26.3.11

ဖတ်မိ ဖတ်ရာ ...ကာတွန်း ဦးဟိန်စွန်း ၊ တက္ကသိုလ်မှ ကာတွန်း သင်ခန်းစာ တပုဒ်။



ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင်

အပိုင်း ၁ ၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁ ၊ စာ ၄၂၄ - ၄၂၆

ကာတွန်း ဦးဟိန်စွန်း

၁၉၂၈ ခုနှစ်က ကျွန်တော်သည် ယူနီဗာစီတီ ကောလိပ် ကျောင်းသားဘ၀၌ရှိစဉ် ကောလိပ်မဂ္ဂဇင်းအတွက် ကျွန်တော် အကျိုးဆောင်လုပ်ရ၏။ ကောလိပ်မဂ္ဂဇင်းတွင်ထည့်ရန် ကာတွန်းတစ်ခုကို ကျွန်တော့် ဆရာဖြစ်သူ ကောလိပ်ကျောင်းထွက် နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဘကလေးခေါ် ရွှေတလေးကြီးကို ဆွဲခိုင်း၏။ ဦးဘကလေးကလည်း ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ကာတွန်းတစ်ခုကို ဆွဲပေး၏။ ရွှေတလေး၏ ကာတွန်းကို ကျွန်တော်ကလည်း သဘောကျသဖြင့် ၁၉၂၈ ခုနှစ် ဒီဇင်ဘာလထုတ် ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်းတွင် ထည့်လိုက်သည်။

ကျွန်တော် သဘောကျ၍ ထည့်လိုက်သော ရွှေတလေး၏ ကိုယ်ဝန်ဆောင်ကာတွန်းကို ကောလိပ် ကျောင်းသား ကျောင်းသူများက သဘောကျပြီး ရယ်မောကြသော်လည်း ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်ကြီး မစ္စတာ စလော့ (Mr. Sloss) က သဘောမကျသဖြင့် ကျွန်တော့်ကို ခေါ်ယူပြီး ဆုံးမ၏။ “မင်းတို့ အရှေ့နိုင်ငံက ကိုယ်ဝန်ဆောင် ကာတွန်းကို သဘောကျပေမဲ့ ငါတို့ အနောက်နိုင်ငံသား တွေကတော့ သဘောမကျ ကြဘူး။ ကိုယ်ဝန်ဆောင်ကို သနားရတယ်။ ကြင်နာရတယ်။ ပြက်ရယ်မပြုရဘူး။ ကာတွန်းမဆွဲရဘူး။ နောက်နောင် ကိုယ်ဝန်ဆောင် ကာတွန်းကို ကောလိပ် မဂ္ဂဇင်းမှာ မထည့်ဖို့ တောင်းပန်ပါတယ်“ ဟု ဆို၏။

ထိုအခါကျမှ ကျွန်တော်လည်း အနောက်နိုင်ငံ စာနယ်ဇင်းများတွင် ကိုယ်ဝန်ဆောင် ကာတွန်းမပါမှန်း သိရ ပါတော့သည်။

၁၉၂၈ ခုနှစ် ယူနီဗာစီတီ ကောလိပ် မဂ္ဂဇင်းတွင်ပါသော ရွှေတလေး၏ ကိုယ်ဝန်ဆောင် ကာတွန်း အဓိပ္ပါယ်မှာ ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် သားမယား စုံလင်စွာဖြင့် ပညာသင်ကြားနေသူ အိမ်ထောင်သည် ကျောင်းသား အများရှိနေပြီ ဖြစ်သည့်အတိုင်း ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် အိမ်ထောင်သည် ကျောင်းသူကလေးများလည်း ကျောင်းသားများနှင့်အတူ သင်ကြားထိုက်သည်ဟု ဆိုလိုပါသည်။

အထက်ပါ ကာတွန်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သည် ဦးဘကလေးခေါ် ရွှေတလေးထံသို့ သွားရောက်ပြီး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်ကြီး မစ္စတာ စလော့ ပြောဆိုဆုံးမလိုက်ပုံကို ပြောပြလိုက်သည်။

ထိုအခါကျမှ ကာတွန်း ဦးဘကလေးခေါ် ရွှေတလေးက “ကျောင်းအုပ်ကြီး မစ္စတာ စလော့ ပြောတာမှန်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလိပ် စာနယ်ဇင်းတွေမှာ ကိုယ်ဝန်ဆောင် ကာတွန်းကို ငါ တခါမှ မမြင်ဖူးဘူး။ မစ္စတာ စလော့ ပြောသလို ကိုယ်ဝန်ဆောင်ကို သနားရတယ်၊ ကြင်နာရတယ်ဆိုတာ ဟုတ်တယ်ကွဲ့။ ငါတို့ မြန်မာပြည်မှာ သင်္ကြန်တွင်းမှာ ကိုယ်ဝန်ဆောင် မိန်းမများကို ရေ ပက်ခြင်း မပြုရဘူးလို့ လူကြီးများက တားမြစ်ဆုံးမကြတယ်။ မောင်ဟိန်စွန်း ကျောင်းအုပ်ကြီး မစ္စတာ စလော့ နဲ့ နောက်ထပ်တွေ့တဲ့အခါမှာ ကာတွန်း ရွှေတလေးက ခုလို သတိပေး ဆုံးမတာ ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ“ ဟု ဆိုပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေး မှာသည့်အတိုင်း ကျွန်တော်သည် ကျောင်းအုပ်ကြီး မစ္စတာ စလော့ ကို ပြောလိုက်ရာ မစ္စတာ စလော့လည်း ၀မ်းသာသွားပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသည် ထိုနှစ်မှစ၍ ကိုယ်ဝန်ဆောင် ကာတွန်းဆွဲခြင်းကို ရှောင်ကြဉ်လိုက်ပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသည် ၁၉၄၅ ခုနှစ် မြန်မာပြည်မှ ဂျပန်များ ဆုတ်ခွာသွားသည့်အချိန်၌ ပုသိမ်ခရိုင် ဒေါင့်ကြီးမြို့ကလေးတွင် ကွယ်လွန်သွားပါသည်။ အကယ်၍သာ ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသာ ယနေ့တိုင်ရှိခဲ့ပါလျှင် ယခု မျက်မှောက်ခေတ် အိမ်ထောင်သည် ကောလိပ်ကျောင်းသူ ကိုယ်ဝန်ဆောင်များ ကျောင်းတက်နေပုံကို တွေ့ရပါမည်။ သူဆွဲခဲ့သည့် ကိုယ်ဝန်ဆောင် ကာတွန်းမှာ ယခု မျက်မှောက်ခေတ်ကျမှ မှန်ကန်နေကြောင်းကိုလည်း တွေ့ရမည် ဖြစ်ပါသည်။

ဟိန်စွန်း

ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၊ အပိုင်း ၁ ၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁ ၊ စာ ၄၂၄ - ၄၂၆

16.3.11

ကျွန်တော် ဖတ်ဖူးသည့် ဗိုလ်မှူးချစ်ကောင်း၏ စာအုပ်များ။

မူရင်း သတင်း အရင်းအမြစ်

http://wikimyanmar.co.cc/wiki/index.php?title=ဗိုလ်မှူး_ချစ်ကောင်း

မှ တိုက်ရိုက် ကူးယူ တင်ပြထားခြင်းသာ ဖြစ်ပါသည်။
ဖော်ပြခွင့် ပြုပါရန် wikimyanmar အား ပန်ကြားအပ်ပါသည်။

ဗိုလ်မှူး ချစ်ကောင်း (ခရစ် ၁၉၂ဝ-၁၉၆၆)

ဗိုလ်မှူးချစ်ကောင်း (Photo and info - http://wikimyanmar.co.cc


ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သော ကာနယ်ချစ်ကောင်း (ခေါ်) ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်အား ၁၉၂၂ ခုနှစ်၊ မြင်းခြံခရိုင် လယ်သစ်ရွာတွင် မြေတိုင်းစားရေးကြီး ဦးအုန်းဖေ၊ အမိ ဒေါ်အိတို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံ အေဘီအမ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ်၊ မန္တလေး ဥပစာကောလိပ်မှ ဥပစာ (သိပ္ပံ) အောင်သည်အထိ ပညာ သင်ကြားခဲ့သည်။

ဗိုလ်မှူးချစ်ကောင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီခေတ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်၍ မြင်းခြံခရိုင်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနှင့် မြေအောက် တော်လှန်ရေး အင်အားစု ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘီအိုင်အေ၊ ဘီဒီအေတပ်များမှာ ပါဝင်၍ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂) သို့ တက်ရောက်ခဲ့သည်။

ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီး ဌာနချုပ်ရုံးတွင် အမှုထမ်းဆောင်နေစဉ် အိန္ဒိယသို့ လျို့ဝှက်စေလွှတ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းနှင့်အတူ သွားရောက်ခဲ့သူများမှာ သခင်ဗိုလ် (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ လေထီးဆင်းရန် လေယာဉ်ပျံအတက်တွင် ပျက်ကျကာ သေဆုံး)၊ မန်းဝင်းမောင် (နောင် နိုင်ငံတော် သမ္မတကြီး)၊ ကိုကျော်ရင် (ကထိက ဦးကျော်ရင်)၊ ကိုအုန်းမောင် (လေထီးဦးအုန်းမောင်) တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ အင်္ဂလိပ်တို့ ဖွင့်လှစ်ထားသော ဗမာပြည် ဌာနခွဲ (B.C.S.) တွင် ဂျပန် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် စည်းရုံးရေးနည်း၊ စာလုံးမပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ လက်နက်ငယ်များ ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသော အခါ စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့ သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့် ဆင်း၍ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးနှင့် ပူးပေါင်းကာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သည်။

