19.8.11

ဗန်းမော်တင်အောင်...ကျွန်နော်၊ စာရေးဆရာနှင့် လွတ်လပ်မှု။

 (သတ်ပုံမူရင်းအတိုင်း)

မျက်နှာဖုံး ပန်းချီ - ဘရင်ကလေး ၊ ဒုတိယအကြိမ် ပုံနှိပ်ခြင်း။


ဗန်းမော်တင်အောင် ၊ ကျွန်နော်

ပထမအကြိမ် ၊  ၁၉၆၄ ခုနှစ် ၊ အုပ်ရေ ၃၀၀၀။

ဒုတိယအကြိမ် ၊ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၊ အုပ်ရေ ၂၀၀၀၊ တန်ဖိုး ၄ ကျပ် ၊ သင့်စာပေ။

မာတိကာ 

၁။ စာရေးဆရာ နှင့် စာဖတ်သူ ၊ တညတ၌
၂။ စာရေးဆရာ နှင့် သူ၏ အတ္တ ၊ ကျွန်နော် ၏ ကျွန်နော်
၃။ စာရေးဆရာ နှင့် သူ၏ လိပ်ပြာ ၊ လူရိုင်းနှင့် လူယဉ်
၎။ စာရေးဆရာ နှင့် ရေးစရာ အကြောင်းကလေးများ ၊ ၀မ်းရေး နှင့် လွမ်းရေး
၅။ စာရေးဆရာ နှင့် နိုင်ငံရေး ၊ ကျားမြီးကိုမှ ဆွဲမိသူ
၆။ စာရေးဆရာ နှင့် သတင်းစာဆရာ ၊ အညာသား အတတ
၇။ စာရေးဆရာ နှင့် နိုင်ငံရေး ၀င်္ကပါ ၊ ၀မ်းနည်း ၀မ်းသာ
၈။ စာရေးဆရာ နှင့် သူမနိုင်သော ဇာတ်ကောင်တကောင် ၊ ဗိုလ်ကြွက်သိုး
၉။ စာရေးဆရာ နှင့် လွတ်လပ်မှု ၊ မြှုံးမိတဲ့ငါး

ဗန်းမော်တင်အောင်၏ အမှာ (အပြည့်အစုံ မဟုတ်ပါ)

စာရေးသူတယောက် အနေနှင့် သူကျော်လွှားဖြတ်သန်းခြင်းပြုရသော လောကနှင့် စပ်လျဉ်းသော အတွေ့အကြုံ၊ အထင်အမြင်နှင့် ခံစားချက်စသည်တို့ကို မှတ်တမ်းတင်ရေးသားခြင်း ပြုတတ်ကြသော စာရေးဆရာများ ရှိ၏။ .............။ ...............။ မိမိဖြတ်သန်းခဲ့ ၊ ဖြတ်သန်းဆဲဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံ၊ ထင်မြင်ချက်နှင့် ခံစားချက် စသည်များ ကျွန်တော့်တွင် ရှိ၏။ အတော်များများပင် ရှိ၏။

သို့ရာတွင် ကာလ၊ ဒေသနှင့် ပယောဂ ဆိုသော ရှေးဟောင်းမြန်မာစကားတခွန်းရှိ၏။ ထိုစကားသည် နှောင်းလူများအတွက် ရှေးလူတို့ ထားရစ်ခဲ့သော သြ၀ါဒစကားများဖြစ်၏။ ၄င်းအပြင် အီစွပ်ပုံပြင်လာ အချိန်-နေရာ မဟုတ် အသံထွက်မိသော မြည်းမိုက်တကောင်၏ အကြောင်းကိုလည်း ကျွန်နော်တို့သည် ကျောင်းသားသူငယ်ဘ၀ကပင် ဖတ်ရှုကြားခဲ့ရပြီ မဟုတ်သလော။......။ 

ထို့ကြောင့် ၁၉၆၀ ခုနှစ်ဆန်းပိုင်းလောက်မှ အစပြုကာ ကျွန်နော်သည် ဝတ္ထုတို ပုံသဏ္ဍာန်သစ်ကို တဖက်တွင် ဖွေရှာရင်း အခြား တဖက်မှလည်း အထက်ဖော်ပြပါ မိမိ၏ အရပ်ရပ်အတွေ့အကြုံ အထင်အမြင်နှင့် ခံစားချက်စသည်များကို တစတစ စမ်းသပ်ရေးသား ဖော်ပြကြည့်ရန် အားထုတ်ကြိုးပမ်း ကြည့်ခဲ့၏။ 

ယင်းသို့ ကြိုးပမ်းကြည့်ရာတွင် “စာရေးဆရာနှင့် စာဖတ်သူ” သည် ပထမဦးဆုံးအကြိမ် စမ်းသပ်ရေးသားသော ဝတ္ထုတိုဖြစ်ပါ၏။ စင်စစ် ထို ဝတ္ထုတို၏ ပုံသဏ္ဍာန်နှင့် အကြောင်းအရာသည် မိမိ၏ ပင်ကိုယ်သက်သက်ချည့် မဟုတ်ပါ။ ဆိုရှယ်လစ် သရုပ်ဖော် စာပေတံခွန်ကို စတင်လွှင့်ထူခြင်း ပြုခဲ့သော ရုရှအမျိုးသား စာရေးဆရာကြီး မက္ကဇင်ဂေါ်ဂီကို အားပြုခဲ့ရ၏။

ထို့နောက် “စာရေးဆရာနှင့် စာဖတ်သူ၊ စာရေးဆရာနှင့် သူ၏ အဘိဓမ္မာ၊ စာရေးဆရာနှင့် သူ၏ လိပ်ပြာ” အစရှိသော ဝတ္ထုတိုအတော်များများ ရေးသားပုံနှိပ်ခဲ့ပြီးဖြစ်၏။ ပုံနှိပ်ဖော်ပြခြင်း မပြုရသေးသော ဝတ္ထုတို အတော်များများ ရှိသေး၏။ ရေးသားရန် ပြင်ဆင်ထားသော ဝတ္ထုတို အများအပြားလည်း ရှိ၏။

၁၉၆၄ ခုနှစ်လောက်က ကျွန်နော်၏ ယင်း ဝတ္ထုတိုများကို ထုတ်ဝေသူ မိတ်ဆွေအချို့က ၄င်းတို့ လက်လှမ်းမှီသရွေ့နှင့် စိတ်ကူးရသလို ရှာဖွေစုဆောင်းကာ ကျွန်နော် အမည်ဖြင့် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်ကြ၏။ ယခုအကြိမ်သည် ဒုတိယအကြိမ် ထုတ်ဝေခြင်းပင်ဖြစ်၏။ သို့ရာတွင် ဒုတိယအကြိမ် ထုတ်ဝေသောအခါ၌ စာရေးသူ ကျွန်နော်ကိုယ်တိုင် စီစဉ်ရွေးချယ်၍ ထုတ်ဝေခြင်းဖြစ်၏။ ထို့ကြောင့် ပုံနှိပ်ဖော်ပြပြီး ဝတ္ထုတို ၆ ပုဒ်နှင့် ဖော်ပြခြင်း မပြုရသေးသော ဝတ္ထုတို ၃ ပုဒ်ကို ရွေးချယ်ဖော်ပြထား၏။ ............။


တင်အောင်

၂၇-၅-၁၉၇၃



စာရေးဆရာနှင့် လွတ်လပ်မှု
မြှုံးမိတဲ့ငါး

 (၁)

“ဦးလေး ကိုမင်းရှင်ကြီးက ဦးလေးကို အရေးကြီးတဲ့ ကိစ္စတခုအတွက် တိုင်ပင်ချင်တယ်ဆိုပြီး တိုက်ကလာလာ စောင့်နေတာ သုံးလေးရက်တောင် ရှိသွားပြီ။”

“ဟေ.......ဟုတ်လား......”

