28.6.11

ဖတ်မိဖတ်ရာ.....မြင့်သန်း၊ ဂျွိုက်စ် နှင့် ဒဗ္ဗလင်မြို့ကလူများ။



ဂျိမ်းဂျွိုက်၏ ဝတ္ထုတိုများ ၊ ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၉ ဒီဇင်ဘာ ၁ ။

*  *  *  *  *  *  *  *  *  *  *  *  *


သိမ်းဆည်းထားသည့် မဂ္ဂဇင်းဖြတ်စများထဲမှ ဆရာမြင့်သန်း၏ ဂျွိုက်စ် နှင့် ဒဗ္ဗလင်မြို့ကလူများ ဆောင်းပါးအား လေးစားစွာ ဖော်ပြအပ်ပါသည်။နေရာတွင် ဆောင်းပါးအား ဖော်ပြခွင့်ပြုပါရန် မူရင်း ဆောင်းပါးရေးသားသူ ဆရာမြင့်သန်းအား လေးမြတ်စွာ ပန်ကြားအပ်ပါသည်။ ဤဆောင်းပါးကို ရွှေအမြုတေမဂ္ဂဇင်း ၊ အမှတ် ၁၅၅၊ ၂၀၀၂ အောက်တိုဘာတွင် ဖော်ပြခဲ့ပါသည်။




*  *  *  *  *  *  *  *  *  *  *  *  *

25.6.11

ဖတ်မိပြီး ၀မ်းနည်းကြေကွဲရသောစာ၊...ဗိုလ်ချုပ်ကြီးလက်ျာ၏ ပေးစာများ။












မူရင်းစာအုပ် - ၁။ တင်မောင်ဝင်း၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ ပထမအကြိမ်၊ ၂၀၀၀ နိုဝင်ဘာ

http://wikimyanmar.co.cc/wiki/index.php?title=ဗိုလ်လက်ျာ
http://wikimyanmar.co.cc/wiki/index.php?title=တပ်မတော် သူရဲကောင်းများ

*  *  *  *  *  *  *  *  *  *  *  *

24.6.11

ဖတ်မိပြီး ၀မ်းနည်းကြေကွဲရသောစာ၊...ဦးသော်ကောင်း အင်တာဗျူး။


ဦးသော်ကောင်းနှင့် တွေ့ကြသည်။ (စာကြည့်တိုက်၊ စာပေနှင့် ဘ၀အတွေ့အကြုံ ပြောပြချက်များ)

ပုဂံစာအုပ်တိုက်
ပထမအကြိမ် ၂၀၀၇ ဖေဖော်ဝါရီ ၊ ဒုတိယအကြိမ် ၊ ၂၀၀၇ သြဂုတ်။

မိုးဇံ ၏ ဦးသော်ကောင်း နှင့် တွေ့ဆုံခြင်း (၁) စာမျက်နှာ ၇၁ - ၇၂။

မိုးဇံ ။   ။ စာအုပ်စုဆောင်းပြီး သိပ်ကောင်းကောင်းမွန်မွန် မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ စာကြည့်တိုက်တွေ လှူတာ ကောင်းမယ်ထင်တယ်။ စာကြည့်တိုက်က ကောင်းကောင်း ထိန်းသိမ်းနိုင်တယ် မဟုတ်လား။ 

