19.5.11

ဆရာနတ်နွယ် ၏ အောက်တိုဘာမှတ်တမ်း

နတ်နွယ်

ကွင်းကျောင်းအိမ်မှာပင် မိမိအဖမ်းခံရသည်။ (၁၉၅၃ခုနှစ်)အောက်တိုဘာကျောင်းတစ်လပိတ်ရေးကျောင်းသား လှုပ်ရှားမှုနှင့် ပတ်သက်၍ပင်ဖြစ်သည်။ ကျောင်းတစ်လပိတ်ရေး လှုပ်ရှားမှုသည် စက်တင်ဘာလ ကတည်းကပင် စတင်ခဲ့သည်။ အောက်တိုဘာလဆန်းတွင် လှုပ်ရှားမှုအရှိန် ပြင်းထန်သောအခါ ထင်ရှားသော ခေါင်းဆောင်အချို့သည် အဖမ်းမခံရရေး မူအရ ပုန်းအောင်းတိမ်းရှောင်ကြသည်။ ရှေ့တန်း ခေါင်းဆောင်အချို့နှင့် ဒုတိယတန်း ခေါင်းဆောင်များက တိုက်ပွဲကို ကိုယ်ထိလက်ရောက် ဆက်လက်ဦးဆောင်ကြရသည်။

အာဏာပိုင်များက ကျောင်းသားခေါင်းဆောင်များကို တစ်သုတ်ပြီး တစ်သုတ် တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးကြသည်။ ရန်ကုန်မြို့တွင်သာမက မြန်မာတစ်ပြည်လုံးတွင် ဖြစ်သည်။ ပုန်းအောင်း တိမ်းရှောင်နေသော ခေါင်းဆောင်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ရှာဖွေဖမ်းဆီးမိကြသည်။ အချို့ကို လမ်းပေါ်တွင် ဖမ်းဆီးရမိပြီး အချို့ကို ပုန်းအောင်းနေသော အိမ်များတွင် ဖမ်းမိသည်။

အောက်တိုဘာလဆန်းမှစ၍ ကျောင်းသားခေါင်းဆောင်များကို ရှာဖွေဖမ်းဆီးခဲ့ရာ ထိုနှစ်ကုန်သောအခါ ကျောင်းသားခေါင်းဆောင် အားလုံးလောက်ကိုပင် ဖမ်းဆီးရမိပြီဖြစ်သည်။ သို့သော် ထိုအထဲတွင် မိမိ မပါရှိသေးဘဲ လွတ်နေသည်။

မိမိလွတ်နေရသည့် အကြောင်းမှာလည်း မိမိ အပုန်းအအောင်း အတိမ်းအရှောင် ကောင်း၍ မဟုတ်ပါ။ မိမိ ဘယ်မှာမှ ပုန်းမနေပါ။ ကွင်းကျောင်းအိမ်မှာပဲ နေသည်။ ကျောင်းသို့လည်း သွားမြဲသွားသည်။ မဂ္ဂဇင်းတိုက်သို့လည်း အလုပ်ဆင်းမြဲဆင်းသည်။ ဇန်န၀ါရီလတွင် ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ညီလာခံသို့ပင် မိမိတက်ရောက်ခဲ့သေးသည်။

သို့သော် မိမိကို တော်တော်နှင့် မဖမ်းမိနိုင်သေးသည့် အကြောင်းမှာ မိမိ၏ စာရင်းသည် ပထမပိုင်းတွင် မန္တလေးမြို့၌ ရှိနေသောကြောင့် ဖြစ်သည်။ မန္တလေးမြို့မှ ကျောင်းသားခေါင်းဆောင်များ အားလုံးလောက်ကို ဖမ်းမိသောအခါတွင်မှ မိမိမန္တလေးတွင် မရှိကြောင်း ရဲအဖွဲ့က သိရှိသည်။ ထိုအခါတွင်မှ မိမိ မန္တလေးတွင် မရှိဘဲ ရန်ကုန်သို့ ရောက်ရှိနေကြောင်း မန္တလေးရဲတပ်ဖွဲ့က ရန်ကုန်သို့ သတင်းပို့သည်။ ရန်ကုန်ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်လာသည်။ ထိုအခါတွင် ရန်ကုန်ရဲတပ်ဖွဲ့က မိမိကို မသိဘဲ ရှိနေသည်။ အကြောင်းတစ်ကြောင်းမှာ မိမိ ရန်ကုန်ရောက်သည်မှာ မကြာသေး။ နောက်တစ်ကြောင်းမှာ မိမိသည် ရန်ကုန်တက္ကသိုလ်တွင် လူသိများသော ခေါင်းဆောင်တစ်ယောက် မဟုတ်။ သည့်ထက် အရေးကြီးသည့် အကြောင်းကတော့ မိမိသည် ရန်ကုန်တက္ကသိုလ် အသင်းအဖွဲ့များတွင် လှမြင့် အမည်ဖြင့် မဟုတ်ဘဲ မောင်မြင့်နောင် ဟူသော အမည်ဖြင့် ပါဝင်လှုပ်ရှားနေသောကြောင့်။

