5.6.11

ဖတ်မိဖတ်ရာ....လူထုဦးလှ၊ သိပ္ပံမောင်ဝ၏ ယာဉ်မောင်း မောင်ငယ်။




မျက်နှာဖုံးပန်းချီ - ပန်းချီမောင်မောင်သိုက်


တက္ကသိုလ်စိန်တင် ၊ သိပ္ပံမောင်ဝ၏ ဘ၀နှင့် စာပေ 

အားမာန်သစ်စာပေ၊ ပထမအကြိမ်၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၊ စာမျက်နှာ ၂၅၇ - ၂၇၃ ။


(ဆောင်းပါးများအား စာရိုက်တင်ကူးယူ ဖော်ပြခွင့် ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် လေးစားစွာ ပန်ကြားအပ်ပါသည်။


ဆရာကြီး လူထုဦးလှသည် "သူ့စာများကပြောတဲ့ သိပ္ပံမောင်ဝအကြောင်း" စာအုပ်တွင် သိပ္ပံမောင်ဝ၏ အခြားအလောင်ခွဲများနှင့် ရေးသော ဆောင်းပါး၊ ပြဇာတ်စာမူများကို စနစ်တကျ စုဆောင်းတင်ပြထားသည်ကို တွေ့ရသည်။ ပြောရမည်ဆိုလျှင် မူရင်းစာရေးသူ သိပ္ပံမောင်ဝ ကိုယ်တိုင်ပင်လျှင် မိမိရေးသားခဲ့သော ဆောင်းပါး၊ ပြဇာတ်၊ စာမူများကို လူထုဦးလှလောက် စုဆောင်းထားရှိနိုင်မှ ထားရှိနိုင်ပါမည်လားဟု သံသယရှိဖွယ်ဖြစ်တော့သည်။ ဤသည်မှာလည်း သိပ္ပံမောင်ဝနှင့် လူထုဦးလှ၊ လူထုဦးလှနှင့် သိပ္ပံမောင်ဝတို့အကြားတွင် သံယောဇဉ်တွယ်တာမှု၊ ချစ်ခင်မှုတို့ကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။ အောက်ပါတို့မှာ ဆရာကြီး လူထုဦးလှ စုဆောင်းဖော်ပြသော သိပ္ပံမောင်ဝ ကလောင်ခွဲအမည်မှာ ဤသို့ဖြစ်သည်။

 ၁။ မောင်သံချောင်း (လူပျိုကြီး)
 ၂။ မဏိ (ဦးကေတုကျောင်းသား)
 ၃။ မောင်မြသွင် (သိပ္ပံကျောင်းသား)
 ၄။ မောင်တောက်ထွန်း (အမျိုးသားကျောင်းဆရာ)
 ၅။ တင်မောင်မြင့်
 ၆။ ခေတ်စမ်းမောင်
 ၇။ ဦးသောဘိတ
 ၈။ တင်တင့်
 ၉။ မောင်ထိပ်ပြောင်
၁၀။ ဘိလတ်ပြန်
၁၁။ ဦးသာမောင် (မန္တလေး)။


သိပ္ပံမောင်ဝ၏ ယာဉ်မောင်း မောင်ငယ်

ဆရာကြီး လူထုဦးလှသည် စာရေးသားရာတွင် အလွန်အကွက်စိပြီး စေ့စပ်သေချာသူဖြစ်သည်။ ထို့ကြောင့်ပင် သိပ္ပံမောင်ဝ၏ ဆောင်းပါးဝတ္ထုများတွင် မကြာခဏဖော်ပြခံရသော ကားဒရိုင်ဘာ "ကိုငယ်" ကို မရမက ရှာဖွေ ခေါ်ယူပြီး သိပ္ပံမောင်ဝ၏ စိတ်နေသဘောထားကို ထင်ရှားပေါ်လွင်အောင် စေ့ငုမေးမြန်းခဲ့သည်။

အောက်ပါ ဆောင်းပါးမှာ "သူ့စာများကပြောတဲ့ သိပ္ပံမောင်ဝအကြောင်း" စာအုပ်တွင် သိပ္ပံမောင်ဝ၏ ကားမောင်းသမား မောင်ငယ်နှင့် တွေ့ဆုံမေးမြန်းချက်များကို လူထုဦးလှက စိတ်ဝင်စားဖွယ် ရေးထားလေသည်။

မောင်ငယ်

သိပ္ပံမောင်ဝ ရွှေဘိုမှာနေခိုက် ရေးတဲ့ဝတ္ထုဆောင်းပါးတွေထဲမှာ သူ့ကားမောင်းသူ မောင်ငယ်ရဲ့ နာမည်ကို မကြာမကြာ တွေ့ကြပါလိမ့်မယ်။ မောင်ငယ်ဆိုတာရှိတယ်။ ရွှေဘိုမှာ နေတယ်လို့ မိတ်ဆွေများက သတင်းပေးတာနဲ့ ရွှေဘိုက ကျွန်တော့်မိတ်ဆွေ သခင်ဗကြည်ကို အကူအညီ တောင်းရပါတယ်။

ကျွန်တော် စာရေးလိုက်လို့ (၃) ရက်အတွင်းမှာပဲ ကိုငယ် ပေါက်လာပါတယ်။ သိပ္ပံမောင်ဝ စာတွေထဲမှာ မောင်ငယ်လို့ ပါပေမယ့် သိပ္ပံမောင်ဝ ကွယ်လွန်ပြီးလို့ (၂၅) နှစ်ရှိပြီဖြစ်တဲ့ အချိန်မှာ မောင်ငယ်ဟာ ကောင်းကောင်းကြီး ဦးငယ် ဖြစ်နေပါပြီ။

