5.2.11

စောသက်လင်း ၊ တစ်ချိန်က မြိတ်မြို့ ရေနက်ဆိပ်ကမ်း ၊ မောရစ်ကောလစ် နှင့် ယိုးဒယားဝှိုက်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုင်းပြည်များမှ လာရောက် ရင်းနှီးမြှပ်နှံသည့် စီးပွားရေးလုပ်ငန်းများထဲတွင် အကြီးဆုံးဖြစ်လာနိုင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း အကြောင်း သတင်းများကို ဖတ်ရှုနေရပါသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ချုပ်ဆိုခဲ့သော စာချုပ်အရ ပင်လယ်ကူးသင်္ဘောကြီးများ ဆိပ်ကပ်ရပ်နားကာ ကုန်တင်ကုန်ချ ပြုလုပ်နိုင်မည့် ရေနက်ဆိပ်ကမ်းကို  ထားဝယ်မြို့တွင် ဆောက်လုပ်မည်ဖြစ်သည်။ ဆက်စပ်စီမံကိန်းများအဖြစ် အထူးစက်မှုဇုန်များ တည် ဆောက်ခြင်း ၊ မြန်မာနိုင်ငံ ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ (Kanchanaburi) တို့ကို ဆက်သွယ် မည့် ကားလမ်း ၊ ရထားလမ်း တို့ကို ဖောက်လုပ်သွားကြမည် ဖြစ်သည်။ ကန်ချနဘူရီမြို့သည် ဘန်ကောက်မြို့မှ ၁၂၉ ကီလိုမီတာခန့်သာ ဝေးသည်။ ကားဖြင့်ဆိုလျှင် ၂ နာရီ ပတ်ဝန်းကျင်ခန့်သာ ကြာမြင့်ပါလိမ့်မည်။

ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်သည့် အကြောင်းမှာ ရှင်းပါသည်။ အိန္ဒိယသမုဒ္ဒရာမှ ရေကြောင်းဖြင့် သယ်လာသည့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ ထားဝယ်မြို့ ဆိပ်ကမ်းတွင် ကမ်းသို့ချ ၊ ထိုမှ ထိုင်းနိုင်ငံသို့ ကုန်းလမ်းဖြင့် သယ် ။ ထိုင်းနိုင်ငံမှ တစ်ဆင့် ကုန်ပစ္စည်းများကို ကုန်းလမ်းမှ မြန်မာနိုင်ငံ အထက်ပိုင်း ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ လောနိုင်ငံ ၊ ကမ္ဘောဒီယားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံများသို့ သယ်ဆောင် တင်ပို့နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် မလက္ကာရေလက်ကြားကို မှီခို အားထားနေရမှု ကျဆင်း လာမည် ဖြစ်သည်။ အားလုံးသည် ကိုယ့်တွက်ကိန်းနှင့်ကိုယ် အဆင်ပြေနေကြလိမ့်မည် ထင်ပါသည်။ ပထ၀ီ မြေပုံပေါ်မှ အနေအထားအရလည်း ဤလမ်းကြောင်းသည် သားရွှေအိုးထမ်းမည့် ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းတွင် ထားဝယ်မြို့သည် အဓိက မင်းသား ဖြစ်လာပါလိမ့်မည်။ သူ့မှာ မင်းသားဖြစ်ဖို့ ကိုယ်ပိုင် အရည်အချင်း များစွာလည်း ရှိနေသည်။

ဘာပဲပြောပြော မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ၊ စီမံကိန်းများ ၊ စက်မှုဇုန်များ တည် ဆောက်ခြင်းသည် ကောင်းပါသည်။ ရှုထောင့် အမျိုးမျိုးမှ ကြည့်ရှု သုံးသပ်ကြမည့် ဝေဖန်ရေးများ ၊ အားသာချက်များ ၊ အားနည်းချက်များ ၊ ဖြစ်စေချင်သည်များ ၊ မဖြစ်စေချင်သည်များ ၊ ..... အားလုံးကို အသာထား၍ ခြုံကြည့်လျှင် ကောင်းမွန်သည်ဟု ထင်ပါသည်။ ဘာမျှ မရှိသည်ထက်စာလျှင် ကောင်းပါ သည်။ ကျွန်တော်သည်လည်း ထားဝယ်စီမံကိန်းကို စိတ်ဝင်စားနေပါသည်။ ထိုထားဝယ်စီမံကိန်း အကြောင်းကို စဉ်းစားရင်း ဟိုတွေး သည်တွေး စိတ်ကူး ရေအလျှင်နောက်သို့ စီးမျှောနေမိပါသည်။

ကျွန်တော်သည် ထားဝယ်မြို့မှ မောင်းမကန် ကမ်းခြေ ကြီးပွားတိုးတက်လာရင်း ပျက်စီးတော့မည့်အရေး ကြိုတင် လွမ်းဆွေးနေမိသည်။ သဘာဝ ပတ်ဝန်းကျင်ကတော့ ပျက်စီးမှာ သေချာသည်။

ဆင်းရဲသား နင်းပြား အလုပ်သမားတို့၏ အရေးကိစ္စများကို ဆောင်ရွက်ပေးခြင်းဖြင့် သတ္တုတွင်း ကုမ္ပဏီမှ အလုပ် ထုတ်ပယ်ခြင်းခံခဲ့ရသည့် ကိုဗထူး ၊ ဘီအိုင်အေနောက် သားမယားပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည့် တပ်ကြပ်ကလေး ဗထူး ၊ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့် ဂုဏ်ပြုခံရသည်ကို မသိလိုက် နိုင်တော့သော ဗိုလ်မှူးဗထူး ၊ တောကြိုအုံကြားမှာ လက်ကျန်ဆေးဝါးအချို့ကို ရဲဘော်များအတွက် ငဲ့ညှာရင်း ငြင်းပယ်ခဲ့သည့် အသက် ၂၉ နှစ်အရွယ်တွင် ကျဆုံးသွားခဲ့ရသော ဗိုလ်မှူးကြီးဗထူး။ ထားဝယ်မှာ သမိုင်းတွေ အများကြီး ရှိပါသည်။

