8.5.11

ကွန်မြူနစ်ကတော်များ..၁ ။ သခင်ဗဟိန်း၏ဇနီး မခင်ကြီး။



မြန်မာ့နိုင်ငံရေးသမိုင်းကို အထူးတလည် မလေ့လာသူများပင်လျှင် ကျောင်းသုံးစာများအရ ကိုဗဟိန်းကို သူ၏ မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေမယ် ကြုံးဝါးသံဖြင့်တွဲ၍ သိကြပါသည်။ ကျွန်တော်လည်း ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာစာများဖြင့် ကိုဗဟိန်းကို စိတ်ဝင်စားသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုများ အထွတ်အထိပ်ရောက်နေသည့် ကာလများအကြောင်း လေ့လာကြည့်လျှင်၊ ကိုဗဟိန်းသည် ထိုကာလများအတွင်း ရတနာတစ်ပါးဖြစ်သည်။ သူသည် လင်းလက်နေသည်။ သူသည် မြန်မာနိုင်ငံအတွက် ရတနာတစ်ပါးလည်း ဖြစ်သည်။ သူ့အကြောင်းသည် အတ္ထုပ္ပတ္တိစာ တစ်စောင်တစ်ဖွဲ့ဖြင့် မြန်မာ့သမိုင်းတွင် တခမ်းတနား ရှိနေသင့်သည်။


ကျွန်တော်သည် ကိုဗဟိန်းအကြောင်းကို ဟိုစာမှသည်စာမှ ဖတ်ခဲ့မိတိုင်း သူ့အနောက်မှ အရိပ်လေးကို အမြဲမြင်နေရသည်။ ကျွန်တော်တို့ ကိုဗဟိန်းကို လေးစားတန်းဘိုးထားသလို၊ ကိုဗဟိန်း မြတ်နိုးခဲ့သည့် သူ့အရိပ်လေးကိုလည်း ကျွန်တော်တို့ ခင်မင်သိထားသင့်ပါသည်။ ဤသို့ဖြင့် ကျွန်တော်သည် ဖတ်ခဲ့ဖူးသည့် စာအုပ်များထဲမှ ကိုဗဟိန်း၏ အရိပ်လေးကို ဖမ်းနိုင်မည့် စာများကို တေးမှတ်ထားခဲ့သည်။ ကိုဗဟိန်း၏ အရိပ်လေးမှာ သူ၏ ဇနီး မခင်ကြီး ဖြစ်ပါသည်။


အဖိုးထိုက်တန်လှပသည့် ကျောက်မျက်ရတနာများသည် တောတောင်အနှံ့ ပြန့်ကျဲနေသည်။ ဟိုတော သည်တောင်အနှံ့ ပြန့်ကျဲနေသည့် ကျောက်မျက်ရတနာများကို ကောက်ယူပြီး ကြိုးဖြင့် သီကုံးနိုင်ပါသည်။ ကျွန်တော်သည် ဟိုစာသည်စာများမှာ ပြန့်ကျဲနေသည့် မခင်ကြီးအကြောင်းကို ဆိုင်ရာတွဲချိတ်ယူပြီး မခင်ကြီး၏ ပုံရိပ်လွှာပေါ်အောင် သီကုံးထားပါသည်။ သီကုံးထားသည့် ကျောက်မျက်ရတနာတွဲ မလှပခဲ့လျှင် သီကုံးသူ အပြစ်သာဖြစ်သည်။ ကျောက်မျက်တို့၏ မူရင်းတန်ဘိုးကို အပြစ်မဆိုနိုင်ပါ။ သီကုံးသူ ညံ့သဖြင့်သာဟု ဆိုရပါတော့မည်။ 


မခင်ကြီး၏ ရုပ်ပုံလွှာကို ကိုဗဟိန်းနှင့် မခင်ကြီးတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြပုံမှ စတင်ပါသည်။ သက်ဆိုင်ရာအခန်းများတွင် မူရင်းစာအုပ်များကို ညွန်းထားပါသည်။ တခန်းနှင့်တခန်း အဆင်ပြေပြေ ချိတ်မိစေရန် ရည်ရွယ်သည့်အနေဖြင့် သီကုံးသည့်ကြိုးသဖွယ် ကျွန်တော်၏မှတ်စုများကို စာလုံးအစောင်းဖြင့် ပြထားပါသည်။ ထိုစာလုံးအစောင်းများမှအပ ကျန်စာများသည် စာအုပ်များမှ ထုတ်နှုတ်ထားသည်များသာ ဖြစ်ပါသည်။


ကျွန်တော်သည် မခင်ကြီး၏ ပုံရိပ်လွှာကို အောက်ပါစာအုပ်များမှ ထုတ်နှုတ်သီကုံးထားပါသည်။ အချက်အလက်များ၊ ဓါတ်ပုံများ၊ အကြောင်းအရာများကို သုံးစွဲခွင့်ပြုပါရန်  မူရင်း စာအုပ်ရေးသားသူများအား ပန်ကြားအပ်ပါသည်။  


၁။ ဒဂုန်တာရာ၊ ရုပ်ပုံလွှာ၊ ပုဂံစာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၁၉၆၃ အောက်တိုဘာ။
၂။ ဒဂုန်တာရာ၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ ရာပြည့်စာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၇ ဒီဇင်ဘာ။
၃။ သခင်တင်မြ၊ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာသီဟရတနာ စာအုပ်တိုက် ၊ ပထမအကြိမ်၊ ၂၀၀၇ မတ်လ။
၎။ သိန်းဖေမြင့်၊ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်၊ စာအုပ်ဈေး ၊ ပထမအကြိမ် ၊ ၂၀၀၀ ခုနှစ် ဇွန်လ
၅။ ပြုစုသူအများ၊ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ - ဒုတိယတွဲ၊ မြရာပင်စာပေ၊ ပထမအကြိမ်၊ ၁၉၆၉ စက်တင်ဘာ။


စောသက်လင်း

* * * * * * * * * * * * * * * * * * * * * * 
 



ဒေါ်ခင်ကြီး (လေထီးဦးအုန်းမောင်၏ နှစ်ပေါင်း ငါးဆယ် ကြာသောအခါ စာအုပ်မှ)


(အပိုင်း ၁ - အချစ်ဇာတ်လမ်း)


