27.4.11
ရထားပေါ်မှာ ဖတ်တဲ့စာ .... ၂ ။
ဇာတ်လမ်းအစကိုတော့ ဆရာဖေမြင့်၏ နှလုံးသားအာဟာရ စာအုပ်ထဲမှာပါသည့် စာတစ်ပုဒ်ကို ကူးချပြီး စရမည် ထင်သည်။ လူတိုင်းလိုလို သိပြီးဖြစ်မည့် အကြောင်းအရာဟု ထင်ပါသည်။
မဟတ္တမ ဂန္ဒီရဲ့ ဖိနပ်တစ်ရံ
တစ်နေ့ မဟတ္တမ ဂန္ဒီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ် ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဒီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
"ဟာ ဘာလုပ်တာလဲ" ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဒီကြီးက ပြုံးပြီး "စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံရသွားပြီပေါ့ဗျာ။ အဲဒါဆို သူစီးလို့ ရသွားပြီ" ဟုဖြေလေသည်။ 
(မူရင်း - The Little, Brown Book Anecdotes မှ အမည်မသိ စာရေးသူ၏ Shoes)   EBook မှ ယူပါသည်။
နောက်ထပ် ကျွန်တော်ဖတ်ပြီး မှတ်သားခဲ့ဖူးသည်မှာ ဂန္ဒီကြီးနှင့်ပင်ဆိုင်သည်။ ကျွန်တော် အမှတ်မမှားလျှင် ဆရာမောင်ပေါ်ထွန်း ဘာသာပြန်ဆိုထားသည့် သန်းခေါင်ယံလွတ်လပ်ရေး (Freedom at Midnight by Larry Collins and Dominique Lapierre, 1975)  စာအုပ်မှ ဖြစ်လိမ့်မည်။ ဘယ်စာအုပ်ကဖြစ်ဖြစ် ကိစ္စ သိပ်မရှိပါဟု ထင်ပါသည်။
မဟတ္တမ ဂန္ဒီကြီး ခရီးတစ်ခုသို့ တတိယတန်း မီးရထားတွဲဖြင့် သွားသည်။ ထိုအချိန်က တတိယတန်းတွဲသည် အဆင့်အနိမ့်ဆုံးဖြစ်သည်။ ဆင်းရဲသားများဖြင့် ပြွတ်သိပ် တိုးဝှေ့စီးရသည်။ ထိုအကြောင်းကို သိသောအခါ လူတစ်ယောက်က ဘာလို့ တတိယတန်းဖြင့် သွားသလဲ ဟု မေးသည်။ ဂန္ဒီကြီးက စတုတ္ထတန်း မရှိလို့ပါ ဟု ဖြေသွားခဲ့သည်။
ဂန္ဒီကြီး တတိယတန်းမှာ တိုးဝှေ့ စီးရသဖြင့် ဖိနပ် ကျွတ်ကျခဲ့ရသည်လား မသိ။ ဖြစ်ရပ်နှစ်ခုသည် ခရီးစဉ် တစ်ခုအတွင်းမှာ ဖြစ်ခဲ့သည်လား....ကျွန်တော်မသိပါ။ ဘယ်ခရီးစဉ်မှာဖြစ်ဖြစ် ကိစ္စ သိပ်မရှိပါဟု ထင်ပါသည်။
ကျွန်တော် ပြောချင်သည်မှာ ဂန္ဒီကြီး အကြောင်းမဟုတ်ပါ။ ရထားပေါ်မှာ ဖတ်ဖြစ်ခဲ့သည့် ကဗျာ တစ်ပုဒ်အကြောင်း ဖြစ်ပါသည်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် ဆရာ ခေးကို ၏ ကဗျာဖြစ်သည်။
ကျားသားမိုးကြိုးကိစ္စ
ဂန္ဒီလို
ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကိုပါ
ပစ်ချပေးထားခဲ့လိုက်ဖို့
ကျားသားမိုးကြိုး
ရထားပေါ်မှာတော့
ဖိနပ်ပိုင်ရှင်တွေအားလုံး
ကိုယ်စီ ကိုယ်စီ
ခြေချောင်းတွေ အားစိုက်ကုပ်ကွေးလို့။
ခေးကို 
ဤကဗျာကို ညွန်းဆိုပြီး ရေးဖွဲ့ထားသော ရသစာတမ်းဆောင်းပါးများ ရှိပါသည်။ ၂၀၁၀ နိုဝင်ဘာလ ပိတောက်ပွင့်သစ် မဂ္ဂဇင်း တွင်ပါရှိသော ဆရာနီဟိန်းမော်၏ သိုးယောင်ဆောင်သော စနေနေ့များ နှင့် ၂၀၁၁ မတ်လ ပိတောက်ပွင့်သစ် မဂ္ဂဇင်း တွင် ဖော်ပြပါရှိသော ဆရာသော်ဇင်အုန်း၏ တစ်ရံလုံး ပေးလိုက်မှာလား တို့ ဖြစ်ကြပါသည်။
မနက်ဖြန် မနက် ရထားပေါ်အတက်မှာ ဖိနပ် မကျွတ်အောင် မင်းရော ခြေချောင်းတွေကို ကုတ်ထားမှာလား၊ တစ်စုံတယောက်က ကျွန်တော့်ကို မေးနေသည်။ ဒါလား....အင်း....ဒီနေ့ညတော့ မိုးချုပ်နေလို့ပါဗျာ။ အဆင်ပြေရင် မနက်ဖြန်မှ ဒီကိစ္စ ဆက်ဆွေးနွေးကြတာပေါ့နော်။
ထွက်ပေါက်ရသွားသလို သက်ပြင်းခိုးချလိုက်သည်။ ညသည် အရာအားလုံးကို မသိချင်ယောင်ဆောင်နေ၏။
စောသက်လင်း
* * * * * * * *
ရထားပေါ်မှာ ဖတ်တဲ့စာ.....၁ ။
အသွား တစ်နာရီ၊ အပြန် တစ်နာရီကြာသော ရထားပေါ်မှာ နေ့စဉ် ဖတ်ဖြစ်သည့် စာအုပ်များထဲမှ တစ်မျိုးတမည် ခံစားမိသည့် စာများ ဖြစ်ပါသည်။ ဆရာကျော်ဝင်း ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်မှ အစပိုင်း အခန်း နှစ်ခန်းကို တိုက်ရိုက်တင်ပြပါသည်။ ဖတ်ကြည့်သင့်သည့် ဆောင်းပါးတစ်ပုဒ် ဖြစ်သည်ဟု ထင်ပါသည်။ ဤနေရာတွင် ဖော်ပြခွင့်ပြုပါရန် မူရင်းဆောင်းပါးပိုင်ရှင် ဆရာကျော်ဝင်းအား  ဤစာဖြင့် ပန်ကြားအပ်ပါသည်။
ကျော်ဝင်း
သခင်သန်းဖေ၊ သခင်နု နှင့် ဦးကျော်ငြိမ်း တို့ကို ၂၁ ရာစုသို့ ပြန်ခေါ်ကြည့်ခြင်း
The Waves Magazine, 2/11. April. 2011 
