ။ မည်သို့ပင်ဖြစ်စေ ဖော်ပြပါ လှေနှစ်မျိုးလုံးကို ဧရာဝတီ မြစ်ကြောင်းတလျှောက် မြန်မာလူမျိုးတို့က အသုံးပြုနေကြပါသည်။ (စာမျက်နှာ ၄၂ - ၄၈)

မြန်မာ စစ်လှေယာဉ်များကို မင်းကွန်းအနီးတွင် တွေ့မြင်ရပုံ သရုပ်ဖော် ပန်းချီကား (ဂရန့် - ၁၈၅၅)
ဧရာဝတီမြစ်အတွင်း သွားလာနေသည့် လှေများကို သရက်မြို့အနီး တွေ့မြင်ရပုံ သရုပ်ဖော် ပန်းချီကား (ဂရန့် - ၁၈၅၅)
၁၈၅၅ ခုနှစ် သြဂုတ်လ ၁၄ ရက်

ကျွန်ုပ်တို့သည် ယနေ့နံနက် ၆ နာရီခွဲ အချိန်တွင် ခရီးဆက်ထွက်ခဲ့ကြရာ မွန်းလွှဲ ၂ နာရီခွဲ အချိန်တွင် ထိုနေ့အဖို့ ခရီးတထောက် ရပ်နားရမည့် ရေနံချောင်းမြို့သို့ ဆိုက်ရောက်သွားပါသည်။ ..........။ ရေနံချောင်းဆိုသည်မှာ ရေနံထွက်သော နေရာဖြစ်ခြင်းကို အကြောင်းပြု၍ မြို့အမည် မှည့်ခေါ်ထားကြောင်း သိရပါသည်။ ........။ ရေနံချောင်းမြို့တမြို့လုံး ရေနံ အနံ့များ ပြန့်နှံ့လျက် ရှိနေပါသည်။ မြန်မာတို့ ရေနံထည့်သော မြေအိုးများကိုလည်း နေရာတကာတွင် တွေ့ရပါသည်။ မြစ်ကမ်း တလျှောက်နှင့် မြို့ပြင်တ၀ိုက်တွင်ကား မြေအိုးထုတ်လုပ် ရောင်းချသူများ၏ ဖိုများရှိပါသည်။

သြဂုတ်လ ၁၅ ရက်

ကျွန်ုပ်တို့သည် ရေနံတွင်းများကို လှည့်လည်ကြည့်ရန် နံနက် စောစောကပင် စတင်ထွက်ခဲ့ကြပါသည်။ မြန်မာအကြိုတော်အဖွဲ့က ကျွန်ုပ်တို့ စီးရန်အတွက် မြင်းများလည်း စီစဉ်ပေးပါသည်။ ...............။ ကျွန်ုပ်တို့သည် ဖြစ်သလို ကြံဖန်စီးသွားကြလေရာ မြို့ပြင်ဘက် သုံးမိုင်ခန့်အကွာသို့ ရောက်သောအခါ အဓိက ရေနံတွင်းများတည်ရှိရာ ကုန်းမြေမြင့်တခုသို့ ရောက်သွားကြပါသည်။ ကုန်းမြေမြင့်၏ မျက်နှာပြင်က ညီညာပျံ့ပျူးခြင်းမရှိဘဲ နိမ့်တုံမြင့်တုံနှင့် ချိုင့်ဝှမ်းများ ဖြစ်နေပါသည်။ ရေနံတွင်းအများဆုံးမှာ ကုန်းမြေမြင့်၏ မြောက်ဖက်နှင့် အရှေ့တောင်ဘက် ဆင်ခြေလျှောများတွင် ဖြစ်ပါသည်။


