5.7.11

ခိုင်ထူးသစ်၊ ကမ္ဘာကြီးကိုခိုးမယ့်လူ။

Fall and Expulsion from Eden By Michelangelo (1475 - 1564) (World Painting Series)


{ ၁ }

သူခိုးအားလုံးက သူ့ကို ကြောက်ကြသည်။ သူကိုယ်တိုင် သူခိုးတစ်ယောက်ဖြစ်သော်လည်း သူခိုးချင်း ပြန်ခိုးနိုင်သောကြောင့် သူခိုးများက သူ့ကို လန့်သည်။ စောရနက္ခတ် မိထားသောသူ့ မျက်လုံးများမှာ ငြိမ်သက်မှုမရှိ။ တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်မဟုတ်။ မျက်လုံးများက ဝေ့၀ဲလျက် လည်နေသည်။

“မြွေမြွေချင်းတော့ ခြေမြင်ပါတယ်” ဆိုသည့်အတိုင်း သူခိုးအချင်းချင်းကတော့ သူ့အကြောင်းကို ကောင်းကောင်းကြီး သိနေကြသည်။ သူခိုးလောကတွင် သူ့ကိုမသိသော သူခိုးရယ်လို့မရှိ။ သူခိုးဈေးထဲကို သူရောက်လာတိုင်း အားလုံးက သူ့ကို ၀ိုင်းကြည့်တတ်သည်။ ခိုးရာပါပစ္စည်း ၀ယ်သောဆိုင်များကလည်း သူ့ကို ထိတ်လန့်လေးစားစွာ ဆက်ဆံကြသည်။ သူရောင်းသည့် ပစ္စည်းများကို ဈေးမနှိမ်ရဲ။ တန်ရာတန်ကြေးကို ကျေကျေနပ်နပ်ပေးပြီး ၀ယ်ကြသည်။

သူ့လက်တွေက လျှပ်စစ်ထက်မြန်သည်။ တစ်ချက်ကလေး လစ်လိုက်သည်နှင့် ဖျတ်ခနဲ့….ဖျတ်ခနဲ့ ပါသွားတတ်သည်။

တစ်ခါတစ်ရံ သူရောင်းလိုက်သည့် ပစ္စည်းကို မိနစ်ပိုင်းအတွင်း ပြန်ရအောင်ပင် ပြန်ခိုးနိုင်သည်။ သူတောင်းသည့်ဈေးကို မပေးလို့ကတော့ ခံရပြီသာ မှတ်ပေတော့။

သူခိုးအချင်းချင်း တွေ့ကြပြန်တော့လည်း ရယ်လိုက်၊ မောလိုက်၊ စကားပြောလိုက်၊ လက်ဆွဲနှုတ်ဆက်လိုက်နှင့် တစ်ခုမဟုတ် တစ်ခုတော့ ပါသွားတတ်သည်။ ထို့ကြောင့်လည်း သူခိုးများက သူ့ကိုတွေ့လျှင် ရှောင်ကြသည်။

‘ဟိုနေ့က သူနဲ့ဈေးထဲမှာတွေ့လို့ ခဏလေးရပ်ပြီး စကားပြောလိုက်တာဗျာ။ အိမ်ပြန်ရောက်မှကျုပ်ခိုးထားတဲ့ ပတ်ကားဖောင်တိန်လေး ပါသွားမှန်း သိရတယ်။ နှမြောလိုက်တာဗျာ၊ ဒီဖောင်တိန်လေးကို မရမကခိုးပြီး ကြိုက်လွန်းလို့ ပြန်မရောင်းဘဲ ထားတာ။ ဒီလူနဲ့တွေ့မှပဲ ခံရတော့တယ်။” ဆိုသည့် သူခိုးလောကမှ သူနှင့်ပတ်သက်သော သတင်းစကားများကို မကြာ မကြာ ကြားနေရသည်။ သူကတော့ “ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ်”လို့ ကြွေးကြော်ထားသည်။