(စာမျက်နှာ ၉၇ - ၁၀၀ ။ )
အဖွင့်ဇာတ်ကွက်
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေး ကြေညာပြီး နာရီပိုင်းအကြာ ....။ ဤနေ့၊ ဤအချိန်တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ယာယီပါလီမန် (တိုင်းပြုပြည်ပြု လွှတ်တော်) အစည်းအဝေးကို ကျင်းပခဲ့သည်။ ဤအစည်းအဝေးကြီးမှာပင် ၀န်ကြီးချုပ် သခင်နုက ယမန်နှစ် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ချုပ်ဆိုခဲ့သော အင်္ဂလိပ် - မြန်မာ စာချုပ် (နု အက်တလီ စာချုပ်) ကို အတည်ပြုရန် တင်သွင်းခဲ့ပါသည်။ ဤတွင် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) မှ ဖြူးပါလီမန်အမတ် သခင်သန်းဖေက ထိုစာချုပ်ကို အတည်မပြုရန် ဝေဖန် ကန့်ကွက်ခဲ့သည်။
သခင်သန်းဖေ၏ ဝေဖန်ချက်ကို အနှစ်ချုပ်လိုက်လျှင် အချက် သုံးချက်ကို တွေ့နိုင်ပါလိမ့်မည်။
၁။ ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က ကြေညာလိုက်သော လွတ်လပ်ရေးမှာ နု အက်တလီ စာချုပ်ကြောင့် ထွက်ပေါ်လာသည်မဟုတ်။ နှစ်ပေါင်း ၁၂၀ ကျော် အဆက်မပြတ် တိုက်ခိုက်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲ၏ အကျိုးဆက်သာဖြစ်သည်။ ဤသို့ မြန်မာ့သွေးနှင့်ရင်းပြီး မြန်မာ့အားနှင့် တိုက်ခဲ့ရသည့် လွတ်လပ်ရေး  ဖြစ်သည့်အတွက် မိမိတို့ ကွန်မြူနစ်များအနေနှင့် ၀မ်းပန်းတသာ ကြိုဆိုသည်။
၂။ သို့သော် အဆိုပါစာချုပ်မှာပင် ဗြိတိသျှစစ်မစ်ရှင်မှလွဲ၍ ဓနသဟာရအဖွဲ့ ပြင်ပရှိ နိုင်ငံများမှ မည်သည့် စစ်မစ်ရှင်ကိုမှ လက်မခံရ ဆိုသော အချက်ပါရှိသဖြင့်၊ မြန်မာ့လွတ်လပ်ရေးကို အင်္ဂလိပ်က စစ်ရေးအရ စွက်ဖက်ခြယ်လှယ်ရာ ရောက်နေသည်။
၃။ ထို့ထက် အရေးကြီးသည်မှာ၊ အင်္ဂလိပ်နယ်ချဲ့သမားဘက်မှ စီးပွားရေးအရ ဆက်လက် သွေးစုပ်နိုင်မည့် ရေခံမြေခံအချို့ စာချုပ်တွင် ပါရှိနေခြင်းဖြစ်သည်။  မြန်မာအစိုးရက ပေးဆပ်ရမည့် အကြွေး ၄၉ ဒသမ ၆၇ ကုဋေနှင့် နိုင်ငံခြားကုမ္ပဏီများကို ပြည်သူပိုင်သိမ်းလျှင် လျော်ကြေး ပေးရမည်ဆိုသော အချက်များမှာ ထင်ရှားသော သာဓကများဖြစ်သည်။ သို့အတွက် စာချုပ်အရ အင်္ဂလိပ်ပေးသည့် လွတ်လပ်ရေးမှာ နိုင်ငံရေးအရ လွတ်လပ်သော်လည်း စီးပွားရေးအရ မလွတ်လပ်သဖြင့် အဆိုပါစာချုပ် (နုအက်တလီစာချုပ်) ကို မြန်မာ ပါလီမန်မှ အတည်မပြုသင့်ကြောင်း တင်ပြသွားပါသည်။
သခင်သန်းဖေ၏ ဝေဖန်ချက်ကို ပထမဆုံး ၀န်ကြီးချုပ် သခင်နုက ပြန်လည် ချေပပါသည်။ သူက ဗြိတိသျှစစ်မစ်ရှင် (သခင်နု စကားအရဆိုရလျှင် ဗြိတိသျှစစ်အတတ်သင်အဖွဲ့) ကိစ္စကို စရှင်းသည်။ အမှန်စင်စစ်ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ကိုတောင်းဆိုခဲ့သည်မှာ  မြန်မာဘက်မှသာဖြစ်ကြောင်း   မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်ကြားပေးနိုင်ရန် ဤသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ဤသို့ အင်္ဂလိပ်စစ်မစ်ရှင်နှင့် စစ်ပညာသင်ကြားနေစဉ် အခြားမစ်ရှင်များကို လက်မခံဖို့ သဘောတူခဲ့သည်မှာ 'ဆရာများ သားသေ' မဖြစ်စေလို၍သာဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး စီးပွားရေးအရ မလွတ်လပ်ဆိုသော အချက်ကို ပြန်လည်ချေပသည်။ အထူးသဖြင့် နိုင်ငံခြား ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းလျှင် လျှော်ကြေးပေးရမည်ဆိုသောအချက်ကို၊ ထိုစဉ်က ဆိုရှယ်လစ်နိုင်ငံ တစ်ခုဖြစ်သော ယူဂိုဆလားဗီးယားနှင့် နှိုင်းယှဉ်ပြီး ယခုလိုဆိုသည်။ "ဆိုဗီယက် ရုရှားနဲ့ ကပ်နေပြီး အင်မတန် တန်ခိုးကြီးတဲ့ စတာလင် တစ်ယောက်လုံး အားကိုးရှိတဲ့ ယူဂိုဆလားဗီးယားတောင်မှ လျော်ကြေးပေးသေးရင်၊ ကျွန်တော်တော့ ခပ်ရှင်းရှင်းပဲ ပြောပါရစေ။ ဂျိုရှီတို့၊ ဂိုရှယ်တို့ဆိုတဲ့ တစ်ယောက်စ နှစ်ယောက်စ အားကိုးနဲ့ မြန်မာပြည်မှာ လျော်ကြေး မပေးဘဲ အတင်းသိမ်းတဲ့ အလုပ်ကိုတော့ ကျွန်တော်တို့ မလုပ်ရဲဘူး။ ဒီလို လုပ်ရမယ်လို့ ကွန်မြူနစ်တွေ ယုံကြည်ရင်တော့ အတင်းသိမ်းကြပါ။....." (ဂျိုရှီမှာ ထိုစဉ်က အိန္ဒိယကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး ဂိုရှယ်မှာ ဗကပ ပေါလစ်ဗျူရို အဖွဲ့ဝင် ဘင်္ဂါလီလူမျိုးဖြစ်သည်။)
