1.5.11

ဖတ်မိဖတ်ရာ ..... သိန်းဖေမြင့် ၊ မိတ်ဆွေကြီး အဂ္ဂါစနိုး ကွယ်လွန်ရှာပြီ။


(၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ - ၁၈ ရက်နေ့များက ဗိုလ်တထောင် သတင်းစာတွင် (ဆရာကြီး ဦး) သိန်းဖေမြင့် ရေးသားခဲ့သည့် မိတ်ဆွေကြီး အဂ္ဂါစနိုး ကွယ်လွန်ရှာပြီ ဆောင်းပါးအား သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ် စာအုပ်မှ တိုက်ရိုက်ကူးတင်ထားခြင်း ဖြစ်ပါသည်။ စာအုပ်များ၊ ဆောင်းပါးများ၊ ဓါတ်ပုံများ၊ အချက်အလက်များကို ရိုက်ကူးတင်ခွင့်ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် ပန်ကြားအပ်ပါသည်။)

* * * * * * * *




သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်
ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ၊ သိန်းဖေမြင့်
စာအုပ်ဈေး ၊ ပထမအကြိမ် ၊ ၂၀၀၀ ခုနှစ် ဇွန်လ
စာမျက်နှာ ၃၀၁ - ၃၀၈


မိတ်ဆွေကြီး အဂ္ဂါစနိုး ကွယ်လွန်ရှာပြီ။
ဗိုလ်တထောင် သတင်းစာ ၊ ၁၇ - ၁၈ ဖေဖော်ဝါရီ ၁၉၇၂


အင်္ဂါနေ့တုန်းက ဆွစ္စလန်ပြည် ၊ အိုင်ဆင်းမြို့ရှိ သူ့နေအိမ်မှာ အမေရိကန် စာရေးဆရာကြီးနှင့် တရုတ်ရေးရာ ပါရဂူကြီး မစ္စတာ အဂ္ဂါစနိုးဟာ ကွယ်လွန်သွားပြီ တဲ့ဗျာ။

မိတ်ဆွေကြီး စ္စတာ အဂ္ဂါစနိုး ကွယ်လွန်သွားတဲ့အတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြေကွဲဝမ်းနည်း ရပါတယ်။

အဂ္ဂါစနိုးနဲ့ ကျွန်တော် နောက်ဆုံးအဆက်အသွယ် ရတာဟာ ၁၉၅၉ ခုနှစ်လောက်ကပါ။ သူက ကျွန်တော့်ဆီ စာတစ်စောင်ရေးလိုက်ပါတယ်။ နောက်နှစ်ကျတော့ ကျွန်တော် အမေရိကန်ပြည်ထောင်စုကိုသွားလည်ရတယ်။ သူပေးလိုက်တဲ့ လိပ်စာအတိုင်း သူ့ကို တွေ့ရအောင် လိုက်ရှာပါသေးတယ်။ မတွေ့ခဲ့ရပါဘူး။ သူ ဘယ်သွားနေသလဲလို့လည်း မသိရပါဘူး။ အဲဒီတုန်းကစပြီး သူနှင့် ကျွန်တော် အဆက်ပြတ်သွားပါတော့တယ်။သို့သော် ကျွန်တော်ကတော့ တစ်နေ့သူနှင့် ပြန်လည်တွေ့ဆုံရဦးမှာပဲလို့ မျှော်လင့်နေခဲ့ပါတယ်။ ခုတော့ မျှော်လင့်ချက်လုံးလုံး မရှိတော့ဘူးဗျာ။

သူ့ဆီကရတဲ့ နောက်ဆုံးစာထဲမှာ သူ့မှာ သားသမီး ၂ ယောက် ရပြီးပြီဖြစ်တဲ့ အကြောင်း၊ တစ်နေ့မှာ သူရယ်၊ ကျွန်တော်ရယ် အပါအ၀င်ဖြစ်တဲ့ လူကြီးများဟာ ကလေးတွေအတွက်   နေရာ ဖယ်ပေးရတော့မယ်   ဖြစ်ကြောင်း ရေးထားပါတယ်။

သူဟာ ကုမရသော အမျိုးအစားဖြစ်သော ကင်ဆာရောဂါနှင့် ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေကြီးများဖြစ်တဲ့ မော်စီတုန်းနှင့် ချူအင်လိုင်းတို့က သူ့အသက်ကို ကယ်ဖို့ တရုတ်ဆေးဆရာဝန် ၃ ယောက်နှင့် သူနာပြုဆရာမ တစ်ယောက်ကိုတောင် ပို့လိုက်ပါသေးတယ်။ သူ့မိသားစုက တရုတ်ဆေးကုသမှုကို ခွင့်မပြုတော့လို့ နောက်ဆုံး အသက်ကယ်ရန် ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ပါဘူး။ သူဟာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အချင်းချင်း နားလည်ရေးနှင့် သင့်မြတ်ရေးကို တစ်သက်လုံး ကြိုးပမ်းခဲ့တယ်။  သို့သော် သမ္မတ နစ်ဆင် ပီကင်းမြို့ မရောက်မီ လေး ငါး ခြောက်ရက်အလိုမှာ ကွယ်လွန်သွားရှာတယ်ဗျာ။ 