ပြီးတော့ သူကခေသူမဟုတ်။ ခေတ်ပညာကိုလည်း မတောက်တခေါက် တတ်သည်။ ခေတ်အမြင်လည်းရှိသည်။ စကားပြောလည်း ညက်သည်။ အာဝဇ္ဖန်းလည်းရွှင်သည်။ သူနှင့်စကားပြောရသည်မှာ ပျော်စရာကောင်းသလို ထိတ်လန့်စရာလည်း ကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူခိုး တော်တော်များများကတော့ သူ့ကို မပစ်ပယ်ရဲ။ စိတ်ပေါင်းကိုယ်(အနည်းငယ်)ခွာပြီး လေးလေးစားစား ဆက်ဆံကြသည်။

လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ သူနှင့်တွေ့တိုင်း သူခိုးများက သူကိုကျွေးမွေးဧည့်ခံပြီး သူပြောသည့်စကားများကို စိတ်ဝင်စားစွာ နားထောင်ကြသည်။ သူကလည်း သူခိုးတရား ဟောလေ့ရှိသည်။

“ကျုပ်တို့သူခိုးလောကမှာ အဆင့်နိမ့်ဆုံး သူခိုးကို ထဘီသူခိုးလို့ ထင်နေကြတယ်။ ဘုန်းနိမ့်ခံပြီး ထဘီကအစ အလစ်သုတ်တဲ့ သူခိုးအများစုဟာ ဖိုးသမားတွေ ဘိန်းစားတွေပဲ။ ဒါပေမယ့်အဲဒီ ထဘီသူခိုးတွေကို အဆင့်နိမ့်တဲ့ သူခိုးတွေလို့ ပြောလို့ မရသေးဘူး။ တကယ်တမ်း အဆင့်နိမ့်တာက မယားခိုးတွေ (မယခိုးတွေ)…။ ထဘီတင်မကဘဲ သူများမယားပါခိုးတဲ့ မယားခိုးတွေဟာ အဆင့်နိမ့်တဲ့ သူခိုးတွေပဲ။ 

“ဘာပဲခိုးခိုး သူခိုးဆိုတဲ့ သတ်မှတ်ချက်နဲ့တော့ မလွတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူခိုးဆိုပြီးတော့လည်း အားမငယ်ကြပါနဲ့။ လူတစ်ရာမှာ ကိုးဆယ်ကျော် တစ်ရာနီးပါးလောက်ဟာ သူခိုးတွေပါလို့ ကျုပ်ရဲရဲကြီး စွပ်စွဲရဲတယ်။ 

ဒါပေမဲ့ လူတွေက  တော်တော်ခက်တယ်။  သူခိုးဆိုတဲ့  သတ်မှတ်ချက်ဟာ သူတို့နဲ့ မဆိုင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ဘဲ  “သူခိုး…သူခိုး”လို့  အော်နေကြတယ်။  တကယ်တော့ သူတို့ကိုယ်တိုင်လည်း သူခိုးဖြစ်တယ်ဆိုတာကိုတော့ နည်းနည်းလေးမှ မတွေးမိကြဘူး။ ‘သေချာစဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ မွေးစကစပြီး  အရွယ်ရောက်တဲ့အထိ  တစ်ခုခုတော့ ခိုးမိတာပါပဲ။  တန်ဖိုးနည်းတာ များတာ၊ ထိခိုက်တာ မထိခိုက်တာပဲကွာမယ်။ သူများမသိအောင်ကတော့ ယူမိ ခိုးမိတာပါပဲ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားပါတယ်ဆိုတဲ့ ဈေးသည်တွေ၊ ကုန်သည်တွေလည်း အလေးခိုးတာတွေ၊ အချိန်အတွယ် ခိုးတာတွေရှိတယ်။ စာတတ်ပေတတ် ပညာတတ်တွေထဲမှာတောင် စာကူးချတဲ့ စာသူခိုးဖြစ်ခဲ့ဖူးတဲ့  လူတွေရှိတယ်။ ပြီးတော့ ကမ္ဘာနဲ့ချီပြီး ကြည့်မယ်ဆိုရင်လည်း ဒီကမ္ဘာပေါ်မှာ သူခိုးနိုင်ငံတွေ အများကြီးပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ခိုးဖို့ဝှက်ဖို့ပဲ  ချောင်းနေကြတယ်။ အခုခေတ်မှာ ဆော့ဖ်ဝဲ ခိုးတာတွေ၊ နည်းပညာ ခိုးတာတွေ၊ ဖော်မြူလာ ခိုးတာတွေ ၊သယံဇာတ ခိုးတာတွေ၊ ရေအရင်းအမြစ် ခိုးတာတွေ အများကြီးပဲ။ ဘယ်လောက်ထိ ခိုးလဲဆိုရင် ရာသီဥတုကအစ၊ မိုးကအစ ခိုးနေကြတယ်။ သိပံပညာ ထွန်းကားတဲ့ ဒီခေတ်ကြီးမှာ သူများနိုင်ငံမှာ ရွာမယ့်မိုးကို ကိုယ့်ကိုယ့်နိုင်ငံမှာ ရွာအောင် မိုးလွှဲပြီး မိုးခိုးနေကြတယ်။ တကယ်တော့ ဒီလောကကြီးဟာ သူခိုးနဲ့ မကင်းပါဘူး။ ဒါကြောင့် ခိုးရမှာကို မကြောက်ကြပါနဲ့၊ မရှက်ကြပါနဲ့။ သူခိုးဆိုတာ နေရာတိုင်းမှာ လက်ညိုးထိုး မလွဲပါပဲ။ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လက်ညိုးထိုးမှာမဟုတ်ဘူး။ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် ရဲရဲကြီး လက်ညိုးထိုးတယ်။ ’