မြန်မာ အရာရှိများ ပြောပြချက်အရ ရေနံတွင်း အရေအတွက်က တရာခန့်ရှိသည်ဟု ဆိုသော်လည်း အချို့သော တွင်းများမှာ ရေနံကုန်ခန်းနေပြီဖြစ်၍ နောက်ထပ်တူးဖော်ခြင်း မပြုတော့ကြောင်း သတိပြုမိပါသည်။ ရေနံတွင်းများ၏ အနက်ပမာဏကား မြစ်ရေပြင်မှ တွင်းထိပ်ဝ၊ အမြင့်သို့ တိုင်းထွာချက်ကို လိုက်၍ တတွင်းနှင့် တတွင်း မတူဘဲ ကွာခြားပါသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် ကြိုးဖြင့် တိုင်းထွာကြည့်ရာတွင် ရေနံတွင်းများသည် ပေ ၁၈၀ မှ ၂၇၀ အထိ နက်ကြောင်း တွေ့ရပါသည်။ သို့သော် တွင်းတခုကား ရေနံတွေ့ရှိသည့်တိုင်အောင် တူးရာတွင် မြေအောက်သို့ ပေ ၃၀၀ ခန့်အထိ နက်သည်ဟု ဆိုပါသည်။

ကျွန်ုပ်တို့ ခန့်မှန်းကြည့်ရသလောက် ရေနံတွင်းများ တည်ရှိရာ ဧရိယာ အကျယ်အ၀န်းမှာ စတုရန်းမိုင်ဝက် ခန့်သာရှိမည်ဟု ထင်ပါသည်။ ရေနံတွင်းများသည် တခုနှင့်တခု နီးကပ်လျက်ရှိပြီး အဝေးဆုံးဆို၍ ပေတရာခန့်သာ ကွာဝေးပါသည်။ တွင်းများမှာ အားလုံးလိုလို အသွင်သဏ္ဌာန် တမျိုးတည်း ဆင်တူဖြစ်ပြီး တွင်းထိပ်ဝ အကျယ်အ၀န်းက လေးပေခွဲ - သုံးပေခွဲခန့် ရှိပါသည်။


မြန်မာလူမျိုးတို့ ရေနံထုတ်လုပ်ရာတွင် စက်ကိရိယာနှင့်တူသည့် ပစ္စည်းဆို၍ သစ်သား စက်ဘီးကဲ့သို့ သစ်လုံးငယ်တခုကို တွင်းထိပ်တွင် တန်းပစ်၍ ကြိုးဖြင့် ရေနံခပ်ယူခြင်းသာလျှင် တွေ့ရပါသည်။ ယင်းကြိုးဖြင့် မြေအိုးတလုံးချည်၍ ရေခပ်သလို တွင်းအောက်မှ ရေနံကို ခပ်ယူကြပါသည်။ ကျွန်ုပ်တို့ သွားရောက်ကြည့်ရှုသော နေရာမှ တောင်ဘက်တမိုင်ခန့်တွင်လည်း ရေနံတွင်းများ အုပ်စုတစု ရှိသေးကြောင်း သိရပါသည်။

ရေနံချောင်းတ၀ိုက်ရှိ တွင်းများမှ ထွက်သော ရေနံကို မြန်မာနိုင်ငံတ၀ှမ်းလုံး၌ မီးထွန်းညှိရန် အသုံးပြုကြပါသည်။ ထို့ပြင် မြန်မာလူမျိုးတို့၏ သစ်သား အိမ်များ ကိုလည်း ရေနံသုတ်၍ ခြကိုက် ပိုးကိုက်ခြင်းမှ ကာကွယ်ကြသည်ဟု သိရပါသည်။ ရေနံကို မြန်မာ သမားတော်များက ဆေးဘက်ဝင် ပစ္စည်းတခု အဖြစ်လည်း အသုံးပြုကြပါသေးသည်။ (တရုပ်ပြည် အကြောင်း စာအုပ်တအုပ် Voyages Curicux တွင် ရေနံသည် ယားနာအတွက် အလွန်ကောင်းသည်ဟု ဖော်ပြထားပါသည်။)

အင်္ဂလန်ပြည်၌ ရေနံကို အသုံးပြုကြပုံကား ချောဆီအဖြစ် သုံးကြသည့်ပြင် လင်းဘက်မြို့ရှိ ပရိုက်စ်ကုမ္ပဏီကလည်း ဖယောင်းတိုင်များ ထုတ်လုပ်ရာတွင် အသုံးပြုသောကြောင့် မြန်မာရေနံကို ရန်ကုန်မြို့မှ အင်္ဂလန်နိုင်ငံသို့ ထွက်ကုန်အဖြစ် တင်ပို့နေရကြောင်း သိရပါသည်။ ရန်ကုန်မြို့ရှိ ဗြိတိသျှကုမ္ပဏီတခုက ရေနံများဝယ်ယူရန် ကိုယ်စားလှယ် တဦးကိုပင် ရေနံချောင်း သို့ စေလွှတ်ထားပါသည်။ မြန်မာနိုင်ငံမှ ရေနံသည် လန်ဒန်ဈေးကွက်တွင် တတန်လျှင် စတာလင်ပေါင် ၄၀ မှ ၄၅ ပေါင်အထိ ဈေးရှိသည်ဟု ဆိုပါသည်။