(...........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ- ၈၉ - ၉၀...............။ မခင်ကြီးက သူနဲ့ ကိုဗဟိန်းတို့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင် စတွေ့ကြပုံကို ပြောပြပါတယ်။


မခင်ကြီးက ၁၉၃၉ ခုနှစ် စာသင်နှစ်မှာ ပြည်လမ်းက ဆရာအတတ်သင်ကောလိပ် (TTC) မှာတက်နေတုန်း၊ တစ်နေ့ နံနက်စောစော စမ်းချောင်းမြေနုလမ်းကနေ ကျောင်းသို့ ဘတ်စ်ကားစီးလာခဲ့ပါတယ်။ ကားပေါ်မှာ သိမ်ကြီးဈေး နို့ဈေးပြန် ကုလားတွေရဲ့ နို့ပုံးတွေနဲ့ ပြည့်နေတဲ့ကား တက်စီးမိရက်သား ဖြစ်နေတယ်တဲ့။ ထိုင်စရာနေရာက တစ်ကွက်ပဲရှိတယ်။ ထိုင်ဖို့ အဲဒီနေရာအသွား နို့ပုံးနဲ့တိုက်မိရော။ လူကမဟန်နိုင်လို့ လဲမလိုဖြစ်တော့ ကွက်လပ်ဘေးက ထိုင်နေသူရဲ့ ပခုံးကို ကိုင်လိုက်မိတယ်။ ရှက်လိုက်တာလဲ လွန်ရော၊ လူက မွှန်ထူပြီး လက်ကကိုင်လာတဲ့ စာအုပ်တွေ ကြမ်းပေါ်ပြုတ်ကျ။ လူကလည်း ဟိုလူ့ဘေးမှာ ၀င်ထိုင်လိုက်ရတယ်။ ပါးစပ်က "ဆောရီး ဆောရီးနော်" လို့ အလိုလို ထွက်သွားတယ်။ ထိုင်နေသူက ကျသွားတဲ့ စာအုပ်တွေကို ကောက်ပေးတယ်။ သူ့ကို "ကျေးဇူးပဲ" လို့ပြောပြီး သူ့ဆီ အသာ မျက်လုံးဝှေ့ကြည့် လိုက်မိတယ်။ စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ကို ဆုံမိတယ်။ ဒိန်းခနဲ ခုန်လိုက်တဲ့ရင်၊ မျက်စေ့ကို ချက်ချင်းလွှဲလိုက်ရတယ်။ ကျွန်မ ခေါင်းမဖော်ရဲတော့ဘူး။ ကျောင်းရှေ့မှတ်တိုင်ရောက်တာနဲ့ ကားပေါ်က ကမန်းကတန်း ဆင်းလိုက်ရတယ်။ ကျောင်းရောက်တဲ့အထိ ခုန်နေတဲ့ရင်က မရပ်ချင်သေးဘူး။


ကျွန်မမျက်စေ့ထဲမှာပြုံးနေတဲ့နှုတ်ခမ်းနဲ့ သူ့ဆံပင် ကောက်ကောက်လေးတွေကို မေ့မရ ဖျောက်မရ ဖြစ်နေရတယ်။ ဘယ်ကသူမှန်းလဲမသိ၊ ကားပေါ် အမှတ်မထင်ဖျတ်ခနဲတွေ့လိုက်ရတဲ့ သူ့မျက်နှာအပြုံးပန်းကို လွမ်းနေမိတဲ့ ကိုယ့်ကိုလည်း ဒေါသဖြစ်မိတယ်။ ကျောင်းက အိမ်ပြန်ရောက်လည်း သူ့မျက်နှာက အိမ်အထိ ပါလာတယ်။ အဲဒီညမှာလည်း အိပ်ယာဝင်တော့ အဲဒီအပြုံးက တော်တော်နဲ့ ထွက်မသွားဘူး။ အတွေးထဲ စေ့စေ့ပေါ်နေတာနဲ့ မျက်စိကို အတင်းမှိတ်ပြီး ဇွတ်အိပ်လိုက်ရတယ်။


နောက်တစ်နေ့မှာ ကျောင်းအားလပ်ရက်ဖြစ်တော့ အိမ်မှုကိစ္စလုပ်နေတာနဲ့ သူ့အပြုံးကို မေ့မေ့ပျောက်ပျောက် ဖြစ်နေတယ်။ အိမ်ရှေ့အိမ်ကလည်း ကျွန်မတို့ ပိုင်တဲ့အိမ်ပဲ။ အောက်ထပ်က လွတ်နေတော့ အိမ်ငှားရန် ဆိုင်းဘုတ် ချိတ်ထားပါတယ်။ အိမ်ငှားချင်သူတွေက မကြာခဏ စုံစမ်းလေ့ရှိပါတယ်။


နံနက် ၉ နာရီလောက်မှာ ဧည့်ခန်းက လူစိမ်းအသံ ကြားတာနဲ့ ဖတ်နေတဲ့စာအုပ်ကို အောက်ချပြီး အခန်းထဲက ထွက်ကြည့်လိုက်တယ်။ လား လား...။ ကိုရွှေအပြုံးရှင်နဲ့ အဖော်တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူကတော့ ကျွန်မကို ပြုံးလို့ ကြည့်နေပါတယ်။ ကျွန်မမှာ ပူထူပြီး အခန်းထဲ ပြန်ဝင်ရမလို၊ ထွက်လာရမလို နဝေတိမ်တောင်ဖြစ်ပြီး ရပ်နေမိတယ်။ သူတို့ကို ဧည့်ခံနေတဲ့ အဒေါ်က "ဟဲ့ ခင်ကြီး လာထိုင်လေ" ဆိုတော့မှ သတိရပြီး ကုလားထိုင်တစ်လုံးမှာ အသာဝင်ထိုင်လိုက်မိတယ်။ ကျွန်မတော့ ဣနြေ္ဒပျက်လောက်အောင်ကို ခေါင်းငုံ့ထိုင်နေမိတယ်။ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်၊ ရင်ကလည်း တဒိန်းဒိန်းနဲ့၊ အဒေါ်နဲ့သူ စကားပြောနေကြတာလဲ မကြားတစ်ချက် ကြားတစ်ချက်နဲ့။ သူတို့နှစ်ယောက်က အခန်းလာငှားတာ။ အသားညိုညို သူနဲ့ပါတဲ့သူကတော့ ကျောင်းပြီးသွားပြီတဲ့၊ နှစ်ယောက်အတူ နေကြမှာ။ အဒေါ်နဲ့သူတို့ အပေးအယူ တည့်သွားပြီး နောက်နေ့မှာ အိမ်စဘော်လာပေးမယ်။ သူတို့ တစ်ခါတည်းပြောင်းလာကြမယ်လို့ ပြောဆိုပြီး နှုတ်ဆက်ပြန်သွားကြကာမှ ကျွန်မလည်း သတိပြန်ဝင်လာတယ်။ ဒီတစ်ခါ ခုန်ရတဲ့ရင်က အရှက်ရင်မဟုတ်၊ အပျော်ရင်ပါ။