‘ကျုပ်ဟာသူခိုး၊ သူခိုးဟာ ကျုပ်ပဲ။’ ‘ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်က ဟော့ဒီကမ္ဘာကြီးကိုတောင် ရအောင် ခိုးလိုက်ချင်တယ်။’ 

သူ့စကားများကို ကြားရလေတိုင်း သူခိုးများမှာ စိတ်ဓာတ်တက်ကြွကာ ခိုးချင်စိတ်များ တဖွားဖွား ပေါ်ပေါက် လာကြသည်။ သူကလည်း သူခိုးများကို တွေ့တိုင်း ဆက်ပြီးများများခိုးဖို့ အားပေးလေ့ရှိသည်။ ခိုးပုံခိုးနည်း ဖောက်ထွင်းပုံ ဖောက်ထွင်းနည်းများနှင့် သူ့အတွေ့အကြုံများကို တတ်နိုင်သမျ ပြောပြသည်။

နေ့တွင် ခိုးသောအခါ တွေ့ရမည့်အခက်အခဲ၊ ညတွင်ခိုးသောအခါ တွေ့ရမည့် အခက်အခဲများကို မည်သို့ ရင်ဆိုင် ဖြေရှင်းရမည်။  မည်သို့ရအောင်ခိုးရမည် စသည်တို့ကို သင်တန်းပို့ချသလို အသေးစိတ် ရှင်းပြတတ်သည်။ 

တကယ်လို့သာ  လူ့အသိုင်းအ၀ိုင်းက သူခိုးတက္ကသိုလ် တစ်ခုလောက် ဖွင့်ခွင့်ပြုလိုက်လျင် သူခိုးများက သူ့ကို ပါမောက္ခချုပ် ခန့်ဖို့ ရာနှုန်းပြည့် ထောက်ခံကြလိမ့်မည်။ 


{ ၂  }


တစ်နေ့…


သူ သူခိုးဈေးမှအပြန် လမ်းတွင် လူတစ်ယောက် နောက်က လိုက်လာသည်ကို သတိထားမိသည်။ မျက်စိလျင်သောသူသည် လမ်းဘေးတွင် ရပ်ထားသော ကား၏ဘက်မှန်ကို ဖျတ်ခနဲ့ လှမ်းကြည့်လိုက်ခြင်းဖြင့် နောက်က လိုက်လာသူမှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် လူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်သည်။ သူက ထိုလူကို မျက်ခြေဖြတ်ဖို့ စိတ်ကူးပြီး လမ်းဆုံတစ်ခုအရောက်တွင် တည့်တည့်လျောက်နေရာမှ ညာဖက် ကွေ့တော့မလိုလိုနှင့် ဘယ်ဘက်ကို ချိုးကွေ့လိုက်ပြီး နောက်ပြန်လှည့်ကာ တည့်တည့် လျောက်ပစ်လိုက်သည်။ သို့သော်လည်း မုတ်ဆိတ်ကြီးက သူ့နောက်မှ တကောက်ကောက်။ လျောက်နေသော သူ့ခြေလှမ်းများကို တုံ့ခနဲ့ ရပ်ပစ်လိုက်တော့ မုတ်ဆိတ်ကြီး သူ့ကို မီလာသည်။


