24.5.11

ဖတ်မိဖတ်ရာ....သိန်းဖေမြင့်၊ ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်။


မျက်နှာဖုံး ပန်းချီ - စံတိုး
ပန်းချီ - စံတိုး

သိန်းဖေမြင့် ၊ ကျွန်တော်၏ အချစ်ဦး
စာပေဘ၀ ဇာတ်လမ်းစုံ ၁။ ချင်းတွင်းတိုက်၊ ပထမအကြိမ်၊ ၁၉၇၄ ခုနှစ် ဂျူလိုင်လ။
စာမျက်နှာ ၁၅၂ - ၁၅၇ မှ အခန်း ၁ ခန်းအား တိုက်ရိုက် ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။

(ဤအခန်းအပြင် အခြား အခန်း ၃ ၊ ၄ ခန်းကိုလည်း ကူးယူဖော်ပြဦးမည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအား ခွင့်ပြုပါရန် ကြိုတင် ခွင့်တောင်း ပန်ကြားအပ်ပါသည်။)


*   *   *   *   *   *   *   *   *   *   *   *
သိန်းဖေမြင့်

၁၉၂၇ - ၂၈ ခုနှစ်လောက်က ဖြစ်လေသည်။ ကျွန်တော်သည် ဘုတလင် ဆရာဥာဏ်ကျောင်းမှ နေပြီး၊ မုံရွာမြို့ နေရှင်နယ်ကျောင်း (အမျိုးသားကျောင်း) သို့ပြောင်းနေရ၏။ ဗာနက်ကူလာခေါ်  မြန်မာသက်သက် ကျောင်းမှ နေပြီး အင်္ဂလိုဗာနက်ကူလာခေါ် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းသို့ ပြောင်းရခြင်းဖြစ်သည်။ မြန်မာ ၄ တန်းအောင်ပြီး ကတည်းက အင်္ဂလိပ်စာကို အနည်းအကျဉ်း အလွတ်သင်ထားသဖြင့်၊ နေရှင်နယ်ကျောင်းက ကျွန်တော့်ကို စတုတ္တဆင့် (4 th Form) တွင် လက်ခံလေသည်။ (နေရှင်နယ်ကျောင်း တုတ္တဆင့်သည် အခြားကျောင်း ပဉ္စမတန်းနှင့် ညီမျှကြောင်း သတ်မှတ်ထားကြသည်။)...(ကျွန်တော်၏ အချစ်ဦး၊စာမျက်နှာ ၅၉)

(မှတ်ချက်။..။ ဦးသိန်းဖေမြင့်သည် ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်ဖွားဖြစ်သဖြင့် ၁၉၂၇ - ၂၈ ခုနှစ်တွင် သူသည် အသက် ၁၃ နှစ် အရွယ်ဝန်းကျင်ခန့် ဖြစ်သည်။)

ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်

ကျွန်တော်တို့ ကျောင်းနေချိန်တွင် မုံရွာမြို့ ဗုဒ္ဓါဘာသာ အထက်တန်းကျောင်းသည် စန်းပွင့်ချိန်ဖြစ်၏။ စာဘက်မှာ ထူးချွန်ရုံသာမက အားကစားဘက်တွင်လည်း ထူးချွန်နေလေသည်။ မုံရွာဘော်လုံးပြိုင်ပွဲတွင် ကျွန်တော်တို့ ကျောင်းအသင်းက ရှေ့တန်းရောက်နေ၏။ ချင်းစော်ဘွားသား ဟောင်ချင်ပေါ၊ ကမ်ချင်သန်းတို့ ညီအစ်ကိုနှင့်သူတို့ ၀မ်းကွဲအစ်ကို ဟောင်ယာချင်ပေါတို့သည် အထက်တန်းအရောက်တွင် ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခဲ့ကြပြီး ကျောင်းမှာ ရှိရင်းစွဲဖြစ်သော ကိုဖြိုး၊ ကိုအောင်ဖြိုး၊ ကိုနီ စသော နာမည်ကြီး ဘောသမားများကို အားဖြည့်ခဲ့ကြလေ၏။