စ္စတာစနိုးကို ကျွန်တော်လူကိုယ်တိုင် စသိတာက ၁၉၄၂ ခုနှစ် အလယ်ပိုင်းလောက်က ဖြစ်ပါတယ်။ သို့သော် သူ့နာမည်ကို ခပ်စောစောကပဲ ကြားဖူးပြီး သူ့သဘောကို ခပ်စောစောကပဲ သိထားပါတယ်။ အခြားသော မြန်မာလူငယ်များနည်းတူ ကျွန်တော်ဟာ ၁၉၃၇ ခုနှစ်က စ္စတာစနိုးရေးတဲ့ "တရုတ်ပြည်ပေါ်မှ ကြယ်နီ" ဆိုသော စာအုပ်ကို ဖတ်ခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်တို့ရဲ့ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးကြီး အကြောင်းကို စ္စတာစနိုးမှ တဆင့် သိခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ပြည်သူ့တော်လှန်ရေးကြီးကို အထင်ကြီးသလို စ္စတာစနိုးကို ကြည်ညိုကြတယ်။ အချို့သော မြန်မာလူငယ်တွေဟာ စ္စတာစနိုးရဲ့ "တရုတ်ပြည်ပေါ်မှ ကြယ်နီ" ကိုဖတ်ပြီး ကွန်မြူနစ် စဖြစ်ကြရပါတယ်။

၁၉၄၂ ခုနှစ် မေလမှာ မြန်မာပြည် တစ်ပြည်လုံး ဖက်ဆစ်ဂျပန်တို့ လက်အောက် ရောက်သွားပြီးနောက် ကျွန်တော်တို့တတွေဟာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ပြည်သူတွေကို စတင်စည်းရုံးကြတယ်။ အချိန်ကျတော့ ထ တော်လှန်ရန် ပြင်ဆင်ကြတယ်။ မဟာမိတ်တွေနဲ့ ဆက်ပြီးပြင်ပအကူအညီ ရယူရန်ဆောင်ရွက်ကြတယ်။ ကျွန်တော် အိန္ဒိယပြည်ရောက်သွားတော့ မဟာမိတ်ဖြစ်ရမည့် အင်္ဂလိပ်အာဏာပိုင်တို့က ကျွန်တော်နှင့်တကွ ကျွန်တော့်ကို လွှတ်လိုက်သော မျိုးချစ်များကို မယုံသင်္ကာဖြစ်ပြီး ကျွန်တော့်ကို အကျယ်ချုပ် ချထားပါတယ်။ အင်္ဂလိပ် အာဏာပိုင်တို့ဟာ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နှင့် ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းများ လုပ်သည်ကိုလည်း မလိုလားကြပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီစတဲ့ အိန္ဒိယပြည်မှာရှိတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေနှင့် ကျွန်တော်တို့ တွေ့ဆုံပူးပေါင်းမည်ကိုလည်း ဟန့်တားထားချင်ပါတယ်။

ဒီအချိန်မှာ စ္စတာအဂ္ဂါစနိုးနှင့် ကျွန်တော် တွေ့ရခြင်း ဖြစ်ပါတယ်။ စ္စတာစနိုးက ဆက်ပေးလို့ ဒေလီမြို့ပေါ်မှာရှိတဲ့ အိန္ဒိယကွန်မြူနစ်ပါတီဝင်အချို့နှင့် ဖက်ဆစ် ဆန့်ကျင်ရေးသမား အချို့ကို တွေ့ရပါတယ်။

အကျယ်ချုပ်နှင့်နေစဉ် ကျွန်တော်ဟာ မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကို စာအုပ်ကလေး တစ်အုပ် အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရန်မြန်မာပြည်သူတွေက တိုက်ပွဲအမျိုးမျိုး ၀င်နေကြစဉ်၊ အင်္ဂလိပ်တွေက ရက်စက်စွာ ဖိနှိပ်သဖြင့် မြန်မာမျိုးချစ်ပုဂ္ဂိုလ် အများအပြား စိတ်နာကြည်းနေစဉ် ဂျပန်ဖက်ဆစ်တွေနှင့် ဖက်ဆစ်သူလျှိုတွေက မြန်မာမျိုးချစ်များကို ၀င်စည်းရုံးပုံ၊ လွတ်လပ်ရေး ချက်ချင်းပေးမည်လို့ ဂျပန်တို့က ကတိပေးပုံ၊ မြန်မာပြည်ကို ဂျပန်များ ၀င်လာတော့ ကတိမတည်ရုံမက ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းပုံ၊ မျိုးချစ်ပုဂ္ဂိုလ်များကို ဖိနှိပ်ချုပ်ချယ်ပုံ၊ မြန်မာပြည်သူတွေနှင့် လူငယ်နိုင်ငံရေးခေါင်းဆောင်များက ခေါင်းငုံ့ခံမနေကြဘဲ ဂျပန်ဖက်ဆစ်ကို ခုခံတော်လှန်ရန် တာစူနေကြပုံ စသည်တို့ကို ရေးထားပြီး What Happened In Burma လို့ အမည်ပေးလိုက်ပါတယ်။