၂၀-၇-၆၆ ရက်နေ့က ကိုငယ်ဟာ တစ်နေ့လုံးပဲ မန္တလေးမှာ ကျွန်တော့်နဲ့ နေသွားပြီး သူ့ဆရာ ဦးစိန်တင် အကြောင်းကို ပြောပြသွားပါတယ်။ နံနက် ၁၀ နာရီလောက် ကိုငယ် ကျွန်တော့်ဆီရောက်လာပြီး "ကျွန်တော် ရွှေဘိုက မောင်ငယ်ပါ" လို့ ပြောပါတယ်။

မေး   ။  ။ "သြော် ရွှေဘိုက ကိုငယ်လား။ ဟုတ်ပြီဗျား။ သခင်ဗကြည် ပြောတာနဲ့ လာတာပဲထင်တယ်။ ခင်ဗျားဆီ ကျွန်တော်ရေးလိုက်တဲ့ စာကောရသလား။"

ပြော ။  ။ "သခင်ဗကြည်က တစ်ဆင့် စာလည်းရပါတယ်။ သခင်ဗကြည်ကလည်း တိုက်တွန်းတာနဲ့ လာတာပါပဲ"

မေး  ။  ။ "ကိုငယ်...ရွှေဘို ဘယ်အရပ်ထဲမှာ နေသလဲ"

ပြော ။  ။ "ဈေးတန်းရပ်ထဲမှာ နေပါတယ်"

မေး  ။  ။ "ကိုငယ့် ဇနီးက ဘယ်သူတဲ့တုန်း"

ပြော ။  ။ "ဒေါ်ဆုံပါ"

မေး  ။  ။ "ကိုငယ် အခုအသက်ဘယ်လောက် ရှိသွားပြီလဲ"

ပြော ။  ။ "၅၆ နှစ်ပါ။ ၇၁ ခုသားပါ"

မေး  ။  ။ "ဦးစိန်တင်နဲ့ အတူနေတုန်းက ဘယ်အရွယ်လောက် ရှိပြီလဲ"

ပြော ။  ။ "၂၇ နှစ်က ၃၀ - ၃၁ နှစ်အရွယ်ပေါ့ ဆရာ၊ ငယ်ပါသေးတယ်"

မေး  ။  ။ "ဦးစိန်တင်နဲ့ ကိုငယ်နဲ့ ဘယ်လို တွေ့ကြတယ်၊ ဆရာတပည့် ဘယ်လိုဖြစ်ကြတယ်ဆိုတာ ကျွန်တော့်ကို ပြောပြပါအုံး"

ပြော ။  ။ "အရေးပိုင်အဖြစ်နဲ့ ဦးစိန်တင် ရွှေဘိုကို ရောက်လာတော့ ကားမောင်းသူ လိုတယ်ဆိုတာနဲ့ ကျွန်တော် ၀င်အလုပ်လုပ်တာပါပဲ"

မေး ။  ။ "ဘယ်နှစ်လောက်ကလဲ"

ပြော ။  ။ "၁၉၃၉ ခုနှစ်ကပါ"

မေး ။  ။ "ဘယ်နှနှစ်လောက် ဦးစိန်တင်နဲ့ အတူနေသလဲ" 

ပြော ။ ။ "၃ နှစ်ပါ"

မေး ။ ။ "နောက်ပြီးတော့ကော"

ပြော ။ ။ "၃ နှစ်ကြာတော့ ဆရာဦးစိန်တင် ရန်ကုန်ပြောင်းရပါတယ်"

မေး ။  ။ "ကိုငယ်ကော ရန်ကုန်ကို လိုက်သွားသလား"

ပြော ။ ။ "လိုက်သွားပါတယ်။ ကြာကြာတော့ မနေခဲ့ပါ။ ၆လ လောက်ပဲ နေခဲ့ပါတယ်။"

မေး ။  ။ "ဘာဖြစ်လို့လဲ"

ပြော ။  ။ "ဂျပန်လေယာဉ်ပျံတွေလာလို့ ရန်ကုန်မှာ လှုပ်လှုပ်ရွရွဖြစ်တာနဲ့ ခွင့်တောင်းပြီး ပြန်ခဲ့တာပဲ"

မေး  ။  ။ "၄၁ - ၄၂ ခုနှစ်လောက် ရှိလာပြီထင်တယ်"

ပြော ။ ။ "ဟုတ်ပါတယ်။ ကျွန်တော့် သားမယားနဲ့ ကလေးတွေက ရွှေဘိုမှာပါ။ ထွက်ခွင့်ရတော့ ရွှေဘိုကို ပြန်ခဲ့ပါတယ်"

မေး ။  ။ "ကိုငယ် ရွှေဘိုပြန်တော့ ဦးစိန်တင်ကားကို ဘယ်သူ မောင်းသလဲ"

ပြော ။  ။ "ရန်ကုန်မှာ ကျွန်တော် လူစားရှာပေးခဲ့ရပါတယ်။ တစ်ယောက် ရှာပေးလိုက်၊ မကြိုက်။ နောက်တစ်ယောက် ရှာပေးလိုက်၊ မကြိုက်။ တတိယလူမှ သူစိတ်တိုင်းကျတယ်။"

မေး ။  ။ "ကားမောင်းတဲ့လူကို သူကိုယ်တိုင် ဘယ်လို စစ်ဆေးကြည့်သလဲ"