သူ ကျွန်မတို့ အိမ်လာငှားတာဟာ တိုက်ဆိုင်တာလား၊ တမင်သက်သက်လာငှားတာလား။ ကျွန်မကတော့ တိုက်ဆိုင်တာဘဲဖြစ်မယ်လို့ ထင်ခဲ့တယ်။ သူနဲ့ ကျွန်မ သမီးရီးစားဖြစ်ပြီး မေးကြည့်တော့မှ သူက Love at first sight (မြင်တာနဲ့ကြိုက်) ဆိုတာ အလွန်မှန်တယ်တဲ့။ ဘတ်စ်ကားပေါ်မှာ ကျွန်မကို စတွေ့လိုက်ကတည်းက သူ့အသဲ စွဲသွားတာတဲ့။ ကားပေါ်မှာ လွတ်ကျသွားတဲ့ ကျွန်မရဲ့ ဗလာစာအုပ်ကို ကောက်ပြီးအပေး တဒင်္ဂကြည့်လိုက်တာနဲ့ စာအုပ်မျက်နှာဖုံးအပေါ်ရေးထားတဲ့ လိပ်စာကို မှတ်ထားလိုက်တာတဲ့။ နောက်နေ့ ကိုထွန်းရှိန် (နောင် ဗိုလ်ရန်နိုင်) ကိုခေါ်ပြီး လိပ်စာအတိုင်းလိုက်လာတာ အခန့်သင့်ချင်တော့ မျက်နှာချင်းဆိုင်အိမ်မှာ အခန်းငှားရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် ကျွန်မတို့အိမ် ၀င်မေးပြီး အခန်းငှားလိုက်ကြတာတဲ့။.....................)


(.............ရုပ်ပုံလွှာ၊ ဘဟိန်း သို့မဟုတ် ကဗျာ။ စာ ၄၉ - ၅၀.....................ကိုဘဟိန်းသည်လည်း ချစ်စိတ်ကြိုက်စိတ်ရှိသည်။ တက္ကသိုလ်တွင် ရှိစဉ်က လှပသောကျောင်းသူတဦးကို ကော်ရစ်ဒါအကွေ့တွင် လိုက်၍ချစ်စကား ပြောဖူးသည်။ သူလိုကျောင်းသားခေါင်းဆောင်က ကျောင်းသူကလေးကို ကော်ရစ်ဒါအတွေ့တွင် စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်တွင် ပျံ့နှံ့၍သွား၏။................။


ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏသွားလည်လေ့ရှိသည်။ သူ၏ အိမ်တွင် ဓါတ်စက်တလုံးရှိ၏။


ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးကို အင်မတန်ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းရှိအိမ်သို့ သွားလည်ရာ သူသည် ၄ နှစ်သားအရွယ် ကလေးလေးကို ဒူးနှစ်ဘက်ကြားတွင် ပွေ့ဖက်ကာ "သည်ဆောင်းဟေမန်" ဓါတ်ပြား ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။


ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ "ဘယ့်နဲ့လဲ ဖိုးထွန်းရှိန်၊ သူ့မှာ အစ်မချောချော၊ အဒေါ်ချောချောမှ ရှိရဲ့လား" ဟု ကလေးကို မေးငေါ့ပြယင်း ရယ်မောကာ မေးလိုက်၏။ ကိုဘဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။


ကိုထွန်းရှိန်သည် အိမ်ရှေ့ဘက် လမ်းဆီသို့ ငေးကြည့်ကာ "မသိတော့လားဗျာ" ဟု ခပ်ပြုံးပြုံးဖြေလေသည်။


သူ၏အိမ်ရှေ့တွင်ကား ဆရာဖြစ်သင်ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။


ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ကတည်းကပင် အတော်စွဲ၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်းက သူနှင့် ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှဖြတ်၍ သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်သင်္ဘောဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ်ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့တစောင်ကျ စာထည့်၏။ သင်္ဘောဆိပ်ကမ်းမြို့တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်စာတက်၍ ထည့်ရ၏။ ကျွန်တော်အမေ့ထံသို့ စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့မခင်ကြီးထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ်းမတူရောက်အောင်ပင် မခံဘဲ အကုန်ချောတော့၏။....................။)


(.......ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ..၊စာ ၉၁.။...........................။ မခင်ကြီးက ကိုဗဟိန်းအကြောင်း ဆက်ပြောပါတယ်။ "ကျွန်မနဲ့သူ ခုမြင်ခုကြိုက်ပြီး ညားကြတယ်။ သူ့မှာ ကျွန်မအရင် သူစွဲစွဲလန်းလန်း ချစ်ခဲ့တဲ့ ချစ်ဦးသူ ရှိခဲ့တယ်။ သူ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ လုပ်နေတုန်းက သမဂ္ဂအသင်းဝင် အင်းယားဟောသူ ထားဝယ်က မသန်းတဲ့။ နဂါးနီ ကိုထွန်းအေးရဲ့ ညီမပါ။ သူတို့နှစ်ယောက် အကြောင်းကို တက္ကသိုလ်မှာ အားလုံးသိကြတယ်။ ၁၉၃၈ ခုနှစ် သူတို့ နှစ်ယောက်လုံး ဘီအေအောင်၊ ကျောင်းပြီးသွားတော့ မသန်းက ထားဝယ်ပြန်၊ ကိုဗဟိန်းက ရန်ကုန် ကျန်ရစ်၊ တဖြည်းဖြည်း အဆက်ပြတ်သွားကြတာတဲ့။ အဲဒီအချိန်မှာ ကျွန်မ သူနဲ့တွေ့ပြီး သမီးရည်းစားဖြစ်ခဲ့ကြတာပါ။


