27.4.11
ရထားပေါ်မှာ ဖတ်တဲ့စာ.....၁ ။
အသွား တစ်နာရီ၊ အပြန် တစ်နာရီကြာသော ရထားပေါ်မှာ နေ့စဉ် ဖတ်ဖြစ်သည့် စာအုပ်များထဲမှ တစ်မျိုးတမည် ခံစားမိသည့် စာများ ဖြစ်ပါသည်။ ဆရာကျော်ဝင်း ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်မှ အစပိုင်း အခန်း နှစ်ခန်းကို တိုက်ရိုက်တင်ပြပါသည်။ ဖတ်ကြည့်သင့်သည့် ဆောင်းပါးတစ်ပုဒ် ဖြစ်သည်ဟု ထင်ပါသည်။ ဤနေရာတွင် ဖော်ပြခွင့်ပြုပါရန် မူရင်းဆောင်းပါးပိုင်ရှင် ဆရာကျော်ဝင်းအား  ဤစာဖြင့် ပန်ကြားအပ်ပါသည်။
ကျော်ဝင်း
သခင်သန်းဖေ၊ သခင်နု နှင့် ဦးကျော်ငြိမ်း တို့ကို ၂၁ ရာစုသို့ ပြန်ခေါ်ကြည့်ခြင်း
The Waves Magazine, 2/11. April. 2011 
(စာမျက်နှာ ၉၇ - ၁၀၀ ။ )
အဖွင့်ဇာတ်ကွက်
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေး ကြေညာပြီး နာရီပိုင်းအကြာ ....။ ဤနေ့၊ ဤအချိန်တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ယာယီပါလီမန် (တိုင်းပြုပြည်ပြု လွှတ်တော်) အစည်းအဝေးကို ကျင်းပခဲ့သည်။ ဤအစည်းအဝေးကြီးမှာပင် ၀န်ကြီးချုပ် သခင်နုက ယမန်နှစ် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ချုပ်ဆိုခဲ့သော အင်္ဂလိပ် - မြန်မာ စာချုပ် (နု အက်တလီ စာချုပ်) ကို အတည်ပြုရန် တင်သွင်းခဲ့ပါသည်။ ဤတွင် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) မှ ဖြူးပါလီမန်အမတ် သခင်သန်းဖေက ထိုစာချုပ်ကို အတည်မပြုရန် ဝေဖန် ကန့်ကွက်ခဲ့သည်။
သခင်သန်းဖေ၏ ဝေဖန်ချက်ကို အနှစ်ချုပ်လိုက်လျှင် အချက် သုံးချက်ကို တွေ့နိုင်ပါလိမ့်မည်။
၁။ ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က ကြေညာလိုက်သော လွတ်လပ်ရေးမှာ နု အက်တလီ စာချုပ်ကြောင့် ထွက်ပေါ်လာသည်မဟုတ်။ နှစ်ပေါင်း ၁၂၀ ကျော် အဆက်မပြတ် တိုက်ခိုက်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲ၏ အကျိုးဆက်သာဖြစ်သည်။ ဤသို့ မြန်မာ့သွေးနှင့်ရင်းပြီး မြန်မာ့အားနှင့် တိုက်ခဲ့ရသည့် လွတ်လပ်ရေး  ဖြစ်သည့်အတွက် မိမိတို့ ကွန်မြူနစ်များအနေနှင့် ၀မ်းပန်းတသာ ကြိုဆိုသည်။
၂။ သို့သော် အဆိုပါစာချုပ်မှာပင် ဗြိတိသျှစစ်မစ်ရှင်မှလွဲ၍ ဓနသဟာရအဖွဲ့ ပြင်ပရှိ နိုင်ငံများမှ မည်သည့် စစ်မစ်ရှင်ကိုမှ လက်မခံရ ဆိုသော အချက်ပါရှိသဖြင့်၊ မြန်မာ့လွတ်လပ်ရေးကို အင်္ဂလိပ်က စစ်ရေးအရ စွက်ဖက်ခြယ်လှယ်ရာ ရောက်နေသည်။