ရေနံ၏ အရောင်အဆင်းက စိမ်းလဲ့လဲ့ရှိပြီး အနံ့ကလည်း မဆိုးလှပါ။ လောင်စာ အင်အား အနေဖြင့် မများလွန်း မနည်းလွန်း သင့်တင့်သော အင်အားရှိပါသည်။ မြို့၏ မြောက်ဖက်ရှိ ရေနံတွင်း အုပ်စုတွင် လောလောဆယ် ရေနံထွက်နေသော တွင်း ၈၀ ခန့်ရှိပါသည်။ တောင်ဘက် အုပ်စုတွင်မူ တွင်း ၅၀ ခန့်ရှိပြီး ထွက်သော ရေနံက အဆင့်အတန်း အနည်းငယ် ညံ့ပါသည်။ ထိုအုပ်စု နှစ်ခုလုံးတွင် ရေနံလုံးဝ မထွက်တော့သော တွင်းဟောင်းများလည်း ရှိပါသည်။

မြန်မာနိုင်ငံ၌ ရေနံကို မည်သည့်အချိန်ကာလက စတင်တွေ့ရှိပြီး မည်သူက ထုတ်လုပ် အသုံးပြုခဲ့ကြောင်း မှတ်တမ်းများ တိကျစွာ ရှိဟန်မတူပါ။ ရေနံတွင်းများမှာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး ထိုတွင်းများ ရှိရာ မြေကို ရေနံချောင်းမြို့မှ မိသားစု ၂၃ အိမ်ထောင်က ပိုင်ဆိုင်သည်ဟု သိရပါသည်။ ယင်းမိသားစု ထဲတွင် ရေနံကို စတင်တွေ့ရှိပြီး တူးဖော်ထုတ်လုပ်ခဲ့သူများ၏ အဆက်အနွယ်များ ပါရှိသည်ဟု ဆို၏။ ထိုတွင်းပိုင်ရှင်များအနက် ရေနံချောင်းမြို့သူကြီးလည်း ပါဝင်၏။ မြို့သူကြီးသည် ဧရာဝတီ  မြစ်ကြောင်းဘက်ဆိုင်ရာ တရားစီရင်ရေး အာဏာရှိသော “မြစ်စစ်ဝန်” လည်းဖြစ်နေပါသည်။

ရေနံမြေ၌ ရေနံတွင်း တူးခြင်းကို မည်သူမဆို ၀င်ရောက်တူးဖော်ခွင့် မရှိပါ။ အကယ်၍ အပြင်လူ တစုံတယောက်က လာရောက်ပြီး ရေနံတွင်းတူးပါက တွင်းပိုင်ရှင်များက တားမြစ်ပိုင်ခွင့်ရှိသည်ဆို၏။ ရေနံတွင်း ပိုင်ရှင်တဦး၏ ပြောပြချက်အရ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တရားဝင်ရေးသားခွင့်ပြုထားသော စာချုပ်စာတမ်းများ မရှိသော်လည်း သူတို့၏ အခွင့်အရေးများကို မြန်မာအစိုးရ အာဏာပိုင်များက နားလည်မှုဖြင့် အသိအမှတ် ပြုထားသည်ဟု ဆိုပါသည်။