ပြော ။  ။ "မောင်းခိုင်းပြီး ကားလိုက်စီးကြည့်ပါတယ်"

မေး ။  ။ "ဘယ်လိုလူကို မကြိုက်တာလဲ"

ပြော ။  ။ "ထွက်တာ၊ မောင်းတာ၊ ရပ်တာ၊ ကွေ့တာ အဲဒီမှာ ကြည့်တာပါပဲ" 

မေး  ။  ။ "သူ့ဝတ္ထုဆောင်းပါးတွေထဲမှာ ကားမောင်းသူတွေရဲ့ စရိုက်အမျိုးမျိုး ရေးထားတယ်။ တချို့က အမောင်းကြမ်းတယ်။ တချို့က မူးတယ် စသည်ဖြင့်ပေါ့ဗျာ။ ကိုငယ်ဟာ သူ့ကားမောင်းသူ အမှတ်စဉ် ၉ လို့လည်း ဆိုထားတယ် ဟုတ်ပါသလား။"

ပြော ။  ။ "ဟုတ်ပါတယ်။ ၉ လို့ သိရပါတယ်။"

မေး  ။  ။"သူစာထဲမှာ ပါတဲ့အတိုင်းဆိုတော့ ကိုငယ့်ကို သူ သဘောကျပုံပေါက်တယ်။"

ပြော ။  ။ "ဟုတ်ပါတယ်။ ကျွန်တော့်ကိုတော့ တော်တော်ကလေး သဘောကျပါတယ်။"

မေး  ။  ။ "တချို့ကားမောင်းသူတွေက အင်မတန်ကြမ်းတယ်။ ရှေ့ကသွားတဲ့လူရော၊ ကြက်တွေ၊ ငှက်တွေ၊ ခွေးတွေကိုရော ဂရုမစိုက်ဘူး။ အဲဒီလို သူရေးထားပါတယ်။ ကားမောင်းကြမ်းတာ ရမ်းတာ မြန်လွန်းတာ သူမကြိုက်ဘူး ထင်ပါရဲ့။"

ပြော ။  ။ “မကြိုက်ဘူးခင်ဗျ။ မှန်မှန်မောင်းမှ ကြိုက်တယ်။ ခွေးတွေ ဘာတွေကို နင်းတာလည်း မကြိုက်ဘူး။

မေး ။  ။ “ကိုငယ်က ခွေးတွေ့ရင် အင်မတန် တက်နင်းချင်တယ်လို့ သူ့စာတွေထဲမှာ ပါတယ်။ အဲဒါကော ဟုတ်သလား။

ပြော ။  ။ “နင်းတာ မဟုတ်ပါဘူး။ ခွေးတွေက ဖြတ်ပြေးတဲ့အခါ မတော်တဆ ဖြစ်တာပါ။ တချို့တောက ခွေးတွေက နားမလည်ဘူး။ အရှောင်မတတ်ဘူး”

မေး ။  ။ “တကယ်ပဲ မတော်တဆလားဗျာ။”

ပြော ။  ။ “မတော်တဆပါ။ တမင်နင်းတာတော့ မဟုတ်ပါဘူး။ တိရစ္ဆာန်ဆိုတော့ မသိဘူး။ ဖြတ်ချင်ဖြတ်ပြေးတာ။ ကားအောက်ရောက်လာတာနဲ့ နင်းသလို ဖြစ်သွားတာပါ။ တမင်တော့ မလုပ်ပါဘူး။” 

မေး ။  ။ "ဒီတော့ ကိုဝက မောင်ငယ် ခွေးကို ကားနဲ့ တစ်ခါတက်နင်းရင် ငွေတစ်ကျပ်ဒဏ်တတ်မယ်လို့ ပြောတယ်ဆို။ မောင်ငယ်နဲ့ခွေး ဝတ္ထုဆောင်းပါးထဲမှာ တွေ့တာပဲ"

ပြော ။  ။ "ဟုတ်ပါတယ်။ စာထဲမှာတော့ တစ်ကျပ်လို့ ပါပါတယ်။ ပြောတုန်းကတော့ နှစ်ကျပ်ပါ။"

မေး ။  ။ "သုံးနှစ်လောက်အတွင်း ကိုငယ် ဘယ်နှစ်ကျပ်လောက် ဒဏ်ဆောင်လိုက်ရသလဲ။"

ပြော ။  ။ "မောင်ငယ်ဟာ ခွေးတွေကို တက်တက်နင်းနေတယ်။ ငါအလုပ်ဖြုတ်ပစ်မယ် ဆိုလို့လည်း မရ။ မာန်မဲလို့လည်း မရ။ မောင်ငယ်ကို ဘယ်လိုနိုင်ရပါ့မလဲဆိုပြီး မောင်လူအေး စဉ်းစားတာပါ။ မောင်ငယ်ကို နိုင်ဖို့တော့ ဉာဏ်ရပြီ။ သူ့သားတွေ သမီးတွေရှိတယ်။ ခွေးတစ်ကောင်ကို ကားနဲ့တိုက်ရင် တစ်ကျပ်ဖြတ်မယ်ဆိုမှ ဖြစ်မယ်။ ဒါမှ သူမတိုက်မှာ။ သူ့ကိုနိုင်ရမှာ ဆိုပြီး မဂ္ဂဇင်းထဲမှာ ပါလာတယ်။ ကျွန်တော်လည်း ဖတ်ရပါတယ်။ အဲဒီလို မဖတ်ရခင် သူကလည်း ဒီသဘောမျိုးပဲ ပြောပါတယ်။ သူဒီလို ပြောပြီးတဲ့နောက် ကျွန်တော်လည်း ပိုဂရုစိုက်တာတော့ အမှန်ပါပဲ။ တစ်ကောင်မှလည်း မနင်းမိတော့ပါဘူး။ ဒဏ်ငွေလည်း အတပ်မခံရတော့ပါဘူး။ အလကား ပျော်ရယ်စရာ လုပ်ပြောတာပါ။ အစကတည်းက ဒဏ်ငွေတပ်ဖို့ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။"