ကျွန်နော်သည် အလန့်တကြား အာမေဋိတ်ပြုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် .... ဦးလေးကိုမင်းရှင်ကြီးနှင့် အရေးကြီးတဲ့ ကိစ္စတခု ဆိုသောအကြောင်းအရာများ ပါရှိလာသောကြောင့် ဖြစ်လေသည်။

စာရေးဆရာ မင်းရှင်သည် ကျွန်နော်နှင့် စာရေးဖော် ရေးဖက် မိတ်ဆွေတဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ အတူတကွ စတင်စာရေးသူများလည်း ဖြစ်လေသည်။ ကျွန်နော်တို့ နှစ်ဦး၏ မိတ်ဆွေသက်တမ်းသည် ဆယ့်ငါးနှစ်ကျော်ကျော် ဆယ့်ခြောက်နှစ် နီးပါးခန့်မျှ ရှည်လျားကြာမြင့် ခဲ့ပေပြီ။ 

ထိုကဲ့သို့ စာရေးဖော်ရေးဖက်နှင့် အလွန်တရာ ခင်မင်ရင်းနှီးသော မိတ်ဆွေတဦးက အရေးကြီးတဲ့ ကိစ္စတခုအတွက် တိုင်ပင်ချင်၍ ကျွန်နော့်အား လူချင်းတွေ့ဆုံနိုင်ရန် ရှုမ၀မဂ္ဂဇင်းတိုက်သို့ သုံးလေးရက်မျှပင် အပင်ပန်းခံ အချိန်ကုန်ခံကာ လာရောက်စောင့်သည်ဟု ကြားသိရသောအခါ ကျွန်နော်သည် အလန့်တကြား အာမေဋိတ်ပြုလိုက်မိခြင်းမျှသာ ဖြစ်လေသည်။

စာရေးဆရာ မင်းရှင်၌ အဘယ်ကဲ့သို့သော အကြောင်းကိစ္စများ ပေါ်ပေါက်လျက်ရှိသနည်း။ ထိုမိတ်ဆွေ တယောက်ကို ကျွန်နော်အနေနှင့် အဘယ်ကဲ့သို့ ကူညီရမည်နည်း။ ထိုအတွေးများသည် ကျွန်နော်၏ ဦးခေါင်းထဲသို့ အစီအရီ ၀င်လာကြလေသည်။

“ကနေ့ညနေ ငါးနာရီလောက် တိုက်ကိုလာခဲ့ဦးမယ်လို့ ကျွန်တော့်ကို ပြောသွားသေးတယ်။ ဦးလေးလာရင်လည်း သူနဲ့တွေ့အောင် ဆက်ဆက်စောင့်ခိုင်းထားပါလို့ တတွတ်တွတ်
မှာသွားသေးတယ်။”

ရှုမ၀မဂ္ဂဇင်းတိုက်၏ စာတည်းအဖွဲ့ဝင်တဦးလည်းဖြစ်သော ကဗျာဆရာ မောင်ဆွေတင့်က စာရေးဆရာနှစ်ဦးတို့၏ အကြားတွင် ထမ်းဆောင်ပေးရန် ၄င်းယူဆောင်ထားဟန်ရှိသော တာဝန်ကို စေ့စေ့စပ်စပ်နှင့် ပြေလည်ပြီးဆုံးအောင် ထမ်းဆောင်နေလေသည်။

ရှုမ၀မဂ္ဂဇင်းတိုက်သို့ ကျွန်နော်သည် တနေ့လျှင် တခေါက်လောက်တော့ ရောက်နေကြဖြစ်သည်။ သို့ရာတွင် ထိုရက်များအတွင်းက ကျွန်တော်သည် ရက်သတ္တပတ်မျှ မရောက်အားနိုင်ခဲ့ချေ။ အခြား ကိုယ်ရေးကိုယ်တာ ကိစ္စများက ကျွန်နော်၏ အာရုံကို တောင်းဆိုနေကြသောကြောင့် ဖြစ်လေသည်။

ကျွန်နော်သည် မောင်ဆွေတင့်ကို ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် ရှုမ၀မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းဆောင်၌ ရောက်ရှိနှင့်နေကြသော စာရေးဆရာ - ပန်းချီဆရာတသိုက်နှင့် သွားရောက် ပူးပေါင်းလိုက်သည်။

ထို့နေ့ ညနေခင်းက စာရေးဆရာနှင့် ပန်းချီဆရာများ အသိုက်တွင် စာရေးဆရာ ဂုဏ်ဝင်း၊ သန်းဆွေ၊ ၀င်းဦး နှင့် ငွေဥဒေါင်းတို့အပြင် ပန်းချီဆရာ ကိုအောင်စိုး တယောက်လည်း ပါရှိလေသည်။

ကျွန်နော်သည် ၄င်းတို့လူသိုက်နှင့်သာ ရော၍ ထိုင်လိုက်ရသော်လည်း ၄င်းတို့နှင့် အာလာပ သလ္လာပ စကားများကို ပြောဆိုခြင်း မပြုနိုင်သေးဘဲ “ရဲဘော်အောင်ဒင်” ဝတ္ထု၏ စက်ပရုများကို ရှုမ၀ဖိုမင်များက လာ၍ ပေးနေသဖြင့် ကြည့်ရှုနေရသေးသည်။

စက်ပရုများကို မလွှဲသာ မကင်းသာ၍ ကြည့်ရှုခြင်းပြုနေရသော်လည်း တဖက်သော ကျွန်နော်၏ နားသည် ထိုမိတ်ဆွေများ ပြောနေကြသော အကြောင်းအရာများကို စွင့်လျက်ရှိလေသည်။

ငွေဥဒေါင်းသည် ရှုမ၀မဂ္ဂဇင်းတိုက်ရှင် ဒါရိုက်တာ ဦးကျော်နှင့် ကြေးမုံသတင်းစာ အကြောင်းကို ပြောဆိုနေသည်။ ငွေဥဒေါင်းသည် ကြေးမုံသတင်းစာတွင် အယ်ဒီတာ အဖွဲ့ဝင် တဦးဖြစ်ပေသည်။

စာရေးဆရာသန်းဆွေသည် ဗဂျီအောင်စိုးနှင့် စကားပြောဆိုနေသည်။ သန်းဆွေသည် ရှုမ၀မဂ္ဂဇင်း၏ တာဝန်ခံစာတည်းတဦး ဖြစ်၍ သူဖတ်ရှုစစ်ဆေးနေသော စာမူများကို လက်တဖက်တွင် ကိုင်ရင်း အချိန်ပိုင်းနှင့် သူအလုပ်လုပ်ပေးနေရသော မိုးကြိုးသတင်းစာ အကြောင်းကို ပြောဆိုနေသည်။

ဗဂျီအောင်စိုးကလည်း ၄င်း၏ ပန်းချီကားများအကြောင်းကို မပြောနိုင်ရှာချေ။ သူ မင်းသားအဖြစ်နှင့် ပါဝင်သရုပ်ဆောင်နေရသော စာရေးဆရာသုခ၏ မိုးလုံးပတ်လည် ရုပ်ရှင်ကား အကြောင်းကို ပြောဆိုနေသည်။ ထို့အတူ စာရေးဆရာ ၀င်းဦးနှင့် ဂုဏ်ဝင်းတို့သည်လည်း စာပေ အကြောင်းကို ပြောဆိုခြင်း မပြုနိုင်ကြရှာဘဲ ၀င်းဦးက ရုပ်ရှင်လုပ်ငန်းအကြောင်းကို၎င်း၊ ဂုဏ်ဝင်းက ဓါတ်ဆီ အကြောင်းကို ၄င်း ပြောဆိုခြင်း ပြုနေကြပေသည်။

ဝင်းဦးသည် နာမည်ရ စာရေးဆရာ တဦးမျှသာ မဟုတ်သေး။ ရုပ်ရှင် ကုမ္ပဏီများက သူ့ထက်ငါ အလုအယက် အဆွဲခံနေရသော ရုပ်ရှင်ပညာသည် တဦးဖြစ်နေသေးသည်။ ထို့အတူ အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်၏ အရိုင်းခေါ်သံ ဝတ္ထုကြီးကို မြန်မာဘာသာသို့ မိမိရရနှင့် ပိုင်ပိုင်နိုင်နိုင် ပြန်ဆိုခြင်းပြုခဲ့သော စာရေးဆရာ ဂုဏ်ဝင်းတယောက်သည်လည်း ရေနံ ကုမ္ပဏီကြီး တခုတွင် အရာရှိကြီးတဦး ဖြစ်နေသေးသည်။

ရဲဘော်အောင်ဒင် ၏ စက်ပရုများသည် တပုံတခေါင်းကြီးပင် ဖြစ်နေသည်။ ရက်သတ္တပတ်ကြာမျှ ၄င်းတို့ကို ပစ်ထားသော စာရေးဆရာအား အပြစ်ဒဏ်ပေးသည့်အနေနှင့် တပုံတခေါင်းကြီး လာချပေးသွားဟန်တူသည်။

