31.5.11

ဖတ်မိဖတ်ရာ....ဒေါက်တာထင်အောင် ၊ ကျွန်တော် သမန်းကျားဖြစ်ဖို့ အထမမြောက်ခဲ့ရပုံ။


ဒေါက်တာထင်အောင် ၊ ကျွန်တော် သမန်းကျားဖြစ်ဖို့ အထမမြောက်ခဲ့ရပုံ။

အတွေးအမြင် ၊ အမှတ် ၂၃၁ ၊ ၂၀၁၁ ဇွန်လ ။ စာမျက်နှာ ၉၁ မှ ၉၇ အထိ။


ဓါတ်ပုံမူရင်းနေရာ -  ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာစာအုပ်များ၊ မောင်ဇေယျာ ၊ စာမျက်နှာ ၁၃








 (ဓါတ်ပုံများ၊ ဆောင်းပါးများ၊ အချက်အလက်များကို သုံးစွဲခွင့်ပြုပါရန် သက်ဆိုင်သူများအား 
ဤစာဖြင့် ပန်ကြားအပ်ပါသည်။)

 *   *   *   *   *   *   *   *   *   *   *   *   *

25.5.11

သိပ္ပံမောင်ဝ၏ ဘ၀နှင့် စာပေ စာအုပ်မှ သူ၏ ဓါတ်ပုံများ။

ဓါတ်ပုံများ၏ မူရင်းနေရာ

တက္ကသိုလ်စိန်တင် ၊  သိပ္ပံမောင်ဝ၏ ဘ၀ နှင့် စာပေ
အားမာန်သစ်စာပေ ၊ ပထမအကြိမ် ၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ။

(သိပ္ပံမောင်ဝ၏ ဓါတ်ပုံများအား ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။)













































*  *  *  *  *  *  *  *  *  *

24.5.11

ဖတ်မိဖတ်ရာ....သိန်းဖေမြင့်၊ ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်။


မျက်နှာဖုံး ပန်းချီ - စံတိုး
ပန်းချီ - စံတိုး

သိန်းဖေမြင့် ၊ ကျွန်တော်၏ အချစ်ဦး
စာပေဘ၀ ဇာတ်လမ်းစုံ ၁။ ချင်းတွင်းတိုက်၊ ပထမအကြိမ်၊ ၁၉၇၄ ခုနှစ် ဂျူလိုင်လ။
စာမျက်နှာ ၁၅၂ - ၁၅၇ မှ အခန်း ၁ ခန်းအား တိုက်ရိုက် ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။

(ဤအခန်းအပြင် အခြား အခန်း ၃ ၊ ၄ ခန်းကိုလည်း ကူးယူဖော်ပြဦးမည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအား ခွင့်ပြုပါရန် ကြိုတင် ခွင့်တောင်း ပန်ကြားအပ်ပါသည်။)


*   *   *   *   *   *   *   *   *   *   *   *
သိန်းဖေမြင့်

၁၉၂၇ - ၂၈ ခုနှစ်လောက်က ဖြစ်လေသည်။ ကျွန်တော်သည် ဘုတလင် ဆရာဥာဏ်ကျောင်းမှ နေပြီး၊ မုံရွာမြို့ နေရှင်နယ်ကျောင်း (အမျိုးသားကျောင်း) သို့ပြောင်းနေရ၏။ ဗာနက်ကူလာခေါ်  မြန်မာသက်သက် ကျောင်းမှ နေပြီး အင်္ဂလိုဗာနက်ကူလာခေါ် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းသို့ ပြောင်းရခြင်းဖြစ်သည်။ မြန်မာ ၄ တန်းအောင်ပြီး ကတည်းက အင်္ဂလိပ်စာကို အနည်းအကျဉ်း အလွတ်သင်ထားသဖြင့်၊ နေရှင်နယ်ကျောင်းက ကျွန်တော့်ကို စတုတ္တဆင့် (4 th Form) တွင် လက်ခံလေသည်။ (နေရှင်နယ်ကျောင်း တုတ္တဆင့်သည် အခြားကျောင်း ပဉ္စမတန်းနှင့် ညီမျှကြောင်း သတ်မှတ်ထားကြသည်။)...(ကျွန်တော်၏ အချစ်ဦး၊စာမျက်နှာ ၅၉)

(မှတ်ချက်။..။ ဦးသိန်းဖေမြင့်သည် ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်ဖွားဖြစ်သဖြင့် ၁၉၂၇ - ၂၈ ခုနှစ်တွင် သူသည် အသက် ၁၃ နှစ် အရွယ်ဝန်းကျင်ခန့် ဖြစ်သည်။)

ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်

ကျွန်တော်တို့ ကျောင်းနေချိန်တွင် မုံရွာမြို့ ဗုဒ္ဓါဘာသာ အထက်တန်းကျောင်းသည် စန်းပွင့်ချိန်ဖြစ်၏။ စာဘက်မှာ ထူးချွန်ရုံသာမက အားကစားဘက်တွင်လည်း ထူးချွန်နေလေသည်။ မုံရွာဘော်လုံးပြိုင်ပွဲတွင် ကျွန်တော်တို့ ကျောင်းအသင်းက ရှေ့တန်းရောက်နေ၏။ ချင်းစော်ဘွားသား ဟောင်ချင်ပေါ၊ ကမ်ချင်သန်းတို့ ညီအစ်ကိုနှင့်သူတို့ ၀မ်းကွဲအစ်ကို ဟောင်ယာချင်ပေါတို့သည် အထက်တန်းအရောက်တွင် ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခဲ့ကြပြီး ကျောင်းမှာ ရှိရင်းစွဲဖြစ်သော ကိုဖြိုး၊ ကိုအောင်ဖြိုး၊ ကိုနီ စသော နာမည်ကြီး ဘောသမားများကို အားဖြည့်ခဲ့ကြလေ၏။

ထိုအချိန်တွင် ကျွန်တော်တို့ကျောင်းသည် ကျောင်းကပွဲလည်း ကျင်းပရာ ပန်တျာအနုပညာတွင်လည်း ထင်ရှားသွားပြန်လေသည်။ ကျောင်းအပွဲတွင် ပါဝင်သော အစီအစဉ်များအနက် အစီအစဉ် ၃ ခုကိုသာ ကျွန်တော် မှတ်မိတော့၏။

တခုမှာ ကာယ လေ့ကျင့်ခန်း အလှပြဖြစ်၏။ နောက်ခံတေးဂီတနှင့် ပြခြင်းဖြစ်၍ လွန်စွာလှပြီး မြိုင်ဆိုင်သည်။ ယင်းနောက်ခံ တေးဂီတမှာ စစ်တပ်ဘင်တီးဝိုင်းမှ ဂီတသံကို အခြေခံထားခြင်း ဖြစ်သည်။ တင်ဆက်သူမှာ ဦးဂုဏ်ဘန် ဖြစ်လေသည်။

အခြား ဦးဂုဏ်ဘန် မဟုတ်ပါ။ ယနေ့ ကျော်ကြားနေသော မြန်မာပညာရှိ ဦးဂုဏ်ဘန်ပင် ဖြစ်ပါသည်။ ထိုစဉ်က သူသည် ဘီဘီတီစီမှာ စာရေးကြီးလုပ်နေ၏။ သို့သော် သူသည် ၀ါသနာစုံလှသည်။ အင်္ဂလိပ် မြန်မာ တေးဂီတ၊ ဇာတ်၊ ရုပ်သေး၊ စာပေ၊ ခြင်းလုံး၊ ကာယလေ့ကျင့်ခန်း စသည်ဖြင့်။ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသဖြင့် (ထိုစဉ်က မပျောက်ကွယ်သေးသော) ကာလသားခေါင်းသဖွယ် အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်လေသည်။ သူသည် ကျောင်းဆရာ မဟုတ်ပါ။ သူ့အဖေ ဦးသိုင်းသည် ဗုဒ္ဓါဘာသာ အထက်တန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သဖြင့် ဦးဂုဏ်ဘန်သည် ဗုဒ္ဓါဘာသာကျောင်းနှင့် ကျောင်းဆရာ တစ်ဦးသဖွယ် ရင်းနှီးခြင်းဖြစ်ပါ၏။