ထို့နောက် ဦးကျော်ငြိမ်းက သခင်နု ချေပချက်ကို ထောက်ခံတင်ပြပါသည်။ သူကလည်း စီးပွားရေးအရ မလွတ်လပ်ဆိုသော စွပ်စွဲချက်ကို ဦးတည်ရှင်းသည်။ အထူးသဖြင့် ကြွေးမြီကိစ္စကို အခြားနိုင်ငံများနှင့် ယှဉ်ပြပြီး ကွန်မြူနစ်များ ပုံကြီးချဲ့သလောက် ပြဿနာ မရှိနိုင်ကြောင်း ထောက်ပြသည်။ အကယ်၍ အကြွေး တစ်ပြားမှ မဆပ်ဘဲ လွတ်လပ်ရေး ဇွတ်ကြေညာလျှင်လည်းဖြစ်ကြောင်း၊ သို့သော် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုမူ လက်တွေ့ကျကျ သုံးသပ်ဖို့လိုကြောင်း၊ မိမိတို့ အနေနှင့် အေးအေးညောင်းညောင်း ဖြစ်နိုင်မည့် လမ်းကြောင်းကိုသာ ရွေးချယ်သင့်ကြောင်း ရှင်းပြသည်။
ပြောရလျှင် ဤ 'ဒီဘိတ်' ကြီးသည်ပင်၊ မြန်မာ့လွတ်လပ်ရေး၏ အဖွင့်ဇာတ်ကွက်ဖြစ်ပါသည်။ မကြာမတင်လာတော့မည့် ပြည်တွင်းစစ် ဇာတ်နာကြီး၏ အဖွင့်တီးလုံးဟုလည်း ဆိုနိုင်လိမ့်မည်ထင်ပါသည်။
ချဉ်းကပ်မှု နှစ်မျိုး
သခင်သန်းဖေက သူယုံကြည်သော ကွန်မြူနစ်စံများနှင့် လွတ်လပ်ရေးကို ဝေဖန်သည်။ နိုင်ငံခြား အရင်းအနှီးဆိုလျှင် လွတ်လပ်ရေးကို နှောင်ကြိုးတဲထားသည့် သွေးစုပ်မှု ရေခံမြေခံ။ စီးပွားရေးအရ မလွတ်လပ်လျှင် နိုင်ငံရေးအရ လွတ်လပ်မှုမှာ ဘာမှအဓိပ္ပာယ်မရှိ။ သို့အတွက် အတုအယောင် လွတ်လပ်ရေး၊ သခင်နုတို့ကမူ တိုင်းပြည်၏ ပကတိအရှိအပေါ် အခြေခံပြီး လက်တွေ့ ဖြစ်နိုင်ခြေကိုသာ စဉ်းစားသည်။ ဖြစ်နိုင်လျှင် သူတို့ ကိုယ်တိုင်က ဘာအကြွေးမှ မပေးချင်၊ ဘာလျော်ကြေးမှ မပေးချင်။ သို့သော် နောက်ထပ် စစ်ပွဲတစ်ပွဲနှင့် ရင်းရမည်ကိုကား မလိုလား။ နောက်ဆုံး နာကျင်မှု အနည်းဆုံး လမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်ပါလိမ့်မည်။
သို့နှင့်တိုင် ထိုစဉ်ကာလ စာရေးသူမှာ (ဆရာကျော်ဝင်း) လူပျိုပင် မဖြစ်တတ်သေးသော ဆယ်ကျော်သက်အရွယ်။ မာ့ခ်ဝါဒ သဘောတရားကျမ်းကြီးများကို မမီမကန်းနှင့် အငမ်းမရ ဖတ်နေချိန်။ လက်တွေ့ ဖြတ်သန်းမှုဆို၍လည်း ဘာတစ်ခုမှ မရှိသေးသည်ဖြစ်ရာ "သွေးစုပ်မှု ရေခံမြေခံ" စသော စကားလုံး ပြောင်ပြောင်တွေအပေါ် ယောင်နနစွဲလမ်းနေမိသည်ကို ၀န်ခံရပါလိမ့်မည်။ ယခု နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါး ကြာသောအခါတွင်ကား၊ ထိုစဉ်က "သွေးစုပ်မှု ရေခံမြေခံ" ယခုအခေါ် FDI (နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု) ကို အနီဆုံး နိုင်ငံကြီးများကပင် တံခါးကျယ်ကျယ်ဖွင့်၍ အပြိုင်အဆိုင် ဖိတ်ခေါ်နေကြပေပြီ။ ယခင် နားလည်ချက်အရ ဆိုရလျှင်၊ သွေးစုပ်ခံရမည့်ဘက်က "လာပါ ယူပါ" ခေါ်နေရချိန်တွင်၊ သွေးစုပ်မည့်ဘက်က စုပ်သင့် မစုပ်သင့် ချိန်ဆနေရသလိုပင် ဖြစ်တော့သည်။ ဤသည်ပင် သမိုင်း၏ "ထေ့ငေါ့သရော်စရာ"  (Ironic) ဟု ဆိုရချေမည်လားမသိ။
* * * * * * * *
24.4.11
ဖတ်မိဖတ်ရာ .... ကိုဆွေ ၊ နေကြာပန်း။
ဝီကီမြန်မာတွင် ဖော်ပြထားသည့် ကိုဆွေ၏ ကိုယ်ရေးအကျဉ်းအား ဖော်ပြအပ်ပါသည်။
မူရင်းလင့်ခ် - http://wikimyanmar.co.cc/wiki/index.php?title=ကိုဆွေ 
ကိုဆွေ
၁၉၄၈ ခုနှစ်တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် မိုးဝေစာပေမဂ္ဂဇင်းတွင် လိမ္မော်သီးတစ်လုံး ဝတ္ထုတို စတင်ဖော်ပြခြင်းခံရပြီး ဟန်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ရနံ့သစ် မဂ္ဂဇင်းများတွင် ဝတ္ထုတိုများရေးသားခဲ့သည်။
ဝတ္ထုတို လုံးချင်းစာအုပ်များ (လိမ္မော်သီးတစ်လုံး နှင့်အခြားဝတ္ထုတိုများ၊ မှော်တောင်ကုန်း) တို့ကို ရေးသားထုတ်ဝေခဲ့သည်။
ကိုးကား -၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀၊ သီဟရတနာအုပ် ၁၀၀ပြည့် အထူးထုတ် 
ကိုဆွေ၏ နေကြာပန်း  ဝတ္ထုကို ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ပုံနှိပ်မှတ်တမ်းကို မမှတ်သားမိခဲ့ပါ။ သိမ်းဆည်းထားသည့် မဂ္ဂဇင်းဖြတ်စများထဲမှ ပြည်မြို့ အမှတ်တရ တင်ပြပါသည်။ ဖော်ပြခွင့်ပြုပါရန် မူရင်း ဝတ္ထုရေးသူ ကိုဆွေအား လေးစားစွာ ပန်ကြားအပ်ပါသည်။ 