၁၉၄၀ ခုနှစ်စမှာ ကျွန်မတို့ ရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်လိုက်ကြတယ်။ ကျွန်မတို့ လက်ထပ်တာ သူ့ အိမ်ကိုလည်း သူအသိမပေး၊ ကျွန်မကလဲ ကျွန်မ မိဘတွေဆီ ခွင့်မတောင်းဘဲ တိုးတိုးတိတ်တိတ် လက်ထပ်လိုက်ကြတာ။ ဒီသတင်း ဘယ်လိုကဘယ်လို ပေါက်ကြားသွားတယ် မသိဘူး။


ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဗဟိန်းနဲ့ တီတီစီ ကျောင်းသူ မခင်ကြီးတို့ နှစ်ဦးသဘောတူ တရားသူကြီး ရှေ့မှောက်တွင် လက်ထပ်ပြီးစီးကြောင်း သတင်း မြန်မာ့အလင်းမှာ ပါလာတာပေါ့။ 


ပခုက္ကူမှာရှိတဲ့ ကျွန်မ မိဘများကတော့ ဒေါပွတာပေါ့၊ ကိုဗဟိန်းရဲ့ မိဘတွေကတော့ ကိုဗဟိန်းကို အလွန်ချစ်ကြတော့ သူတို့ တင့်တောင့်တင့်တယ် ခမ်းခမ်းနားနား လက်ထပ်မပေးရတဲ့အတွက် စိတ်မကောင်းကြောင်း၊ ကျွန်မတို့ နှစ်ယောက်ကို မန္တလေးပြန်လာဖို့၊ တခမ်းတနားပြန်လက်ထပ်ပေးမယ်လို့ အကြောင်းကြားလိုက်ပါတယ်။ ကိုဗဟိန်းက စာမပြန်ဘူး။


ကျွန်မ မိဘများကတော့ ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းစရိတ် ဆက်မပို့တော့ဘူး။ ကိုဗဟိန်းကိုတော့ သူ့မိဘများက လစဉ်ပို့နေကြထက်တောင် ပိုက်ဆံ ပို ပို့ပေးတယ်။ အံမယ်  ကိုဗဟိန်းကလဲ မာနနဲ့ရှင့်။ ပို့တဲ့ငွေကို မယူဘူး၊ ပြန်ပို့ပေးလိုက်တယ်။


ကျွန်မတို့ မင်္ဂလာဆောင်တဲ့ သတင်းနဲ့ ကိုဗဟိန်း အလုပ်မရှိသေးတာသိတဲ့ မြန်မာ့အလင်းဦးတင်က ကိုဗဟိန်းကို မြန်မာ့အလင်းမှာ ဘာသာပြန် အယ်ဒီတာ အလုပ်ခန့်ပေးလိုက်ပါတယ်။ ဦးတင်ရဲ့ ကျေးဇူးကြောင့် မင်္ဂလာဦးမှာ အဆင်ပြေသွားခဲ့ပါတယ်"




(အပိုင်း ၂ - အိမ်ထောင်သည်ဘ၀နေ့ရက်များ)

(ကိုဗဟိန်းသည် ၁၂၇၉ ခုနှစ် ၀ါဆိုလဆန်း ၁၀ ရက် (၂၈-၆-၁၉၁၇) နံနက် ၇ နာရီတွင် မွေးဖွားခဲ့သဖြင့် သူအိမ်ထောင်ပြုသည့် ၁၉၄၀ ခုနှစ်တွင် သူ၏ အသက်မှာ ၂၃ နှစ် ဖြစ်ပါသည်။ မခင်ကြီးသည် ၂၈-၁၂-၁၉၁၇ တွင် မွေးဖွားခဲ့သဖြင့် အိမ်ထောင်ပြုချိန်မှာလည်း ၂၃ နှစ်ဝန်းကျင်ဖြစ်သည်။ ကိုဗဟိန်း၏ မွေးနေ့နှင့် မွေးရက် ကွဲလွဲမှုများ ရှိနေသည်။ စောသက်လင်း)


(၂၈-၆-၁၉၁၇  -  ၂၀-၁၁-၁၉၄၆) အသက် ၂၉ နှစ်တွင် ကွယ်လွန်သည်။ ဓါတ်ပုံ - ဖျတ်ခနဲ ....စာအုပ်မှ


(....ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ....၊ စာ ၁၀၅ - ၁၀၆...........။ ၁၉၄၁ ခုနှစ် မိုးအကုန်၊ မကုန်ခင် လပိုင်းဖြစ်မည်ထင်သည်။ ကျွန်တော်၏ မေဝတ္ထု ထွက်သည့် လပိုင်းလောက်တွင် ကိုဗဟိန်း အဖမ်းခံရသည်။ ထိုအခါက ရွှေဂုံတိုင်ရှိ ခြင်္သေ့ရုပ် လှေကားအထက်နားရှိ ဇရပ်တစ်ဆောင် (ထိုအခါက အင်္ဂလိပ်တော်လှန်ရေး မြေအောက်လျှို့ဝှက်စခန်း) မှ အပြန် ညဘက်အဖမ်းခံရခြင်းဖြစ်သည်။ ဗဟန်း (လျှို့ဝှက်စခန်း)တွင်ရှိနေစဉ် ထိုညက "မခင်ကြီးကို လွမ်းတယ်ဗျာ" ဟုပြောပြီး မြေနုလမ်း အိမ်သို့အပြန် အဖမ်းခံရခြင်းဖြစ်သည်ဟု ကြားရဖူးသည်။...........။..............။ လျှို့ဝှက်စခန်းတွင် ပုန်းအောင်းနေစဉ် ကိုဗဟိန်းက ရခါစ ဇနီးသည်အား လွမ်းသည်ကို ကျွန်တော်က သဘောကျသည်။..............။ .............။.............။ ကိုဗဟိန်းက "ချစ်သူဆိုတာ အချစ်ဆုံး အဖော်ပဲဗျ။ အထူးသဖြင့်  ဒုက္ခကို ဝေငှခံနိုင်တယ်".....)


