6.2.11

ဖတ်မိဖတ်ရာ ..... မောင်စိန်ဝင်း (ပုတီးကုန်း) ၏ သတ္တိရှိသော သစ်တပင်

သတ္တိရှိသော သစ်တပင်

မြက်ကြားကိုင်းကြား ၊ ချုံနွယ်ကြားမှာ
အားယူလျက် ၊ အညှောက်ထွက်၍
နွမ်းသွေ့သွေ့နှင့်
အလေ့ကျပေါက် အပင်ငယ် -

နွေရက်ရောက်၍
မြက်ခြောက်ကိုင်းခြောက်
ညှိုးသွေ့ပျောက်လည်း ၊ အညှောက်နုနု
နွေကိုတုကာ ၊ သေလုသေခင်
အသက်ရှင်ဆဲ ၊ မြင်ရဆဲ ..... ။


မိုးလဲဝင်ရော ၊ မြက်တောနှင့်ကိုင်း
နွယ်ပင်ရိုင်းတို့ ၊ ၀ိုင်းဝိုင်းပတ်လည်
ရှည်သန်ကြီးစိုး ၊  လွှမ်းအုပ်မိုး၍
အလေ့ကျပင် ၊ မတွေ့မြင်တော့
ရှင်မှ ရှင်သန်သေးရဲ့လား ..... ။

နွေနွေမိုးမိုး ၊ အမျိုးမျိုးဒဏ်
အဖိခံရင်း ၊ အံကိုတင်းလျက်
အသက်ဆက်ကာ ၊ အရွက်လည်းဖား
ကိုင်းဖျားလည်းရှည် ၊ ပင်စည်လည်းမြင့်
တဆင့်ဆင့်နှင့် ၊ ကြီးရင့်လာခဲ့ရပါသည်။

သို့နှင့် ....
နှစ်ပေါင်းလည်းကြာ ၊ သည်နေရာထက်
မြက်ရိုင်းမတွေ့ ၊ နွယ်မတွေ့တော့
အလေ့ကျပင် ၊ ရွက်နုလွင်၍
ပင်စည်ရင့်ရော် ၊ မိုးကိုမျှော်ကာ
ကန့်ကော်ပန်းတွေဝေလျက် ....


မောင်စိန်ဝင်း (ပုတီးကုန်း)

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင် အပိုင်း ၁ ၊
၁၉၇၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်။ စာမျက်နှာ ၂၈၁ ။


No comments:

Post a Comment