ဦးသော်ကောင်း။   ။ ဟုတ်တာပေါ့။ စာကြည့်တိုက်ကတော့ စနစ်တကျလည်း ထိန်းသိမ်းနိုင်တယ်။ လူအများလည်း တွေ့မြင်ဖတ်ရှုလို့ ရတယ်လေ။ ဦးနုက တော်တော်များများ လှူတယ်။ ကိုငြိမ်းကျော် (စာရေးဆရာ ငြိမ်းကျော်) မဆုံးခင်ကလည်း သူ့စာအုပ်တွေ လှူမယ်လို့ပြောတယ်။ နောက်တော့ အမျိုးသားစာကြည့်တိုက်ကို သူဆုံးပြီးမှ လှူဖြစ်ပါတယ်။ နောက် ဘကြီးဘဖေ၊ သူမဆုံးခင်မှာ သူရိယသတင်းစာတွေ အကုန်လုံး စာကြည့်တိုက်ကို လာလှူလိုက်တာ။ သိပ်တန်ဖိုးရှိတာပဲ။ ကျွန်တော်တို့ကလည်း သတင်းစာတွေကို မိုက်ခရိုဖလင်နဲ့ရိုက်ပြီး သိမ်းထားပါတယ်။ ဆရာကြီး ဦးဝန်လည်း စာအုပ်တွေ အများကြီး လှူဖူးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လှူခဲ့ပါတယ်။ စာကြည့်တိုက်မှာ တစ်ဦးချင်း လာလာလှူတာတွေလည်း အများကြီး ရှိပါတယ်။ သူတို့တွေကို သိပ်ကျေးဇူးတင်ရပါတယ်။ နောက်မြန်မာပြည်မှာ စာအုပ်စုဆောင်းတာနဲ့ ပတ်သက်ရင် နာမည်ကြီးတာ ဆရာကြီး လုစ် ရှိသေးတယ်။ ကျွန်တော်တွေ့ဖူးတဲ့ ကိုယ်ပိုင်စာကြည့်တိုက်ထဲမှာဆိုရင် တော်တော်စနစ်တကျနဲ့ အများကြီး စုဆောင်းထားတယ်။ သူ့ စာကြည့်တိုက်က သိပ်ကောင်းတာပဲ။ မြန်မာပြည်နဲ့ ပတ်သက်တာရော၊ ပုဂံခေတ်နဲ့ ပတ်သက်တာရော အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ်၊ နောက်ပြီးတော့ ပြင်သစ်စာအုပ် အရမ်းစုံတယ်။ ဒါနဲ့ ပတ်သက်လို့ တစ်ခုပြောရရင် ကျွန်တော်တို့ သမိုင်းကော်မရှင်ကို ၁၉၅၅ မှာ တည်ထောင်တယ်။ ကျွန်တော့်အဖေက ပထမဆုံး ဥက္ကဋ္ဌပေါ့။ အဲဒီမှာ သူတို့က သမိုင်းကော်မရှင် စာကြည့်တိုက်ကို ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ သူတို့ ဆွေးနွေးကြတဲ့အခါကျတော့ ဆရာကြီး လုစ်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်ကို နမူနာယူပါဆိုပြီး အဖွဲ့ဝင် အများစုက ပြောကြတယ်တဲ့။ ဒါ ဒေါက်တာသန်းထွန်း ပြန်ပြောပြတာ။ သူက သေသေချာချာ သိတာကိုး။ အဲဒါနဲ့ သူ့ရဲ့စာအုပ်စာရင်း သွားကောက်ကြတယ်။ အဲဒီ စာရင်းက ဆရာသန်းထွန်းဆီမှာ ရှိတယ်။

မိုးဇံ ။   ။ အဲဒီ စာအုပ်တွေ အခု ဘယ်ရောက်သွားပြီလဲ။

ဦးသော်ကောင်း ။   ။ ဆရာကြီး လုစ်က အငြိမ်းစား ယူပြီးတော့ အင်္ဂလန် ပြန်သွားပါတယ်။ သူ ကွယ်လွန်တဲ့ အခါကြတော့ ဗြိတိသျှအမျိုးသား စာကြည့်တိုက်က စာအုပ်တွေကို စိတ်ဝင်စားတယ်။ သူ့ရဲ့ ကိုယ်ပိုင်စာစု Collection အတိုင်း ၀ယ်ဖို့ပေါ့။ ဒါပေမယ့် ပိုက်ဆံ မတတ်နိုင်ကြဘူး။ ဒါနဲ့ နောက်ဆုံးမှာ သြစတြေးလျ အမျိုးသားစာကြည့်တိုက်က ၀ယ်လိုက်တယ်။ မနှစ်က (၁၉၉၉) ကျွန်တော့်ကို သြစတြေးလျက ဖိတ်တယ်။ သုံးလ ကျွန်တော် သွားခဲ့တယ်။ အဲဒီမှာ ဆရာကြီး လုစ်ရဲ့ လက်ရေးစာတွေကို ကက်တလောက် လုပ်ပေးခဲ့တယ်။ သြစတြေးလျ ကင်ဘာရာမြို့မှာ ရှိပါတယ်။