ထိုအချိန်တွင် ကျွန်တော်တို့ကျောင်းသည် ကျောင်းကပွဲလည်း ကျင်းပရာ ပန်တျာအနုပညာတွင်လည်း ထင်ရှားသွားပြန်လေသည်။ ကျောင်းအပွဲတွင် ပါဝင်သော အစီအစဉ်များအနက် အစီအစဉ် ၃ ခုကိုသာ ကျွန်တော် မှတ်မိတော့၏။

တခုမှာ ကာယ လေ့ကျင့်ခန်း အလှပြဖြစ်၏။ နောက်ခံတေးဂီတနှင့် ပြခြင်းဖြစ်၍ လွန်စွာလှပြီး မြိုင်ဆိုင်သည်။ ယင်းနောက်ခံ တေးဂီတမှာ စစ်တပ်ဘင်တီးဝိုင်းမှ ဂီတသံကို အခြေခံထားခြင်း ဖြစ်သည်။ တင်ဆက်သူမှာ ဦးဂုဏ်ဘန် ဖြစ်လေသည်။

အခြား ဦးဂုဏ်ဘန် မဟုတ်ပါ။ ယနေ့ ကျော်ကြားနေသော မြန်မာပညာရှိ ဦးဂုဏ်ဘန်ပင် ဖြစ်ပါသည်။ ထိုစဉ်က သူသည် ဘီဘီတီစီမှာ စာရေးကြီးလုပ်နေ၏။ သို့သော် သူသည် ၀ါသနာစုံလှသည်။ အင်္ဂလိပ် မြန်မာ တေးဂီတ၊ ဇာတ်၊ ရုပ်သေး၊ စာပေ၊ ခြင်းလုံး၊ ကာယလေ့ကျင့်ခန်း စသည်ဖြင့်။ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသဖြင့် (ထိုစဉ်က မပျောက်ကွယ်သေးသော) ကာလသားခေါင်းသဖွယ် အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်လေသည်။ သူသည် ကျောင်းဆရာ မဟုတ်ပါ။ သူ့အဖေ ဦးသိုင်းသည် ဗုဒ္ဓါဘာသာ အထက်တန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သဖြင့် ဦးဂုဏ်ဘန်သည် ဗုဒ္ဓါဘာသာကျောင်းနှင့် ကျောင်းဆရာ တစ်ဦးသဖွယ် ရင်းနှီးခြင်းဖြစ်ပါ၏။

နောက်အစီအစဉ် တစ်ခုမှာ လူဖြူနှင့် နီဂရိုးတွဲဆိုရသော သီချင်းတစ်ပုဒ်ဖြစ်၏။ ဘာအဓိပ္ပါယ်ရှိသည်ဟု မသိရသည့် တာရာရာဘွန်ဒရီးန်ဟူသော အသံကိုသာ သတိရတော့သည်။ သိန်းတင် (ညိုမြ) က မျက်နှာဖြူလုပ်ပြီး ကျွန်တော်က နီဂရိုးလုပ်ရသည်။ တယောက်က မျက်နှာကို ပေါင်ဒါ ဖွေးနေအောင် လိမ်းရပြီး တယောက်က အိုးမဲ သုတ်ထားရသည်။

ကျွန်တော် မှတ်မိသော တတိယ အစီအစဉ်မှာ အော်ပရာပြဇာတ် အတိုကလေးဖြစ်၏။ ပါဠိနာမည် ပေးထားသော တခုသောပြည်တွင် တယောက်သော ဘုရင် စိုးစံလေ၏။ ထိုဘုရင်သည် ရူးပေါပေါဖြစ်၏။ (ကာမဂုဏ်နှင့် ပတ်သက်ပြီး ဥမ္မတ္တက ဖြစ်နေ၏။) ဘုရင်ရူးကြီးကို ပါဠိဘွဲ့တွေ ပေးထားသော သက်တော်ရှည် နန်းရင်းဝန်ကြီးက ထိန်းကျောင်းနေရ၏။ အချင်းချင်း လွန်စွာကြင်နာသော ဇနီးမောင်နှံတတွဲ (မင်းသားနှင့် မင်းသမီး) ရှိလေရာ ၊ ဘုရင်ရူးကြီးက မင်းသမီးကို အတင်းလုယူလေသည်။ ဘုရင်ရူးကြီးသည် မယားကို လုယူရုံမက မင်းသားကို နှိပ်စက်သေးသည်။