ဒီစာအုပ်ကို အင်္ဂလိပ်အာဏာပိုင်တွေက ချက်ချင်းထုတ်ဝေခွင့် မပေးဘဲ စစ်ဆေးကြည့်ရှုနေကြတယ်။ ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်ကိုယ်တိုင်ဖတ်ပြီး စစ်ဆေးနေတယ်။

အဲဒီစာအုပ် ကော်ပီတစ်ခုကို ကျွန်တော်က စ္စတာစနိုးကို ပေးလိုက်တယ်။ သူက ပုံနှိပ်ထုတ်ဝေသူ Kitabistan, Allahabad ရှာပေးရုံမက ကိုယ်တိုင်နိဒါန်းရေးပေးပါတယ်။ စ္စတာစနိုးဟာ ဒီစာအုပ်ကို ကော်ပီပွားပြီး ကော်ပီတစ်ခုကို သူတို့ သမ္မတကြီး ရူးစ်ဘဲလ်ထ်ထံ ပို့လိုက်ပါသေးတယ်။

စစ်အတွင်းက ကျွန်တော်ဟာ အင်္ဂလိပ်ဘာသာနှင့်ရေးတဲ့ စာရေးဆရာ၊ သတင်းစာဆရာ တော်တော်များများနှင့် တွေ့ရပါတယ်။ စ္စတာစနိုးနှင့် ခင်မင်ရင်းနှီးသလောက် ခင်မင်ရင်းနှီးရသူ အခြားနှစ်ယောက်ကတော့ စ္စတာဝီးလ်ဖရက်ဘားချက်နှင့် အဇ္ဇရေးအက်ပ်စတိန်တို့  ဖြစ်ပါတယ်။ ဘားချက်ဟာ သြစတြေလီးယားနိုင်ငံသား ဖြစ်ပါတယ်။ အစကနဦးက သြစတြေလီးယား ကွန်မြူနစ်ပါတီဝင်ဖြစ်သော်လည်း ဆိုဗီယက် - ဂျာမန်စစ်နှင့် ပတ်သက်ပြီး ပါတီနှင့် သဘောကွဲလို့ ထုတ်ပယ်ခြင်းခံခဲ့ရဖူးသူဖြစ်တယ်။ ယခုတော့ သူဟာ ဗီယက်နမ်စစ်နှင့် အင်ဒိုချိုင်းနား  ပြဿနာများနှင့် ပတ်သက်ပြီး သူ့အရေးအသားများကြောင့်လည်းကောင်း၊ ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင်များနှင့် ရင်းနှီးသောကြောင့်လည်းကောင်း များစွာထင်ရှားနေပါတယ်။ ၁၉၆၂ ခုနှစ်က သူနှင့် ကျွန်တော် မော်စကိုမှာ ပြန်တွေ့ကြသေးတယ်။ သည့်နောက် အဆက်အသွယ် ပြတ်နေပါတယ်။ 

ဇ္ဇရေးအက်ပ်စတိန်ဟာလည်း အဂ္ဂါစနိုးလိုပဲ ထင်ရှားတဲ့ စာရေးဆရာ၊ သတင်းစာဆရာနှင့် တရုတ်ရေးရာ ပါရဂူ တစ်ဦးဖြစ်ပါတယ်။ စစ်အတွင်းက သူနှင့် ကျွန်တော် ချုံကင်းမြို့မှာ တွေ့ကြရတယ်။ အိန္ဒိယပြည် ကွန်မြူနစ်ပါတီက မိတ်ဆက်ပေးလိုက်ပါတယ်။ သူဟာ ချုံကင်းမြို့ရှိ ချူအင်လိုင်းရဲ့ ဌာနချုပ်နှင့် နိုင်ငံခြား မိတ်ဆွေများကို အဆက်အသွယ် လုပ်ပေးရသူဖြစ်ပါတယ်။ သူက ဆက်ပေးလို့ ကျွန်တော်ဟာ ချူအင်လိုင်း ဌာနချုပ်မှ ရဲဘော်များနှင့်လည်းကောင်း၊ ချူအင်လိုင်း ကိုယ်တိုင်နှင့်လည်းကောင်း တွေ့ရခြင်းဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်တဲ့အခါ သူဟာ အမေရိကန်ပြည်ထောင်စုကို မပြန်တော့ပဲ ပီကင်းမှာ ဆက်နေတယ်။ နိုင်ငံခြားဘာသာနှင့် ထုတ်ဝေရေးဌာနမှာ အလုပ်လုပ်နေတယ်။ ပီကင်းမှာ သူနှင့်ကျွန်တော် နှစ်ကြိမ်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး အတွင်းကတော့ အက်ပ်စတိန်တစ်ယောက် အရေးယူခံရတယ်လို့ ကြားရပါတယ်။ ခု သူ့အခြေအနေ ဘယ်လိုလဲလို့ မသိရပါဘူး။ အဂ္ဂါစနိုး၊ ဇ္ဇရေးအက်ပ်စတိန်၊ ၀ီးလ်ဖရက်ဘားချက်တို့ဟာ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ် စသော နိုင်ငံများရဲ့ လွတ်မြောက်ရေးအတွက် အများကြီး အကျိုးပြုခဲ့သူတွေဖြစ်တယ်။ အဖိနှိပ်ခံ အာရှပြည်သူတွေဘက်မှနေတဲ့ သက်သေကောင်းများ ဖြစ်ရုံမက   ရှေ့နေကောင်းများလည်း ဖြစ်ပါတယ် 