(........ ရုပ်ပုံလွှာ၊ ဘဟိန်း သို့မဟုတ် ကဗျာ၊ စာ ၅၄ -၅၅........။ သူသည် (ကိုဗဟိန်း)သည် အက်ဂါစနိုးရေးသော တရုတ်ပြည်ပေါ်က ကြယ်နီ စာအုပ်ကို ဖတ်လျက်ရှိသည်။ ကျွန်တော်မှာ ရန်ကုန်သို့ ၂ ရက် ၃ ရက် ဆိုပြီး တောမှအလာ ၃ လ ခန့်ကြာပြီး သောင်တင်လျက်ရှိရာ၊ လဲစရာလုံချီပိုမရှိ၊ ဘန်ကောက်လုံချီ အပြာတထည်ကိုသာ မချွတ်တန်း ၀တ်နေရ၏။ သို့ဖြစ်ရာ ကိုဘဟိန်း ၀တ်ထားသော မန္တလေးလုံချီအစိမ်းနှင့် လဲရန် အတင်းပူဆာ၏။


ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတိုကလေးတွေနှင့် တယောက်လုံချီ တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအား ပြောပြသောအခါ "ရှင်တို့ဟာ ခလေးတွေလိုဘဲနော်၊ အရှက်လဲမရှိဘူး" ဟု ရယ်ကာကြိမ်း၏။....................။)


(........ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၈ - ၈၉..............။ ကိုဗဟိန်းကို ဂျပန်ခေတ်က ဆေးရုံကြီး (ရန်ကုန် စစ်ရုံးချုပ်ဟောင်း) မှာ သူ့ဇနီး မခင်ကြီးနှင့်အတူ စတင်တွေ့လိုက်ပါတယ်။ အရပ်က ပုပြတ်ပြတ်၊ မခင်ကြီးက သူ့ထက်တောင် အရပ်ရှည်သေး။ ကိုဗဟိန်းက အသားဖြူဖြူ ဆံပင်ကခွေလိပ်လိပ်နဲ့ အတော်ကြည့်ကောင်းတဲ့ မျက်နှာပေါက်ပါ။ သူနဲ့ယှဉ်လိုက်တော့ မခင်ကြီးက အကျည်းတန်တယ်လို့ ထင်ရပါတယ်။ အမှန်က မခင်ကြီးလည်း အရုပ်မဆိုးပါ။ မခင်ကြီးကို ဒေါက်တာလှရွှေ (၁၃၀၀ပြည့်အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်) ဆီမှာလာပြတာပါ။.........။ ဒေါက်တာလှရွှေနဲ့က သူတို့လင်မယားနှစ်ယောက်လုံးနဲ့ အတော်ရင်းနှီးပုံရပါတယ်။...........။ သူတို့စကားနားထောင်ရင်း ကိုဗဟိန်းနဲ့ မခင်ကြီးကို ကျမ ကောင်းကောင်းအကဲခတ်နိုင်ခဲ့တာပါ။..............။)




(အပိုင်း ၃ - ဖက်ဆစ်တော်လှန်ရေးအလွန် ကာလများ)


(..........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၉ - ၉၀.................။ နောက်တကြိမ် သူတို့လင်မယားနဲ့ ပြန်တွေ့တာကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးစ ၁၉၄၅ ခုနှစ် ဇွန်လ မြေနီကုန်း မြေနုလမ်းက သူတို့အိမ် အပေါ်ထပ်မှာပါ။ ကိုဗဟိန်းက မမာရှာပါ။ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွင်း တောင်ငူပြောက်ကျားတပ်ကို ခေါင်းဆောင်ပြီး မအိပ်မနေ မရပ်မနား အပင်ပန်းခံ တိုက်ပွဲတွေကို ဦးစီးခဲ့လို့ ရခဲ့တဲ့ ပဲခူးရိုးမ ငှက်ဖျားရောဂါကြောင့် အိပ်ယာထဲ လဲနေရတဲ့ အချိန်ပေါ့၊ အနားကတော့ မခင်ကြီးက သူ့ကို အရိပ်တကြည့်ကြည့်နဲ့ပါ။...........။ သူ့အနားမှာ နေ့ညမဟူ ပြုစုနေတဲ့ မခင်ကြီးကတော့ မျက်နှာပေါ်က စိုးရိမ်စိတ်ကို မဖုံးကွယ်နိုင်ရှာပါ။........။


............။ (ကိုဗဟိန်းက ရောဂါသည်းထန်နေလျက်မှ ပါတီအလုပ်များကို ဇွတ်လုပ်နေသဖြင့်) မခင်ကြီးက ကလေးဆိုးကြီးလို ပြောမရတဲ့ သူ့ယောက်ျားအလစ်မှာ သခင်သန်းထွန်းနဲ့ ကိုသိန်းဖေတို့ကို သွားသွားတိုင်တယ်။ အဲဒါလည်း ကိုဗဟိန်းက မမှု၊ လုပ်မြဲလုပ်နေတာပဲ။...........။) 


(....ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ စာ ၁၁၂........။ (ကိုဗဟိန်းသည် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေရင်း ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။) ကိုဗဟိန်း ကွယ်လွန်သောအခါ သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာ ဖြစ်သည်။.........)




(အပိုင်း ၄ - ပဲခူးရိုးမ) 


(မခင်ကြီးသည် ၁၉၄၆ ခုနှစ် အသက် ၂၉ နှစ်အရွယ်တွင် မုဆိုးမဖြစ်ခဲ့ရပါသည်။ စောသက်လင်း)


(..........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၉ - ၉၁.............။ ၁၉၅၂ ခုနှစ် တောတွင်း ပျဉ်းမနားအနောက် တောင်ညိုဒေသ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဌာနချုပ် ရွှေဝါစခန်းရောက်တော့ မခင်ကြီးနှင့် ပြန်တွေ့ရပြန်ပါတယ်။ မခင်ကြီးဟာ သခင်သန်းမြိုင်နဲ့ အိမ်ထောင်ကျနေပါပြီ။ သခင်သန်းမြိုင်ဟာ ၁၉၄၆ ခုနှစ်အကုန်လောက်မှာ သူတို့ပါတီဌာနချုပ်က အမျိုးသမီးကေဒါ မကြည်ညွန့်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်လောက်မှာ သူတို့လင်မယား ကွဲသွားကြတော့ တစ်ခုလတ်ဖြစ်သွားပါတယ်။ သခင်သန်းမြိုင်နဲ့ မခင်ကြီးတို့ကို သခင်သန်းထွန်း၊ သခင်သိန်းတင်၊ ဆရာချစ်တို့က ကမကထလုပ်ပြီး ပေးစားလိုက်ကြတယ်လို့ သိရပါတယ်။ ပထမ မခင်ကြီးက လက်မခံဘူး၊ နောက်မှ လူကြီးတွေကို အားနာပါးနာနဲ့ လက်ခံလိုက်တာတဲ့။