နောက်အစီအစဉ် တစ်ခုမှာ လူဖြူနှင့် နီဂရိုးတွဲဆိုရသော သီချင်းတစ်ပုဒ်ဖြစ်၏။ ဘာအဓိပ္ပါယ်ရှိသည်ဟု မသိရသည့် တာရာရာဘွန်ဒရီးန်ဟူသော အသံကိုသာ သတိရတော့သည်။ သိန်းတင် (ညိုမြ) က မျက်နှာဖြူလုပ်ပြီး ကျွန်တော်က နီဂရိုးလုပ်ရသည်။ တယောက်က မျက်နှာကို ပေါင်ဒါ ဖွေးနေအောင် လိမ်းရပြီး တယောက်က အိုးမဲ သုတ်ထားရသည်။

ကျွန်တော် မှတ်မိသော တတိယ အစီအစဉ်မှာ အော်ပရာပြဇာတ် အတိုကလေးဖြစ်၏။ ပါဠိနာမည် ပေးထားသော တခုသောပြည်တွင် တယောက်သော ဘုရင် စိုးစံလေ၏။ ထိုဘုရင်သည် ရူးပေါပေါဖြစ်၏။ (ကာမဂုဏ်နှင့် ပတ်သက်ပြီး ဥမ္မတ္တက ဖြစ်နေ၏။) ဘုရင်ရူးကြီးကို ပါဠိဘွဲ့တွေ ပေးထားသော သက်တော်ရှည် နန်းရင်းဝန်ကြီးက ထိန်းကျောင်းနေရ၏။ အချင်းချင်း လွန်စွာကြင်နာသော ဇနီးမောင်နှံတတွဲ (မင်းသားနှင့် မင်းသမီး) ရှိလေရာ ၊ ဘုရင်ရူးကြီးက မင်းသမီးကို အတင်းလုယူလေသည်။ ဘုရင်ရူးကြီးသည် မယားကို လုယူရုံမက မင်းသားကို နှိပ်စက်သေးသည်။

ဘုရင်က ဤသို့ မတရားမှု ပြုသည်ကို နန်းရင်းဝန်က ဖြောင်းဖျတားမြစ်သော်လည်း မရ။ နောက်ဆုံးတွင် ဘုရင်ရူးကြီး ဒုက္ခရောက်ရလေသည်။

သိန်းတင် (ညိုမြ) က ဘုရင်ရူးလုပ်ပြီး ကျွန်တော်က နန်းရင်းဝန်လုပ်ရသည်။ တင်မြဆိုသော ချောင်းဦးသားက မင်းသားအဖြစ်ဖြင့်၎င်း၊ ချစ်ချစ်ဆိုသော မိန်းမရှာတဦးက မင်းသမီး အဖြစ်ဖြင့်၎င်း ကပြကြလေသည်။ (ချစ်ချစ်သည် ယခုခေတ် မိန်းမရှာမျိုး မဟုတ်ပါ။)

ဤပြဇာတ်ကို ကျွန်တော် ရေးခဲ့ပါသည်။ ဇာတ်လမ်းဇာတ်ကွက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖန်တီးထားပြီး ဇာတ်စာ ဇာတ်စကားအချို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးထားသောကြောင့် ကျွန်တော်ရေးသော ပြဇာတ်ဟု ခေါ်လိုက်ရခြင်း ဖြစ်ပါသည်။ သို့သော် အများစုမှာ သူများရေးထားသော စာများဖြစ်ပါသည်။ ထိုမှ ဇာတ်စာယူ၊ ဤမှ ဇာတ်စကားယူ၊ ဟိုထဲက နှစ်ပါးသွား သီချင်းယူ၊ သည်ထဲက ငိုချင်းယူ၊ အမျိုးမျိုးယူပြီး ထည့်ထားခြင်းသာ များပါ၏။

နန်းရင်းဝန်က ဘုရင်ရူးကို ထိန်းကျောင်းသည် ဆိုရာဝယ် သူတို့ နှစ်ယောက်ထဲရှိလျှင် ထိန်းကျောင်းရခြင်းဖြစ်၏။ ထိုအချိန်မှာ နန်းရင်းဝန်က အပေါ်စီးရပြီး ဘုရင်က နန်းရင်းဝန်၏ စကားကို နားထောင်ပါသည်။ ရိုက်လျှင်ပင် ခံပါသည်။ လူများရှေ့တွင်ကား နန်းရင်းဝန်သည် ဘုရင့်နောက်က လိုက်ပြီး ဘုရင်ကို အရိုအသေပေးရသည်။ ဘုရင်က နောက်လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် နန်းရင်းဝန်က ဒူးထောက်ကာ လက်အုပ်ချီရလေသည်။ သိန်းတင်က ခဏခဏ လှည့်ကြည့်သည်။ ကျွန်တော်က ခဏခဏ ဒူးထောက်ပြီး လက်အုပ်ချီရသည်။ ထိုအခါ ပရိသတ်က တ၀ါးဝါး ရယ်ကြလေသည်။ ပြဇာတ်မှာ ဟာသလွှမ်းသော ပြဇာတ်ဖြစ်သည်။

မကြာမီက ဤပြဇာတ်အကြောင်း သိန်းတင် (ညိုမြ) နှင့် ကျွန်တော် အတိတ်ဆောင်ကြသောအခါ ဇာတ်စာတပုဒ်သာ သတိရကြတော့သည်။ ထိုဇာတ်စာကို ကျွန်တော်က တ၀က်တပျက်သာရပြီး သိန်းတင်ကတော့ အားလုံးရသေးသည်။ ကျွန်တော်တို့ အမှတ်ရကြသေးသော ဇာတ်စာမှာ ပေါင်ရင်းသီး ဆိုင်းဆင့်ဖြစ်၏။ သိန်းတင်ကတော့ ကျွန်တော်ရေးသောစာအဖြစ်ဖြင့် မှတ်မိနေခဲ့ပါသည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင်ကမူ ကိုယ်တိုင်ဉာဏ်ဖြင့် ရေးသည်ဟု မထင်ပါ။ ဘယ်က ကူးယူထည့်ထားသလဲလို့လဲ မပြောတတ်ပါ။  ပေါင်ရင်းသီး ဇာတ်စာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

"ရေးဘိတ်, ထားဝယ်, တနင်းဆွယ်၊ ကျယ်သည့်လေးမြို့၊ ဒူရင်းသီးအမည်၊ ရွှေဘွဲ့ချီ၊ ဒီအသီးကိုတော့ လူကြီး လူငယ်၊ ကြိုက်တတ်ပါသည်။

နို့ - ဆရာရယ်၊ ဒူးရင်းသီးသာရှိ၊ ပေါင်ရင်းသီး မရှိဘူးလားလို့ စောဒက တက်စရာ ရှိသကိုးဗျ။

ပေါင်ရင်းသီးရှိကြောင်း ကောင်းကောင်းကြီး ပြောခဲ့တော့မယ်။ အကြီး တကျပ်၊ အလတ် ငါးမူး၊ အထူးသည့်ပြင်၊ သေးလည်းတမတ်၊ ကြိုက်တတ်လျှင် ၀ယ်လို့ သုံးကြတော့။ .......ပွဲတော်သူ ဇင်ဂမုန်းတို့ရဲ့ ၀တ်လာတဲ့ ပိုးထမီကို၊ ကိုယ်မသီ ဗလာကျင်းပါလို့၊ လူပျိုမောင် အီလို့ငြင်းတဲ့အောင်...........ကိုင်းအမ.....ပေါင်ရင်းသီးပြ"

