20.2.11

သေလွန်ပြီးနောက် ၊ စန်းစန်းဦး။ Beyond Death By Kawabata

သေလွန်ပြီးနောက်

စန်းစန်းဦး။ Beyond Death By Kawabata


သရုပ်ဖော်ပန်းချီ - မျိုးညွန့်

အဘိုးအိုတစ်ယောက်နှင့် မိန်းမငယ်တစ်ယောက် လမ်းလျှောက်လာနေကြသည်။

မည်သည့်ဘက်ကပင် ကြည့်ကြည့် ထိုစုံတွဲကို ကြည့်ရသည်မှာ တမျိုးဖြစ်နေသည်။ သူတို့နှစ်ယောက် အသက်များမှာ အနှစ်ခြောက်ဆယ်လောက် ကွာခြားပုံရသည်။ သို့သော် ဤမျှ အသက် ကွာခြား နေခြင်းကို သူတို့စိတ်ထဲ နည်းနည်းလေးမျှ ဂရုစိုက်ပုံမရ။သူတို့သည် ချစ်သူများကဲ့သို့ ပူးကပ်စွာ လျှောက်လာကြသည်။ အဘိုးအိုမှာ နားလေးနေသည်။ မိန်းမငယ် ပြောသမျှ မကြားရသလောက်ပင်။ မိန်းမငယ်သည် အဖြူရောင် မြားငယ်ပုံလေးများပါသည့် ခရမ်းရောင် ကီမိုနိုကို ၀တ်ထားသည်။ ကီမိုနိုအောက်ပိုင်းမှာ အနီရောင်သမ်းသည့် မရမ်းရောင် ဟာကမာ က ဖုံးထားသည်။ သူမ၏ အင်္ကျီလက်များမှာ ရှည်လွန်းနေသည်။ အဘိုးအိုကတော့ လယ်ထဲသို့ ပေါင်းနှုတ်သွားမည့် လယ်သူမ ၀တ်စုံမျိုးကို ၀တ်ထားသည်။ သို့သော် အလုပ်လုပ်ရာတွင် ၀တ်ရသည့် လက်အိတ်၊ ခြေအိတ်များကိုမူ ၀တ်မထား။ သူ၏ ချည်ရှပ်အင်္ကျီနှင့် ဘောင်းဘီမှာ မိန်းမတစ်ယောက်၏ ၀တ်စုံနှင့် တူနေသည်။ ဘောင်းဘီမှာ သူ၏ အရိုးငေါနေသော ခါးပတ်လည်တွင် ပွလွန်းနေသည်။ သူတို့စုံတွဲ၏ ရှေ့မလှမ်းမကမ်း မြက်ခင်းပေါ်တွင် ခပ်မြင့်မြင့် သံဆန်ခါ ခြံစည်းရိုးတစ်ခု ရှိနေသည်။ ထိုခြံစည်းရိုးမှာ သူတို့ သွားရမည့်လမ်းကို ပိတ်ထားသော်လည်း သူတို့ကို ကြည့်ရသည်မှာ ၄င်းကို နည်းနည်းမျှ ဂရုပြုမိဟန်မရှိ။ ခြေလှမ်းနည်းနည်းလေးမျှ မတွန့်ဘဲ သူတို့သည် ခြံစည်းရိုးကို တည့်တည့်ဖြတ်၍ လျှောက်သွားကြသည်။ သူတို့ ရွေ့သွားပုံမှာ လေပြည်လေး တစ်ခုလိုပင်။

အခြားတစ်ဖက်ကို ရောက်သွားမှ မိန်းမငယ်က ခြံစည်းရိုးကို သတိပြုမိသွားပုံရသည်။

"ရှင်" သူမက မေးခွန်းများနှင့် ပြည့်နေသည့် မျက်လုံးနှင့် အဘိုးအိုကို စိုက်ကြည့်လျက် "ရှင်လည်း ဒီခြံစည်းရိုးကို ဖြတ်လျှောက်နိုင်တယ်နော်၊ ဟုတ်တယ်မဟုတ်လား ရှင်တာရို"