မိမိ၏ အပြစ်နှင့် မိမိဖြစ်နေ၍ ကျွန်နော်သည် မိတ်ဆွေ စာရေးဆရာများ၊ ပန်းချီဆရာများနှင့် စကားပြောဆိုခြင်း မပြုနိုင်ဘဲ စက်ပရုများကို တရွက်ပြီးတရွက် ဂရုတစိုက် ပြင်ဆင်ပေးရတော့သည်။ သို့နှင့် ကျွန်နော်၏ အပြစ်ဒဏ်ကို ထမ်းဆောင်ပြီးစီးသွားသောအခါ ခပ်စောစောက စာရေးဆရာနှင့် ပန်းချီဆရာများသည် ရှုမ၀ မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းဆောင်၌ တယောက်တလေမျှ မရှိကြတော့ချေ။ အိမ့်ရှင်ဖြစ်သော ရှုမ၀ဦးကျော်သည်ပင် အလုပ်များနေသော စာရေးဆရာ ဧည့်သည်ကို သည်းညည်းခံနိုင်ဟန် မရှိတော၍ မည်သည့်အချိန်က အဘယ်သို့ ထွက်သွားလေပြီမသိ။

ပြင်ဆင်ပြီးစီးသွားပြီဖြစ်သော ရဲဘော်အောင်ဒင် ဝတ္ထု၏ စက်ပရုများကို သက်ဆိုင်ရာ ဖိုမင်လူကြီးများအား ပေးကမ်းလိုက်ပြီးနောက် ဧည့်ခန်းလယ်မှ တိုင်ကပ်နာရီကြီးကို မော့်၍ ကြည့်သောအခါ ငါးနာရီ ထိုးနေလေပြီ။ သည်တော့မှပင် စာရေးဆရာ မင်းရှင်ကို သတိရလာသည်။

ထိုသို့ သတိရချိန်တွင်ပင် သုံးဘီးကားကလေးနှင့် ကတိုက်ကရိုက် ရောက်ရှိလာသော စာရေးဆရာ မင်းရှင်သည် ကျွန်နော်ထိုင်နေသော ရှုမ၀ မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းအတွင်းသို့ ပျာရိပျာရာ ၀င်လာလေသည်။

(၂)

“ကနေ့လည်း တွေ့မှ တွေ့ပါမလားလို့ဗျာ” 

မင်းရှင်သည် သူ၏ ထုံးစံအတိုင်း ၀မ်းသာအားရ ပြောဆိုလေသည်။ ကျွန်နော်သည် ထိုင်ဖို့ရန် မေ့နေဟန်ရှိသော ထိုမိတ်ဆွေ စာရေးဆရာကို အထိုင်ခိုင်းရလေသည်။ 

“မောင်ဆွေတင့်က သတင်းပေးလို့ သိတန်သလောက်တော့ သိထားပြီးပါပြီဗျ။ ခင်ဗျား ကိစ္စကိုသာ ပြောစမ်းပါဦး”

ကျွန်နော်သည် ရှုမ၀တိုက်ရှင်က စာပွဲပေါ်တွင် မေ့ကျန်ထားခဲ့ဟန်တူသော နိုင်ငံခြားဖြစ် အကောင်းစားစီးကရက်ဗူးအတွင်းမှ စီးကရက်တလိပ်ကို ထုတ်ယူကာ မီးညှိရင်း တိုက်တွန်း ပြောဆိုလိုက်ရသည်။

“ခင်ဗျား အချိန်တော့ ပေးနိုင်ပါတယ်နော်...ကိုအေးသွင်”

လူတဖက်သားကို လွန်စွာ အားနာတတ်ပုံရသော မင်းရှင်က ၄င်းတိုင်ပင်ပြောဆိုလိုသော အကြောင်းအရာကို ပြောဆိုခြင်း မပြုသေးဘဲ ကျွန်နော်၏ အနေအထားကို ရှေးဦးစွာ စုံစမ်းမေးမြန်းလေသည်။ ထို့နောက် မိမိသည် အလွန်တရာ လွတ်လပ်သည့် လူတယောက် ဖြစ်သည့်အကြောင်းကို မိတ်ဆွေ စာရေးဆရာပေါ်၌ ဂုဏ်ယူကြွားဝါသကဲ့သို့ ကျွန်နော်သည် ပြန်လည် ပြောဆိုလိုက်သည်။

“ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျွန်နော် အေးအေးဆေးဆေး တိုင်ပင်ချင်တာ တခုကို တိုင်ပင်ရဦးမယ်ဗျာ”

“ပြောချင်တာသာ ပြောပါလေ.. ခင်ဗျားနဲ့ ကျွန်နော်ဆိုတာ တယောက်နဲ့တယောက် စကားပလ္လင် ခံနေရမယ့် လူချင်းတွေမှ မဟုတ်တာဘဲဗျ”

အားနာတတ်ပုံရသော မင်းရှင်ကို ကျွန်နော်သည် အားနာခြင်း ကင်းသွားအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ပြုလိုက်သည်။ မင်းရှင်၏ နဖူးပြင်တွင် ချွေးသီးချွေးပေါက်များကို ကျွန်နော်သည် သတိပြုမိသည်။ သူ့ကို ကြည့်ရသည်မှာ တစုံတရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်းပြုနိုင်ရန် အတွက် အရေးတကြီး စဉ်းစားချိန်ဆ နေပုံလည်း ရလေသည်။ ထို့ကြောင့် သူပြောဆိုမည့် စကားကို ကျွန်နော်သည် ရင်တမမနှင့် နားစွင့်နေမိသည်။

“ဒါထက် ကိုအေးသွင်ရဲ့ နေရေးထိုင်ရေး အခြေအနေကော ဘယ်လိုနေသေးသလဲ”

မင်းရှင်သည် သူ၏ ကိစ္စကို မပြောသေးဘဲ ကျွန်နော်၏ ကိစ္စကိုပင် မေးမြန်းနေပေသည်။ မင်းရှင်သည် ကျွန်နော်၏ အကြောင်းကို သိရှိတန်သလောက် သိရှိထားသော မိတ်ဆွေတယောက် ဖြစ်လေသည်။ စာရေးဆရာ တယောက်၏ ဘ၀ကို ထူထောင်ရာတွင် ကျွန်နော် အဘယ်မျှနှင့် အဘယ်အထိ ဆင်းရဲ ဒုက္ခခံခဲ့ရသည်များကိုလည်း သူသည် သိရှိထားသူ ဖြစ်သည်။ ချို့ငဲ့ရခြင်း၊ ခြိုးခြံရခြင်းနှင့် မင်းပြစ်မင်းဒဏ် ခံရခြင်းများသည် ကျွန်နော်၏ ညီအကိုများ ဖြစ်လေသည်ကိုလည်း သူသည် သိရှိထားပေသည်။

“ဒီလို....ဒီလိုပါဘဲဗျ....”

ကျွန်နော်သည် ထုတ်ဝေသူ ဦးကျော်၏ စီးကရက်ကို အားရပါးရ ရှိုက်ဖွာရင်း ပြန်လည်ဖြေကြားလိုက်ရသည်။

“သစ်သစ်တယောက် ကျောင်းဆရာမ ၀င်လုပ်နေပြီဆိုတော့ အရင့် အရင်ကထက် ချောင်ပါလိမ့်မယ်နော်...”

မနှစ်က ဆရာဖြစ်သင်အောင်၍ ကျောင်းတကျောင်းတွင် ကျောင်းဆရာမ ၀င်လုပ်နေပြီဖြစ်သော ကျွန်နော်၏ သမီးအကြီး သစ်သစ်ကို အကြောင်းပြု၍ မင်းရှင်က မေးခွန်းဆက်ထုတ်ပြန်သည်။

“ခင်ဗျားတူမ သစ်သစ်က ကောလိပ်ကို ဆက်သွားချင်တာဗျ၊ ကိုမင်းရှင်။ ဒါပေမယ့်.... ကျွန်နော်ဘ၀က ရေရာစိတ်ချရတာ မဟုတ်တော့ ဆရာဖြစ်သင်ဖို့ ချော့မော့ လွှတ်လိုက်ရပြီး ဆရာမ အလုပ်ခိုင်းရတော့တာပေါ့ဗျာ....”

ကျွန်နော်က စာရေးဆရာ မိတ်ဆွေကို ရှင်းလင်းပြောကြားခြင်း ပြုရလေသည်။

“မြိုင်တယောက်ကော အလုပ် လုပ်နေရသေးသလားဟင်...”