မေး ။  ။ "ကိုငယ်က ဦးစိန်တင်နဲ့ နီးနီးကပ်ကပ်နေခဲ့သူဆိုတော့ ရွှေဘိုမှာ နေတုန်းက အပေါင်းအသင်းတွေနဲ့ မိတ်ဆွေသင်္ဂဟတွေကို သိမှာပေါ့။ ဘယ်သူတွေများလဲ"

ပြော ။  ။ "မိုးနက်စာရေးဆရာ ဦးသန်းတင့်နဲ့ ၀က်လက်က ဦးချစ်မောင်တို့နဲ့တော့ အင်မတန်ခင်ပါတယ်"

မေး ။  ။ "အဲဒီမိတ်ဆွေတွေက ခဏခဏ လာလည်ကြသလား။"

ပြော ။  ။ "လာလည်ကြပါတယ်။ သူတို့ မလာရင်လည်း ဆရာဦးစိန်တင်က ခေါ်ခိုင်းတာပဲ။ ထမင်းတွေစားကြ။ လက်ဖက်ရည်၊ ကော်ဖီတွေ သောက်ကြ စကားတွေ ပြောနေကြတာပဲ။"

မေး ။  ။ "ဦးစိန်တင်က လက်ဖက်ရည်ကြမ်းတော့ တော်တော်ကြိုက်တယ်ထင်တယ်။"

ပြော ။  ။ "ဟုတ်ကဲ့ ကြိုက်ပါတယ်။"

မေး ။  ။ "ဘာအမြည်းကလေးနဲ့ သောက်လေ့ရှိသလဲ။"

ပြော ။  ။ "အမြည်းကတော့ အဆင်ပြေသလိုပါပဲ။ ပဲလှော်အကြော်ကလေးများနဲ့လည်း သောက်နေလေ့ရှိပါတယ်။ ငါးခြောက် ငါးခြမ်းကလေးများလည်း ပါတတ်ပါတယ်။"

မေး ။  ။ "အားလပ်တဲ့ရက်တွေမှာ မိုးနက်ဝတ္ထုများရေးတဲ့ စာရေးဆရာ ရွှေပြည်စိုး အမည်ခံ ဦးသန်းတင့်နဲ့ ၀က်လက်က ဦးချစ်မောင်တို့နဲ့ စားကြ၊ သောက်ကြ၊ စကားပြောကြတာတော့ ဟုတ်ပါပြီ။ ရန်ကုန် ပြောင်းသွားတော့ ဘယ်မိတ်ဆွေတွေနဲ့ အဲဒီလို တွေ့ဆုံသေးသလဲ။"

ပြော ။  ။ "ရန်ကုန်မှာတော့ ကျွန်တော်နေခဲ့တာလည်း မကြာလို့ ဒါတော့ မသိခဲ့ပါဘူး။"

မေး ။  ။ "ကားမောင်းသူဆိုတော့ ကိုယ့်ဆရာနဲ့ နေရသူတစ်ဦးပဲ။ ဦးစိန်တင်နဲ့ ခင်ဗျားတို့ ၃ နှစ်ကျော်ကျော် အတူနေခဲ့ရတယ်ဆိုတော့ ဦးစိန်တင်ရဲ့ အတွင်းသဘောကို ခင်ဗျားသိတန်သလောက် သိမှာပဲ။ အရာရှိတစ်ယောက်အနေနဲ့ သူနေပုံထိုင်ပုံ၊ သူ့စာရိတ္တ၊ အဲဒါ ကျွန်တော် နည်းနည်း သိချင်ပါတယ်။ ချန်လည်း မထားပါနဲ့။ ပိုလည်း မပြောပါနဲ့။ သိသလောက်ပေါ့ဗျာ။"

ပြော ။  ။ "တစ်ခု သေသေချာချာ ပြောနိုင်တာက ဆရာ ဦးစိန်တင်က လာဘ်မစားဘူး။"

မေး ။  ။ "ဟုတ်ကဲ့လား"

ပြော ။  ။ "ဟုတ်ပါတယ်"

မေး ။  ။ "ခင်ဗျား ဘယ်လိုလုပ်သိသလဲ။"

ပြော ။  ။ "အမှုကိစ္စနဲ့ လူတွေအိမ်လာရင် "သွား၊ အိမ်ကိုမလာနဲ့၊ ကိစ္စရှိရင် ရုံးကိုပဲလာ" လို့ ပြောလွှတ်တာ။ သူသာလာဘ်မစားတာ မဟုတ်ပါဘူး။ လက်အောက်က လူတွေ လာဘ်စားတာ၊ သူနည်းနည်းမှ မကြိုက်ဘူး။ ခပ်တည်တည် နေရမယ်။ မှန်မှန်နေရမယ်လို့ ပြောပါတယ်။"

မေး ။  ။ "သူ ရုံး ဆင်းလာရင် ဘာစားလေ့ရှိပါသလဲ။"

ပြော ။  ။ "ရုံးက ဆင်းရင် လက်ဖက်ရည်သောက်ပါတယ်။ လက်ဖက်ရည်သောက်ပြီးရင် ဂေါက်သီးရိုက်သွားပါတယ်။"

