15.6.11

ဖတ်မိဖတ်ရာ...လူထုဒေါ်အမာ၊ အနားမညီ တြိဂံ ဝတ္ထုတိုများမှ အမှာစာ။

ဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ၏ အနားမညီ တြိဂံ ဝတ္ထုတိုများ စာအုပ်တွင်
ဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် အမှာစာအား ဖော်ပြအပ်ပါသည်။
(ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် ပန်ကြားအပ်ပါသည်။


မျက်နှာဖုံး ပန်းချီ - ၀ဏ္ဏဟန်


ဝင်းဝင်းမြင့် (နန်းတော်ရှေ့) အနားမညီ တြိဂံ ဝတ္ထုတိုများ

အားမာန်သစ်စာပေ၊ ပထမအကြိမ်၊ ၁၉၉၅ ခုနှစ် ဇွန်လ။

လူထု ဒေါ်အမာ၏ အမှာစာ

၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေအတွင်းမှာ  မန္တလေးတက္ကသိုလ် နယ်မြေက စာပေနယ်ထဲကို လူငယ်လေးတွေ ရောက်လာလိုက်ကြတာ တစ်ယောက်မက နှစ်ယောက်မက အများကြီးမို့လို့ ဒီလူငယ်တွေ ပေါ်ပေါက်လာတာဟာ အုံနဲ့ကျင်းနဲ့ပါကလားလို့ ကျွန်မတို့ ကြိုဆိုသူများက ၀မ်းမြောက်ဝမ်းသာ ကင်ပွန်းတပ်လိုက်ကြတယ်။

မောင်တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) တဲ့၊ မောင်ပေါက်စည်၊ ဒွါရာဝတီ ဘုန်းလူတဲ့၊ တက္ကသိုလ် မောင်စောလွင်တဲ့၊ နည်းတဲ့ အသီးအပွင့်တွေ မဟုတ်ကြဘူး။ နို့ပေမယ့် အဲဒီအထဲ မိန်းကလေးတွေ ပါမလာဘူး။ ပြီးတော့ ဒီအဖူးအပွင့်တွေထဲမှာ ကဗျာမှာ အားသန်သူက ခပ်များများ။

၁၉၈၅ ခုနှစ်တ၀ိုက် ရောက်ပြန်တော့ ၀င်းစည်သူ၊ ညိုထွန်းလူ၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ကြည်လင်အေး၊ ကိုကို (အမရပူရ)၊ ကိုရိုးကွန့်၊ ကျော်စွာထက်၊ ပိုင်စိုးဝေ စတဲ့ ကလောင်တွေ အုံနဲ့ကျင်းနဲ့ တစ်ခါပေါ်လာပြန်ရော။ သူတို့ လူသိုက်ထဲမှာ ကဗျာသမားက နည်းပြီး ဝတ္ထုတိုလိုင်း၊ ဆောင်းပါးလိုင်းက ခပ်များများ ပါလာပြန်တယ်။ ဒီတစ်သုတ်ဟာလည်း မန္တလေးတက္ကသိုလ်က အောင်လာ သီးပွင့်လာသူတွေ များတာပါပဲ။ ဒီအသိုက်မှာလည်း မိန်းကလေး မပါခဲ့ဘူး။

၁၉၉၀ ၀န်းကျင်ရောက်တော့ မိန်းကလေး ကလောင်ရှင်တွေ အုံနဲ့ကျင်းနဲ့ ပေါ်လာလိုက်တာ။ မ၀င့် (မြစ်ငယ်)၊ မကို၊ မေမောင်၊ ၀င်းဝင်းမြင့် (နန်းတော်ရှေ့)၊ မြို့သာမရာထို၊ ညိုညိုတင်လှ၊ နှင်းဆီအောင် စတဲ့ ကလောင်နာမည်တွေနဲ့။ ဟိုအရင် ဟိုအရင်က မိန်းကလေး မပါခဲ့ပေမယ့် ဒီတစ်ခါပေါ်လာတော့ မိန်းကလေးတွေမှ တစ်အင်တစ်အား၊ သဘောကျစရာ ကောင်းလိုက်တာ။ စာပေနယ်မှာ အခုလို လူငယ်တွေထဲက ဖူးပွင့်လာကြတာ ဘာလို့ တစ်ခေတ်တစ်ခါမှ အစုလိုက် အပြုံလိုက် ပေါ်လာကြသလဲ။ ပေါ်လာတော့ မိန်းကလေးတွေချည်း ဘာကြောင့် တစ်ချိန်တစ်ခါတည်းလိုလို ဖြစ်ရသလဲဆိုတာ သိပ္ပံနည်းကျ စဉ်းစားဖို့တော့ မလွယ်လှဖူး ထင်ပါတယ်။ အကြောင်းတော့ ရှိမှာပေါ့လေ။

