18.2.11

အိုင်းစတိုင်းနှင့် တွေ့တဲ့ည ၊ အကယ်ဒမီ စန္ဒရားလှထွတ်။

အိုင်းစတိုင်းနှင့် တွေ့တဲ့ည


The Night I met Einstein by Jerome Weidman
အိုင်းစတိုင်းနှင့် တွေ့တဲ့ည ၊ အကယ်ဒမီ စန္ဒရားလှထွတ် ၊
ဒဂုန် မဂ္ဂဇင်း ၊ ၆ / ၈၅ ခုနှစ် ။
မြားနတ်မောင် မဂ္ဂဇင်း ၊ အမှတ် ၉၀ ၊ နိုဝင်ဘာလ ၊ ၁၉၉၉ ။ စာမျက်နှာ ၁၆၄ - ၁၆၉ ။
(From Reader's Digest New Pocket Companion) 
(သိမ်းဆည်းထားသည့် မဂ္ဂဇင်း ဖြတ်စများထဲမှ မည်သူ့ကိုမှ ခွင့်မတောင်းပဲ တိုက်ရိုက် ကူးယူ တင်ပြထားခြင်း ဖြစ်ပါသည်။)

လူ့လောကထဲသို့ တိုးဝင်စကာလ လူငယ်ဘ၀က ကျွန်တော်သည် အလွန်ချမ်းသာသော တိုင်းသိပြည်သိ အမျိုးသမီးတစ်ဦး၏ အိမ်ဂေဟာသို့ ညစာစားပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည်။ ထိုအမျိုးသမီးကြီးသည် လူမှုရေးကိစ္စများတွင် ရှေ့တန်းမှ လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ပရဟိတ လုပ်ငန်းများအတွက် ငွေအလုံးအရင်း ထည့်ဝင်လှူဒါန်းရာ၌ ထင်ရှားသော စေတနာရှင်တစ်ဦး ဖြစ်ပါသည်။

ညစာစားပြီးကြသောအခါ အိမ်ရှင်က ခမ်းနားကျယ်ဝန်းလှသော ဧည့်ခန်းဆောင်သို့ ခေါ်သွားပါသည်။ အခြားသော ဧည့်သည်များကလည်း ၀င်ရောက်လာကြသည်။ ဤတွင် ကျွန်တော်သည် မြင်ကွင်း နှစ်ခုကြောင့် စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားခဲ့ရသည်။

ယင်းကား ခန်းမကြီး၏ တစ်ဘက်ထိပ်၌ နေရာချထားသော တူရိယာပစ္စည်းများနှင့် အိမ်စေများက ဧည့်သည်များအတွက် အခန်းပတ်ပတ်လည်နေရာတွင် ကုလားထိုင်များ စီချနေသည်ကို တွေ့ရခြင်းများ ဖြစ်လေသည်။ ကြည့်ရသည်မှာ ညနေခင်းဂီတပွဲသဘင်တစ်ခုနှင့် ပက်ပင်းတိုးရမည့်သဘော။ 'ပက်ပင်းတိုးတော့မည်' ဟူသော ဝေါဟာရကို မလွှဲမရှောင်သာ ကြုံတွေ့ရတော့မည်ဟု အဓိပ္ပါယ်တစ်မျိုး ဖွင့်ဆိုနိုင်ပါသည်။

မှန်ပါသည်။ ကျွန်တော့်အဖို့ ဂီတသည် ဘာအဓိပ္ပါယ်မှ မရှိပါ။ ကျွန်တော့အား နားကန်းတစ်ယောက်ဟု ဆိုချင်ဆိုနိုင်ပါသည်။ အလွန်လွယ်ကူလှသော တေးသွားတစ်ခုကို ရွတ်ဆိုနိုင်ရန် ကျွန်တော်သည် ကြီးစွာသော အားထုတ်မှုကို ပြုရ၏။ လေးနက်သော တေးဂီတကြီးများကား ကျွန်တော့်အဖို့  'ဆူညံသံ အစုအဝေး' သာဖြစ်ချေ၏။