ကိုမင်းရှင်သည် ကျွန်နော့်ကို ရင်းရင်းနှီးနှီး မေးမြန်းနေပြန်သည်။ ထိုမေးခွန်းကို သူ မေးထိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်နော် မင်းပြစ်မင်းဒဏ် ခံနေရသော ကာလများတွင် မြိုင်သည် ကလေးများ ပညာသင်ကြားရေး မပျက်ရဖို့အရေးနှင့် အိမ်စရိတ်အတွက် အလုပ် လုပ်ရရှာသောကြောင့် ဖြစ်လေသည်။

“နိုင်ငံတော် အစိုးရမင်းများက ကျွန်နော့်ကို အငြိမ်းစားခွင့် ပေးတဲ့အခါကျမှသာ မြိုင် အလုပ် လုပ်ရတာပါ ကိုမင်းရှင်၊ ကျွန်နော်အငြိမ်းစားခွင့်က လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အချိန်တွေမှာတော့ မြိုင် အလုပ်မလုပ်ရပါဘူး။”

“သစ်သစ်က တဖက်က ၀င်ငွေကလေးရှိလာတော့ ချောင်ချောင်လည်လည် ရှိပါလိမ့်မယ်နော်” 

ကိုမင်းရှင်သည် ကျွန်နော့်ကို လူချင်းတွေဆုံ၍ အရေးကြီးသော ၄င်း၏ ကိစ္စတခုကို တိုင်ပင်ရန် သုံးလေးရက်မျှ အချိန်ကုန်ခံပြီးနောက် ကျွန်နော်နှင့် လူချင်းတွေ့သောအခါ သူ၏ အရေးကြီးသော ကိစ္စအကြောင်းကို ဘာတခွန်းမျှ မပြောသေးဘဲ ကျွန်နော်၏ ကိစ္စများကို စိုးရိမ်ပူပန်လှစွာ မေးမြန်းနေလေသည်တကား...။ 

သူ၏ မေးခွန်းများကို ကျွန်နော်သည် ပြန်၍ မပြောတော့ဘဲ ပြုံးနေလိုက်မိသည်။ စာရေးဆရာ တယောက်၏ ဘ၀တွင် ကျွန်နော်၏ ၀င်ငွေသည် ဂဏန်းသုံးလေးလုံးမျှပင် မပြည့်ဘဲနှင့် ကုန်ဆုံးသွားရသော လများ ရှိလေသည်။ ထို့အတွက် ကျွန်နော်သည် ပူပန်ခြင်း မဖြစ်မိ၊ မြိုင် ချက်ကျွေးသော ပဲဟင်းတခွက်တည်းနှင့် မြိန်မြိန်ရှက်ရှက် စားနိုင်လေသည်။ တခါတရံတွင် “ကံစွပ် ၍” ကျွန်နော်၏ ၀င်ငွေသည် တလမကုန်တတ်မီ ဂဏန်းလေးလုံးကျော်၍ ငါးလုံးအနီးသို့ပင် ကပ်လာတတ်သည်။ ထိုအခါများ၌လည်း ကျွန်နော်သည် ၀မ်းမသာလှချေ။ မြိုင်က ဖွယ်ဖွယ်ရာရာ ချက်ပြုတ်လုပ်ကိုင်၍ တည်ခင်းကျွေးမွေးသော ဆနိုင်ကြော်၊ ဘဲပေါင်းဟင်းချို၊ အာလူးကက်တလိပ်နှင့် ပဲသီး သနပ်များကို စားရသည်။ထိုသို့ ဖွယ်ဖွယ်ရာရာ စားသောက်ရသောအခါများ၌လည်း ယခင် ပဲဟင်း တခွက်တည်းနှင့် ကျွေးမွေးစဉ်ကထက် ပို၍ကား မစားနိုင်ချေ။ ၀မ်းအပြင် အိတ်မရှိဆိုသော စကားတရပ်ရှိသည် မဟုတ်လော...။

ကိုမင်းရှင်သည် ကျွန်နော်၏ အဖြေကို မရရှိသောကြောင့် နောက်ထပ် မေးမြန်းပြောဆိုခြင်း မရှိတော့ချေ။ ကျွန်နော့်ကိုသာ အားနာသော အမူအရာများဖြင့် ကြည့်နေသောကြောင့်.. 

“ကျွန်နော့် ကိစ္စနဲ့ အကြောင်းတွေကို ထားပါဦးဗျာ။ ခင်ဗျား တိုင်ပင်ချင်တယ်ဆိုတဲ့ ကိစ္စအကြောင်းများကို ပြောစမ်းပါဦးဗျာ။” ဟု ကျွန်နော်ကပင် သူတိုင်ပင်လိုသည်ဆိုသော ကိစ္စ အကြောင်းကို မေးမြန်းပြောဆိုလိုက်ရလေသည်။

“တခြားတော့ မဟုတ်ပါဘူးဗျာ.....”

သူသည် ထိုမျှသာ ပြောဆိုပြီးနောက် သူ၏ စကားကို အဆုံးမသတ်ဘဲ ထားပြန်လေသည်။ ထို့နောက် သူ ပြောဆိုလိုသော စကား အကြောင်းအရာအတွက် ဝေါဟာရကို ရှာဖွေနေသကဲ့သို့ ငိုင်နေပြန်လေသည်။ 

ထုတ်ဝေသူ မေ့ကျန်နေရစ်ခဲ့ဟန်ရှိသော စီးကရက်ဗူး အတွင်းမှ ကျွန်နော်သည် စာရေးဆရာ တယောက်အနေနှင့် အခွင့်အရေးယူကာ နောက်ထပ်စီးကရက် တလိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြန်သည်။ ထို့နောက် ထိုသူ ပြောဆိုသော စကားကို နားစွင့် နေမိသည်။

စာရေးဆရာ မင်းရှင်သည် အလွန်တရာ စာအရေးအသား ပိရိတိကျလှသူတယောက် ဖြစ်လေသည်။ သူသည် အထူးသဖြင့် ဝေါဟာရများကို စေ့စေ့စပ်စပ် နှင့် တိတိကျကျ သုံးစွဲတတ်ရုံမျှသာမဟုတ်သေး၊ လှလှပပနှင့် ပိုင်ပိုင်နိုင်နိုင်လည်း သုံးစွဲတတ်သူတဦး ဖြစ်လေသည်။ သို့ရာတွင် ကျွန်နော်အား ထုတ်ဖော် တိုင်ပင်လိုသော အကြောင်းအရာအတွက် ထိုစာရေးဆရာသည် ၄င်း အသုံးပြု လိုသော ဝေါဟာရကို အတန်ကြာမျှ ငိုင်၍ စဉ်းစားရှာဖွေနေပြီးမှ...

“ကျွန်နော် စာရေးဆရာလုပ်ဖို့ စဉ်းစားနေတယ်ဗျ...” ဟု ပြောဆိုလိုက်လေသည်တကား။


(၃)


ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ “ရွက်ဝါ၊ မေ့ဘူးကွဲ့ သက်လယ်ရယ်” စသော ဝတ္ထုများကို ရေးသားကာ ဤတိုင်းပြည်၌ များစွာထင်ရှားကျော်ကြားနေသော စာရေးဆရာ မင်းရှင်ကဲ့သို့ ပုဂ္ဂိုလ်တဦးက “ကျွန်နော် စာရေးဆရာလုပ်ဖို့ စဉ်းစားနေတယ်” ဟု စဉ်းစဉ်းစားစား ထုတ်ဖော်ပြောဆိုလိုက်ခြင်းကို တစုံတယောက်သာ ကြားသွားလျှင် ထိုစကားကို နားလည်နိုင်စရာ အကြောင်း မရှိချေ။ ထိုကဲ့သို့ ကျွန်နော်ထင်လေသည်။

သို့ရာတွင် ဝေါဟာရကို စေ့စေ့စပ်စပ်နှင့် တိတိကျကျ ရွေးချယ်၍ စဉ်းစဉ်းစားစား ပြောဆိုလိုက်သော စာရေးဆရာ၏ စကားကို ကျွန်နော်သည် ကောင်းစွာ နားလည်နိုင်ပေသည်။ ကိုယ်ချင်းလည်း စာနိုင်ပေသည်။