မခင်ကြီးကို အကဲခတ်ရတာ သူ့ယောက်ျား သခင်သန်းမြိုင်ကို သံယောဇဉ်ရှိပုံမရပါ။ နေ့လယ်နေ့ခင်း ကျွန်မတို့နဲ့ စကားလက်ဆုံကျရင် ကွယ်လွန်သူ သူ့ယောက်ျားဟောင်း ကိုဗဟိန်းအကြောင်းကိုပဲ အမှတ်တရ ပြောလေ့ရှိပါတယ်။..............။ သူ့ယောက်ျား သခင်သန်းမြိုင်ကို ရှေ့ထားပြီး ပြောနေတာကြောင့်  သူ့အစား သခင်သန်းမြိုင်ကို အားနာလှပါတယ်။......)


(.......သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ - ဒုတိယတွဲ၊ စာ ၆၅၇ - ၆၅၈............။ ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် သခင်သန်းမြိုင်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော သခင်ပု၊ ဗိုလ်ဇေယျတို့ ခေါင်းဆောင်သော အဖွဲ့သည်လည်း ဗမာပြည်မြောက်ပိုင်း မြစ်ကြီးနားနှင့် ဗန်းမော်ကြား ကချင်အမျိုးသားဒေသမှ နယ်စပ်ကိုဖြတ်ကျော်၍ တရုပ်ပြည်အတွင်းသို့ အထူးလျှို့ဝှက်စွာပင် ထွက်ခွာခဲ့ကြ၏။.........။


။.............။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဝေးရောက် ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သော သခင်သန်းမြိုင်ကလည်း တရုပ်အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်အတွက် တရုပ်ကွန်မြူနစ်ပါတီနှင့် လျှို့ဝှက်စွာပင် အစီအစဉ်ပြုလုပ်လေသည်။


သခင်သန်းမြိုင်နှင့် အိမ်ထောင်ပြုခွင့်ရသည့် တရုပ်အမျိုးသမီးမှာ ရှဲ့ကျွယ်ဆိုက် ဆိုသူဖြစ်၏။ ရှဲ့ကျွယ်ဆိုက်သည် တရုတ်ပြည်သူ့အစိုးရ ဇီချွမ်ပြည်နယ် ချင်တူးမြို့ရှိ ပြည်နယ်ယဉ်ကျေးမှုဌာနမှ အကနည်းပြ ဆရာမကလေးဖြစ်၏။ တရုပ်ပြည်ကွန်မြူနစ်ပါတီမှ လေ့ကျင့်ထားသည် ကေဒါတဦးဖြစ်သည်။


ထို့ကြောင့် တရုပ်ပြည်ကွန်မြူနစ်ပါတီသည် သခင်သန်းမြိုင် (၀မ်ကျန်း) နှင့် ရှဲ့ကျွယ်ဆိုက် တို့အား အထူးတည်ခင်း ကျွေးမွေးသော ဟိုတယ်ကြီးတွင်ပင် စီစဉ်၍ လက်ထပ်မင်္ဂလာပွဲကြီးကို တခမ်းတနားပင် ကျင်းပပေးလေသည်။ မှတ်ချက်....သခင်သန်းမြိုင်၏ ဇနီးဖြစ်သော တရုပ်အမျိုးသမီး အကနည်းပြ ဆရာမကလေး ရှဲ့ကျွယ်ဆိုက်သည် ၁၉၆၄ ခုနှစ်ဦးတွင် ဗမာပြည်သို့လာသော တရုပ်ယဉ်ကျေးမှုအဖွဲ့နှင့် အတူ လိုက်ပါခဲ့ပါသည်။.........................)




(အပိုင်း ၅ - ခြေရာခံမိသမျှ မခင်ကြီး၏ နောက်ဆုံးပုံရိပ်)

(၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့ထုတ် ဗိုလ်တထောင် သတင်းစာ ပွင့်ပွင့်လင်းလင်းပြောပါရစေတွင် ဦးသိန်းဖေမြင့် ရေးသားခဲ့သည့် မခင်ကြီး၏ သတင်းသည် ကျွန်တော် ခြေရာခံမိသမျှတွင် နောက်ဆုံးဖြစ်ပါသည်။ သခင်တင်မြနှင့် တွေ့ဆုံခြင်း စာအုပ်အရ၊ ဗိုလ်ချုပ်နေ၀င်းက ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်သည့်အချိန်တွင် သခင်သန်းမြိုင်သည် ရုရှနိုင်ငံ မော်စကိုမြို့တွင် ရှိနေပါသည်။ ထိုအချိန် ၁၉၆၃ ခုနှစ်တွင် မခင်ကြီးသည် ရန်ကုန် (သို့) ထောင်ထဲတွင် ရှိနေမည်ဟု ယူဆရပါသည်။ သခင်သန်းမြိုင်သည် ၁၉၅၃ ခုနှစ်တွင် မြန်မာပြည်မှ ထွက်ခွာသွားသဖြင့် မခင်ကြီးနှင့် ပေါင်းသင်းခဲ့သည်မှာ နှစ်အနည်းငယ်သာ ဖြစ်လိမ့်မည်ဟု မှန်းဆနိုင်ပါသည်။ နောက်ပိုင်း သူတို့နှစ်ယောက် ပြန်တွေ့ မတွေ့ကို မသိသေးပါ။ ၁၉၆၄ ခုနှစ်တွင် မခင်ကြီးသည် အသက် ၄၇ နှစ်ခန့် ရှိပါပြီ။ မခင်ကြီး ကွယ်လွန်သည့် နေ့ရက်ကို မတွေ့မိသေးပါ။ စောသက်လင်း)


