![]() |
| ပြည်မြို့ |
ဒီနေ့ညတော့ ပြည်မြို့ကို သတိရနေမိသည်။ ပြည်မှာဆောင်း ကို စိတ်ကူးထဲ သီဆိုရင်း ခိုနားခဲ့ဖူးသည့် ပြည်မြို့ ဆောင်းညများကိုလည်း လွမ်းနေမိသည်။ မရည်ရွယ်ခဲ့ပဲနှင့် ပြည်မြို့သည် အမှတ်တရများကို သယ်ဆောင်ပြီး ဘ၀ထဲ ၀င်ရောက်လာခဲ့သည်။
လတ်ဆတ်သော ဒဏ်ရာများဖြင့် စိုးရွံ့နေသော ကျွန်တော်တို့ကို ရင့်ကျက်သော ဒဏ်ရာများဖြင့် ပြည်မြို့က တည်ငြိမ်စေခဲ့သည်။ ပြည်မြို့သည် ဧရာဝတီမြစ်ဖြင့် ကျွန်တော်တို့ကို ဆီးကြိုခဲ့သည်။ သဲသောင်များဖြင့် ထွေးပွေ့ခဲ့သည်။ ကိုဆွေ၏ နေကြာပန်းများဖြင့် လန်းဆန်းစေခဲ့သည်။ ပြည်မြို့ခံ စာရေးဆရာများ ထုတ်ဝေသော ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကလေး ၀ယ်ဖတ်ဖြစ်ခဲ့သည်။ သဲသောင်ပြင်ကြီးပေါ် ကျင်းပခဲ့သော ကဗျာရွတ်ပွဲများမှာ နားထောင်ဖြစ်ခဲ့သည်။ ကျွန်တော်သည် ပြည်မြို့ကို ချစ်မြတ်နိုးသွားခဲ့ပါသည်။ ပြည်မြို့၏ အေးရိပ်အောက်တွင် ကျွန်တော်သည် ၂ နှစ်ကျော် ခိုနားခဲ့ဖူး၏။
၂၀၀၁ ခုနှစ် နှစ်လယ်လောက်တုန်းက ပြည်မြို့တွင် လူမျိုးရေး၊ ဘာသာရေး ထိခိုက်မှုဖြစ်ပြီး မနက် ၆ နာရီ ည ၆ နာရီ အပြင်မထွက်ရ အခြေအနေ တစ်ခုဖြစ်ခဲ့ဖူးသည်။ စာသင်ခန်းများ စောစော ဆင်းကြသည်။ ညဆိုလျှင် ကားလမ်းများပေါ် ရှင်းလင်းသွားခဲ့သည်။ ကျွန်တော်တို့သည် ငှားနေသည့် အဆောင်ရှေ့ ကားလမ်းပေါ် ခုံတန်းလျားများချပြီး တညလုံးလိုလို ဂစ်တာတီး သီချင်းဆိုခဲ့ကြသည်။ အာရုဏ်တက်နေပြီဖြစ်သဖြင့် ပုလင်းထဲမှ လက်ကျန် အရက်ကို နည်းနည်းစီ ခွဲဝေသောက်ခဲ့ကြသည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာကို အသံတိတ် လွမ်းခဲ့ကြသည်။
ပြည်မြို့အကြောင်း ဘယ်က စပြောကြမလဲ။ ကျွန်တော် မသိပါ။ ဗေဒါရီက စမလား၊ မှော်ဇာက စကြမလား။ ဒွတ္တဘောင်အကြောင်းက စကြမလား။ ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ တလှည့်စီ သိမ်းပိုက်ခဲ့ကြသည်က စမလား။ ဒါမှမဟုတ် ဧရာဝတီမြစ်အကြောင်းက စမလား။ ကျွန်တော် မသိပါ။ ကျွန်တော် သိသည်မှာ.....။ သိသည်ဟု ထင်သယောင် ရှိသည်မှာ....၊...ပြည်မြို့၏ ၀ိဉာည် မှတ်ဉာဏ်များအပေါ်မှာ ဖုံးအုပ်နေပြီဖြစ်သည့် အချိန်ကာလအချို့ကို ဖယ်ရှား လိုက်လျှင်တော့ နှလုံးသွေးများ ပွက်ထနေသည့် နေ့ရက်များကို ပြန်လည် အမှတ်ရနိုင်ပါသည်။ သည်လိုနေ့ရက် များစွာကို ပြည်မြို့ ရင်ဆိုင်ခဲ့ရသည်။