“ရှာလိုက်ရတာဗျာ။ ခင်ဗျားကို တွေ့အောင် မနည်းရှာရတယ်”


သူနောက်လှည့်ပြီး မုတ်ဆိတ်ကြီးကို တည့်တည့်ကြည့်လျက် မေးလိုက်သည်။


“ခင်ဗျားဘယ်သူလဲ၊ ဘာဖြစ်လို့ ကျုပ်ကို ရှာတာလဲ”


မုတ်ဆိတ်ကြီးက သူ့မုတ်ဆိတ်များကို လက်နှင့် သပ်ရင်း… “လာဗျာ.. စားသောက်ဆိုင်မှာ တစ်ခုခု စားရင်း သောက်ရင်း ပြောကြတာပေါ့” တဲ့။


သူလည်း အချိန်အနည်းငယ်ကြာအောင် ရပ်စဉ်းစားပြီးမှ မုတ်ဆိတ်ကြီး၏ အလိုကို သဘောတူလိုက်သည်။ သဘောကောင်းသော မုတ်ဆိတ်ကြီးက စားသောက်ဆိုင်ထဲကိုရောက်တော့ ကြိုက်တာမှာဖို့ပြောသည်။ သူလည်း မုတ်ဆိတ်ကြီး၏ လက်ထဲမှ သားရေအိတ်ကို အကဲခတ်ပြီး ငွေစက္ကူတစ်ထပ်ကိုတွေ့မှ ၀က်စတူးတစ်ပွဲနှင့် ဘီယာတစ်လုံး မှာလိုက်သည်။ မုတ်ဆိတ်ကြီးကမူ ‘ကျုပ်က သက်သတ်လွတ် စားတာဗျလို့ ပြောရင်း အစိမ်းကြော်တစ်ပွဲ၊ အာလူးကြော်တစ်ပွဲနှင့် ဘီယာတစ်လုံးမှာလိုက်သည်။ သူက မုတ်ဆိတ်ကြီးကို အလိုမကျစွာကြည့်ရင်း ခင်ဗျားကလည်း သက်သတ်လွတ်စားတယ်ဆိုပြီး ဘီယာသောက်ရတယ်လို့ ဆိုတော့ မုတ်ဆိတ်ကြီးက တဟားဟားရယ်၍ ဘီယာလည်း သတ်သတ်လွတ်ပဲလေဗျာ တဲ့။”


သူစကားလမ်းကြောင်း ချက်ချင်းပြောင်းပြီး  “ကဲ  ဆိုစမ်းပါဦး၊ ခင်ဗျားဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဆိုတော့ မုတ်ဆိတ်ကြီးက ချက်ချင်းပြန်မဖြေ။ စားပွဲပေါ်ကို ဘီယာရောက်လာတော့မှ အမြုပ်တစီစီ တက်နေသော ဘီယာကို တဂွတ်ဂွတ် မော့ချလိုက်ပြီး  ဂေ့ ဟု လေတစ်ချက်ကြို့ရင်း ပြောသည်။