ထားဝယ်သာမဟုတ် ၊ ကန်ချနဘူရီမှာလည်း သမိုင်းများစွာရှိသည်။ ဘုရင့်နောင်မင်း နှင့် အလောင်း ဘုရားမင်းတို့ ထိုင်းကို ရောက်ခဲ့ကြသည့်အချိန်က ကန်ချနဘူရီသည် မြို့ငယ်ရွာငယ်လေးသာ ဖြစ်နေပါလိမ့်မည်။ ၁၇၆၇ ခုနှစ် အယုဒ္ဓယမြို့ (Ayutthaya) ပျက်ဆီးသွားခဲ့ပြီးနောက် ယိုးဒယားနိုင်ငံကို ပြန်လည် စုစည်းပြီး မြို့တော်ကို ဘန်ကောက်သို့ ပြောင်းရွေ့ခဲ့သည့် King Rama I (၁၇၈၂ ခုနှစ်) လက်ထက်လောက်တွင် ကန်ချနဘူရီသည် အရေးပါသည့်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ King Rama I သည် မြန်မာဘုရင်တို့ ယိုးဒယားကို ထပ်မံ ၀င်ရောက်တိုက်ခိုက်ခြင်း မရှိနိုင်စေရန် နယ်စပ်ဒေသများကို အားအင် ဖြည့်တင်းသည့်ကာလတွင် ကန်ချနဘူရီသည် စည်ကားသည့် ဒေသတစ်ခု ဖြစ်လာခဲ့သည်။

ကျော်ငြိမ်း (သုတေသန အရာရှိ) ရေးသည့် ရဲဘော်သုံးကျိပ် စာအုပ် အရ သခင်ဗဂျမ်း (ဗိုလ်လရောင်) နှင့် သခင်လှဖေ (ဗိုလ်လက်ျာ) တို့သည် ထိုင်းနိုင်ငံ ကန်ချနဘူရီမှ ပြည်တွင်း သို့ ပြန်လည် ၀င်ရောက်ရန် ကြိုးစားရင်း ၁၉၄၁ နိုဝင်ဘာ ၂၁ ရက်နေ့တွင် နယ်စပ်၌ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ကန်ချနဘူရီ၏ ထင်ရှားသည့် သမိုင်းများထဲတွင် ၁၉၄၂ ခုနှစ်က ဖောက်လုပ်ခဲ့သည့် ‘ The Death Railway ’ သေမင်းတမန် ရထားလမ်း ရှိသည်။ River Kwai ရှိသည်။ ပြင်သစ် စာရေးဆရာ Pierre Boulle ၏ The Bridge over the River Kwai, 1952 ဝတ္ထု ရှိသည်။ အင်္ဂလိပ် ရုပ်ရှင် ဒါရိုက်တာကြီး Sir David Lean ၏ နာမည်ကျော် ရုပ်ရှင်ကား The Bridge on the River Kwai , 1957 ရှိသည်။ မြန်မာနိုင်ငံတွင်း ကျန်ခဲ့သည့် မိဘများကို တစ်ခါတလေ သတိရနေတတ်သည့် မြစ်ကမ်းနံဘေးမှ မိန်းကလေးများ ရှိသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်သည့် သတင်းများစွာကိုလည်း ဖတ်ရှုရပါသည်။ လွန်ခဲ့သည့် နှစ်အတော်ကြာက ထိုင်းနိုင်ငံသည် သူပိုင်ဆိုင်သည့် နိုင်ငံတောင်ပိုင်း အဆွယ်ကုန်းမြေကို ဖြတ်၍ တူးမြောင်းဖောက်ရန် ပြင်ဆင်ခဲ့ဖူးသည်။ ဒေါက်တာလှိုင်မြင့်၏ ဆောင်းပါးများကိုလည်း ဖတ်ရှုရသည်။ သူ၏ ဆောင်းပါးများအရ ၁၉၉၆ ခုနှစ်ခန့်က NLD ပါတီမှ တာဝန်ပေးချက်ဖြင့် နိုင်ငံတော် စီးပွားရေး စီမံကိန်းများ ရေးဆွဲခဲ့ရာ ထားဝယ်ရေနက်ဆိပ်ကမ်းလည်း တစ်ခု အပါအ၀င် ဖြစ်သည်ဟု ဖတ်ရပါသည်။ အခြားသတင်း များလည်း များစွာ ရှိပါသည်။

သတင်းများ အားလုံးသည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဤသတင်းများ အလိုအရတော့ ထားဝယ်သည် ရှေ့လျှောက် ကြီးပွားတိုးတက်တော့မည် လူငယ်ကလေးနှင့် တူသည်။ ကျွန်တော်သည် ဤလူငယ်လေး အကြောင်းကိုတွေးမိတိုင်း ဖတ်ခဲ့ဖူးသည့် စာအုပ်တစ်အုပ်ကို သတိရနေပါသည်။ ထိုစာအုပ်ထဲတွင်တော့ မြိတ်မြို့သည် မင်းသားလေး ဖြစ်ခဲ့ပါသည်။ ၁၆၃၃ ခုနှစ်လောက်က မြိတ်မြို့သည် ယိုးဒယားနိုင်ငံ အယုဒ္ဓယမြို့တော်အတွက် ရေနက်ဆိပ်ကမ်း တစ်ခု ဖြစ်ခဲ့ပါသည်။ ယခုတော့  မြိတ်မြို့သည် ရာဇ၀င်ထဲမှာ ကျန်ရစ်ခဲ့သည့် ရေနက်ဆိပ်ကမ်းကလေး  ဖြစ်သွားခဲ့ပါပြီ။