ထို့နောက် ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံ စစ်တပ် (ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့ စည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ ကွန်မြူနစ်ပါတီ၏ ကေ့းကြော်သံ အာဘော်ဖြစ်သော ပြည်သူ့အာဏာ ဂျာနယ် ထုတ်ဝေရေး အတွက် ကိုဗဟိန်းနှင့် အတူ စိုင်းပြင်းခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာ ဂျာနယ် စတင် ထုတ်ဝေနိုင်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ လူထုတန်းစီ လှည့်လည် အင်အားပြပွဲကို ပုလိပ်များက သေနတ်နှင့်ပစ်ရာ လယ်သမားကြီး လေးဦး ထိမှန် သေဆုံးခဲ့ရသောကြောင့် 'ထန်းတပင် သေနတ်ပစ်မှုကြီး' အုံ့ကြွ ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပစ်မှုကြီးနှင့် ပတ်သက်၍ ပြည်သူ့အာဏာ ဂျာနယ် မှနေ၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားခဲ့သည်။ ထို့ပြင် ရမည်းအသင်း အရှေ့ဘက်တွင် ရှိသော နန်းစွဲရွာတောင်ပေါ်မှ ရေကို ရမည်းအသင်း အထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင် ဒေသဆိုင်ရာ ပါတီ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်း၍ တတ်တတ်ကြွကြွ ဆောင်ရွက်ခဲ့သည်။

၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာ ကွန်မြူနစ် ပါတီ တောခိုသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှ တဆင့် လိုက်ပါသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြည်သူ့ တပ်မတော်တွင် နိုင်ငံရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရသည် ဗိုလ်မှူးချစ်ကောင်းအား အရှင် သို့မဟုတ် အသေ ဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၅၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ရန်ကုန်ပုလိပ်အဖွဲ့၏ ဖမ်းဆီးခြင်းခံရကာ ပုဒ်မ ၅ ဖြင့် ထိန်းသိမ်းခံရသည်။ ထိန်းသိမ်းခံရစဉ် အတွင်း ခရိုင် တရားသူကြီး ဦးသန်းနွဲ့ရုံးမှ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ရာဇသက်ကြီး ပုဒ်မ ၁၂၂ (၁) အရ သေဒဏ် ကျခံစေရန် အမိန့် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင် (မန်းဝင်းမောင်) ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ကြိုးဒဏ်မှ လွတ်မြောက်ကာ ထောင်မှ လွတ်မြောက် သွားခဲ့သည်။

ဗိုလ်မှူးချစ်ကောင်းသည် ထောင်ထဲ၌ စုစုပေါင်း ၃ နှစ်နှင့် ၅ လတိတိ ကြာခဲ့သည်။ (ဘားလမ်း အချုပ်ခန်း၌ ၁ နှစ်နီးပါးနှင့် ကြိုးတိုက်ထဲတွင် ၈ လနီးပါး အပါအဝင်) ထို့နောက် ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ပုဒ်မ ၅ ဖြင့် ထပ်မံ အဖမ်းခံရပြန်သည်။

၁၉၆၄ ခုနှစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြန်လည် ဆက်သွယ်ကာ တောခို သွားခဲ့သည်။ ထို့နောက် ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်သည် ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဟင်္သာတခရိုင်၊ လေးမျက်နှာနယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတနေရာတွင် ကျဆုံး သွားခဲ့သည်။

ဗိုလ်မှူးချစ်ကောင်းသည် သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေ ဦးသာဖေ၊ ဒေါ်ယုတို့၏ သမီးဖြစ်သူ ဒေါ်ခင်မျိုးညွန့် (မြန်မာပြည် ကွန်မြူနစ် ပါတီဝင်) နှင့် ၁၉၄၈ ခုနှစ်တွင် လက်ထပ်ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သားသမီးများမှာ စိုးချစ်ထွန်း၊ ခင်မာအေးချစ်၊ ခင်မေထွန်းချစ်တို့ ဖြစ်သည်။

ဗိုလ်မှူး ချစ်ကောင်းသည် ပြည်သူ့အာဏာ ဂျာနယ်၊ အလင်းရောင် သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြား စာနယ်ဇင်းများ၌ 'သိန်းဖေစခန်းမှ သိန်းဖေစခန်းသို့' (၁၈၄၅)၊ 'လေးဆယ်တစ်' (၁၉၅၈)၊ 'အနှစ်နှစ်ဆယ်' (၁၆ဝ)၊ 'နိုင်ငံရေးအဘိဓာန်' (၁၉၆၃)၊ 'လူ၏ မူလအစ' (၁၈၆၃) တို့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်က Pelican စာအုပ်တိုက်ထုတ် ဂျမန်စစ်ဗိုလ်ချုပ်ကြီး ကလော့စ်ဝစ် (Carl Von Clausewitg) (၁၇၈ဝ-၁၈၃၁) ၏ On War စာအုပ်ကို 'စစ်၏ အခြေခံဥပဒေသ' အမည်ဖြင့် ဘာသာပြန်ဆိုသော်လည်း စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။
  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ် 

 ( http://wikimyanmar.co.cc/wiki/index.php?title=ဗိုလ်မှူး_ချစ်ကောင်း)

 -----------------------------------------------------------------------------------

ကျွန်တော် ဖတ်ခဲ့ဖူးသည့် ဗိုလ်မှူးချစ်ကောင်း၏ စာအုပ်များ။

၁။  အနှစ်နှစ်ဆယ်

အနှစ် ၂၀ မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်  ကျွန်တော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို တွေ့ရလေသည်။

ဗိုလ်မှူးချစ်ကောင်း၏ အထက်ပါ စာသားသည် အနှစ်နှစ်ဆယ် စာအုပ်၏ အနှစ်ချုပ်ဟု ဆို၍ရမည် ထင်သည်။ ကျွန်တော် မကြာမဏ ဖတ်ဖြစ်သော စာအုပ်တစ်အုပ်ဖြစ်သည်။ ငယ်ငယ်က စာအုပ်အနေဖြင့်ရော ဖတ်ခဲ့ပါသည်။ E Book အနေဖြင့်ရော ဖတ်သည်။ ၁၉၄၀ ခုနှစ် မြင်းခြံမြို့ ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ် နယ်ချဲ့ကို ဆန့်ကျင်ခဲ့သည် မှ ၇-၈-၆၀ နေ့ ကြိုးတိုက်မှ လွတ်လာသည် အထိ ဗိုလ်မှူးချစ်ကောင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သည်။

စာအုပ် ဒေါင်းရန်    https://www.myanmarisp.com/oldebooks/twenty-years/view

၂။ လူ၏ မူလအစ 

ပုံနှိပ်မှတ်တမ်းကို မမှတ်မိတော့ပါ။ ငယ်ငယ်က တစ်ကြိမ်သာ ဖတ်ခဲ့ပြီး သိပ်နားမလည်ခဲ့သဖြင့် နောက်ထပ် မဖတ်ဖြစ်တော့သော စာအုပ်ဖြစ်သည်။ ချားလ်ဒါဝင် ၏ (Charles Darwin) On the Origin of Species ကို တိုက်ရိုက်ဘာသာပြန်ထားသလား၊ စာရေးသူစိတ်ကြိုက် အဆင်သင့်သလို ဘာသာပြန်ထားသလား ၊ မမှတ်မိတော့ပါ။ ချားလ်ဒါဝင်၏ On the Origin of Species နှင့် ပတ်သက်သည့် စာအုပ်ဖြစ်သည် ဆိုတာတော့ သေချာပါသည်။ 

၃။ နိုင်ငံရေးအဘိဓာန်

ဤစာအုပ်သည်လည်း တစ်ကြိမ်သာ ဖတ်ဖူးပြီး နောက်ထပ် မဖတ်ဖြစ်တော့သော စာအုပ်ဖြစ်သည်။ နောင်ကိုလည်း ဖတ်ဖြစ်မည်ဟု မထင်တော့ပါ။ ဗိုလ်မှူးချစ်ကောင်း ပြုစုခဲ့သည့် စာအုပ်အဖြစ်သာ သိမ်းဆည်းထားရမည့် စာအုပ်ဖြစ်သည်ဟု ထင်ပါသည်။


13.3.11

Magic Realism ၊ ဂါစီယာ မားကွက်စ် နှင့် ဆရာဟိန်းလတ် ၏ စာပေဆောင်းပါး ။


မျက်နှာဖုံးပန်းချီ - ဇန်ဇန်

သိစိတ်စီးကြောင်း၊ ဖြစ်တည်မှုသစ်၊ ပဉ္စလက် သရုပ်မှန် နှင့် စာပေအနုပညာရေးရာ
ဟိန်းလတ် ၊ မိတ်ဆွေကောင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၄ ဇွန် ။
စာမျက်နှာ ၇၅ မှ ၇၉ အထိ


စာအုပ်တွင် ပါရှိသော စာပေဆောင်းပါးများ

ပဉ္စလက် သရုပ်မှန်ဝါဒ
ဟိန်းလတ်

စာပေအနုပညာ နယ်ပယ်တွင် သရုပ်မှန်ဝါဒ အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးသည်။ အရှိကို အရှိအတိုင်း ရိုးရိုးသားသား တင်ပြသော သရုပ်မှန်ဝါဒ (Realism) မှာ ၁၈ ရာစု လောက်ကတည်းက ပေါ်ခဲ့သည်။ "ရော်ဘင်ဆင်ခရူးဆိုး" ဝတ္ထုကို ရေးသော အင်္ဂလိပ် စာရေးဆရာကြီး "ဒယ်နီယယ်ဒီဖိုး" တို့၊ "ထောမ်ဂျူန်းစ်" ဝတ္ထုရေးသော စာရေးဆရာကြီး "ဟင်နရီဖီးလ်ဒင်း" တို့မှာ သရုပ်မှန်ဝါဒ၏ ရှေ့ဆောင် ရှေ့ရွက် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ စိတ်ကူးယဉ်မှုကို အလေးပေးသော "ရောမန္တိက လှုပ်ရှားမှု" ကို ဆန့်ကျင်ရာလည်းရောက်သော ၊ သိပ္ပံနှင့် ဒဿန ပိုမိုထွန်းကားလာမှု၏ ဂယက်လည်းဖြစ်သော ဤသရုပ်မှန်ဝါဒသည် အတော်ပင် အခြေခိုင်ခဲ့သည်။ 

