13.3.11

Magic Realism ၊ ဂါစီယာ မားကွက်စ် နှင့် ဆရာဟိန်းလတ် ၏ စာပေဆောင်းပါး ။


မျက်နှာဖုံးပန်းချီ - ဇန်ဇန်

သိစိတ်စီးကြောင်း၊ ဖြစ်တည်မှုသစ်၊ ပဉ္စလက် သရုပ်မှန် နှင့် စာပေအနုပညာရေးရာ
ဟိန်းလတ် ၊ မိတ်ဆွေကောင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၄ ဇွန် ။
စာမျက်နှာ ၇၅ မှ ၇၉ အထိ


စာအုပ်တွင် ပါရှိသော စာပေဆောင်းပါးများ

ပဉ္စလက် သရုပ်မှန်ဝါဒ
ဟိန်းလတ်

စာပေအနုပညာ နယ်ပယ်တွင် သရုပ်မှန်ဝါဒ အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးသည်။ အရှိကို အရှိအတိုင်း ရိုးရိုးသားသား တင်ပြသော သရုပ်မှန်ဝါဒ (Realism) မှာ ၁၈ ရာစု လောက်ကတည်းက ပေါ်ခဲ့သည်။ "ရော်ဘင်ဆင်ခရူးဆိုး" ဝတ္ထုကို ရေးသော အင်္ဂလိပ် စာရေးဆရာကြီး "ဒယ်နီယယ်ဒီဖိုး" တို့၊ "ထောမ်ဂျူန်းစ်" ဝတ္ထုရေးသော စာရေးဆရာကြီး "ဟင်နရီဖီးလ်ဒင်း" တို့မှာ သရုပ်မှန်ဝါဒ၏ ရှေ့ဆောင် ရှေ့ရွက် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ စိတ်ကူးယဉ်မှုကို အလေးပေးသော "ရောမန္တိက လှုပ်ရှားမှု" ကို ဆန့်ကျင်ရာလည်းရောက်သော ၊ သိပ္ပံနှင့် ဒဿန ပိုမိုထွန်းကားလာမှု၏ ဂယက်လည်းဖြစ်သော ဤသရုပ်မှန်ဝါဒသည် အတော်ပင် အခြေခိုင်ခဲ့သည်။ 

ဘောလ်ဇက်၊ ဂျော့ခ်အဲလိယော့၊ မတ်ထွိန်း၊ တော်လ်စတွိုင်း၊ ဒိုစတိုယက်ဖ်စကီး တို့သည် ထင်ရှားသော သရုပ်မှန်ဝါဒ စာရေးဆရာကြီးများ ဖြစ်ကြသည်။ သရုပ်မှန်ဝါဒ၏ အစွန်းကို ရောက်သွားလျှင်မူ "သဘာ၀၀ါဒ" (Naturalism) ဖြစ်သွားပြန်သည်။ သဘာ၀၀ါဒတွင်မူ အကြောင်းအရာများကို သရုပ်မှန်ထက် ပို၍ တိတိကျကျ၊ အသေးအဖွဲမှအစ အသေးစိတ် လေ့လာချယ်မှုန်းတတ်ကြသည်။ ဘ၀ကြီးကို ဓါတ်ခွဲခန်းထဲသို့ ပို့ပြီး သုတေသနပြုသလိုပင် အနုစိတ်လွန်းသဖြင့် အနုပညာ ပျက်သလို ခံစားရသည်။

သရုပ်မှန်ဝါဒသည် ဘ၀ကို ပုံတူကူးပြရုံမျှနှင့် အဆင့်ရှိသည်။ ဘ၀ကို အသိနှင့် ယှဉ်သော ချဉ်းကပ်မှုဖြင့် ချဉ်းကပ်လေ့လာပြီး တီထွင်ဖန်တီးမှုဖြင့် တင်ပြသော အနုပညာမှသာ "အဆင့်မြင့် သရုပ်မှန်ဝါဒ" ဖြစ်သည်ဆိုကာ၊ သရုပ်မှန်ဝါဒကို နှမ်းဖြူးလိုသော ၀ါဒတစ်ခုလည်း ပေါ်လာပြန်သည်။ သို့သော် ထိုဝါဒမှာ သက်ဆိုးမရှည်ခဲ့ပါ။ 