ဦးသော်ကောင်းနှင့် ဆိုင်ရာ လင့်အချို့။

http://wikimyanmar.co.cc/wiki/index.php?title=ဦးသော်ကောင်း
http://www.mizzimaburmese.com/news/breaking-newsbrie/6693-2011-01-10-12-07-38.html
http://www.hin4ooe.com/main/news/1120.html?did=1120

*  *  *  *  *  *  *  *  *  *  *

21.6.11

ရထားပေါ်မှ အတွေးများ…၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်။




ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ - စာရေးဆရာကိုအောင်ဆန်းစာအုပ်မှ)

၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၆ နှစ်ပြည့်မြောက်ခဲ့သည်ဟု ဖတ်လိုက်ရပါသည်။ ထိုအကြောင်းကို စိတ်ကူးရင်း ကျွန်တော်သည် အေးစက်နေသည့် ရထားအတွင်း မျက်စိမှိတ်လိုက်ပါလျက် သက္ကရာဇ် ရက်စွဲအချို့အကြောင်းကို တွေးတောနေမိ၏။

ဦးအောင်ဆန်းသည် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို၌ မွေးဖွားခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ ဒေါ်ခင်ကြည်သည် ဦးအောင်ဆန်းထက် ၃ နှစ်ခန့် အသက်ကြီးပါသည်။ ကျောက်ဖြူကိုလည်း မနမ်းနှင့် အောက်သူကိုလည်း မစမ်းနှင့် ဆိုပေမင့် ကိုအောင်ဆန်းတစ်ယောက် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် မခင်ကြည်နှင့် လက်ထပ်ပြီး အောက်ပြည်အောက်သားတစ်ယောက် ဖြစ်သွားခဲ့ပါတော့သည်။ အိမ်ထောင်ပြုတော့ ကိုအောင်ဆန်း အသက် ၂၇ နှစ်၊ မခင်ကြည် အသက် ၃၀နှစ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်ဟု သိရပါသည်။ ကိုအောင်ဆန်းနှင့် မခင်ကြည်တို့၏ အိမ်ထောင်သက် ၃ နှစ်ဝန်းကျင်အတွင်း တတိယမြောက်ကလေးဖြစ်သည်။

ယေဘူယျတွက်ချက်မှုအရဆိုလျှင် ၁၉၄၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလောက်တွင် မိခင်၏ ၀မ်းတိုက်အတွင်း ဒေါ်အောင်ဆန်းစုကြည် စတင် သန္ဓေတည်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးပန်းခြံအတွင်း ဗမာ့တပ်မတော်တပ်ထွက်မိန့်ခွန်းပြောသည့် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဒေါ်ခင်ကြည်၏ ကိုယ်ဝန်မှာ ၅ လ - ၆ လ ၀န်းကျင်ဖြစ်မည်ဟု မှန်းဆနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တော်လှန်ရေးအတွက် ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သည်ဟု မှတ်တမ်းများက ဆိုကြပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် နောက်အကျဆုံး မတ်လ ၂၂ ရက် မတိုင်ခင် သူ့မိသားစုကို ဘေးကင်းရာသို့ ပို့ထားလိမ့်မည်ဖြစ်ပါသည်။

ရထားပေါ်မှ ကျွန်တော့်အတွေး၏ အဓိကအကြောင်းမှာ ယခုမှ စပါသည်။ ၅လ - ၆လ ကိုယ်ဝန်ဖြင့် ချစ်လှစွာသော ဇနီးမိန်းမ ၊ ၂ နှစ်အရွယ်ခန့် လူမမယ် သားတစ်ယောက်၊ ၁ နှစ်အရွယ်ခန့် သားပေါက်စလေး တစ်ယောက်။ ဒီမိသားစုကို သူနှင့်ဝေးရာ၊ ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်တို့၏ ဘေးအန္တရာယ်မှ ဝေးရာဟု သူထင်မြင်ယူဆသည့် နေရာမှာ ထားရစ်ခဲ့ပြီး တော်လှန်ရေးစတင်ဖို့ ထွက်ခွာသွားချိန်မှာ သူဘာတွေကို တွေးနေမှာပါလိမ့်။ တော်လှန်ရေးစပြီး တိုက်ပွဲကျည်များ ခဏငြိမ်နေသည့် အချိန်မှာ သူ့မိသားစုကို တချက်တချက်တော့ သတိရမိလိမ့်မည်လား……။ ကျွန်တော်တွေးနေမိပါသည်။