တတိယအသုတ်မှာ ပေါ်လာတဲ့ ကလေးမလေးတွေက ဝတ္ထုတိုနဲ့ နာမည်ကိုယ်စီ ယူလာကြတယ်လေ။ အဲဒီလို ဝတ္ထုလေးတွေ ရေးတဲ့အခါ “အလှကိုယ်စီ ရှိကြသည်” ဆိုတဲ့ စကားလိုပဲ ကိုယ်ပိုင်ဟန်ကလေး တစ်မျိုးစီနဲ့ ရေးသားနေကြတာပါ။

အဲဒီအထဲက ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ရဲ့ ဝတ္ထုတိုကလေး ၁၅ ပုဒ်ကို “အနားမညီ တြိဂံ” ဆိုတဲ့ အမည်နဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကလေး ရိုက်မယ်လို့၊ အမေ အမှာရေးပေးပါဦးလို့ ပြောလာတော့ ရေးရမှာပေါ့လို့ ပြောရတယ်။ သူ့ဝတ္ထုတိုကလေးတွေကို မဂ္ဂဇင်းတွေထဲမှာ ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ဖတ်ခဲ့ဖူးပါတယ်။ ဖတ်ခဲ့တုန်းက ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ကလောင်ဟာ တခြားမိန်းကလေးတွေရဲ့ အရေးအသားနဲ့ မတူဘူး။ သူက ရိုးရိုးကလေး ရေးတာကိုးလို့ သာမန်အောက်မေ့ခဲ့မိပေမယ့် အခုလို အမှာစာရေးဖို့ဆိုတော့ မဖတ်ဖူးသေးတာရော ၊ ဖတ်ဖူးတာရော အားလုံးကို စုပေါင်းပြီး ဖတ်ကြည့်ရတယ်လေ။

ဝင်းဝင်းမြင့်ရဲ့ အသက်မွေးမှုက ကျောင်းဆရာမကလေး၊ သူ့တပည့်တွေက သူ့ကို အပျိုကြီး လောက်စာလုံး လို့ ခေါ်ကြသတဲ့။ လောက်စာလုံးဆိုတာ ခွစာကို ဆိုလိုတာလို့ သူက သူ့ ဝတ္ထု နှစ်ပုဒ်မှာ ထည့်ရေးပြပါတယ်။ လောက်စာလုံးဆိုတာ ဖြူဖြူသေးသေး အရပ်က ပုပုလေးမို့ ခေါ်တာနေမှာပါလို့ အမေကတွက်တယ်လေ။ သူက သူနဲ့ ထိတွေ့တာကလေးတွေမှာ တယ်ပြီး အသေးစိတ် တွေးတာခေါ်တာကိုး။ ပြီးတော့ အဲဒီအသေးစိတ် အတွေးအခေါ်ကလေးတွေကို စာဖတ်တဲ့သူ မပျင်းအောင်လည်း ရေးဖွဲ့ပြတတ်တယ်။

မြန်မာ့ဓနမဂ္ဂဇင်းမှာ ၁၉၉၃ ခု နိုဝင်ဘာလတုန်းက သူရေးပြခဲ့တဲ့ “သင်ရိုးမဲ့ အတတ်ပညာ” ဆိုတဲ့ ဝတ္ထုတိုကလေးဆိုရင် ၀င်းဝင်းမြင့်က သူစာသင်ပေးနေရတဲ့ မူလတန်းကျောင်းသားကလေးတွေရဲ့ ဘ၀နဲ့ သူ့ဘ၀တို့ ကွာဟမှုကို စာဖတ်တဲ့သူတွေ သိရမြင်ရအောင် သူ့မူလတန်းကျောင်း ပြတင်းကလေးကို လှစ်ပြတယ်။ ဒီကလေးတွေရဲ့ ဘ၀အမောကို ပြေလည်အောင် သူဘာမှ လုပ်မပေးတတ်တာကိုလည်း ပေါ်ပေါ်လွင်လွင် ရေးပြတယ်။ ပြီးတော့ ဘ၀တွေ ဘ၀တွေမှာ အမောတွေ ကိုယ်စီရှိကြတာကိုလည်း ရေးပြပါတယ်။

ဝင်းဝင်းမြင့်က မူလတန်းဆရာမ တော်တော်ကြာကြာ လုပ်ခဲ့ရတယ် ထင်ပါရဲ့။ မန္တလေးမဂ္ဂဇင်းမှာလည်း ဆင်တူရောင်ကွဲဆိုတဲ့ ဝတ္ထုတိုကလေး၊ မူလတန်းကျောင်းက ကလေးတွေရဲ့ ဘ၀ကို ဖော်တဲ့ ဝတ္ထုလေးတစ်ပုဒ် ရေးဖွဲ့သေးတယ်။ သူနေ့တိုင်း မြင်တွေ့နေရတဲ့ ကလေးတွေရဲ့ ဘ၀ကို သူက စိတ်ဝင်စားတာကိုး။ ကြိုးစားပြီး နှိုက်နှိုက်တွင်းတွင်းလည်း လေ့လာပုံရတယ်။ သူ့ အသေးစိတ် ချယ်မှုန်းပုံကလေးတွေက ဖတ်လို့ကောင်းပါတယ်။