သရုပ်မှန်ဝါဒီတို့သည် တိုးတက်ပြောင်းလဲမှု အရှိန်အဟုန်ပြင်းနေသော အရာဝတ္ထုများကိုပင် အသေ သဘော သတ်မှတ်ထားကြသည်။ အရာဝတ္ထုတို့၏ ပြောင်လဲတိုးတက်မှု ဖြစ်စဉ်တရားများကို မျက်ကွယ် ပြုကြသည်။ အဖြစ်သနစ်အတိုင်း၊ အရင်းအတိုင်း ဖောက်သည်ချတတ်ရုံမျှဖြင့်ကား အနုပညာ မမည်။ အနုပညာသည် ပြည်သူကို အကျိုးမပြုနိုင်၊ ပြဿနာကို တင်ပြရုံဖြင့် မပြီး။ ပြဿနာ၏ ရင်းမြစ်နှင့် ထွက်ပေါက်ကိုပါ ပြရမည်ဟူသော သဘောတရား တစ်ရပ်ဖြင့် ၊ ထိုသို့ဖြင့် ရုရှပြည်တွင် စာပေ၀ါဒသစ် တစ်ရပ် ပေါ်လာပြန်သည်။ "ဆိုရှယ်လစ် သရုပ်မှန်ဝါဒ" (Socialist Realism) ဟု ခေါ်ကြသည်။ လူ့ဘ၀ဆိုင်ရာ အသိတရားများ၊ အတွေးအခေါ်နှင့် သဘောထားများ၊ လူသားတို့၏ တော်လှန်ရေး အတွေ့အကြုံများကို ပြောင်မြောက်သော အနုပညာ ပုံသဏ္ဌာန်ဖြင့် သရုပ်ဖော်ရေးသည် ဆိုရှယ်လစ် သရုပ်မှန်ဝါဒ၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ အဓိက လက္ခဏာအနေဖြင့် ဆိုရှယ်လစ် သရုပ်မှန်ဝါဒသည် ပြည်သူနှင့် ပြည်သူ့အကျိုးဆောင် နိုင်ငံရေးပါတီ တစ်ရပ်အား အလုပ်အကျွေးပြုရေး၊ အလုပ်သမား လယ်သမား လူတန်းစား အကျိုးပြုရေး၊ ဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာဝါဒနှင့် သမိုင်းဆိုင်ရာ အကောင်းမြင်ဝါဒများကို ထုတ်ဖော်ရေး ပုံသဏ္ဌာန်ဝါဒ၊ ဆန္ဒစွဲဝါဒတို့ကို တိုက်ခိုက်ရေးသာ ဖြစ်သည်ဟုလည်း ဆိုသည်။ သို့သော် ဤ၀ါဒသည် ဆိုရှယ်လစ်ဝါဒကို လက်ခံ ကျင့်သုံးနေကြသော နိုင်ငံ အချို့မှအပ သိပ်ပြီး ပျံ့နှံ့မှု မရှိလှပါ။ 

ထိုထိုသော သရုပ်မှန်ဝါဒများအပြင် နောက်ဆုံးပေါ်လာသော သရုပ်မှန်ဝါဒတစ်ခု ရှိပါသေးသည်။ နာမည်ကလည်း ခပ်ဆန်းဆန်း။ ပဉ္စလက် သရုပ်မှန်ဝါဒ (Magic Realism) ။ ပဉ္စလက် သရုပ်မှန် စာရေးနည်းကို အာဂျင်တီးနား စာရေးဆရာ "ဂျော့လူဝီဘောဂျက်စ်" က စတင် အသုံးပြုခဲ့သည်။ သူ၏ ၀င်္ကဘာဆန်သော ခရုအိမ်ဒဏ္ဍာရီများ၊ ပုံပြင်များကို ဤစာရေးနည်း အတတ်ပညာဖြင့် သုံးစွဲခဲ့သည်။ ပထမတော့ ဤစာရေးနည်းမှာ သိပ်မအောင်မြင်။ လူတွေ သိပ်နားမလည်ကြ။ ဒါကို ကိုလံဘီယာ စာရေးဆရာကြီး ဂါစီယာ မားကွက်စ် က သူ့ဝတ္ထုများတွင် ထည့်သွင်းရေးသားရာမှ လူသိ ပိုများလာသည်။ မားကွက်စ် အား ၁၉၈၂ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗယ်လ်ဆု ချီးမြှင့်လိုက်သော အခါတွင် သူ့စာအုပ်တွေကို လူတွေက အလုအယက် ဖတ်လာကြသည်။ ဤအခါကျမှ သူ့စာရေးနည်း အသစ်မှာ ပရိတ်သတ်ကြားထဲ ပျံ့နှံ့လာသည်။ လူတွေလည်း အရသာ ပိုခံစားတတ်လာသည်။ သို့ဖြင့် ပဉ္စလက် သရုပ်မှန်ဝါဒသည် ပို၍ ခေတ်စားလာတော့သည်။ 