ထို့ကြောင့်ပင် ကျွန်တော်သည် ထိုအကျဉ်းအကြပ်မျိုး ကြုံတွေ့ရသည့်အခါ လုပ်မြဲလုပ်ထုံးဖြစ်သည့် ကျင့်စဉ်ကိုပင် ကျင့်သုံးရတော့၏။

ယင်းကား ကြိုးတပ်တီးဝိုင်းမှ တေးဂီတ စတင်သည်နှင့် ကျွန်တော်သည် အလွန်နှစ်ခြိုက်သော မျက်နှာထားမျိုးဖြင့် လေးလေးနက်နက် နားထောင်နေသည့်ဟန်ဖမ်းကာ မျက်စိနှစ်ဖက်ကို ပိတ်ထားလိုက်၏။ ပြီးတော့ နားနှစ်ဖက်ကို ဖွင့်လျက် ပိတ်ထားပြီး ဂီတနှင့် မဆီမဆိုင်သော ကျွန်တော် တွေးချင်သည့် အကြောင်းများကို တွေးနေလိုက်ပါသည်။


အတန်ကြာသောအခါ ကျွန်တော်သည် ပတ်ဝန်းကျင်မှ ဧည့်သည်များ လက်ခုတ်တီး၍ ဂီတပညာရှင်များကို သြဘာပေးနေသည်ကို သတိပြုမိသဖြင့် ကျွန်တော်ပါ ရောယောင်၍ လက်ခုပ်သြဘာ ချီးမြှင့်ရတော့သည်။ ထိုအခိုက်တွင် ကျွန်တော်၏ ညာဘက်ဘေးမှ ညင်သာပြတ်သားသော အသံတစ်သံကို သတိပြုလိုက်မိသည်။


"ဘာ့ခ်ရဲ့ ဂီတကို ကြိုက်လား" ထိုအသံက မေးသည်။


ကျွန်တော်သည် ညူးကလီးယားကွဲထွက်ခြင်း အကြောင်းများကို ဘာမှ နားမလည်သလို ဘာ့ခ် ဂီတ အကြောင်းကိုလည်း ဘာတစ်ခုမျှ မသိပါ။ သို့သော် ကမ္ဘာကျော် မျက်နှာများကိုကား ကျွန်တော် သိပါသည်။ ကျွန်တော့်ဘေးမှ  ပုဂ္ဂိုလ်သည် သူ၏ ကျော်ကြားလှသည့် မဖြီးမသင် ပွယောင်းနေသော ဆံရှည်၊ နှုတ်ခမ်းမွေးပုံ့ပုံ့၊ သွားကြားထဲတွင် အမြဲရှိနေသော ဆေးတံ စသည်တို့နှင့် တန်ဆာဆင်ထားသည့် ၂၀ ရာစု၏ ထိပ်ထိပ်ကြဲ သိပ္ပံပညာရှင် ဒေါက်တာ အဲလ်ဘတ် အိုင်းစတိုင်းမှန်း ကျွန်တော် သိလိုက်ပါသည်။


"အဲ... အင်း" ကျွန်တော် ရုတ်တရက် ဘာဖြေရမှန်း မသိဘဲ တုံ့ဆိုင်းနေမိပါသည်။ မေးတာကတော့ အမှတ်မထင် မေးလိုက်သည့် ပုံမျိုးဟု ထင်ရ၏။ ကျွန်တော်ကလည်း တစ်စုံတရာ ပြန်ဖြေလိုက်ရုံပင်။


သို့သော် ကျွန်တော့်ဘေးမှ ပုဂ္ဂိုလ်၏ စူးရှလေးနက်သော မျက်လုံးအစုံက သူသည် ပေါ့ပေါ့တန်တန် အလာပသလ္လာပ စကားအဖြစ် မေးမြန်းခြင်းမျိုးမဟုတ်ကြောင်းကို ပြောနေသကဲ့သို့ မှတ်ထင်ရ၏။ ထို့ကြောင့် ကျွန်တော့်အဖြေသည် မည်မျှပင် သေးဖွဲစေကာမူ မေးသူအဖို့ အရေးပါသည် ဟူသော အချက်ကို ကျွန်တော် သတိထားမိလိုက်ပါ၏။ ပြီး ထိုပုဂ္ဂိုလ်သည် ဖြီးဖြန်းလို့ရမည့် ပုဂ္ဂိုလ်မျိုးမဟုတ်။


