2.2.11

ပင်လယ်တွေကို ဖြတ်သန်းလာသူ - ကျော်ရင်မြင့်

http://mmcybermedia.com  မှ အဖွဲ့ဝင် ဘားခန်းမယ်တော်ကြီး (breezegirl aka မလေပြေ) ၏ ကျွန်တော်ကြိုက်သော မဂ္ဂဇင်း၊ ဂျာနယ်များမှ ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုလတ်များ ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားသည့် post အား တိုက်ရိုက် ကူးယူထားခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

http://mmcybermedia.com
http://mmcybermedia.com/community/index.php?topic=23950

ဆရာ ပိုင်စိုးဝေသည် ကဗျာများအပြင် ၀တ္ထုတိုများကိုလည်း ရေးသားခဲ့ပါသည်။

(ကျွန်တော် အမှတ်မမှားလျှင်) ဆရာမဂျူး၏ ပထမဆုံး ပုံနှိပ်စာမူဖြစ်သည့် ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ၀တ္ထုတိုခေါင်းစဉ်သည် ဆရာပိုင်စိုးဝေ၏ ကဗျာတစ်ပုဒ်မှ စာသားဖြစ်သည်။  စာသားသုံးစွဲရန် ခွင့်ပြုခဲ့သည့် ဆရာပိုင်စိုးဝေအား ကျေးဇူးတင်စကားကို ဆရာမဂျူးက ထိုဝတ္ထုတိုတွင် တခုတ်တရ ဖော်ပြခဲ့ပါသည်။

စောသက်လင်း

* * * * * * * * * *


ကျနော် မဂ္ဂဇင်းများ၊ ဂျာနယ်များမှာပါတဲ့ ဆောင်းများလေးတွေ ၀တ္ထုတိုလေးတွေ ကျနော် နှစ်သက်တဲ့ စာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဓိကရည်ရွယ်တာကတော့ မြန်မာပြည်နဲ့ဝေးနေတဲ့ သူတွေအတွက်ပါ၊ နောက်တစ်ချက်က ဂျာနယ်တစ်စောင်၊ မဂ္ဂဇင်းတစ်အုပ် ကောင်းစွာဖတ်ဖို့ အချိန် မရနိုင်တဲ့ သူတွေအတွက်ပါ .. တချို့ဂျာနယ်၊မဂ္ဂဇင်းတွေက အွန်လိုင်းထဲမှာရှိပေမယ့် .. တချို့ကတော့  အွန်လိုင်းပေါ်မှာ မရှိနိုင်ပါဘူး . အဲ့ဒီအတွက် .. ကျနော် အဓိက တင်ပေးသွားမှာက အွန်လိုင်းပေါ်မှာ မရှိနိုင်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းများထဲက အတုယူဖွယ်ရာ .. အားကျဖွယ်ရာ စိတ်ဓာတ်တတ်ကြွဖွယ်ရာ ဗဟုသတု ရဖွယ်ရာ  ကောင်းတဲ့ ဆောင်းပါးများ၊ ၀တ္ထုတို၊ ၀တ္ထုလတ်များကို တတ်စွမ်းသ၍ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် .. ကျနော်တင်ပေးလိုက်တဲ့ စာတွေဟာ စာဖတ်သူတွေအားလုံးရဲ့ ရင်ထဲမှာ တစုံတရာ အတွေးတွေ .. ရရှိခဲ့မယ်ဆိုရင် . ကျနော် တင်ပေးရကြိုးနပ်ပါပြီခင်ဗျာ ....

လေးစားစွာဖြင့်
ဘားခန်းမယ်တော်ကြီး (breezegirl aka မလေပြေ)