ကျွန်တော် သတိရနေသော စာအုပ်မှာ အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ် Maurice Collis ရေးသားခဲ့သည့် Siamese White စာအုပ်ဖြစ်ပါသည်။ မြန်မာဘာသာသို့ ဦးစံဝင်း မှ ပြန် ဆိုပြီး  ယိုးဒယားဝှိုက် အမည်ဖြင့် မြန်မာပြည်စာအုပ်တိုက်မှ ၁၉၆၂ ခုနှစ် ဇန်န၀ါရီလတွင် ပထမအကြိမ်အဖြစ်၊ ၁၄ ကြိမ်မြောက် ဗမာ့ လွတ်လပ်ရေး အထိမ်းအမှတ် ရည်ရွယ်ကာ ထုတ်ဝေခဲ့ပါသည်။ နောက်ပိုင်းထုတ်ဝေမှုများကိုတော့ မသိပါ။

၁၆၇၀ - ၁၆၈၈ ခုနှစ်များအတွင်းက ယိုးဒယားပိုင် မြိတ်မြို့တွင် ကျင်လည်ကျက်စားခဲ့သည့် အင်္ဂလိပ်လူမျိုး Samuel White အကြောင်း အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။
 





Siamese White (ယိုးဒယားဝှိုက်) စာအုပ်သည် ၁၆၇၀ - ၁၆၈၈ ခုနှစ်များအတွင်းက ယိုးဒယားပိုင် မြိတ်မြို့တွင် ကျင်လည် ကျက်စားခဲ့သည့် အင်္ဂလိပ်လူမျိုး Samuel White အကြောင်း အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ ကျွန်တော် ဤစာအုပ်ကို စဖတ်ဖတ်ချင်း စကားလုံးအသိ မကြွယ်ဝမှုကြောင့် စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့သည့် ဝေါဟာရများရှိသည်။ စာအုပ်အမည်တွင်ပါသည့် Siamese နှင့် လူအမည် Samuel တို့ကို မသဲကွဲခြင်း ဖြစ်သည်။ တစ်ခုခုများ လွဲနေသလားဟု သံသယလွဲမှားမိသည်။ သို့ဖြင့် အင်တာနက်တွင် လိုက်ရှာကြည့်ခဲ့သည်။ Samuel မှာ အမည်တစ်ခုသာ ဖြစ်သည်။ Siamese မှာတော့ သမိုင်းလက်တံ ဆွဲဆန့်စရာများစွာ ရှိနေသည်။


ကုန်လွန်ခဲ့ပြီးဖြစ်သည့် နှစ်ရာပေါင်းများစွာက သမိုင်းဖြစ်ရပ်များအကြောင်းကို ပညာရှင်များ ပြောဆိုကြသည့်အခါ ခုနှစ်အတိအကျ ခန့်မှန်းဖို့ရန် ခက်ခဲကြပါလိမ့်မည်။ ထိုပညာရှင်များ ရေးသား ထားသမျှကို ထပ်ဆင့်ဖတ်ပြီး ကျွန်တော်တို့က ညွန်းကြသည့်အခါ ပိုမိုခက်ခဲပါသည်။ သမိုင်းဖြစ်ရပ်များ၏ ခုနှစ်များကို ကျွန်တော်ကိုယ်တိုင် ရှာဖွေတွေ့ရှိထားခြင်းလည်း တစ်ခုမျှ မရှိပါ။ ရှာဖတ်၍ ရနိုင်သမျှ နေရာများမှ ရှာထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် တစ်စုံတဦးက မင်းညွှန်းတဲ့ ခုနှစ်က မှားနေတယ်ဟု ဆိုခဲ့လျှင် ကျွန်တော်က အကြောက်အကန် ငြင်းဆိုနေမည် မဟုတ်ပါ။  ကျွန်တော် ရှာဖတ်ထားသည့် နေရာကိုသာ ညွှန်ပြလိုက်မည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အစိတ်က ကျွန်တော့်အကြောင်းကို ပြန်စဉ်းစားလျှင်ပင် ကျွန်တော် အတိအကျ ပြောနိုင်ဖို့ရာ တစ်ခါတရံ ခက်ခဲပါသည်။


ဝီကီမှတ်တမ်းများ၊ ရှာဖတ်မိသမျှ အင်တာနက်မှတ်တမ်းများအရ ၁၃ရာစု ပတ်ဝန်းကျင်ခန့်မှစ၍ ထိုင်းနိုင်ငံ၏ အမည်သည် Siam ဖြစ်သည်ဟု မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ထိုတိုင်းပြည်ရှိ လူမျိုးများကို Siamese ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုစဉ်က Siam တိုင်းပြည်၏ မြို့တော်မှာ (Ayutthaya) အယုဒ္ဓယ ဖြစ်သည်။ ထိုင်းမှတ်တမ်းများအရ အယုဒ္ဓယမြို့တော်၏ သက်တမ်းမှာ ၁၃၅၁ - ၁၇၆၇ ခုနှစ် ပတ်ဝန်း ကျင် ဖြစ်သည်။ ထိုကာလများမှစ၍ Siam ဟု ခေါ်ဆိုခဲ့သော တိုင်းပြည်ကို ၁၉၃၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် Thailand ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၄၅ ခုနှစ်ခန့်တွင် Siam ဟု ပြန်လည် ခေါ်ဆိုခဲ့ကြပြီး၊ ၁၉၄၉ ခုနှစ် မေလ ၁၁ ရက်မှစ၍ Thailand ဟု ပြောင်းလဲခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ Siam ၊ Thailand တို့၏ အဓိပ္ပါယ်များကိုလည်း ဆက်လက် လေ့လာသင့်ပါသည်။


ယိုးဒယားဆိုသည့် အမည် ဆင်းသက်လာသည့် အချိန်နှင့်သမိုင်းကိုတော့ ကျွန်တော် စာနှင့်ပေနှင့် အသေအချာမသိ။ ပါးစပ်ပြောအရတော့ အယုဒ္ဓယ မှ "အ" ကို ဖြုတ်၍ မြန်မာတို့က ယုဒ္ဓယ ဟု ခေါ်ဝေါ်ရာမှ တဖြည်းဖြည်းဖြင့် ယိုးဒယား ဖြစ်လာသည်ဟု ဆိုကြသည်။ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း အသေအချာမသိ။ ကျွန်တော်ကတော့ ဤကဲ့သို့ ယိုးဒယား ဟူသည့်အမည်စကားလုံး ဆင်းသက်လာရာအကြောင်း စာနှင့်ပေနှင့် ရှိနေလိမ့်မည်ဟုတော့ ယုံကြည်ပါသည်။ ကျွန်တော်၏ စာဖတ်လေ့လာမှု မနှံ့စပ်၍ ဖြစ်ပါလိမ့်မည်။ ( ဥပမာဆိုရလျှင် တရုတ် ဟူသည့် အခေါ်အဝေါ်အကြောင်း စာတမ်း တစ်စောင်ရှိသည်။ ဒေါင်းရန် - https://www.myanmarisp.com/2011/General_Hsitory/GH0030/view )