ပရိသတ် တော်တော်နှင့် အရယ်မရပ်သော ဇာတ်ဖြစ်ပါ၏။ ဤဆိုင်းဆင့်နှင့် ဤဟာသသည် ဦးပုညရေးသော ကောသလပြဇာတ်မှ မောင်အောင်လံ၏ ဆိုင်းဆံနှင့်၎င်း၊ ဦးစိန်ကတုံးဇာတ်အဖွဲ့မှ လူရွှင်တော် ဦးရွှေအ၏ နတ်ပျက်ဆိုင်းဆင့်နှင့်၎င်း၊ စဉ်လာမပျက် ရှေ့သွားနောက်လိုက် ညီပါသည်။ ကြံကြံဖန်ဖန် အကြမ်းကို အနုလုပ်နိုင်ခြင်းသည်ပင် အစဉ်အလာ ဟာသတရပ် ဖြစ်ခဲ့ပါ၏။

ကျွန်တော်သည် ဝတ္ထုတပုဒ် ရေပြီးခဲ့ပြီ။ ပြဇာတ်တပုဒ်လည်း ရေးပြီးပြန်ပြီ။ ဝတ္ထုကား  မဂ္ဂဇင်းတွင် ပါသည် မပါသည် မသိ။ မပါဖို့က များသည်။ ပြဇာတ်မှာမူ စင်တင်ခဲ့ရသော ပြဇာတ်ဖြစ်သည်။ တ၀ါးဝါးနှင့် လူကြိုက်များပြီး စွန်သွားသော ပြဇာတ်လည်း ဖြစ်ပါ၏။ ဤကား ကျွန်တော်၏ စာရေးဆရာ အလုပ်သင်ဘ၀ အစ ဖြစ်ပါ၏။


*   *   *   *   *   *   *   *   *   *   *   *

22.5.11

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် မှ ဦးဘကြည်၏ ကာတွန်း။

ဦးဘကြည်

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင်၊ အပိုင်း ၁။ စာမျက်နှာ ၂၉၀ - ၂၉၄။
၁၉၇၀ ခုနှစ် ဒီဇင်ဘာလ











  

*   *   *   *   *   *   *   *   *   *   *   *   * 

ဦးဘကြည်၏ ကိုယ်ရေးအကျဉ်းကို မြန်မာ ၀ီကီမှ ယူပါသည်။

မူရင်း  -  http://wikimyanmar.co.cc/wiki/index.php?title=ဘကြည်

 ပန်းချီဆရာကြီး ဦးဘကြည် (F.R.S.A. London)

 

ပန်းချီဦးဘကြည်

ငယ်စဉ်ဘ၀။

ပန်းချီဆရာကြီး ဦးဘကြည်ကို ၁၉၁၂ ခု၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားသည်။ အဖ ဦးဘိုးအင်၊ အမိ ဒေါ်အေးမေ ဖြစ်သည်။ ငယ်စဉ်ကပင် ဝါသနာပါရာ ပန်းချီပညာကို လေ့လာ ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အိုင်အက်စီတန်း အောင်မြင်ခဲ့သည်။ ဆရာဖြစ် သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၃၃ခုတွင် ဘိလပ်ပြန် ပန်းချီဆရာကြီ ဦးဘဉာဏ် (အာရ်၊စီ၊အေ၊လန်ဒန်) ထံတွင် ပန်းချီပညာဆည်းပူးခဲ့သည်။


နိုင်ငံခြား ပညာတော်သင်သွားခြင်း။ 

၁၉၄၉ခုတွင် ပြင်သစ်အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့် ပန်းချီသိပ္ပံတွင် တစ်နှစ် ပညာသင်ခွင့် ရသည်။ ထိုသို့ ပညာဆည်းပူးနေစဉ် ကမ္ဘာ့ပန်းချီပြပွဲကြီး "Le Sa Lon 49" တွင် ဝင်ရောက်ပြသနိုင်ပြီး လန်ဒန်၊ မွန်တီကာလိုမြို့များတွင် ကျင်းပသည့် ပန်းချီပြပွဲကြီးများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် အမေရိကန်အစိုးရ ပညာသင်ဆုရ၍ ဖီလာဒဲလ်ဖီးရား ပန်းချီအကယ်ဒမီတွင် တစ်နှစ် ပညာဆည်းပူးခွင့်ရခဲ့သည်။ ထိုနှစ်မှာပင် ပင်စီလ်ဗေးနီးယား တက္ကသိုလ်တွင် ပန်းချီမဟာဝိဇ္ဖာတန်း တက်ခွင့်ရခဲ့သည်။ 

၁၉၅၈ခုနှစ်တွင် လန်ဒန်တော်ဝင် ပန်းချီအသင်းကြီးမှ ရာသက်ပန် အဖွဲ့ဝင်အဖြစ် "F.R.S.A." ဘွဲ့ချီးမြှင့်ခဲ့သည်။ ဆရာကြီးဦးဘကြည်သည် မြန်မာပန်းချီလောက၏ ဖခင်ကြီး တစ်ဦးဖြစ်ပြီး မြန်မာ့ ရိုးရာပျော်ရွှင်မှုဆိုင်ရာ အကအခုန် သရုပ်ဖော်လက်ရာများ၊ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ဆယ့်နှစ်ရာသီ ပွဲလမ်းသဘင် သရုပ်ဖော်လက်ရာများ၊ ဇာတ်၊ နိပါတ်ဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော် ပန်းချီကားများ ရေးခဲ့သည်။ ခေတ်အမြင် ခေတ်အတွေး ခေတ်အရေးဆိုင်ရာ ခေတ်သစ် ပန်းချီလက်ရာများကိုလည်း စိတ်ကူးကောင်းကောင်းဖြင့် ရေးဆွဲလေ့ရှိသည့် စွယ်စုံပန်းချီကျော်ကြီးဖြစ်သည်။

မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ

၁၉၅၂ မှစ၍ ရှေးရိုးမြန်မာ ပန်းချီရေးနည်းကို သုတေသနပြုကာ ဖော်ထုတ် ရေးဆွဲနိုင်ခဲ့သည်။ ထိုသို့ သုတေသနပြု ရေးဆွဲနေဆဲ ပြင်သစ်နိုင်ငံတွင် ပန်းချီပညာဆည်းပူးပြီး ပြန်ရောက်လာသည်။ ၁၉၅၀ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ပေးချက်အရ အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူသည့် ဗုဒ္ဓဝင်ကို ပုံတော်များ ရေးဆွဲ သရုပ်ဖော်ခဲ့သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးမှာ ယခုအခါ စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးကို သရုပ်ဖော်ရေးဆွဲရန် ဆရာတော်ကြီးများထံ ချဉ်းကပ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း စသော ကောင်းမှုကုသိုလ်ပြု၍ အထူး စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရေးဆွဲခဲ့ရာ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာတရားတော်များကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။ 

တာဝန်ထမ်းဆောင်ခဲ့သော ဌာနများ။ 

၁၉၃၉တွင် ဖွင်လှစ်သော စစ်ကြိုခေတ် ပန်းချီပန်းပုကျောင်းတွင် နည်းပြဆရာအဖြစ်၎င်း၊ ၁၉၄၁တွင် ဖွင့်လှစ်သည့် ပန်းချီအကယ်ဒမီတွင် ကထိကအဖြစ်၎င်း၊ ပညာရေးတက္ကသိုလ်တွင် ပန်းချီကထိကအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ 