(စကားချပ် - သက်သေကောင်းများ ဖြစ်ရုံမက ရှေ့နေကောင်းများလည်း ဖြစ်ပါတယ်။ ဤစကားစုနှင့် ပတ်သက်၍ ဆရာဦးအောင်သင်း ရေးသားခဲ့သည့် သူတို့နှင့်ကျွန်တော် စာအုပ် စာမျက်နှာ ၁၂၄ တွင် အကျယ်တ၀င့် ရေးသားထားပါသည်။ ဦးသိန်းဖေမြင့် ရုပ်လွှာကို ဆရာ ဦးအောင်သင်း ရေးသားခဲ့သည်မှာ လွမ်းဆွတ်ဖွယ်ရာ ဖြစ်ပါသည်။ သူတို့နှင့်ကျွန်တော် စာအုပ်ကို E Book အနေဖြင့် အင်တာနက်တွင် ဒေါင်းနိုင်ပါသည်။ ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်အဖြစ် ညွန်းလိုပါသည်။ http://myanmarbooksandnovels.files.wordpress.com/2010/06/aungthinthu_tot_nae_kyontaw.pdf   စောသက်လင်း။) 

အဂ္ဂါစနိုးဟာ မျက်စိနှင့် နားကို ကောင်းကောင်းဖွင့်ထားပြီး တရားမျှတစွာနှင့် ရိုးသားစွာ မြင်သမျှ ကြားသမျှကို ကောင်းကောင်းရေးသူဖြစ်တယ်။ သူက ကျွန်တော့စာအုပ်အတွက်ရေးတဲ့ နိဒါန်းမှာ သည်လို ဆိုထားတယ်။

"သိန်းဖေကဲ့သို့သော မျိုးချစ်မြန်မာများမှာ ကျွနုပ်တို့ကို ပြောစရာအများကြီးရှိသည်။ တစ်ရက်စာ လက်တွေ့အလုပ်သည် တစ်နှစ်စာ သဘောတရားနှင့် တန်ဖိုးညီမျှသည်။ ရုပ်ပုံတစ်ခုသည် စကားလုံး တစ်သောင်းနှင့် တန်ဖိုးညီမျှသကဲ့သို့တည်း။ မြန်မာတစ်ယောက်က ဂျပန်နှင့် ၄င်းတို့ အောင်နိုင်မှုအကြောင်း  ပြောသောအခါ သူ၏ ကိုယ်တိုင်အတွေ့အကြုံမှ ပြောခြင်းဖြစ်သည်။ ကံအားလျော်စွာ ထိုအတွေ့အကြုံကို ကျွနုပ်တို့ ကိုယ်တိုင် မခံစားရသေးချေ။"

ဒါဟာ အဂ္ဂါစနိုးရဲ့ အခြေခံ အတွေးအခေါ်ဖြစ်တယ်။ သူ့လုပ်ရပ်များမှာ ချွတ်ယွင်းချက်များရှိရင် ထိုအတွေးအခေါ်ကြောင့်ဖြစ်ပြီး သူ့လုပ်ရပ်များမှာ အောင်မြင်မှုများရှိရင် ထိုအတွေးအခေါ်ကြောင့်ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် နှစ်ဦးက အဂ္ဂါစနိုး မြန်မာပြည်ကို ရောက်လာပါတယ်။ လွတ်လပ်ရေး ရပြီးစနှင့် ကွန်မြူနစ်ပါတီ တောမခိုမီကြားမှာ ဖြစ်ပါတယ်။ သူ ကျွန်တော့အိမ်မှာ ၄ - ၅ ရက် တည်းခိုသွားပါတယ်။ 

စ္စတာစနိုးဟာ စစ်အတွင်းက (၁၉၄၂ - ၄၆) စစ်သတင်းထောက်အဖြစ်နှင့် တစ်ကမ္ဘာလုံးအနှံ့ လှည့်လည်ခဲ့တယ်။ ခုတစ်ခေါက် စစ်အပြီး ခရီးလှည့်ရင်း မြန်မာပြည်ကို ရောက်လာခြင်းဖြစ်တယ်။ စနိုးဟာ သူ့ဝါသနာ သူ့အလေ့အထအတိုင်း မြန်မာပြည်မှာ စေ့စေ့စပ်စပ်လေ့လာသွားတယ်။ အစိုးရပိုင်းက လူတွေနှင့် တွေ့သလို ပြည်သူတွေဆီကိုလည်း ရောက်အောင်သွားတယ်။ အလုပ်သမားတွေရဲ့ အခြေအနေကို လေ့လာချင်တယ်ဆိုတာနှင့် ဗိုလ်တထောင်ဘက်က အလုပ်သမားရပ်ကွက်များနှင့် အလုပ်ရုံ စက်ရုံများကို ကျွန်တော်ပို့ပေးလိုက်တယ်။ သူဟာ အလုပ်သမားခေါင်းဆောင်များက ပြောပြတာကို နားထောင်ရုံနှင့် အားမရဘူး။ အလုပ်သမားများနှင့် တိုက်ရိုက်စကားပြောတယ်။ လမ်းဘေးမှာ ပြောင်းဖူးဖုတ်ကို ၀ယ်ပြီး အလုပ်သမားတွေနှင့် အတူစားတယ်။ ဒီတော့ သူ့ကို အလုပ်သမားတွေက ရင်းနှီးစွာ ဆက်ဆံကြတယ်။