မေး ။  ။ "ဟုတ်ကဲ့၊ သူ့ဝတ္ထုဆောင်းပါးတွေထဲမှာလည်း သူ့ဂေါက်သီး စွဲနေတဲ့အကြောင်းများ တွေ့ရပါတယ်။"

ပြော ။  ။ "စွဲပါတယ်။ ခရီးမထွက်ရလို့ ရွှေဘိုမှာ ရှိနေရင် နေ့တိုင်းလောက်ပဲ ကစားပါတယ်။"

မေး ။  ။ "သူ့ဇနီးကကော ဂေါက်သီးကစားသေးသလား။"

ပြော ။  ။ "ကစားပါတယ်။ ဒေါ်ခင်သန်းမြင့်လည်း လိုက်ပါတယ်။"

မေး ။  ။ "ဂေါက်သီးကွင်းကို ကိုငယ်လည်း နေ့တိုင်းလိုလို လိုက်နေတာပေါ့။"

ပြော ။  ။ "ကားမောင်းသူဆိုတော့ သွားကစားရင် လိုက်ပို့ရတာပေါ့။ နောက်ပြီး ဦးစိန်တင်ရဲ့ ဂေါက်သီးအိတ်ကို ကျွန်တော်ပဲ ထမ်းပါတယ်။ ဒေါ်ခင်သန်းမြင့်ရဲ့ အိတ်ကိုတော့ ထမ်းသူတစ်ဦး ရှိပါတယ်။ မိုးချုပ်ကာနီးမှ ပြန်ခဲ့ကြပါတယ်။"

မေး ။  ။ "ဦးစိန်တင် ဂေါက်သီးရိုက်တာ တော်တော်ပဲ တော်သလား။"

ပြော ။  ။ "ကောင်းပါတယ်၊ တော်ပါတယ်။"

မေး ။  ။ "ကိုငယ်တို့ခေတ်က ကားမောင်းအလုပ်သမားတွေဟာ လခ ဘယ်လောက်ရကြသလဲ။"

ပြော ။  ။ "ကျွန်တော့် လခ ၃၅ ကျပ် ရပါတယ်။"

မေး ။  ။ "အဲဒီခေတ်ကတော့ ကားမောင်းသူတွေရဲ့ လခက ဒီလောက်ပဲ ထင်ပါရဲ့။"

ပြော ။  ။ "ဟုတ်ပါတယ်၊ ဒီလောက်ပါပဲ။"

မေး ။  ။ "ကိုငယ်တို့က ဦးစိန်တင်တို့ အိမ်ဝင်းထဲမှာ နေသလား။ ကိုယ့်အိမ်မှာပဲ ကိုယ်နေသလား။"

ပြော ။  ။ "မူလရှိတဲ့ မြို့ထဲက ကိုယ့်အိမ်မှာပဲ နေပါတယ်။ အလုပ်ပြီးရင် အိမ်ပြန်ပါတယ်။"

မေး ။  ။ "ညနေမှာ ဂေါက်သီးရိုက်သွားတယ်ဆိုတော့ ဆောင်းပါးတွေ ဘာတွေ ဦးစိန်တင် ဘယ်အချိန်မှာ ရေးလေ့ရှိသလဲ။ ကိုငယ်များ သိသလား။ သိရင်ပေါ့ဗျာ။"

ပြော ။  ။ "မနက်ခင်းလည်း ရေးပါတယ်။ ညပိုင်းမှာလည်း ရေးတာပါပဲ။ အတိအကျကြီး သိရတာတော့ မဟုတ်ဘူးပေါ့ဗျာ။ အကဲခတ် ကြည့်ရတာပါ။"

မေး ။  ။ "ခရီးသွားတဲ့အခါများမှာကော ဆောင်းပါးတွေ ဘာတွေ ရေးသေးသလား။"

ပြော ။  ။ "ရေးပါတယ်။ အဲဒီလို အခါများမှာ အစိုးရ အလုပ်လည်းလုပ်၊ တွေ့တာမြင်တာများကို မှတ်ထားတယ်။ ရေးတယ်လို့ ကျွန်တော် ထင်ပါတယ်။"

မေး ။  ။ "ကိုငယ်နဲ့ ဘယ်အရပ်တွေကို သိပ္ပံမောင်ဝ ခရီးသွားသလဲ။"

ပြော ။  ။ "တောသွားပါတယ်။"

မေး ။  ။ "တောသွားတယ်ဆိုတာ ဘယ်တွေဘယ်တွေ သွားတာလဲ။"

ပြော ။  ။ "ကန့်ဘလူ၊ ခင်ဦး၊ ၀က်လက်၊ ရေဦးကို ငွေတိုက် စစ်ဖို့သွားတာတို့၊ ကာဘိုးဆည်ကြီး ဘက်သွားတာကို ဆိုလိုတာပါပဲ။"

မေး ။  ။ "ဒီလိုခရီးထွက်တဲ့အခါ ဘယ်သူတွေပါသလဲ"

ပြော ။  ။ "ဒေါ်ခင်သန်းမြင့်လည်း ပါပါတယ်။ စာရေးတစ်ယောက်လောက်လည်း ပါပါတယ်။"

မေး ။  ။ "ညအိပ်ညနေကော သွားကြရသလား။"

ပြော ။  ။ "အဲဒီလိုလည်း သွားရပါတယ်။ ဗိုလ်တဲတွေမှာ တည်းခိုကြ၊ ညအိပ်ကြရပါတယ်"