ဘုရင်က ဤသို့ မတရားမှု ပြုသည်ကို နန်းရင်းဝန်က ဖြောင်းဖျတားမြစ်သော်လည်း မရ။ နောက်ဆုံးတွင် ဘုရင်ရူးကြီး ဒုက္ခရောက်ရလေသည်။

သိန်းတင် (ညိုမြ) က ဘုရင်ရူးလုပ်ပြီး ကျွန်တော်က နန်းရင်းဝန်လုပ်ရသည်။ တင်မြဆိုသော ချောင်းဦးသားက မင်းသားအဖြစ်ဖြင့်၎င်း၊ ချစ်ချစ်ဆိုသော မိန်းမရှာတဦးက မင်းသမီး အဖြစ်ဖြင့်၎င်း ကပြကြလေသည်။ (ချစ်ချစ်သည် ယခုခေတ် မိန်းမရှာမျိုး မဟုတ်ပါ။)

ဤပြဇာတ်ကို ကျွန်တော် ရေးခဲ့ပါသည်။ ဇာတ်လမ်းဇာတ်ကွက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖန်တီးထားပြီး ဇာတ်စာ ဇာတ်စကားအချို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးထားသောကြောင့် ကျွန်တော်ရေးသော ပြဇာတ်ဟု ခေါ်လိုက်ရခြင်း ဖြစ်ပါသည်။ သို့သော် အများစုမှာ သူများရေးထားသော စာများဖြစ်ပါသည်။ ထိုမှ ဇာတ်စာယူ၊ ဤမှ ဇာတ်စကားယူ၊ ဟိုထဲက နှစ်ပါးသွား သီချင်းယူ၊ သည်ထဲက ငိုချင်းယူ၊ အမျိုးမျိုးယူပြီး ထည့်ထားခြင်းသာ များပါ၏။

နန်းရင်းဝန်က ဘုရင်ရူးကို ထိန်းကျောင်းသည် ဆိုရာဝယ် သူတို့ နှစ်ယောက်ထဲရှိလျှင် ထိန်းကျောင်းရခြင်းဖြစ်၏။ ထိုအချိန်မှာ နန်းရင်းဝန်က အပေါ်စီးရပြီး ဘုရင်က နန်းရင်းဝန်၏ စကားကို နားထောင်ပါသည်။ ရိုက်လျှင်ပင် ခံပါသည်။ လူများရှေ့တွင်ကား နန်းရင်းဝန်သည် ဘုရင့်နောက်က လိုက်ပြီး ဘုရင်ကို အရိုအသေပေးရသည်။ ဘုရင်က နောက်လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် နန်းရင်းဝန်က ဒူးထောက်ကာ လက်အုပ်ချီရလေသည်။ သိန်းတင်က ခဏခဏ လှည့်ကြည့်သည်။ ကျွန်တော်က ခဏခဏ ဒူးထောက်ပြီး လက်အုပ်ချီရသည်။ ထိုအခါ ပရိသတ်က တ၀ါးဝါး ရယ်ကြလေသည်။ ပြဇာတ်မှာ ဟာသလွှမ်းသော ပြဇာတ်ဖြစ်သည်။

မကြာမီက ဤပြဇာတ်အကြောင်း သိန်းတင် (ညိုမြ) နှင့် ကျွန်တော် အတိတ်ဆောင်ကြသောအခါ ဇာတ်စာတပုဒ်သာ သတိရကြတော့သည်။ ထိုဇာတ်စာကို ကျွန်တော်က တ၀က်တပျက်သာရပြီး သိန်းတင်ကတော့ အားလုံးရသေးသည်။ ကျွန်တော်တို့ အမှတ်ရကြသေးသော ဇာတ်စာမှာ ပေါင်ရင်းသီး ဆိုင်းဆင့်ဖြစ်၏။ သိန်းတင်ကတော့ ကျွန်တော်ရေးသောစာအဖြစ်ဖြင့် မှတ်မိနေခဲ့ပါသည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင်ကမူ ကိုယ်တိုင်ဉာဏ်ဖြင့် ရေးသည်ဟု မထင်ပါ။ ဘယ်က ကူးယူထည့်ထားသလဲလို့လဲ မပြောတတ်ပါ။  ပေါင်ရင်းသီး ဇာတ်စာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