တော်လှန်ရေးကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုကို ဘေးလွတ်ရာ ပို့ထားသည့်နေရာနှင့် ပတ်သက်၍ ယခင်က ကျွန်တော်ဖတ်ဖူးခဲ့သည်မှာ ဧရာဝတီတိုင်းအတွင်းမှ ကရင်ရွာလေးတစ်ရွာသို့ ပို့ထားသည်ဟု မှတ်သားခဲ့ဖူးပါသည်။ (ဦး)တင်မောင်ဝင်းရေးသားခဲ့သည့် နိုင်ငံရေးသမားနှင့် နိုင်ငံရေး စာအုပ်၏ စာမျက်နှာ ၂၃ တွင်တော့ ဤအကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ရေးသားထားသည်ကို အောက်ပါအတိုင်း ဖတ်ရပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်မှာ ဖျာပုံမြို့မြောက်ပိုင်း ဈေးအနီး ကျနော့်မိခင် (ဦးတင်မောင်ဝင်း၏ မိခင်) ဖြစ်သော ဒေါ်မြသင်၏ မောင်အရင်းဖြစ်သည့် ဦးမြတင်နှင့် ဇနီး ဒေါ်မြင့်မြင့် အိမ်တွင် လျှို့ဝှက်စွာ နေရပါသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးမှာလည်း စတော့မည်ဖြစ်ပါသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတဦး၏ ဇနီးဖြစ်သောကြောင့် ဒေါ်ခင်ကြည်၏ လုံခြုံရေးမှာ အထူးအရေးကြီးနေသော အချိန်ပင်ဖြစ်ပါသည်။ စာမျက်နှာ ၂၃”

ဒေါ်ခင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည့်ကလေး၏ ကိုယ်ဝန်ကိုလွယ်ရင်း သား ၂ ယောက်နှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ဖျာပုံမြို့ ပုန်းအောင်းနေခဲ့သည်ဟု မှတ်တမ်းအရ သိရသည်။

၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အင်္ဂလိပ်တပ်များ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ သိမ်းပိုက်လိုက်ကြသည်။ ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြတိသျှတို့က စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်ကြောင်း ကြေငြာခဲ့သည်။ ရန်ကုန်မြို့ အုပ်ချုပ်ရေး ပြန်လည်တည်ငြိမ်လာသည်ဟု ဆိုရမည်ထင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပဲ ရန်ကုန်မြို့သို့အရင် ပြန်ရောက်မည်ဟု ထင်ပါသည်။ မှတ်တမ်းတော့ မတွေ့မိသေးပါ။ ရက်အနည်းငယ် ကြာသွားသောအခါ ဒေါ်ခင်ကြည်သည် ကိုယ်ဝန်အရင့်အမာဖြင့် သား ၂ ယောက်ကို တဘက်တချက် လက်ဆွဲလျက် ဗိုလ်ချုပ်အောင်ဆန်း ရှိနေရာ ရန်ကုန်မြို့သို့ ၀မ်းမြောက်ဝမ်းသာဖြင့် ရောက်ရှိလာပါတော့သည်။ မိသားစု ပြန်လည်တွေ့ဆုံခန်း ခမ်းနားမှု ကင်းကင်း ရိုးသားစွာ ပြီးမြောက်ခဲ့ပါလိမ့်မည်။ ဗိုလ်ချုပ် မည်မျှ ၀မ်းသာနေလိမ့်မလဲ။ နေသူရိန်လူထုအစည်းအဝေးပွဲကြီး ကျင်းပရန် စီမံရသဖြင့် လွန်စွာအလုပ်များနေသည့် အချိန်၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်ခင်ကြည်သည် တို့ဗိုလ်ချုပ်နှင့် တို့အားလုံးအတွက် သမီးလေး တစ်ဦးကို မွေးဖွားပေးခဲ့လေသည်။

ထိုအချိန်မှ ၆၆ နှစ် ကြာပြီးသွားသော နေ့၏ တမနက်တွင် ကျွန်တော်သည် အေးစက်နေသည့် ရထားအတွင်း မျက်စိမှိတ်လိုက်ပါလျက် သက္ကရာဇ်ရက်စွဲအချို့အကြောင်းကို တွေးတောနေမိ၏။ ရထားသည် အချိန်ကာလကဲ့သို့ပင် တဟုန်ထိုး ခုတ်မောင်းနေလေသည်။

