21.11.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၄ ။ ( ဘုံဘ၀မှာဖြင့် - သခင်တင်မြ )

ထိုအချိန်တွင် သခင် နိုင်ငံရေးခေါင်းဆောင်များ၊ ဘီအိုင်အေ စစ်တပ်ခေါင်းဆောင်များအတွင်း၌ အင်္ဂလိပ် နှင့် ဂျပန်တို့အပေါ် သဘောထားအမြင် ၂ မျိုး ကွဲပြားနေသည်။ ပထမရန်သူကို သတ်မှတ်သည့် အမြင် ကွဲပြားခြင်းဖြစ်သည်။ ဂျပန်သည် ဖက်ဆစ်ဝါဒီ နိုင်ငံဖြစ်သဖြင့် ပထမရန်သူဖြစ်သည် ဆိုသည့် အမြင် ၊ အင်္ဂလိပ်သည်သာ ပထမရန်သူဖြစ်သည် ဆိုသည့် အမြင် ၊ ထိုအမြင် ၂ မျိုး အပေါ်အခြေခံ၍ ခေါင်းဆောင်များလည်း အုပ်စု ၂စုလိုဖြစ်သွားသည်။ သိသိသာသာ အုပ်စုကွဲပြားသွားသည်တော့ မဟုတ်ပါ။

ပထမရန်သူဖြစ်သည့် ဖက်ဆစ်ဂျပန်၏ ဘေးရန်ကို အင်္ဂလိပ်နှင့် ပူးပေါင်းပြီး ကာကွယ်ဆန့်ကျင်၍ နောင်တွင် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးတိုက်ယူရန် ၊ ပထမရန်သူဖြစ်သည့် အင်္ဂလိပ်ကို ဂျပန်နှင့် လတ်တ လော ပူးပေါင်းတိုက်ထုတ်ပြီး နောင်မှ အခါအခွင့်ကြည့်၍ ဂျပန်ကိုပါ တော်လှန်ရန် ။ ဤသဘောထား အမြင်နှစ်ခုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။

၁၉၇၇ ခုနှစ် ပတ်ဝန်းကျင်တွင် မွေးဖွားခဲ့သည့် ကျွန်တော်တို့ အရွယ်ရောက်လာကြသောကာလ၊ ၁၉၉၅-၉၆ အချိန်ကာလတွင် အထက်ပါ အမြင် ၂ မျိုး ကွဲပြားနေသည့် ၁၉၄၂ ၀န်းကျင်ကာလသည် နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိသည့် သမိုင်းဖြစ်နေပါပြီ။ ကျွန်တော်တို့သည် ပုံသွင်းထားသည့် ကျောင်းစာများထဲမှ မြန်မာ့သမိုင်းဘာသာကို စာမေးပွဲတွင် ဂုဏ်ထူးရအောင် ၏၊ သည်မရွေး ကျက်မှတ်ခဲ့သဖြင့် အတော် သိနေပြီဟု ထင်ခဲ့ပါသည်။ ပုံသွင်းထားသည့် ကျောင်းစာများထဲမှ မြန်မာ့သမိုင်းသည် အတော်တိုတောင်း လွန်းသည်။ မဂ္ဂဇင်းများထဲတွင်ပါသည့် သမိုင်းရုပ်ရှင် ဇာတ်ညွန်းများ ဖတ်ရသလို လွယ်ကူလွန်း လှသည်။ ရွေးချယ်ထားသည့် သမိုင်းဖြစ်ရပ်များ၊ လူပုဂ္ဂိုလ်များကိုသာ ရှေ့တန်း တင်ထားသဖြင့် ကျောင်းစာ သမိုင်းသည် ရိုးစင်းနေသည်။ မြန်မာ့သမိုင်းသည် သည်လောက်တော့လည်း မရိုးစင်းပါ။ တကယ်တော့ သမိုင်းကို နားလည်သဘောပေါက်နိုင်ဖို့ ကျောင်းစာသက်သက်ဖြင့် မလုံလောက်တာကတော့ ခေတ်တိုင်း မှန်ကန်နေပါလိမ့်မည်။