"ရေးဘိတ်, ထားဝယ်, တနင်းဆွယ်၊ ကျယ်သည့်လေးမြို့၊ ဒူရင်းသီးအမည်၊ ရွှေဘွဲ့ချီ၊ ဒီအသီးကိုတော့ လူကြီး လူငယ်၊ ကြိုက်တတ်ပါသည်။

နို့ - ဆရာရယ်၊ ဒူးရင်းသီးသာရှိ၊ ပေါင်ရင်းသီး မရှိဘူးလားလို့ စောဒက တက်စရာ ရှိသကိုးဗျ။

ပေါင်ရင်းသီးရှိကြောင်း ကောင်းကောင်းကြီး ပြောခဲ့တော့မယ်။ အကြီး တကျပ်၊ အလတ် ငါးမူး၊ အထူးသည့်ပြင်၊ သေးလည်းတမတ်၊ ကြိုက်တတ်လျှင် ၀ယ်လို့ သုံးကြတော့။ .......ပွဲတော်သူ ဇင်ဂမုန်းတို့ရဲ့ ၀တ်လာတဲ့ ပိုးထမီကို၊ ကိုယ်မသီ ဗလာကျင်းပါလို့၊ လူပျိုမောင် အီလို့ငြင်းတဲ့အောင်...........ကိုင်းအမ.....ပေါင်ရင်းသီးပြ"

ပရိသတ် တော်တော်နှင့် အရယ်မရပ်သော ဇာတ်ဖြစ်ပါ၏။ ဤဆိုင်းဆင့်နှင့် ဤဟာသသည် ဦးပုညရေးသော ကောသလပြဇာတ်မှ မောင်အောင်လံ၏ ဆိုင်းဆံနှင့်၎င်း၊ ဦးစိန်ကတုံးဇာတ်အဖွဲ့မှ လူရွှင်တော် ဦးရွှေအ၏ နတ်ပျက်ဆိုင်းဆင့်နှင့်၎င်း၊ စဉ်လာမပျက် ရှေ့သွားနောက်လိုက် ညီပါသည်။ ကြံကြံဖန်ဖန် အကြမ်းကို အနုလုပ်နိုင်ခြင်းသည်ပင် အစဉ်အလာ ဟာသတရပ် ဖြစ်ခဲ့ပါ၏။

ကျွန်တော်သည် ဝတ္ထုတပုဒ် ရေပြီးခဲ့ပြီ။ ပြဇာတ်တပုဒ်လည်း ရေးပြီးပြန်ပြီ။ ဝတ္ထုကား  မဂ္ဂဇင်းတွင် ပါသည် မပါသည် မသိ။ မပါဖို့က များသည်။ ပြဇာတ်မှာမူ စင်တင်ခဲ့ရသော ပြဇာတ်ဖြစ်သည်။ တ၀ါးဝါးနှင့် လူကြိုက်များပြီး စွန်သွားသော ပြဇာတ်လည်း ဖြစ်ပါ၏။ ဤကား ကျွန်တော်၏ စာရေးဆရာ အလုပ်သင်ဘ၀ အစ ဖြစ်ပါ၏။


*   *   *   *   *   *   *   *   *   *   *   *

1 comment:

သူမ said...

သိပ်ဖတ်လို့ ကောင်းတာပါပဲ

ဒါမျိုးတွေ များများ ဖတ်ချင်တယ်

ဆရာ သိန်းဖေမြင့် စာတွေ သိပ်နှစ်သက်လှပါတယ်

ကျွန်တော်၏အချစ်ဦး ...

ဖတ်ချင်ပါဘိ . . .

Post a Comment