၃။ ထို့ထက် အရေးကြီးသည်မှာ၊ အင်္ဂလိပ်နယ်ချဲ့သမားဘက်မှ စီးပွားရေးအရ ဆက်လက် သွေးစုပ်နိုင်မည့် ရေခံမြေခံအချို့ စာချုပ်တွင် ပါရှိနေခြင်းဖြစ်သည်။  မြန်မာအစိုးရက ပေးဆပ်ရမည့် အကြွေး ၄၉ ဒသမ ၆၇ ကုဋေနှင့် နိုင်ငံခြားကုမ္ပဏီများကို ပြည်သူပိုင်သိမ်းလျှင် လျော်ကြေး ပေးရမည်ဆိုသော အချက်များမှာ ထင်ရှားသော သာဓကများဖြစ်သည်။ သို့အတွက် စာချုပ်အရ အင်္ဂလိပ်ပေးသည့် လွတ်လပ်ရေးမှာ နိုင်ငံရေးအရ လွတ်လပ်သော်လည်း စီးပွားရေးအရ မလွတ်လပ်သဖြင့် အဆိုပါစာချုပ် (နုအက်တလီစာချုပ်) ကို မြန်မာ ပါလီမန်မှ အတည်မပြုသင့်ကြောင်း တင်ပြသွားပါသည်။
သခင်သန်းဖေ၏ ဝေဖန်ချက်ကို ပထမဆုံး ၀န်ကြီးချုပ် သခင်နုက ပြန်လည် ချေပပါသည်။ သူက ဗြိတိသျှစစ်မစ်ရှင် (သခင်နု စကားအရဆိုရလျှင် ဗြိတိသျှစစ်အတတ်သင်အဖွဲ့) ကိစ္စကို စရှင်းသည်။ အမှန်စင်စစ်ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ကိုတောင်းဆိုခဲ့သည်မှာ  မြန်မာဘက်မှသာဖြစ်ကြောင်း   မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်ကြားပေးနိုင်ရန် ဤသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ဤသို့ အင်္ဂလိပ်စစ်မစ်ရှင်နှင့် စစ်ပညာသင်ကြားနေစဉ် အခြားမစ်ရှင်များကို လက်မခံဖို့ သဘောတူခဲ့သည်မှာ 'ဆရာများ သားသေ' မဖြစ်စေလို၍သာဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး စီးပွားရေးအရ မလွတ်လပ်ဆိုသော အချက်ကို ပြန်လည်ချေပသည်။ အထူးသဖြင့် နိုင်ငံခြား ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းလျှင် လျှော်ကြေးပေးရမည်ဆိုသောအချက်ကို၊ ထိုစဉ်က ဆိုရှယ်လစ်နိုင်ငံ တစ်ခုဖြစ်သော ယူဂိုဆလားဗီးယားနှင့် နှိုင်းယှဉ်ပြီး ယခုလိုဆိုသည်။ "ဆိုဗီယက် ရုရှားနဲ့ ကပ်နေပြီး အင်မတန် တန်ခိုးကြီးတဲ့ စတာလင် တစ်ယောက်လုံး အားကိုးရှိတဲ့ ယူဂိုဆလားဗီးယားတောင်မှ လျော်ကြေးပေးသေးရင်၊ ကျွန်တော်တော့ ခပ်ရှင်းရှင်းပဲ ပြောပါရစေ။ ဂျိုရှီတို့၊ ဂိုရှယ်တို့ဆိုတဲ့ တစ်ယောက်စ နှစ်ယောက်စ အားကိုးနဲ့ မြန်မာပြည်မှာ လျော်ကြေး မပေးဘဲ အတင်းသိမ်းတဲ့ အလုပ်ကိုတော့ ကျွန်တော်တို့ မလုပ်ရဲဘူး။ ဒီလို လုပ်ရမယ်လို့ ကွန်မြူနစ်တွေ ယုံကြည်ရင်တော့ အတင်းသိမ်းကြပါ။....." (ဂျိုရှီမှာ ထိုစဉ်က အိန္ဒိယကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး ဂိုရှယ်မှာ ဗကပ ပေါလစ်ဗျူရို အဖွဲ့ဝင် ဘင်္ဂါလီလူမျိုးဖြစ်သည်။)