အဘိုးအိုက မကြား။ သို့သော် သံဆန်ကာကို ဆတ်ကနဲ ဆွဲကိုင်ပြီး စတင် လှုပ်ယမ်းတော့သည်။ "ဒီ သောက်သုံးမကျတဲ့ဟာ၊ ဒီသောက်သုံးမကျတဲ့ဟာ" အဘိုးအိုက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေသည်။ ထို့နောက် ခြံစည်းရိုးကို အတင်းတွန်းနေသည်။ ခြံစည်းရိုးမှာ အံ့အားသင့်ဖွယ် အဝေးသို့ ရွေ့ထွက်သွားတော့သည်။ အဘိုးအိုမှာ ဒယီးဒယိုင် ဖြစ်သွားပြီး ခြံစည်းရိုးကို လှမ်းဆွဲထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ရှေ့သို့ ငိုက်ကျသွားသည်။

"သတိထား ရှင်တာရို၊ ရှင်ဘာဖြစ်သွားတာလဲ"

မိန်းမပျိုက အော်လိုက်သည်။ ထို့နောက် အဘိုးအို၏ ကိုယ်အပေါ်ပိုင်းကို အနောက်မှ ထိန်းကိုင်ပေးရန် ဖျတ်ဆို ပြေးဝင်သွားသည်။ "ရပြီ၊ ရှင့်လက်တွေကို ခြံစည်းရိုးက လွှတ်လိုက်လို့ရပြီ" ထို့နောက် သူမက ဆက်ပြီး "ရှင်ဘယ်လောက် ပေါ့ပါးသွားလိုက်သလဲ"

နောက်ဆုံးတွင် အဘိုးအိုမှာ ပြန်ပြီး မတ်မတ်ရပ်နိုင်သွားသည်။ သူ့မှာ မောဟိုက်သွား၍ သူ့ပခုံးမှာ နိမ့်လိုက် မြင့်လိုက်နှင့်။

"ကျေးဇူးပါပဲကွာ" အဘိုးအိုက ပြောလိုက်ရင်း နောက်တစ်ဖန် သံဆန်ခါကို ဆုပ်ကိုင်လိုက်ပြန်သည်။ သည်တစ်ခါတွင် လက်တစ်ဖက်နှင့် ဖွဖွကလေးသာ ကိုင်တော့သည်။ ထို့နောက် နားလေးသူများ၏ အကျင့်အတိုင်း စကားကို ကျယ်ကျယ်လောင်လောင် ဆက်ပြောနေသည်။

"နေကုန်နေခန်း ငါ ဒီခြံစည်းရိုးရဲ့ တစ်ဖက်မှာ ဂေါက်သီးတွေကို လိုက်ကောက်ပေးဖူးတာပေါ့။ ဒါဟာ တစ်ဆယ့် ခုနှစ်နှစ်လုံးလုံး ငါ လုပ်ခဲ့ရတဲ့ အလုပ်ပေါ့ကွာ"

"တစ်ဆယ့် ခုနှစ်နှစ်ထဲလား၊ ဒါက သိပ်အကြာကြီးမှ မဟုတ်တာ" မိန်းမငယ်က ဆိုသည်။

"သူတို့က ဂေါက်သီးကို ရိုက်ချင်တဲ့ဘက် ရိုက်ကြတာ၊ ဂေါက်သီးတွေက သံဆန်ခါကို ၀င်ရိုက်မိတာနဲ့ အသံတစ်သံ ထွက်လာတော့တာပဲ၊ ဒီအသံ ထွက်လာပြီဆိုရင် ငါလည်း ခေါင်းကို ၀ပ်ထားလိုက်တာပဲ။ အဲဒီအသံတွေကို ရင်းနှီးသွားတဲ့အထိ ဆိုပါတော့။ အဲဒီ အသံတွေကြောင့်ပေါ့၊ ငါ့နားတွေ ထိုင်းကုန်ခဲ့ရတာ၊ ဒီသောက်သုံးမကျတဲ့ဟာ"