ဘောလ်ဇက်၊ ဂျော့ခ်အဲလိယော့၊ မတ်ထွိန်း၊ တော်လ်စတွိုင်း၊ ဒိုစတိုယက်ဖ်စကီး တို့သည် ထင်ရှားသော သရုပ်မှန်ဝါဒ စာရေးဆရာကြီးများ ဖြစ်ကြသည်။ သရုပ်မှန်ဝါဒ၏ အစွန်းကို ရောက်သွားလျှင်မူ "သဘာ၀၀ါဒ" (Naturalism) ဖြစ်သွားပြန်သည်။ သဘာ၀၀ါဒတွင်မူ အကြောင်းအရာများကို သရုပ်မှန်ထက် ပို၍ တိတိကျကျ၊ အသေးအဖွဲမှအစ အသေးစိတ် လေ့လာချယ်မှုန်းတတ်ကြသည်။ ဘ၀ကြီးကို ဓါတ်ခွဲခန်းထဲသို့ ပို့ပြီး သုတေသနပြုသလိုပင် အနုစိတ်လွန်းသဖြင့် အနုပညာ ပျက်သလို ခံစားရသည်။

သရုပ်မှန်ဝါဒသည် ဘ၀ကို ပုံတူကူးပြရုံမျှနှင့် အဆင့်ရှိသည်။ ဘ၀ကို အသိနှင့် ယှဉ်သော ချဉ်းကပ်မှုဖြင့် ချဉ်းကပ်လေ့လာပြီး တီထွင်ဖန်တီးမှုဖြင့် တင်ပြသော အနုပညာမှသာ "အဆင့်မြင့် သရုပ်မှန်ဝါဒ" ဖြစ်သည်ဆိုကာ၊ သရုပ်မှန်ဝါဒကို နှမ်းဖြူးလိုသော ၀ါဒတစ်ခုလည်း ပေါ်လာပြန်သည်။ သို့သော် ထိုဝါဒမှာ သက်ဆိုးမရှည်ခဲ့ပါ။ 

သရုပ်မှန်ဝါဒီတို့သည် တိုးတက်ပြောင်းလဲမှု အရှိန်အဟုန်ပြင်းနေသော အရာဝတ္ထုများကိုပင် အသေ သဘော သတ်မှတ်ထားကြသည်။ အရာဝတ္ထုတို့၏ ပြောင်လဲတိုးတက်မှု ဖြစ်စဉ်တရားများကို မျက်ကွယ် ပြုကြသည်။ အဖြစ်သနစ်အတိုင်း၊ အရင်းအတိုင်း ဖောက်သည်ချတတ်ရုံမျှဖြင့်ကား အနုပညာ မမည်။ အနုပညာသည် ပြည်သူကို အကျိုးမပြုနိုင်၊ ပြဿနာကို တင်ပြရုံဖြင့် မပြီး။ ပြဿနာ၏ ရင်းမြစ်နှင့် ထွက်ပေါက်ကိုပါ ပြရမည်ဟူသော သဘောတရား တစ်ရပ်ဖြင့် ၊ ထိုသို့ဖြင့် ရုရှပြည်တွင် စာပေ၀ါဒသစ် တစ်ရပ် ပေါ်လာပြန်သည်။ "ဆိုရှယ်လစ် သရုပ်မှန်ဝါဒ" (Socialist Realism) ဟု ခေါ်ကြသည်။ လူ့ဘ၀ဆိုင်ရာ အသိတရားများ၊ အတွေးအခေါ်နှင့် သဘောထားများ၊ လူသားတို့၏ တော်လှန်ရေး အတွေ့အကြုံများကို ပြောင်မြောက်သော အနုပညာ ပုံသဏ္ဌာန်ဖြင့် သရုပ်ဖော်ရေးသည် ဆိုရှယ်လစ် သရုပ်မှန်ဝါဒ၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ အဓိက လက္ခဏာအနေဖြင့် ဆိုရှယ်လစ် သရုပ်မှန်ဝါဒသည် ပြည်သူနှင့် ပြည်သူ့အကျိုးဆောင် နိုင်ငံရေးပါတီ တစ်ရပ်အား အလုပ်အကျွေးပြုရေး၊ အလုပ်သမား လယ်သမား လူတန်းစား အကျိုးပြုရေး၊ ဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာဝါဒနှင့် သမိုင်းဆိုင်ရာ အကောင်းမြင်ဝါဒများကို ထုတ်ဖော်ရေး ပုံသဏ္ဌာန်ဝါဒ၊ ဆန္ဒစွဲဝါဒတို့ကို တိုက်ခိုက်ရေးသာ ဖြစ်သည်ဟုလည်း ဆိုသည်။ သို့သော် ဤ၀ါဒသည် ဆိုရှယ်လစ်ဝါဒကို လက်ခံ ကျင့်သုံးနေကြသော နိုင်ငံ အချို့မှအပ သိပ်ပြီး ပျံ့နှံ့မှု မရှိလှပါ။ 

ထိုထိုသော သရုပ်မှန်ဝါဒများအပြင် နောက်ဆုံးပေါ်လာသော သရုပ်မှန်ဝါဒတစ်ခု ရှိပါသေးသည်။ နာမည်ကလည်း ခပ်ဆန်းဆန်း။ ပဉ္စလက် သရုပ်မှန်ဝါဒ (Magic Realism) ။ ပဉ္စလက် သရုပ်မှန် စာရေးနည်းကို အာဂျင်တီးနား စာရေးဆရာ "ဂျော့လူဝီဘောဂျက်စ်" က စတင် အသုံးပြုခဲ့သည်။ သူ၏ ၀င်္ကဘာဆန်သော ခရုအိမ်ဒဏ္ဍာရီများ၊ ပုံပြင်များကို ဤစာရေးနည်း အတတ်ပညာဖြင့် သုံးစွဲခဲ့သည်။ ပထမတော့ ဤစာရေးနည်းမှာ သိပ်မအောင်မြင်။ လူတွေ သိပ်နားမလည်ကြ။ ဒါကို ကိုလံဘီယာ စာရေးဆရာကြီး ဂါစီယာ မားကွက်စ် က သူ့ဝတ္ထုများတွင် ထည့်သွင်းရေးသားရာမှ လူသိ ပိုများလာသည်။ မားကွက်စ် အား ၁၉၈၂ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗယ်လ်ဆု ချီးမြှင့်လိုက်သော အခါတွင် သူ့စာအုပ်တွေကို လူတွေက အလုအယက် ဖတ်လာကြသည်။ ဤအခါကျမှ သူ့စာရေးနည်း အသစ်မှာ ပရိတ်သတ်ကြားထဲ ပျံ့နှံ့လာသည်။ လူတွေလည်း အရသာ ပိုခံစားတတ်လာသည်။ သို့ဖြင့် ပဉ္စလက် သရုပ်မှန်ဝါဒသည် ပို၍ ခေတ်စားလာတော့သည်။ 

မားကွက်စ်သည်  ဤပုံစံသစ်ကို လက်တင်အမေရိကတွင် စတင်သုံးစွဲခဲ့သူဖြစ်သည်။ သူ့နောက်မှ လိုက်ပြီး အခြားစာရေးဆရာများက လိုက်လံ သုံးစွဲလာကြသဖြင့် ယခု ဤပုံစံမှာ အသုံးများနေပြီ ဖြစ်သည်။ မားကွက်စ်သည် သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သည့် အထီးကျန် နှစ်ပေါင်းတစ်ရာ (Hundred Years of Solitude) စာအုပ်ကြီးကို ပဉ္စလက် သရုပ်မှန် နည်းဖြင့်သာ ရေးဖွဲ့ခဲ့သည်။ သူ စာပေဆိုင်ရာ နိုဗယ်လ်ဆုကြီး ရရှိခဲ့သည်မှာလည်း ဤစာအုပ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဘာကြောင့်  ဤစာရေးနည်း ပုံစံဖြင့် ရေးခဲ့ပါသလဲဟု မေးမြန်းကြသူများကို မားကွက်စ်က အကျယ်တ၀င့် ရှင်းပြဖူးသည်။ 

"တကယ်တော့ လက်တင်အမေရိက ပတ်ဝန်းကျင်ကို တခြားနိုင်ငံတွေနဲ့ မတူဘဲ တမူထူးခြားနေလို့ ဒီလို ပဉ္စလက် သရုပ်မှန် စာပေပုံစံကို တမင်ရွေးချယ်ပြီး သုံးစွဲတာပါ။ ကျွန်တော့ ဇာတိမြေ ကာရစ်ဘီယန် ဒေသမှာဆိုရင် အပေါဆုံးက ကချေသည်ရယ်၊ ဓါးပြရယ်ပဲ။ ကိုယ့်ကိုယ်ကို လူကြီးလူကောင်းဆိုပြီး သတ်မှတ်ပြီး တချို့လူတွေက မြို့ကြီးပြကြီးတွေ တက်နေကြတော့ ဓါးပြနဲ့ ကချေသည်ပဲ အရပ်မှာ ကျန်ခဲ့ကြတယ်။ အဲဒီ ဓါးပြတွေ၊ သဘင်သည်တွေကြားမှာပဲ ကျွန်တော် ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ အားလုံးဟာ လူတကာက နှိမ်ထားကြတဲ့ ငွေဝယ်ကျွန် လူမည်းတွေနဲ့ လည်ပင်းဖက် ကြီးခဲ့ကြရတယ်။  လူမည်းကျွန်တွေကလည်း ပေါင်းစရာမရှိတော့ ကျွန်တော်တို့နဲ့ပဲ ပေါင်းခဲ့ကြရတယ်။ လောဘ၊ ဒေါသနည်းတဲ့ သူတွေဟာ ကဗျာလဲ ၀ါသနာထုံကြတယ်။ အားရင် ကဗျာတွေ ရွတ်ကြ၊ သီချင်းတွေ ဆိုကြနဲ့ ဘာသာရေးလဲ သိပ်တင်းတင်းကျပ်ကျပ် မရှိလှတော့ လွတ်လွတ်လပ်လပ် နေချင်သလို နေကြတယ်။ ကုလားထိုင် စားပွဲတွေကို စိတ်တန်းခိုးနဲ့ စိုက်ကြည့်ရုံနဲ့ လိုရာရွေ့လို့ရတဲ့ မှော် ပညာရှင်တွေ၊ မန်းမှုတ်ရုံနဲ့ ရောဂါပျောက်စေနိုင်တဲ့ ပယောဂဆရာတွေ၊ သစ္စာရှိတဲ့ ပြည့်တန်ဆာတွေ၊ ဒါတွေ ဒါတွေကြားမှာ ကြီးပြင်းလာတဲ့ ကျွန်တော်ဟာ စာရေးတော့လဲ ထူးထူးဆန်းဆန်းတွေကို နိမိတ်ပုံ သင်္ကေတတွေ တန်ဆာဆင်ပြီး ရေးတတ်လာပါတယ်။ နောက်ပိုင်းမှာ လက်တင်အမေရိကရဲ့ အကြမ်းဖက်မှုတွေ၊ သွေးချောင်းစီးတာတွေ စတဲ့ ဒဏ္ဍာရီဆန်တဲ့ သမိုင်းဖြစ်စဉ်ကို မှန်ပြောင်းစကြာ က တစ်ဆင့် ထင်ဟပ်ပြနိုင်တဲ့ ဒီစာရေးနည်းဟာ ကျွန်တော်နဲ့ သိပ်အံကိုက်နေပါတယ်။"