ပထမဆုံးအနေနဲ့ သြဂုတ် ၂၈၊ ၂၀၀၉ မော်ဒန်သတင်းဂျာနယ်မှာ ပါတဲ့ ဘ၀ဇာတ်ခုံ အဖုံဖုံ ကဏ္ဍမှာ ပင်တိုင်ရေးပေးနေတဲ့ ဆရာကျော်ရင်မြင့်ရဲ့ ဆောင်းပါးအက်ဆေးနဲ့ ဖွင့်လှစ်ပါမယ် .. ဆရာကျော်ရင်မြင့်ကတော့ အဲ့ဒီ ခေါင်းစဉ်နဲ့ ကဏ္ဍအောက်မှာ ... နာမည်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ဘာသာလူမျိုးမရွေး ဆင်းရဲချမ်းသာမရွေး လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ Life အကြောင်းနဲ့ ထိုပုဂ္ဂိုလ်ရဲ့ how to struggle in life ကို အားကျအတုယူဖွယ်ရာဖြစ်အောင် အင်တာဗျူးခဲ့တာကို ဆောင်းပါးအက်ဆေး ဆန်ဆန် ရေးထားတာဘဲ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းမှာ အားလုံးရဲ့အတွေးတွေထဲမှာတော့ “လောကမှာ ငါလောက် စိတ်ညစ်စရာတွေ၊ စိတ်မကျေနပ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ပေါများမယ် မထင်ဘူး” လို့ ကိုယ်စီကိုယ်ငှ တွေးတောနေမိကြမှာပါဘဲ .. ဒီစာလေးတွေကို လာဖတ်လိုက်ကြပါ .. အလုံးစုံ မကျေပျက်ရင်တောင် အတော်အတန် ကျေပျက်သွားရင်ဖြင့် ကျနော် တင်ပေးရကျိုးနပ်ပါပြီ ... 


ပင်လယ်တွေကို ဖြတ်သန်းလာသူ - ကျော်ရင်မြင့်

၁၉၄၇ ခုနှစ်က တောင်သာမြို့နယ် အောင်သာရွာမှာ ထန်းသမားမိသားစုက ဖွားမြင်ခဲ့တဲ့ ကိုနေအောင် (ကဗျာဆရာပိုင်စိုးဝေ)ဟာ လွတ်လပ်ရေးရခါစ တိုင်းပြည် မငြိမ်းချမ်းတဲ့ကာလမှာ လူစဖြစ်ခဲ့ရတယ်။ သူလူလားမမြောက်မီမှာပဲ သူ့ဖခင်ကို ပျူစောထီးဆိုလား၊ အလံဖြူဆိုလား လက်နက်ကိုင်တစ်စုက လှည်းချောခေါ်သွားရာမှ ပြန်ရောက်မလာတော့ဘူး။ သေနတ်သံတစ်ချက် ကြားလိုက်ရပြီးနောက် မနက်မှာ သူ့ဖခင်အလောင်းကို တွေ့ရတယ်။

သူတို့အစ်ကိုကြီးက သာသနာ့ဘောင်ဝင်မယ့် ရည်ရွယ်ချက်ကိုဖျက်ပြီး သူတို့ကို ထန်းတက်ပြီး ကျွေးတယ်။ ဆရာပိုင်စိုးဝေကို သူ့အစ်ကိုကြီးက ဂန္ထ၀င်ရှစ်လုံးဘွဲ ကဗျာလေးတွေ သင်ပေးတယ်။ သူ့အစ်ကိုလတ် ရဟန်းတော်က ကိုပိုင်စိုးဝေကို မန္တလေးခေါ်သွားပြီး ပညာသင်ပေးတယ်။

၁၉၇၃ခုနှစ်မှာ မန္တလေးပန်တျာကျောင်းမှာ သူက ညစောင့်အလုပ်ကို ရတယ်။ တစ်ဖက်မှာ ဆယ်တန်း စာမေးပွဲကို ဇွဲကောင်းကောင်းနဲ့ဖြေရင်း သူအောင်မြင်သွားတယ်။ ယခုအချိန်မှာတော့ ဆရာပိုင်စိုးဝေဟာ ပန်တျာကျောင်းက ကဗျာနည်းပြဆရာ ရာထူးထမ်းဆောင်ရာမှ အသက်ပြည့် အငြိမ်းစားယူခဲ့ပါပြီ။ သူ့သားသမီးတွေကလည်း သည်ကျောင်းမှာပဲ တာဝန်ထမ်းဆောင်တာမို့ သည်ကျောင်းဝင်းထဲမှာပဲ သူတို့မိသားစု နေထိုင်ဆဲဖြစ်တယ်။