ကျွန်တော်သည်  လိမ္မော်သီးတစ်လုံး နှင့်အခြားဝတ္ထုတိုများ ကိုဖတ်ခဲ့ဖူးပြီး မှော်တောင်ကုန်း ကိုတော့ မဖတ်ဖူးသေးပါ။ 
စောသက်လင်း
* * * * * * * *
* * * * * * * *
22.4.11
လွမ်းမိသော ပြည်မြို့၏ သတင်းစာဟောင်းထဲမှ ဒဏ်ရာများ။
ပြည်မြို့
ဒီနေ့ညတော့ ပြည်မြို့ကို သတိရနေမိသည်။ ပြည်မှာဆောင်း ကို စိတ်ကူးထဲ သီဆိုရင်း ခိုနားခဲ့ဖူးသည့်  ပြည်မြို့ ဆောင်းညများကိုလည်း လွမ်းနေမိသည်။ မရည်ရွယ်ခဲ့ပဲနှင့် ပြည်မြို့သည် အမှတ်တရများကို သယ်ဆောင်ပြီး ဘ၀ထဲ ၀င်ရောက်လာခဲ့သည်။
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အထိမ်းအမှတ်ခန်းမ ဖွင့်ပွဲကာလ ကျောင်းသားလှုပ်ရှားမှုများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် တက္ကသိုလ်၊ ကောလိပ်များ၏ တံခါးများ ရက်အကန့်အသတ်မဲ့ ပိတ်သွားသည်။ ကျွန်တော်သည် ဒီလောက်ကြာမြင့်လိမ့်မည် မထင်ခဲ့မိသဖြင့် ရန်ကုန် သမိုင်းဝင်းအတွင်းရှိ ပုပ္ပါးဆောင် အခန်းတံခါးကို စေ့ရုံလေးသာ ပိတ်ပြီး ထွက်ခွာခဲ့သည်။ ရုပ်ရှင်ဆိုလျှင်တော့ နောင်သုံးနှစ်ကြာသောအခါ ဟု စာတမ်းထိုးလိမ့်မည်ထင်သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ရောက်သောအခါ ကျွန်တော်သည် ရန်ကုန် နည်းပညာတက္ကသိုလ်ကို ဆက်လက် တက်ရောက်ရန် ပြည်မြို့သို့ ရောက်ရှိနေသည်။ စေ့ရုံပိတ်ထားခဲ့သည့် သမိုင်းဝင်းရှိ ပုပ္ပါးဆောင် အခန်းနံပါတ် ၁၁၈ တံခါးကို ကျွန်တော် ဘယ်တော့မှ ဖွင့်ဝင်ခွင့် မရတော့။ တစ်စုံတယောက်ကတော့ စေ့ထားရုံ တံခါးကို တွန်းလှဲ တိုးဖွင့်သွားခဲ့လိမ့်မည်ဟု ထင်သည်။
လတ်ဆတ်သော ဒဏ်ရာများဖြင့် စိုးရွံ့နေသော ကျွန်တော်တို့ကို ရင့်ကျက်သော ဒဏ်ရာများဖြင့် ပြည်မြို့က တည်ငြိမ်စေခဲ့သည်။ ပြည်မြို့သည် ဧရာဝတီမြစ်ဖြင့် ကျွန်တော်တို့ကို ဆီးကြိုခဲ့သည်။ သဲသောင်များဖြင့် ထွေးပွေ့ခဲ့သည်။ ကိုဆွေ၏ နေကြာပန်းများဖြင့် လန်းဆန်းစေခဲ့သည်။ ပြည်မြို့ခံ စာရေးဆရာများ ထုတ်ဝေသော ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကလေး ၀ယ်ဖတ်ဖြစ်ခဲ့သည်။ သဲသောင်ပြင်ကြီးပေါ် ကျင်းပခဲ့သော ကဗျာရွတ်ပွဲများမှာ နားထောင်ဖြစ်ခဲ့သည်။ ကျွန်တော်သည် ပြည်မြို့ကို ချစ်မြတ်နိုးသွားခဲ့ပါသည်။ ပြည်မြို့၏ အေးရိပ်အောက်တွင် ကျွန်တော်သည် ၂ နှစ်ကျော် ခိုနားခဲ့ဖူး၏။
၂၀၀၁ ခုနှစ် နှစ်လယ်လောက်တုန်းက ပြည်မြို့တွင် လူမျိုးရေး၊ ဘာသာရေး ထိခိုက်မှုဖြစ်ပြီး မနက် ၆ နာရီ ည ၆ နာရီ အပြင်မထွက်ရ အခြေအနေ တစ်ခုဖြစ်ခဲ့ဖူးသည်။ စာသင်ခန်းများ စောစော ဆင်းကြသည်။ ညဆိုလျှင် ကားလမ်းများပေါ် ရှင်းလင်းသွားခဲ့သည်။ ကျွန်တော်တို့သည် ငှားနေသည့် အဆောင်ရှေ့ ကားလမ်းပေါ် ခုံတန်းလျားများချပြီး တညလုံးလိုလို ဂစ်တာတီး သီချင်းဆိုခဲ့ကြသည်။ အာရုဏ်တက်နေပြီဖြစ်သဖြင့် ပုလင်းထဲမှ လက်ကျန် အရက်ကို နည်းနည်းစီ ခွဲဝေသောက်ခဲ့ကြသည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာကို အသံတိတ် လွမ်းခဲ့ကြသည်။
ပြည်မြို့အကြောင်း ဘယ်က စပြောကြမလဲ။ ကျွန်တော် မသိပါ။ ဗေဒါရီက စမလား၊ မှော်ဇာက စကြမလား။ ဒွတ္တဘောင်အကြောင်းက စကြမလား။ ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ တလှည့်စီ သိမ်းပိုက်ခဲ့ကြသည်က စမလား။ ဒါမှမဟုတ် ဧရာဝတီမြစ်အကြောင်းက စမလား။ ကျွန်တော် မသိပါ။ ကျွန်တော် သိသည်မှာ.....။ သိသည်ဟု ထင်သယောင် ရှိသည်မှာ....၊...ပြည်မြို့၏ ၀ိဉာည် မှတ်ဉာဏ်များအပေါ်မှာ ဖုံးအုပ်နေပြီဖြစ်သည့် အချိန်ကာလအချို့ကို ဖယ်ရှား လိုက်လျှင်တော့ နှလုံးသွေးများ ပွက်ထနေသည့် နေ့ရက်များကို ပြန်လည် အမှတ်ရနိုင်ပါသည်။ သည်လိုနေ့ရက် များစွာကို ပြည်မြို့ ရင်ဆိုင်ခဲ့ရသည်။