ဆရာကြီး ဦးဘကြည်သည် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးများတွင် ဥက္ကဌအဖြစ် ၁၀ ကြိမ်၊ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင်၊ စွယ်စုံကျမ်း ပြုစုရေး အဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်၊ ယဉ်ကျးမှုဌာန ပန်းချီအကြံပေးပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို) နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ 

ထင်ရှားသော ပန်းချီလက်ရာများ

ဆရားကြီး၏ ထင်ရှားသော ပန်းချီလက်ရာများကို ရန်ကုန်ရှိ အမျိုးသားပြတိုက်၊ တာရှ်ကင့်ပြတိုက်၊ ပီးကင်းအမျိုးသားပြတိုက်၊ ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ ပန်းချီပြတိုက်၊ ဗုဒ္ဓဂယာတို့တွင် ချိတ်ဆွဲပြသထားကြသည်။ မင်္ဂလာဒုံလေဆိပ်တွင် စတုရန်းပေ ၃၀၀၀ ရှိ နံရံပန်းချီကားကြီးမှာ ဆရာ့အား ကမ္ဘာကျော်စေသည့် မြန်မာမှုသရုပ်ဖော် လက်ရာမွန်ပန်းချီကားကြီးဖြစ်သည်။ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံ စေတီတော်တို့တွင်လည်း သမိုင်းဝင် ဆီဆေးပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ မိတ္ထီလာဝန်ဇင်းဟိုတယ်၊ ကမ်းနားလမ်းဟိုတယ်၊ ပညာရေးတက္ကသိုလ်တို့တွင် နံရံပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။

ဘဝနိဂုံး။ 

ဆရာကြီးဦးဘကြည်သည် ၁၅၊၄၊၂၀၀၀ ရက်၊ ညနေ ၆နာရီ ၅၅မိနစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါသည်။ ဇနီး ဒေါ်တင်မေ (ပညာရေးတက္ကသိုလ် ငြိမ်း) နှင့် သား ၂ဦး၊ သမီး ၁ဦး၊ မြေး ၆ဦးတို့ ကျန်ရစ်ပါသည်။ 



အကိုးအကား 

ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဆရာကြီး ပန်းချီဦးဘကြည်၊ တတိယအကြိမ်၊ ဇူလိုင် ၂၀၀၁၊ Quality Publishing House ၊ ရန်ကုန်။



ဦးဘကြည်နှင့်ဆိုင်ရာ အခြား စိတ်ဝင်စားဖွယ်ရာများ။

http://www.naytthit.net/?p=8015
http://www.scribd.com/doc/7182019/-U-Ba-Kyi-Chronicle-of-Buddha
http://www.facebook.com/media/set/?set=a.203008019734721.45448.141809175854606
http://www.mediafire.com/?xdiiaamtnnm
http://www.mediafire.com/?w2mukh1yynw

*   *   *   *   *   *   *   *   *   *   *   *   *

19.5.11

ဆရာနတ်နွယ်နှင့် ရေရိုင်းမြေရိုင်းကို ကျောခိုင်းသွားခဲ့ကြသည့် တြိဂံ၊ မျဉ်းပြိုင်နှစ်ခု ၊ မျဉ်းဖြောင့်တစ်ကြောင်း။


၁၉၉၆ခုနှစ် ဒီဇင်ဘာလမှစတနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်တို့ အကန့်အသတ်မဲ့ ကျောင်းပိတ်ထားသောကာလက ဖြစ်ပါသည်။ ကျွန်တော်သည် ကွယ်လွန်သူ စာရေးဆရာမကြီး မိုးမိုး(အင်းလျား)၏ သားအကြီး ကိုနေမျိုးညွှန့် အယ်ဒီတာချုပ်အဖြစ်ဖြင့် ထုတ်ဝေနေသည့် အလင်္ကာဂီတဂျာနယ်တွင် အလုပ်လုပ်နေသော အချိန်ဖြစ်သည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းလောက်က ဖြစ်မည်ထင်ပါသည်။

တနေ့တွင် စာပေလောက ဦးမျိုးညွန့် က "မောင်စောသက်လင်း၊ မင်း ဒီစာအုပ်တွေကို ဆရာနတ်နွယ်ဆီ သွားပေးစမ်းပါ" ဟု ပြောရင်း စာအုပ်အချို့ကို သူ၏ စားပွဲမှ လှမ်းပေးလိုက်သည်။ တဆက်တည်း "သိတယ်မလား ဆရာနတ်နွယ်ကို၊ နွယ်နီမဂ္ဂဇင်းတိုက်မှာ သွားပေးလိုက်၊ မင်းတို့ နောက်ဆုံးထုတ်တဲ့ ဂျာနယ်ပါ ယူသွား"။ ဦးမျိုးညွှန့်သည် မျက်မှန်ကို လက်ဖြင့် အပေါ်ပင့်တင်ပြီး ပြောလိုက်သည်။ ဦးမျိုးညွန့် လှမ်းပေးသော စာအုပ်များမှာ စာပေလောကစာအုပ်တိုက်မှ လတ်တလော ထုတ်ဝေထားသည့် စာအုပ်များဖြစ်၏။

ကျွန်တော်လည်း စာအုပ်များကို ယူပြီး ၃၄ လမ်းဘက် ထွက်ခဲ့သည်။ ညနေ ၃ နာရီလောက်ဖြစ်၏။ ထိုအချိန်ထိ ကျွန်တော်သည် ဆရာနတ်နွယ်ကို မဂ္ဂဇင်းများထဲမှာသာ တွေ့ဖူးပါသည်။ သို့ပေမယ့် နွယ်နီမဂ္ဂဇင်းတိုက်ရှေ့ ၀င်ပေါက်တွင် လမ်းဘက်မျက်နှာမူပြီး မတ်တပ်ရပ်လျက် တွေးနေသော သူတစ်ဦးကို မြင်သည်နှင့် ဆရာနတ်နွယ်မှန်း ကျွန်တော်တန်းသိပါသည်။

သူသည် စတစ်အင်္ကျီဖြူ လက်ရှည်နှင့် ချည်ချောလုံချည်ကို ၀တ်ဆင်ထားသည်။ လက်နှစ်ဘက်ကို နောက်ပစ်၊ ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းပြီး စာရေးဖို့ တွေးတောနေသည်ဟု ထင်ပါသည်။ စာအုပ်များကို ကိုင်ပြီး သူ့အနားသို့ ရောက်လာသော ကျွန်တော်ကို မြင်သည့်အခါ ဘာကိစ္စလဲ ဆိုသည့်သဘောဖြင့် မေးဆတ်ပြသည်။ ကျွန်တော်က စာပေလောက ဦးမျိုးညွန့်က စာအုပ်ပေးခိုင်းလိုက်လို့ပါ ဟုဆိုတော့ နောက်ပစ်ထားသည့်မှ လက်တစ်ဖက်ကို ထုတ်ပြီး လှမ်းယူလိုက်သည်။ ကျွန်တော်က သွားခွင့်ပြုပါဦးဆရာ ဆိုတော့ ပြုံးပြီးခေါင်းညိတ်ပြသည်။ ဆရာနတ်နွယ်နှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည်မြင်ကွင်းဖြစ်သည်။ သာမန်သာဖြစ်သည်။ ကျွန်တော်ကတော့ မှတ်မိနေပါ၏။ သာမန်လူငယ်လေးအနေဖြင့် ထင်ရှားသည့် စာရေးဆရာကြီးများအား တွေ့မြင်ခဲ့ရသည်ကို ဘယ်မှာမေ့နိုင်ပါမည်နည်း။

