17.4.11

ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူမှု ဥပမာ နှစ်ခု။

နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် ပြည်သူများက အလိုအလျှောက် ရွေးချယ် သတ်မှတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များတွင် တုနှိုင်းမမီသည့် ကိုယ်ရည်ကိုယ်သွေး များစွာရှိပါသည်။ ထိုကိုယ်ရည်ကိုယ်သွေးများထဲတွင် တာဝန်ယူတတ်ခြင်း၊ တာဝန်ယူနိုင်ခြင်း၊ တာဝန်ယူရဲခြင်း စိတ်ဓါတ်သည် ထိုခေါင်းဆောင်များ၏ ဂုဏ်သိက္ခာ တစ်ခု ဖြစ်သည်။ ထိုဂုဏ်သိက္ခာသည် ခေါင်းဆောင်များ၏ ပကတိ အဆင့်အတန်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း ဂုဏ်သိက္ခာအကြောင်းကို ကျွန်တော် တွေးတောနေမိသည်။ ယခု အချိန်ထိ သူ့ကို ပြည်သူများက နှလုံးသွေးဖြင့်ရင်း စွဲလမ်းနေကြခြင်း၏ အကြောင်းရင်း တစ်ခုသည် သူ၏ တာဝန်ယူရဲခြင်း စိတ်ဓါတ်ကြောင့် ဖြစ်သည်။ ကျွန်တော် တွေးနေမိသည်မှာ ၁၉၃၆ ခုနှစ် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၏ တာဝန်ယူရဲခြင်း နှင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ဗိုလ်တေဇ ဘ၀က လုပ်ဆောင်ခဲ့မှု တစ်ခုအတွက် ၁၉၄၆ နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း အကြောင်း နှစ်ခုဖြစ်သည်။

အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးသားခဲ့ကြသည့် ဆောင်းပါးပေါင်း များစွာထဲမှ ကျွန်တော် အနှစ်သက်ဆုံးများမှာ ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာ  နှင့် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ်ထဲတွင် ရေးသားထားသည်များ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ နတ်မောက်မဂ္ဂဇင်း အမှတ် ၂ တွင် ဆရာကြီး ဒဂုန်တာရာ ရေးသားခဲ့သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ဆောင်းပါးကို ဖျတ်ခနဲ တွေ့ရသော....စာအုပ်တွင် ပြန်လည်ဖော်ပြထားပါသည်။ ထိုအထဲမှ အနည်းငယ် ကောက်နှုတ် တင်ပြလိုပါသည်။

"သူ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်စဉ်က သူတည်းဖြတ်သော မဂ္ဂဇင်းထဲတွင် ထိုအခါက တက္ကသိုလ် အာဏာပိုင်တစ်ဦး၏ မနှစ်မြို့ဖွယ်ရာ သူတစ်ယောက်အကြောင်းကို ပြောင်လှောင်ရေးထားသော ဆောင်းပါး ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။ ရေးသူက ကိုညိုမြ။ တက္ကသိုလ် သပိတ်မှောက်ကိစ္စ အခိုးအငွေ့များ ထွက်နေစဉ် တက္ကသိုလ် အာဏာပိုင်တို့က ကျောင်းမှ အယ်ဒီတာ ကိုအောင်ဆန်းကို ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ဆောင်းပါးရေးသူ၏ အမည်ကို ဖော်ထုတ်ပါဟု ဆိုသည်။ သူ မဖော်ထုတ်။ ဆောင်းပါးရေးသူကို ဖော်ထုတ်လျှင် သူ့ကို ကျောင်းမထုတ်ဘဲ ဆောင်းပါးရေးသူကိုသာ အပြစ်ပေးမည်ဟု ယူဆရသည်။

သူက သူ တာဝန်ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ထို့ကြောင့် ကျွန်တော်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို စွဲလမ်းသွားသည်။"  (ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၁၃၃)



အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ ၁၉၃၆ ခုနှစ်
(ဓါတ်ပုံကို ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ် ၊ စာမျက်နှာ ၁၂၉ မှ ရယူတင်ပြထားပါသည်)


မျက်နှာဖုံး - ပေါ်ဦးသက်
ရုပ်ပုံလွှာ ၊ ဒဂုန်တာရာ ၊ ပုဂံစာအုပ်တိုက် ၊ ဒုတိယအကြိမ် ၊ ၁၉၆၃ ခုနှစ်



မျက်နှာဖုံး ပန်းချီ - ပိုပို
ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ ၊ ဒဂုန်တာရာ
ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၇ ဒီဇင်ဘာ ၁


ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ စိတ်ဝင်စားဖို့   ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။

၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်)
    ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊ 

၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင်
   Last and First in Burma by Maurice Collis
   ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊

"ရွာလူထုက တိုင်ကြား

ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ သာဆောင်ရန်းမှ   တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့

ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။

စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်) ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု မကြားခဲ့ရပေ။"

(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀)

အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ အစည်းအဝေးကို  ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ် စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့်   မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊ စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။)

ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက် စစ်ဘက်  ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။

"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက  ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"

(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)

ဂုဏ်သိက္ခာရှိစွာဖြင့် တာဝန်ယူတတ်သော အမျိုးသား ခေါင်းဆောင်ကြီးသည် သူချစ်မြတ်နိုးလှသော တိုင်းပြည်ကို ချန်ထားရစ်ကာ ထွက်ခွာသွားခဲ့လေပြီ။ တိုင်းပြည်မှာတော့ ကျန်ရစ်နေသေးသည့် တာဝန်မယူတတ်သူတို့နှင့် ရှေ့သို့ ဆက်၍ .......... ။




မျက်နှာဖုံး ဒီဇိုင်း - သန်းမြင့်အောင်


မျက်နှာဖုံး ပန်းချီ - လင်းဝဏ္ဏ ဒီဇိုင်းဖွဲ့သည်


ဓါတ်ပုံကို မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ်၊ စာမျက်နှာ ၄၂၄ မှ ကူးယူ တင်ပြထားပါသည်။


- စာအုပ်များ၊ ဆောင်းပါးများ၊ ဓါတ်ပုံများ၊ အချက်အလက်များကို မှီငြမ်း သုံးစွဲခွင့်ပြုပါရန်
  သက်ဆိုင်သူများအားဤစာဖြင့် ပန်ကြားအပ်ပါသည်။
- ဆောင်းပါးများမှ တိုက်ရိုက်ကူးယူထားသည်များကို အနီရောင် စာလုံးများဖြင့် ဖော်ပြအပ်ပါသည်။  

 စောသက်လင်း

 * * * * * * * * *

1 comment:

Thu said...

I've read translation of "Last and First in Burma" by Bo Tin Sein, Saya Aung Kyaw might be another.
BTW, Saya U Kyaw Aung was warden of the Sagaing hall,YU when Ex-Gen.Khin Nyunt attended Inter B class with Capt.Win Thein, U Saw Ba Myint (YU registerer) during 1957-58.
Saya U Aung Kyaw became a Chair of Literature Organization and awarded national prize, looked after by his old hostler Gen. khin Nyunt after meeting of YU Diamond jubilee, 1995.
A journalist said he got openly criticized by popular lady novelist, once PA of prime U Nu.

Post a Comment