15.7.11

ဖတ်မိဖတ်ရာ... သခင်ဖေဌေး၏ သခင်ဖေဌေး၊ ဇာတ်ဆောင်တစ်ယောက်ဖြစ်ခဲ့ခြင်း။

အင်းစိန်ထောင်အတွင်းဝယ် ... နေထိုင်ကြစဉ်အတွင်း၌ ရဲဘော်တွေသည် စာဘတ်ခြင်း၊ စာရေးခြင်း၊ နိုင်ငံရေးဆွေးနွေးခြင်းနှင့် ကျန်းမာရေးအတွက်ဆိုလျှင် ပင်ပေါင်ရိုက်ခြင်း၊ ဘက်တမင်တန် ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း ၊ အလေးမခြင်း၊ အားကစားခြင်း အမျိုးမျိုးတို့ကို ကိုယ်ဝါသနာပါရာ လုပ်ကိုင်လာခဲ့ကြပြီးလျှင် အတီးအမှုတ် ၀ါသနာပါသူတို့ကလည်း ဘင်ဂျို၊ ဂီတာ စသည်တို့ကို တီးမှုတ်နေတတ်ကြပါသည်။

သခင်စိုး၊ သခင်သန်းထွန်းတို့ကမူ နိုင်ငံရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားသဖြင့် နိုင်ငံရေးပညာ လေ့လာလိုသော ရဲဘော်တွေသည် ထိုသင်တန်းများတွင် နေ့စဉ် အချိန်မှန်မှန် တက်ရောက်လေ့လာကြပါသည်။ သခင်စိုးသည် ကျမချစ်လင် ကိုလီနင် စာအုပ်ကို ဘာသာပြန်ဆိုပြီးခဲ့၍ သခင်သန်းထွန်းက ကွန်မြူနစ်ပါတီ ရာဇ၀င်ချုပ် ကိုဘာသာပြန်ခဲ့ပြီးလျှင် သခင်နုက ရက်စက်ပါပေ့ကွယ် ဝတ္ထုနှင့် ပုထုဇနော ဥမ္မာတကော ပြဇာတ်တို့ကို ရေးသားပြီးစီးခဲ့ပါသည်။

ထိုမျှမကသေးဘဲ... ပြဇာတ်ဝါသနာအိုးဖြစ်သော သခင်နုသည် တခမ်းရပ် ပြဇာတ်တိုကလေးများကို ရေးသား၍ ကပြရန် ဇာတ်တိုက်လာလေတော့သည်။

ထိုစဉ်က အင်းစိန်ထောင်တွင်း ရှိနေသော သခင်ရဲဘော်များအနက် ကျွန်တော် (သခင်မြသန်း) ၊ သခင်တင်မြ၊ သခင်လှကွန်း၊ ၀ါးခယ်မ သခင်သန်းလေးနှင့် သခင်ဝင်းလေးတို့မှာ အသက်အငယ်ဆုံး သခင်များဖြစ်ကြပါသည်။ ကျွန်တော်ဆိုလျှင် ထိုစဉ်က အသက် ၁၉ နှစ်သာ ရှိသေး၍ သခင်လှကွန်း၊ သခင်တင်မြ၊ သခင်ဝိုင်းတို့ဆိုလျှင် ကျွန်တော်ထက်ပင် အသက်ငယ်၍ ၁၈ နှစ်စီလောက်တွင် ရှိကြပါသည်။

သို့ဖြင့် သခင်နုရေးသားစီစဉ်သော ပြဇာတ်များ ကပြရာတွင် လူငယ်ပိုင်းမှ ကျွန်တော် (သခင်မြသန်း) ၊ သခင်သန်းလေး၊ သခင်ဝိုင်း၊ သခင်ချစ်တင် စသူများမှာ အမြဲပါဝင်ခဲ့ကြပြီးလျှင် သခင်ရွှေအုပ်ကြီး၊ မြောင်းမြ သခင်တင် စသော လူလတ်ပိုင်း ရဲဘော်များပါ အလျဉ်းသင့်ရာ အခမ်းများတွင် စိတ်ပါဝင်စားစွာ ပါဝင်လာကြပါသည်။ သခင်ဖေဋ္ဌေး အင်းစိန်ထောင်သို့ ရောက်လာသောအချိန်မှာ (၁၉၄၀ ခုနှစ် နှစ်လည်ခန့်) ကျွန်တော်တို့တတွေ (သခင်မြသန်း) ပြဇာတ်အချို့ကပြပြီး၍ နောက်ထပ် ပြဇာတ်တစ်ပုဒ်ကို ဇာတ်တိုက်နေသော အချိန်အခါနှင့် ကြုံကြိုက်နေပါသည်။