စောသက်လင်း
ရည်ညွန်းကိုးကားသည့် လက်လှမ်းမှီရာ စာအုပ်များ 

၁။ တင်မောင်ဝင်း၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ ပထမအကြိမ်၊ ၂၀၀၀ နိုဝင်ဘာ။
၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ အင်းဝစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၈။
၃။ ကိုသန်း (ကြည့်မြင်တိုင်)၊ နိုင်ငံရေးအတွေ့အကြုံများ၊ ပင်ဝါးရုံစာပေ၊ ၂၀၀၉ နိုဝင်ဘာ။

*  *  *  *  *  *  *  *  *  *  *  *  *

19.6.11

ဖတ်မိဖတ်ရာ....စာရေးဆရာ ကိုအောင်ဆန်း။


စာရေးဆရာ ကိုအောင်ဆန်းကြယ်နီစာအုပ် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဖေဖော်ဝါရီ

ပခုံးပေါ်ရောက်လာတဲ့
ခေတ်ရဲ့ သမိုင်းတာဝန်ကို
အထိုက်အလျောက်
ကျွန်တော်တို့
ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

မောင်စိမ်းနီ
၁၃-၂-၂၀၁၁







(ဓါတ်ပုံများကို စာရေးဆရာ ကိုအောင်ဆန်း စာအုပ်မှ ကူးယူထားပါသည်။
ဓါတ်ပုံများကို ကူးယူသုံးစွဲခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။)

*  *  *  *  *  *  *  *  *  *

18.6.11

ဒေါ်စတိုယက်စကီး၊ Dostoyevsky's The Dream of A Ridiculous Man. (မြန်မာပြန် - ကောင်းသာ)

ဟန်သစ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့သော ဘာသာပြန် ဝတ္ထု တစ်ပုဒ်ဖြစ်ပါသည်။ မဂ္ဂဇင်း၏ ပုံနှိပ်မှတ်တမ်းကို မမှတ်သားမိခဲ့ပါ။
 
ဟန်သစ်မဂ္ဂဇင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအဆောင်၊ သမိုင်းဝင်းအတွင်းရှိ စဥ့်ကူဆောင် စာကြည့်တိုက်မှ ဖြစ်ပါသည်။ စဥ့်ကူဆောင်မှာနေသည့် သူငယ်ချင်း ထံမှ ငှါးရမ်းခဲ့ပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းများ ၄နှစ်နီးပါး ပိတ်သွားသောအခါ ကျွန်တော့်သေတ္တာထဲ ကျန်ရစ်ခဲ့သော စာအုပ် ဖြစ်ပါသည်။






 




 



 





*  *  *  *  *  *  *  *  *  *

15.6.11

ဖတ်မိဖတ်ရာ...လူထုဒေါ်အမာ၊ အနားမညီ တြိဂံ ဝတ္ထုတိုများမှ အမှာစာ။

ဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ၏ အနားမညီ တြိဂံ ဝတ္ထုတိုများ စာအုပ်တွင်
ဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် အမှာစာအား ဖော်ပြအပ်ပါသည်။
(ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် ပန်ကြားအပ်ပါသည်။


မျက်နှာဖုံး ပန်းချီ - ၀ဏ္ဏဟန်


ဝင်းဝင်းမြင့် (နန်းတော်ရှေ့) အနားမညီ တြိဂံ ဝတ္ထုတိုများ

အားမာန်သစ်စာပေ၊ ပထမအကြိမ်၊ ၁၉၉၅ ခုနှစ် ဇွန်လ။

လူထု ဒေါ်အမာ၏ အမှာစာ

၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေအတွင်းမှာ  မန္တလေးတက္ကသိုလ် နယ်မြေက စာပေနယ်ထဲကို လူငယ်လေးတွေ ရောက်လာလိုက်ကြတာ တစ်ယောက်မက နှစ်ယောက်မက အများကြီးမို့လို့ ဒီလူငယ်တွေ ပေါ်ပေါက်လာတာဟာ အုံနဲ့ကျင်းနဲ့ပါကလားလို့ ကျွန်မတို့ ကြိုဆိုသူများက ၀မ်းမြောက်ဝမ်းသာ ကင်ပွန်းတပ်လိုက်ကြတယ်။