ထို့နောက်တော့ လကုန် အလင်္ကာဂီတဂျာနယ် ထွက်ပြီးတိုင်း ကျွန်တော်သည် ဦးမျိုးညွန့်ထံမှ အခြားစာအုပ်များကိုယူပြီး ဆရာနတ်နွယ်၏ နွယ်နီမဂ္ဂဇင်းတိုက်သို့ လစဉ်သွားပို့ခဲ့သည်။ သူကို စားပွဲမှာ ထိုင်လျက် တွေ့သည့်အခါ တွေ့သည်၊ အပေါက်ဝမှာ လက်နောက်ပစ် မတ်တပ်ရပ်လျက် တွေ့သည့်အခါ တွေ့သည်။

ကျွန်တော် ၂၀၀၀ ခုနှစ်  ပြည်သို့ ရောက်သွားသောအခါ ဆရာနတ်နွယ်၏ တောအကြောင်း တောင်အကြောင်း၊ မိမိနှင့် စာရေးဆရာများ စာအုပ် ရာပြည့်မှ ထွက်လာသည်။ စာအုပ်မှာ မှတ်ထားသည့် ကျွန်တော့်မှတ်တမ်းအရ ၁၁-၅-၂၀၀၀ ရက်နေ့ ပြည်မြို့ သုခစာအုပ်ဆိုင်မှ ၆၅၀ကျပ်ဖြင့် ၀ယ်ယူခဲ့သည်။

ကျွန်တော် စုဆောင်းထားသည့် စာအုပ်များတွင် ဆရာနတ်နွယ်၏ စာများမှာ အရေအတွက် နည်းပါသည်။ ထို့ပြင် ကျွန်တော် ဖတ်ချင်ပြီး ယခုတိုင် မဖတ်ရသေးသည့် စာအုပ်လည်း ရှိပါသေးသည်။ ကာရာမာဇော့ ညီအကိုများဖြစ်သည်။ အင်မတန်ကို ဖတ်ချင်ပါသည်။ ကျွန်တော့် အကြိုက်ဖြစ်ပြီး မကြာခဏ ဖတ်ဖြစ်သည့် စာအုပ်လည်း ရှိပါသေးသည်။ တော်လှန်စာပေ ဖြစ်သည်။ 

ယခုချိန် ကျွန်တော့်ထံတွင် ရှိနေသည့် တောအကြောင်း တောင်အကြောင်း စာအုပ်မှတ်ာလှန်စာပေ စာအုပ်နှင့်ဆိုင်သည့် ဆရာနတ်နွယ်ရေးသားခဲ့သော စာပိုဒ်အချို့အား ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။ စာအုပ်များ၊ ဓါတ်ပုံများ၊ ဆောင်းပါးများ၊ အချက်အလက်များကို သုံးစွဲခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

စောသက်လင်း

* * * * * * * * * *


ဓါတ်ပုံ - STL




ရေရိုင်းမြေရိုင်း ဆိုလျှင် မောင်နေ၀င်း၊ ငါတို့ခေတ်နှင့်အပြိုင် ဆိုလျှင် မင်းကျော်၊ မြန်မာပြည်မြောက်ပိုင်း ဆိုလျှင် နတ်နွယ်ဟု သိကြပါသည်။

သူငယ်ချင်း သုံးယောက်သည် ဝတ္ထုများကို လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် ကာလက ရေးသားခဲ့ခြင်းဖြစ်သည်။ (၁၉၉၁ က)

စာရေးအားကောင်းသော အသက် ၃၀ ကျော် အရွယ်များတွင် ဖြစ်သည်။ သူငယ်ချင်းသုံးယောက်သည် အတူသွား အတူလာ ရင်းနှီးစွာ နေထိုင်ခဲ့ကြရုံသာမက တော်လှန်စာပေ နှင့် တော်လှန်စာပေ အတွေးအမြင် စသည့် စာပေစာအုပ်များကို စုစည်း ထုတ်ဝေခဲ့ကြသဖြင့် သူတို့ သုံးယောက်ကို "တြိဂံ" သို့မဟုတ် "တြိကဋုက်" ဟုလည်း သိရှိခဲ့ကြပါသည်။

(မိမိနှင့် စာရေးဆရာများ၊ ရေရိုင်းမြေရိုင်းကို ကျောခိုင်းသွားချေပြီ ဆောင်းပါး၊ စာမျက်နှာ ၁၃၂)


ဓါတ်ပုံ - ရွှေအမြုတေ အမှတ် ၁၇၆၊ ၂၀၀၄ ဇူလိုင်မှ ကူးယူထားပါသည်။
နတ်နွယ် (၁-၂-၁၉၃၃  ၊  ၁၁-၅-၂၀၁၁)
 


ဓါတ်ပုံ - မိမိနှင့် စာရေးဆရာများ စာအုပ် စာ ၁၆ မှ ကူးယူထားပါသည်။

မင်းကျော် (၆-၃-၁၉၃၃  ၊   ၇-၇-၁၉၉၁)


ဓါတ်ပုံ - မိမိနှင့် စာရေးဆရာများ စာအုပ် စာ ၁၂၂ မှ ကူးယူထားပါသည်။
မောင်နေ၀င်း (၁၄-၅-၁၉၃၀  ၊  ၁၇-၁-၁၉၉၁)

မိမိ၏ ကျန်းမာရေးကိုလည်း စုံစမ်းကြသည်။ ကျန်းမာရေးကို ဂရုစိုက်ရန် ပြောကြသည်။ "ကိုနေ၀င်းလည်း မရှိတော့ဘူး။ ကိုမင်းကျော်လည်း မရှိတော့ဘူး။ ခင်ဗျားပဲ ကျန်တော့တယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ" ဟု စေတနာစကား ဆိုကြသည်။

မိမိတို့ကလည်း နှစ်ပေါင်း ၄၀ နီးပါးမျှ အတူလက်တွဲခဲ့ကြသည်မို့ စာပေလောကတွင် "တြိဂံ" ဟု သိရှိခဲ့ကြသည်ကိုး။

ကိုနေ၀င်း ကွယ်လွန်စဉ်က မင်းကျော် ခရီးထွက်မည့်ဆဲဆဲ။ ကိုနေ၀င်းအိမ်သို့ မင်းကျော် ရောက်သွားသောအခါ "တြိဂံမှာ အနားတစ်ဖက် ပြုတ်သွားပြီ" ဟု ဆိုကြသည်။

ထိုအခါ မင်းကျော်က "တြိဂံမှာ အနားတစ်ဖက် မရှိတော့ပေမယ့် မျဉ်းပြိုင်နှစ်ကြောင်း ရှိနေသေးတယ်ဗျ" ဟု ပြန်ပြောခဲ့သည်။

ထိုအကြောင်းကို ကချင်ပြည်နယ် စာပေဟောပြောပွဲများမှာလည်း သူထည့်ပြောခဲ့သည်ဟု ဆိုသည်။

ဟုတ်သည်။ မင်းကျော်နှင့် မိမိသည် မျဉ်းပြိုင်နှစ်ကြောင်းအဖြစ် ကျန်ရစ်ခဲ့သည်။ ယခု မင်းကျော် မရှိသောအခါ....

မိမိက....