ဘုံဘ၀မှာဖြင့် ကို မဖတ်ခင်ထိ ကျွန်တော်သည် မြန်မာနိုင်ငံ၏ ၁၉၄၂-၄၅ ခုနှစ်ကာလ အခြေအနေကို ရိုးရိုးရှင်းရှင်းသာ သိပါသည်။ ရဲဘော်သုံးကျိပ်တို့၏ ဘီအိုင်အေ တပ်မတော်နှင့်အတူ ဂျပန်စစ်တပ်များ နိုင်ငံကို သိမ်းပိုက်လိုက်ပြီး ရွှေရည်စိမ် လွတ်လပ်ရေး ရရှိခဲ့သည်။ ထို့နောက် ဖက်ဆစ်တို့၏ ရက်စက် ကြမ်းကြုတ်မှုများကို သိမြင်လာပြီး ဂျပန်ကို ဆက်လက်တော်လှန်ခဲ့ကြသည်။ ဤအခြေအနေကို ပိုလည်း နည်းနည်း၊ လိုလည်းနည်းနည်း ၊ ဤမျှလောက်သာ ကျွန်တော်သိခဲ့ပါသည်။

ဘုံဘ၀မှာဖြင့် ကိုဖတ်ပြီး ကျွန်တော်သည် အခြားမြန်မာ့သမိုင်းဘာသာကို သိလိုက်ရသည်။ ထိုအခြား သမိုင်းထဲမှ ဂျပန် မ၀င်ခင်ကတည်းက ဖက်ဆစ်ဂျပန်ကို ပထမရန်သူအဖြစ် စတင်ဆန့်ကျင်ခဲ့သည့် အခန်းကို ဖတ်မိသည်။ အထူးသဖြင့် ဆန့်ကျင်သူများမှာ ကွန်မြူနစ်ဝါဒကို ယုံကြည်သူများ ဖြစ်နေကြသည်။ ဦးသိန်းဖေ(မြင့်)သည် ဂျပန်မ၀င်လာခင်ကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးစာများ ရေးသားသဖြင့် ဂျပန်များ၏ ရှာဖွေခြင်းကို ခံနေရသည်။ သခင်စိုးက ကမ္ဘာ့နိုင်ငံများ အခြေအနေအရ ကွန်မြူနစ်တို့၏ အဓိကရန်သူမှာ အရင်းရှင် နယ်ချဲ့မဟုတ်၊ ဖက်ဆစ်ဝါဒ ဖြစ်သည်ဟု ခံယူနေသည်။ ထို့ကြောင့် သူတို့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်၍ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ရန်  ရှေးဦးစွာ တရုတ်ပြည်သို့ ထွက်ခွါဖို့ ကြိုးစားခဲ့ကြသည်။ မအောင်မြင်သဖြင့် အိန္ဒိယသို့ထွက်ခွာသွားကြသည်။

ဘုံဘ၀မှာဖြင့် ကို ဖတ်ပြီးချိန် အတော်ကြာကြာထိ ကျွန်တော်သည် "ထိုအချိန်က ကွန်မြူနစ်တို့၏ အဓိက ရန်သူမှာ အရင်းရှင် နယ်ချဲ့မဟုတ်၊ ဖက်ဆစ်ဝါဒ ဖြစ်သည် " ဟူသော အတွေးအခေါ်ကို အံ့သြနေသည်။ ဘာလို့များပါလိမ့်။ အခုချိန်ထိ ရေရေလည်လည် သဘောမပေါက်ပါ။ ဖြစ်နိုင်သည်များကို ဖတ်ခဲ့ဖူးသည့် စာအုပ်များထဲမှ တွေးကြည့်မိသည်။

ဘော်ရှီဗစ်တို့၏ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကြီး အပြီး ရုရှတွင် ကွန်မြူနစ်တို့ အာဏာရလာပြီး သည်မှစ၍ ဥရောပနိုင်ငံ အတော်များများတွင် ကွန်မြူနစ်များ လှုပ်ရှားလာကြသည်။ ထို့အတူ ဖက်ဆစ်ဝါဒီ ပါတီများနှင့်လည်း အပြိုင်အဆိုင်ဖြစ်လာကြသည်။ ဂျာမဏီတွင် ကွန်မြူနစ် နှင့် နာဇီပါတီတို့ အားပြိုင်ကြရာ နာဇီပါတီက အသာရပြီး ကွန်မြူနစ်တို့ကို အပြင်းအထန် နှိပ်ကွပ်ခဲ့သည်။ ကွန်မြူနစ်ဝါဒ၏ ဖခင်ကြီး ဂျာမန်လူမျိုး Karl Marx ၏ နိုင်ငံတွင် ကွန်မြူနစ်ပါတီ အကြီးအကျယ် ဖိနှိပ်ခံရသဖြင့် တစ်ကမ္ဘာလုံးရှိ ကွန်မြူနစ်ပါတီတို့က နာဇီပါတီကို မျက်မုန်းကျိုးနေကြသည်။