အိမ်မှာ ကျွန်တော်တို့က အုန်းထမင်း ချက်ကျွေးတယ်။ သူဟာ အုန်းထမင်းကို စားရုံမက ချက်ပုံချက်နည်းကိုလည်း သေသေချာချာမေးတယ်။ ကျွန်တော့ မိန်းမက ပြောပြရတယ်။ မီးဖိုချောင်လည်း သူဝင်ကြည့်သေးတယ်။

ဒီလိုစေ့စေ့စပ်စပ် လေ့လာပြီး မြင်သည့်အတိုင်း၊ ကြားသည့်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျွန်ပြုခံ တိုင်းပြည်များနှင့် အဖိနှိပ်ခံ ပြည်သူတို့ကို သက်ညှာထောက်ထားပြီး ရေးတတ်တဲ့အတွက် သူ့စာအုပ်များဟာ အာရှတိုက်မှာ လူကြိုက်များခြင်း ဖြစ်ပေတာပဲလို့ ကျွန်တော် သဘောပေါက်သွားတယ်။ မြန်မာပြည်မှာ စေ့စေ့စပ်စပ် လေ့လာသလို၊ စစ်မြေပြင်များကို စွန့်စွန့်စားစား သွားပြီးလေ့လာသလို၊ ယီနန်ကို ခက်ခက်ခဲခဲသွားပြီး မျက်မြင်ကိုယ်တွေ့ လေ့လာလို့လည်း ၁၉၃၇ ခုနှစ်က တရုတ်ပြည်ပေါ်မှ ကြယ်နီ ဆိုတဲ့ စာအုပ်ကို ရေးနိုင်တာပဲ။ တရုတ်ကွန်မြူနစ်များအကြောင်းကို အမှန်အတိုင်း ကမ္ဘာက သိအောင် ပထမဆုံးအကြိမ် ဆောင်ရွက်ချက်ဖြစ်ရုံသာမက စာရေးသူရဲ့ ရိုးသားဖြူစင်သော နှလုံးသားကို ထင်ရှားစေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီးများက သူ့ကို နောက်ဆုံးနေ့အထိ ယုံကြည်မြတ်နိုး နေကြခြင်းဖြစ်ပါတယ်။

ထိုအချိန်မှာ ကျွန်တော်တို့ဟာ သူ့ရဲ့ စကော့ခ်ျအာ့သ် (မီးလောင်မြေ) ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးကြပြီ။ စတာလင် ငြိမ်းချမ်းရေး ရရမည် ဆိုတဲ့ စာအုပ်အကြောင်းကို ကြားနေကြရပြီ။ ကျွန်တော်တော့ မဖတ်ရသေးဘူး။

စ္စတာစနိုးက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းနှင့် တွေ့ချင်တယ်လို့ပြောပါတယ်။ ထိုအချိန်မှာ ကျွန်တော်ဟာ အနားယူနေရတဲ့ ဗဟိုကော်မတီ လူကြီး တစ်ဦးသာ ဖြစ်နေပါတယ်။ သခင်သန်းထွန်းနှင့် စ္စတာစနိုး တွေ့ဖို့ ကျွန်တော်စီစဉ်တယ်။ သခင်သန်းထွန်းက ပထမတော့ တွေ့မယ်လို့ သဘောတူပါတယ်။ နောက်တော့ ယီးတီးယားတားလုပ်ပြီး အတွေ့မခံပါဘူး။ သူပြတဲ့ အကြောင်းကတော့ အဂ္ဂါစနိုးကို စတာလင်က မကြိုက်ဘူးတဲ့။ အဂ္ဂါစနိုးဟာ အမေရိကန် နယ်ချဲ့ကိုယ်စား ဘော်ဘ်ကန်နိုင်ငံတွေမှာ အမျိုးသားရေးဝါဒ ရှင်သန်ကြီးထွားအောင် မြှောက်ထိုးပင့်ကော် ရေးသားနေသတဲ့။ (သည့်နောက် မကြာပါဘူး။ မာရှယ်တီးတိုး ခေါင်းဆောင်တဲ့ ယူဂိုစလားဗီးယား ကွန်မြူနစ်ပါတီက ကိုမင်းဖောင်ကို အာဏာဖီဆန်ပြီး သီးခြားလွတ်လပ်သော ကွန်မြူနစ်ဝါဒ အလံလွင့်ထူလိုက်ပါတယ်)