မျဉ်းဖြောင့်တစ်ကြောင်း ကျန်ရှိနေသေးသည်ဟု ပြောရပေမည်။

မိမိအနေနှင့် ရည်မှန်းချက်ပန်းတိုင်သို့ ဖြောင့်ဖြောင့်ကြီး ဆက်ပြီး သွားရန်မှတစ်ပါး အခြားနည်းလမ်း မရှိပါ။ သို့သော် တစ်ချိန်က "စာပေတြိဂံ" တစ်ခု ရှိခဲ့သည် ဆိုခြင်းကို မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ပါ။

တြိဂံ ၊ ပြီးတော့ မျဉ်းပြိုင် နှစ်ခု ၊ ပြီးတော့ မျဉ်းဖြောင့် တစ်ကြောင်း.......။ 

(မိမိနှင့် စာရေးဆရာများ၊ တြိဂံ၊ မျဉ်းပြိုင်နှစ်ခု၊ မျဉ်းဖြောင့်တစ်ကြောင်း ဆောင်းပါး၊ စာမျက်နှာ ၁၃၂)





* * * * * * * * * * * *

မကြာမီ......ဆရာနတ်နွယ် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသည့် ၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု။
                မောင်မောင်(ဥပဒေ)၏ ဒီးဒုတ် ဦးဘချို နှင့် ဒေါ်စောမြဧကြည် (အရင်ကတော့ ဆံပင်ရှည်ထားပါ၊ စာဖတ်ပါ။ ဂျင်းဘောင်းဘီ ၀တ်ပါ၊ စာဖတ်ပါ။ ဒါဆိုအခုတော့ ရဘ်သီချင်းဆိုပါ...စာဖတ်ပါ)

* * * * * * * * * * * *

ဆရာနတ်နွယ် ၏ အောက်တိုဘာမှတ်တမ်း

နတ်နွယ်

ကွင်းကျောင်းအိမ်မှာပင် မိမိအဖမ်းခံရသည်။ (၁၉၅၃ခုနှစ်)အောက်တိုဘာကျောင်းတစ်လပိတ်ရေးကျောင်းသား လှုပ်ရှားမှုနှင့် ပတ်သက်၍ပင်ဖြစ်သည်။ ကျောင်းတစ်လပိတ်ရေး လှုပ်ရှားမှုသည် စက်တင်ဘာလ ကတည်းကပင် စတင်ခဲ့သည်။ အောက်တိုဘာလဆန်းတွင် လှုပ်ရှားမှုအရှိန် ပြင်းထန်သောအခါ ထင်ရှားသော ခေါင်းဆောင်အချို့သည် အဖမ်းမခံရရေး မူအရ ပုန်းအောင်းတိမ်းရှောင်ကြသည်။ ရှေ့တန်း ခေါင်းဆောင်အချို့နှင့် ဒုတိယတန်း ခေါင်းဆောင်များက တိုက်ပွဲကို ကိုယ်ထိလက်ရောက် ဆက်လက်ဦးဆောင်ကြရသည်။

အာဏာပိုင်များက ကျောင်းသားခေါင်းဆောင်များကို တစ်သုတ်ပြီး တစ်သုတ် တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးကြသည်။ ရန်ကုန်မြို့တွင်သာမက မြန်မာတစ်ပြည်လုံးတွင် ဖြစ်သည်။ ပုန်းအောင်း တိမ်းရှောင်နေသော ခေါင်းဆောင်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ရှာဖွေဖမ်းဆီးမိကြသည်။ အချို့ကို လမ်းပေါ်တွင် ဖမ်းဆီးရမိပြီး အချို့ကို ပုန်းအောင်းနေသော အိမ်များတွင် ဖမ်းမိသည်။

အောက်တိုဘာလဆန်းမှစ၍ ကျောင်းသားခေါင်းဆောင်များကို ရှာဖွေဖမ်းဆီးခဲ့ရာ ထိုနှစ်ကုန်သောအခါ ကျောင်းသားခေါင်းဆောင် အားလုံးလောက်ကိုပင် ဖမ်းဆီးရမိပြီဖြစ်သည်။ သို့သော် ထိုအထဲတွင် မိမိ မပါရှိသေးဘဲ လွတ်နေသည်။

မိမိလွတ်နေရသည့် အကြောင်းမှာလည်း မိမိ အပုန်းအအောင်း အတိမ်းအရှောင် ကောင်း၍ မဟုတ်ပါ။ မိမိ ဘယ်မှာမှ ပုန်းမနေပါ။ ကွင်းကျောင်းအိမ်မှာပဲ နေသည်။ ကျောင်းသို့လည်း သွားမြဲသွားသည်။ မဂ္ဂဇင်းတိုက်သို့လည်း အလုပ်ဆင်းမြဲဆင်းသည်။ ဇန်န၀ါရီလတွင် ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ညီလာခံသို့ပင် မိမိတက်ရောက်ခဲ့သေးသည်။

သို့သော် မိမိကို တော်တော်နှင့် မဖမ်းမိနိုင်သေးသည့် အကြောင်းမှာ မိမိ၏ စာရင်းသည် ပထမပိုင်းတွင် မန္တလေးမြို့၌ ရှိနေသောကြောင့် ဖြစ်သည်။ မန္တလေးမြို့မှ ကျောင်းသားခေါင်းဆောင်များ အားလုံးလောက်ကို ဖမ်းမိသောအခါတွင်မှ မိမိမန္တလေးတွင် မရှိကြောင်း ရဲအဖွဲ့က သိရှိသည်။ ထိုအခါတွင်မှ မိမိ မန္တလေးတွင် မရှိဘဲ ရန်ကုန်သို့ ရောက်ရှိနေကြောင်း မန္တလေးရဲတပ်ဖွဲ့က ရန်ကုန်သို့ သတင်းပို့သည်။ ရန်ကုန်ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်လာသည်။ ထိုအခါတွင် ရန်ကုန်ရဲတပ်ဖွဲ့က မိမိကို မသိဘဲ ရှိနေသည်။ အကြောင်းတစ်ကြောင်းမှာ မိမိ ရန်ကုန်ရောက်သည်မှာ မကြာသေး။ နောက်တစ်ကြောင်းမှာ မိမိသည် ရန်ကုန်တက္ကသိုလ်တွင် လူသိများသော ခေါင်းဆောင်တစ်ယောက် မဟုတ်။ သည့်ထက် အရေးကြီးသည့် အကြောင်းကတော့ မိမိသည် ရန်ကုန်တက္ကသိုလ် အသင်းအဖွဲ့များတွင် လှမြင့် အမည်ဖြင့် မဟုတ်ဘဲ မောင်မြင့်နောင် ဟူသော အမည်ဖြင့် ပါဝင်လှုပ်ရှားနေသောကြောင့်။

ပြီးတော့ ရန်ကုန်မှ ရဲဘော်များ၊ မိတ်ဆွေများက မိမိကို လှမြင့် ဟုလည်း မခေါ်။ မြင့်နောင်ဟုလည်း မခေါ်။ နတ်နွယ်ဟုသာ ခေါ်ကြသည်။ နတ်နွယ်ဟုသာ သိကြသည်။ မန္တလေးမှ လှမြင့် ဆိုသူသည် ရန်ကုန်မြို့တွင် နတ်နွယ်ဖြစ်နေကြောင်းကို နောက်ဆုံးတွင် ရဲအဖွဲ့က သိရှိသွားသည်။ ထိုအခါ မိမိကို ကျောင်းသားလောကတွင် မရှာတော့ဘဲ စာပေအသိုင်းအ၀ိုင်းတွင် ရှာဖွေကြတော့သည်။

တစ်နေ့တွင် စုံထောက်မဂ္ဂဇင်းတိုက်၌ မိမိရှိနေစဉ် အသားဖြူဖြူ ၀၀ လူတစ်ယောက် ရောက်လာသည်။ ကိုမိုးဝေနှင့် ကိုတင့်ဆန်းတို့က စားပွဲ၏ တစ်ဖက်တွင် စာရေးနေကြသည်။ မိမိက သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။ ဧည့်သည်သည် မိမိဘေးတွင် ၀င်ထိုင်လိုက်ပြီးနောက် 