ဒီလိုပါ ကျုပ်က ဂမ္ဘီရပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားနေတဲ့ လူတစ်ယောက်ပါ။ ဂမ္ဘီရပညာရဲ့ လျို့ဝှက်နက်ရှိုင်းမှုတွေကို တော်တော်လေး တွေ့ခဲ့ပါပြီ။ အခု ကျုပ်လိုချင်တာကတော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်း တိုင်ကပ်နာရီ တစ်လုံးပါ။ ဒီနာရီက တော်တော်လေး ရှေးကျတယ်။ ဂယ်လီလီယိုခေတ်ရဲ့ နောက်ပိုင်းလေးလောက်မှာ လုပ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဒီနာရီမှာပါတဲ့ ချိန်သီးက ရိုးရိုးချိန်သီး မဟုတ်ဘူး။ အင်မတန် အစွမ်းထက်တဲ့ ဂမ္ဘီရချိန်သီး။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ ဂမ္ဘီရပညာသည်တွေဟာ ကိုယ်တွင်းပိုင်းမှာဖြစ်တဲ့ ရောဂါတွေကို ဂမ္ဘီရချိန်သီးနဲ့ ရှာလေ့ရှိကြတယ်။ လူနာရဲ့ ၀မ်းဗိုက်ပေါ်မှာ ချိန်သီးကို တန်းလန်းချပြီး နှလုံးမှာလား၊ အဆုတ်မှာလား၊ အသည်းမှာလား၊ ကျောက်ကပ်မှာလားဆိုတာ အတိအကျ သိအောင်ရှာတယ်။ အဲဒီဂမ္ဘီရချိန်သီးကိုလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတယ်။ ဂမ္ဘီရ သမိုင်းမှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဟစ်တလာဟာ မူဆိုလီနီရှိတဲ့နေရာကို အတိအကျသိရဖို့ ဂမ္ဘီရပညာရှင်တွေခေါ်ပြီး မြေပုံပေါ်မှာ ချိန်သီးချပြီး ရှာခဲ့တယ်လို့ သိရတယ်။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ အခုကျုပ်တွေ့ထားတဲ့ တိုင်ကပ်နာရီက ချိန်သီးဟာ ဂမ္ဘီရချိန်သီးပဲ။ ဒီနာရီကို မြို့အစွန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တွေ့ထားတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအိုကြီးတစ်ပါးပဲ သီတင်းသုံးတယ်။ ဘုန်းကြီးအိုကြီးက အဲဒီ ရှေးဟောင်းနာရီကြီးကို ဘယ်လောက်ပေးပေး မရောင်းဘူး ဘုရားကို လှူထားတာ၊ ဘုရားပစ္စည်းလို့ပဲ ပြောတယ်။ ပြီးတော့ ဒီနာရီကို တော်တော်လေး မျက်စိလျင်မှ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အစွမ်းအစကို ကျုပ်သိပါတယ်။ ခင်ဗျားရဲ့ပညာကိုလည်း လေးစားတယ်။ ဒီနာရီကို ခင်ဗျားကလွဲပြီး ဘယ်သူမှ မခိုးနိုင်ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီတော့ ကျုပ်ကို ကူညီပါ။ ဒီနာရီကို ရအောင် ခိုးပေးပါ။ ရရင် ခင်ဗျားကို သိန်းနဲ့ချီပြီး ပေးမယ်။ ပြီးတော့ တခြားအဖိုးတန်တာတွေလည်း ပေးဦးမယ်။


မုတ်ဆိတ်ကြီး၏ စကားကို သူတော်တော်လေး စိတ်ဝင်စားသွားသည်။


သူရော မုတ်ဆိတ်ကြီးရော ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသော်လည်း အရှိန်မတက်။ တစ်ဖက်က အနည်းငယ် ကျဉ်းပြီး တစ်ဖက်က အနည်းငယ်ကျယ်သော မုတ်ဆိတ်ကြီး၏ လျို့ဝှက်နက်ရှိုင်းသည့် မျက်လုံးများကို စိုက်ကြည့်ရင်း ခိုးပေးမယ်လို့ သူကတိပေးလိုက်သည်။


{ ၃ }

ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အချိန်က သန်းခေါင်အလွန်။ တစ်ခြမ်းပဲ့ လ၏ ၀ိုးတ၀ါး အလင်းရောင်ထဲတွင် သူ့ခြေလှမ်းများ ပေါ့ပါး သွက်လက်နေသည်။