ပြဇာတ်တွင် မြေရှင်ကြီး၏ နှိပ်စက်မှုကို ခံစားနေရသော လယ်သမား ဘိုးချမ်း၏ ကဏ္ဍတခုပါဝင်လေရာ သခင်ဖေဋ္ဌေး ရောက်လာသည်နှင့် အလျဉ်းသင့်နေသဖြင့် သခင်ဖေဋ္ဌေးအား ထိုအခန်းတွင် ပါဝင်သရုပ်ဆောင်ရန် တိုက်တွန်းကြသောအခါ သခင်ဖေဋ္ဌေးကလည်း စိတ်ပါဝင်စားစွာပင် လက်သင့်ခံလိုက်ပါသည်။

ပြဇာတ်စင်ပေါ်ဝယ် လယ်သမားဘိုးချမ်းနှင့် အဖော်တယောက်တို့ ထွက်ပေါ်လာကြလေပြီ.... လယ်သမား ဘိုးချမ်းသည် မြေရှင်၏ နှိပ်စက်မှုဒဏ်ကို ခံစားရပြီး သကာလ ဒုက္ခိတဘ၀သို့ ရောက်ရှိနေရရှာသူဖြစ်ပါသည်။ ခြေတဘက်ခွင်ကာ ကိုယ်တချမ်းစောင်းနေသော လယ်သမား ဘိုးချမ်းသည် သူ၏ ဒုတ်ကောက်ကို ထောက်ခါ ထောက်ခါဖြင့် ဇာတ်စင်ပေါ်တွင် တရွေ့ရွေ့ ရှောက်လာနေပြီးမှ ရပ်လိုက်သည်။ ထို့နောက်တွင် သူနှင့် ပါလာသည့် အဖော်ဘက်သို့ လှည့်ကာ စကားပြောလိုက်သည်။

"ကြည့်စမ်း... ဒီမြေရှင်ကြီး နှိပ်စက်ထားလို့ ငါ့ဘ၀ လူစဉ်မမှီအောင် ဖြစ်နေရတာတွေ့တယ် မဟုတ်လား"

ဘိုးချမ်းသည် မြေရှင်ဆိုး၏ နှိပ်စက်ညှင်းဆဲမှု ခံရပုံနှင့် မြေရှင်စနစ်အပေါ် နာကျည်းရွံ့မုံးမှုတွေကို သရုပ်ပါစွာ ဖော်ထုတ်ပြောကြားသွားလေသည်။ ပွဲကြည့်ပရိသတ်များက ဘိုးချမ်း၏ သရုပ်ဆောင်ပုံကို အတော်ကလေး သဘောတွေ့နေကြပေပြီ။

သူ၏ ကဏ္ဍကို ပြီးဆုံးအောင် သရုပ်ဆောင်ပြီး၍ ကန့်လန့်ကာ နောက်ကွယ်သို့ ဘိုးချမ်း ၀င်ရောက်သွားသောအခါဝယ် လက်ခုတ်သြဘာသံတွေ သောသောညံစွာပေါ်ထွက်လာလေသတည်း။

ဤကား ဇာတ်ဆရာ သခင်နု ဦးစီးသော ထောင်တွင်းပြဇာတ်၌ သခင်ဖေဋ္ဌေး၏ ထူးကဲသော သရုပ်ဆောင်မှုပင်ဖြစ်ပေသည်။

အင်းစိန်ထောင်တွင်းထည်းဝယ် သခင်နု ပြဇာတ်များကို နိုင်ငံရေး အကျဉ်းသမားများရော အခြား ဘီ အတန်း အကျဉ်းသမားများပါ ပိုမိုစိတ်ဝင်စားလာကြပါသည်။ အနေကြာသောအခါ ပျင်းရိငြီးငွေ့ဘွယ်ကောင်းလာသော ထောင်တွင်းဘ၀တွင် ဤပြဇာတ် ကလေးများမှာ စိတ်ပျော်လက်ပျော် ရှိအောင်ဖြေဖျော်စရာ ကလေးတွေ ဖြစ်လာခဲ့ပါသည်။