မင်းရှင်သည် အထက်တန်း အရာရှိတဦး၏ သားတယောက်ဖြစ်လေသည်။ နေအိမ်တွင် အကောင်းစား ပီယာနိုကို ထားရှိနိုင်သူ တဦးလည်းဖြစ်သည်။ ကလောင်တံကို မကိုင်မီက သူသည် အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ခိုက်ရန် ခက်ခက်ခဲခဲ ထူထောင်ဖွဲ့စည်းခြင်း ပြုခဲ့ရသော မြန်မာ့ သေနတ်ကိုင် တပ်ရင်း တရင်းတွင် သေနတ်ကို ကိုင်စွဲဘူးသော ရဲဘော်တဦးလည်း ဖြစ်လေသည်။

ကန္ဒီစာချုပ်နောက်ပိုင်းတွင် သူသည် သေနတ်ကို ပြန်ချကာ ကလောင်ကို ကိုင်စွဲသူ ဖြစ်လေသည်။ ကလောင်တံကို ၀ါသနာအလျောက် အပျော်တမ်း သဘောအနေနှင့် ကိုင်စွဲရင်း ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သေးသည်။

ထို့နောက် သူသည် ဗမာ့တပ်မတော်ကို ပြန်လည် ၀င်ရောက်ကာ ဗိုလ်ကြီးတာဝန်ကို နှစ်အတန်ကြာမျှ ထမ်းဆောင်ခဲ့သည်။ မြ၀တီ မဂ္ဂဇင်းကို ကြီးကြပ်ခဲ့ရသည်။ ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်တောင်းပြန်ကာ မြန်မာ့အသံတွင် အရာရှိတဦးအနေနှင့် ဆက်လက် အမှုထမ်းပြန်လေသည်။
သူသည် အိမ်ထောင့်ရှင်တဦးလည်း ဖြစ်ပေသည်။ သူ၏ အမျိုးသမီးသည် ဘွဲ့ရပြီး ကျောင်းဆရာမ လုပ်ကိုင်နေသော ခေတ်ပညာတတ် အမျိုးသမီး တဦးလည်း ဖြစ်လေသည်။ လူအများ၏ မေ့လျော့ထားခြင်းကို ခံနေရသော လမ်းပေါ်မှ လူများ၏ အကြောင်းကို ဂရုတစိုက် ရှာဖွေရေးသားလျက် ဤတိုင်းပြည်၌ ထင်ရှားကျော်ကြားနေသော မင်းရှင်ကဲ့သို့ စာရေးဆရာကြီး တဦးသည် ၄င်း၏ ကိုယ်ကိုယ် စာရေးဆရာ စစ်စစ် ဖြစ်လေပြီဟု သဘောမထားချေ။

သူသည် သူ၏ ကိုယ်ကိုယ် စာရေးဆရာတပိုင်းလောက်အနေနှင့်သာ သဘောထားပုံရလေသည်။ သူသည် စာရေးဆရာစစ်စစ် တဦး တယောက်ဘ၀ကို အလွန်တရာ တပ်မက်လိုချင်ပုံလည်း ရလေသည်။ သို့ရာတွင် တဖက်၌ သူ့အိမ်ထောင်ကြီး၏ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန်အတွက် စာရေးဆရာ ဘ၀နှင့် မည်သို့မျှ ဆက်စပ်၍ မဖြစ်နိုင်သော လခစားအလုပ်ကြီး တခုကို လုပ်ကိုင်နေရပေသည်။ လုပ်ကိုင်ခဲ့ရလေသည်။

စာရေးဆရာ တယောက်ဖြစ်ဖို့အတွက် လွတ်လပ်မှုသည် လိုအပ်လှပေသည်။ လွတ်လပ်မှု မရှိသော လူတဦးတယောက်သည် စာရေးဆရာစစ်စစ် မဖြစ်နိုင်ဟု ထင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် စာရေးဆရာ တယောက်သည် ၄င်း၏ အလုပ်တွင် သစ္စာရှိရှိနှင့် ရဲရဲရင့်ရင့် လုပ်ကိုင်ခြင်းပြုရာတွင် မည်သည်ကိုမျှ ငဲ့ကွက်ထောက်ထားနေ၍ မဖြစ်ချေ။ ကြောက်ဖို့ လန့်ဖို့ကား ဝေလာဝေး...။

မိမိ၏ တိုင်းပြည်နှင့် အမျိုးသားများအတွက် အကျိုးများလိမ့်မည်ဟု မိမိယုံကြည်သော ကိစ္စကို ထုတ်ဖော်ရေးသားခြင်း ပြုရသော အမှု၌ စာရေးဆရာသည် မင်းပြစ်မင်းဒဏ်၊ အလုပ်ပြုတ်သည့် အရေး၊ ဆင်းရဲငတ်မွတ်ရခြင်းနှင့် ခြိမ်းခြောက်မှုများကို ထောက်ထားငဲ့ကွက်နေ၍လည်း မဖြစ်ချေ။ ကြောက်လန့်နေ၍လည်း မဖြစ်ချေ။

သူ့အဖို့ လွတ်လပ်မှုသည် အင်မတန်အရေးကြီးလေသည်။ လွတ်လပ်မှု ရှိမှသာလျှင် သူသည် ရဲရင့်ခြင်း ရှိမည်ဖြစ်သည်။ လွတ်လပ်မှု မရှိ၍ ရဲရင့်ခြင်း မရှိသောသူသည် မိမိယုံကြည်သော အလုပ်ကို အဘယ်သို့ လုပ်ကိုင်နိုင်ပါမည်နည်း။

ကျွန်နော်သည် ပြင်သစ်စာရေးဆရာကြီး အီမိုင်လ်ဇိုလာ၏ ဝတ္ထုများ အားလုံးလိုလို ဖတ်ဖူးလေသည်။ သို့ရာတွင် ကျွန်နော်သည် ဇိုလာကို ဘောလ်ဇက်၊ မော့ပါဆွန်၊ ရိုမင်ရိုလင်နှင့် အနာတိုလ်ဖရန့် စသော အခြား၊ အခြားသော ပြင်သစ်စာရေးဆရာကြီးများလောက် မနှစ်ခြိုက်လှချေ။

သို့ရာတွင် ဇိုလာ့အပေါ်၌ စာရေးဆရာ တဦးတယောက်အနေနှင့် အလွန်တရာ အံ့သြလေးစားသော အချက်တချက် ရှိလေသည်။ ထိုအချက်မှာ အခြားတော့ မဟုတ်၊ ပြင်သစ်ပြည် အာဏာရှင် လူးဝစ်စ်ဘိုနာပက် အစိုးရကို “ဒါစွဲချက်တင်တယ်ဟေ့.....” ဟူ၍ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် ကျေညာချက်ထုတ်ပြန်သော အမှုအတွက်ပင် ဖြစ်လေသည်။

ဇိုလာသည် စာရေးဆရာ တဦးတယောက်အနေနှင့် လွတ်လပ်မှုကို တပ်မက်မြတ်နိုးရုံမျှသာ မဟုတ်သေး၊ ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းပြုခဲ့သော အာဏာရှင်ကြီးတဦးလည်းဖြစ်သည်။ ထိုသို့ လွတ်လပ်မှုကို နှစ်သက်လျက် လွတ်လပ်မှုအတွက် ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်း ပြုခဲ့သောကြောင့် ဆုလာဘ်အဖြစ်ဖြင့် သူသည် ဗြိတိန်ကျွန်းသို့ ၀ါရမ်းပြေးအဖြစ် ခိုလှုံခြင်း ပြုခဲ့ရသည်။

လွတ်လပ်မှုသည် အလကားမရချေ။ သူ့အလိုလိုလည်း မရနိုင်ချေ။ အနာခံ တိုက်ခိုက်နိုင်မှ ရသည်။ ဖိလစ်ပိုင်စာရေးဆရာကြီး ရီမင်သည် လွတ်လပ်မှုအတွက် စပိန်ကိုလိုနီသမားများကို တိုက်ခိုက်ရင်း ကြိုးပေးခံခဲ့ရသည် မဟုတ်လော။ မြန်မာ့စာဆိုတော်ကြီး ဒေါက်တာ ကိုယ်တော်မှိုင်း တယောက်သည်လည်း ကိုလိုနီခေတ် တလျှောက်လုံး လွတ်လပ်မှုအတွက် ခုခံတိုက်ရင်း ဆင်းရဲငတ်ပြတ်ခဲ့ရသည်ပင် မဟုတ်လော။