မားကွက်စ်သည်  ဤပုံစံသစ်ကို လက်တင်အမေရိကတွင် စတင်သုံးစွဲခဲ့သူဖြစ်သည်။ သူ့နောက်မှ လိုက်ပြီး အခြားစာရေးဆရာများက လိုက်လံ သုံးစွဲလာကြသဖြင့် ယခု ဤပုံစံမှာ အသုံးများနေပြီ ဖြစ်သည်။ မားကွက်စ်သည် သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သည့် အထီးကျန် နှစ်ပေါင်းတစ်ရာ (Hundred Years of Solitude) စာအုပ်ကြီးကို ပဉ္စလက် သရုပ်မှန် နည်းဖြင့်သာ ရေးဖွဲ့ခဲ့သည်။ သူ စာပေဆိုင်ရာ နိုဗယ်လ်ဆုကြီး ရရှိခဲ့သည်မှာလည်း ဤစာအုပ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဘာကြောင့်  ဤစာရေးနည်း ပုံစံဖြင့် ရေးခဲ့ပါသလဲဟု မေးမြန်းကြသူများကို မားကွက်စ်က အကျယ်တ၀င့် ရှင်းပြဖူးသည်။ 

"တကယ်တော့ လက်တင်အမေရိက ပတ်ဝန်းကျင်ကို တခြားနိုင်ငံတွေနဲ့ မတူဘဲ တမူထူးခြားနေလို့ ဒီလို ပဉ္စလက် သရုပ်မှန် စာပေပုံစံကို တမင်ရွေးချယ်ပြီး သုံးစွဲတာပါ။ ကျွန်တော့ ဇာတိမြေ ကာရစ်ဘီယန် ဒေသမှာဆိုရင် အပေါဆုံးက ကချေသည်ရယ်၊ ဓါးပြရယ်ပဲ။ ကိုယ့်ကိုယ်ကို လူကြီးလူကောင်းဆိုပြီး သတ်မှတ်ပြီး တချို့လူတွေက မြို့ကြီးပြကြီးတွေ တက်နေကြတော့ ဓါးပြနဲ့ ကချေသည်ပဲ အရပ်မှာ ကျန်ခဲ့ကြတယ်။ အဲဒီ ဓါးပြတွေ၊ သဘင်သည်တွေကြားမှာပဲ ကျွန်တော် ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ အားလုံးဟာ လူတကာက နှိမ်ထားကြတဲ့ ငွေဝယ်ကျွန် လူမည်းတွေနဲ့ လည်ပင်းဖက် ကြီးခဲ့ကြရတယ်။  လူမည်းကျွန်တွေကလည်း ပေါင်းစရာမရှိတော့ ကျွန်တော်တို့နဲ့ပဲ ပေါင်းခဲ့ကြရတယ်။ လောဘ၊ ဒေါသနည်းတဲ့ သူတွေဟာ ကဗျာလဲ ၀ါသနာထုံကြတယ်။ အားရင် ကဗျာတွေ ရွတ်ကြ၊ သီချင်းတွေ ဆိုကြနဲ့ ဘာသာရေးလဲ သိပ်တင်းတင်းကျပ်ကျပ် မရှိလှတော့ လွတ်လွတ်လပ်လပ် နေချင်သလို နေကြတယ်။ ကုလားထိုင် စားပွဲတွေကို စိတ်တန်းခိုးနဲ့ စိုက်ကြည့်ရုံနဲ့ လိုရာရွေ့လို့ရတဲ့ မှော် ပညာရှင်တွေ၊ မန်းမှုတ်ရုံနဲ့ ရောဂါပျောက်စေနိုင်တဲ့ ပယောဂဆရာတွေ၊ သစ္စာရှိတဲ့ ပြည့်တန်ဆာတွေ၊ ဒါတွေ ဒါတွေကြားမှာ ကြီးပြင်းလာတဲ့ ကျွန်တော်ဟာ စာရေးတော့လဲ ထူးထူးဆန်းဆန်းတွေကို နိမိတ်ပုံ သင်္ကေတတွေ တန်ဆာဆင်ပြီး ရေးတတ်လာပါတယ်။ နောက်ပိုင်းမှာ လက်တင်အမေရိကရဲ့ အကြမ်းဖက်မှုတွေ၊ သွေးချောင်းစီးတာတွေ စတဲ့ ဒဏ္ဍာရီဆန်တဲ့ သမိုင်းဖြစ်စဉ်ကို မှန်ပြောင်းစကြာ က တစ်ဆင့် ထင်ဟပ်ပြနိုင်တဲ့ ဒီစာရေးနည်းဟာ ကျွန်တော်နဲ့ သိပ်အံကိုက်နေပါတယ်။"