သတင်းစာ အဟောင်းများကို ပြန်လှန်ဖတ်ရင်း ပြည်မြို့၏ ဒဏ်ရာတစ်ခုကို မြင်မိသဖြင့် ကျွန်တော်သည် ပြည်မြို့ကို သတိရသွားခဲ့သည်။ ပြည်မြို့ကို နှုတ်မဆက်ပဲ ကျွန်တော် ခွဲခွာခဲ့သည်မှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလ အတွင်းဖြစ်သည်။ သည်နောက်တော့ ၃ ၊ ၄ ကြိမ် မြို့ကို ဖြတ်သွားခဲ့သည်မှ နောက်ထပ် ခြေမချ ဖြစ်တော့ပါ။ အချိန်အခါသင့်ပြီး ဥတုရာသီ ကောင်းမွန်သည့် တစ်နေ့ကျရင်တော့ မိတ်ဆွေများနှင့် ပြည်မြို့တွင် ပြန်လည်တွေ့ဆုံကြမည်ဟု မျှော်လင့်မိပါသည်။ အဲ့ဒီအခါကျရင်တော့ နဒီမင်္ဂလာကို အတူတူ သီဆိုကြမည်ဟု ......
"....မပြေလည်တာတွေ... အမှောင်ရိပ်ထဲ.... ထားခဲ့ကွယ်....မကြာခင်ဆိုရင်.... မိုးလင်းနိုးထတော့မယ်......"
စောသက်လင်း
ပြည်နည်းပညာတက္ကသိုလ်
ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့
ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့
ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့
ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈ ၊ စနေနေ့
ဗိုလ်တထောင် သတင်းစာ၊ ၂၈-၈-၈၈ ၊တနင်္ဂနွေနေ့
 * * * * * * * * * *
မကြာမီ .... ကွန်မြူနစ် ကတော်များ၊ ၁ ။ သခင်ဗဟိန်း၏ ဇနီး မခင်ကြီး။
                 ဖတ်မိဖတ်ရာ .... သိန်းဖေမြင့်၊ မိတ်ဆွေကြီး အဂ္ဂါစနိုး ကွယ်လွန်ရှာပြီ။
 * * * * * * * * * *
17.4.11
ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူမှု ဥပမာ နှစ်ခု။
နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် ပြည်သူများက အလိုအလျှောက် ရွေးချယ် သတ်မှတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များတွင် တုနှိုင်းမမီသည့် ကိုယ်ရည်ကိုယ်သွေး များစွာရှိပါသည်။ ထိုကိုယ်ရည်ကိုယ်သွေးများထဲတွင် တာဝန်ယူတတ်ခြင်း၊ တာဝန်ယူနိုင်ခြင်း၊ တာဝန်ယူရဲခြင်း စိတ်ဓါတ်သည် ထိုခေါင်းဆောင်များ၏ ဂုဏ်သိက္ခာ တစ်ခု ဖြစ်သည်။ ထိုဂုဏ်သိက္ခာသည် ခေါင်းဆောင်များ၏ ပကတိ အဆင့်အတန်းလည်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း ဂုဏ်သိက္ခာအကြောင်းကို ကျွန်တော် တွေးတောနေမိသည်။ ယခု အချိန်ထိ သူ့ကို ပြည်သူများက နှလုံးသွေးဖြင့်ရင်း စွဲလမ်းနေကြခြင်း၏ အကြောင်းရင်း တစ်ခုသည် သူ၏ တာဝန်ယူရဲခြင်း စိတ်ဓါတ်ကြောင့် ဖြစ်သည်။ ကျွန်တော် တွေးနေမိသည်မှာ ၁၉၃၆ ခုနှစ် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၏ တာဝန်ယူရဲခြင်း နှင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ဗိုလ်တေဇ ဘ၀က လုပ်ဆောင်ခဲ့မှု တစ်ခုအတွက် ၁၉၄၆ နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း အကြောင်း နှစ်ခုဖြစ်သည်။
အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးသားခဲ့ကြသည့် ဆောင်းပါးပေါင်း များစွာထဲမှ ကျွန်တော် အနှစ်သက်ဆုံးများမှာ ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာ  နှင့် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ်ထဲတွင် ရေးသားထားသည်များ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ နတ်မောက်မဂ္ဂဇင်း အမှတ် ၂ တွင် ဆရာကြီး ဒဂုန်တာရာ ရေးသားခဲ့သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ဆောင်းပါးကို ဖျတ်ခနဲ တွေ့ရသော....စာအုပ်တွင် ပြန်လည်ဖော်ပြထားပါသည်။ ထိုအထဲမှ အနည်းငယ် ကောက်နှုတ် တင်ပြလိုပါသည်။
"သူ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်စဉ်က သူတည်းဖြတ်သော မဂ္ဂဇင်းထဲတွင် ထိုအခါက တက္ကသိုလ် အာဏာပိုင်တစ်ဦး၏ မနှစ်မြို့ဖွယ်ရာ သူတစ်ယောက်အကြောင်းကို ပြောင်လှောင်ရေးထားသော ဆောင်းပါး ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။ ရေးသူက ကိုညိုမြ။ တက္ကသိုလ် သပိတ်မှောက်ကိစ္စ အခိုးအငွေ့များ ထွက်နေစဉ် တက္ကသိုလ် အာဏာပိုင်တို့က ကျောင်းမှ အယ်ဒီတာ ကိုအောင်ဆန်းကို ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ဆောင်းပါးရေးသူ၏ အမည်ကို ဖော်ထုတ်ပါဟု ဆိုသည်။ သူ မဖော်ထုတ်။ ဆောင်းပါးရေးသူကို ဖော်ထုတ်လျှင် သူ့ကို ကျောင်းမထုတ်ဘဲ ဆောင်းပါးရေးသူကိုသာ အပြစ်ပေးမည်ဟု ယူဆရသည်။