ကဗျာဆရာရဲ့အိမ်က အလွန်အေးချမ်းတယ်။ အိမ်ရှေ့မှာနားနေဆောင်လေးရှိတယ်။ ခုံတန်းလျား၊ ခုတင်၊ စားပွဲ၊ ကုလားထိုင်တွေရှိတယ်။ စားပွဲပေါ်မှာ ရေနွေးကြမ်းအိုးရှိတယ်၊ တောင်သာ ထန်းလျက်ရှိတယ်။ ကျွန်တော်တို့ အတူနေထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောကြတယ်။ ကိုပိုင်စိုးဝေက အလျဉ်းသင့်တဲ့အခါ ကဗျာတွေကို ရွတ်ပြတယ်။ ဆယ်တန်းအောင်တော့ ကျွန်တော်က ပန်တျာကျောင်းမှာ ဒရမ်ဝမ်လုပ်တုန်း။ စာပေးစာယူနဲ့ တက္ကသိုလ်ဆက်တတ်တယ်။ မြန်မာစာယူတယ်။ တတိယနှစ်မှာ စာမေးပွဲကြေးမသွင်းလို့ တစ်နှစ်မဖြေလိုက်ရဘူး။ ကျန်တဲ့နှစ်တွေတော့ဖြေတယ်။ အောင်တယ်။

ကျွန်တော် စာပေ၀ါသနာပါတယ်။ ကျွန်တော်တို့ အစ်ကိုကြီးကတော့ စာပေ၀ါသနာပါတယ် ဆိုတာကို အားပေးတယ်။ သူက စာပေ၀ါသနာပါတဲ့လူဆိုရင် ဘာသာရေးစာအုပ်တွေ ဖတ်လိမ့်မယ်။ ကုသိုလ်ရတဲ့ အလုပ်တွေ လုပ်လိမ့်မယ်တွေးတာကိုး၊ ကဗျာဆရာတို့ ဘာတို့ဆိုတာ ဘယ်လိုဟာဆိုတာ အစ်ကိုကြီး သိပုံမရပါဘူး။

ကိုယ့်ဟာကိုယ် စာပေ၀ါသနာပါတယ်လို့ ခြစ်ခြုတ်သာပြောနေတာ၊ စာဘယ်မှာရေးသလဲ မေးရင် အဲဒီအချိန်က (ရယ်လျက်) အိမ်မှာရေးတယ်လို့ ဖြေရမယ့်အနေအထားပါ။ ဘယ်မဂ္ဂဇင်းမှာမှ ပုံနှိပ် ဖော်ပြခံရသေးတာ မဟုတ်ဘူး။ ကိုယ်ကလည်း ဘယ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် မပို့သေးဘူး။ ကျွန်တော်နေတာက နန်းရှေ့ပန်တျာကျောင်းမှာဆိုတော့ ရေခံမြေခံကြောင့်ပဲလား မသိဘူး။ေ၀၀ါးနေတဲ့ အာရုံတွေကို စုစည်းမိတယ်။

ကိုပိုင်သ၊ ကိုသိုက်ထွန်းသက်၊ ကာတွန်းဆရာငွေလမင်း၊ ကိုသျှား၊ တဂိုးမျိုး၊ ဝေချစ်ကို တို့နဲ့ တွဲဖြစ်တယ်။ ကိုပိုင်သနဲ့ ကျွန်တော်နဲ့ အီကွေတာအော်သံဆိုတဲ့ လက်ရေးကဗျာစာအုပ်ကလေး ထုတ်တော့ ဝေချစ်ကိုက ကူညီတယ်။ ပန်တျာကျောင်းမှာနေတုန်း အုပ်စိုး (ဆေးကျောင်းသား  ကိုဝင်းမြင့်ထွန်း)နဲ့ အကြောင်းပြုပြီး စာရေးဆရာမဂျူး၊ အုပ်စိုးအမျိုးသမီးမ ခင်စန်းဝင်းတို့နဲ့ ခင်မင် ရင်းနှီးရတယ်။ သူတို့အားလုံး ဆရာဝန်တွေ ဖြစ်သွားကြတယ်။