မောင်တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) တဲ့၊ မောင်ပေါက်စည်၊ ဒွါရာဝတီ ဘုန်းလူတဲ့၊ တက္ကသိုလ် မောင်စောလွင်တဲ့၊ နည်းတဲ့ အသီးအပွင့်တွေ မဟုတ်ကြဘူး။ နို့ပေမယ့် အဲဒီအထဲ မိန်းကလေးတွေ ပါမလာဘူး။ ပြီးတော့ ဒီအဖူးအပွင့်တွေထဲမှာ ကဗျာမှာ အားသန်သူက ခပ်များများ။

၁၉၈၅ ခုနှစ်တ၀ိုက် ရောက်ပြန်တော့ ၀င်းစည်သူ၊ ညိုထွန်းလူ၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ကြည်လင်အေး၊ ကိုကို (အမရပူရ)၊ ကိုရိုးကွန့်၊ ကျော်စွာထက်၊ ပိုင်စိုးဝေ စတဲ့ ကလောင်တွေ အုံနဲ့ကျင်းနဲ့ တစ်ခါပေါ်လာပြန်ရော။ သူတို့ လူသိုက်ထဲမှာ ကဗျာသမားက နည်းပြီး ဝတ္ထုတိုလိုင်း၊ ဆောင်းပါးလိုင်းက ခပ်များများ ပါလာပြန်တယ်။ ဒီတစ်သုတ်ဟာလည်း မန္တလေးတက္ကသိုလ်က အောင်လာ သီးပွင့်လာသူတွေ များတာပါပဲ။ ဒီအသိုက်မှာလည်း မိန်းကလေး မပါခဲ့ဘူး။

၁၉၉၀ ၀န်းကျင်ရောက်တော့ မိန်းကလေး ကလောင်ရှင်တွေ အုံနဲ့ကျင်းနဲ့ ပေါ်လာလိုက်တာ။ မ၀င့် (မြစ်ငယ်)၊ မကို၊ မေမောင်၊ ၀င်းဝင်းမြင့် (နန်းတော်ရှေ့)၊ မြို့သာမရာထို၊ ညိုညိုတင်လှ၊ နှင်းဆီအောင် စတဲ့ ကလောင်နာမည်တွေနဲ့။ ဟိုအရင် ဟိုအရင်က မိန်းကလေး မပါခဲ့ပေမယ့် ဒီတစ်ခါပေါ်လာတော့ မိန်းကလေးတွေမှ တစ်အင်တစ်အား၊ သဘောကျစရာ ကောင်းလိုက်တာ။ စာပေနယ်မှာ အခုလို လူငယ်တွေထဲက ဖူးပွင့်လာကြတာ ဘာလို့ တစ်ခေတ်တစ်ခါမှ အစုလိုက် အပြုံလိုက် ပေါ်လာကြသလဲ။ ပေါ်လာတော့ မိန်းကလေးတွေချည်း ဘာကြောင့် တစ်ချိန်တစ်ခါတည်းလိုလို ဖြစ်ရသလဲဆိုတာ သိပ္ပံနည်းကျ စဉ်းစားဖို့တော့ မလွယ်လှဖူး ထင်ပါတယ်။ အကြောင်းတော့ ရှိမှာပေါ့လေ။

တတိယအသုတ်မှာ ပေါ်လာတဲ့ ကလေးမလေးတွေက ဝတ္ထုတိုနဲ့ နာမည်ကိုယ်စီ ယူလာကြတယ်လေ။ အဲဒီလို ဝတ္ထုလေးတွေ ရေးတဲ့အခါ “အလှကိုယ်စီ ရှိကြသည်” ဆိုတဲ့ စကားလိုပဲ ကိုယ်ပိုင်ဟန်ကလေး တစ်မျိုးစီနဲ့ ရေးသားနေကြတာပါ။