"အိုင်ဆေး ကိုမိုးဝေ၊ ခင်ဗျားတို့ဆီမှာ နတ်နွယ်ဆိုပြီး စာရေးတဲ့လူ ရှိသလား"

"ရှိ.....ရှိတာပေါ့၊ ဒီ....ဒီ......လတောင် သူ့........သူ့.. ဝတ္ထု ပါသေးတယ်" ကိုမိုးဝေက ဖြေသည်။ ကိုမိုးဝေ စကားထစ်သည်။

"သူ ဘယ်မှာ နေသလဲ" ဧည့်သည်က မေးသည်။ မိမိက ဧည့်သည်ကို ကြည့်လိုက်သည်။

"ဒါ......ဒါတော့ ကျုပ်တို့ မသိဘူး" ကိုမိုးဝေ၏ အဖြေကို ကြားရသောအခါ မိမိ အံ့သြသွားသည်။

"ခင်ဗျားတို့ဆီကို သူ မလာဘူးလား"

"တစ်ခါတလေမှ လာတယ်ဗျ" ကိုတင့်ဆန်းက ၀င်ပြောသည်။

သည်အခါတွင် အကြောင်းတစ်ခုပဲဟု ယူဆပြီး မိမိဘာသာ ငြိမ်နေလိုက်သည်။ ဧည့်သည်သည် ကိုမိုးဝေတို့နှင့် အတန်ကြာ စကားပြောပြီးနောက် ပြန်သွားသည်။ မိမိလိပ်စာကို စုံစမ်းပေးရန် မှာကြားသွားသည်။

"သူ ဘယ်သူလဲဗျ" ဧည့်သည် ထွက်သွားသောအခါ မိမိက မေးလိုက်သည်။ 

"အဲ......အဲဒါ စုံထောက်ပေါ့ဗျာ၊ စုံထောက်ဘက်ကဗျ။ ဟား..ဟား....ဟား..." ကိုမိုးဝေ ရယ်လေသည်။

"ခင်ဗျားကို ဖမ်းဖို့ လာရှာတာပဲ" ကိုတင့်ဆန်းက ပြောသည်။

"မြတ်စွာဘုရား" မိမိက အလွတ်စုံထောက် တင်မောင်ဆွေ၏ ဟန်ဖြင့် ပခုံးတွန့်လိုက်မိသည်။

"ဟဲ ဟဲ ကျုပ်က စုံထောက်ဝတ္ထု ရေးနေတဲ့လူဆိုတော့ စုံထောက်ကို ပညာစမ်းလိုက်တာဗျ။ ကိုယ့်လူ အဖမ်းမခံချင်ရင်တော့ ပြေးပေတော့"

"မပြေးပါဘူးဗျာ၊ နောက်တစ်ခါ သူလာရင် တွေ့လိုက်တာပေါ့"

သို့သော် ထိုလူကြီး နောက်တစ်ခေါက် လာသောအခါ တိုက်တွင် မိမိလည်း မရှိပါ။ ကိုမိုးဝေနှင့် ကိုတင့်ဆန်းတို့လည်း မရှိပါ။ မိမိတို့ ရုပ်ရှင်သွားကြည့်နေကြသည်။ သည်လိုနှင့် မတ်လဆန်းသို့ ရောက်ရှိသွားသည်။

သည်လတွင် မန္တလေးမြို့ရှိ စာရေးဆရာ ကြည်မြထံမှ စာတစ်စောင်ရသည်။ ထိုစဉ်က သူသည် မြန်မာ့လမ်းစဉ် သတင်းစာတွင် အယ်ဒီတာ လုပ်နေသည်။ သူ့စာထဲတွင် "...တစ်နေ့က ဗိုလ်ခင်မောင်ကလေးနဲ့တွေ့တယ်။ သူက မောင်ရင့်အကြောင်း မေးနေတယ်။ မောင်ရင့် ဓါတ်ပုံရှိရင် ပေးစမ်းပါလို့ တောင်းတယ်" ဗိုလ်ခင်မောင်ကလေးမှာ ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။

ထိုစာကို ကိုတင့်ဆန်း ဖတ်ရသောအခါ "ခင်ဗျား ဓါတ်ပုံရိုက်ပြီး ပို့ပေးလိုက်ဖို့ ကောင်းတယ်"

"အင်း ...ဒီအတိုင်း လုပ်ရမလို ဖြစ်နေပြီ" သို့သော် တစ်နေ့တွင် မိမိကျောင်းမှ အပြန်တွင် အစ်မကြီးက * (အစ်မကြီး -- နောင်သော် ဆရာနတ်နွယ်၏ ယောက္ခမ ဖြစ်လာသည်။ စာရေးဆရာ တင့်ဆန်း၏ ဇနီး)

"ကို...ဆိုတာ သိသလား" ထိုနာမည်ကို မိမိ ကြားဖူးသလိုတော့ ရှိသည်။

"ဆိုရှယ်နီ ခေါင်းဆောင်လေ၊ ဟိုဘက်လမ်းမှာ နေတယ်"

"သြော်ဟုတ်ပြီ၊ လူချင်းတော့ မသိဘူး၊ ကြားဖူးတယ်"

"သူ့အိမ်မှာ မန္တလေးတက္ကသိုလ်က ကို....ဆိုတာ ရောက်နေတယ်တဲ့၊ အဲ့ဒါ သူတို့က တွေ့ချင်လို့တဲ့"

မန္တလေးတက္ကသိုလ်မှ ကို....ကို မိမိသိသည်။ ဆိုရှယ်နီ တစ်ယောက်ဖြစ်သည်။ " အစ်မကြီး ဘာပြောလိုက်သလဲ"

"ညဘက်တော့ ပြန်လာတာ အချိန် မမှန်ဘူး၊ မနက်စောစော အိမ်ကိုလာရင် တွေ့နိုင်တယ်လို့ ပြောလိုက်တယ်"

နောက်တစ်နေ့ နံနက်စောစောတွင် အိမ်သို့ ရောက်ရှိလာသူများမှာ ဆိုရှယ်နီ နှစ်ယောက် မဟုတ်ပါ။ အထူး သတင်းထောက်လှမ်းရေးမှ စုံထောက်များသာ ဖြစ်ပါသည်။

သို့ဖြင့် ဘားလမ်းအချုပ်စခန်းသို့ မိမိ ရောက်ရှိရတော့သည်။ ဘားလမ်းတွင် လေးလတိတိ နေခဲ့ရသည်။

ဘားလမ်းတွင် မိမိသည် အစာငတ်ခံဆ န္ဒ နှစ်ကြိမ် ပြခဲ့သည်။ ပထမတစ်ကြိမ်က အထူးတန်း မရရှိသဖြင့် ဖြစ်သည်။ ဒုတိယအကြိမ်က ရန်ကုန်ထောင်ကြီးသို့ ပြောင်းရွှေ့ပေးရန်ဖြစ်သည်။ ဘားလမ်းမှာ နေရသည်က ကျဉ်းသည်။ အဖော်အပေါင်းလည်း မရှိ။ ရန်ကုန်ထောင်မှာက စာရေးဆရာတွေ ရှိသည်။ သို့သော် မိမိကို ရန်ကုန်ထောင်သို့ မပို့ဘဲ လွှတ်လိုက်သည်။ အကြောင်းမှာ တခြားဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကိုလည်း ပြန်လွှတ်ပေးနေပြီဖြစ်သည်။