ပြီးတော့ ရန်ကုန်မှ ရဲဘော်များ၊ မိတ်ဆွေများက မိမိကို လှမြင့် ဟုလည်း မခေါ်။ မြင့်နောင်ဟုလည်း မခေါ်။ နတ်နွယ်ဟုသာ ခေါ်ကြသည်။ နတ်နွယ်ဟုသာ သိကြသည်။ မန္တလေးမှ လှမြင့် ဆိုသူသည် ရန်ကုန်မြို့တွင် နတ်နွယ်ဖြစ်နေကြောင်းကို နောက်ဆုံးတွင် ရဲအဖွဲ့က သိရှိသွားသည်။ ထိုအခါ မိမိကို ကျောင်းသားလောကတွင် မရှာတော့ဘဲ စာပေအသိုင်းအ၀ိုင်းတွင် ရှာဖွေကြတော့သည်။

တစ်နေ့တွင် စုံထောက်မဂ္ဂဇင်းတိုက်၌ မိမိရှိနေစဉ် အသားဖြူဖြူ ၀၀ လူတစ်ယောက် ရောက်လာသည်။ ကိုမိုးဝေနှင့် ကိုတင့်ဆန်းတို့က စားပွဲ၏ တစ်ဖက်တွင် စာရေးနေကြသည်။ မိမိက သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။ ဧည့်သည်သည် မိမိဘေးတွင် ၀င်ထိုင်လိုက်ပြီးနောက် 

"အိုင်ဆေး ကိုမိုးဝေ၊ ခင်ဗျားတို့ဆီမှာ နတ်နွယ်ဆိုပြီး စာရေးတဲ့လူ ရှိသလား"

"ရှိ.....ရှိတာပေါ့၊ ဒီ....ဒီ......လတောင် သူ့........သူ့.. ဝတ္ထု ပါသေးတယ်" ကိုမိုးဝေက ဖြေသည်။ ကိုမိုးဝေ စကားထစ်သည်။

"သူ ဘယ်မှာ နေသလဲ" ဧည့်သည်က မေးသည်။ မိမိက ဧည့်သည်ကို ကြည့်လိုက်သည်။

"ဒါ......ဒါတော့ ကျုပ်တို့ မသိဘူး" ကိုမိုးဝေ၏ အဖြေကို ကြားရသောအခါ မိမိ အံ့သြသွားသည်။

"ခင်ဗျားတို့ဆီကို သူ မလာဘူးလား"

"တစ်ခါတလေမှ လာတယ်ဗျ" ကိုတင့်ဆန်းက ၀င်ပြောသည်။

သည်အခါတွင် အကြောင်းတစ်ခုပဲဟု ယူဆပြီး မိမိဘာသာ ငြိမ်နေလိုက်သည်။ ဧည့်သည်သည် ကိုမိုးဝေတို့နှင့် အတန်ကြာ စကားပြောပြီးနောက် ပြန်သွားသည်။ မိမိလိပ်စာကို စုံစမ်းပေးရန် မှာကြားသွားသည်။

"သူ ဘယ်သူလဲဗျ" ဧည့်သည် ထွက်သွားသောအခါ မိမိက မေးလိုက်သည်။ 

"အဲ......အဲဒါ စုံထောက်ပေါ့ဗျာ၊ စုံထောက်ဘက်ကဗျ။ ဟား..ဟား....ဟား..." ကိုမိုးဝေ ရယ်လေသည်။

"ခင်ဗျားကို ဖမ်းဖို့ လာရှာတာပဲ" ကိုတင့်ဆန်းက ပြောသည်။

"မြတ်စွာဘုရား" မိမိက အလွတ်စုံထောက် တင်မောင်ဆွေ၏ ဟန်ဖြင့် ပခုံးတွန့်လိုက်မိသည်။

"ဟဲ ဟဲ ကျုပ်က စုံထောက်ဝတ္ထု ရေးနေတဲ့လူဆိုတော့ စုံထောက်ကို ပညာစမ်းလိုက်တာဗျ။ ကိုယ့်လူ အဖမ်းမခံချင်ရင်တော့ ပြေးပေတော့"