ရေနံတွင်း ပိုင်ရှင် “တွင်းစား” ၂၃ ဦးခန့်ရှိရာ ၄င်းတို့ အချင်းချင်း အလွန်စည်းလုံးညီညွတ်ကြပါသည်။ စိတ်ဝင်စားဖွယ် အချက်တခုကား တွင်းစားများသည် မိမိတို့ပိုင် ရေနံတွင်းများကို အခြားအပြင်လူများအား ပေါင်နှံခြင်း ရောင်းချခြင်း ပြုပိုင်ခွင့် မရှိ။ မိမိတို့ အချင်းချင်းသာလျှင် ပေါင်နှံရောင်းချခြင်း ပြုရမည် ဟူသော စည်းကမ်း သတ်မှတ်ချက်ပင် ဖြစ်သည်။ ထို့ပြင် ရေနံတွင်းပိုင်ရှင်များသည် မိမိတို့၏ သားသမီးများအား အိမ်ထောင်ပြုပေးရာ၌ပင် တွင်းစားအချင်းချင်း သားသမီးများနှင့်သာ ထိမ်းမြားလက်ထပ် ပေးလေ့ရှိကြပါသည်။ သို့သော် အသက်ကြီးကြီးတွင်းစားကြီးတဦးက မေဂျာဖယ်ယာအား ပြောပြချက်အရ ခေတ်လူငယ်များအနေဖြင့် ယင်းဓလေ့ထုံးစံကို လိုက်နာခြင်း မရှိကြတော့ဟု ဆိုပါသည်။

ရေနံတွင်း တတွင်း တူးဖော်သည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၁၅၀၀ မှ ၂၀၀၀ ခန့်အထိ ရှိသည်ဆို၏။ သို့သော် တူးလိုက်တိုင်း ရေနံမထွက်ဘဲ မကြာခဏ ရေနံ အလွန် အထွက်ကောင်းသော တွင်းအနီး၌ ကပ်၍ နောက်ထပ်တတွင်း တူးလိုက်ရာတွင် လုံးဝ ရေနံမထွက်သည့် အဖြစ်မျိုးလည်း ကြုံရတတ်ပါသည်။ ယင်းသို့ဖြစ်ပါမူ ကုန်ကျစရိတ်ငွေ လုံးဝ ဆုံးရှုံးသည့် အဖြစ်သို့ ရောက်ရတော့သည်ဆို၏။ ရေနံတွင်း တူးသည့် လုပ်ငန်းသည် အလုပ်သမားများအတွက် အလွန်ဘေး အန္တရာယ်များသည်ဟုလည်း သိရသည်။

ရေနံတွင်းများမှ ရေနံထွက်သည့် ပမာဏကား တတွင်းနှင့် တတွင်း မတူဘဲ များစွာ ကွာခြားတတ်ပါသည်။ အချို့တွင်းများမှာ တနေ့မှ ရေနံ ၅ ပိဿာမှ ၆ ပိဿာ ထွက်သော်လည်း အချို့တွင်းများကမူ နေ့စဉ် ရေနံ ပိဿာ ၇၀၀ မှ ၁၀၀၀ (ရံဖန်ရံခါ ပိဿာ ၁၅၀၀ အထိ) ထွက်၏။ ပျမ်းမျှ နှုန်းဖြင့် တွက်ကြည့်သော် မြို့၏ မြောက်ဖက် ရေနံတွင်း အုပ်စုက တတွင်းလျှင် တနေ့တာအဖို့ ပိဿာချိန် ၂၂၀ ခန့်ထွက်ပြီး တောင်ဘက်အုပ်စုတွင်မူ တတွင်းလျှင် ပိဿာ ၄၀ ခန့်ထွက်ပါသည်။

တွင်းမှရသည့် ရေနံများကို ၁၀ ပိဿာဝင် မြေအိုးများတွင် ထည့်ပြီး မြစ်ဆိပ်သို့ နွားလှည်းများဖြင့် တင်ဆောင်သယ်ယူကြပါသည်။ ၀ယ်လိုသူများကလည်း မြစ်ဆိပ်မှာပင် ရေနံကို ၀ယ်ယူကြပါသည်။
ရေနံ တူးဖော်ခြင်း လုပ်ငန်းမှ အခွန်ဘဏ္ဍာငွေအဖြစ် မြန်မာဘုရင်က မည်မျှရရှိသည်ကို တိကျစွာ တွက်ချက်သိရှိရန်ကား အတော်ပင် ခက်ပါသည်။ ရေနံချောင်း မြို့အုပ်လည်းဖြစ်သော တွင်းစားတဦး၏ ပြောပြချက်အရ သူ၏ တွင်းများမှ ရရှိသော ရေနံစုစုပေါင်း ပိဿာချိန် ၂၇၀၀၀ အနက် အလုပ်သမားများ အခကြေးငွေအဖြစ် ပိဿာ ၉၀၀၀၊ ဘုရင်မင်းမြတ်အတွက် ပိဿာ ၁၀၀၀၊ ခရိုင်တခုလုံးကို အုပ်ချုပ်သော မြို့စားမင်းအတွက် ပိဿာ ၁၀၀၀၊ အသီးသီး ပေးရကြောင်း သိရပါသည်။