အဲဒီအထဲက ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ရဲ့ ဝတ္ထုတိုကလေး ၁၅ ပုဒ်ကို “အနားမညီ တြိဂံ” ဆိုတဲ့ အမည်နဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကလေး ရိုက်မယ်လို့၊ အမေ အမှာရေးပေးပါဦးလို့ ပြောလာတော့ ရေးရမှာပေါ့လို့ ပြောရတယ်။ သူ့ဝတ္ထုတိုကလေးတွေကို မဂ္ဂဇင်းတွေထဲမှာ ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ဖတ်ခဲ့ဖူးပါတယ်။ ဖတ်ခဲ့တုန်းက ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ကလောင်ဟာ တခြားမိန်းကလေးတွေရဲ့ အရေးအသားနဲ့ မတူဘူး။ သူက ရိုးရိုးကလေး ရေးတာကိုးလို့ သာမန်အောက်မေ့ခဲ့မိပေမယ့် အခုလို အမှာစာရေးဖို့ဆိုတော့ မဖတ်ဖူးသေးတာရော ၊ ဖတ်ဖူးတာရော အားလုံးကို စုပေါင်းပြီး ဖတ်ကြည့်ရတယ်လေ။

ဝင်းဝင်းမြင့်ရဲ့ အသက်မွေးမှုက ကျောင်းဆရာမကလေး၊ သူ့တပည့်တွေက သူ့ကို အပျိုကြီး လောက်စာလုံး လို့ ခေါ်ကြသတဲ့။ လောက်စာလုံးဆိုတာ ခွစာကို ဆိုလိုတာလို့ သူက သူ့ ဝတ္ထု နှစ်ပုဒ်မှာ ထည့်ရေးပြပါတယ်။ လောက်စာလုံးဆိုတာ ဖြူဖြူသေးသေး အရပ်က ပုပုလေးမို့ ခေါ်တာနေမှာပါလို့ အမေကတွက်တယ်လေ။ သူက သူနဲ့ ထိတွေ့တာကလေးတွေမှာ တယ်ပြီး အသေးစိတ် တွေးတာခေါ်တာကိုး။ ပြီးတော့ အဲဒီအသေးစိတ် အတွေးအခေါ်ကလေးတွေကို စာဖတ်တဲ့သူ မပျင်းအောင်လည်း ရေးဖွဲ့ပြတတ်တယ်။

မြန်မာ့ဓနမဂ္ဂဇင်းမှာ ၁၉၉၃ ခု နိုဝင်ဘာလတုန်းက သူရေးပြခဲ့တဲ့ “သင်ရိုးမဲ့ အတတ်ပညာ” ဆိုတဲ့ ဝတ္ထုတိုကလေးဆိုရင် ၀င်းဝင်းမြင့်က သူစာသင်ပေးနေရတဲ့ မူလတန်းကျောင်းသားကလေးတွေရဲ့ ဘ၀နဲ့ သူ့ဘ၀တို့ ကွာဟမှုကို စာဖတ်တဲ့သူတွေ သိရမြင်ရအောင် သူ့မူလတန်းကျောင်း ပြတင်းကလေးကို လှစ်ပြတယ်။ ဒီကလေးတွေရဲ့ ဘ၀အမောကို ပြေလည်အောင် သူဘာမှ လုပ်မပေးတတ်တာကိုလည်း ပေါ်ပေါ်လွင်လွင် ရေးပြတယ်။ ပြီးတော့ ဘ၀တွေ ဘ၀တွေမှာ အမောတွေ ကိုယ်စီရှိကြတာကိုလည်း ရေးပြပါတယ်။

ဝင်းဝင်းမြင့်က မူလတန်းဆရာမ တော်တော်ကြာကြာ လုပ်ခဲ့ရတယ် ထင်ပါရဲ့။ မန္တလေးမဂ္ဂဇင်းမှာလည်း ဆင်တူရောင်ကွဲဆိုတဲ့ ဝတ္ထုတိုကလေး၊ မူလတန်းကျောင်းက ကလေးတွေရဲ့ ဘ၀ကို ဖော်တဲ့ ဝတ္ထုလေးတစ်ပုဒ် ရေးဖွဲ့သေးတယ်။ သူနေ့တိုင်း မြင်တွေ့နေရတဲ့ ကလေးတွေရဲ့ ဘ၀ကို သူက စိတ်ဝင်စားတာကိုး။ ကြိုးစားပြီး နှိုက်နှိုက်တွင်းတွင်းလည်း လေ့လာပုံရတယ်။ သူ့ အသေးစိတ် ချယ်မှုန်းပုံကလေးတွေက ဖတ်လို့ကောင်းပါတယ်။