မေး ။  ။ "ဦးစိန်တင်တို့ ရေးကြထုတ်ကြတဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ခေတ်စမ်းပုံပြင်တို့ဆိုတာတွေ ကိုငယ်ကြားဖူးသလား"

ပြော ။  ။ "ကြားဖူးပါတယ်၊ သိပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်စာအုပ်ကို ရွှေဘိုမှာ ရောင်းဖို့ ကျွန်တော့်ကို ကိုယ်စားလှယ်ပေးပါတယ်"

မေး ။  ။ "ကိုငယ့်ကို အရောင်းကိုယ်စားလှယ်ပေးတယ်။ ဟုတ်လား၊ ပြောပြပါဦးဗျာ"

ပြော ။  ။ "စာအုပ်တွေ ရန်ကုန်က ရောက်လာတော့ ကျွန်တော့်ကို အကုန်အပ်ပါတယ်။ တွင်အောင်ရောင်း၊ ကော်မရှင်အမြတ် မင်းယူလို့ ဆိုပါတယ်။ ကျွန်တော်က စာအုပ်ဆိုင်တွေမှာ လိုက်မေးပြီး စပ်တယ်။ သိကျွမ်းသူတွေကိုလည်း ရောင်းပါတယ်"

မေး ။  ။ "ရောင်းရရဲ့လား။ ဘယ့်နှယ်နေသလဲ" 

ပြော ။  ။ "ရောင်းရပါတယ်။ ရောက်ရောက်ချင်း ကုန်တာပါပဲ။ ငွေကို လဆန်းတော့ လိုက်တောင်းပြီး ဆရာဦးစိန်တင်ကို အပ်ပါတယ်"

မေး ။  ။ "သိပ္ပံမောင်ဝနဲ့ သူ့မိတ်ဆွေ ကိုချစ်မောင်တို့၊ ကိုသန်းတင်တို့၊ တစ်ခါတစ်ခါ စကားထိုင် ပြောကြရင် ဘယ်လောက်ကြာသလဲ"

ပြော ။  ။ "ညသန်းခေါင်ကျော်လောက်အထိ ပြောကြပါတယ်။ အစ်ကိုကြီး ကိုဝ၊ ဘာညာနဲ့ ပြောကြ ဆိုကြတဲ့ အသံများကို ကြားရပါတယ်။ ဘာအကြောင်းအရာ ပြောကြတယ်တော့ မသိပါ။"

မေး ။  ။ "ဟိုလူတွေက ဦးစိန်တင်ကို အစ်ကိုကြီး ကိုဝလို့ ခေါ်ကြသလား။"

ပြော ။  ။ "ဟုတ်ကဲ့၊ အစ်ကိုကြီး ကိုဝ၊ အစ်ကိုကြီးလို့ ခေါ်ကြပါတယ်။"

မေး ။  ။ "ဦးချစ်မောင်ဆိုတာက ဦးစိန်တင်နဲ့ ရွယ်တူလောက်လား။"

ပြော ။  ။ "ဟုတ်ပါတယ်။ အရွယ်ခြင်း မကွာပါဘူး။ ဦးသန်းတင့်ကတော့ နည်းနည်းငယ်ပါတယ်။ ၀က်လက်ရုံးမှာ အလုပ်ရှိလို့သွားရင် အလုပ်ပြီးတယ်ဆို သူ့သူငယ်ချင်း ဦးချစ်မောင်အိမ်ကို သွားတာပဲ။ အဲဒီမှာ စကားစမြည်ပြောနေကြပြီး ညနေမှ ပြန်ပါတယ်။ အပြန်မှာ ဦးချစ်မောင်ကို ခေါ်ခဲ့တာများတယ်။ အိမ်ပြန်ရောက်တော့ ဦးသန်းတင့်ကို ကျွန်တော်သွားခေါ်ရပါတယ်။ ထမင်းမစားခင် စကားထိုင်ပြောကြ၊ ထမင်းစားနေတုန်း စကားပြောကြ၊ စားပြီးတော့ တစ်ခါ လက်ဖက်ရည်ကြမ်းဝိုင်းနဲ့ ထိုင်ပြောကြပဲ။"

မေး ။  ။ "ဘာတွေ ပြောကြတာတုန်း။"

ပြော ။  ။ "ဘာတွေပြောကြတယ်တော့ မသိဘူး ဆရာ။ ကျွန်တော်တို့က အနားမှာ နေရတာ မဟုတ်ဘူး။ ကြားသလောက်ကလည်း ဘာတွေ ပြောကြတယ်ဆိုတာ မသိဘူး။"

မေး ။  ။ "ဟုတ်ပြီလေ။ ကိုယ်နဲ့ မနီးစပ်တဲ့ အကြောင်းအရာတွေ ပြောနေတော့လည်း ဘယ်သိနိုင်ပါ့မလဲ။ နို့ နေပါအုံး။ သူတို့ သုံးဦးဆုံမိရင် ဘယ်လောက်ကြာကြာ စကားပြောတတ်ကြသလဲ။"

ပြော ။  ။ "ဒီလို ညမှာ ပြောရင်တော့ သန်းခေါင်ကျော်ပဲ။ အားလပ်တဲ့ရက် နေ့ခင်းထိုင်ပြောကြရင်တော့ တစ်နေကုန်ပဲ။ သန်းခေါင်ကျော်တော့ ဦးသန်းတင့်က အစ်ကိုကြီး ကိုဝ၊ သန်းခေါင်ကျော်ပြီ။ တော်ဦးမှပဲ ပြန်ဦးမှပဲဆိုမှ ပြီးတာပဲ။ အဲဒီတော့မှ ကျွန်တော်က ကားနဲ့ ပြန်ပို့ရတယ်။"