"ကျွန်တော် ဘာခ့်အကြောင်း မသိပါဘူးခင်ဗျ၊ သူ့ရဲ့ ဂီတတွေလည်း နားမထောင်ဖူးပါဘူး"


"ဘာခ့် ကို မကြားဖူးဘူး၊ ဟုတ်လား"


သူ၏ လေသံသည် မောင်ရင် တစ်ခါမှ ရေမချိုးဖူးဘူး၊ ဟုတ်လား ဟု တအံတသြ မေးနေသည့် လေသံမျိုးပေါက်ပါသည်။


"ကျွန်တော် ဘာခ့်ကို မကြိုက်လို့ ၊ ဟို .... မကြိုက်ချင်လို့ မဟုတ်ပါဘူး၊ အင်း ဘယ်လိုပြောရမလဲ၊ ကျွန်တော်ဟာ နားကန်းတစ်ယောက်လို ဖြစ်နေလို့ပါ၊ ဘယ်ဂီတမှ ကျွန်တော့်နားထဲ သိပ်မ၀င်တတ်ပါဘူး"


အဘိုးကြီး၏ မျက်နှာပေါ်တွင် ကရုဏာသက်သည့် အသွင်အပြင်ဟု ခေါ်ရမည်လား၊ စိုးရိမ်သည်ဟု ပြောရမည်လား မသိသော အရိပ်အယောင်တစ်ခု ယှက်သမ်းသွားသည်ဟု ကျွန်တော်ထင်လိုက်မိပါသည်။


"ကျေးဇူးပြုပြီး ကျုပ်နဲ့ ခဏလိုက်ခဲ့ပါလား"


ဒေါက်တာ အိုင်းစတိုင်းက ကျွန်တော့်လက်မောင်းကို ရင်းနှီးစွာ စွဲကိုင်၍ ထလိုက်သည်နှင့် ကျွန်တော်ပါ လိုက်ထကာ ဧည့်ခန်းမအလယ်မှဖြတ်၍ လျှောက်ထွက်လာခဲ့ပါသည်။ ဧည့်ပရိတ်သတ်များသည် ကျွန်တော်တို့ကို ၀ိုင်းကြည့်နေကြသည်။ တီးတိုးစကားများဖြင့် ဧည့်ခန်းမတစ်ခုလုံး လှုပ်လှုပ်ရွရွကလေး ပင် ဖြစ်သွားသည်။ ကျွန်တော် ခပ်ရှိန်းရှိန်းဖြင့် ခြေလှမ်းမမှားအောင် သတိထားနေရသည်။ ဒေါက်တာ အိုင်းစတိုင်းက ဘယ်သူ့ကိုမှ ဂရုမထား။


သူသည် ဧည့်ခန်းမအပြင်ရှိ လှေကားကြီးတစ်ခုမှ အပေါ်ထပ်သို့ ခေါ်သွားပါသည်။ သူသည် ဤအိမ်ဂေဟာကြီးကို ကြိမ်ဖန်များစွာ ရင်းရင်းနှီးနှီး ၀င်ထွက်သွားလာနေသူတစ်ဦး ဖြစ်ပုံရပါသည်။ အပေါ်ထပ်သို့ ရောက်သော် သူသည် အခန်းကြီးတစ်ခု၏ တံခါးကို ဖွင့်လိုက်ပါသည်။ ကျွန်တော်နှင့် သူ အထဲရောက်သောအခါ သူက တံခါးကို သေချာစွာ ပြန်ပိတ်လိုက်၏။ အခန်းကြီးမှာ စာအုပ်များနှင့် ပြည့်နှက်နေသော စာကြည့်ခန်း၊ အပန်းဖြေခန်းပင် ဖြစ်ပါလေသည်။