ကျွန်တော်ကတော့ ဘော်လ်ကန်အမျိုးသားရေးဝါဒနှင့် ပတ်သက်၍လည်းကောင်း၊ စတာလင် ခေါင်းဆောင်သော ဆိုဗီယက်ယူနီယံနှင့် ပတ်သက်၍လည်းကောင်း စ္စတာစနိုး ရေးသားချက်များဟာ မှန်တယ် မှားတယ်လို့ မဆုံးဖြတ်နိုင်ပါဘူး။ ကောင်းကောင်း နားမလည်ပါဘူး။ စနိုးလိုလည်း လေ့လာနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ သို့သော် ကျွန်တော်ဟာ စနိုးကို ကျွန်တော်တို့ မြန်မာပြည်သူတွေနှင့်တကွ အာရှတိုက်သားတို့ရဲ့ ရိုးသားသောမိတ်ဆွေ၊ ကျွန်တော်တို့ လွတ်လပ်ရေးအတွက် ရှေ့နေအဖြစ်ဖြင့် ယုံကြည်ပါတယ်။ ဒါကြောင့် စနိုးကို ဧည့်ဝတ်ကျေအောင်ပြုစုတယ်။ သူလေ့လာနိုင်အောင် လိုအပ်တဲ့ အကူအညီကို ပေးတယ်။ ပြီးတော့ ကျွန်တော့ ယုံကြည်ချက်က သည်လိုရှိပါတယ်။ ကျွန်တော်ဟာ စတာလင်ကို အလွန်ကြည်ညိုပါတယ်။ သို့သော် စတာလင်မကြိုက်သူဟာ ကျွန်တော့မိတ်ဆွေဖြစ်နေရင် မတတ်နိုင်ဘူး။ စတာလင် မကြိုက်တာနဲ့ ကျွန်တော့ မိတ်ဆွေကို မစွန့်လွှတ်နိုင်ဘူး။

အဂ္ဂါစနိုးဟာ ကမ္ဘာသူ ကမ္ဘာသားတို့ ဖက်ဆစ်အန္တရာယ်ကို နားလည်သဘောပေါက်ရန် အစောကြီးကပဲ တပ်လှန့်နှိုးဆော်နေသူဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့နှင့် တိုက်ရိုက်ပတ်သက်နေခဲ့တဲ့ စစ်ဝါဒီ ဂျပန်ဖက်ဆစ်များကို ဖော်ထုတ်တိုက်ခိုက်ရာမှာ ရှေ့တန်းက ပါဝင်ခဲ့တယ်။ သူဟာ အိန္ဒိယ၊ မြန်မာ၊ တရုတ်ပြည်စတဲ့ လက်အောက်ခံ နိုင်ငံတို့ဘက်မှနေပြီး နယ်ချဲ့စနစ် အမျိုးမျိုးကို သူ့ကလောင်နှင့် ထိထိမိမိ ထိုးနှက်ခဲ့ပါတယ်။ ဘုံရန်သူဖက်ဆစ်စနစ်ကို အောင်မြင်စွာတိုက်ခိုက်ချေမှုန်းနိုင်ရန် ဗြိတိသျှနယ်ချဲ့တို့ဟာ ကိုလိုနီဝါဒကို စွန့်လွှတ်ရမယ်။ အိန္ဒိယပြည်၊ မြန်မာပြည် စသည်တို့ကို လွတ်လပ်ရေး ပေးပြီး ဖက်ဆစ် ဆန့်ကျင်ရေးအတွက် ပြည်သူတို့ကို သိမ်းသွင်းခေါ်ဆောင်ရမယ် စသည်ဖြင့် ဆော်သြခဲ့တယ်။ သူဟာ ပဒေသရာဇ် ကွန်ပရာဒို လူတန်းစားများကို ကိုယ်စားပြုတဲ့ တရုတ် ကူမင်တန် အစိုးရဟာ ပြည်သူ့ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေး ဖောက်ပြန်သော လုပ်ရပ်များဖြင့် ဘုံရန်သူ ဖက်ဆစ်တို့ကို အားပေးအားမြှောက်လုပ်ရာ ရောက်နေကြောင်း တင်ပြခဲ့တယ်။

အဂ္ဂါစနိုးဟာ စာရေးဆရာ၊ သတင်းစာဆရာသာ ဖြစ်ပါတယ်။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ သို့သော် သူ့နိုင်ငံပြည်ပမှာ ကွန်မြူနစ်ပါတီနှင့် အခြားလက်ဝဲအင်အားစုတို့ရဲ့ မိတ်ဆွေအဖြစ်ဖြင့် ကူညီဆောင်ရွက်တာတွေ ရှိပါတယ်။ သူ့နိုင်ငံမှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခြင်း မပြုသလောက်ဖြစ်ပါတယ်။ ကျွန်တော်သိသလောက် သမ္မတရွေးကောက်ပွဲ လှုပ်ရှားမှုမှာ တစ်ခါပဲ တက်တက်ကြွကြွ ပါဝင်ဖူးပါတယ်။ စစ်အပြီး သမ္မတရွေးကောက်ပွဲမှာ လစ်ဘရယ်သမ္မတလောင်း စ္စတာဝါးလေ့စ်ဖြစ်ရအောင် စ္စတာစနိုး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