ဂါစီယာ၏ ဝတ္ထုများကို သာမန်ပေါ့တန်တန်ဖြင့် အပေါ်ယံ လှပ်ဖတ်၍ မရ။ သူ့ဝတ္ထုတိုင်းတွင် နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ ဥပမာ ဥပစာတွေ၊ ပုံဆောင်စကားတွေ၊ ပဟေဠိတွေ၊ စောင်းပါးရိပ်ခြည် စကားတွေနှင့် ပြည့်လျှမ်းနေသည်။ ဒါတွေကို နားလည်တတ်၊ အဓိပ္ပါယ် ကောက်တတ်လျှင် ဖတ်ရသည်မှာ အလွန်အရသာ ရှိသည်။ ထူးခြားဆန်းကြယ်သော စိတ်ကူး စိတ်သန်းနှင့် အရှိတရားကို ပေါင်းစပ်ကာ အလင်္ကာမြောက် ဖွဲ့စည်းခြင်းသည် ပဉ္စလက် သရုပ်မှန် နည်းစနစ်၏ အနှစ်သာရပင် ဖြစ်သည်။ စည်းမျဉ်း အမျိုးမျိုး၊ ချုပ်ချယ်မှု အသွယ်သွယ်၊ ဘောင်အထပ်ထပ် ရှိသော အမှောင်ခေတ် ကာလများတွင် ဤအတတ်ပညာသည် မရှိမဖြစ် ရှိနေမှသာ အနုပညာပန်းတွေ ပွင့်လန်းလာနိုင်ပါမည်။ ခေတ်ကာလကား တိုက်ရိုက်ပြော၍ မရနိုင်သောကာလ။ ဤတွင် ပဉ္စလက် သရုပ်မှန် အတတ်ပညာ ထွန်းကားလာမှသာလျှင် အနုပညာရှင်တို့၏ ဘာသာစကားသည် ရှင်သန်လူးလွန့် လာနိုင်မည်။

ပဉ္စလက် သရုပ်မှန်သည် ပညာရှင် မားကွက်စ် စာပေဆိုင်ရာ နိုဗယ်လ်ဆု ရခြင်းသည် ပဉ္စလက် သရုပ်မှန်ဝါဒ ကို ကမ္ဘာက တရားဝင် အသိအမှတ်ပြုသည်ဟုပင် ဆိုသော် ရအံ့ထင်သည်။


* * * * * * * * * *

ဆရာ ဟိန်းလတ်၏ သိစိတ်စီးကြောင်း၊ ဖြစ်တည်မှုသစ်၊ ပဉ္စလက် သရုပ်မှန် နှင့် စာပေ အနုပညာရေးရာ စာအုပ်၊ စာမျက်နှာ ၇၅ မှ ၇၉ ထိ ဆောင်းပါးအား တိုက်ရိုက်ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာဖြင့်ပင် ဆရာဟိန်းလတ်အား ခွင့်တောင်း ပန်ကြားအပ်ပါသည်။ 

Gabriel García Márquez ၏ ဝတ္ထု အချို့အား မြန်မာဘာသာသို့ ပြန်ဆိုထားသည့် စာအုပ် ၂ အုပ်အား ဖတ်ဖူးပါသည်။ နောက်ထပ်တော့ မဖတ်ဖူးသေးပါ။

၁။ မရဏအိပ်မက် တစ်ခု၏ မှတ်တမ်း ၊ မြသန်းတင့်
    ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၈ စက်တင်ဘာ
    (စာအုပ်ဆိုင်များတွင် ဒုတိယအကြိမ် ထုတ်ဝေခြင်း ရနိုင်ပါသည်။ မှတ်တမ်း မသိသေးပါ။)
    Chronicle of a Death Foretold (1981)

၂။ ဂေဘရီယယ် ဂါစီယာ မားကွက်စ်၏ လက်ရွေးစင် ဝတ္ထုတိုများ
    မြသန်းတင့်၊ ကျော်လှိုင်ဦး၊ မောင်ရဲခိုင်၊ ကောင်းသာ၊ မောင်သစ်ဆင်း၊ မောင်သာမည၊ ညီသစ်
    ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၀၂ မတ်































External Links -


http://en.wikipedia.org/wiki/Gabriel_Garc%C3%ADa_M%C3%A1rquez
http://nobelprize.org/nobel_prizes/literature/laureates/1982/marquez-bio.html


* * * * * * * * * *

8.3.11

ကျွန်တော် ဖတ်ဖူးသည့် မြန်မာဘာသာပြန်ထားသော Maurice Collis ၏ စာအုပ်များ။


 
Maurice Collis (photo - Internet)
(10 - Jan - 1889) - (12 - Jan - 1973)



၁။  Trials in Burma
                  မူရင်း စာအုပ်ကို ၁၉၃၈ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
     ကောလစ် ကြုံခဲ့ရတဲ့ ဗမာပြည်
                 မအမာ ............ ၊ ပထမအကြိမ် ၊ ၁၉၃၈
                 လူထု ဒေါ်အမာ ၊  ကြီးပွားရေး ပုံနှိပ်တိုက် ၊ ဒုတိယအကြိမ် ၊ ၁၉၆၀
                 လူထု ဒေါ်အမာ ၊ စာပေလောက 
                           (တတိယအကြိမ် ဖြစ်မည်ထင်သည်။ မှားနိုင်ပါသည်။ အမည်ကိုလည်း 
                           မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ သို့ ပြောင်းသွားသည်။)

၂။  Siamese White
             မူရင်း စာအုပ်ကို ၁၉၃၆ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
   ယိုးဒယားဝှိုက်
               ဦးစံဝင်း ၊ မြန်မာပြည်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၆၂ ဇန်န၀ါရီ။

၃။  She was a queen
              မူရင်း စာအုပ်ကို ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
     ဧကရီ ဖွားစော
              မြသန်းတင့် ၊

၎။  Marco Polo
             မူရင်း စာအုပ်ကို ၁၉၅၀ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
     မာကိုပိုလို
             ကျော်အောင် ၊ ဘ၀တက္ကသိုလ် ၊ ပထမအကြိမ် ၊ ၁၉၉၂ ဇန်န၀ါရီ

၅။  Lords of The Sunset
              မူရင်း စာအုပ်ကို ၁၉၃၈ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
      နေ၀င်ဘုရင်များ
              ကျော်အောင်၊ ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ 
                                ၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)

 ၆။  Last and First in Burma (1941 - 1948)
               မူရင်း စာအုပ်ကို ၁၉၅၆ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
      မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲ
              ကျော်အောင် ၊ ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ











Maurice Collis ၏ စာအုပ်များကို မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်သော်လည်း ကျွန်တော် မဖတ်ဖူးသေးသည့် အခြားစာအုပ်များလည်း များစွာ ရှိနိုင်ပါသည်။ ကျွန်တော်၏ စာဖတ် မနှံ့စပ်မှုကြောင့် ဖြစ်ပါသည်။ သူသည် ၁၉၁၂ ခုနှစ်ခန့်မှ ၁၉၃၄ ခုနှစ်အတွင်း နှစ်ပေါင်း ၂၀ နှစ်ကျော် မြန်မာနိုင်ငံတွင် အုပ်ချုပ်သူ လူတန်းစားအနေဖြင့် နေထိုင်သွားခဲ့ပြီး မြန်မာလူမျိုးများ၊ တိုင်းရင်းသားများနှင့် ပတ်သက်၍ စာအုပ်များစွာ ရေးသားခဲ့သည်။ ထိုစာအုပ်များထဲမှ မြန်မာဘာသာသို့ မပြန်ရသေးသည့် စာအုပ်များကို တတ်နိုင်သမျှ ရှာဖွေ ထားပါသည်။ ပြီးပြည့်စုံသော စာရင်းဖြစ်ဖို့ရာ လိုအပ်ချက်များ ရှိနေဦးမည် ထင်ပါသည်။ သည့်ထက် ပြည့်စုံအောင် ကြိုးစားရှာဖွေရဦးမည် ဖြစ်သည်။

1. The Burmese Scene  , 1943 First Edition

2. Into Hidden Burma  , 1953 First Edition
    (၁၉၃၀ ပတ်ဝန်းကျင်က မြိတ်မြို့တွင် သူနေထိုင်ခဲ့သည့် အတွေ့အကြုံများ ဟု သိရပါသည်။)

3. Courts of the Shan Princess

4. The Journey Outward 
    (သူ၏ အိုင်ယာလန်နိုင်ငံ ငယ်စဉ်ဘ၀မှ မြန်မာပြည်သို့ ရောက်လာသည့် ၁၉၁၂ ထိ ဟု သိရပါသည်။)

5. The Mystery of Dead Lovers , 1951 First Edition
    (A historical novel about a Shan Princess, based on a Burmese Play) ဟုသာ သိရသည်။

6. The Land of the Great Image , 
    Being Experiences of friar manrique in Arakan, 1942 First Edition
    ( ၁၆၂၉ - ၃၇ ခန့်က ရခိုင်ပြည်သို့ ရောက်လာသည့် ပေါ်တူဂီ သာသနာပြုတစ်ဦး၏ အကြောင်း ဟု 
    သိရပါသည်။)
  