ဂျာမဏီတွင် ၁၉၃၂ ရွေးကောက်ပွဲအပြီး နာဇီပါတီအာဏာရလာပြီး ၁၉၃၃ ဇန်န၀ါရီ ၃၀ တွင် ဟစ်တလာ (Hitler) သည် အစိုးရခေါင်းဆောင် အဓိပတိ (Chancellor) ဖြစ်လာခဲ့သည်။ သူ အဓိပတိ ဖြစ်ပြီး လေးပတ် ခန့်အကြာ ၁၉၃၃ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘာလင်ရှိ ပါလီမန် အဆောက်အဦ (Reichstag building) မီးရှို့ခံရလေသည်။ Dutch လူမျိုး ကွန်မြူနစ် တစ်ဦးကို မီးလောင်နေသည့် အဆောက်အဦ တွင်းမှ တွေ့ရှိရပြီးနောက် နာဇီတို့သည် ဂျာမန် ကွန်မြူနစ်ပါတီကို ဖိနှိပ်ဖို့ အကြောင်းပြချက် ရရှိသွားပြီး ပါတီဝင် အများအပြားကို ဖမ်းဆီးခဲ့သည်။

ဘူဂေးရီးယား ကွန်မြူနစ်ခေါင်းဆောင် ဒီမီထရော့ (Georgi Mikhaylovich Dimitrov) နှင့် အခြားနှစ်ဦး ကိုလည်း ဖမ်းဆီးခဲ့ပြီး နာဇီတို့က ဘာလင်တွင် ရုံးတင်စစ်ဆေးခဲ့သည်။ Leipzig Trial ဟု အမည်တွင်သည့် ထိုတရားခွင်တွင် ဒီမီထရော့၏ ကိုယ်တိုင် ခုခံကာကွယ်သည့် လျှောက်ထားချက်များသည် ကွန်မြူနစ်များ အကြား ကျော်ကြားခဲ့သည်။ ဒီမီထရော့ အကြောင်း မြန်မာစာအုပ် ဖတ်ဖူးသည်။ ကြာခဲ့ပြီ။ ရေးသူကိုပင် သတိမရတော့။ ဘူဂေးရီးယား တော်လှန်ရေးခေါင်းဆောင် ဒီမီထရော့ ဆိုသည့် အမည်ဖြင့် ဖြစ်မည် ထင်သည်။ မိုးတွင်းတစ်ခုတွင် ကျွန်တော်တို့၏ စာအုပ်သေတ္တာကို ခြစားလေသည်။ စာအုပ် အတော် များများ ပျက်ဆီးသွားခဲ့သည်။ ဒီမီထရော့၏ စာအုပ်မှာလည်း တ၀က်တပျက် ပျက်ဆီးသွားပြီး စာအုပ်အဖုံးမှ ဒီမီထရော့၏ နှုတ်ခမ်းမွှေးကြီး တစ်ဝက်ကို ခြစားသွားခဲ့သည်။ ဥရောပတွင် ကွန်မြူနစ်ပါတီများနှင့် ဖက်ဆစ်ဝါဒီ ပါတီများ အားပြိုင်ကြရာမှ ရန်သူကြီးများ ဖြစ်ကုန်ကြသည်။

အာရှတွင် ဂျပန်တို့က တရုတ်နိုင်ငံကို ၁၉၃၇ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက် လေသည်။ နန်ကင်း၊ ဘေဂျင်းမြို့တို့တွင် ဂျပန်များက အကြီးအကျယ် ရက်စက်ခဲ့သည်။ သို့ဖြင့် တရုတ် ကွန်မြူနစ်များက ပြည်တွင်းရန်ဘက် ကူမင်တန်များနှင့် တိုက်ခိုက်နေသည်ကို ရပ်ပြီး ဂျပန်ကို ပြန်လည် ခုခံတိုက်ခိုက် ခဲ့ကြသည်။ ဤသို့ဖြင့် ဥရောပကွန်မြူနစ်များ၊ တရုတ်ကွန်မြူနစ်များကို အကြောင်းပြု၍ ၁၉၄၂ ခုနှစ်ကာလတွင် မြန်မာ ကွန်မြူနစ်များကလည်း ဖက်ဆစ်ဂျပန်တို့သည် ပထမရန်သူဖြစ်သည်ဟု ခံယူပြီး ဂျပန်ဝင်လာစကပင် ခုခံတော်လှန်ဖို့ ပြင်ဆင်ခဲ့ကြသည်။