"ခင်ဗျားက ကျုပ်တို့ကို တကယ် ဒုက္ခပေးတာဘဲ။ ခင်ဗျားကို ဖမ်းတုန်းကလည်း တော်တော်နဲ့ မမိလို့ ကျုပ်တို့မှာ အကြိမ်းခံခဲ့ရတယ်။ အခုလည်း ခင်ဗျားကို လွှတ်ဖို့ အမိန့်ချပြီးတဲ့ အချိန်မှာ ခင်ဗျားဟာ ထောင်ကို သွားချင်တယ်ဆိုပြီး န္ဒပြနေတယ်" ဟု မိမိအမှုကို ကိုင်တွယ်ရသော စုံထောက်အရာရှိက ပြောခဲ့သည်။ ထို့နောက် သူကဆက်ပြီး "ခင်ဗျားကို အမှတ်တရ အဖြစ်နဲ့ ကျုပ် လက်ဆောင်တစ်ခုပေးမယ်"

ပြည်သူ့စာပေတိုက်မှ စာအုပ်တစ်အုပ်ဝယ်ပြီး မိမိကို လက်ဆောင်ပေးသည်။ Bruno Fischer ၏ Run For Your Life ဖြစ်သည်။ ထိုစာအုပ်ကို မှီးငြမ်းပြုပြီး မိုးထဲလေထဲ ကို မိမိ ရေးခဲ့သည်။ အမှတ်တရပင်။........။

........။ ဤလေးလ အတွင်းတွင် မိမိတောင့်တမိသည့် အခြားအရာတစ်ခုမှာ ညအချိန်တွင် မိုးကောင်းကင်ကြီးကို ကြည့်မြင်လိုခြင်းပင်ဖြစ်သည်။ အပြန့်ကျယ်သော မြင်ကွင်းရှည်ကြီးကို တွေ့မြင်လိုသည်။ သန့်ရှင်းလတ်ဆတ်သော လေကို အားရပါးရ ရှူရှိုက်ပစ်လိုက်ချင်သည်။ ယင်းကြောင့်ပင် လွတ်မြောက်သည့်နေ့၏ ညမှာပင် ကြည့်မြင်တိုင် လမ်းမကြီးပေါ်တွင် မိမိတစ်ယောက်တည်း လွတ်လပ်စွာ လမ်းလျှောက်ခဲ့သည်။  


နတ်နွယ်၊ မိမိနှင့် စာရေးဆရာများ၊ ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၀၀။ စာမျက်နှာ ၇၀ - ၇၅။


*   *   *   *   *   *   *   *   *   *   *   *


ကျွန်တော်သည် ဆရာနတ်နွယ်၏ ကိုယ်ရေးအကျဉ်း စာများကို ဖတ်ရင်းမှ သတိထားမိတာတစ်ခုရှိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဆိုသော ကိုယ်ရေး အကျဉ်းကလေးဖြစ်သည်။ မည်သည့် အတိုင်းအတာ အထိ ပါဝင်လှုပ်ရှားခဲ့သည်ကို ဆက်လက် သိလိုသဖြင့် ကျွန်တော်သည် လက်လှမ်းမှီသည့် စာအုပ်များကို ရှာဖတ်ခဲ့သည်။ ဆရာနတ်နွယ်၏ မိမိနှင့် စာရေးဆရာများ စာအုပ်ထဲတွင်တော့ သူကိုယ်တိုင်ရေးသားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုအကြောင်း ဖတ်ရ၏။ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

၁၉၅၃ ခုနှစ် အောက်တိုဘာ ကျောင်းသားလှုပ်ရှားမှုနှင့် ပတ်သက်၍ အပြည့်စုံဆုံး စာအုပ်ဟု ကျွန်တော် ယူဆသော စာအုပ်မှာ ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၁၉၅၃ - ၁၉၅၄ ပင်ဖြစ်သည်။ ဒေါက်တာထင်အောင်၏ အမှာစာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်၏။ စာစောင်တစ်ခုလုံးသည် ကျောင်းသားတို့၏ သွေးရင်ပွက်သံတို့ဖြင့် ပြည့်နေသည်။ ဓါတ်ပုံများမှာလည်း ကောင်းမွန်လှသည်။ ကျွန်တော်သည် ထိုဓါတ်ပုံများထဲမှ အချို့အား ဖော်ပြလိုက်ပါသည်။ ဓါတ်ပုံများ၊ ဆောင်းပါးများ ဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား ပန်ကြားအပ်ပါသည်။








*   *   *   *   *   *   *   *   *   *   *   *

15.5.11

မောင်မောင် ၊ ဥပဒေ ။ ဒီးဒုတ်ဦးဘချို နှင့် ဒေါ်စောမြဧကြည်









မူရင်းဆောင်းပါးကို ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၇၆၊ ဇူလိုင်၊ ၂၀၀၄။ စာမျက်နှာ ၉၀ - ၉၃ တွင် ဖတ်ရှုနိုင်ပါသည်။ မူရင်းဆောင်းပါးနှင့် ဓါတ်ပုံများအား ဤနေရာတွင် သုံးစွဲဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးက လူငယ်များကို စာဖတ်စေချင်သည့် စေတနာဖြင့် ပြောဆိုခဲ့သည့် စကားတစ်ခွန်းကို သတိရမိပါသည်။ ဆံပင်ရှည်ထားပါ၊ စာဖတ်ပါ။ ဂျင်းဘောင်းဘီဝတ်ပါ၊ စာဖတ်ပါ။ ဆရာကြီး၏ စကားကိုမှီး နည်းနည်းမွမ်းမံရမည်ဆိုပါလျှင် ရဘ်သီချင်းဆိုပါ၊ စာဖတ်ပါဟုသာ ဆိုချင်ပါသည်။

စောသက်လင်း

 * * * * * * * * * *

10.5.11

၂၈-၈-၈၈ နေ့ ဗိုလ်တထောင် သတင်းစာမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး။






 * * * * * * * * * * * * * * * * 

မကြာမီ.... သတင်းစာဟောင်းများပေါ်မှ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ခေတ် နိုင်ငံ့ သမ္မတကြီးများ၏ ပုံရိပ်များ။

 * * * * * * * * * * * * * * * * 


8.5.11

ဖတ်မိဖတ်ရာ......၀င်းငြိမ်း၊ ခင်နှင်းယုသည် မွှေးလား မွှေးသည် ခင်နှင်းယုလား။


သိမ်းဆည်းထားသည့် မဂ္ဂဇင်းဖြတ်စများထဲမှ ဆရာဦးဝင်းငြိမ်းနှင့် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုတို့၏ စာပေ အင်တာဗျူးအား ဖော်ပြလိုက်ပါသည်။ စာရိုက်ရမှာ ပျင်းသဖြင့် စကင်လိုက်ပါသည်။ မူရင်းကို ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၆၀၊ မတ်လ၊ ၂၀၀၃။ စာမျက်နှာ ၇၈ - ၈၆ တွင် ဖတ်ရှုနိုင်ပါသည်။ 

မူရင်းဆောင်းပါးနှင့် ဓါတ်ပုံများအား ဤနေရာတွင် သုံးစွဲဖော်ပြခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။ ဆရာမကြီး၏ ကိုယ်ရေးအကျဉ်းကို အောက်ပါ လင့်များတွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။

http://www.myanmarbookshop.com/Authors/Biography.aspx?intAuthorID=252

http://wikimyanmar.co.cc/wiki/index.php?title=ခင်နှင်းယု






မူရင်း
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊၊ အမှတ် ၁၆၀၊ မတ်လ၊ ၂၀၀၃။ စာမျက်နှာ ၇၈ - ၈၆။


* * * * * * * * * * * * * * * * * * * *




 ခင်နှင်းယု ၊ လက်ရွေးစင် ဝတ္ထုတိုများ (၁၉၅၂ - ၁၉၉၆)
ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ်၊ ၁၉၉၆ သြဂုတ်။


* * * * * * * * * * * * * * * * * * * *