ထို့ကြောင့် မောရစ်ကောလစ်က  Samuel White အကြောင်းဖြစ်သည့် သူ့စာအုပ်ကို Siamese White ဟု အမည်ပေးခဲ့ပြီး ၊ ဦးစံဝင်းက ယိုးဒယားဝှိုက် အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုခဲ့ပါသည်။


ယိုးဒယားဝှိုက်စာအုပ်တွင် မြိတ်မြို့သည် Siam တိုင်းပြည် အယုဒ္ဓယမြို့တော်၏ ဘင်္ဂလားပင်လယ်အော်ဘက်ခြမ်း ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည်။ မှတ်တမ်းများအရ ရှေးက မြိတ်မြို့၏ အမည်သည် Mergui မာဂီး ဖြစ်သည်။ ယခုထိလည်း Mergui ဆိုလျှင် မြိတ်မြို့ကို ညွှန်းနေဆဲဖြစ်သည်။ စင်ကာပူတွင် Rangoon Road, Mandalay road တို့နှင့်အပြိုင် Mergui Road ရှိသည်။


မြိတ်မြို့သည် ၁၁ - ၁၃ ရာစုခန့်က ပုဂံအင်ပါယာမှ ပိုင်ဆိုင်သည်ဟု ဆိုကြပါသည်။ ပုဂံ မပိုင်သည့် ကာလများတွင်ပင် Siam တိုင်းပြည်မှ မပိုင်သေးပေ။ ပုဂံ အင်အားချိနဲ့သွားပြီး Siam အားကောင်းလာသည့် ၁၃ ရာစု နှောင်းပိုင်း (၁၂၈၇ ခန့်) မှစ၍ မြိတ် အပါအ၀င် တနင်္သာရီဒေသကို Siam တိုင်းပြည်က ပိုင်ဆိုင်လာခဲ့သည်။ ဘုရင့်နောင်မင်း လက်ထက်အတွင်း ခန့်မှန်း ၁၅၆၄ - ၁၅၉၃ ခုနှစ်များတွင်တော့ တနင်္သာရီဒေသကို မြန်မာတို့က ပိုင်ဆိုင်လိုက်သေးသည်။ ယေဘူယျအားဖြင့် တနင်္သာရီဒေသကို ၁၃ ရာစုနှောင်းပိုင်းမှ ၁၈ ရာစု နှောင်းပိုင်း အထိ Siam တိုင်းပြည် အယုဒ္ဓယမြို့တော်မှ ပိုင်ဆိုင်ခဲ့ပါသည်။ ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၅ ခုနှစ်ခန့်တွင် မြန်မာတို့က တနင်္သာရီဒေသကို သိမ်းပိုက်ခဲ့ပြီး၊ ထိုကာလမှ တောက်လျှောက် မြန်မာဘုရင်တို့က အစဉ်အဆက် ပိုင်ဆိုင်ခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်တော့ မြန်မာဘုရင်တို့က လက်လွတ်လိုက်ရတော့သည်။



၁၃၅၀ ခုနှစ်က တနင်္သာရီဒေသကို အယုဒ္ဓယမှ ပိုင်ဆိုင်သည်။ (Photo - www.zum.de)


၁၅၅၀ ခုနှစ်က တနင်္သာရီဒေသကို အယုဒ္ဓယမှ ပိုင်ဆိုင်သည်။ (Photo - www.zum.de)

၁၈၀၀ ခုနှစ်တွင် တနင်္သာရီဒေသကို မြန်မာမှ ပိုင်ဆိုင်သည်။
၁၇၆၅ ခုနှစ်တွင် မြန်မာတို့က ပြန်လည် သိမ်းပိုက်ခဲ့သည်။ (Photo - www.zum.de)


၂၀၀၅ ခုနှစ်  (Photo - www.zum.de)
Dutch East India Company မှ ၁၆၆၅ ခုနှစ်ခန့်က ရေးဆွဲခဲ့သော အယုဒ္ဓယမြို့ပုံ (Photo - wiki)
ထိုင်းမှတ်တမ်းများအရ Uthong အမည်ရှိ ထိုင်းဘုရင်သည် ၁၃၅၁ ခုနှစ်တွင် အယုဒ္ဓယမြို့၏ ပထမဆုံး ဘုရင် ဖြစ်လာခဲ့သည်။ ထို့နောက် အယုဒ္ဓယမြို့သည် Siam တိုင်းပြည်၏ မြို့တော်အဖြစ်  နှစ်ပေါင်း လေးရာကျော် တည်တံ့ခဲ့သည်။ မြန်မာဘုရင် အလောင်းဘုရား၏ ဒုတိယသားတော် ဆင်ဖြူရှင်မင်းက ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယမြို့ကို တိုက်ခိုက်အောင်မြင်ခဲ့ပြီး ၊ မြို့လည်းပျက်စီးသွားခဲ့သည်။ မြန်မာတို့က လအနည်းငယ်ခန့်သာ အယုဒ္ဓယမြို့ကို အုပ်ချုပ်နိုင်ခဲ့သည်။ တရုတ်တို့က မြန်မာနိုင်ငံ အထက်ပိုင်းကို တိုက်ခိုက်လာသဖြင့်   မြန်မာတပ်များသည် ၁၇၆၈ခုနှစ် နှစ်ဆန်းပိုင်းတွင် အယုဒ္ဓယမှထွက်ခွာပြီး ပြည်တော်ပြန်သွားခဲ့ကြသည်။ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည့် Siamese တို့ကို စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် Taak-Sin ကပြန်လည်စုစည်းပြီး မြို့တော်ကို ဘန်ကောက်သို့ ပြောင်းရွှေ့သွားကြလေသည်။ ဤသို့ဖြင့် အယုဒ္ဓယမြို့၏ စာမျက်နှာများ ကုန်ဆုံးသွားခဲ့တော့သည်။