(၄)


ရှုမ၀ မဂ္ဂဇင်းတိုက်တွင် စာရေးဆရာ မင်းရှင်နှင့် လူချင်းခွဲလာခဲ့ကြပြီးနောက် ဗိုလ်ချုပ်ဈေးကို ဖြတ်ကာ ည ၇ နာရီခန့်အထိ ဆိုင်ဖွင့်ထားသော ဗိုလ်ချုပ်ဈေးကြီးအတွင်းရှိ ပြည်သူ့အလင်း စာပေဖြန့်ချိရေး တိုက်ဖက်သို့ လျှောက်လာခဲ့သည်။

အိမ်မှ အထွက်တွင် မန်းတင်ရေးသော မြို့ပိုင်မောင်ပြုံးချို ဝတ္ထုတိုများကို ဆွဲလာရန် ဇနီး မြိုင် ကမှာလိုက်သောကြောင့် ယခုအခါတွင် မြို့ပိုင်မျှသာ မဟုတ်တော့ဘဲ အရေးပိုင်နှင့် အတွင်းဝန်များပင် ဖြစ်နေပြီဖြစ်သော မိတ်ဆွေ စာရေးဆရာမန်းတင်၏ ဝတ္ထုတိုကလေးများကို ယူငင်ရန်အတွက် ကျွန်နော်သည် စာအုပ်ဆိုင်ဖက်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

စာရေးဆရာဘ၀ကို တပ်မက်လှသော်လည်း ၄င်း၏ ၀မ်းစာအတွက် အဆုံးအဖြတ် ပြုလိုသေးဟန်မရှိသော မင်းရှင်၏ အကြောင်းကို တွေးတောရင်း မီးရထား ဂုံးကျော်ရထားကို တယောက်တည်း ဖြတ်လျှောက်လာစဉ် မြိုင်ကမှာလိုက်သော မြို့ပိုင်မောင်ပြုံးချို ဝတ္ထုတိုကလေးများ အကြောင်းကို အတွေးဆက်သွားရာမှ စာရေးဆရာ မန်းတင်၏ အကြောင်းကို စဉ်းစားမိပြန်သည်။

မန်းတင်သည်လည်း ကျွန်နော်နှင့် အလွန်တရာခင်မင်သော မိတ်ဆွေ စာရေးဆရာ တယောက်ပင်ဖြစ်သည်။ သူနှင့် ဆက်စပ်၍ သူ၏ဇနီး ဒေါ်ခင်မကြီးနှင့်ပါ ခင်မင်ခွင့် ရရှိခဲ့ပေသည်။

စာရေးဆရာမန်းတင်သည် မြန်မာစကားပြေ အရေးအသားနှင့် ၀ါကျဖွဲ့စည်းပုံတွင် ကျွန်နော်တို့ ကိုယ်တိုင်စံပြုထားရသော ပုဂ္ဂိုလ်ကြီး တဦးဖြစ်လေသည်။ အလွန်တရာ စာအရေးအသား ညက်ညော ထက်မြက်လှပေသည်။ သူသည် စာပြောင်များကို ရေးလေ့ရှိတတ်သည်။ အမြင်မတော်သော  ကိစ္စများကို သဲသဲမဲမဲ ဝေဖန်တတ်သည်။ သရော်တတ်သည်။ သူသည် တက္ကသိုလ် ကျောင်းသားဘ၀မှ စ၍ ထင်ရှားလာသော စာရေးဆရာ တယောက်ဖြစ်လေသည်။
 
သူ၏ ဆိတ်မြည်သံ ဝတ္ထုတိုကို ဖတ်ဖူးသူတိုင်း မမေ့နိုင်ကြချေ။ ဂျပန့်ခေတ်ကြီး တခေတ်လုံးကို ထိုသုံးနှစ် အမည်ရှိ စာအုပ်ဖြင့် ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြနိုင်စွမ်းသော စာရေးဆရာ တဦးပင်ဖြစ်ပေသည်။

မြိုင်သည် စာရေးဆရာ မန်းတင်ကို အနှစ်သက်ဆုံးဖြစ်သည်။ ဂျပန့်ခေတ် ကျွန်နော်က ၀ါရမ်းပြေးလျှက် သစ်သစ်နှင့် ၄င်းကို ကရင်ရွာတရွာတွင် ၀ှက်ထားရစဉ် ကာလများကပင် ထိုမိန်းမသည် မန်းတင်၏ ဝတ္ထုများကို မှာ၍, မှာ၍ နေတတ်သဖြင့် ဂျပန့်ခေတ်က ခက်ခက်ခဲခဲ ထုတ်ဝေရသော စာရေးဆရာ မဂ္ဂဇင်း တစောင်ကို သူရိယ ဦးသိန်းမောင်ထံမှ ငှားရမ်း၍ ၄င်းအား နှစ်သိမ့်ခြင်း ပြုခဲ့ရဖူး၏။

ဂျပန့်ခေတ်တွင် အထည်အ၀တ်များ ရှားပါးခက်ခဲလှသည့် အကြောင်းကို လှလှပပသရော်ထားသော မန်းတင်၏ စေတနာတွေပိုတယ် အမည်ရှိ ဝတ္ထုတိုကို ထိုမိန်းမသည် ဆယ်ခါလောက် ပြန်ဖတ်ကြောင်း ကျွန်နော့်ကို ပြောပြဘူးလေသည်။

မည်ကဲ့သို့ပင်ဖြစ်စေ စာရေးဆရာ မန်းတင်သည် ဤတိုင်းပြည်အတွက် အလွန်တရာ အဖိုးထိုက်တန်၍ အသုံးဝင်လှသော စာရေးဆရာကြီးတယောက် ဖြစ်မလာရရှာချေ။ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကြီးလေးများပြားလှသော တာဝန်များကိုသာ နေ့မအား ညမအား ထမ်းဆောင်နေရရှာလေသည်။

သူ့တွင်လည်း သားသမီးများသာမက မြေးများပါ တွဲလဲတွဲလောင်းနှင့် ဖြစ်နေရရှာလေပြီ။ ဆံပင်များလည်း တော်တော်ပင် ဖြူကုန်လေပြီ။ စာလည်း ရေးသားခြင်း ပြုတော့သည်ကို မတွေ့ရ။ မဖတ်ရသလောက်ဖြစ်သည်။ စေတနာတွေပိုတယ် ကဲ့သို့သော စာပြောင်များကိုကား ထားဘိဦး။


(၅)


ပြည်သူ့အလင်း စာပေဖြန့်ချိရေးမှ မန်းတင်၏ မြို့ပိုင်မောင်ပြုံးချို စာအုပ်သာမက ရန်ကုန်မှ မော်စကိုသို့ နှင့် ပြုံးတမဲ့မဲ့ စာအုပ်များကိုပါ မြိုင်အတွက် ဆွဲလာပြီးနောက် ဘားလမ်းတွင် ကိစ္စတခု ရှိသေးသဖြင့် ကျွန်နော်သည် ဗိုလ်ချုပ်ဈေးမှ ဘတ်စ်ကားကို မစီးသေးဘဲ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၏ လက်ျာဖက် စင်္ကြံအတိုင်း ခြေလျင်လျှောက်လာခဲ့သည်။

ထိုကဲ့သို့ လျှောက်လာခဲ့ရစဉ် ကျွန်နော်သည် ကျွန်နော်ကဲ့သို့ ခရီးသွားကြသော လူများကို မမြင်ချေ။ မန်းတင်ကဲ့သို့ မြင်းကုန်းနှီးပေါ်သို့ ရောက်ရှိနေကြရသော ဘ၀တူလှေထိုးသား မိတ်ဆွေ စာရေးဆရာများကို မြင်နေရသည်။

တက္ကသိုလ်ထင်ကြီးကို ကျွန်နော် မြင်၏ ။ သူသည် မန်းတင်ကဲ့သို့ ထက်မြက်သော စာရေးဆရာကြီး တဦးတယောက်ပင်ဖြစ်လေသည်။ စစ်ပြီးခေတ်က သူရေးသားခဲ့သော အပ္ပနား၏ အမျိုးသားနေ့ အစီရင်ခံစာ ဝတ္ထုတိုကို ဖတ်ရှုဘူးသူတိုင်း မေ့နိုင်ကြဘွယ်ရာမရှိ။ မန်းတင်ကဲ့သို့ ဝေါဟာရကြွယ်၍ အသုံးအစွဲနှင့် နေရာချထားရေးများတွင် ပိရိသေချာလှသူတဦးပင် ဖြစ်လေသည်။ စစ်ကြီး မဖြစ်မီက သူသည် စာရေးဆရာလုပ်ရန် အားထုတ်ခဲ့ဘူးသည်။