အိုင်းစတိုင်းက ကျွန်တော့်ကို ဆိုဖာတစ်ခုတွင် ထိုင်စေပါသည်။ ပြီးမှ


'ကဲ ... အဲဒီလို ဂီတနဲ့ ပတ်သက်ပြီး မောင်ရင်ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ၊ တဆိတ်ပြောပြပါဦး။'


'တစ်သက်လုံးပဲ ဆိုပါတော့ ခင်ဗျား၊ ဒါနဲ့ ဆရာကြီးခင်ဗျား၊ ကျွန်တော် ဂီတနဲ့ သဟဇာတ မဖြစ်တာ အရေးမကြီးပါဘူး။ အဲဒီအတွက် ဆရာကြီးအနေနဲ့ အချိန်တွေ အကုန်ခံနေတာ ကျွန်တော် အားနာလှပါပြီ။ အောက်ပြန်ဆင်းပြီး ဂီတတွေ နားထောင်စေချင်ပါတယ်ခင်ဗျား။'


ဒေါက်တာ အိုင်းစတိုင်းက ခေါင်းရမ်းပြလိုက်သည်။ မဆီမဆိုင်တာတွေကို ကျွန်တော်ပြောမိသကဲ့သို့ ဘ၀င်မတွေ့ ဖြစ်သွားဟန်ရှိသည်။


'ဒီမှာ ကျုပ်ကို တစ်ခုခု ပြောစမ်းပါ။ ဘယ်လို ဂီတမျိုးနဲ့ မောင်ရင်နဲ့ နီးစပ်ကျွမ်းဝင်သလဲ။ တစ်ခုခုတော့ ရှိပါလိမ့်မယ်။'

'အင်း  စာသားပါတဲ့ သီချင်းမျိုးဆို အလှမ်းမဝေးပါဘူး။ နည်းနည်းပါးပါး လိုက်ဆိုညည်းလို့ ရတာမျိုးပေါ့'


သူက ပြုံး၍ ခေါင်းညိတ်ပြသည်။ သဘောကျသွားပုံ ရ၏။ 'ကောင်းပြီ၊ ဘယ်လို သီချင်းမျိုးဆိုတာ စံအနေနဲ့ ပြောပါဦး။'


'ဟို .... ဘင်ကရော့စ်ဘီဆိုတဲ့ သီချင်းမျိုးပါ'

'ဟုတ်ပြီ' သူသည် အခန်းထောင့်တွင်ရှိသော ဓါတ်စက်ရှိရာသို့ သွက်လက်စွာ လျှောက်သွားပြီး စင်ပေါ်မှ ဓါတ်ပြားများကို တစ်ချပ်ခြင်း ရွေးထုတ်နေလေသည်။ လိုချင်သော ဓါတ်ပြားကို တွေ့သောအခါ


'အာ  ... ရပြီ' ဟုဆိုကာ ဓါတ်စက်ပေါ်သို့ တင်၍ ဖွင့်လိုက်၏။ အဆိုကျော် ဘင်ကရော့စ်ဘီ၏ "ညဥ့်ယံပြာနှင့် နေ့ရွှေဝါတို့ တွေ့ဆုံကြရာ" (Bing Crosby's Where the blue of the Night meets the gold of the Day) သီချင်းသည် ငြိမ့်ညောင်းစွာ ထွက်ပေါ်လာပြီး တစ်ခန်းလုံးကို လွှမ်းခြုံလိုက်လေသည်။ ဆရာကြီးသည် ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး သူ၏ ဆေးတံရိုးဖြင့် နရီ လိုက်နေလေသည်။ သီချင်းဆုံးသွားသောအခါ စက်ရပ်လိုက်ပြီး


'ကဲ ... မောင်ရင် အခုကြားခဲ့တာ ကျုပ်ကို ပြန်ပြောပါဦး'