"မပြေးပါဘူးဗျာ၊ နောက်တစ်ခါ သူလာရင် တွေ့လိုက်တာပေါ့"

သို့သော် ထိုလူကြီး နောက်တစ်ခေါက် လာသောအခါ တိုက်တွင် မိမိလည်း မရှိပါ။ ကိုမိုးဝေနှင့် ကိုတင့်ဆန်းတို့လည်း မရှိပါ။ မိမိတို့ ရုပ်ရှင်သွားကြည့်နေကြသည်။ သည်လိုနှင့် မတ်လဆန်းသို့ ရောက်ရှိသွားသည်။

သည်လတွင် မန္တလေးမြို့ရှိ စာရေးဆရာ ကြည်မြထံမှ စာတစ်စောင်ရသည်။ ထိုစဉ်က သူသည် မြန်မာ့လမ်းစဉ် သတင်းစာတွင် အယ်ဒီတာ လုပ်နေသည်။ သူ့စာထဲတွင် "...တစ်နေ့က ဗိုလ်ခင်မောင်ကလေးနဲ့တွေ့တယ်။ သူက မောင်ရင့်အကြောင်း မေးနေတယ်။ မောင်ရင့် ဓါတ်ပုံရှိရင် ပေးစမ်းပါလို့ တောင်းတယ်" ဗိုလ်ခင်မောင်ကလေးမှာ ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။

ထိုစာကို ကိုတင့်ဆန်း ဖတ်ရသောအခါ "ခင်ဗျား ဓါတ်ပုံရိုက်ပြီး ပို့ပေးလိုက်ဖို့ ကောင်းတယ်"

"အင်း ...ဒီအတိုင်း လုပ်ရမလို ဖြစ်နေပြီ" သို့သော် တစ်နေ့တွင် မိမိကျောင်းမှ အပြန်တွင် အစ်မကြီးက * (အစ်မကြီး -- နောင်သော် ဆရာနတ်နွယ်၏ ယောက္ခမ ဖြစ်လာသည်။ စာရေးဆရာ တင့်ဆန်း၏ ဇနီး)

"ကို...ဆိုတာ သိသလား" ထိုနာမည်ကို မိမိ ကြားဖူးသလိုတော့ ရှိသည်။

"ဆိုရှယ်နီ ခေါင်းဆောင်လေ၊ ဟိုဘက်လမ်းမှာ နေတယ်"

"သြော်ဟုတ်ပြီ၊ လူချင်းတော့ မသိဘူး၊ ကြားဖူးတယ်"

"သူ့အိမ်မှာ မန္တလေးတက္ကသိုလ်က ကို....ဆိုတာ ရောက်နေတယ်တဲ့၊ အဲ့ဒါ သူတို့က တွေ့ချင်လို့တဲ့"

မန္တလေးတက္ကသိုလ်မှ ကို....ကို မိမိသိသည်။ ဆိုရှယ်နီ တစ်ယောက်ဖြစ်သည်။ " အစ်မကြီး ဘာပြောလိုက်သလဲ"

"ညဘက်တော့ ပြန်လာတာ အချိန် မမှန်ဘူး၊ မနက်စောစော အိမ်ကိုလာရင် တွေ့နိုင်တယ်လို့ ပြောလိုက်တယ်"

နောက်တစ်နေ့ နံနက်စောစောတွင် အိမ်သို့ ရောက်ရှိလာသူများမှာ ဆိုရှယ်နီ နှစ်ယောက် မဟုတ်ပါ။ အထူး သတင်းထောက်လှမ်းရေးမှ စုံထောက်များသာ ဖြစ်ပါသည်။

သို့ဖြင့် ဘားလမ်းအချုပ်စခန်းသို့ မိမိ ရောက်ရှိရတော့သည်။ ဘားလမ်းတွင် လေးလတိတိ နေခဲ့ရသည်။

ဘားလမ်းတွင် မိမိသည် အစာငတ်ခံဆ န္ဒ နှစ်ကြိမ် ပြခဲ့သည်။ ပထမတစ်ကြိမ်က အထူးတန်း မရရှိသဖြင့် ဖြစ်သည်။ ဒုတိယအကြိမ်က ရန်ကုန်ထောင်ကြီးသို့ ပြောင်းရွှေ့ပေးရန်ဖြစ်သည်။ ဘားလမ်းမှာ နေရသည်က ကျဉ်းသည်။ အဖော်အပေါင်းလည်း မရှိ။ ရန်ကုန်ထောင်မှာက စာရေးဆရာတွေ ရှိသည်။ သို့သော် မိမိကို ရန်ကုန်ထောင်သို့ မပို့ဘဲ လွှတ်လိုက်သည်။ အကြောင်းမှာ တခြားဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကိုလည်း ပြန်လွှတ်ပေးနေပြီဖြစ်သည်။