မေး ။  ။ "၀က်လက်အထိ လိုက်ပို့ရသလား"

ပြော ။  ။ "၀က်လက်အထိ လိုက်မပို့ရပါဘူး။ ဦးချစ်မောင်ကတော့ ဆရာဦးစိန်တင်တို့ အိမ်မှာပဲ အိပ်ပါတယ်။ ဦးသန်းတင့်ကို သူ့အိမ်လိုက်ပို့ပေးရပါတယ်။"

မေး ။  ။ "ကိုသန်းတင့်က အဲဒီတုန်းက ရွှေဘိုမှာ ကျောင်းဆရာလုပ်နေတယ် ထင်ပါရဲ့။"

ပြော ။  ။ "ဟုတ်ပါတယ်"

မေး ။  ။ "ခင်ဗျားတို့ ရွှေဘိုက ထန်းရည်ပေါတယ် မဟုတ်လား။ ခရီးသွားရင်းများ ထန်းရည် နည်းနည်းပါးပါး မြည်းမကြည့်ဘူးလား။ ဒီလောက်တော့ စမ်းကြည့်လည်း ဘာဖြစ်လဲ"

ပြော ။  ။ "ဘယ်တော့မှ မသောက်ဘူး။ မမြည်းဘူးဆရာ။ အနံ့တောင် မခံပါဘူး"

မေး ။  ။ "ဂေါ့ဖ်ကလပ်မှာ ဂေါက်သီးရိုက်ပြီးလို့ ပြန်ထိုင်ကြတဲ့အခါမှာတော့ မောမောပန်းပန်း "ရမ်"လေး "၀ီစကီ"ကလေးတော့ သောက်လိမ့်မည်ထင်တယ်"

ပြော ။  ။ "ဂေါက်သီးကလပ်မှာ အဲဒါတွေ မသောက်ပါဘူး"

မေး ။  ။ "ခင်ဗျားက ဘယ်နှယ့်သိသလဲ"

ပြော ။  ။ "သောက်ရင် ကျွန်တော်သိတာပေါ့ဆရာ၊ ကျွန်တော်က ဂေါက်သီး အိတ်ထမ်းသူ။ သူ့အနားမှာ ရှိနေသူမဟုတ်လား။ အရက်မှာတယ်ဆိုတာနဲ့ သိနိုင်ပါတယ်"

မေး ။  ။ "ဘီယာလောက်တော့ သောက်လိမ့်မယ်။ ဘီယာဟာ အမောပြေသတဲ့။ ဂေါက်သီးသမားတွေ အလွန်ကြိုက်တယ်"

ပြော ။  ။ "ဘီယာလည်း မသောက်ပါဘူးဆရာ"

မေး ။  ။ "နို့ ခင်ဗျားဆရာ ဘာသောက်သလဲ။ တစ်ခုခုတော့ သောက်ရမှာပေါ့။ မောကမောနဲ့ဟာ"

ပြော ။  ။ "လိုင်းမကျူးလောက်၊ ဘိလပ်ရည်လောက် သောက်တာပါပဲ"

မေး ။  ။ "ခင်ဗျားက သေချာရဲ့လားဗျာ"

ပြော ။  ။ "ဟုတ်ပါတယ်၊ သေချာပါတယ်။ အိမ်မှာလည်း မသောက်ပါဘူး။ ကလပ်မှာလည်း မသောက်ပါဘူး။ မိတ်ဆွေတွေလာရင်လည်း မသောက်ပါဘူး။ မတိုက်ပါဘူး"

မေး ။  ။ "ကိုငယ့်အရင် သူ့ကားမောင်းတဲ့သူ အချို့က အရက်သောက်တယ်ဆိုပြီး သူ့ဆောင်းပါးဝတ္ထု တစ်ပုဒ်ထဲမှာ ဖတ်ရတယ်။ သူအဲဒါကို တော်တော်မကြိုက်ဘူးနဲ့တူပါတယ်။ ကိုငယ်ကော နည်းနည်းပါးပါး ကြိုက်တတ်သလား"

ပြော ။  ။ "ကျွန်တော် မကြိုက်တတ်ပါဘူး။ သူမကြိုက်မှန်းသိလို့ ကျွန်တော် မသောက်ပါဘူး"

မေး ။  ။ "ကိုငယ် စောစောက ပြောသွားတယ်လေ။ ဦးစိန်တင်က လာဘ်မစားဘူး။ သူ့လက်အောက်က လူတွေ တပည့်တွေကိုလည်း ဒီကိစ္စမျိုးနဲ့ နည်းနည်းမှ မပတ်သက်စေချင်ဘူး မဟုတ်လား"

ပြော ။  ။ "ဟုတ်ပါတယ်။ သူလည်း လာဘ်မစားဘူး။ သူ့ဘာသာမှ လက်မခံရုံတင်မက အဲဒီလူတွေက အိမ်မှာရှိတဲ့ လူတွေကို ပေးခဲ့တာလားဆိုတာ အိမ်အပေါ်ထပ်ကနေ အကဲခတ် ချောင်းကြည့်နေသေးတယ်။ တပည့်တွေကလည်း ဘယ်ယူဝံ့ပါ့မလဲ။ လက်ခါပြီး ပြန်ယူသွားပါလို့ ပြောကြတာပါပဲ"