ကျွန်တော် ဖတ်ခဲ့ဖူးသည့် စာအုပ်များထဲမှ ဖြစ်နိုင်သည်များကို တွေးကြည့်ခြင်းသာဖြစ်ပါသည်။ ဘာပဲပြောပြော ကျွန်တော်တို့ နိုင်ငံတွင် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ရန် ဂျပန်ဝင်စမှာပင် စတင်ပြင်ဆင်သူများမှာ မြန်မာကွန်မြူနစ်များ ဖြစ်သည်ဟု ပြောလျှင် ရနိုင်ပါလိမ့်မည်။

ဘုံဘ၀မှာဖြင့် တတိယတွဲ ၊ စတုတ္ထတွဲတို့တွင် ဖက်ဆစ်များကို တော်လှန်တိုက်ခိုက်ရန် ပြင်ဆင်သည့် မြေအောက် လှုပ်ရှားမှုများ အကြောင်းကို ဖတ်ရပါသည်။ (ဦး) သိန်းဖေမြင့် ၊ သခင်တင်ရွှေ နှင့် သခင်စိုးတို့ အိန္ဒိယသို့ ထွက်ခွာ သွားကြသည့်ခရီးကို သခင်တင်မြက စောင့်လျှောက် လိုက်ပို့ပါသည်။ နယ်စပ်ရောက်မှ သခင်စိုးက စိတ်ပြောင်းသွားပြီး ပြည်တွင်းမြေအောက်စည်းရုံးရေးလုပ်ကိုင်ရန် ပြည်တွင်းသို့ လျှို့ဝှက်ပြန်ဝင် လာခဲ့သည်။ ထိုအကြောင်းကို (ဦး) သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် မှာလည်း တစွန်းတစ ဖတ်နိုင် ပါသည်။ ထို့နောက် သခင်စိုးသည် မြေအောက် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းပြီး မြေအောက်စည်းရုံးရေးများကို ဆောင်ရွက်ခဲ့ကြသည်။ သခင်တင်မြသည် မြေအောက် ကွန်မြူနစ်ပါတီနှင့် မြေပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသူတို့ကို ဆက်သွယ်ပေးသည့် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။



ပဉ္စမတွဲ ၊ ဆဋ္ဌမတွဲများတွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် ပြင်ဆင်သည်များကို အသေးစိတ် ဖတ်နိုင် ပါသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း နှင့် သခင်စိုးတို့ ပဲခူးတွင် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်သူများတွင် သခင်တင်မြ ပါဝင်ခဲ့သည်။ ပဲခူးမြို့တွင် တွေ့ဆုံ ဆွေးနွေးကြသည့်အကြောင်းမှာ စိတ်ဝင်စားဖို့ အတော်ကောင်းသည်။ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ကွန်မြူနစ်ပါတီ နှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ ပူးပေါင်းပြီး ဂျပန် တော်လှန်ရန် ပြင်ဆင်ကြသည့် အသေးစိတ်များကို ဖတ်ရပါသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ရှိရှိသမျှ ပါတီ အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွှတ်ကြသည်မှာ ဂျပန်တို့ကို တော်လှန်ခါနီးတွင်သာ ဖြစ်မည်ထင်သည်။ ခေါင်းဆောင်များ အားလုံး စစ်ပြင်ဆင်ကြသလို တဘက်ကလည်း မိမိတို့ မိသားစုများကို ဘေးလွတ်ရာသို့ ပို့ဆောင်ကြရ သည်များကိုလည်း ဖတ်နိုင်ပါသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ နာမည်ကျော် စစ်ထွက်မိန့်ခွန်းကို ဂျပန်များရှေ့တွင်ပင် တိုတို တုတ်တုတ် ပြော၍ စစ်တိုင်း (၇)ကို ဦးစီးပြီး သရက်မြို့ဘက်သို့ ဖက်ဆစ်တို့ကို တော်လှန်ရန် ထွက်ခွာသွား တော့သည်။ သခင်တင်မြသည် ထိုစစ်တိုင်း (၇)တွင် နိုင်ငံရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ ဖက်ဆစ် တော်လှန်ရေးအတွင်း ဗိုလ်ချုပ်အောင်ဆန်း မည်ကဲ့သို့ ဦးဆောင် တိုက်ခိုက်သွားခဲ့သည်ကို ဘုံဘ၀မှာဖြင့် နောက်ဆုံး ဆဋ္ဌမတွဲတွင် ဖတ်နိုင်ပါသည်။