အယုဒ္ဓယမြို့သည် နှစ်ပေါင်းလေးရာကျော်ခန့် တဆက်တည်း တည်တံ့ခဲ့သော မြို့တော်ဖြစ်သဖြင့် ကြီးကျယ်ခမ်းနားသည်ဟု မှတ်တမ်းများကဆိုကြသည်။  ဒဏ္ဍာရီဆန်သော အရှေ့တိုင်း၏ ရောင်းဝယ်ရေး မြို့တော်အဖြစ် ထင်ရှားခဲ့သည်။ ၁၇ ရာစုခန့်က ဒတ်ခ်ျတို့၏ မှတ်တမ်းများတွင် အယုဒ္ဓယမြို့သည် အကျယ် ၆ မိုင်မျှရှိ၍ ကျောက်ခင်းလမ်းမကြီးများမှာ ဖြောင့်တန်းပြီး ကျယ်ဝန်းလှကြောင်း ၊ မြို့တဘက်တွင် တူးမြောင်းများ စီးဆင်းလျက်ရှိပြီး ၊ ဘုရင့်နန်းတော်မှာ မြို့ကလေးတစ်မြို့ပမာ လွန်စွာခမ်းနားကြောင်း ရေးသားထားသည်။ ပြင်သစ်နှင့် အင်္ဂလိပ်တို့၏ ၁၇ ရာစု မှတ်တမ်းများတွင်လည်း မြို့၏ လူဦးရေ များပြားလှကြောင်း ၊ စေတီပုထိုးများမှာလည်း မြင့်မားပြီး များပြားကြောင်း စသည်ဖြင့် အယုဒ္ဓယမြို့၏ ခမ်းနားမှုများကို မှတ်တမ်းတင်ထားကြသည်။


အယုဒ္ဓယမြို့သည် တိုင်းပြည်အသီးသီးမှ ကုန်သည်ပွဲစားများ၏ ကုန်ပစ္စည်း ရောင်းချဖလှယ်ရာဌာနလည်းဖြစ်သည်။ ဥရောပ၊ အိန္ဒိယ၊ ပါးရှန်နိုင်ငံများမှ အ၀တ်အထည်များ၊ ၀ါဂွမ်းများ ၊ ဟင်းခတ် အမွှေးအကြိုင်များ။ တရုတ်၊ ဂျပန်တို့မှ ပိုးထည်များ၊ ကြွေထည်များ၊  လဘက်ခြောက်များ။  ကုန်ပစ္စည်းများသည် အယုဒ္ဓယမြို့တွင် စုဝေးတွေ့ဆုံကြသည်။ ကုန်သည်များသည် အယုဒ္ဓယမြို့တွင် ဖလှယ်ရောင်းချကြသည်။ စီးပွားရေးကောင်းမွန်သောမြို့ဖြစ်သဖြင့် အယုဒ္ဓယမြို့သည် ကြီးကျယ် စည်ကားခဲ့လေသည်။


ထိုသို့  အယုဒ္ဓယမြို့ ရောင်းဝယ်ရေးဗဟိုဌာနအဖြစ် စည်ကားခဲ့ခြင်း၏ အဓိကမှာ မြိတ်မြို့ဖြစ်သည်။ ပင်လယ်ဒါးပြများ၏ ဘေးရန်ကို စိုးရိမ်သဖြင့် ကုန်သည်များသည် မလက်ကာရေလက်ကြားကို ဖြတ်ပြီး တကွေ့တပတ်ကြီး သွားရမည့်ခရီးကို ရှောင်ရှားလိုကြသည်။ အချိန်ကာလသည်လည်း ပိုမို ကြာမြင့်သည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာ ပင်လယ်ခရီးမှ ကုန်များကို မြိတ်တွင် ကုန်းပေါ်သို့ချသည်။ ထိုမှ မြိတ်အနီးရှိ တနင်္သာရီမြစ်အတိုင်း လှေ၊ သင်္ဘောများဖြင့် တနင်္သာရီမြို့သို့ ရေလမ်းဖြင့် သယ်ယူသွားကြသည်။ တနင်္သာရီမြို့မှ ကုန်းလမ်းဖြင့် မဲနမ်မြစ်ကမ်းရှိ ပီပီလီမြို့သို့ သယ်ဆောင်ကြသည်။ ပီပီလီမြို့မှ မဲနမ်မြစ်ရေကြောင်းလမ်းဖြင့် အယုဒ္ဓယမြို့သို့ ပေါက်ရောက်သည်။ ခရီးလမ်းတွင် စိုးရိမ်ရမည့် ဘေးရန် မရှိ၊ အချိန်လည်း ပိုမြန်သည်။ ရောင်းဝယ်ဖောက်ကားနိုင်ရန် အဓိက လိုအပ်ချက်များ ပြည့်စုံနေသည်။ Siam ဘုရင်များသည် ကုန်သည်များထံမှ အခွန်အတုတ်များ ရရှိသည်သာမက သူတို့ကိုယ်တိုင်လည်း စီးပွားရေးလုပ်ကြသည်။ အမြတ်များသည့် လုပ်ငန်းများကို  လက်ဝါးကြီးအုပ်ထားသည်။ မြိတ်မြို့၊ တနင်္သာရီမြို့၊ ပီပီလီမြို့ စသည် ကုန်စည်များ ကူးပြောင်းသည့် နေရာများတွင် ကုန်လှောင်ရုံကြီးများ ဆောက်လုပ်ပြီး ငှားရမ်းသည်။ ဆင်များကို ဖမ်းဆီးပြီး အိန္ဒိယ မဟာရာဇာများထံ ရောင်းချကြသည်။ မြိတ်မြို့တွင် သင်္ဘောကျင်းဆောက်လုပ်ပြီး တိုက်သင်္ဘောများ၊ ဥရောပသို့တိုင် သွားနိုင်သည့် ကုန်တင်သင်္ဘောများကို တည်ဆောက်သည်။ ရာစုနှစ်နှင့်ချီ၍ အယုဒ္ဓယမြို့ ဘုရင်များသည် မြိတ်မြို့ကို အမှီပြုပြီး ၀င်ငွေများစွာ ရရှိခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းက ဖြစ်ပါသည်။