ဂါစီယာ၏ ဝတ္ထုများကို သာမန်ပေါ့တန်တန်ဖြင့် အပေါ်ယံ လှပ်ဖတ်၍ မရ။ သူ့ဝတ္ထုတိုင်းတွင် နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ ဥပမာ ဥပစာတွေ၊ ပုံဆောင်စကားတွေ၊ ပဟေဠိတွေ၊ စောင်းပါးရိပ်ခြည် စကားတွေနှင့် ပြည့်လျှမ်းနေသည်။ ဒါတွေကို နားလည်တတ်၊ အဓိပ္ပါယ် ကောက်တတ်လျှင် ဖတ်ရသည်မှာ အလွန်အရသာ ရှိသည်။ ထူးခြားဆန်းကြယ်သော စိတ်ကူး စိတ်သန်းနှင့် အရှိတရားကို ပေါင်းစပ်ကာ အလင်္ကာမြောက် ဖွဲ့စည်းခြင်းသည် ပဉ္စလက် သရုပ်မှန် နည်းစနစ်၏ အနှစ်သာရပင် ဖြစ်သည်။ စည်းမျဉ်း အမျိုးမျိုး၊ ချုပ်ချယ်မှု အသွယ်သွယ်၊ ဘောင်အထပ်ထပ် ရှိသော အမှောင်ခေတ် ကာလများတွင် ဤအတတ်ပညာသည် မရှိမဖြစ် ရှိနေမှသာ အနုပညာပန်းတွေ ပွင့်လန်းလာနိုင်ပါမည်။ ခေတ်ကာလကား တိုက်ရိုက်ပြော၍ မရနိုင်သောကာလ။ ဤတွင် ပဉ္စလက် သရုပ်မှန် အတတ်ပညာ ထွန်းကားလာမှသာလျှင် အနုပညာရှင်တို့၏ ဘာသာစကားသည် ရှင်သန်လူးလွန့် လာနိုင်မည်။

ပဉ္စလက် သရုပ်မှန်သည် ပညာရှင် မားကွက်စ် စာပေဆိုင်ရာ နိုဗယ်လ်ဆု ရခြင်းသည် ပဉ္စလက် သရုပ်မှန်ဝါဒ ကို ကမ္ဘာက တရားဝင် အသိအမှတ်ပြုသည်ဟုပင် ဆိုသော် ရအံ့ထင်သည်။


* * * * * * * * * *

ဆရာ ဟိန်းလတ်၏ သိစိတ်စီးကြောင်း၊ ဖြစ်တည်မှုသစ်၊ ပဉ္စလက် သရုပ်မှန် နှင့် စာပေ အနုပညာရေးရာ စာအုပ်၊ စာမျက်နှာ ၇၅ မှ ၇၉ ထိ ဆောင်းပါးအား တိုက်ရိုက်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာဖြင့်ပင် ဆရာဟိန်းလတ်အား ခွင့်တောင်း ပန်ကြားအပ်ပါသည်။ 

Gabriel García Márquez ၏ ဝတ္ထု အချို့အား မြန်မာဘာသာသို့ ပြန်ဆိုထားသည့် စာအုပ် ၂ အုပ်အား ဖတ်ဖူးပါသည်။ နောက်ထပ်တော့ မဖတ်ဖူးသေးပါ။

၁။ မရဏအိပ်မက် တစ်ခု၏ မှတ်တမ်း ၊ မြသန်းတင့်
    ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၈ စက်တင်ဘာ
    (စာအုပ်ဆိုင်များတွင် ဒုတိယအကြိမ် ထုတ်ဝေခြင်း ရနိုင်ပါသည်။ မှတ်တမ်း မသိသေးပါ။)
    Chronicle of a Death Foretold (1981)

၂။ ဂေဘရီယယ် ဂါစီယာ မားကွက်စ်၏ လက်ရွေးစင် ဝတ္ထုတိုများ
    မြသန်းတင့်၊ ကျော်လှိုင်ဦး၊ မောင်ရဲခိုင်၊ ကောင်းသာ၊ မောင်သစ်ဆင်း၊ မောင်သာမည၊ ညီသစ်
    ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၀၂ မတ်































External Links -


http://en.wikipedia.org/wiki/Gabriel_Garc%C3%ADa_M%C3%A1rquez
http://nobelprize.org/nobel_prizes/literature/laureates/1982/marquez-bio.html


* * * * * * * * * *

No comments:

Post a Comment