ထိုအမေးကို ဖြေရန်ကား သီချင်းဆိုပြရန်ပင် ရှိသဖြင့် ကျွန်တော်က ရသည့်အတိုင်းပြန်၍ ရှိသည့်အသံဖြင့် ဆိုပြလိုက်ရပါသည်။ အသံ မကြောင်ရန်နှင့် မကွဲအက်စေရန် အထူးသတိထား၍ အစွမ်းကုန် ကြိုးစားလိုက်ရပါ၏။ အဘိုးကြီး၏ မျက်နှာသည် နံနက်ခင်းနေရောင်ကဲ့သို့ ၀င်းထိန်သွားပါသည်။


'ဟုတ်ပြီ ၊ တွေ့လား။ မောင်ရင့်မှာ နားရှိပါတယ်။' သူက အားရ၀မ်းသာ အော်ပြောလိုက်ပါသည်။


ကျွန်တော်က ထိုသီချင်းမှာ ကျွန်တော့်အကြိုက်သီချင်းလည်းဖြစ် ၊ ကြိမ်ဖန်များစွာ ကြားဖူးနေသောကြောင့် တစ်ကြောင်း လိုက်၍ သီဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ကျွန်တော်၏ ဂီတစွမ်းရည်ကို သက်သေထူခြင်း မဖြစ်သင့်ပါကြောင်း ပြောဆိုမိပါသည်။


'မဟုတ်တာ၊ အဲဒါ မောင်ရင့်မှာ ဂီတနားရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာကြီး သက်သေပြနေတာ၊ မောင်ရင်မှတ်မိမလား၊ ငယ်ငယ်က ပထမဦးဆုံး ကျောင်းရောက်တဲ့အချိန် ဂဏာန်းတွက်တာလေ၊ မောင်ရင် ၁၊ ၂၊ ၃ ဂဏန်းတွေကို စသိတဲ့အချိန် ၊ ဆရာက ပုစ္ဆာမေးတယ်၊ အဲ အစားတို့၊ အပိုင်းဂဏန်းတို့ ဆိုပါစို့၊ မောင်ရင် တွက်နိုင်ပါ့မလား'


'ဘယ်တွက်နိုင်မှာလဲ ဆရာကြီးရယ်'


'အသေအချာပေါ့ဗျာ။ ဘယ်တတ်နိုင်မှာတုန်း။ အဲဒီလိုသာ ကြုံလာရင် မောင်ရင် လန့်ဖျပ်သွားမှာ သေချာတယ်၊ ရှေ့လျှောက်ပြီး အပိုင်းဂဏန်းတို့၊ အစားပုစ္ဆာတို့ဆိုရင် ဦးနှောက်ဟာ တံခါးပိတ်ထားတော့မှာပေါ့၊ ကိုယ့်ဆရာလုပ်သူက တစ်ချက်ကလေး မှားယွင်းခဲ့တာနဲ့ ကလေး တစ်ယောက်ဟာ အပိုင်းဂဏန်းတို့၊ အစားပုစ္ဆာတို့ရဲ့ အလှအပတွေကို တစ်သက်လုံး မခံစားရတော့ဘဲ နေတော့မှာပေါ့'

ဆရာကြီးက ဆေးတံကို လေထဲသို့ ဝှေ့ယမ်းလိုက်ရင်း


'ဒါပေမယ့် မောင်ရင် ကျောင်းစရောက်လို့ ၁ ၂ ၃ ဂဏန်းတွေ စသင်တဲ့ အချိန်က မောင်ရင့်ဆရာဟာ ဒီလောက်မိုက်မဲလိမ့်မယ် မဟုတ်ပါဘူး။ ပထမဆုံး အခြေခံ ဂဏန်းရေးပုံသင်မယ်၊ ပြီးတော့မှ အပေါင်းဂဏန်းသင်္ချာကို တစ်ဆင့်တက်မယ်၊ ပြီးတော့ အနုတ်၊ အဲဒီက ပြီးတော့ အမြှောက်၊ အစား။ နောက်ပြီးတော့ အပိုင်းဂဏန်းပုစ္ဆာတွေ။ စနစ်တကျ တစ်ဆင့်ပြီး တစ်ဆင့် သင်မှာပေါ့'