မေး ။  ။ "စားစရာကလေး၊ ဘာကလေး လာပေးတာတောင် ခင်ဗျားတို့က ယူမထားလိုက်ကြဘူးလား"

ပြော ။  ။ "အဲဒီလောက်လည်း မယူဝံ့ပါဘူး။ လာဘ်စားတာကို သူအင်မတန် ရွံ့တယ်။ စက်ဆုပ်တယ်လို့ ဦးစိန်တင်က ပြောထားပါတယ်"

မေး ။  ။ "စလင်းတို့ ကျောက်ဆည်တို့မှာ နေတုန်းက သူ့အိမ်မှာ ချင်းတောင်က ခွေးကလေး နှစ်ကောင်ရှိတယ်လို့ သူ့စာတွေမှာ တွေ့ရတယ်။ ရွှေဘိုရောက်တော့ကော ဒီခွေးကလေးတွေ ရှိသေးလား"

ပြော ။  ။ "ပါလာပါတယ်"

မေး ။  ။ "အဲဒီခွေးကလေးတွေကို ခင်ဗျား သိသလား"

ပြော ။  ။ "သိပါတယ်။ အာမိတ်နဲ့လွေဇောတို့ မိသားစုပါ"

မေး ။  ။ "သခင်များက ရင်သွေး၊ သားကလေး၊ သမီးကလေးတွေ ရနေတော့ ဒီခွေးကလေးတွေကို စလင်းတို့ ကျောက်ဆည်တို့မှာ နေတုန်းကလို ဂရုမှ စိုက်နိုင်သေးရဲ့လား မပြောတတ်ဘူး။ ကိုငယ် ဘယ်လိုမြင်သလဲ။ ဂရုစိုက်တာတွေ့သလား"
ပြော ။  ။ "ဂရုစိုက်ပါတယ်။ အချိန်နဲ့ ကျွေးပါတယ်။ ကောင်းကောင်းမွန်မွန်လည်း ကျွေးပါတယ်"

မေး ။  ။ "၁၉၄၂ ခုနှစ်မှာ ဂျပန်နဲ့ အင်္ဂလိပ် စစ်ဖြစ်တော့ ဦးစိန်တင်တို့ ရန်ကုန်က မန္တလေးကို ပြောင်းခဲ့ရတယ်။ ဒီနောက် ရွှေဘိုကို တစ်ခါပြောင်းရပြန်တယ်။ ရွှေဘိုကို ဦးစိန်တင်တို့ ပြန်ရောက်လာတော့ ကိုငယ်သူ့ဆီမှာ အလုပ်ဝင်ရသေးသလား"

ပြော ။  ။ "ဦးစိန်တင်ဆီမှာ ကျွန်တော် အလုပ်မလုပ်တော့ပါဘူး။ သူ့မှာလည်း ကားမောင်းတဲ့သူတွေ ရှိနေပါတယ်"

မေး ။  ။ "အဲဒီအချိန်က ရွှေဘိုပြောင်းလာတော့ ကိုငယ် ဦးစိန်တင်နဲ့ တွေ့သေးသလား"

ပြော ။  ။ "တွေ့ပါတယ်။ ကျွန်တော် သွားတွေ့ပါတယ်"

မေး ။  ။ "ဘယ်မှာ သွားတွေ့သလဲ"

ပြော ။  ။ "ဆရာဝန်ကြီးအိမ်မှာ သွားတွေ့ပါတယ်။ ရွှေဘိုမှာ ခဏ အလုပ်လုပ်ရတဲ့ သဘောဆိုတော့ ဆရာဝန်ကြီးအိမ်မှာပဲ တည်းခိုနေတယ်လို့ ထင်ပါတယ်"

မေး ။  ။ "နောက် သူနဲ့ မတွေ့တော့ဘူးလား"

ပြော ။  ။ "နောက်ထပ် မတွေ့တော့ပါဘူး။ ရွှေဘိုကနေ မြစ်ကြီးနားကို မီးရထားနဲ့ အသွား ကန့်ဘလူဘူတာမှာ တရုတ်တပ်တွေက တွဲဖြတ်ထားခဲ့တာနဲ့ ဆက်မသွားနိုင်ဘဲ ဖြစ်နေတုန်း ကန့်ဘလူနယ်ပိုင် ဦးဘသန်းနဲ့တွေ့ရော။ ဦးဘသန်းက အစ်ကိုကြီး ဒီလိုဆိုရင် ကျွန်တော်တို့နဲ့ ဂါးထားဗိုလ်တဲမှာ လိုက်နေပါလို့ ခေါ်တာကိုး။ ကန့်ဘလူအရှေ့ ဆယ်မိုင်လောက်ဝေးတဲ့ အဲဒီဗိုလ်တဲမှာ စစ်လမ်းကို ရှောင်ပြီး စစ်ပြေးနေတုန်း ဓားပြတွေ လာတိုက်ရာမှာ လူမှား အသတ်ခံရတာမှာ ကွယ်လွန်သွားရှာတယ်လို့ သိရတာပါပဲ"

သိပ္ပံမောင်ဝ၏ စိတ်နေသဘောထား၊ အကျင့်စာရိတ္တနှင့် မိတ်ဆွေများအပေါ် သံယောဇဉ်ကြီးပုံကို လူထုဦးလှနှင့် သိပ္ပံမောင်ဝ၏ ယာဉ်မောင်း မောင်ငယ်တို့ တွေ့ဆုံမေးမြန်းခန်းတွင် အပြည့်အစုံသိရသည်။


*  *  *  *  *  *  *  *  *  *  *  *  *  *  *  *

No comments:

Post a Comment