"ခင်ဗျားက ကျုပ်တို့ကို တကယ် ဒုက္ခပေးတာဘဲ။ ခင်ဗျားကို ဖမ်းတုန်းကလည်း တော်တော်နဲ့ မမိလို့ ကျုပ်တို့မှာ အကြိမ်းခံခဲ့ရတယ်။ အခုလည်း ခင်ဗျားကို လွှတ်ဖို့ အမိန့်ချပြီးတဲ့ အချိန်မှာ ခင်ဗျားဟာ ထောင်ကို သွားချင်တယ်ဆိုပြီး န္ဒပြနေတယ်" ဟု မိမိအမှုကို ကိုင်တွယ်ရသော စုံထောက်အရာရှိက ပြောခဲ့သည်။ ထို့နောက် သူကဆက်ပြီး "ခင်ဗျားကို အမှတ်တရ အဖြစ်နဲ့ ကျုပ် လက်ဆောင်တစ်ခုပေးမယ်"

ပြည်သူ့စာပေတိုက်မှ စာအုပ်တစ်အုပ်ဝယ်ပြီး မိမိကို လက်ဆောင်ပေးသည်။ Bruno Fischer ၏ Run For Your Life ဖြစ်သည်။ ထိုစာအုပ်ကို မှီးငြမ်းပြုပြီး မိုးထဲလေထဲ ကို မိမိ ရေးခဲ့သည်။ အမှတ်တရပင်။........။

........။ ဤလေးလ အတွင်းတွင် မိမိတောင့်တမိသည့် အခြားအရာတစ်ခုမှာ ညအချိန်တွင် မိုးကောင်းကင်ကြီးကို ကြည့်မြင်လိုခြင်းပင်ဖြစ်သည်။ အပြန့်ကျယ်သော မြင်ကွင်းရှည်ကြီးကို တွေ့မြင်လိုသည်။ သန့်ရှင်းလတ်ဆတ်သော လေကို အားရပါးရ ရှူရှိုက်ပစ်လိုက်ချင်သည်။ ယင်းကြောင့်ပင် လွတ်မြောက်သည့်နေ့၏ ညမှာပင် ကြည့်မြင်တိုင် လမ်းမကြီးပေါ်တွင် မိမိတစ်ယောက်တည်း လွတ်လပ်စွာ လမ်းလျှောက်ခဲ့သည်။  


နတ်နွယ်၊ မိမိနှင့် စာရေးဆရာများ၊ ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၀၀။ စာမျက်နှာ ၇၀ - ၇၅။


*   *   *   *   *   *   *   *   *   *   *   *


ကျွန်တော်သည် ဆရာနတ်နွယ်၏ ကိုယ်ရေးအကျဉ်း စာများကို ဖတ်ရင်းမှ သတိထားမိတာတစ်ခုရှိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဆိုသော ကိုယ်ရေး အကျဉ်းကလေးဖြစ်သည်။ မည်သည့် အတိုင်းအတာ အထိ ပါဝင်လှုပ်ရှားခဲ့သည်ကို ဆက်လက် သိလိုသဖြင့် ကျွန်တော်သည် လက်လှမ်းမှီသည့် စာအုပ်များကို ရှာဖတ်ခဲ့သည်။ ဆရာနတ်နွယ်၏ မိမိနှင့် စာရေးဆရာများ စာအုပ်ထဲတွင်တော့ သူကိုယ်တိုင်ရေးသားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုအကြောင်း ဖတ်ရ၏။ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

၁၉၅၃ ခုနှစ် အောက်တိုဘာ ကျောင်းသားလှုပ်ရှားမှုနှင့် ပတ်သက်၍ အပြည့်စုံဆုံး စာအုပ်ဟု ကျွန်တော် ယူဆသော စာအုပ်မှာ ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၁၉၅၃ - ၁၉၅၄ ပင်ဖြစ်သည်။ ဒေါက်တာထင်အောင်၏ အမှာစာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်၏။ စာစောင်တစ်ခုလုံးသည် ကျောင်းသားတို့၏ သွေးရင်ပွက်သံတို့ဖြင့် ပြည့်နေသည်။ ဓါတ်ပုံများမှာလည်း ကောင်းမွန်လှသည်။ ကျွန်တော်သည် ထိုဓါတ်ပုံများထဲမှ အချို့အား ဖော်ပြလိုက်ပါသည်။ ဓါတ်ပုံများ၊ ဆောင်းပါးများ ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။








*   *   *   *   *   *   *   *   *   *   *   *

No comments:

Post a Comment