ဆရာကြီး အိုင်းစတိုင်းသည် ဘင်ကရော့ဘီ ဓါတ်ပြားကို ဓါတ်စက်မှ ထုတ်ယူလိုက်သည်။

'ဂီတမှာလည်း အဲဒီလိုပဲ။ အခု ဒီဓါတ်ပြားထဲက သီချင်းကလေးဟာ လွယ်ကူတဲ့ အပေါင်းအနုတ်ဘဲ၊ ဒါကို မောင်ရင် အလွယ်တကူ ရပြီးပြီ၊ ကဲ အခု ကျုပ်တို့ နည်းနည်းခက်ခက်ကလေးတစ်ခု စမ်းကြည့်ကြရအောင်'


သူသည် ဓါတ်ပြား နောက်တစ်ချပ် စက်ပေါ်တင်လိုက်သည်။ ဂျွန်မက်ကော်မက် သီဆိုထားသော "ခရာဆရာ" (John Mc Cormack's The Trumpeter) သီချင်းသံ ပေါ်ထွက်လာလေသည်။ အနည်းငယ် ဖွင့်ပြီးသည်နှင့် ဆရာကြီးက ရပ်လိုက်သည်။


'ကဲ .... အဲဒီသီချင်း ပြန်ဆိုကြည့်ရအောင်လား'


ကျွန်တော် မှတ်မိသမျှ ဆိုလိုက်ပါသည်။ အံ့သြစရာကောင်းလောက်အောင် အတော်တိကျစွာ ဆိုလိုက်နိုင်သည်။ ဆရာကြီးက ကျွန်တော့်ကို ကျေနပ်စွာ ကြည့်နေလေသည်။ သူ၏ မျက်နှာအသွင်အပြင်မှာ ကျွန်တော်၏ တစ်သက်တာတွင် တစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးသော အခြားမျက်နှာအသွင်အပြင် တစ်ခုနှင့် ထပ်တူဖြစ်နေပါ၏။ ကျောင်းသားဘ၀က ကျောင်းပိတ်ခါနီး ဟောပြောပွဲတစ်ခုတွင် "သန်မာကြံ့ခိုင်ခြင်း" အကြောင်း ကျွန်တော်ဟောပြောနေစဉ် ပရိတ်သတ်ရှေ့တန်းမှ နားထောင်နေသော ကျွန်တော်၏ ဖခင်မျက်နှာမှာ ယခုသို့ပင် ပီတိများဖြင့် ၀င်းထိန်နေပါသည်။


'ကောင်းတယ်  ကောင်းတယ်၊ အလွန်ကောင်းတာပဲ။ ကဲ ဟော့ဒါလေး နားထောင်ကြည့်ကြဦးစို့'


ဆရာကြီး၏ "ဟော့ဒါလေး" မှာ အော်ပရာ အဆိုတော်ကြီး ကာရူးဆိုး၏ ကာဗယ်လာရီလား ရပ်စ်တီးကား (Caruso's Cavalleria Rusticara) အမည်ရှိ တေးကြီးထဲမှ မှတ်ရန်အလွန်ခက်သည့် အပိုဒ်တစ်ပိုဒ် ဖြစ်လေသည်။ ကျွန်တော် နားထဲဝင်သမျှကို မှတ်မိသလောက် ပြန်ဆိုပြလိုက်ပါသည်။ အဘိုးကြီး ထပ်တိုး ကျေနပ်သွားပုံရသည်။


ထို့နောက်တွင်ကား သီချင်း ၄ ၅ ပုဒ်ခန့် ဆက်၍ဖွင့်ကာ ဆိုခဲ့ရပါသည်။ ကျွန်တော် အံ့သြမဆုံး ဖြစ်ရသည်မှာ ကျွန်တော်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရသော ထိုပုဂ္ဂိုလ်ကြီးသည် မိမိနှင့် တစ်ကြိမ်မျှ တွေ့ဖူးခြင်း မရှိသော လူစိမ်းတစ်ဦးဖြစ်သည့် ကျွန်တော့်အပေါ်တွင် ကျွန်တော်၏ ဂီတ အနုပညာ ခံစားတတ်ရေးနှင့် ပတ်သက်၍ မိမိ၏ အချိန်ကို ပေးစွန့်ကာ စိတ်ရှည်လက်ရှည် အားတက်သရော ပြောဆိုလမ်းပြနေခြင်းပင် ဖြစ်ပါလေသည်။