ယခုအချိန်တွင်တော့ မြိတ်မြို့သည် တစ်ချိန်က ရေနက်ဆိပ်ကမ်းမြို့အဖြစ်သာ စာအုပ်ထဲတွင် မေ့မေ့လျော့လျော့ ကျန်ရှိတော့သည်။ ဟိုးအရင်ကလို တနင်္သာရီမြစ်ကိုလည်း အမှီပြုစရာ မလိုတော့သဖြင့် မြိတ်သည် ပိုမှိန်သွားခဲ့ရပြီ။ ကုန်များသယ်ယူပို့ဆောင်ရေးအတွက် ယခင်က မြိတ်သည် Siam တိုင်းပြည် အယုဒ္ဓယမြို့သို့ သွားရာ ၀င်ပေါက်ဖြစ်ခဲ့သကဲ့သို့ ၊ ယခုအခါ ထားဝယ်သည် Thailand နိုင်ငံ ဘန်ကောက်မြို့သို့ သွားရာ ၀င်ပေါက်ဖြစ်လာနိုင်သည်။ ၀င်ပေါက် ပြောင်းလဲသွားခြင်းသာ ဖြစ်ပါသည်။ လုပ်နည်းလုပ်ဟန် သဘောတရားကတော့ အတူတူပင် ဖြစ်လေသည်။


၁၈ ရာစု နှောင်းပိုင်းက မြိတ်မြို့မြေပုံ (Photo - http://www.bl.uk/onlinegallery/) British Library


ယိုးဒယားဝှိုက်စာအုပ်အရ မောရစ်ကောလစ်သည် မြိတ်မြို့တွင် ၁၉၃၂ - ၃၃ ခုနှစ်များအတွင်း နေထိုင်ခဲ့သည်။ သူသည် ၁၉၁၂ မှ ၁၉၃၄ ခုနှစ်များအတွင်း အင်္ဂလိပ်အစိုးရ အမှုထမ်းအဖြစ် မြန်မာပြည်အနှံအပြားတွင် နေထိုင်ခဲ့ပါသည်။ သူ၏ မြန်မာပြည်နောက်ခံဖြင့် ရေးသားခဲ့သော စာအုပ်များထဲမှ မိဘုရားဖွားစော၊ နေ၀င်ဘုရင်များ၊ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ စာအုပ် ၃ အုပ်ကိုသာ ကျွန်တော်ဖတ်ဖူးပါသည်။ ဤစာအုပ် ၃ အုပ်အပြင် မြန်မာဘာသာပြန်ထားသည့် အခြားစာအုပ်များ ရှိ မရှိကိုလည်း ကျွန်တော် မသိပါ။ ရှိခဲ့လျှင် ဖတ်ချင်လှပါသည်။ မောရစ်ကောလစ်သည် မြိတ်မြို့တွင် အမှုထမ်းနေစဉ်အတွင်း ၁၆၇၀-၁၆၈၈ ခုနှစ်များက  ယိုးဒယားဘုရင်ကို သစ္စာခံပြီး မြိတ်မြို့ကို စီမံအုပ်ချုပ်နေရင်းမှ ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ဒါးပြ ဖြစ်လာခဲ့သည့် အင်္ဂလိပ်လူမျိုး ဆင်မြူရယ်ဝှိုက် အကြောင်းကို ကြားသိခဲ့ရလေသည်။ သမိုင်းထဲမှ တကယ့်ဖြစ်ရပ်များသည် တစ်ခါတရံ စိတ်ကူးဖြင့် စဉ်းစား၍မရနိုင်အောင်ပင် ထူးဆန်းခဲ့ပါသည်။


မောရစ်ကောလစ်သည် ၀ှိုက်အကြောင်းကို မြိတ်တွင် တတ်နိုင်သမျှ မှတ်သားခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် အင်္ဂလန်သို့ ပြန်သွားခဲ့သည်။ သူသည် လန်ဒန်ရှိ ပြတိုက်များ၊ မှတ်တမ်းဌာနများမှ ၀ှိုက်အကြောင်းကို ထပ်မံ လေ့လာကာ ၁၉၃၅ ခုနှစ်တွင် Siamese White ကို ရေးသားထုတ်ဝေခဲ့ပါသည်။


ဆင်မြူရယ် ၀ှိုက်၏ ကိုယ်ရေးဖြစ်စဉ်သည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူ့ကို ၁၆၅၀ခုနှစ်ခန့်တွင် အင်္ဂလန်နိုင်ငံ ဘရစ်စတိုးဒေသတွင် မွေးဖွားခဲ့င်္ပြီး သင်္ဘောသားပညာကို သင်ကြားခဲ့သည်။ သူ၏ အစ်ကိုသည် တပည့်တစ်ဦးနှင့်အတူ လွတ်လပ်သော ကုန်သည်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊  အိန္ဒိယ နှင့် Siam တိုင်းပြည် အယုဒ္ဓယမြို့အကြား ကူးသန်းနေလေသည်။ ၀ှိုက်သည် ၁၆၇၅ ခန့်တွင် အစ်ကိုရှိရာ လိုက်လာခဲ့ပြီး မဒရပ်ရှိ အရှေ့အိန္ဒိယကုမ္ပဏီတွင် ပိုင်းလော့အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၆၇၇ ခန့်တွင် သူသည် အစ်ကိုရှိရာ အယုဒ္ဓယမြို့သို့ ရောက်လာခဲ့ပြီး ဘုရင်ထံ ၀င်ရောက်ခစားခဲ့သည်။ သူ့အစ်ကို၏ တပည့်ဖြစ်သူ ဂရိလူမျိုး ကွန်စတင့်ဖောလကွန်သည် ထိုအချိန်တွင် အယုဒ္ဓယဘုရင်၏ ယုံကြည်အားကိုးရသောသူ ဖြစ်နေလေပြီ။