ရည်ညွန်း - အင်တာနက်တွင် လျှောက်ရှာထားသမျှ ဖြစ်ပါသည်။
စောသက်လင်း

* * * * * * * * * *

ကိုဘိုဘိုလန်းစင်၏ facebook comments များကို နောက်ဆက်တွဲအဖြစ် ဖေါ်ပြအပ်ပါသည်။ မသိသေးသည့် အချက်အလက်များကို ညွန်ပြပေးသည့် ဆရာဒေါက်တာမောင်မောင်ညို၊ ကိုဘိုဘိုလန်းစင်နှင့် ကိုကျော်ဇေယျတို့အား အထူး ကျေးဇူးတင်ပါသည်။
    •  ဘို Bo 
      ပထမအကြိမ် ၁၉၃၈ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ 
      ဒုတိယအကြိမ် ၊ ၁၉၆၀ ကောလစ် ကြုံခဲ့ရတဲ့ ဗမာပြည်
      ဘို Bo  
      တတိယအကြိမ် မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ
    •  ဘို Bo
      Lord of the Three Worlds ဖွားစောအကြောင်း ပြဇာတ် တရုတ်အမတ်ကြီးနဲ့ကြိုက်တာပါတယ် ဗမာပြည်မှာ သရုပ်ဖော်ပုံတွေနဲ့ ကော်ပီရောင်းတယ်

      စန္ဒမာလာ ဘိတ်နောက်ခံ အချစ်ဝတ္ထု မအမာပြန် ၁၉၄၀



      The Land of the Great Image - Being Experiences of Friar Manrique in Araka...n အမျိုးသားဦးလှဒင် ရတနာရွှေမြေလား (ဦးလှဒင်နဲ့ မိုးဝေပြန်တာတွေ လက်ရာကြမ်းတယ်မှတ်တယ်)

      The Journey Up (Reminiscences 1934-1968) or Maurice Collis diaries : 1949-1969 မှာ ဗိုလ်ချုပ်နေဝင်းလင်မယား လန်ဒန်လာရင် ဝင်တွေ့တဲ့အကြောင်းပါတယ်။ မဒမ်နေဝင်းနဲ့ သားသမီးတွေက သူ့ပရိသတ်။ ကိုတာ ချင်းတွင်းမှာ ပြန်ဘူးတယ်။ မန္တလေးမအမာပြန်တဲ့ စာအုပ်တွေ သူတို့ကိုပြတယ်ဆိုတာလဲပါ။

      ဆရာကျော်အောင်လဲ အမှုအခင်းများကို ပြန်တယ်။

      http://en.wikipedia.org/wiki/Maurice_Collis#Works
       
    • ဘို Bo 
      http://openlibrary.org/authors/OL20785A/Maurice_Collis
    •  Kyaw Zaya  
      Thanks..
    • Maung Nyo  
      Thank you. Daw Ahmar also traslated Sandha Marla. Kyaw Aung also translated Trials in Burma.
    • Maung Nyo 
      By the way, I attended a lecture given by Maurice Collis at Britain Burma Society in London. He said he wrote "she was a queen" to let the British know Burma has a history of great kings and queens long before Queen Victoria. He was Irish.


    • Saw Thet Lin 
      ကိုဘို ၊ ကျွန်တော် မသိသေးတဲ့ အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီသတင်းတွေကို နောက်ဆက်တွဲ ဖော်ပြချင်လို့ အထက်က ကော်မင့်တွေကို ကော်ပီကူးလို့ရမလား။ အားပေးလျှက် ....
    • ဘို Bo  
      oh pls do Ako. Thanks.
    •  ဘို Bo 
      Lord of the Three Worlds seems to be reporoduced from She was a queen, translated as 'Saw-dewi' by Shwe-U-Daung in '30s.
    • Maung Nyo 
      Is not the Lord of the three worlds a separate book written by Maurice Collis. I read it in London, given by Mrs Betty Paddon of BBS? Both books are based on the Pagan period and Nahthihapate.
 * * * * * * * * * *

6.3.11

ဖတ်မိဖတ်ရာ ..... စခန်းသာဟော် ၊ မြသန်းတင့်။

ဆရာ မြသန်းတင့်၏ "လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဠ၀တီ၊ ရွှေလီ ရုပ်ပုံလွှာ" စာအုပ်ကို ရာပြည့်စာအုပ်တိုက်မှ ပထမအကြိမ်အဖြစ် ၂၀၀၁ စက်တင်ဘာလအတွင်း ထုတ်ဝေခဲ့ပါသည်။ ၁၈-၂-၁၉၉၈ ရက်နေ့ ဆရာမြသန်းတင့် ကွယ်လွန်ပြီး ၃ နှစ် အကျော်တွင်မှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၁၉၈၀ ခုနှစ်က လားရှိုးမြို့မှ  ဆရာဝန်ကြီး ကမ္ဘောဇ ခင်လှိုင်၏ စီစဉ်ဖိတ်ကြားမှုဖြင့် ဆရာမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို နှင့် ဆရာကာတွန်းမြေဇာ တို့သည် ၂၀-၁၂-၁၉၈၀ နေ့မှ ၉-၁-၁၉၈၁ နေ့အထိ စာဆိုတော်ခရီးသည်များအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းအနှံ့ စာပေခရီး ထွက်ခဲ့ကြသည်။ ဆရာမြသန်းတင့်သည် ထိုခရီးစဉ်အတွေ့အကြုံများကို ရှုမ၀မဂ္ဂဇင်းတွင် ၁၉၈၁ ဖေဖော်ဝါရီမှ ၁၉၈၂ သြဂုတ်အထိ ဆောင်းပါများ ရေးသားခဲ့သည်။ (စာ ၂၀၉) ထိုဆောင်းပါးများနှင့် မိုးဝေမဂ္ဂဇင်းတွင် ၁၉၇၈ အောက်တိုဘာမှ ၁၉၇၈ ဒီဇင်ဘာအထိ ဖော်ပြခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်းခရီး ဆောင်းပါးကို စုစည်း၍ ရာပြည့်မှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။

ထိုစာအုပ်ထဲမှ စခန်းသာဟော်အကြောင်း ရေးထားသည့် ဆောင်းပါးတစ်ခန်းအား တိုက်ရိုက်ကူးယူ၍ တင်ပြထားခြင်းသာ ဖြစ်ပါသည်။ ဓါတ်ပုံများကို သုံးစွဲခွင့်ပြုခဲ့သည့် ကျောက်မဲမြို့မှ ကို Kong Mong အား အထူး ကျေးဇူးတင်ရှိပါသည်။ ဤဓါတ်ပုံများအားလုံး၏ မူပိုင်မှာ  Kong Mong သာ ဖြစ်ပါသည်။


ကျွန်တော်သည် စခန်းသာဟော်၏ ၁၉၈၀-၈၁ခုနှစ် စာများထဲမှ အခြေအနေနှင့် ၂၀၁၀ခုနှစ် ဓါတ်ပုံများ ထဲမှ အခြေအနေများကို နှိုင်းယှဉ်ကာ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ အယူအဆများ အကြောင်း တွေးတောနေမိသည်။

ရှမ်းပြည်နယ်အကြောင်း ရေးသားထားကြသည့် စာအုပ်များထဲတွင် ကျွန်တော် ဖတ်ပြီး နှစ်သက်ခဲ့သည့် စာအုပ်အနည်းငယ်ရှိပါသည်။ မှတ်မိသမျှသာဖြစ်ပါသည်။ အခြားကောင်းမွန်သည့် စာအုပ်များလည်း များစွာရှိပါသည်။

၁။ သိန်းဖေမြင့် ၊ အရှေ့မြောက်တိုင်းတခွင်
     (ချင်းတွင်းတိုက်မှ ထုတ်ဝေခြင်းဖြစ်မည်ဟု ထင်ပါသည်။)
၂။ ကျော်အောင် ၊ နေ၀င်ဘုရင်များ ။ 
    ရာပြည့်စာအုပ်တိုက်၊ ၁၉၉၈ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ)
   (ဗြိတိသျှ စာရေးဆရာကြီး Maurice CollisLords of the Sunset ကို ဘာသာပြန်ထားပါသည်။)
၃။ ဦးလှဒင် ၊ ဆာဂျော့စကော့ ၏ မြန်မာပြည်အတွေ့အကြုံများ
    The Couple စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၂၀၀၇ နိုဝင်ဘာလ ၊
    Scott of The Shan Hills ၊ Edited by G.E.Mitton (Lady Scott)
  စောသက်လင်း


 * * * * * * * * * *

  
လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဠ၀တီ၊ ရွှေလီ ရုပ်ပုံလွှာ ၊ မြသန်းတင့် ။
၂၀၀၁ စက်တင်ဘာ ။ ပထမအကြိမ် ထုတ်ဝေခြင်း။ ရာပြည့်စာအုပ်တိုက်။ စာမျက်နှာ ၇၄ - ၈၀။

စခန်းသာ ဟော်
မြသန်းတင့်

စာဆိုတော် ကော်မတီ၏ စီစဉ်ပေးချက်အရ ကျောက်မဲ ဆောက်လုပ်ရေးရိပ်သာမှာ တည်းခိုကြသည်။ မူလက အပေါ်ဘိုတဲဟု ခေါ်သည့် ဧည့်ရိပ်သာတွင် တည်းရန်ဖြစ်သော်လည်း၊ တခြား ဧည့်သည်တွေ ရောက်နေသဖြင့် ကျွန်တော်တို့ချည်း လွတ်လပ်စွာ နေနိုင်ရန် ဆောက်လုပ်ရေးရိပ်သာမှာ နေရာချပေးထားခြင်း ဖြစ်လေသည်။


ရိပ်သာတွင် ရေမိုးချိုး၊ ခဏနားပြီးနောက် ညနေပိုင်းတွင် ကျွန်တော်တို့ကို ကျောက်မဲမြို့ကို လိုက်ပြသည်။ ကျောက်မဲကား ရှမ်း၊ မြန်မာ၊ တရုတ်၊ ကုလား စသည်ဖြင့် လူမျိုးစုံသော မြို့ကြီးဖြစ်၏။ မြို့လယ်က တိုက်တာကြီးများကလည်း ကြီးမားခိုင်ခံ့ကြသည်။ အရောင်းအ၀ယ်လည်း ဖြစ်ထွန်းသဖြင့် ငွေကြေး ချောင်လည်သူများ ပေါများကြသည်။ အများအားဖြင့် လက်ဖက်စို၊ လက်ဖက်ခြောက် အရောင်းအ၀ယ် လုပ်သည့် ကုန်သည် ပွဲစားကြီးများ ဖြစ်လေသည်။