သူက သူ တာဝန်ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ထို့ကြောင့် ကျွန်တော်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို စွဲလမ်းသွားသည်။"  (ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၁၃၃)
အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ ၁၉၃၆ ခုနှစ်
(ဓါတ်ပုံကို ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ် ၊ စာမျက်နှာ ၁၂၉ မှ ရယူတင်ပြထားပါသည်)
မျက်နှာဖုံး - ပေါ်ဦးသက်
ရုပ်ပုံလွှာ ၊ ဒဂုန်တာရာ ၊ ပုဂံစာအုပ်တိုက် ၊ ဒုတိယအကြိမ် ၊ ၁၉၆၃ ခုနှစ်
မျက်နှာဖုံး ပန်းချီ - ပိုပို
ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ ၊ ဒဂုန်တာရာ
ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၇ ဒီဇင်ဘာ ၁
ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ စိတ်ဝင်စားဖို့   ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။
၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်)
    ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊ 
၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင်
   Last and First in Burma by Maurice Collis
   ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊
"ရွာလူထုက တိုင်ကြား
ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ သာဆောင်ရန်းမှ   တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့
ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။
ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။
စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်) ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု မကြားခဲ့ရပေ။"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀)
အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ အစည်းအဝေးကို  ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ် စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့်   မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊ စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။)
ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက် စစ်ဘက်  ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။
"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက  ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)
ဂုဏ်သိက္ခာရှိစွာဖြင့် တာဝန်ယူတတ်သော အမျိုးသား ခေါင်းဆောင်ကြီးသည် သူချစ်မြတ်နိုးလှသော တိုင်းပြည်ကို ချန်ထားရစ်ကာ ထွက်ခွာသွားခဲ့လေပြီ။ တိုင်းပြည်မှာတော့ ကျန်ရစ်နေသေးသည့် တာဝန်မယူတတ်သူတို့နှင့် ရှေ့သို့ ဆက်၍ .......... ။
မျက်နှာဖုံး ဒီဇိုင်း - သန်းမြင့်အောင်
မျက်နှာဖုံး ပန်းချီ - လင်းဝဏ္ဏ ဒီဇိုင်းဖွဲ့သည်
ဓါတ်ပုံကို မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ်၊ စာမျက်နှာ ၄၂၄ မှ ကူးယူ တင်ပြထားပါသည်။
- စာအုပ်များ၊ ဆောင်းပါးများ၊ ဓါတ်ပုံများ၊ အချက်အလက်များကို မှီငြမ်း သုံးစွဲခွင့်ပြုပါရန်
  သက်ဆိုင်သူများအားဤစာဖြင့် ပန်ကြားအပ်ပါသည်။
- ဆောင်းပါးများမှ တိုက်ရိုက်ကူးယူထားသည်များကို အနီရောင် စာလုံးများဖြင့် ဖော်ပြအပ်ပါသည်။  
 စောသက်လင်း
 * * * * * * * * *
11.4.11
ဖတ်မိဖတ်ရာ .... တိုက်စိုး ၊ တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ။
တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ
တိုက်စိုး
ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် စာစောင် အပိုင်း (၁)
၁၉၉၅ ခု ဒီဇင်ဘာလ ၊ စာမျက်နှာ ၁၉ - ၂၁ ။