အယုဒ္ဓယဘုရင်က ၀ှိုက်ကို ဘုရင့်ပိုင် ဆင်တင်သင်္ဘော၏ ကက်ပတိန်အဖြစ် ခန့်အပ်ခဲ့သည်။ ၀ှိုက်သည် အရှေ့အိန္ဒိယကုမ္ပဏီ၏ ၀န်ထမ်းဖြစ်နေသေးသဖြင့် အယုဒ္ဓယဘုရင်က ၂ နှစ် သက်တမ်းစာချုပ်ဖြင့် ကုမ္ပဏီထံမှ ၀ှိုက်ကို ငှားရမ်းခဲ့ရသည်။ အယုဒ္ဓယဘုရင်က မြိတ်မှ အိန္ဒိယသို့ ဆင်များကို သင်္ဘောဖြင့်တင်ပို့ ရောင်းချသည့် ၀င်ငွေကောင်းသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၀ှိုက်သည် ဆင်တင်သင်္ဘော ကက်ပတိန်အဖြစ် ၄ နှစ်ခန့် လုပ်ခဲ့သည်။


အယုဒ္ဓယဘုရင်သည် ၀ှိုက်ကို အားထားလာပြီး တနင်္သာရီဒေသ မင်းကြီးချုပ် အဖြစ် ခန့်အပ်လိုက်လေသည်။ ၀ှိုက်သည် မြိတ်မြို့တွင် ရုံးစိုက်ရမည်ဖြစ်ပြီး အယုဒ္ဓယဘုရင်၏ စီးပွားရေး လုပ်ငန်းများ၊ အခွန်ကောက်ခံရေးများ၊ စစ်ဘက်ကာကွယ်ရေးများကို တာဝန်ယူရမည် ဖြစ်သည်။ ၀ှိုက်၏ သြဇာအာဏာနှင့် လုပ်ပိုင်ခွင့်သည် လွန်စွာကြီးမားလေသည်။ ၀ှိုက်သည် လောဘဇောတက်လာခဲ့ပြီး ဘုရင်၏ ငွေကြေးများကိုပင် အလွဲသုံးစားပြုလာသည်။ မြိတ်မြို့ရှိ သင်္ဘောကျင်းတွင် သူ့စိတ်ကြိုက် စစ်သင်္ဘောများကို တည်ဆောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ကုန်တင်သင်္ဘောများကို ဒါးပြတိုက်လေသည်။ သူသည် အင်္ဂလန်ကုန်သင်္ဘောများ၊ မြန်မာ ပဲခူးပိုင် ကုန်သင်္ဘောများ၊ တွေ့မရှောင် ဒါးပြတိုက်ပြီး ရလာသမျှ ငွေကြေးများကို အင်္ဂလန်သို့ ပို့၍ သိမ်းဆည်းထားသည်။ သူလုပ်သမျှကို သူ့အစ်ကို၏ တပည့်က  အယုဒ္ဓယမှ ကာကွယ်ပေးနိုင်ခဲ့သဖြင့် ၀ှိုက်ကို တားဆီးနိုင်မည့်သူမရှိ ဖြစ်လာသည်။


၁၆၈၈ခုနှစ်တွင် အယုဒ္ဓယ၌ နန်းတွင်းပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ ထိုင်းမှတ်တမ်းများက Siamese revolution of 1688 ဟု ဆိုကြသည်။ အင်္ဂလိပ်ဘက်ယိမ်းသည့် လက်ရှိ ဘုရင်ကို အခြားတစ်ဦးက ပြင်သစ်တို့ အကူအညီဖြင့် နန်းချလိုက်လေသည်။ အယုဒ္ဓယမြို့တော်၌ အင်္ဂလိပ်တို့ ကြီးစိုးနေမှု နိဂုံးချုပ်သွားခဲ့ရတော့သည်။ အင်္ဂလိပ်လူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ကြရသည်။ ဘုရင်သစ်က မြိတ်မြို့အား စီမံအုပ်ချုပ်ရန် ပြင်သစ်လူမျိုးတစ်ဦးကို တာဝန်ပေးလိုက်သည်။ ၀ှိုက်သည် ကံကောင်းထောက်မစွာဖြင့် ကုန်အပြည့်တင်ထားသည့် သင်္ဘောနှစ်စီးဖြင့် လန်ဒန်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။


လန်ဒန်တွင် အင်္ဂလန်ဘုရင်က ပုန်ကန်မှု၊ အင်္ဂလိပ်သင်္ဘောများကို ဒါးပြတိုက်မှုတို့ဖြင့် ၀ှိုက်ကို တရားစွဲလေသည်။ သူသည် အမှုကို ရင်ဆိုင်နေစဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။


ယိုးဒယားဝှိုက်စာအုပ်တွင် ဘာသာပြန်သူ၊ ထုတ်ဝေသူတို့၏ စေတနာဖြင့် အားထုတ်ပေးထားမှုများကို တွေ့ရသည်။ ခုနှစ်များနှင့်ဆိုင်သည့် အောက်ခြေမှတ်စုများကို ဖော်ပြပေးထားခြင်းဖြစ်သည်။ စာဖတ်သူများ အချိန်ကာလကို နှိုင်းယှဉ်နိုင်ပါသည်။ ၀ှိုက်မွေးဖွားသည့် အေဒီ ၁၆၅၀ ခုနှစ်ဆိုလျှင် မြန်မာ ၁၀၁၂ ခုနှစ်၊ ပင်းတလဲမင်း လက်ထက်။ ၀ှိုက်ထွက်ပြေးသည့် အေဒီ ၁၆၈၈ ခုနှစ်ဆိုလျှင် မြန်မာ၁၀၅၀၊ အင်းဝ မင်းရဲကျော်ထင် လက်ထက်။