သို့သော်လည်း သူ့ခြေထောက်တွင် ဖိနပ်မပါ။ ဘုန်းကြီးကျောင်းအိုကြီးသည် လရောင်အောက်တွင် မည်းမည်းရှည်ရှည်ကြီး အထီးကျန်လျက်ရှိသည်။ ခြေတံရှည် တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသော ကျောင်းအိုကြီးအနားကို ရောက်အောင် သူချဉ်းကပ်လိုက်သည်။ မျက်စိကိုဖွင့်၊ နားကိုစွင့်၊ စိတ်ကို အတည်ငြိမ်ဆုံးထား၍ တိုင်တစ်တိုင်ကို ဖက်တွယ်ပြီး အပေါ်ကို တက်လိုက်သည်။ ပြတင်းဝကိုေ ရာက်တော့ သုံးနေကြ သံချိတ်တစ်ခုနှင့် ကလော်၍ ဖွင့်လိုက်သည်။


အထဲတွင် ဘုရားစင်တစ်ခု၊ စာအုပ်ဗီရိုများနှင့် အခန်းကန့်ထားသော အိပ်ခန်းငယ်တစ်ခု။


ဘုရားစင်ပေါ်တွင် ၀ါဆိုဖယောင်းတိုင်ကြီး တစ်တိုင်ကို ထွန်းညိထားသောကြောင့် ဘုန်းကြီးအိုကြီး မကျိန်းသေးဟု ခန့်မှန်းရသည်။ ဘာပဲဖြစ်ဖြစ် အထဲကိုဝင်ပြီး နာရီရှာဖို့ ဆုံးဖြတ်ကာ ကြမ်းပြင်ပေါ်ကို ဖွဖွလေး ခုန်ချလိုက်သည်။ မျက်စိကိုပြူး ပြဲပြီး နာရီကို အသေအချာ လိုက်ရှာသည်။ သို့သော်လည်း မတွေ့။


သူ မကျေမနပ်ဖြစ်ကာ အသက်အောင့်၍ မျက်စိမှိတ်ပြီး နားစွင့်လိုက်တော့ တဂျက်ဂျက် မြည်သံကို သဲ့သဲ့လေး ကြားရသည်။ အသံကြားရာကို တိုးသွားတော့ နာရီကို သစ်သားတိုင်တစ်တိုင်တွင် ချိတ်ကပ်မထားဘဲ ထွင်းထည့်ထားသည်ကို တွေ့ရသည်။ တိုင်ကလည်း အမည်းရောင်၊ နာရီကလည်း အမည်းရောင်ဖြစ်သော်လည်း ဘယ်ညာ လှုပ်ရမ်းနေသော ချိန်သီးမှာ သတ္တုတစ်ခုဖြစ်ပြီး တ၀င်းဝင်း လက်နေသည်။ အိပ်ခန်းဆီကို အချိန်အတော်ကြာအောင် အကဲခတ်ပြီးမှ နာရီကို နှိုက်ယူလိုက်သည်။ လွယ်လွယ်ကူကူပင် သူ့လက်ထဲတွင် နာရီပါလာပြီး တဂျက်ဂျက်မြည်သံမှာ ပိုမိုကျယ်လောင်လာသည်။ နာရီလက်တံတွေက တစ်နာရီထိုးဖို့ တရွေ့ရွေ့။ နာရီကို အခုချက်ချင်း သယ်သွားလျင် နာရီထိုးသံ ဒေါင်ဒေါင်ဒင်ဒင်မြည်သံသည် နေရာရွေ့ကာ ထွက်ပေါ်လာပြီး ဘုန်းကြီးအိုကြီး သိသွားမည်စိုးသောကြောင့် နဂိုနေရာမှာပင် ရပ်လျက် နာရီကို ကိုင်ထားမိသည်။ နာရီမြည်ပြီးမှ အမြန်ပြေးဖို့ စိတ်ကူးထားသည်။


တစ်နာရီအတိကို ရောက်တော့ နာရီထိုးသံကို မကြားရဘဲ  ‘ဟိတ်’ ဆိုသည့် အော်သံတစ်ခု အပေါ်မှ ထွက်ပေါ်လာ၍  မော့ကြည့်လိုက်ရာ ခေါင်မိုးထုပ်တန်းပေါ်တွင် ကိုရင်လေးတစ်ပါး ငုတ်တုတ် ထိုင်နေသည်ကို ၀ိုးတ၀ါး မြင်လိုက်ရသည်။