ကျောက်မဲမှာ သိန္နီတို့၊ သီပေါတို့လို မြို့ဟောင်း မဟုတ်ချေ။ မြို့သစ် တစ်မြို့ ဖြစ်လေသည်။ ၁၂၂၁ ခုလောက်က မြန်မာပြည်မဘက်မှ ကုန်သည်များသည် နွားဝန်တင်များ၊ လားဝန်တင်များဖြင့် တောတောင်များကို ကျော်ကာ ရှမ်းပြည်နယ်သို့ တက်လာခဲ့ကြသည်။ ထိုလမ်းမှာ လူသွားလမ်း ဖြစ်လေသည်။ ထိုလားဝန်တင်၊ နွားဝန်တင်များသည် ယခု ကျောက်မဲမြို့ တောင်ဘက် ဘုရားလေးဆူနှင့် ကျွဲကုန်းရွာကြားတွင် စခန်းချခဲ့ကြသည်။ ထိုဈေးကလေးတွင် ရှမ်းကုန်သည်နှင့် မြန်မာကုန်သည်တို့ ကုန်စည်ဖလှယ်ခြင်း ပြုကြသည်။


၁၂၆၀ ခုနှစ်လောက်အထိ ကျောက်မဲဟူသည့် အမည်သညာကို မရသေး။ ထိုစဉ်က "မဟိန်လမ်" ခေါ် ကျောက်တုံးမည်းများ တည်ရှိရာ တောင်ကုန်း၏ အရှေ့မြောက်ဘက်တွင် လုံတော၊ ကြိမ်တောကြီးများ ကို ခုတ်ထွင်ရှင်းလင်း တည်ထားသည့် လုံပိုင်ဆိုသည့် ရွာကလေးတစ်ရွာ ရှိသည်။ လူနေအိမ်ခြေ ၈၀ ခန့်မျှသာ ရှိသည့် ထိုရွာကလေးနှင့် နမ့်တုံမြို့ကြား ဈေးတည်ရန် နေရာရွေးကြသည့်အခါ ကျောက်တုံးအမည်းများရှိသည့် ကုန်းကလေးကို ရွေးကြသည်။ ထို့ကြောင့် ထိုနေရာကို "ကပ်မဟိန်လမ်" ဟု ရှမ်းတို့က ခေါ်ကြသည်။ ရှမ်းဘာသာဖြင့် ကပ် ဆိုသည်မှာ ဈေးဖြစ်၍၊ မဟိန် ဆိုသည်မှာ ကျောက်တုံးကို ခေါ်ခြင်းဖြစ်ပြီး၊ လမ် မှာ မည်းနက်သည်ဟု အဓိပ္ပါယ် ထွက်လေသည်။


ကျောက်မဲမြို့ဟူ၍ ဖြစ်လာသည်မှာ ၁၉၀၂ ခုနှစ်တွင်မှ ဖြစ်လေသည်။ ထိုနှစ်မေလ ၁၄ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၂၆၄ ခု ကဆုန်လဆန်း ၈ ရက် သောကြာနေ့ ၁၂ နာရီတွင် သီပေါ စော်ဘွားကြီး ဆာစောချယ်၊ လားရှိုး အရေးပိုင် မစ္စတာ သွန်တန်၊ ကျွဲကုန်းနယ်ပိုင်ကြီး ဦးခွန်ထွန်း၊ ကျောက်မဲကြီးရွာ နယ်ပိုင်ကြီး ဦးဆံမူးတို့ လာရောက်၍ မြို့ကို ပိန္နက်ရိုက်ပေးခဲ့သည်ဟု ဆိုလေသည်။ ထိုမြို့ပိုင်ကြီး နှစ်ဦးတို့က မြို့သစ်ကို သူ့အပိုင် ကိုယ့်အပိုင်တွင် တည်စေချင်ကြသဖြင့် အငြင်းပွားကြရာမှ နောက်ဆုံးတွင် ထိုမြို့နှစ်မြို့ကြား ဈေးသစ်နေရာကို ရွေးလိုက်ပြီး၊ ယခု ကျောက်မဲမြို့ကို တည်ခဲ့ခြင်း ဖြစ်သည်ဟု သိရလေသည်။ ထိုအချိန်မှစိ၍ နမ့်တုံမြို့ မြောက်ဘက်ရှိ ကပ်မဟိန်လမ်ခေါ် ကျောက်မဲဈေးကို အစွဲပြုကာ ကျောက်မဲမြို့ဟု ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်လေသည်။

ကျောက်မဲမြို့။ (ဓါတ်ပုံ Kong Mong)

အိမ်များ သပ်ရပ်ခြင်းနှင့် လမ်းများကျယ်၍ သန့်ရှင်းခြင်းမှာ ကျောက်မဲမြို့၏ ထူးခြားချက်ဖြစ်၏။ အိမ်ကြီး အိမ်ကောင်းတွေကလည်း အိမ်ကောင်းတွေအလျှောက် သပ်ရပ်ကြသည်။ ခြံစိုက်၍ နွားတင်းကုပ်တွေ ထားသည့် မြို့စွန်က ဆင်းရဲသားအိမ်ကလည်း သူ့အလျှောက် သပ်ရပ်သန့်ရှင်းသည်။ မြို့စွန်က အိမ်များမှာ သက်ငယ်မိုး၊ ထရံကာသည့် ရှမ်းအိမ်များ ဖြစ်သော်လည်း ၀င်းခြံကလေးတွေနှင့် ၊ ပန်းပွင့်တွေ ဝေဆာနေသော ပန်းပင်ကလေးတွေနှင့်၊ မြေတလင်းပြောင်ပြောင်ကလေးတွေနှင့် ဖြစ်သဖြင့် ငယ်ပင် ငယ်သော်လည်း မျက်စိ ပသာဒတွင် လှနေသည်။

လားရှိုး-သီပေါမှ ကားများ၊ နမ့်ဆန်မှ ကားများ၊ နမ္မတူမှ ကားများ၊ မိုင်းလုံနှင့် မိုင်းငေါ့ဘက်မှ ကားများ ဆင်းရာဖြစ်သဖြင့် ကျောက်မဲမြို့သည် လမ်းဆုံမြို့သဖွယ် ဖြစ်နေသည်။

မြို့ကို တစ်ပတ် လှည့်ကြည့်ပြီးနောက် ကျွန်တော်တို့သည် ပြည်လုံးချမ်းသာ စေတီကို သွားဖူးကြသည်။ ပြည်လုံးချမ်းသာစေတီမှာ လွယ်ခွန်တောင်ပေါ်တွင် တည်ထားလေသည်။ တောင်ကမူကို ကွေ့ပတ် ဖောက်ထားသည်။ ကားလမ်းရှိသဖြင့် ကားဖြင့် တိုက်ရိုက် ရင်ပြင်တော်အရောက် တက်နိုင်လေသည်။

ပြည်လုံးချမ်းသာ စေတီ ရင်ပြင်ထက်မှကြည့်လျှင် ကျောက်မဲတစ်မြို့လုံးကို စီး၍ မြင်ရသည်။ ကျောက်မဲမြို့ ပတ်ပတ်လည် တောင်ကုန်းများပေါ်တွင်လည်း ရွှေရောင် တပြောင်ပြောင်၊ မှန်ရောင် တပြောင်ပြောင်နှင့် စေတီများကို မြင်ရသည်။ ကျောက်မဲကား ချိုင့်ဝှမ်းထဲတွင် တည်ထားသည့်မြို့ ဖြစ်၏။ ဘေးပတ်ပတ်လည်တွင် တောင်ကမူတွေ ကာရံပြီး အလယ်က မြေပြန့်ကို အကွက်ရိုက် ဆောက်ထားသည်။ ဈေး၊ ဘူတာရုံ၊ ရုပ်ရှင်ရုံ စသည်တို့မှာ ချိုင့်ဝှမ်းထဲတွင်ရှိ၍ ဆေးရုံ၊ ဧည့်ရိပ်သာနှင့် တချို့ အိမ်သစ် တိုက်သစ်များမှာ ဘေးပတ်လည် တောင်စောင်းများတွင် နေရာယူထားကြသည်။ ယင်းတို့ကား မြို့မမှ တဖြည်းဖြည်း လျှံကျ ဖိတ်စဉ်လာသော ကွက်သစ်များ ဖြစ်လေသည်။

စေတီတော်ကို ဖူးမြော်ပြီးနောက် စေတီတော်ဘေး ကုန်းစောင်းရှိ တစ်ထပ် အုတ်ကျောင်းကလေးထဲသို့ ၀င်ကာ ဆရာတော်ကို ဖူးမြော်ကြပြန်သည်။

စာပေရေးသားခြင်းနှင့် ပတ်သက်သည့် ဆရာတော်၏ အမေးများကို အထိုက်အလျောက် ဖြေကြားပြီးနောက် ဆရာတော်ကို ၀တ်ဖြည့်ကာ ပြည်လုံးချမ်းသာစေတီ ရင်ပြင်တော်ပေါ်မှ ဆင်းလာခဲ့ကြသည်။

အချိန်ရသေးသဖြင့် ကျွန်တော်တို့သည် စခန်းသာသို့ ထွက်လာခဲ့ကြလေသည်။

ကျောက်မဲ - မန္တလေး မော်တော်ကားလမ်းအတိုင်း ဆင်းလာခဲ့၍ မိုင်အနည်းငယ်ရောက်လျှင် စခန်းသာ ရွာကလေးကို တွေ့ရသည်။ ရှမ်းအမျိုးသား တောင်သူများ၊ လယ်သမားများ၏ ရွာကလေးဖြစ်၏။ ထိုရွာကလေးကို လွန်ပြီး နာရီဝက်ခန့် မောင်းခဲ့ပြီးနောက် လမ်း၏ လက်ယာဘက်သို့ မျှော်ကြည့်လိုက်လျှင် အတွင်းဘက် နှစ်မိုင်သာသာခန့် အကွာ၌ ထင်းရှူးပင်အုပ်တွေနှင့် ကုန်းတန်းကလေး တစ်ခုကို မြင်ရသည်။