ထားဝယ်မြို့သည် သမိုင်းဇာတ်ခုံပေါ်သို့ တက်ရောက်လာပါပြီ။ ကန်လန့်ကာနောက် ရောက်သွားပြီဖြစ်သည့် တစ်ချိန်က မြိတ်မြို့ ဆိပ်ကမ်းအကြောင်းသည် စာမျက်နှာများထက် စာလုံးများအဖြစ်သာ ကျန်ခဲ့ရတော့မည်။ ထားဝယ်ဖြစ်စေ၊ မြိတ်ဖြစ်စေ ..... အသုံးချခံ ဆိပ်ကမ်းကလေးများ သက်သက်သာဖြစ်သည်။ အကျိုးစီးပွားများက ၄င်းတို့ကို ဖြတ်သန်းသွားကြသည်။ အကျိုးစီးပွားများသည် ............. ။

 ရည်ညွှန်း -


- ယိုးဒယာဝှိုက်  ၊  ဦးစံဝင်း ဘာသာပြန်သည် ။ မြန်မာပြည်စာအုပ်တိုက် ၊ ၁၉၆၂ ဇန်န၀ါရီလ၊ ပ - ကြိမ်
- http://en.wikipedia.org
- http://www.bl.uk/onlinegallery
- စာအုပ်ပိုင်ရှင် သူငယ်ချင်းအား ကျေးဇူးတင်ပါသည်။


စောသက်လင်း

* * * * * * * * * *

မကြာမီ ..... ကျွန်တော် ပြန်ဖတ်ချင်နေသော စာအုပ်များ။ ဒေါက်တာခင်လေးမြင့်၏ မင်းသားလေး
                                                             Antoine de Saint-Exupery's Le Petit Prince
                  အကယ်ဒမီ စန္ဒရား လှထွတ် ဘာသာပြန် အိုင်းစတိုင်းနှင့် တွေ့တဲ့ည
                                                         The Night I met Einstein By Jerome Weidman

2 comments:

tun said...

ဖတ်လို့ ကောင်းတယ်အစော ။ ထိုင်း ရဲ့ နိုင်ငံနယ်နမိတ် သတ်မှတ်ပုံ ခေတ်ပြိုင်သမိုင်းကို ထိုင်းပညာရှင်တစ်ယောက်ရေးတဲ့ Siam mapped ဆိုတဲ့ စာအုပ်မှာတော့ ဖတ်ဖူးတယ် ။ ရေရေရာရာတော့ မသိတော့ဘူး ။ စာအုပ်အဟောင်းလေးတွေအကြောင်း ရေးတဲ့အတွက် ကျေးဇူးပါပဲ ။ မဖတ်ဖူးတာက များနေတယ်။

Witmone said...

လူထုဒေါ်အမာရေးတဲ့ ချင်းတွင်းမှပင်လယ်သို့ စာအုပ် ၁၉၈၅ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ၂၀၀၂မှာ ထပ်မံထုတ်ဝေခဲ့ပါတယ်။ို မြိတ်မှာ၂နှစ်ခွဲတာဝန်ထမ်းဆောင်ပြီး၊ ခွင့်ရက်ရှည် အင်္ဂလန်ပြန်ချိန်မှာ Samuel White စာအုပ်ကို ရေးသားထုတ်ဝေရင်း၊ အောင်မြင်ခဲ့တာကြောင့် မောရစ်ကောလစ်ဟာ ပြန်မလာတော့ပဲ အလုပ်ကထွက်ပါတယ်။ စာရေးဆရာဘ၀ကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ နောက် ဒုတိယစာအုပ် Trial was a Queen, တတိယစာအုပ်ကတော့ မြန်မာပြည်ကို အမှတ်တရ Trials in Burma စာအုပ်ဖြစ်ပါတယ်။ လူထုဒေါ်အမာ အသက်၂၃နှစ်အရွယ်မှာ ဘာသာပြန်ပြီး လုံးချင်းစာအုပ်ထုတ်ခဲ့တာ၊ တခဏတွင်းမှာ တတိယအကြိမ်အထိ ထုတ်ဝေနိုင်ခဲ့ပါတယ်။ လူထုဒေါ်အမာလည်း ဒုတိယ လုံးချင်းစာအုပ်ဟာ မောရစ်ကောလစ်ရဲ့ စာအုပ် စနမာလာ ဖြစ်ပါတယ်။ လူထုဒေါ်အမာလည်း နိုင်ငံသိ စာရေးဆရာမဘ၀ကို ရောက်သွားပါတယ်။ လူထုဒေါ်အမာရဲ့ ခင်ပွန်း လူထုဦးလှ မြန်မာသတင်းစာဆရာများနဲ့ အင်္ဂလန်သွားတဲ့ ၁၉၅၈ခုနှစ်မှာ ဆရာမကြီးလူထုဒေါ်အမာက နှုတ်ဆက်လက်ဆောင်၊ မြန်မာလုံချည်တစ်ထည်၊ လွယ်အိတ်တစ်လုံးနဲ့ ရှမ်းဒါမြောင်ကလေးတစ်ချောင်း ပေးခဲ့ပါတယ်။ ဆရာကြီး မောရစ်ကောလစ်ဟာ လက်ဆောင်များကို ကြည့်ရင်း၊ အခုချိန်ခါမှာ သူ့စာများကို မြန်မာပြည်မှာ ဖတ်ကြသေးသလား...လို့မေးပါတယ်။ ၁၉၃၅ခုနှစ်ကတည်းက မြိတ်မြို့ကို လည်ဖို့အကြံ အနှစ်၄၀ကျော်မှ လူထုဒေါ်အမာ မြိတ်ကိုရောက်ရှိပြီး၊ မောရစ်ကောလစ် နေထိုင်၊လှုပ်ရှားခဲ့ပုံများကို ခြေရာလိုက်ခံ၊ ကြည့်ရှုခဲ့ကြောင်း ... စာမျက်နှာ ၁၅ခု အမှတ်တရ ရေးခဲ့ပါတယ်။

Post a Comment