ရွှေအမြုတေ မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ တိုက်စားခြင်း ဆိုတဲ့ ဝတ္ထုတိုကလေးကတော့ ခွေးလေခွေးလွင့်နဲ့ ခွေးဝင်စားကလေးများအကြောင်းပါ။ သူက သူငယ်ချင်းတွေကို “ကလေးနဲ့ ခွေးအကြောင်းကို သူအမြဲရေးချင်တယ်” လို့ ပြောပြသတဲ့။ နို့ပေမယ့် သူဘာတွေ ရေးရေး ခေတ်ရဲ့ကြေးမုံကလေး တစ်ချပ်လိုတော့ ရှိအောင် သူက ရေးဖွဲ့တာချည်းပါ။ ဒါကြောင့် သူ့အရေးအသား ကလေးတွေကို ဖတ်ကြသူက စိတ်ဝင်စားနိုင်တာပါ။

ဝင်းဝင်းမြင့် ၁၉၉၀ ခု ဇွန်လထုတ် စပယ်ဖြူမှာ ရေးခဲ့တဲ့ “ပုစင်းရင်ကွဲ” ဆိုတဲ့ ဝတ္ထုတိုကလေးကို ဂျပန်လို ဘာသာပြန်ပြီး ဂျပန်ပြည်မှာ ထုတ်ဝေမယ့် မြန်မာဝတ္ထုတိုပေါင်းချုပ် စာအုပ်မှာ ဖော်ပြမယ်လို့ သိရပါတယ်။ အဲဒီ ဝတ္ထုတိုပေါင်းချုပ်က မြန်မာစာရေးဆရာ ၁၄ ယောက်ရဲ့ ဝတ္ထုတိုတွေကို ဂျပန်အမျိုးသမီး မပန်းခက်က ဂျပန်လို ပြန်ဆိုမှာ ဖြစ်ပါသတဲ့။

ဝင်းဝင်းမြင့်မှာ သူနဲ့ ခေတ်ပြိုင်ပေါ်လာတဲ့ တခြား မိန်းကလေးစာရေးဆရာတွေနဲ့ မတူတာလေး တစ်ချက်ရှိသေးတယ်။ အဲဒါက သူက ကဗျာလည်း ရေးတယ်။ သူ့ကဗျာကလေးတွေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ မကြာမကြာတွေ့လိုက်ရတယ်။ တစ်နေ့တော့ သူ့ကဗျာစာအုပ်ကလေးများလည်း ထွက်လာဦးမလားလို့ အောက်မေ့ရပါတယ်။

ပန်းတိုင်း ပွင့်ကြပါစေ။ ပွင့်တဲ့ပန်းတိုင်း မွှေးကြပါစေ။



လူထုဒေါ်အမာ

မျက်နှာဖုံးပန်းချီ - မုတ်သုန်၊ ကြီးပွားရေးစာအုပ်တိုက်၊ပထမအကြိမ်၊ ၁၉၉၁ နိုဝင်ဘာ


မျက်နှာဖုံးပန်းချီ - စိုးဝင်းငြိမ်း၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၇ စက်တင်ဘာ


မျက်နှာဖုံးပန်းချီ - ဇန်ဇန်၊ ရဲရင့်ဝေစာပေ၊ ပထမအကြိမ်၊ ၁၉၉၂ ဇွန်လ


မျက်နှာဖုံးပန်းချီ - ကျော်စွာထက်၊ ကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၀ ဒီဇင်ဘာ


မျက်နှာဖုံးပန်းချီ - ကျော်စွာထက်၊ ကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၁ အောက်တိုဘာ


မျက်နှာဖုံးပန်းချီ - ဦးကံချွန်၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၉ မတ်

မျက်နှာဖုံးပန်းချီ - ချိုတူးမောင်၊ ပိတောက်မင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၈ ဖေဖော်ဝါရီ



မျက်နှာဖုံးပန်းချီ - နေမျိုး၊ ကလျာစာပေ၊ ပထမအကြိမ်၊ ၁၉၉၉ ဇွန်




မျက်နှာဖုံးပန်းချီ - စိုးဝင်းငြိမ်း၊ ဥတ္တရလမင်း၊ ပထမအကြိမ်၊ ၁၉၉၇ နိုဝင်ဘာ

*   *   *   *   *   *   *   *   *   *