၁၉၇၇ခု ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး တိုင်းရင်းဆေးသိပ္ပံကျောင်းမှာ လက်ထောက် စာကြည့်တိုက်မှူး အလုပ်ရတယ်။ ၂၀၀၃ခု အောက်တိုဘာလအထိ နှစ်အစိတ်ကျော် လုပ်ခဲ့တာ။ ကျွန်တော် တိုင်းရင်းဆေးမှာ လုပ်နေတဲ့ကာလမှာပဲ ကျွန်တော့်အစ်ကိုကြီးလည်း ဆုံးတယ်။ အမေလည်းဆုံးတယ်။ ကျွန်တော်တို့ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေချင်တဲ့ အစ်ကိုကြီးဆုံးတော့ ကျွန်တော် တော်တော် ခံစားရတယ်။ အဖေဆုံးတော့ အရွယ်မရောက်တရောက် အစ်ကိုကြီးက ထန်းတက်ပြီး ကျွေးခဲ့တာပါ။ အစ်ကိုကြီးက ထန်းလျှော (ထန်းပင်ပေါ်က လိမ့်ကျ) ပြီးဆုံးတာ။ “ကျွန်တော်တို့အားလုံး အတွက် အရွယ်မရောက်ခင် ထန်းလှီးသင်ခဲ့ရတဲ့ အစ်ကိုကြီး ထန်းပင်ပေါ်က ဇောက်ထိုးကျ၊ အနိစ္စရောက်ခံရပြီ မဟုတ်လား၊ ကျွန်တော့်အစ်မ၊ အမေ့သမီးပိန်တာရိုးလေး သားသမီး ခုနစ်ယောက် မွေးပြီးတော့ ဆင်းရဲမှုဒဏ် မခံနိုင်ထင်ရဲ့ အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား အမေ”လို့ ကျွန်တော် သိမ်းစွန်ငှက် အပြန်လမ်းမှာ ကဗျာရေးခဲ့သေးတယ်။

ကျွန်တော့်မိန်းမ ဒေါ်အေးကြည်နဲ့က ကျွန်တော်ပန်တျာကျောင်းမှာ ညစောင့်လုပ်တဲ့အချိန်က ဖူးစာ ဆုံတာ။ သူ့မိဘတွေက ပန်တျာကျောင်းက ၀န်ထမ်း။ သူက စန္ဒရားသင်တန်း၊ အကသင်တန်းတွေ တက်တယ်။ ဒေါ်အေးကြည်ဟာ ကျွန်တော်နဲ့အိမ်ထောင်ကျ၊ ၁၉၇၈ခုရောက်မှ တောင်ကြီး ဆရာ အတတ်သင်ကောလိပ်မှာ အကနည်းပြရာထူး အလုပ်ထွက်လိုက်တယ်။

ကျွန်တော့်မိန်းမနဲ့ပတ်သက်ပြီး တစ်ခုပြောရမယ်ဆိုရင် တစ်ခါက သူ့မောင်ဝမ်းကွဲရဲ့မိန်းမ အိမ်ကို အလည်ရောက်လာတယ်။ သူ့နာမည်က မာမာတဲ့။ ပခုက္ကူမြို့က အလည်ရောက်လာပြီး အိမ်မှာ တည်းတာ တစ်လလောက်ရှိပြီ။ တစ်ညမှာ လှထွန်းအောင်က ရန်ကုန်က ဧည့်သည်တွေ အိမ်ခေါ်ချ လာတယ်။ ကိုသင်းခိုင်၊ ကိုအောင်ပွင့်၊ မြင့်ဦးဦးမြင့်နဲ့ မင်းသိုက်မွန်တို့ လေးဦး၊ ကဗျာဆရာတွေဆိုတော့ ဧည့်သည် အမျိုးသမီးကလည်း စိတ်ဝင်စားတယ်။ သူက စာပေ၀ါသနာပါတာကိုး။ မြင့်ဦးဦးမြင့်နဲ့ စကား လက်ဆုံကျပြီး ဆရာ့ကိုတွေ့ရတာ ၀မ်းသာကြောင်း၊ ဆရာ့ကဗျာတွေကို သဘောကျကြောင်း ကြုံရင် မိတ်ဆက်ပေးပါဦး ပြောတော့ ဆရာမြင့်ဦးဦးမြင့် ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်မှာ တစ်လလောက် တည်းခိုနေတဲ့ ကိုယ့်စာဖတ်ပရိတ်သတ်ကို ဆရာမြင့်ဦးဦးမြင့် မိတ်ဆက်ပေးမှ သိရတယ်ဗျာ။ (ရယ်လျက်)။