အထက်တစ်နေရာမှာ ဖော်ပြခဲ့တဲ့အတိုင်း ၁၉၅၉ ခုနှစ်လောက်က သူ့ထံမှ နောက်ဆုံးစာ ရခဲ့တယ်။ နောက်နှစ် အမေရိကန်ပြည်ထောင်စုကို ကျွန်တော်ရောက်တော့ သူပေးထားတဲ့လိပ်စာအတိုင်း လိုက်ရှာတယ်။ မတွေ့ခဲ့ရဘူး။ သူဘယ်သွားသလဲဆိုတာလည်း မသိရဘူး။ တွဲဖက်အယ်ဒီတာအဖြစ်ဖြင့် သူဆောင်ရွက်ခဲ့ဖူးပြီး မကြာခဏ သူ့ဆောင်းပါးများကို ထုတ်ဝေခဲ့တဲ့ ဆတ်တာဒေး အီဗီနင်းပို့စ် ဂျာနယ်ကို လှမ်းမေးတော့လည်း ဘာမျှ ရေရေလည်လည် မသိခဲ့ရပါဘူး။

ခုမှ သိရတော့တယ်။ သူဟာ ၁၉၆၀ ခုနှစ်ကစပြီး သူ့မိခင်နိုင်ငံမှ နေပြီး ဆွစ်ဇာလန်ပြည် ဂျီနီဗာ ရေအိုင်ကမ်းခြေပေါ်ရှိ အိုင်ဆင်မြို့ကလေးကို ပြောင်းရွှေ့နေထိုင်တယ်။ အဲဒီနှစ်မှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားသေးတယ်။ ၁၉၆၅ ခုနှစ်ကျတော့ တစ်ကြိမ်ထပ်သွားပြန်တယ်။ ၁၉၇၀ - ၇၁ ခုနှစ်ကျတော့ နောက်ဆုံးအကြိမ်သွားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၅လ ကျော်ကျော် ၆လမျှ နေခဲ့တယ်။ ဥက္ကဋ္ဌကြီး မော်စီတုန်းနှင့် ၅ နာရီကြာအောင် တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် စ္စတာစနိုးဟာ ကမ္ဘာကို "သမ္မတနစ်ကဆင် တရုတ်ပြည်ကို လာမည်ဆိုလျှင် မော်စီတုန်းက ကြိုဆိုမည်ဖြစ်ကြောင်း" ကြေညာခဲ့ပါတယ်။

၁၉၅၉ ခုနှစ်လောက်က ကျွန်တော့ဆီ ရေးလိုင်တဲ့ စာထဲမှာ သူ့မှာ သားသမီး နှစ်ယောက်ရှိကြောင်း ဖော်ပြခဲ့တယ်။ ခုမှ သိရတာကတော့ သား ခရစ္စတိုဖာက ၁၈ နှစ်၊ သမီး ဆိယင်က ၂၀ ရှိနေပြီ။

သူက တို့လူကြီးတွေဟာ တစ်နေ့ကျရင် လူငယ်တွေအတွက် နေရာဖယ်ပေးကြရတော့မယ်လို့ ဆိုခဲ့တယ်။ သူဟာ အသက် ၆၆ နှစ်မှာ လူငယ်တွေအတွက် နေရာဖယ်ပေးသွားတယ်။ သူဟာ ဥရောပတိုက်သားအဖြစ်ဖြင့် ကွယ်လွန်သွားတယ်။

၁၉၆၀ ခုနှစ်တုန်းက အမေရကန်ပြည်ထောင်စုမှ ဆွစ်ဇာလန်ကို ပြောင်းသွားတော့ အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်သွားသလား၊ မစွန့်ဘူးလား ကျွန်တော် မသိဘူး။ တရုတ်ပြည်ကို နောက်ဆုံး ၃ ခေါက်သွားတော့ ဆွစ်ဇာလန် နိုင်ငံကူးလက်မှတ်နှင့်လား၊ ဘာနှင့်လဲ ကျွန်တော်မသိဘူး။ သို့သော် အရေးမကြီးပါဘူးဗျာ။ ကျွန်တော်သူ့ကို မှတ်မိနေမှာကတော့ ကမ္ဘာသားတစ်ယောက်အနေ၊ ကျွန်တော့မိတ်ဆွေတစ်ယောက်အနေ၊ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မိတ်ဆွေတစ်ယောက်အနေနှင့် ဖြစ်ကြောင်းပါဗျာ။


သိန်းဖေမြင့်
၁၇ ဖေဖော်ဝါရီ ၁၉၇၂
ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ဗိုလ်တထောင်သတင်းစာ
၁၇ - ၁၈ ဖေဖော်ဝါရီ ၁၉၇၂

* * * * * * * *


Edgar Snow (17 July 1905 in Kansas City, Missouri – 15 February 1972 in Geneva) Photo - Google Images



Snow and Mao Zedong in 1936 (Photo - Google Images)