ရွှေအမြုတေ မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ တိုက်စားခြင်း ဆိုတဲ့ ဝတ္ထုတိုကလေးကတော့ ခွေးလေခွေးလွင့်နဲ့ ခွေးဝင်စားကလေးများအကြောင်းပါ။ သူက သူငယ်ချင်းတွေကို “ကလေးနဲ့ ခွေးအကြောင်းကို သူအမြဲရေးချင်တယ်” လို့ ပြောပြသတဲ့။ နို့ပေမယ့် သူဘာတွေ ရေးရေး ခေတ်ရဲ့ကြေးမုံကလေး တစ်ချပ်လိုတော့ ရှိအောင် သူက ရေးဖွဲ့တာချည်းပါ။ ဒါကြောင့် သူ့အရေးအသား ကလေးတွေကို ဖတ်ကြသူက စိတ်ဝင်စားနိုင်တာပါ။

ဝင်းဝင်းမြင့် ၁၉၉၀ ခု ဇွန်လထုတ် စပယ်ဖြူမှာ ရေးခဲ့တဲ့ “ပုစင်းရင်ကွဲ” ဆိုတဲ့ ဝတ္ထုတိုကလေးကို ဂျပန်လို ဘာသာပြန်ပြီး ဂျပန်ပြည်မှာ ထုတ်ဝေမယ့် မြန်မာဝတ္ထုတိုပေါင်းချုပ် စာအုပ်မှာ ဖော်ပြမယ်လို့ သိရပါတယ်။ အဲဒီ ဝတ္ထုတိုပေါင်းချုပ်က မြန်မာစာရေးဆရာ ၁၄ ယောက်ရဲ့ ဝတ္ထုတိုတွေကို ဂျပန်အမျိုးသမီး မပန်းခက်က ဂျပန်လို ပြန်ဆိုမှာ ဖြစ်ပါသတဲ့။

ဝင်းဝင်းမြင့်မှာ သူနဲ့ ခေတ်ပြိုင်ပေါ်လာတဲ့ တခြား မိန်းကလေးစာရေးဆရာတွေနဲ့ မတူတာလေး တစ်ချက်ရှိသေးတယ်။ အဲဒါက သူက ကဗျာလည်း ရေးတယ်။ သူ့ကဗျာကလေးတွေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ မကြာမကြာတွေ့လိုက်ရတယ်။ တစ်နေ့တော့ သူ့ကဗျာစာအုပ်ကလေးများလည်း ထွက်လာဦးမလားလို့ အောက်မေ့ရပါတယ်။

ပန်းတိုင်း ပွင့်ကြပါစေ။ ပွင့်တဲ့ပန်းတိုင်း မွှေးကြပါစေ။



လူထုဒေါ်အမာ

မျက်နှာဖုံးပန်းချီ - မုတ်သုန်၊ ကြီးပွားရေးစာအုပ်တိုက်၊ပထမအကြိမ်၊ ၁၉၉၁ နိုဝင်ဘာ


မျက်နှာဖုံးပန်းချီ - စိုးဝင်းငြိမ်း၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၇ စက်တင်ဘာ


မျက်နှာဖုံးပန်းချီ - ဇန်ဇန်၊ ရဲရင့်ဝေစာပေ၊ ပထမအကြိမ်၊ ၁၉၉၂ ဇွန်လ


မျက်နှာဖုံးပန်းချီ - ကျော်စွာထက်၊ ကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၀ ဒီဇင်ဘာ


မျက်နှာဖုံးပန်းချီ - ကျော်စွာထက်၊ ကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၁ အောက်တိုဘာ


မျက်နှာဖုံးပန်းချီ - ဦးကံချွန်၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၉ မတ်

မျက်နှာဖုံးပန်းချီ - ချိုတူးမောင်၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၈ ဖေဖော်ဝါရီ



မျက်နှာဖုံးပန်းချီ - နေမျိုး၊ ကလျာစာပေ၊ ပထမအကြိမ်၊ ၁၉၉၉ ဇွန်




မျက်နှာဖုံးပန်းချီ - စိုးဝင်းငြိမ်း၊ ဥတ္တရလမင်း၊ ပထမအကြိမ်၊ ၁၉၉၇ နိုဝင်ဘာ

*   *   *   *   *   *   *   *   *   * 

1 comment:

tun said...

ဖတ် ချင်စ ရာ ၀တုတို စာအုပ်တွေဗျာ ။ တင်မောင်သန်းရဲ့ ဆုံးဖြတ်ချက်နဲ့ လူ နဲ့ မောင်သွေးချွန်ရဲ့ ၀တုတိုပေါင်းချုပ်စာအုပ်တွေလည်း အမှတ်ရမိတယ်။

Post a Comment