ထို့နောက် ဦးကျော်ငြိမ်းက သခင်နု ချေပချက်ကို ထောက်ခံတင်ပြပါသည်။ သူကလည်း စီးပွားရေးအရ မလွတ်လပ်ဆိုသော စွပ်စွဲချက်ကို ဦးတည်ရှင်းသည်။ အထူးသဖြင့် ကြွေးမြီကိစ္စကို အခြားနိုင်ငံများနှင့် ယှဉ်ပြပြီး ကွန်မြူနစ်များ ပုံကြီးချဲ့သလောက် ပြဿနာ မရှိနိုင်ကြောင်း ထောက်ပြသည်။ အကယ်၍ အကြွေး တစ်ပြားမှ မဆပ်ဘဲ လွတ်လပ်ရေး ဇွတ်ကြေညာလျှင်လည်းဖြစ်ကြောင်း၊ သို့သော် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုမူ လက်တွေ့ကျကျ သုံးသပ်ဖို့လိုကြောင်း၊ မိမိတို့ အနေနှင့် အေးအေးညောင်းညောင်း ဖြစ်နိုင်မည့် လမ်းကြောင်းကိုသာ ရွေးချယ်သင့်ကြောင်း ရှင်းပြသည်။
ပြောရလျှင် ဤ 'ဒီဘိတ်' ကြီးသည်ပင်၊ မြန်မာ့လွတ်လပ်ရေး၏ အဖွင့်ဇာတ်ကွက်ဖြစ်ပါသည်။ မကြာမတင်လာတော့မည့် ပြည်တွင်းစစ် ဇာတ်နာကြီး၏ အဖွင့်တီးလုံးဟုလည်း ဆိုနိုင်လိမ့်မည်ထင်ပါသည်။
ချဉ်းကပ်မှု နှစ်မျိုး
သခင်သန်းဖေက သူယုံကြည်သော ကွန်မြူနစ်စံများနှင့် လွတ်လပ်ရေးကို ဝေဖန်သည်။ နိုင်ငံခြား အရင်းအနှီးဆိုလျှင် လွတ်လပ်ရေးကို နှောင်ကြိုးတဲထားသည့် သွေးစုပ်မှု ရေခံမြေခံ။ စီးပွားရေးအရ မလွတ်လပ်လျှင် နိုင်ငံရေးအရ လွတ်လပ်မှုမှာ ဘာမှအဓိပ္ပာယ်မရှိ။ သို့အတွက် အတုအယောင် လွတ်လပ်ရေး၊ သခင်နုတို့ကမူ တိုင်းပြည်၏ ပကတိအရှိအပေါ် အခြေခံပြီး လက်တွေ့ ဖြစ်နိုင်ခြေကိုသာ စဉ်းစားသည်။ ဖြစ်နိုင်လျှင် သူတို့ ကိုယ်တိုင်က ဘာအကြွေးမှ မပေးချင်၊ ဘာလျော်ကြေးမှ မပေးချင်။ သို့သော် နောက်ထပ် စစ်ပွဲတစ်ပွဲနှင့် ရင်းရမည်ကိုကား မလိုလား။ နောက်ဆုံး နာကျင်မှု အနည်းဆုံး လမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်ပါလိမ့်မည်။
သို့နှင့်တိုင် ထိုစဉ်ကာလ စာရေးသူမှာ (ဆရာကျော်ဝင်း) လူပျိုပင် မဖြစ်တတ်သေးသော ဆယ်ကျော်သက်အရွယ်။ မာ့ခ်ဝါဒ သဘောတရားကျမ်းကြီးများကို မမီမကန်းနှင့် အငမ်းမရ ဖတ်နေချိန်။ လက်တွေ့ ဖြတ်သန်းမှုဆို၍လည်း ဘာတစ်ခုမှ မရှိသေးသည်ဖြစ်ရာ "သွေးစုပ်မှု ရေခံမြေခံ" စသော စကားလုံး ပြောင်ပြောင်တွေအပေါ် ယောင်နနစွဲလမ်းနေမိသည်ကို ၀န်ခံရပါလိမ့်မည်။ ယခု နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါး ကြာသောအခါတွင်ကား၊ ထိုစဉ်က "သွေးစုပ်မှု ရေခံမြေခံ" ယခုအခေါ် FDI (နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု) ကို အနီဆုံး နိုင်ငံကြီးများကပင် တံခါးကျယ်ကျယ်ဖွင့်၍ အပြိုင်အဆိုင် ဖိတ်ခေါ်နေကြပေပြီ။ ယခင် နားလည်ချက်အရ ဆိုရလျှင်၊ သွေးစုပ်ခံရမည့်ဘက်က "လာပါ ယူပါ" ခေါ်နေရချိန်တွင်၊ သွေးစုပ်မည့်ဘက်က စုပ်သင့် မစုပ်သင့် ချိန်ဆနေရသလိုပင် ဖြစ်တော့သည်။ ဤသည်ပင် သမိုင်း၏ "ထေ့ငေါ့သရော်စရာ"  (Ironic) ဟု ဆိုရချေမည်လားမသိ။
* * * * * * * *
No comments:
Post a Comment