သို့ဖြင့် ပြဇာတ်တွေမှာ စိုပြေမြိုင်လာခဲ့သည်။ ပြဇာတ်မထွက်မှီတွင် ပဏာမ အကများကိုပင် ထည့်သွင်း ကပြလာနိုင်ခဲ့သည်။ မြောင်းမြ သခင်တင်ကြီး၏ အင်္ဂလန် စိန် ခြေထိုးအကဆိုလျှင် အထူးပွဲကျသော တပင်တိုင်အက တရပ် ဖြစ်ခဲ့သည်။ ထိုမျှသာမက သခင်ချစ်တင်နှင့် ကိုလှမောင်တို့ စီစဉ်သော နှစ်ပါးသွား စုံတွဲအကမှာလည်း အတော်မြိုင်ဆိုင်ကာ စိတ်ရွှင်မြူးဘွယ် ဖြစ်ခဲ့ပါသည်။ သခင်နု ရေးသားသော ပြဇာတ်များတွင် စကားပြောရာ၌ သဘာဝကျစေရန် ဆဲရေးတိုင်းထွာစမ်းဆိုလျှင် ဇာတ်ကောင်တွေက တစ်တစ်ခွခွပင် ဆဲရသည်။ ပွဲကြည့် ပရိသတ်မှာလည်း ယောက်ျားချည့်ဖြစ်သောကြောင့် လွတ်လပ်သည်။ ထိုအချက်ကို အကြောင်းပြုကာ သီချင်းဆိုကောင်းသော သခင်ချစ်တင်က သူစီစဉ်သော နှစ်ပါးသွားအခမ်းတွင် သီချင်းတပုဒ် စပ်ဆိုခဲ့သည်။

"ဇာတ်ဆရာ... ဇာတ်ဆရာ... ဆရာနုက.. အဟုတ်ပ စီစဉ်သဗျို......  ပြဇာတ်ဆန်းကို စီကာရေး...အဆဲတွေကပို...." 

ထိုမျှသာ မကသေးပါ။ တယောထိုးအလွန်ကောင်းသည်ဟူ၍ ကျော်ကြားကာ ရွှေတံဆိပ်ပင် ရခဲ့ဘူးသော သခင်စိုးကြီးလည်း မနေနိုင်တော့ချေ။ ပြဇာတ်မထွက်မှီ ပဏာမခဏ်းတွင် သခင်စိုး၏ တယောသံများကိုပါ ကြားလာရပြန်လေသည်။

ဤသို့လျှင် ပြဇာတ်များကို ပြလာကြရာ၌ သခင်နုက ဆရာလုပ်ခါ၊ သခင်စိုးက တယောကိုင်၍ ပွဲထွက်ခဲ့ပြီးလျှင် သခင်ဖေဋ္ဌေးတို့ ကျွန်တော်တို့တတွေ ပါဝင်အသုံးတော်ခံကာ ကပြလျှက်ရှိစဉ်၌ သခင်သန်းထွန်းမှာ တပြုံးပြုံးနှင့် ကြည့်နေတတ်ရုံသာမကဘဲ "ဒီတခါ အမူအယာတွေ အရင်တခါထက် တိုးတက်လာပြီ...." စသည့်ဖြင့် မှတ်ချက်များပင် ချလျှက် သခင်ဗစိန်ကမူကား ရယ်စရာ အခဏ်းရောက်လျှင် တ၀ါးဝါးနှင့် ကျယ်လောင်စွာပင် ရယ်မောနေတတ်ပါပေသည်။

ဤကား... ဟိုအရင်တခါ အတိတ်က ဆုံစီးခဲ့ခြင်းပင် ဖြစ်ပါ၏။

ထိုစဉ် အခါကမူ နယ်ချဲ့အကျဉ်းထောင်အတွင်း၌ အကျဉ်းခံနေကြရသော်လည်း အားလုံးတစည်းတလုံးတည်းရှိကာ ပျော်တပြုံးပြုံးပင် နေနိုင်ခဲ့ကြသည်။ နိုင်ငံခြားသား ဗြိတိသျှ နယ်ချဲ့၏ အကျဉ်းထောင်ပင် ဖြစ်စေကာမူ လူပီသစွာ ပြုစုစောင့်ရှောက်ထားခြင်းကိုလည်း ခံခဲ့ကြရသည်။