ရန်ကုန် ယူနီဗာစီတီကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့ရာ ရှေးဦးစွာ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုသည် အပေါင်းပါ ကောလိပ်များအဖြစ် ပါဝင်ကြသည်။ နောင်သော် မန္တလေးရှိ အင်တာမိဒိယိတ်ကောလိပ် (မန္တလေးဥပစာကောလိပ်) ၊ စိုက်ပျိုးရေးကောလိပ်၊ ဆေးကောလိပ်၊ ဆရာဖြစ်သင်ကောလိပ် စသည်များ ထပ်မံ တိုးပွားလာလေသည်။
ထိုစဉ်က ရုံးသုံးဘာသာစကားသည် အင်္ဂလိပ်ဘာသာ ဖြစ်လေသည်။ အခြေခံ အထက်တန်းကျောင်း၊ အထက်ဆင့်သင်တန်း၊ ကောလိပ်သင်တန်းများတွင်လည်း ဘာသာအရပ်ရပ်အတွက် သင်ကြားရေး မဏ္ဍိုင်သည် (မြန်မာဘာသာစာပေမှလွဲ၍) အင်္ဂလိပ်ဘာသာသာ ဖြစ်သည်။ ထိုအခါ ယူနီဗာစီတီဆိုင်ရာ အဖွဲ့အစည်းအမည် ၊ ရာထူးအမည် ၊ ဘာသာရပ်အမည်များလည်း အင်္ဂလိပ်ဘာသာဖြင့်သာ အတည်တကျ ဖြစ်နေကာ အရေး အပြောလည်း များလေသည်။ ထိုဝေါဟာရများကို မြန်မာပြုရန် ထုံ့ပိုင်းထုံ့ပိုင်း အားထုတ်မှုကား ရှိသလောက် ရှိခဲ့လေသည်။ နောင်အခါ လူအမည်ရှေ့က 'သခင်' ၀ိသေသ တပ်လာမည့် ယူနီဗာစီတီကောလိပ်ကျောင်း ဘာသာပြန် ကျူတာ ဦးဘသောင်းသည် သူ၏ '၀ိဇ္ဇာပညာ - အံ့ဖွယ်ရာ' စာတမ်းတွင် Science ကို ဝိဇ္ဇာပညာ ဟု မြေစမ်းခရမ်းပျိုး မြန်မာပြန်ခဲ့ဖူး၏။ ဤသည်မှာ တစ်ဦးတည်း အားထုတ်မှုဖြစ်၍ အများသဘော အများလက်ခံ မခံ မသိရ ဖြစ်သည်။ တစ်ဖန် မြန်မာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ယူနီဗာစီတီ အကြောင်း၊ ကောလိပ်အကြောင်း ရေးသားကြသည့်အခါ မဟာသိပ္ပံကျောင်းတော်ကြီး ဟူ၍သော် လည်းကောင်း၊ သိပ္ပံကျောင်းတော်ကြီး ဟူ၍သော်လည်းကောင်း ခပ်ရောရော သုံးနှုန်းတတ်ကြ၏။ ဤသည်မှာ စကားလုံး မခိုင်မြဲသည့် သဘောပင်ဖြစ်သည်။
ဤအဖြစ်ကို ရန်ကုန် ယူနီဗာစီတီမှ ဦးဖေမောင်တင်စသော ဆရာများက ဘ၀င်မကျ။ အင်္ဂလိပ်ဝေါဟာရများကို အတည်တကျ မြန်မာပြန်ဆိုထားသင့်သည်ဟု သဘောရလေသည်။ သို့ရာတွင် မိမိတို့ချည်းသာ မဟုတ်ဘဲ ယူနီဗာစီတီ ပြင်ပမှ ပညာရှင်များ၊ ဗဟုသုတ အတွေ့အကြုံ ရှိသူများပါ ပူးပေါင်းဆောင်ရွက်စေလိုသော ဆန္ဒရှိကြလေသည်။
ဟုတ်သည်။ ယူနီဗာစီတီ ပရ၀ဏ် ပြင်ပတွင် ဘာသန္တရ ကျွမ်းကျင်သူများ ရှိသလောက် ရှိလေသည်။ သာဓကအားဖြင့် ၀တ်လုံတော်ရ ဦးသိမ်းမောင်သည် ကာလကတ္တား ယူနီဗာစီတီ ပါဠိဘာသာ ပထမတန်း ဂုဏ်ထူးဖြင့် ဘီအေအောင်ခဲ့သည့်အပြင် ရွှေတိဂုံစေတီ ဂေါပကလူကြီး တာဝန်ယူနေသူဖြစ်သည်။ ဆရာရိပ်သည် အစိုးရ စာတော်ပြန်ဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့်အပြင် မြန်မာနိုင်ငံ သုတေသန အသင်းအတွက် ပဉ္စပါပီရကန် ကို တည်းဖြတ်ခဲ့သူဖြစ်သည်။ တစ်ဖန် သတင်းစာ ဂျာနယ် မဂ္ဂဇင်းတိုက်၊ စာပုံနှိပ်တိုက်များတွင် ဦးစီးဦးဆောင် ပြုနေကြသော ပညာရှင်များလည်း ရှိကြသေးသည်။ ကျမ်းစာအုပ်များကို ဦးစားပေးထုတ်ဝေသော ပြည်ကြီးဏ္ဍိုင် စာပုံနှိပ်တိုက်တွင် စာကြီးကြပ်ပေးနေသူမှာ ဆရာညွန့် (နောင်အခါ မဟာပေတ ဝတ္ထုတော်ကြီး ပြုစုသူ) ဖြစ်သည်။ မင်းတိုင်ပင်အမတ် ဦးလွန်း ဦးစီးထုတ်ဝေသော သစ္စ၀ါဒီ သတင်းစာတိုက်တွင် စာကြီးကြပ် ပြင်ဆင်ပေးနေသူမှာ ဆရာတင့် (နောင်အခါ မန္တလေးဥပစာကောလိပ် ဆရာ) ဖြစ်သည်။ နာမည်ကျော် က၀ိမျက်မှန် မဂ္ဂဇင်းတိုက်၌ အယ်ဒီတာချုပ် လုပ်နေသူမှာ ဆရာဝ ဖြစ်သည်။ တိုင်းပြည်မျက်နှာဖုံး ဖြစ်သော မြန်မာ့အလင်း သတင်းစာတိုက်၌ အယ်ဒီတာချုပ် လုပ်နေသူမှာ ဦးစိန်း ဖြစ်သည်။
၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ယူနီဗာစီတီကောလိပ် ပင်းယဟော၌ အင်္ဂလိပ် ဝေါဟာရများကို မြန်မာပြန်ဆိုရေး အစည်းအဝေး ကျင်းပလေသည်။ ထိုအစည်းအဝေးသို့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ တက်ရောက်ကြလေသည်။ ရန်ကုန်ယူနီဗာစီတီဘက်မှ တက်ရောက်သူများကား ဆေးကောလိပ် - အနာတော်မီ ဆရာကြီး ကာနယ်လက်၊ ဂျပ်ဆင်ကောလိပ်မှ မြန်မာဆရာကြီး ဦးထွန်းဖေ၊ ယူနီဗာစီတီကောလိပ် အရှေ့တိုင်းဘာသာရပ်ဌာနမှ ဆရာ ဦးဖေမောင်တင်၊ ဆရာ ကာစင်၊ ဆရာ ဦးလူဖေ၀င်း၊ အဂ္ဂမဟာ ပဏ္ဍိတ ဆရာလင်း၊ ဆရာပွားတို့ ဖြစ်ကြသည်။ ထို့ပြင် ယူနီဗာစီတီကောလိပ်မှ ဘာသာပြန် ကျူတာ (နည်းပြဆရာ) ဦးဘသောင်းလည်း ရောက်ရှိလေသည်။