တိုင်းရင်းဆေးသိပ္ပံမှာ လုပ်ရတဲ့အလုပ်က စာအုပ်တွေကြားထဲ နေခဲ့ရတာမို့ ကျွန်တော်ပျော်တယ်။ တိုင်းရင်းဆေးမှာနေတုန်းက ရယ်စရာတစ်ခုလည်း ပြောရဦးမယ်။ ကျွန်တော့်မျက်စိ အနီးမှုန် မျက်မှန် လုပ်ထားတယ်။ ကိုယ်စာကြည့်နေရင် မိန်းမက ဆန်ရွေးလို့မရဘူး။ ဒါပေမယ့် သူ့ကိုပဲ ဦးစားပေး ရတာပါ။ သူ ဆန်ရွေးပြီးလို့ မျက်မှန်ချထားရင် ကိုယ် စာဖတ်ရတယ်။ ဘာရယ် မဟုတ်ပါဘူး။ မျက်မှန်လေး တစ်လက်တောင် မလုပ်နိုင်လောက်အောင် မွဲနေကြတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ မလုပ်ဖြစ်တာပါ။ သူ့အတွက် မျက်မှန်သက်သက် လုပ်ပေးလောက်အောင် လိုအပ် တယ်လို့ ကိုယ်က မထင်ဘူးလေ။ (ရယ်လျက်)။

၂၁ရက် ၃လ ၈၆မှာ အမေဆုံးတယ်။ အမေဆုံးချိန်မှာ ကျွန်တော် ကဗျာဆရာဖြစ်နေပြီ။ အမေက ကျွန်တော်ကဗျာတွေ ရေးနေတာကို သိသွားတယ်။ အမေ့ဈာပနနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကျွန်တော်က ကဗျာရှည်တစ်ပုဒ် ရေးခဲ့တယ်။

“မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့ ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင် ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့၊ ညရောက်တော့လဲ ရင်ထဲမအေး၊ ပူဆွေးနေဆဲမှာ ကလေးတွေက တီဗွီသွားကြည့်ကြသတဲ့၊ သြော်မင်းတို့အဘွား သေတဲ့ရက်၊ မင်းတို့အတွက်ဘာမှ မခံစားရပါလားနော်၊ ငယ်သေးတဲ့ ကလေးတွေပဲဆိုတာ တစ်ကဏ္ဍပေါ့၊ မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ အမေနဲ့ တအား ဝေးခဲ့ပါလားပေါ့ဆိုတဲ့ အတွေးတွေက နှလုံးသားထဲစူးနစ်၊ တကယ့်ကိုပါပဲ၊ ဘ၀ဆိုတာကိုလဲ မကျေမနပ် ဖြစ်ရပြန်ပေါ့ အမေ”

၂၀၀၃ခုနိုဝင်ဘာလမှာ ကဗျာနည်းပြဆရာအဖြစ် ပန်တျာကျောင်းကို ကျွန်တော်ပြောင်းခဲ့ပါတယ်။ ကျွန်တော့်ဘ၀က ထန်းသမားကမွေးတာ၊ ထန်းသမားလောက်ပဲ ဖြစ်ရမယ့်လူ။ အလွန်ဆုံး ဆယ်တန်းလေး အောင်ပြီး မြေတိုင်းစာရေးလောက် လုပ်ရမယ့်သူ။ ဒါပေမယ့် အမေနဲ့အစ်ကိုကြီးကရော ကျွန်တော့်ကို အားပေးခဲ့ကြတယ်။ ဆယ်တန်းအောင်တော့လည်း မြေတိုင်းစာရေး ၀င်လုပ်ပါလားလို့ ဘယ်သူကမှ မပြောခဲ့ကြဘူး။ ကျွန်တော်က ကဗျာဆရာလုပ်ချင်တာကိုလည်း အားပေးခဲ့ကြတယ်။ အမေနဲ့ ညီအစ်ကို မောင်နှမတွေရော ကျွန်တော့်မိန်းမရောပေါ့။