သတင်းစာ အဟောင်းများကို ပြန်လှန်ဖတ်ရင်း ပြည်မြို့၏ ဒဏ်ရာတစ်ခုကို မြင်မိသဖြင့် ကျွန်တော်သည် ပြည်မြို့ကို သတိရသွားခဲ့သည်။ ပြည်မြို့ကို နှုတ်မဆက်ပဲ ကျွန်တော် ခွဲခွာခဲ့သည်မှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလ အတွင်းဖြစ်သည်။ သည်နောက်တော့ ၃ ၊ ၄ ကြိမ် မြို့ကို ဖြတ်သွားခဲ့သည်မှ နောက်ထပ် ခြေမချ ဖြစ်တော့ပါ။ အချိန်အခါသင့်ပြီး ဥတုရာသီ ကောင်းမွန်သည့် တစ်နေ့ကျရင်တော့ မိတ်ဆွေများနှင့် ပြည်မြို့တွင် ပြန်လည်တွေ့ဆုံကြမည်ဟု မျှော်လင့်မိပါသည်။ အဲ့ဒီအခါကျရင်တော့ နဒီမင်္ဂလာကို အတူတူ သီဆိုကြမည်ဟု ......
"....မပြေလည်တာတွေ... အမှောင်ရိပ်ထဲ.... ထားခဲ့ကွယ်....မကြာခင်ဆိုရင်.... မိုးလင်းနိုးထတော့မယ်......"
စောသက်လင်း
![]() |
| ပြည်နည်းပညာတက္ကသိုလ် |
![]() |
| ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့ |
![]() |
| ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့ |
![]() |
| ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့ |
![]() |
| ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့ |
![]() |
| ဗိုလ်တထောင် သတင်းစာ၊ ၂၈-၈-၈၈ ၊တနင်္ဂနွေနေ့ |
* * * * * * * * * *
မကြာမီ .... ကွန်မြူနစ် ကတော်များ၊ ၁ ။ သခင်ဗဟိန်း၏ ဇနီး မခင်ကြီး။
ဖတ်မိဖတ်ရာ .... သိန်းဖေမြင့်၊ မိတ်ဆွေကြီး အဂ္ဂါစနိုး ကွယ်လွန်ရှာပြီ။
* * * * * * * * * *







2 comments:
ပြည် ရဲ့ ဒဏ်ရာ အဟောင်းတွေ သတိရသွားပါတယ်..
၈၈ တုန်းကတော့ ၅ တန်းပဲ ရှိသေးတာ.. ကျောင်းတွေ ပိတ်သွားတဲ့ အချိန်မှာ နေမကောင်းဖြစ်လို့ ရုတ်ရုတ်သဲသဲ တွေ ကြားထဲ ဆေးခန်း သွားခဲ့ရတာ မှတ်မိနေပါသေးတယ်..
ပြည်မြို့ ကို စာကနေတဆင့် အလည်ရောက်ခဲ့ပါတယ်
ခင်ဝမ်းရဲ့  ပြည်မြို့  တစ်ခေါက်တစ်ခါဖြင့် ရောက်အောင် သွားပါမည် ကြိမ်းထားတာဖြင့် ကြာပေါ့လေ . . .
ဆုံးဖြတ်ခွင့် မရှိတော့တဲ့ . . .
နောင်တတွေနဲ့ လူ . . .
တကယ့်အမှတ်တရဒဏ်ရာ ပြည် သတင်းတွေ စုစုစည်းစည်း
လေးစားပါတယ် . . .
Post a Comment