မုတ်ဆိတ်ကြီးပြောတော့ ဘုန်းကြီးအိုကြီး တစ်ပါးပဲရှိတယ်တဲ့။ အခုတော့ ကိုရင်လေး တစ်ပါးပါလား။ ဘုန်းကြီးအိုကြီးရော ရှိလေမလားလို့ တွေးတောရင်း အိပ်ခန်းဆီကို လှည့်ကြည့်လိုက်စဉ်မှာပင် သူ့ရှေ့တည့်တည့်ကို ထုပ်တန်းပေါ်မှ ဘုန်းခနဲ့ ပြုတ်ကျလာသောကြောင့် ပြန်လှည့်ကြည့်မိသည်။


ထုတ်တန်းပေါ်တွင် စောစောကမြင်ရသော ကိုရင်လေးမှာ အခုတော့ သူ့ရှေ့တည့်တည့်တွင် ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်နေသည်။ ခါးကိုင်းကိုင်း ကုန်းကုန်းနှင့်။ မျက်နှာပေါ်တွင် ပါးရေများ တွန့်လိမ် ရွတ်တွနေသည်။ ဖယောင်းတိုင်မီးရောင် တလှပ်လှပ် ဟပ်နေသော ဘုန်းကြီးအိုကြီး၏ အသွင်သဏ္ဍန်မှာ အလွန်အမင်း အိုမင်း ရင့်ရော်နေသည်။


သူ ကြည့်ရင်းကြည့်ရင်း ကျောစိမ့်ကာ ကြက်သီးများ တဖြန်းဖြန်း ထလာသောကြောင့် နာရီကို ကြမ်းပြင်ပေါ်ချ၍ ချက်ချင်း ထိုင်ကန်တော့လိုက်သည်။


“ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ့် ဒကာကြီး သူခိုးပါလား”


ဘုန်းကြီးအိုကြီးက သူ့စိတ် သူ့အတွေးတွေကို ဖောက်မြင်နေသည်။


“ဒကာကြီးက ကမ္ဘာကြီးကို ခိုးချင်ပေမယ့် ကမ္ဘာကြီးက ဒကာကြီးကို ခိုးထားလိုက်ပြီ ဒကာကြီး။ သံသရာမှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတွေဟာ ကမ္ဘာကြီး ခိုးထားတဲ့ အရာတွေပဲ။ ကမ္ဘာကြီး ခိုးတာကို ခံရလို့ ဟောဒီ ကမ္ဘာကြီးထဲမှာပဲ ဘ၀ အဆက်ဆက် ကျင်လည်ကြရတယ်။ ဒါဟာ ငါးပါးသီလ မလုံလို့၊ အကုသိုလ်တွေ ရှိနေလို့၊ ဒကာကြီးတို့လို ခိုးချင်ဝှက်ချင်စိတ်တွေ ရှိနေလို့၊ စိတ်မသန့်ရှင်းလို့ ကမ္ဘာကြီးခိုးတာ ခံရတာပဲ။ သံသရာမှာ ဒုက္ခတရားတွေနဲ့ ဆက်ပြီး ကျင်လည်နေရတာပဲ။ ဘုန်းကြီးကတော့ နောင်ဘ၀မှာ ကမ္ဘာကြီးခိုးတာ မခံရဖို့၊ သံသရာက လွတ်မြောက်ဖို့ ကျင့်ကြံနေတယ်  ဒကာကြီး”


“ဒကာကြီးလည်း ကမ္ဘာကြီးခိုးတာ မခံရဖို့ ခိုးချင်စိတ်တွေ ရပ်လိုက်ပါတော့”


လက်အုပ်ချီထားသော သူ့လက်များ တဆတ်ဆတ် တုန်နေသည်။


“မှန်…မှန်လှပါအရှင်ဘုရား”


စကားတွေက အထစ်ထစ် အငေါ့ငေါ့။


“တ..တပည့်တော် မနေနိုင်လို့ ခိုးမိတာပါ။ ဒါနောက်ဆုံး ခိုးခြင်းပါပဲ။ နောက်….နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူး။”