သို့ရာတွင် ထိုတက္ကသိုလ် စာရေးဆရာကြီးသည် ဆရာ့ဆရာကြီးများ ဖြစ်ကြကုန်သော ပီမိုးနင်းနှင့် မဟာဆွေတို့ကဲ့သို့ အငတ်မွတ် အဆင်းရဲခံနိုင်စွမ်း ရှိပုံမရချေ။ စာရေးဆရာလောကမှ တိတ်တဆိတ် ထွက်ပြေးကာ ရေတာရှည်တွင် လက်ထောက်မြို့ပိုင် သွားလုပ်လေသည်။ သတင်းစာဆရာ လုပ်သည်။ ယခု စာပေဗိမာန်ရုံးထက်တွင် စားပွဲထိုင်ကာ အုပ်ချုပ်ရေး အရာရှိကြီးတဦး လုပ်နေရှာသည်။ စာမရေးတော့ချေ။

သိပ္ပံစိုးရင် တယောက်လည်း ထင်ကြီး အတိုင်းသာ ဖြစ်နေသည်။ သူသည် ဝတ္ထုအရေးအသား ကောင်းမွန်စေ့စပ်သော စာရေးဆရာကြီး တဦးဖြစ်လေသည်။ သူသည် စာရေးဆရာ ဘ၀ကိုလည်း တပ်မက်ပုံ ရလေသည်။ သို့ရာတွင် သူသည် လှေထိုးသား မလုပ်ဘဲ ကျိုက္ကဆံမြင်းကွင်း အနီးတွင် သွား၍ နေလေသည်။

မနှစ်က ဗိုလ်မှူးချုပ်ကျော်ဇောနှင့် ကျွန်နော်သည် တိုင်းပြည်၏ တာဝန်တရပ်နှင့် ပြည်မြို့သို့ ရောက်ရှိခဲ့လေသည်။ သို့ရာတွင် ပြည်မြို့၏ ခရိုင်ဝန်မင်း ဖြစ်နေရှာသော ဦးစိုးရင်ကို ကျွန်နော်သည် လူချင်းပင် မတွေ့ခဲ့ရချေ။ ကျွန်နော်တို့ နှစ်ဦးသည် ငယ်သူငယ်ချင်းကဲ့သို့ ခင်မင် ရင်းနှီးကြသူများ ဖြစ်လေသည်။ သို့ရာတွင် သိပ္ပံစိုးရင်ဆိုသော စာရေးဆရာသည် ပြည်မြို့ မင်းကြီးတောင်ထိပ်ပေါ်တွင် ဆောက်လုပ်ထားသော ခရိုင်ဝန်မင်း၏ နေအိမ်၌ ပုန်းအောင်း နေတန်ရာသည်။ ၄င်း၏ ပီစီဖြစ်သော ကိုလှနှင့်တော့ တွေ့သည်။

“ပြောလိုက်စမ်းပါဗျ.. ခင်ဗျား ခရိုင်ဝန်မင်းကို.... စာကလေး ဘာကလေးများ ရေးပါဦးလို့....” ပြည်မြို့မှ ခရိုင်ဝန်ရုံးချုပ် စာရေးကြီး ဦးလှကို ကျွန်နော်က ပြောဆိုလိုက်သောအခါ ကျွန်နော်နှင့် ကိုစိုးရင်တို့ နှစ်ယောက်အပေါ်တွင် ၄င်း၏ ညီငယ်များကဲ့သို့ ခင်မင်သော ဦးလှက ဘာမျှတော့ ပြန်မပြောဘဲ ပြုံး၍သာ နေလေသည်။

ထိုသို့ ထင်ကြီးနှင့် စိုးရင်တို့ အကြောင်းများကို တွေးတောရင်း လျှောက်လာရာမှ စစ်ကဲမောင်ထော်လေးလမ်းကို ကျော်လွန်လာသောအခါ ကျွန်နော်သည် တာဝါဘားပေါ်မှ အပေါင်းအသင်း နှစ်ယောက်သုံးယောက်နှင် ခပ်ယိုင်ယိုင်ကလေး ဆင်းချလာသော စာရေးဆရာ တင့်တယ်ကို လှမ်း၍ မြင်လိုက်ရသည်။

သို့ရာတွင် ကျွန်နော်ထက် မျက်စိလျင်သော တင့်တယ်က “ဟေ့ အစ်ကို....” ဟု သူ၏ ထုံးစံအတိုင်း လှမ်း၍ နှုတ်ဆက်နေသဖြင့် ကျွန်နော်သည် ထိုမိတ်ဆွေ စာရေးဆရာအား အရိုအသေ ပြုရလေသည်။

“အစ်ကိုက မသောက်တတ်တော့ ကျွန်နော်နဲ့ တခုခု လိုက်စားပါဦးလား”

စာရေးဆရာ တင့်တယ် တယောက်သည် အလွန်တရာ သဘောကောင်းလှသော ပုဂ္ဂိုလ်တဦး ဖြစ်လေသည်။ သူ့တွင် ပိုက်ဆံကလေးများရှိလျှင် လူတဖက်သားကို အင်မတန်တိုက်ချင် အင်မတန် ကျွေးချင်သည်။

“ကနေ့ ညစာအတွက် ကျွန်နော်ကြိုက်တဲ့ ဟင်းရွက်ကြော်ကို ချက်ထားပေးမယ်လို့ မြိုင်က သေသေချာချာ မှာလိုက်လို့ပါ အကို”

ကျွေးမွေးရန် ဖိတ်ခေါ်နေသော ထိုမိတ်ဆွေကို စားရမည့် သူကပင် ပြန်၍ တောင်းပန်ပြောဆိုခြင်း ပြုလိုက်ရသည်။ တင့်တယ်နှင့် တာဝါဘားရှေ့တွင် လူချင်း ခွဲခဲ့ရပြီးနောက်တွင် စာရေးဆရာ တယောက်အကြောင်းကို ဆက်လက်စဉ်းစားလာမိသည်။ တင့်တယ်သည် ဒီဂရီ နှစ်ခုမျှ ရယူထားသော တက္ကသိုလ် ပညာတတ်ကြီး တဦးဖြစ်လေသည်။

သူကြီးဂေဇက် ဦးခင်မောင် မကွယ်လွန်မီက သူသည် စာရေးဆရာ ဇေယျ၊ တက်တိုးတို့နှင့်အတူ ပြန်ကြားရေးဌာနတွင် အလုပ် လုပ်ကိုင်ဘူးလေသည်။ ထို့နောက် အင်္ဂလန်သို့ပင် သွားရောက်ကာ ဘီဘီစီတွင် လုပ်ကိုင်ရင်း နောက်ထပ် ဒီဂရီတခု ယူငင်နိုင်ရန် အားထုတ်ဘူးလေသည်။

သို့ရာတွင် သူသည် စာရေးဆရာ ဘ၀ကိုသာ တပ်မက်သောကြောင့် သူ့ကို ဖမ်းဆီး ချုပ်နှောင်ထားသော ရာထူးရာခံနှင့် လုံခြုံမှုများကိုပင် ဖောက်ဖျက်ကာ စာရေးဆရာ ဘ၀ကို ဖက်တွယ်နေသော ပုဂ္ဂိုလ် တဦး ဖြစ်လေသည်။

စာရေးဆရာ ဘ၀သည် လုံခြုံမှု မရှိသေးသောကြောင့် သူသည် ဘိုင်ကျသော အခါများ၌ နိုင်ငံတော် ချက်အရက်ဖြူကို သောက်ရလေသည်။ ဖောဖောသီသီ ရှိသောအခါများ၌လည်း တပုလင်း တရာနီးပါးခန့်မျှ ပေးရသည်ဆိုသော နိုင်ငံခြားဖြစ် အရက်ကို တခွက်တည်းနှင့် ဖင်ထောင်သွားအောင် သောက်ပစ်လိုက်လေသည်။ ချက်အရက်ကို သောက်ရသည့်အတွက် ထိုစာရေးဆရာသည် ၀မ်းနည်းမိခြင်း ဖြစ်ပုံမရသကဲ့သို့ မြင်းဖြူတံဆိပ် ၀ီစကီကို သောက်ရသည့် အတွက်လည်း ၀မ်းနည်းဝမ်းသာ ဖြစ်ဟန်မရှိ။ ချဉ်ချဉ်တူးတူး မူးရင်ပြီးရော ဆိုသော မြန်မာစကားပုံ တခု ရှိသည်မဟုတ်လော။