သံဆန်ခါ ခြံစည်းရိုးမှာ ဂေါက်သီးကောက်သူများကို အကာအကွယ်ပေးရန် လုပ်ထားခြင်းဖြစ်သည်။ ခြံစည်းရိုးအောက်ခြေတွင် ဘီးလေးလုံးများပါရှိသည့်အတွက် ဂေါက်ရိုက်လေ့ကျင့်ကွင်းအတွင်း လိုသလို ရွှေ့ယူနိုင်သည်။ ဂေါက်လေ့ကျင့်ကွင်းပြင်နှင့် ဂေါက်ရိုက်သည့် နေရာကို သစ်ပင်တန်းတစ်ခုက ခြားထားသည်။ သစ်ပင်များမှာ ထိုနေရာတွင် သဘာဝအတိုင်း ပေါက်နေခဲ့သည့်အတွက် သစ်ပင်တန်းမှာ မညီမညာဖြစ်သည်။ ဤနေရာတွင်ရှိသော တောတန်းကြီးကို ဂေါက်လေ့ကျင့်ကွင်း အဖြစ် ပြောင်းလဲပစ်ခဲ့စဉ်က ထိုသစ်ပင်များကို ချန်ထားခဲ့ကြခြင်းဖြစ်သည်။

အဘိုးအိုနှင့် မိန်းမငယ်မှာ ထိုခြံစည်းရိုးအနားမှ ခွာ၍ ဆက်လျှောက်လာကြသည်။

"ရှင် ဒီလို ချစ်စရာကောင်းတဲ့ လှိုင်းပုတ်သံတွေ ကြားမှာပေါ့" မိန်းမငယ်က ပြောလိုက်သည်။ သူမ ပြောတာကို အဘိုးအို အသေအချာ ကြားစေရန် သူမ ပါးစပ်ကို အဘိုးအို၏ နားအနားကပ်၍ ထပ်ကာ ပြောလိုက်ပြန်သည်။

"ရှင် ဒီလို ချစ်စရာကောင်းတဲ့ လှိုင်းပုတ်သံတွေကို ကြားမှာပေါ့"

"ဘာပြောတယ်" အဘိုးအိုက ပြောရင်း သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ "မီဆာကို၊ မင်းရှူထုတ်လိုက်တဲ့ လေကလေးက ချစ်စရာကောင်းလိုက်တာ ဟိုတုန်းကလိုပါပဲလား"

"ရှင် ဒီလို ချစ်စရာကောင်းတဲ့ လှိုင်းပုတ်သံတွေ မကြားရဘူးလား"

"လှိုင်းတွေ - လှိုင်းတွေလို့ မင်းပြောလိုက်သလား၊ ပြီးတော့ ချစ်စရာကောင်းတယ်၊ ဟုတ်လား၊ မင်းကိုယ်တိုင် ဒီလှိုင်းတွေထဲမှာ နစ်သေခဲ့ပြီးမှတော့ ဘယ်လိုလုပ် ဒီလှိုင်းတွေက မင်းအတွက် ချစ်စရာ ကောင်းမှာတဲ့လဲ"

"အို သိပ်ချစ်စရာကောင်းတယ်။ ကျွန်မလေ နှစ်ပေါင်း ငါးဆယ့်ငါးနှစ်ကြာပြီးမှ ကျွန်မအိမ်ကို ပြန်ရောက်လာတော့ ရှင်လည်း အိမ်ကို ပြန်ရောက်နေတာ တွေ့ရပြီ။ အားလုံး အိပ်မက်လိုပါပဲလား" သူမ ပြောလိုက်သော စကားကို အဘိုးအိုက မကြားနိုင်။ သို့သော် သူမက ဆက်ပြောနေသည်။