* * * * * * * *

မြန်မာဘာသာသို့ပြန်ဆိုထားသည့် Edger Snow ၏ စာအုပ်များထဲမှ စာအုပ်နှစ်အုပ်ကိုသာ ကျွန်တော် ဖတ်ဖူးပါသည်။ သူ၏ အခြားစာအုပ်များကိုလည်း မြန်မာဘာသာသို့ပြန်ဆိုထားကြသည်။ ကျွန်တော် အမှတ်မမှားလျှင် ဆရာမြသန်းတင့် ပြန်ထားသည့် မီးလောင်မြေ နှင့် တောင်များ၏ တောင်ဘက်မှ ပင်လယ်များ၏ မြောက်ဘက်သို့ စာအုပ်များသည် Edger Snow၏ စာအုပ်များဖြစ်သည်။ (မှားနိုင်ပါသည်။ ရည်ညွန်းစာအုပ်များ ကျွန်တော် လက်လှမ်းမမီ ဖြစ်နေသည်။)

Red Star over China , 1936

ဆရာတင်ထွေးမှ  တရုတ်ပြည်ပေါ်မှ ကြယ်နီ အမည်ဖြင့် ဘာသာပြန်ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်အတွင်းက Edger Snow သည် တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ လိုက်ပါချီတက်ရင်း သူသိမြင် ခံစား နားလည်ခဲ့သည့် မော်စီတုန်း နှင့် အခြား တရုတ်ကွန်မြူနစ် ထိပ်တန်း ခေါင်းဆောင်များအကြောင်း၊ တရုတ်တော်လှန်ရေးအကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်သည်။ ဤစာအုပ်ကြောင့် တရုတ်ပြည် တော်လှန်ရေးအကြောင်း ကမ္ဘာက သိရှိသွားခဲ့သလို မြန်မာများလည်း သိရှိခဲ့ကြသည်။ တစ်ချိန်တုန်းကတော့ ကိုးကွယ်မှုကျမ်းစာသဖွယ် ဖတ်ခဲ့ကြမည့် စာအုပ်ဖြစ်မည် ထင်သည်။

Red China Today: The Other Side of the River , 1963

စာရေးဆရာမကြီး လူထုဒေါ်အမာ မှ ဘ၀ချင်း မတူသည့် တရုတ်ပြည် အမည်ဖြင့် ၁၉၆၃ ခုနှစ်ခန့်က ဘာသာပြန်ဆိုခဲ့ပါသည်။ စာအုပ်သည် နှစ်အုပ်တွဲဖြစ်ပြီး အတော်ထူပါသည်။ ၁၉၉၇ ခုနှစ်  ကျောင်းများရက်လရှည်ကြာ ပိတ်ထားချိန်အတွင်း ဖတ်ခဲ့သည့် စာအုပ် ဖြစ်သည်။ ၁၉၆၆ ခုနှစ်ခန့်တွင် စတင်ခဲ့သည် ယဉ်ကျေးမှုတော်လှန်ရေးမတိုင်ခင် Edger Snow သည် တရုတ်ပြည်အတွင်း အနှံ့အပြား ခရီးထွက်ပြီးတွေ့ရှိခဲ့သည့်တရုတ်တို့၏ ခုန်ပျံကျော်လွှား စီမံကိန်းများ၏ အောင်မြင်မှုများအကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်သည်။ လူပေါင်းများစွာကိုတွေ့ဆုံခဲ့ပြီး ရေးသားထားခြင်းဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ချိန်က ကျွန်တော် အကြိုက်ဆုံး အခန်းမှာ တရုတ်ပြည် မြို့ကြီးတစ်မြို့ရှိ စက်မှု တက္ကသိုလ်သို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည့် အခန်းဖြစ်သည်။ (ရှန်ဟိုင်းမြို့ ဖြစ်မည်ထင်သည်)

ယခုချိန်တွင် ဤစာအုပ်များကို တရုတ်ပြည်မှာပင် ဖတ်ရှုသူ ရှိသေးရဲ့လားဟု ကျွန်တော် သိချင်နေသည်။ တရုတ်တို့သည် အမြင့်သို့တက်ရန် ဤစာအုပ်များကိုလှေကားထစ်သဖွယ် နင်းဖြတ်သွားခဲ့ကြမည် ထင်သည်။ တရုတ်ပြည်သည် ပြောင်းလဲသွားခဲ့ပြီ။

ကျွန်တော်သည် တရုတ်ပြည်၏ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း လူများကို ဖိနှပ်ချုပ်ချယ်ခဲ့သည့်အကြောင်း စာအုပ်များကို နည်းနည်းပါးပါး ဖတ်ဖူးသွားသောအခါ၊ သူတို့၏ ယုံကြည်မှုကတခြား လက်တွေ့လုပ်ဆောင်နေသည်ကတခြားကို ခံစားမရဖြစ်လာသောအခါ၊ ကျွန်တော်တို့ နိုင်ငံကို သွေးစုပ်နေသည်ဟု ထင်လာသောအခါ၊ ..........၊  ယခုချိန် ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များစာရင်းမှာ ထိုစာအုပ်များ မပါဝင်တော့ပါ။

စောသက်လင်း 


External Link   -    

http://bobolansin.wordpress.com/2011/04/30/%E1%80%98%E1%80%9D%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%90%E1%80%B0%E1%80%B1%E1%80%90%E1%80%AC%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%90%E1%80%9B%E1%80%AF%E1%80%90/
http://en.wikipedia.org/wiki/Edgar_Snow
http://www.chinadaily.com.cn/china/2006-10/22/content_713979.htm

* * * * * * * *

No comments:

Post a Comment