ကျွန်ုပ်တို့သည် သံအမှတ်ကြီးထံ လာရောက်တွေ့ဆုံသူ ရေနံတွင်း ပိုင်ရှင်များထံမှ၎င်း၊ အခြားသူများထံမှ၎င်း၊ စုံစမ်းမေးမြန်း၍ ရေနံမြေမှ ထွက်သည့် စုစုပေါင်း ပမာဏကို လေ့လာတွက်ချက်ကြည့်ရာ မြို့မြောက်ဖက် ရေနံတွင်း အုပ်စုမှ ပျမ်းမျှနှုန်း တနေ့ ပိဿာ၂၂၀ နှုန်းဖြင့် တနှစ်လျှင် ရေနံစုစုပေါင်း ပိဿာ ၆,၄၂၄,၀၀၀ ခန့်ထွက်ပြီး တောင်ဖက်အုပ်စု ရေနံတွင်းများမှ နှစ်စဉ် ပိဿာချိန် ၇၃၀,၀၀၀ ထွက်မည်ဟု ခန့်မှန်း၍ ရသဖြင့် အုပ်စုံ နှစ်စု ပေါင်းသော် နှစ်စဉ်ထွက်မည့် ရေနံ စုစုပေါင်းမှာ ပိဿာ ၇,၁၅၄,၀၀၀ သို့မဟုတ် တန်ချိန် ၁၁,၆၉၀ ခန့်ရှိမည်ဟု တွက်၍ ရပါသည်။

မစ္စတာ ခရော့ဖိုဒ်၏ မှတ်တမ်း ”ဂျာနယ်” တွင်ကား ရေနံ တင်ဆောင်သယ်ပို့သည့် လှေယာဉ်များကို ရေတွက်၍ ခန့်မှန်းချက်အရ ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချသည့် ရေနံပမာဏမှာ ပိဿာချိန် ၁၇,၅၆၈,၀၀၀ ရှိသည်ဟု ဆိုပါသည်။ သူ၏ ခန့်မှန်းချက်အရ တနေ့လျှင် ပျမ်းမျှနှုန်း ၂၃၅ ပိဿာထွက်သော ရေနံတွင်းပေါင်း ၂၀၀ ခန့်ရှိသည်ဟု ဆို၏။ သို့ရာတွင် ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ လေ့လာကြည့်ချက်အရ ဆိုလျှင်မူ ယခုအခါ ရေနံတွင်းများမှ ယခင်ကလောက် မထွက်တော့ဟု ဆိုသည့်တိုင်အောင် မစ္စတာ ခရော့ဖိုဒ် ခန့်မှန်းတွက်ချက်သလောက် ရေနံထွက်နိုင်မည်မဟုတ်ဟု ထင်ရပါသည်။ သူ ခန့်မှန်းသလို နှစ်စဉ် ရေနံ ပိဿာချိန် ၁၇ သန်းခွဲထွက်အတွက် တနေ့လျှင် ပိဿာ ၁၂၀ ပါ နွားလှည်း အစီး ၄၀၀ ခန့်မျှဖြင့် သယ်ယူပို့ဆောင်ရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ လေ့လာကြည့်ရှုသောအခါ တနေ့တနေ့ နွားလှည်းစီးရေ ၁၆၀ ခန့်သာ တွေ့ရပါသည်။ (စာမျက်နှာ ၆၇ - ၇၅)

ရေနံချောင်းဆိပ်ကမ်း (ဂရန့် - ၁၈၅၅)

ရေနံချောင်းအနီး တောင်ကုန်းများ (ဂရန့် - ၁၈၅၅)
ရေနံတွင်းများ (ဂရန့် - ၁၈၅၅)
 
ရေနံချောင်း ပတ်ဝန်းကျင် (ဂရန့် - ၁၈၅၅)

*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *

No comments:

Post a Comment