"ကျွန်မ ကိုယ့်ဘာသာ ပင်လယ်ထဲ ခုန်ချခဲ့တာဟာ ကျွန်မအတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ကျွန်မ ရှင့်ကို အမြဲတမ်း ချစ်နေနိုင်ခဲ့တာ။ ပြီးတော့ အမြဲတမ်းပဲ ချစ်နိုင်ဦးမှာ။ အဲဒီလိုပဲ ကျွန်မသေတဲ့ အချိန်မှာတောင် ရှင့်ကို ချစ်နေခဲ့တယ်။ ဒါတွေအပြင် ကျွန်မ မှတ်ထားတာတွေ၊ မှတ်မိနေခဲ့တာတွေ အားလုံးဟာ အသက် တစ်ဆယ့် ခုနှစ်နှစ်မှာ အဆုံးသတ်ခဲ့တာပဲ။ ကျွန်မအနေနဲ့တော့ ရှင်ဟာ အမြဲတမ်းငယ်ရွယ်တဲ့ လူတစ်ယောက် ဖြစ်နေမှာပဲ။ ရှင့်အတွက် ဒီလိုပါပဲ ရှင်တာရို။ ကျွန်မဟာ အသက် တစ်ဆယ့်ခုနှစ်နှစ်မှာ ကိုယ့်ကိုကိုယ် သတ်မသေခဲ့ဘူး ဆိုပါတော့။ ပြီးတော့ ရှင်ကလည်း ဒီကို ပြန်လာပြီး ကျွန်မကို တွေ့ဖို့လာမယ်ဆိုရင် ရှင်လေ အသက်ကြီးပြီး အရုပ်ဆိုးတဲ့ မိန်းမအိုကြီးကိုပဲ ရှင်တွေ့ရမှာပေါ့။ အို ဘယ်လောက် ကြောက်စရာ ကောင်းလိုက်သလဲ။ ကျွန်မတော့ ရှင့်ကို ထွက်တွေ့ရဲမှာ မဟုတ်ဘူး"

"ငါ တိုကျိုကို သွားခဲ့တယ်" အဘိုးအိုက နားလေးသူ တစ်ယောက်၏ မပီမသအသံဖြင့် စကားပြောသည်။ "ဒါပေမယ့် အဲဒီကနေ ဘယ်မှ ထွက်မသွားနိုင်ခဲ့ဘူး။ ဒီတော့ ငါအိမ်ပြန်ခဲ့တယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အဘိုးအိုတစ်ယောက် အနေနဲ့ပေါ့။ ငါ ဂေါက်ကွင်းမှာ အလုပ်တစ်ခု ရခဲ့တယ်။ အဲဒီ ဂေါက်ကွင်းက ပင်လယ်ပြင်ကို မျက်နှာပြုထားတယ်။ အဲဒီ ပင်လယ်ပြင်မှာ မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ ပူဆွေးကြေကွဲမှုတွေကြောင့် ရေထဲကို ခုန်ချသတ်သေခဲ့ဖူးတယ်။ သူတို့က သူမကို ငါနဲ့ နောက်ထပ်တွေ့ခွင့် မပြုတော့ဘူးဆိုတဲ့ နောက်မှာပေါ့။ ငါက သူတို့ကို တောင်းပန်ခဲ့တယ်။ အဲဒီ ဂေါက်ကွင်းမှာ ငါ့ကို ငှားဖို့ပေါ့။ သူတို့က ငါ့ကို သနားခဲ့ကြတယ်။"

"ကျွန်မတို့ အခု ရှင့်မိသားစုတွေ ပိုင်ခဲ့ဖူးတဲ့ မြေပေါ် ရောက်နေပြီလေ ရှင်တာရို"

"ဂေါက်လေ့ကျင့်ကွင်းထဲမှာ ဂေါက်သီးတွေကို လိုက်ကောက်ဖို့၊ ငါလုပ်နိုင်ခဲ့တာကတော့ ဒါပါပဲလေ။ ငါ့ခါးတွေဟာ ကိုက်ခဲလာခဲ့တယ်။ ဒါပေမယ့် ငါ ဆက်လုပ်ခဲ့တယ်။ အဲဒီနေရာမှာ မိန်းကလေးတစ်ယောက်ဟာ ငါ့အတွက်ကြောင့် ပင်လယ်ထဲကို ခုန်ချသွားခဲ့တယ်လေ။ ခုန်ချသွားတဲ့ ချောက်ကမ်းပါးကြီးက ဒီနားလေးတင်။ ဒီတော့ ငါ့လို သက်ကြားအို တစ်ယောက်တောင် အဲဒီကို ရောက်အောင်သွားပြီး ခုန်ချ၊ အဲဒီလိုပဲ အမြဲတွေးနေခဲ့တယ်ကွာ။"