(......သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်စာ ၁၂၇ - ၁၃၀။...........။ မြင်းပြိုင်ကွင်းကြီးထဲ ခဏတဖြုတ် ၀င်ကြည့်ပြီးတဲ့နောက် ခင်ကြည်ကြည်က မြင်းပြိုင်ကွင်းနားမှာ နေကြတဲ့ သူ့ရဲဘော်မဟောင်းကြီးများဖြစ်ကြသူ မခင်ကြီးနှင့် မခင်ရီတို့ထံ သွားချင်တယ်ဆိုလို့ သွားကြတယ်ဗျ။


မခင်ကြီးဟာ ကွယ်လွန်သူ ရဲဘော်သခင်ဗဟိန်းရဲ့ ဇနီးဖြစ်တယ်။ နောက်အိမ်ထောင်ကျသော်လည်း ကွန်မြူနစ်ပေါလစ်ဗြူရိုလူကြီး သခင်သန်းမြိုင်က နိုင်ငံခြားရောက်နေတယ်။ မခင်ရီကတော့ ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သူ သခင်တင်ဖေရဲ့ ဇနီးဖြစ်တယ်။ နှစ်ယောက်စလုံး တောခိုနေရာမှ အဖမ်းခံခဲ့ကြရပြီး ထောင်က လွတ်လာတဲ့အတွက် ရန်ကုန်မြို့ မြင်းပြိုင်ကွင်းအနီး ၁၆၈ လမ်းမှာ နေနေကြတယ်။


သူတို့ နှစ်ယောက်စလုံးဟာ တစ်ခါတုန်းက ကျွန်တော့်ဇနီးနှင့်အတူ ကွန်မြူနစ်မကြီးတွေ ဖြစ်ခဲ့တယ်။ သူတို့ နှစ်ယောက်ကတော့ တောခိုသွားကြသည်အထိ နိုင်ငံရေးလုပ်ခဲ့ကြတယ်။ ခုတော့ ဘာနိုင်ငံရေးမျှ မလုပ်တော့ဘဲ အေးအေးဆေးဆေး အသက်မွေးဝမ်းကျောင်းမှုပြုနေကြတယ်။


သူတို့နေထိုင်ကြတဲ့လမ်းဟာ တကယ့်မြန်မာဆင်းရဲသား ရပ်ကွက်တစ်ခုဖြစ်တယ်။ ညပ်ညပ်သပ်သပ် ဆင်းဆင်းရဲရဲနေကြရတဲ့ လုပ်သားပြည်သူတွေကို တွေ့မြင်ရတယ်ဗျ။


မခင်ကြီးတို့ မခင်ရီတို့တတွေဟာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်လုပ်နေကြတယ်ဆိုတာ ကြားကတည်းက ချီးကျူးနေတာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်ဖြစ်ပြီး တောမှပြန်လာသူ၊ သို့မဟုတ် ထောင်မှလွတ်လာသူ အများအပြားနှင့် အခြားနိုင်ငံရေးသမားဟောင်း များစွာဟာ ဘ၀င်က တော်တော်နှင့် မကျကြဘဲ မြေကြီးထဲဆင်း အလုပ်မလုပ်ချင်ကြဘူး။ ယခင်နိုင်ငံရေးအစိုးရခေတ်ဆီတုန်းက တောပြန်ထောင်ထွက် ကွန်မြူနစ်အချို့ဟာ အရင်းရှင်အဖြစ် ခံယူရန် ကုမ္ပဏီထောင်သူထောင်၊ လိုင်စင်ပွဲစား လုပ်သူလုပ်၊ အသေးစား မှောင်ခိုဈေးသည် လုပ်သူလုပ်၊ ဖြစ်ကုန်ကြတယ်။


အချို့လည်း ဖြစ်သလို အလုပ်လုပ်စားဖို့ထက် အပေါင်းအသင်းနှင့် ဆွေမျိုးသားချင်းများထံမှ တောင်းရမ်းစားနေတတ်ကြတယ်။


မခင်ကြီးနှင့် မခင်ရီတို့ကတော့ သူတို့နှင့် လုံးဝမတူဘူး။ စစချင်း အပ်ချုပ်စက်ထောင်၊ ကိုယ်တိုင်ချုပ်၊ ကိုယ်တိုင်ရောင်း လုပ်ခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့ လုပ်သားပြည်သူ့ဘ၀ကို ခံယူလိုက်ကြတယ်။ ခုတော့ သူတို့နေတဲ့ ၁၆၈ လမ်း၊ အိမ်အမှတ် ၆၄ ရှေ့မှာ "ခေတ်" အပ်ချုပ်စက်ကျောင်း ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့နေရတယ်။ 


အစကတော့ ကျောင်းဆိုပေမယ့် တော်၏ လျော်၏ လုပ်နေကြတာပဲလို့သာ ထင်ခဲ့တယ်။ သူတို့အိမ်ထဲဝင်၊ သူတို့နှင့်တွေ့ပြီး မေးမြန်းကြည့်တော့မှ တကယ့်အပ်ချုပ်စက်ကျောင်း ဖြစ်နေကြောင်း သဘောပေါက်သွားတယ်။ 


အပ်ချုပ်သည်နှင့် ဆရာမပေါင်းတော့ အပ်ချုပ်စက်ကျောင်း   ။ အိမ်ရှေ့မျက်နှာစာကျဉ်းပြီး နောက်ဘက်သို့ ရှည်ထွက်သွားတဲ့ သူတို့အိမ်ဟာ တစ်ထပ်အိမ် ဓနိမိုးဖြစ်သော်လည်း အတွင်းမှာ သပ်ယပ်သန့်ရှင်းတယ်။ အလင်းရောင်လည်းရှိတယ်။ အိမ်ထဲမှာ အပ်ချုပ်စက် ၁၄လုံးရှိနေတာ တွေ့ရတယ်ဗျ။ တချို့ကို ၀ယ်၊ တချို့ကို ငှားပြီးထားရခြင်းဖြစ်တယ်။ မခင်ကြီး အလုပ်စခါစတုန်းက ကျွန်တော် တစ်ခေါက်ရောက်ဖူးတယ်။ အဲဒီတုန်းက စက် ၃ လုံးလားပဲ တွေ့ခဲ့တယ်။ ခုတော့ ကျောင်းအဖြစ်ဖြင့် ဖွင့်လိုက်တဲ့အတွက် စက်တွေပိုပြီး လိုနေတယ်။ ယခု ကျောင်းသား ၃၀ လောက်သာ လက်ခံနိုင်တယ်။ အပ်ချုပ်စက် ပိုထားနိုင်ရင် ကျောင်းသားပိုပြီး လက်ခံနိုင်မှာတဲ့ဗျ။