ထိုအစည်းအဝေး၌ တက်ရောက်သူများ ညှိနှိုင်းတိုင်ပင်ကြပြီးနောက် အဖွဲ့အစည်း အမည်၊ ဌာနအမည်၊ ရာထူးအမည် စသည်များကို ဘာသာပြန်ခဲ့ကြရာ စုစုပေါင်း ပုဒ်ပေါင်း ၆၀ ဖြစ်သည်။ နမူနာမှာ -
University            -   တက္ကသိုလ်
College               -    ကျောင်းတိုက်
Convocation        -     ဘွဲ့နှင်းသဘင်
Chancellor           -     အဓိပတိ
Hall (or Hostel)    -     ကျောင်းဆောင်
B.A                     -     ဝိဇ္ဇာဘွဲ့ရ
B.Sc                    -    သိပ္ပံဘွဲ့ရ
Lecturer              -     ကထိက
Tutor                  -     နည်းပြဆရာ
Demonstrator      -      သရုပ်ပြဆရာ   ......  ဟူ၍ ဖြစ်သည်။
ဤတွင် University ဝေါဟာရကို တက္ကသိုလ်ဟု မြန်မာပြန်ခဲ့ခြင်းနှင့်စပ်၍ အုပ်ချုပ်ရေးဆိုင်ရာဘက်က ကန့်ကွက်သူ ရှိခဲ့လေသည်။ ဖြစ်ပုံမှာ တက္ကသိုလ် ဟူသည် တက္ကသီလာဟူသော ပါဠိ စကား မြန်မာမှု  ပြုထားခြင်းဖြစ်၍ လိုရာဖြည့်ဆည်းခြင်း ဟူ၍ အနက်ထွက်သည်။ ထို တက္ကသီလာ သည် ရှေးခေတ် ကုသန မင်းဆက်များကာလ၌ ကြီးကျယ်သော မင်းနေပြည်တော်ဖြစ်ခဲ့၍ ယခုခေတ် ပါကစ္စတန်နိုင်ငံ နေရာ၌ တည်ရှိနေလေသည်။ ပါဠိဘာသာလာ အနက်နှင့်အညီ တက္ကသီလာတွင် အဌာရသအတတ် ၁၈ ရပ် သင်ပေးသော စာသင်ကျောင်းကြီးရှိ၍ ထိုကျောင်းသို့ အရပ်ရပ်မှ စာသင်သားများ လာရောက် ပညာဆည်းပူးခဲ့ကြသည်။ ဇာတ်ငါးရာ့ငါးဆယ်လာ ပဉ္စ၀ုဓမင်းသားသည် တက္ကသိုလ်ပြည်သို့ ပညာသွားသင်သည်ဆိုရာ ထိုဒေသကို ရည်ညွန်းခြင်းဖြစ်လေသည်။ ဤသို့ဖြင့် တက္ကသိုလ် ဟူသော တည်ပုဒ်သည် စာသင်ကျောင်းရှိရာ မြို့အမည် ဖြစ်နေUniversity ဝေါဟာရနှင့် မကိုက်ညီဟု ကန့်ကွက်ခဲ့ခြင်း ဖြစ်လေသည်။
ထိုကန့်ကွက်ချက်ကို ဆရာဦးဖေမောင်တင်က ပြန်လှန်ချေပပုံကား။ - ရှေးက အင်္ဂလိပ် ဆိုးသွမ်း လူငယ်များကို သူတို့ဆီက  Borstal ရွာသို့ ပို့ကာ ပြုပြင်ထိန်းကျောင်းခဲ့သည်။ နောင်အခါ အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်း ပေါ်ပေါက်လာသည့်အခါ ထိုကျောင်းကိုပင် Borstal ကျောင်းဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ တစ်ဖန် Mackintosh ဆိုသူ၏ ဉာဏ်ဖြင့် တီထွင်ခဲ့သော မိုးကာအင်္ကျီကို Mackintosh ဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ တစ်ဖန် Macadam ဆိုသူ၏ အကြံအစည် ၀ီရိယဖြင့် ကျောက်လမ်းခင်းခဲ့သည်ကို macadamize လုပ်သည်ဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းရှိရာ မြို့ကိုလည်း တင်စားတက္ကသိုလ် ဟုခ်ါဝေါ်လိုက်ပါသည် ဟူ၍ဖြစ်သည်။
တိုက်စိုး
* * * * * * * *
External links -
http://en.wikipedia.org/wiki/Borstal
http://en.wikipedia.org/wiki/Mackintosh
http://en.wikipedia.org/wiki/Macadam
ဆရာတိုက်စိုး၏ တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ ဆောင်းပါးအား ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် စာစောင် အပိုင်း (၁) မှ ကူးယူ ဖော်ပြခွင့် ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် ပန်ကြားအပ်ပါသည်။
macadamize ၊ macadam နည်းဖြင့် ကျောက်လမ်းခင်းခြင်း ဆိုသည်မှာ ကျွန်တော်တို့ နိုင်ငံတွင် ပုံမှန် တွေ့မြင်နေကျ လမ်းခင်းနည်းဖြစ်သည့် ကျောက်များကို စီခင်း၍ လမ်းကို အလွှာလိုက် တည်ဆောက်သည့် စနစ် ဖြစ်ပါသည်။
စာစောင် မျက်နှာဖုံး
ကျောဖုံး
* * * * * * * * * *
မကြာမီ .....  ကျွန်တော် နှစ်သက်စွာ ဖတ်ခဲ့ဖူးသည့် မြန်မာဘာသာပြန်ထားသော
                                                                                                Yasunari Kawabata ၏ ဝတ္ထုများ။
                  ဖတ်မိဖတ်ရာ.... ချစ်ဝင်းညွန့် ၊ မြို့ပြအင်ဂျင်နီယာ စာရေးဆရာ။
                  ဖတ်မိဖတ်ရာ....သိန်းဖေမြင့် ၊ ၁၂ နှစ်ကျော်ကြာမှ စားမြုံ့ပြန်ရသော အတွေ့အကြုံ။
9.4.11
အမှတ်တရ ပို့စ်စကတ်
ပို့စ်စကတ်ကို အမှတ်တရ သိမ်းဆည်းနိုင်စေဖို့ 
ကူညီပေးခဲ့ကြသည့် သူငယ်ချင်းများအား
အထူး ကျေးဇူးတင်ပါသည်။