"မလုပ်နဲ့ ရှင်တာရို၊ ရှင်က အသေအချာ ဆက် အသက်ရှင်နေစမ်းပါ။ ရှင်မရှိတော့ဘူးဆိုရင် ဒီလောကကြီးမှာ ကျွန်မကို အမှတ်ရနေမယ့် တစ်ယောက်တည်းသောသူ ရှိတော့မှာ မဟုတ်တော့ဘူး။ ဒီနောက်တော့ ကျွန်မလည်း တကယ့်ကို သေသွားတော့မှာပဲ" မိန်းမပျိုက ဤသို့ပြောရင်း အဘိုးအိုနားသို့ ပူးကပ်လိုက်သည်။ သို့သော် အဘိုးအိုကတော့ သူမပြောတာကို မကြား။

အဘိုးအိုကလည်း သူမကို ပွေ့ဖက်ထားလိုက်သည်။ "ဟုတ်တယ် အတူတူ သေကြရအောင်။ မင်းနဲ့ငါ အခုချိန်မှာလေ၊ မင်းက ငါ့ကို မင်းနဲ့ အတူခေါ်သွားဖို့ ရောက်လာတာ မဟုတ်လား။ ဟုတ်တယ် မဟုတ်လား"

"ကျွန်မတို့ အတူတူ၊ ဟုတ်လား။ ဟင့်အင်း၊ ရှင်ဆက်ပြီး အသက်ရှင်နေစမ်းပါ။ ကျေးဇူးပြုပြီး ကျွန်မအတွက် ရှင် ဆက်ပြီး အသက်ရှင်နေပါ။"

မိန်းမပျိုသည် အဘိုးအို၏ ပုခုံးပေါ်မှ ခေါင်းကို ပြန်ထောင်လိုက်ပြီး ရှေတည့်တည့်သို့ ကြည့်နေသည်။ သူမ၏ အသံမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
"ကြည့်စမ်း၊ ဒီသစ်ပင်ကြီးတွေက အခုထိ ဒီမှာ ရှိတုန်းပါပဲလား။ သူတို့ သုံးပင်စလုံး ဟိုအရင်က အတိုင်းပါပဲလား။ သူတို့တွေဟာ ကျွန်မရဲ့ ဟိုတုန်းက ပျော်ခဲ့တဲ့ရက်တွေကို အမှတ်ရအောင် လုပ်နေလိုက်တာ"

သူမက ညွှန်ပြလိုက်သဖြင့် အဘိုးအိုလည်း သစ်ပင်ကြီး သုံးပင်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

"ဂေါက်ရိုက်တဲ့ သူတွေက ဒီသစ်ပင်တွေကို သိပ်ကြောက်ကြတယ်" အဘိုးအိုက ပြောလိုက်သည်။ "သူတို့က ဒီသစ်ပင်တွေကို ခုတ်ပစ်ချင်တယ်။ သူတို့ အပြောကတော့ ဒီ အပင်ကြီးတွေဆီက မှော်အစွမ်းတစ်ခုခုက ဂေါက်သီးတွေကို ဆွဲယူနေသလိုလို ရိုက်လိုက်တဲ့ ဂေါက်သီးတွေဟာ အမြဲတမ်း ညာဘက်ကို ရောက်ရောက်သွားတယ်တဲ့။"

"သိပ်မကြာခင် ဒီဂေါက်သီးရိုက်တဲ့လူတွေ သေကုန်ကြမှာပဲ။ ဒီအပင်ကြီးတွေထက်ကို စောပြီး သေကြမှာ။ အပင်ကြီးတွေကတော့ ရာစုနှစ်နဲ့ကိုချီပြီး ရှင်နေကြမှာပဲ။ သူတို့က လူတစ်ယောက်ရဲ့ ဘ၀သက်တမ်းဟာ ဘယ်လောက် တိုတောင်းတယ်ဆိုတာ မသိလို့ ဒီလို အပြောမျိုး ပြောကြတာပဲ"