ခုနောက်ပိုင်းမှာ မထင်မှတ်ဘဲ လောကဓံကို သောပစ်လိုက်ချင်တဲ့ စိတ်တွေရှိနေတယ်။ ကျွန်တော် အများဆုံး ရေးချင်တာက tragedy (အလွမ်းဇာတ်၊ အဆွေးဇာတ်၊ ကံဆိုးမိုးမှောင်ကျတဲ့ အဖြစ်) ကို နင့်နေအောင် Satire (သရော်စာ) နဲ့ပို့ချင်တာ။ သည်ကျောင်း (ပန်တျာကျောင်း)ထဲက မိန်းကလေး တစ်ယောက်ရဲ့ အဖေသေတာနဲ့ ပတ်သက်ပြီး “နီလာတိုး အဖေ သေဆုံးခြင်း” ကဗျာကို ရေးရာမှာ နီလာတိုးအဖေဟာ သူကိုယ်တိုင် တကယ်သေကြောင်း သက်သေပြနိုင်ခဲ့လို့ ကြာနီကန်သုသာန်ကို ရှောရှောရှူရှူ သွားခွင့်ရတယ်၊ လိုက်ပို့သူတွေ ကားတန်းကြီး မရှည်လျားပါဘူး၊ အဖေကိုချစ်တဲ့ အခြားအဖေတွေရဲ့ အခြားသားသမီးတွေလိုပါပဲ နီလာတိုးငိုတယ်။ တက်ပြီးမေ့သွားတယ်။ ၀ိုင်းပွေ့ကြတယ်၊ ရင်ကိုဖိကြတယ်၊ အားရပါးရ ငိုရှာမပေါ့လေ၊ နောက်အဖေတစ်ယောက် သေစရာမှ မရှိတော့တာပဲ၊ ဒါနဲ့ နီလာတိုး ငိုပြန်တယ်” လို့ရေးခဲ့တယ်။
မော်ဒန်သတင်းဂျာနယ်၊ ၂၈ သြဂုတ် - ၂၀၀၉။


* * * * * * * * * *


ဓါတ်ပုံ - STL


ဓါတ်ပုံ - STL


ဓါတ်ပုံ - STL

2 comments:

ဂျစ်တူး ( မုံရွာ ) said...

ဆရာမဂျူး၏ ပထမဆုံး ပုံနှိပ်စာမူဖြစ်သည့် ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ၀တ္ထုတိုသည် ပထမဆုံးပုံနှိပ်စာမူမဖြစ်နိုင်ပါ။ အမှတ်တရ သည်သာ
ဆရာမဂျူး၏ ပထမဆုံး ပုံနှိပ်စာမူဖြစ်ပါသည်။၁၉၈၇ စက်တင်ဘာလ တွင်
အင်ကြင်းမြိုင်စာပေ မှစာမူကြိုတင်ခွင့် ပြုအမှတ်(၁၇၇)ဖြင့်ထုတ်ဝေခဲ့ ပါသည်။
အမှတ်မမှားစေရန်ရေးခဲ့ခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

heinhtikezan said...

ကိုဂျစ်တူး(မုံရွာ)ခင်ဗျား...
ဂျူးရဲ့ ပထမဆုံးပုံနှိပ်စာမူဟာ "ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့" ၀တ္ထုတိုဆိုတာမှန်ပါတယ်... "ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့" ၀တ္ထုတို ပေါင်းချုပ်စာအုပ်ကို ပြောတာမဟုတ်ပါဘူး..ပုံနှိပ်စာမူဆိုတာ...ပုံနှိပ်ဖော်ပြခံရတဲ့ စာမူကိုဆိုလိုတာဖြစ်ပါတယ်..(Printed..ဖြစ်တာကိုပြောတာပါ..). ပိုရှင်းအောင်ပြောရရင်...Magazine မှာဖော်ပြခံရတာကိုပြောတာပါ...(အဲ..ပထမဆုံး လုံးချင်းစာအုပ်ကတော့ "အမှတ်တရ" ပေါ့ဗျာ...) "ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့" ဆိုတဲ့စာသားဟာ အဲဒီအချိန်က ကဗျာဆရာ "နေမင်းပိုင်စိုး" ခု "ပိုင်စိုးဝေ" ရဲ့ ကဗျာထဲက စာသားပါ...

Post a Comment