ဇာတ်ဆရာ သခင်နု၏ ဘ၀၊ သခင်စိုး၏ ဘ၀၊ သခင်သန်းထွန်း ဘ၀နှင့် ဇာတ်ဆောင်ခဲ့သူတွေ၏ ဘ၀တို့သည်ကား၊ ယနေ့အချိန်ဝယ် ဘ၀အထွေထွေ ကွဲပြားနေချေပြီ။ မြေရှင်စနစ်ဆိုး၏ နှိပ်စက်ညှင်းဆဲခြင်းကို ခံစားနေရသည့် ဘ၀ကို သရုပ်ဆောင်ခဲ့သည့် သခင်ဖေဋ္ဌေးသည်ကား မြေရှင်ပဒေသရာဇ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ အတွင်းဝယ် ယနေ့တိုင်အောင်ပင်လျှင် အနစ်နာခံကာ တိုက်ပွဲနွှဲဆင်နေဆဲ ရှိသေး၏။ (သခင်မြသန်းရေး - နှစ်ကျွန်းပြန် စာအုပ်မှ)

သခင်မြသန်းသည် ကျနော် (သခင်ဖေဋ္ဌေး) အကြောင်းရေးသော သူ၏ စာအုပ်တွင် အထက်ပါအတိုင်း ရေးချယ်ခဲ့သည်။ ကျနော်တို့တတွေ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေးခေတ်က အင်းစိန်ထောင်လေးတွင် အတူတကွ အချုပ်ခံရစဉ် ဇာတ်ဆရာ သခင်နု၏ ဇာတ်များတွင် ကျနော်သည် (သခင်ဖေဋ္ဌေး) အဖိနှိပ်ခံရသော ဇာတ်ကောင်တဦးအနေဖြင့် ပါခဲ့ဘူး၏။

ဇာတ်ဆရာ သခင်နုသည် နောက်ပိုင်းတွင် စာချုပ်အမျိုးမျိုးဖြင့် လွတ်လပ်ရေးကို ယူပြီးသည့်နောက် ကျနော်သည် (သခင်ဖေဋ္ဌေး) သူနှင့် အယူအဆကွဲခဲ့၏။ ဤအယူအဆကွဲလွဲမှုအပေါ် အချေစိုက်၍ ဦးနုသည် သူဝန်ကြီးချုပ် သက်တန်းတလျှောက်လုံး ၁၂ နှစ်ကျော် သူပိုင်ထောင်များတွင် လှည့်၍ ကျနော့်အား ချုပ်နှောင်ခဲ့၏။ ကျနော်သည် ကိုကိုးကျွန်း ဂေါ်တူးလိပ်ကျွန်း အကျဉ်းစခမ်းများသို့လည်း အပို့ခံရပြီးသည်ကို အားမရသေး။ အင်းစိန် တွဲဘက်ထောင်လေးတွင် ထပ်၍ ချုပ်နှောင်ပြန်သည်။ ထို့ကြောင့် သူဝန်ကြီးချုပ်လက်ထက်တွင်ပင် ကျနော်သည် ရက်ပေါင်း ၂၆ ရက်တိုင်တိုင် အစာငတ်ခံတိုက်ပွဲကို ဆင်နွှဲပြီး လွတ်မြောက်ရေးကို တောင်းဆိုခဲ့ရလေသည်။

သခင်ဖေဋ္ဌေး၏ သခင်ဖေဋ္ဌေး ၊ ဒီရိုင်းစာပေတိုက် ၊ ၁၉၆၃ ခုနှစ် ၊ စာမျက်နှာ ၅၈ - ၆၄

ဆောင်းပါးအား ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် လေးစားစွာ ပန်ကြားအပ်ပါသည်။ (သတ်ပုံမူရင်းအတိုင်း) ။ စိတ်ဝင်စားဖွယ် ဆောင်းပါးအချို့


၁. http://www.snapshot-news.com/index.php?option=com_content&view=article&id=5276:2010-06-18-23-56-24&catid=345:vol2-no90&Itemid=118
၂. http://www.kaowao.org/b/art09-aug3.php

 *   *   *   *   *   *   *   *   *   *   *

No comments:

Post a Comment