“ ကောင်းလေစွ…  ကောင်းလေစွ။ သာဓု..သာ…”


ဘုန်းကြီးအိုကြီး၏ စကားသံ မဆုံးသေး။ သူ ထပ်၍ လျောက်ပြန်သည်။


“ဒါ… ဒါပေမယ့် ဒီနာရီလေးကိုတော့ ဒီအတိုင်း မထားခဲ့ချင်ပါဘူး အရှင်ဘုရား။ ဒီနာရီလေးကိုတော့ နောက်ဆုံး အမှတ်တရအနေနဲ့ အပြီးတိုင် ခိုးသွားချင်ပါတယ် အရှင်ဘုရား ”တပည့်တော်က ပစ္စည်းတစ်ခုကို ခိုးပြီဆိုရင် မရရအောင် ခိုးတတ်ပါတယ်။ တပည့်တော်ရဲ့ သူခိုးရာဇ၀င်မှာ မရလို့ ထားခဲ့ရတဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး။ ဒီနာရီလေးကိုတော့ ရအောင် ခိုးသွားချင်ပါတယ် အရှင်ဘုရား။”


ဘုန်းကြီးအိုကြီး ငြိမ်သက် တွေဝေသွားသည်။ ကံကြမ္မာကို တရိပ်ရိပ် ရှုငေးရင်း အတွင်းစိတ်၏ အသိတရားကို ရင့်ကျူးလိုက်သည်။


“ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ် ဒကာကြီး”


“အချိန်လည်း သိပ်မရှိတော့ဘူး အရှင်ဘုရား၊ မိုးမလင်းခင် အရခိုးထားမှ..”


ပြောပြောဆိုဆိုနှင့် သူနာရီကို ကြမ်းပြင်ပေါ်မှ ကောက်ယူ၍ ပွေ့ပိုက် ပြေးထွက်လာပြီး ပြတင်းဝမှ လွှားခနဲ့ ခုန်ချလိုက်သည်။ သူ့ရင်ထဲတွင် အေးခနဲ့၊ ဟာခနဲ့ဖြစ်သွားပြီး ပွေ့ပိုက်ထားသော နာရီမှာ မြေပြင်ပေါ်ကို အရင် လွတ်ကျသွားသည်။


ဘယ်အချိန်က စောင့်နေမှန်း မသိသော လူတစ်စု၏ လှံတံသည် သူ့ရင်ဝတည့်တည့်ကိုစူးခနဲ့ စိုက်ဝင်သွားသည်။ ‘အား’ ဆိုသည့် အော်သံနှင့် အတူ သူ့ရင်တစ်ခုလုံး ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ်တွင် လဲကျသွားသည်။


လရောင်အောက်တွင် တစိမ့်စိမ့်ထွက်ကျလာသော သွေးစက်များနှင့်အတူ သူ့ဝိညဉ်သည် သူ့ခန္စာမှ အပြီးအပိုင် ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် နာနာဘာဝ ၀ိနာဘာဝ လောကထဲတွင် တစ္တေသရဲတို့၏ အော်ဟစ်သံများ ဆူညံသွားသည်။

 “သူခိုးဗျို့…. သူခိုး… သူခိုး”

 ခိုင်ထူးသစ်

 မြားနတ်မောင်မဂ္ဂဇင်း (အောက်တိုဘာ၂၀၀၄)

 [ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္တုတိုများ ၂၀၀၄]  


*  *  *  *  *  *  *  *  *  *
htookhine@gmail.com
http://www.facebook.com/profile.php?id=100001894455533&sk=info
ခိုင်ထူးသစ်
*  *  *  *  *  *  *  *  *  *

1 comment:

ကိုပခန်း said...

ကိုရင်လေးကနေ ဘုန်းကြီးအိုဖြစ်သွားတာကတော့ ရင်ထဲမှာ မတင်မကျနဲ့ သို့လောသို့လော ကျန်အောင် လုပ်ထားတာပဲဗျာ။ ရင်ထဲတော့ ထိသွားတယ် စာရေးဆရာရေ။

Post a Comment