တစ်နေ့ ၅ နာရီ သင်တန်းတက်ရပြီး သုံးလကြာမှ အပ်ချုပ်စက်အတတ်ပညာ စာမေးပွဲအောင်နိုင်တယ်။ သင်တန်းပေးရာမှာ သဘောတရားနှင့် လက်တွေ့ ခွဲထားတယ်။


ကျောက်သင်ပုန်းကြီးနှင့် ဂဏာန်းတွေ ရေးထားတာတွေ့လို့ မေးကြည့်လိုက်တော့ အပ်ချုပ်အတတ်ပညာဆိုင်ရာ ဂဏာန်းသင်ပေးရကြောင်း ရှင်းပြကြတယ်ဗျ။ အတိုင်းအထွာများကို ပေတံနှင့် သာမက ကွန်ပါတို့ တြိဂံတို့နှင့်လည်း တိုင်းတတ်အောင် သင်ပေးတယ်။


သူတို့ သင်တန်းများကို အဆင့်တွေလည်း စနစ်တကျခွဲထားသဗျ။ အပ်ချုပ်အတတ်ပညာသင်ကျောင်းအဖြစ် မခင်ကြီးနှင့် မခင်ရီတို့ဟာ ခုလို စနစ်တကျ စီမံနိုင်တာဟာ သူတို့ကိုယ်တိုင်က ဆရာမများဖြစ်ခဲ့ဖူးလို့ပါပဲ။ မခင်ရီက မူလတန်းနှင့် အလယ်တန်းဆရာမ လုပ်ခဲ့ဖူးတယ်။ မခင်ကြီးကတော့ ရန်ကုန်တက္ကသိုလ် ဆရာအတတ်သင်ကောလိပ်မှာ တီတီစီအောင်ခဲ့သူဖြစ်တယ်။ မခင်ကြီးနှင့် စကားပြောနေတုန်း ၁၉၃၉ ခုနှစ်လောက်မှာ သခင်ဗဟိန်း မြေနုလမ်း အိမ်ငှားနေစဉ် မျက်နှာချင်းဆိုင် အိမ်ကြီးပေါ်မှ တီတီစီ ကျောင်းသူ မခင်ကြီးနှင့် သမီးရည်းစားဖြစ်ကြပုံကို ကျွန်တော်ပြေးပြီး သတိရမိတယ်။ 


သူတို့ကျောင်းမှာ ဆရာမ ၃ ယောက်ရှိတယ်ဗျ။ မခင်ကြီး၊ မခင်ရီနှင့် အခြားဆရာမကလေး တစ်ယောက်ဖြစ်တယ်။ ကျောင်းလခရတာတွေထဲမှ ကျောင်းစရိတ်စခနှင့် ဘုံစားသောက်စရိတ်ကို နုတ်ပြီး ကျန်တာ အချိုးကျခွဲဝေယူကြတယ်။ လုပ်သားသမ၀ါယမစနစ် သဘောဖြစ်နေတာတွေ့ရတယ်။


ကျွန်တော်က ကွန်မြူနစ်မကြီးတွေ လုပ်သားပြည်သူ့ဘ၀ ခံယူနေပုံ ဆောင်းပါးရေးဦးမယ်လို့ သူတို့ကို ပြောလိုက်တော့ သိပ်မရေးပါနှင့် အစ်ကိုကြီးရယ်၊ အရင်းရှင်လုပ်ငန်းတွေထင်ပြီး အမြတ်တော်ကြေးတွေများ လာကောက်နေပါဦးမယ်လို့ စိုးရိမ်တကြီး ပြောကြတယ်ဗျ။............။


(သိန်းဖေမြင့်၊ ၁၂ စက်တင်ဘာ ၁၉၆၄၊ ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ဗိုလ်တထောင်သတင်းစာ၊ ၁၂ စက်တင်ဘာ ၁၉၆၄)


ပန်းချီ - နေမျိုးဆေး


(စာရေးဆရာ ဘိုဘိုလန်းစင်  ပြောပြသည့် ဒေါ်ခင်ကြီး၏ သတင်းအချို့အား နောက်ဆက်တွဲအဖြစ် ဖော်ပြအပ်ပါသည်။ ကိုဘိုဘိုအား ကျေးဇူးတင်ပါသည်။ http://bobolansin.wordpress.com/
ဘို Bo    ရွက်နုဝေမှာ ဒေါ်ခင်ကြီးဟိန်းရေးတဲ့ သူ့ဘဝအကြောင်းအခန်းဆက်ပါဘူးတယ်။ ဂျာနယ်ကျော်မမလေးက ပြန်လည်တွေ့ဆုံကြရာဝယ်ဆိုပီး ရှုမဝမှာ အာဏာမသိမ်းခင်လက ရေးဘူးတယ်။ တောထဲမှာ ရိုးရိုး တောတောတို့နဲ့အတူ ဘယ်လိုဒုက္ခရောက်ခဲ့တယ်ဆိုတာတွေ။ သခင်သန်းမြိုင်နဲ့ ထပ်အိမ်ထောင်ပြုတယ်။ သခင်သန်းမြိုင်က တရုတ်ပြည်မှာဆုံး။ 
ဘို Bo    တောထဲမှာ ဒေါ်ခင်တင့်တို့နဲ့အတူ )
* * * * * * * *

မကြာမီ..... ကျွန်တော်ဖတ်ခဲ့ဖူးသည့် မြန်မာဘာသာပြန်ထားသော Irving Stone ၏ စာအုပ်များ။
                 ကျွန်တော်ဖတ်ခဲ့ဖူးသည့် ဆရာကြီး နန်းညွန့်ဆွေ၏ စာအုပ်များနှင့် သူ၏ ဆောင်းပါး "ဆီးပန်းနီဆရာတော်"

* * * * * * * *

1 comment:

Zay Yar Htun said...

ဒီဆိုဒ်ကတကယ့်စာတွေစုံတဲ ဆိုဒ်ပဲ ..
နှစ်သက်တဲ့ စာတွေဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်
သူငယ်ချင်းများကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ် ။
ကျေးဇူးအများကြီးတင်တယ်ဗျာ
ကျန်းမာပါစေ ။

Post a Comment