ကျွန်တော်တို့ ကားနှစ်စင်းသည် စခန်းသာရွာကို လွန်လျှင် လက်ယာဘက်သို့ဆင်းသော လှည်းလမ်းကလေးအတိုင်း ဆင်းလာခဲ့သည်။ လမ်းဘေးတွင် လယ်ကွင်းများ၊ နေကြာခင်းများ၊ ကြံခင်းများ၊ ငှက်ပျောခြံများ၊ အခြားစိုက်ခင်းများနှင့် ပေါင်းမြက်တို့ ဖုံးနေသော ကွင်းပြင်ကြီးကို မြင်ရသည်။ နေကြာခင်းထဲတွင် နေကြာပွင့်ဝါ၀ါတွေ ပွင့်နေကြသည်။ နေကြာပွင့်ရိုင်းများ မဟုတ်ပါ၊ ဆီထွက် နေကြာခင်းများ ဖြစ်ပါသည်။ တစ်ဝက်လောက်ရောက်လျှင် တံတားအသစ်ကလေး တစ်ခုကို တွေ့ရသည်။ တောသစ်တွေဖြင့် ဖြစ်သလို ခင်းထားသည့် သစ်သားတံတားကလေးဖြစ်၏။

"အရင်တုန်းက မော်တော်ကား သွားလို့မရဘူးဆရာ၊ လမ်းက ပစ်ထားတာ ကြာတော့ ပျက်သလောက် ဖြစ်သွားပြီ။ ခု ပြန်ပြင်ထားရတာ" ဟု ဦးသန်းအောင်က ပြောပြသည်။

မော်တော်ကားသည် ကြမ်းတမ်းသော မြေနီလမ်းကလေးအတိုင်း တောင်ကုန်းပေါ်သို့ ကွေ့ပတ် တက်လာခဲ့ပြီးနောက် တောင်ကုန်းထိပ်ရှိ အုတ်တံတိုင်းနိမ့်နိမ့် ကာထားသည့် ၀င်းကြီးတစ်ခုထဲသို့ ၀င်လိုက်လေသည်။

ကျွန်တော်တို့သည် ကားပေါ်မှဆင်းကာ တစ်ပိုင်းတစ်စ ပြိုပျက်နေသည့် ခေတ်မီ အဆောက်အအုံကြီးကို တအံ့တသြဖြင့် ငေးကြည့်မိကြသည်။

ထိုအဆောက်အအုံကား ကွယ်လွန်သူ သီပေါစော်ဘွားကြီး ဆာစောချယ်၏ နွေရာသီ ဟော်နန်းဖြစ်၍ "စခန်းသာဟော်" ဟု အမည်တွင်လေသတည်း။

တအံ့တသြဖြင့် ငေးကြည့်မိကြသည်ဟု ကျွန်တော် ပြောခဲ့ပါသည်။ အခြားကြောင့်မဟုတ်။ ဤမျှ ချောင်ကျ၍ ဤမျှ အထီးကျန်နိုင်လှသော တောခေါင်ခေါင် တောင်ကုန်းကြီးပေါ်တွင် ဤမျှ ခေတ်မီ၊ ဤမျှ ခမ်းနား၊ ဤမျှ လှပသော အဆောက်အအုံကြီးကို အထီးတည်း တွေ့ရသောကြောင့် ဖြစ်ပါသည်။




























သစ်သား ပါးကေးများ











သီပေါစော်ဘွား၏ စခန်းသာဟော်မှာ တောင်စွယ်တစ်ခုပေါ်တွင် တည်ဆောက်ထားလေသည်။ တောင်စွယ်မျက်နှာပြင်သည် စည်မျက်နှာကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိ၏။ တစ်ခါတုန်းက မြကမ္ဗလာကို ဖြန့်ထားသည့်နှယ်ရှိသော မြက်ခင်းလဲ့လဲ့တို့ ရှိခဲ့ဟန်တူသော်လည်း ယခုမူပေါင်းမြက်တို့ တောထအောင် ဖုံးနေလေပြီ။ တောင်စွယ်ဆုံးသွားသည့်အခါ၌ ကမ်းပါးကို ဖြိုချကာ ကျောက်တုံးတွေ စီထားပြီး အောက်အဆင့်တွင် မြက်ခင်းပြင်တစ်ခု လုပ်ထားပြန်သည်။ အပေါ်မြက်ခင်းပြင်မှ အုတ်လှေကားအတိုင်း ဆင်းလာလျှင် အောက်မြက်ခင်းပြင်သို့ ရောက်သည်။ ထိုနေရာတွင် တစ်ခါက ဇော်မွှား၊ ဒေလီယာ၊ ဂန္ဓမာ၊ ကာနေးရှင်း စသည့် ပန်းပင်များ ရှိလိမ့်မည်ဟု ကျွန်တော် တွေးကြည့်ပါသည်။

တောင်စွယ်က မြက်ခင်းအလယ်တွင် ဆောက်ထားသည့် နွေရာသီ ဟော်နန်းမှာ အနောက်တိုင်းနှင့် အရှေ့တိုင်း အမျိုးသား  ဗိသုကာလက်ရာကို ပေါင်းစပ်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ ကော့တစ်ခ်ျခေါ် တစ်ထပ်တိုက်ဖြစ်ပြီး၊ အလယ်ထိပ်တွင် ရောမခေတ်က ကော်လံများလို ကျောက်ဖြူ တိုင်လုံးကြီးတွေ ထူထားကာ၊ ထိပ်တွင် ဒေါင်းရုပ်ကြီးတစ်ရုပ်ကို ကျောက်ဆစ်၍ ပုံဖော်ထားသည်။ ကော့တစ်ခ်ျ ဘေးဘက်က တောင်ပံသဖွယ် ဖြန့်နေသည့် အဆောင် တစ်ဖက်တချက်ပေါ်တွင် ပြာသာဒ်များ တင်ထားသည်။ ပင်မကော့တစ်ခ်ျ နောက်ဘက် မျက်နှာစာ အ၀တွင်လည်း ရောမ ကော်လံလို ကျောက်ဖြူတိုင်ကြီးတွေ ထူထားပြီး၊ ထိပ်တွင် ယုန်ရုပ်ကို ကျောက်ဆစ်၍ ဖော်ထားလေသည်။

ကျွန်တော်တို့သည် ဟော်နန်းအလယ်ပေါက်မှရပ်ကာ ရှေ့တွင် မြင်ရသည့် ရှုခင်းကို မျှော်ကြည့်ကြသည်။ ရှုမျှော်ခင်းကြီး တစ်ခုလုံးကို မြင်ကွင်းကျယ် မြင်နိုင်သော နေရာပေတည်း။

တောင်စွယ်အောက်တွင် ကွင်းပြင်ကြီးက မျှော်မဆုံးနိုင်။ ကွင်းပြင်ကို လွန်လျှင် လားရှိုး-မန္တလေး ကားလမ်းကို ရေးရေးမြင်ရသည်။ ကားလမ်းကို လွန်လျှင် မျှော်မဆုံးနိုင်သော လယ်ကွင်းများ၊ တောင်ယာများ၊ လှေကားထစ် စိုက်ကွင်းများ၊ တောအုပ်များ၊ စမ်းချောင်းများ၊ မှိုင်းပြာသော တောင်တန်းများ။ ထို့နောက် မိုးကုပ်စက်ဝိုင်းကြီး။

"ခု နေကြာခင်းတွေ၊ စပါးတွေ စိုက်ထားတဲ့ ကွင်းကြီးက ဟိုတုန်းကတော့ မြင်းပြိုင်ကွင်းကြီး ဆရာ၊ နွေရာသီကျရင် စော်ဘွားကြီးက ဒီမှာပဲ နေတယ်။ ဒီ ဟော်ရှေ့ကနေပြီး မြင်းပွဲကို ကြည့်တာပဲ"

ဒေသခံများက ပြောပြကြသည်။

ကျွန်တော်တို့သည် ဟော်နန်းထဲသို့ ၀င်ခဲ့ကြ၏။ ဒေါင်းရုပ် ရုပ်ကြွတပ်ထားသည့် အလယ် ခန်းမ ဆောင်ကြီးကို ပထမ ၀င်ကြည့်ကြသည်။ ထိုအဆောင်မှာ အဖူးမြော်ခံရာ ညီလာခံ ခန်းမဟု သိရ၏။ အလယ် ခန်းမတွင် ဘာမျှ မရှိတော့ပါ။ ပုလ္လင်လည်း မရှိတော့။ ဟော်နန်း၏ အဆောင်အယောင် တို့ကိုလည်း မမြင်ရတော့။

လွန်ခဲ့သည့် လေးငါးနှစ် ညောင်ရွှေဟော်သို့ ရောက်စဉ် ထီးဖြူ၊  ပုလ္လင်၊ နာရီမောင်း စသည်တို့ကို ကျွန်တော် တွေ့ခဲ့ရသည်။ ယခု စခန်းသာဟော်နန်းတွင်ကား ပဒေသရာဇ်စနစ်၏ အရိပ်အယောင်ကို မမြင်ရတော့။

အလယ်က ညီလာခံ ခန်းမကို ကြည့်ပြီးနောက်၊ ဘေးတစ်ဖက်တချက် အဆောင်များကို ၀င်ကြည့်ကြသည်။ ညာဘက်တောင်ပံမှ အဆောင်ကား မရှိတော့။ ပြိုပျက်နေလေပြီ။

"မီးလောင်သွားလို့ ဒီဘက်က အဆောင်ကတော့ ပျက်သွားပြီ၊ ၀ဲဘက်ဆောင်ပဲ ကျန်တော့တယ်" ဟု ပြောပြကြသည်။