နောက်ဆုံးတွင် ကျွန်တော်တို့သည် စာသားမပါသော တေးဂီတသက်သက် အပိုင်းသို့ ရောက်လာပါသည်။ နှုတ်ဖြင့် ဆိုရန် စာသားမပါရှိသဖြင့် ဖွင့်ပြသော တေးဂီတတီးလုံးများကို ကျွန်တော်က တေးသွားအသံအလိုက် ပါးစပ်မှ ဒါ....ဒါ.....ဒီ....ဒီ.... လိုက်မြည်ပေးရသည်။ တစ်ခါတရံ အလွန်မြင့်သော တက်သံများပါသည့် အပိုဒ်အချိုးများတွင် ဆရာကြီးသည် ပါးစပ်ကို အစွမ်းကုန်ဖွင့်၍ မိမိခေါင်းကို နောက်သို့ပစ်ကာ ပီရန်ခက်ခဲလှသည့် အသံတက်များကို ကျွန်တော် ပီသွားရလေအောင် ဟူသော သဘောဖြင့် အမူအယာနှင့် လိုက်လံအားပေးတတ်သည်။ အတန်ကြာသောအခါ ဆရာကြီးက ဓါတ်စက်ကို ပိတ်လိုက်သည်။


'ကဲ အခု ကျုပ်တို့တတွေ ဘာခ့်ဂီတအတွက် အဆင်သင့် ဖြစ်သွားပြီ၊ သွားစို့'


ဆရာကြီးနှင့် ကျွန်တော်သည် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ကြသည်။ ဧည့်ခန်းမအတွင်း ကျွန်တော်တို့၏ မူလထိုင်ခုံများတွင် ထိုင်မိကြသည့် အချိန်မှာပင် တီးဝိုင်းသည် ခေတ္တရပ်နားရာမှ နောက်ထပ် ဆက်မည်ဖြစ်သော တေးဂီတ အစီအစဉ်အတွက် ကြိုးများညှိကာ စတင်ရန် အသင့်ပြင်ဆင်လျက် ရှိကြလေသည်။ ဆရာကြီးက ကျွန်တော့်နားထဲသို့ လေသံဖြင့်


'မောင်ရင့် နားတွေကိုသာ ကျကျနန နားထောင်ခွင့်ပြုပေတော့၊ အဲဒါပါပဲ'


အမှန်ကား ဤမျှမကခဲ့ပါချေ။ ယနေ့ ညနေပိုင်းက စတွေ့ခဲ့သော ဆရာကြီး၏ စေတနာ ဂရုဏာတရားများ မပါရှိဘဲ ကျွန်တော်သည် ယခုတီးဝိုင်းမှ တင်ဆက်လျှက်ရှိသော ဂန္တဝင် ဂီတ ဆရာကြီး ဂျိုဟန်ဆီဘက်ရှန်ဘာခ့် ၏ သိုးများ ဘေးကင်းစွာ အစာစားကြပါစေသတည်း (Bach's Sheep May Safely Graze) အမည်ရှိ တေးဂီတ၏ အရသာကို တစ်သက်တာ၏ ပထမဦးဆုံးအကြိမ်အဖြစ် ခံစားခဲ့ရလိမ့်မည် မဟုတ်ပါ။ နောက်ပိုင်းများ၌ ကျွန်တော်သည် ဘာခ့် ၏ တေးဂီတများကို ကြိမ်ဖန်များစွာ နားထောင်ခဲ့ပါသည်။ ရိုးသွားသည်၊ ငြီးငွေ့သွားသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်တော်နားထောင်သည့်အခါတိုင်း မည်သည့်နေရာဒေသမှာမဆို ကျွန်တော်၏ နံဘေးတွင် ဆံပင်ရှည်ရှည်၊ အရပ်ပုပု၊ နှုတ်ခမ်းမွေးထူထူနှင့် လူကြီးတစ်ယောက် အရိပ်လို အမြဲပါရှိနေတတ်ပါသည်။