"ငါ့ရဲ့ ဘိုးဘေးဘီဘင်တွေက ဒီအပင်တွေကို နှစ်ရာနဲ့ကိုချီပြီးတော့ စောင့်ရှောက်ခဲ့ကြတာပဲ။ ဒါ့ကြောင့် ဒီမြေတွေကို ရောင်းတော့ ကတိတစ်ခု တောင်းထားခဲ့တယ်။ ဒီအပင်ကြီးတွေကို ခုတ်မပစ်ပါဘူး ဆိုတာကိုပဲ"

"အဲဒီနေရာဆီ သွားကြရအောင်" မိန်းမပျိုက တိုက်တွန်းလိုက်သည်။ ထို့နောက် ယိမ်းယိုင်နေသော အဘိုးအိုကို လက်ဆွဲ၍ သစ်ပင်ကြီးရှိရာဘက်သို့ ဦးဆောင်ခေါ်သွားသည်။

သူမက အပင်ကြီးများထဲမှ တစ်ပင်၏ ပင်စည်ထဲသို့ ဖြတ်လျှောက်ဝင်သွားရာ အဘိုးအိုက သူမကဲ့သို့ လိုက်ဝင်ခဲ့သည်။

အိုး ..... သူမက အဘိုးအိုကို တအံ့တသြ ငေးစိုက်ကြည့်နေသည်။ "ရှင်ရော သေသွားပြီလား ရှင်တာရို၊ ရှင်ရော ဘယ်တုန်းက ရှင်သေသွားခဲ့သလဲ"

အဘိုးအိုက ဘာမျှ ပြန်မဖြေ။

"ရှင်သေပြီ၊ ရှင် တကယ့်ကို သေသွားပြီ၊ ဟုတ်တယ် မဟုတ်လား။ ကျွန်မ စဉ်းစားနေတာက ကျွန်မတို့ဘာကြောင့် သေပြီးသူတွေရဲ့ တိုင်းပြည်မှာ ပြန်မဆုံကြတာလဲလို့။ ကဲ အခု ရှင် တကယ်သေ မသေ ကြည့်ရအောင်၊ ရှင်ဟာ တကယ်သေပြီဆိုရင်တော့ ကျွန်မနဲ့ အတူတူ သစ်ပင်ကြီးထဲကို ၀င်ကြမယ်"

အဘိုးအိုနှင့် မိန်းမငယ်မှာ အပင်ကြီး၏ ပင်စည်ထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ ဘယ်သောအခါမှ ပြန်မထွက်လာကြတော့ပါ။

ညနေခင်း၏ အရောင်သည် သစ်ပင်ကြီးများ အနောက်ဘက်ရှိ ချုံနွယ်များအပေါ်သို့ ပြန့်ကျလာသည်။ ပင်လယ်ပြင်မှ အသံများ ထွက်ပေါ်လာသည့်နေရာ မိုးကုပ်စက်ဝိုင်းမှာ နီဖျော့ဖျော့ အရောင်ထဲတွင် မှုန်ဝါးသွားခဲ့ပြီ။

စန်းစန်းဦး။
Beyond Death By Kawabata
ပင်လယ် မဂ္ဂဇင်း တွင်လည်း ဖော်ပြခဲ့ပါသည်။
၁၉၉၄ ဒီဇင်ဘာ ၊ အေဇက်စာပေ ၊ ပထမအကြိမ် ၊ စာမျက်နှာ  ၉ - ၁၈။
ဘာသာပြန်ဆိုခဲ့သည့် လူငယ် အမျိုးသမီး ဆရာဝန်ဖြစ်သူ စန်းစန်းဦးထံ ဤစာဖြင့် ခွင့်တောင်းပါသည်။

http://www.facebook.com/pages/Kawabata-Yasunari/107817069251822
http://en.wikipedia.org/wiki/Yasunari_Kawabata
http://www.kirjasto.sci.fi/kawabata.htm


မျက်နှာဖုံး ပန်းချီ - မျိုးညွန့်

No comments:

Post a Comment