ဘယ်တုန်းက မီးလောင်သွားသည်ဟု ကျွန်တော် မမေးခဲ့မိပါ။ ညာဘက်အဆောင်မှာ အမိုးတွေ မရှိတော့ဘဲ တစ်ပိုင်းတစ ပြိုကျနေသည့် နံရံကြီးကိုသာ မြင်ခဲ့ရသည်။  ၀ဲဘက်အဆောင်ကား လုံးလုံး ပျက်စီးခြင်းမရှိ။ အကောင်းပကတိ ကျန်နေသေး၏။ ကျွန်တော်တို့သည် ၀ဲဘက်အဆောင်ရှိ အခန်းများကို လိုက်ကြည့်၏။ ၀ဲဘက်ဆောင်တွင် အိပ်ခန်းတွေကလည်း အများကြီး။ ရေအိမ်၊ ရေချိုးခန်း စသည်တို့နှင့် တွဲထားသည့် ခေတ်မီ အိပ်ခန်းများ ဖြစ်ပါသည်။ ၀ဲဘက်ဆောင် တစ်ခုတည်းမှာပင် အိပ်ခန်း လေး ငါးဆယ်ခန်းလောက်ရှိမည် ထင်ပါသည်။ အိပ်ခန်းတွေ သည်လောက်များလျှင် အိပ်သူတွေ တော်တော် များလိမ့်မည်ဟု ကျွန်တော်တို့ဘာသာ တွေးယူ လိုက်ကြပါသည်။ ဒေါ်စောမြအေးကြည်သည် မိုးဒေ၀ါသီချင်းကို ဤစခန်းသာဟော်မှာပင် စပ်ဆိုသွားခဲ့ခြင်း ဖြစ်လေသည်။ ၀ဲဘက်ဆောင်တွင် အိပ်ခန်းမျာအပြင် မီးလင်းဖိုကြီးရှိသည့် ဧည့်ခန်းကြီး တစ်ခန်းလည်း ရှိသေးသည်။ တော်တော်ကျယ်သည့် ဧည့်ခန်းကြီး ဖြစ်ပါသည်။

ဝဲဘက်ဆောင် တစ်ဖက်တည်းမှာပင် သာမန်လူတွေ နေလျှင် ဆယ်အိမ်ထောင်လောက် နေနိုင်မည် ထင်ပါသည်။ မီးလောင်ပျက်စီးသွားသည့် ညာဘက်ဆောင်ပါ ပေါင်းလျှင် စော်ဘွား၏ ဟော်နန်းသည် လူတစ်ရာလောက် ၀င်နေသည့်တိုင် ထိုလူတစ်ရာသည် ပျောက်နေပါလိမ့်မည်။

မီးလောင်ပျက်စီးသည့် အခြမ်းမှအပ ဟော်နန်းကြီးတစ်ခုလုံးသည် အကောင်းပကတိကြီး ရှိသေးသည်။ သို့ရာတွင် အစောင့်တစ်ယောက် ထားသည်မှအပ ကောင်းစွာ ထိန်းသိမ်းထားခြင်း ရှိဟန်မတူပါ။ မှန်တံခါးတို့က ကွဲလျက်၊ လျှာထိုးကြမ်းပြင်ပေါ်တွင် နွားချေးပုံများကိုလည်း တွေ့ရ၏။

ကျွန်တော်သည် ထည်ဝါခမ်းနားရုံမျှမက လှပခေတ်မီသည့် ဟော်နန်းကို ကြည့်၍ နှမြောနေမိလေသည်။

ထိုဟော်နန်းကြီးကို အသုံးချရန် ရည်ရွယ်ချက် ရှိ မရှိ ကျွန်တော်တို့က မေးကြည့်ကြသည်။

"မူးယစ်ဆေးဝါးစွဲပြီး လူကောင်းပြန်ဖြစ်လာတဲ့ လူငယ်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတစ်ရပ်အနေနဲ့ နေရာချထားဖို့တော့ စီစဉ်နေကြတာပဲ။ ဘယ်တော့လောက် အကောင်အထည် ပေါ်မလဲတော့ မသိသေးဘူး။ တစ်ခါတရံမှာ လုံခြုံရေး အခက်အခဲ နည်းနည်းရှိတယ်" ဟု ပြောပြကြသည်။

လွန်ခဲ့သည့် တစ်နှစ်လောက်တုန်းက အစောင့်တစ်ယောက်ကို အကြမ်းဖက်သမားက ပစ်သတ်သွားသည်ဟု သိရလေသည်။

ကျွန်တော်တို့သည် ဟော်ကို ကြည့်ပြီးနောက်၊ အမိုးပေါ်ရှိ လသာဆောင်သို့ တက်ခဲ့ကြသည်။ တစ်ဖက် တချက် ပြာသာဒ်တင်ထားသည့်  အမိုးပေါ်တွင် ကျယ်ပြန့်သည့် လသာဆောင်ကြီး တစ်ခုစီ ရှိသေးသည်။ ဟော်၏ အလျားမှာ ကျွန်တော့်အထင် ပေ ၁၅၀ လောက် ရှိမည်ထင်ပါသည်။ လသာဆောင် တစ်ခုနှင့် တစ်ခုကို အလယ်က ပြာသာဒ်တွေ၊ အမိုးတွေ ခြားနေသဖြင့် မြင်လည်း မမြင်ရ၊ စကားပြောလျှင်လည်း မကြားရပါ။

လသာဆောင်ပေါ်မှ မျှော်ကြည့်လိုက်သည့်အခါတွင် အောက်မှ ကြည့်ရသည်ထက် ရှုခင်းတစ်ခုလုံးကို ပို၍ သဲကွဲစွာ မြင်ရသည်။ ဟော် ဆောက်ထားရာ တောင်စွယ်နောက်တွင် တောင်တန်းကြီးများ၊ တောများ ရှိသည်။ ဟော် ပတ်လည်တွင်လည်း ထင်းရှူးပင်တွေ၊ ၀က်သစ်ချပင်တွေ၊ ယူကလစ်တပ်ပင်တွေ စိုက်ထားသည်။ ရုတ်တရက် ကြည့်လိုက်လျှင် မြန်မာနိုင်ငံ ရောက်နေသည်ဟု မထင်ရ။ ဥရောပ နိုင်ငံတစ်ခုက ကျေးလက်စံအိမ် တစ်အိမ်သို့ ရောက်နေသည်ဟု ထင်ရလေသည်။

ကျွန်တော်တို့သည် စခန်းသာဟော်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်၊ ကျောက်မဲသို့ ပြန်ခဲ့ကြသည်။ ထိုစဉ်က ကျွန်တော်တို့တွင် ကင်မရာ မပါသဖြင့် သီပေါစော်ဘွား၏ ဟော်နန်းအိုကို ဓါတ်ပုံမရိုက်ခဲ့ရပါ။ ကာတွန်းမြေဇာသာလျှင် စခန်းသာဟော်၏ ပုံကို ကောက်ကြောင်းဖြင့် ပုံကြမ်းဆွဲခဲ့ရသည်။

ကျွန်တော်သည် ကျောက်မဲအပြန် ကားပေါ်တွင် ထိုင်လိုက်လာရင်း၊ ရှမ်းပြည်နယ်၏ ကိုလိုနီ အုပ်ချုပ်ရေး သမိုင်းကို စဉ်းစားလာမိလေသည်။

အင်္ဂလိပ်အစိုးရသည် ၁၈၈၆ ခုနှစ်တွင် ရှမ်းပြည်နယ်အပါအ၀င် မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှ အင်ပိုင်ယာ၏ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့လေသည်။ ၁၈၈၇ ခုနှစ်တွင် မြန်မာပြည် စည်းမျဉ်းအက်ဥပဒေအရ ရှမ်းပြည်နယ်ကို နယ်များ ခွဲဝေသတ်မှတ်ခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ထိုအက်ဥပဒေ ပြင်ဆင်ချက်အရ ရှမ်းပြည်နယ်ကို တောင်ပိုင်း၊ မြောက်ပိုင်း ခွဲခဲ့သည်။ တောင်ပိုင်းနယ်၊ သိန္နီနယ်မြောက်ပိုင်း၊ သိန္နီနယ်တောင်ပိုင်း၊ သီပေါနယ်၊ အနောက်နှင့် အရှေ့ မိုင်းလုံနယ်တို့ကို စော်ဘွား အုပ်ချုပ်သည့်နယ်များအဖြစ် သတ်မှတ်ခဲ့ပြီး၊ သံလွင် အရှေ့ဘက်ကမ်းရှိ နယ်များကို မြန်မာနိုင်ငံတော် ဘုရင်မင်းမြတ် (အင်္ဂလိပ်ဘုရင်) ၏ သံလွင်အရှေ့ဘက်နယ်များဟု သတ်မှတ်ခဲ့သည်။ ထိုနယ်များ အားလုံးကို မြန်မာနိုင်ငံမှ သီးခြားခွဲထုတ်ကာ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်စေခဲ့လေသည်။ ကာကွယ်ရေးအာဏာ၊ ဘဏ္ဍာရေးအာဏာ နှင့် နိုင်ငံရေးအာဏာတို့ကို  အင်္ဂလိပ်တို့က ကိုင်ထားခဲ့ပြီး၊ စော်ဘွားများအား အင်္ဂလိပ်အစိုးရအပေါ် သစ္စာရှိရန် ပဋိညာဉ်ထားစေခဲ့လေသည်။

သို့ဖြင့် မြေပြန့်နှင့် တောင်တန်းဒေသများသည် အနေဝေးခဲ့ကြလေသည်။ အင်္ဂလိပ်တို့သည် တောင်တန်း စော်ဘွားများအား အခွင့်အရေးများ ပေးခဲ့ကြသည်။ အချို့သော စော်ဘွားများကို ၀ိတိုရိယ ဘုရင်မကြီး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်း၊ အချို့သော စော်ဘွားများကို ဘုရင်မင်းမြတ် ဘိသိက်ပွဲသို့ ဖိတ်ကြားခြင်း စသည့် နည်းများဖြင့် မြှူဆွယ်ခဲ့ကာ မြန်မာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်ခဲ့ကြလေသည်။

ကျွန်တော်သည် ကားပေါ်မှနေ၍ တဖြည်းဖြည်း ဝေးကျန်ခဲ့သော သီပေါစော်ဘွား၏ စခန်းသာဟော်ကို ငေးကြည့်မိသည်။

သြော် .... ပဒေသရာဇ် တစ်ပါး၏ ဟော်နန်းအိုပေတကား။

* * * * * * * * * *