သူ၏ ပါးစပ်ထဲရှိ ဆေးတံသည် မီးသေလျှက် ရှိသော်လည်း သူ၏ မျက်လုံးများကား တေးဂီတသံများကြားဝယ် ကမ္ဘာ၏ အံ့ဖွယ်အနွေးဓါတ်များ ထွေးခြုံထားသလို နွေးနွေးထွေးထွေး အသက်ဝင်လျှက် ရှိနေကြပါသည်။



ညနေခင်း၏ ဂီတသဘင်ပွဲ ပြီးဆုံးသွားသောအခါ ကျွန်တော်သည် အများဧည့်ပရိတ်သတ်တို့နှင့်အတူ တီးဝိုင်းအဖွဲ့ဝင်များကို လှိုက်လှဲဝမ်းမြောက်စွာ လက်ခုပ်သြဘာပေးမဆုံး ဖြစ်ခဲ့ရပါသည်။


အိမ်ရှင် အမျိုးသမီးကြီးက ဆရာကြီးထံ လာရောက်၍ နှုတ်ဆက်ဂါဝရပြုရင်း


'ဂီတအစီအစဉ် တော်တော်များများ ဆရာကြီး လွတ်သွားတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူးရှင်' ဟု အဓိပ္ပါယ်ပါပါ ပြောလိုက်ပါသည်။


'ဟုတ်တယ်၊ ကျုပ်လည်း စိတ်မကောင်းပါဘူး'


ဆရာကြီးက ပြန်ဖြေရင်း ကျွန်တော့် ပုခုံးကို ရင်းနှီးစွာ လှမ်းဖက်လိုက်ပါသည်။


'ဟောဒီက ကျုပ်မိတ်ဆွေကလေးနဲ့ ကျုပ်ဟာ လူသားတို့အနေနဲ့ ပိုင်ဆိုင်ရရှိနိုင်တဲ့ အမြင့်မားဆုံး အရာတွေ အကြောင်း ဆွေးနွေးနေလို့ပါ'


အမျိုးသမီးက နားမရှင်းသလို ဖြစ်သွားလျှက် 


'အို ဟုတ်လား၊ ဘယ်လိုများပါလိမ့်ရှင်'



ဆရာကြီးက အောက်ပါစာတန်းကလေးကို ရွတ်ပြလိုက်ပါသည်။  ယင်းသည် ကျွန်တော့် ဘ၀ တစ်သက်တာတွင် မမေ့နိုင်ဆုံးသော ကမ္ပည်းစာ ဖြစ်ခဲ့ရပါသည်။


'လောကအလှ - မျက်နှာဝမှာ ၊ ဖွင့်လှစ်ပြသ - အပိုင်းအစတည်း'



External Links for The Night I met Einstein


- http://akshar100.wordpress.com/2007/06/18/the-nigt-i-met-einstein/
- http://en.wikipedia.org/wiki/Jerome_Weidman




* * * * * * * * * *

မကြာမီ ..... ကျွန်တော် ပြန်ဖတ်ချင်နေသော စာအုပ်များ။ ဒေါက်တာခင်လေးမြင့်၏ မင်းသားလေး၊      
                                                          Antoine de Saint-Exupery's Le Petit Prince

                 က၀ါဘာတ ယာဆူနာရီ ၏ သေလွန်ပြီးနောက် ဝတ္ထုတို နှင့် 
                                                         မြန်မာဘာသာသို့ပြန်ထားသည့် သူ၏ ဝတ္ထု စာအုပ်များ  
                                                         (Kawabata Yasunari's Beyond Death)

No comments:

Post a Comment