(၆)


ဘားလမ်း၌ ဆောင်ရွက်စရာရှိသော ကိစ္စ တရပ်ကို ဆောင်ရွက်ပြီးစီး၍ အိမ်သို့ ပြန်ရန် ထွက်အလာတွင် မမြှော်လင့်သော ပေါင်းဟောင်းသင်းဟောင်း စာရေးဆရာတဦးကို မြှော်လင့်ခြင်း မပြုထားသော ပုံစံနှင့် ဗြုံးကနဲ တိုးလိုက်ရပြန်လေသည်။ ထိုသူကား ညိုမြပင်တည်း။

ညိုမြသည် ဘားလမ်းတွင် ရှိသော စက္ကူဆိုင်တဆိုင်တွင် ၄င်းထုတ်ဝေနေသော အိုးဝေ နေ့စဉ် သတင်းစာအတွက် စက္ကူထုပ်များကို အကြွေးဆွဲနေပုံရသည်။

“ကိုယ့်လူ .. ဒါ ဘယ်က ပြန်လာတာလဲ...” သူ၏ ထုံးစံအတိုင်းသာ ဖြစ်သည်။ လျှာလေး အာလေးကြီးနှင့် မေးလေသည်။

“ကိုယ်လူကကော  ဒီမှာ ဘာလာလုပ်နေတာလဲ” ကျွန်နော်သည် သူ၏ မေးခွန်းကို မဖြေဘဲ ပြန်၍သာ မေးခွန်း ထုတ်လိုက်လေသည်။

“နယ်ကိုယ်စားလှယ်တွေဆီက ပိုက်ဆံမလာလို့ မနက်ဖြန်ထွက်ဘို့ သတင်းစာအတွက် စက္ကူထုပ် အကြွေးလာဆွဲနေတာ..”

ညိုမြသည် အညာသား ပီပီ ကြွားဝါခြင်း မပြုတတ်ဘဲ ရိုးရိုးသားသားသာလျှင် ပြောဆိုတတ်လေသည်။ ဤတိုင်းပြည်၌ သတင်းစာ အတတ်ပညာနှင့် ပတ်သက်၍ “အမ် အက်စ် ဂျေ” ဘွဲ့ကို ပထမဆုံး ရရှိခဲ့သော ညိုမြတယောက် ၄င်းကိုယ်တိုင် ထုတ်ဝေနေသော သတင်းစာ၌ အောင်မြင်ခြင်း မရှိသည့်အတွက် ကျွန်နော်သည် အံ့သြခြင်း မဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် ညိုမြသည် သတင်းစာဆရာ တဦးမဟုတ်ဘဲ စာရေးဆရာ တဦးမျှသာ ဖြစ်သောကြောင့် ဖြစ်လေသည်။

၁၉၅၀ ခုနှစ်လောက်က ကျွန်နော်ထုတ်ဝေသော လင်းယုန်ဂျာနယ်တွင် ညိုမြသည် “မိုက်ဦးမည်” ဆောင်းပါးကို ထည့်သွင်းဖော်ပြစဉ်က “ကိုယ့်လူ ရေလိုက်လွှဲနေပြီ....” ဟု ကျွန်နော်သည် အကြံပေး ပြောဆိုဘူးလေသည်။ ညိုမြသည် ကျွန်နော့်ကို တွေတွေကြီးသာ စိုက်ကြည့်နေသည်။ ဘာမျှတော့ ပြန်မပြောချေ။ သူသည် လေးလေးနက်နက် စဉ်းစားနေသလော၊ သို့မဟုတ် ၀မ်းနည်းနေသလော၊ ညိုမြကို အကဲခတ်ရန် အလွန်ခက်သည်။ သူ၏ အိမ်သူသက်ထား နွယ်က ထိုကဲ့သို့ ညည်းတွား ပြောဆိုဘူးလေသည်။

ညိုမြအတွက် ကျွန်နော်သည် ၀မ်းနည်းမိသည်။ သူသည် လူ့လောကကြီးနှင့် လူသဘာဝတို့ကို ပိုင်းခြား ကြည့်ရှုတတ်သော အဘိဓမ္မာ ဆရာတဦးလည်း ဖြစ်သည်။ ထိုသို့ ပိုင်းခြားကြည့်ရှု၍ ရသမျှကိုလည်း ကွက်ကွက်ကွင်းကွင်းနှင့် မိမိရရ ဖော်ပြနိုင်စွမ်းသော စာရေးဆရာတဦးလည်း ဖြစ်လေသည်။

တက္ကသိုလ်ကျောင်းသား ဘ၀နှင့်တုန်းက ညိုမြ ရေးသောခဲ့သော စာပြောင်များကို ကျွန်နော်သည် ဘယ်တော့မှ မမေ့ချေ။ ၁၉၃၆ ခုနှစ်က ညိုမြရေးလိုက်သော “နွားနှင့် သပိတ်” ကို အဘယ်သူ မေ့နိုင်သနည်း။ သူ၏ “နန်းကြာညို” ကိုလည်း ယခုတိုင် စွဲလန်းနေတုန်းဖြစ်သည်။ ကုန်ကုန်ပြောရလျှင် ကျွန်နော်တို့ လူသိုက်က အင်မတန် လေးစားခင်မင်နေကြသော ကိုဗဟိန်း ကို “အရူးကလေး ဗဟိန်း” ဟူ၍ တွယ်သော်လည်း ငယ်စဉ်ကပင် ကျွန်နော်သည် ညိုမြကို အခင်မင် မပျက်ခဲ့ချေ။

သူသည် တဖက်သားကို တွယ်ရာ၌ပင် လှလှပပနှင့် သိမ်သိမ်မွေ့မွေ့ တွယ်တတ်သော စာရေးဆရာ ဖြစ်သည်။ သို့ရာတွင် ညိုမြ တယောက်သည် သူ၏ ဘ၀ကို နေရာမှန်အောင် မချထားခဲ့ချေ။ အမေရိကန် တက္ကသိုလ်မှ အပ်နှင်းခြင်း ခံရသော အမ် အက်စ် ဂျေ ဘွဲ့သည် ညိုမြ တယောက်တည်းကိုသာ ဂျောက်ချခဲ့သည် မဟုတ်သေး။ ဤတိုင်းပြည်အတွက် အလွန်တရာ ထက်မြက်၍ တန်ဖိုးရှိလှသော စာရေးဆရာကြီး တယောက်ကိုပါ ဆုံးရှုံး နစ်နာစေခဲ့လေသည် တကား...။

ညိုမြနှင့် လူချင်းခွဲ၍ ထွက်လာခါနီးတွင် မိတ်ဆွေတို့၏ ၀တ္တရားရှိသည့်အတိုင်း...

“ကိုယ့်လူကတော့ ရေလိုက်လွှဲလက်စနဲ့ ရေစုန်မျောတော့မယ်နဲ့ တူပါတယ်...” ဟု ကျွန်နော်က စိတ်မသက်မသာနှင့် ထပ်ပြောဆိုလိုက်သည်။

သို့ရာတွင် ညိုမြသည် ၄င်း၏ ဘ၀ကို ကောင်းစွာ နားလည်ထားသကဲ့သို့ ဘာမျှ ပြန်လည် ပြောဆိုခြင်းမပြု၊ အားကျလှသော မျက်လုံးကြီးများဖြင့် ကလေးကြီး တယောက်လို ငေးမော ကြည့်ရှုရင်း စက္ကူထုပ် အကြွေးဆွဲခံနေရသော ဘားလမ်း စက္ကူဆိုင် တဆိုင်အတွင်း၌ ငုတ်တုတ်ကလေး ကျန်ခဲ့ရှာလေသည်။

ဗန်းမော်တင်အောင်

*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *

စီးပွားရေး အလို့ငှါ မူရင်းစာအုပ်မှ ကူးယူဖော်ပြခြင်း မဟုတ်ပါသဖြင့် ခွင့်ပြုပါရန်
ဤစာအုပ်နှင့် သက်ဆိုင်သူများအား လေးမြတ်စွာ ပန်ကြားအပ်ပါသည်။

No comments:

Post a Comment