ထို့နောက် ဂျပန်များ ထွက်ခွာသွားပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ လူထုကို ဦးဆောင်ပြီး ၁၉၄၅ သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် လူထုအစည်းအဝေးကြီးကို ကျင်းပကာ အင်္ဂလိပ်တို့ထံမှ လုံးဝ လွတ်လပ်ရေးရယူရန် ကြိုးစားတော့သည်။ ဘုံဘ၀မှာဖြင့် သည် ထိုနေ့တွင် အဆုံး သတ်ထားပါသည်။

စာအုပ်သည် ဤနေရာတွင် အဆုံးသတ်သွားသော်လည်း သမိုင်းကတော့ ရပ်မနေပါ။ နောင်နှစ် အနည်းငယ် ကြာသောအခါ ဖက်ဆစ် တော်လှန်ရေး ကာလအတွင်း အသက်ပေးပြီး စည်းလုံး ညီညွှတ်ခဲ့ကြသည့် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ နှင့် ပြည်သူ့အရေးတော်ပုံပါတီတို့သည် ရန်သူများအဖြစ် ပြည်တွင်း စစ်မြေပြင်တွင် အချင်းချင်း ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။ ဗမာ့တပ်မတော် လည်း ရဲဘော်ဖြူ၊ ရဲဘော်ဝါ ကွဲပြီး တိုက်ခိုက်ကြသည်။ ကွန်မြူနစ်ပါတီသည်လည်း အလံနီ ၊ အလံဖြူ ကွဲပြီး တိုက်ခိုက်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီသည်လည်း အချင်းချင်း တိုက်ခိုက်ကြသည်။ တိုင်းရင်းသား များနှင့်လည်း တိုက်ခိုက်ကြသည်။ တိုင်းပြည် လွတ်လပ်ရေး ရယူနိုင်ရန် အသက်ပေးပြီး ကြိုးစားခဲ့ကြသူ အတော်များများသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်တွင် အချင်းချင်း တိုက်ခိုက်ခြင်းဖြင့် ကျဆုံးသွားခဲ့ကြသည်။

မည်သူမှန်ပြီး မည်သူမှားသနည်း။ အမှား အမှန် ကို မည်သူက မည်သို့ ဆုံးဖြတ်မည်နည်း။ အားလုံးမှန် သလော၊ အားလုံးမှားသလော။ ပုံသွင်းထားသည့် သမိုင်းမှာတော့ စစ်နိုင်သူ မှန်ပြီး စစ်ရှုံးသူ မှားသွား ခဲ့သည်။ တကယ့် သမိုင်းမှာရော .....။

ဘုံဘ၀မှာဖြင့် ၏ နောက်ပိုင်းအတွဲများကို ဖတ်ရသည်မှာ သမိုင်းအချက်အလက်၊ နိုင်ငံရေးအယူအဆများ လွှမ်းနေပြီး ရသနည်းလာပါသည်။ ၆ အုပ်တွဲကို ဆက်တိုက်ဖတ်လျှင် ရသဖန်တီးမှု အရေးအသားများ ပြောင်းလဲသွားသည်ကို သိသိသာသာ တွေ့နိုင်ပါသည်။ သခင်တင်မြသည် ဘုံဘ၀မှာဖြင့် ပထမတွဲကို ၁၉၆၁ ခုနှစ် ဘောင်ဒရီအချုပ်ထဲတွင် စတင်ရေးသားခဲ့ပါသည်။ ထိုအချိန်တွင် သူသည် ဗမာပြည် ကွန်မြူနစ်ပါတီမှ နှုတ်ထွက်ပြီးဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံသည့် သမိုင်းတစ်ခေတ် သစ်ခဲ့ပြီ စာတမ်းကို ရေးသားခဲ့ပြီး ဖြစ်သည်။ နောက်ပိုင်း စာအုပ်အတွဲများကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်လုပ်ကိုင်ရင်း ရေးသားခဲ့ခြင်းဖြစ်သည်။ သူသည် ပြည်သူပိုင်သိမ်းရန် စဉ်းစားနေရသဖြင့် ရသဖန်တီးမှု နည်းသွားခြင်းဖြစ်မည် ဟု ကျွန်တော်ကတော့ ထင်ပါသည်။

သခင်တင်မြသည် ယခုထိ သက်ရှိထင်ရှားရှိနေသော သမိုင်းစာအုပ်နှင့် တူသည်။ သူသည် အလံနီ ကွန်မြူနစ်ပါတီတွင် ဒုတိယခေါင်းဆောင် ဖြစ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီတွင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့သည်။  ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင်လည်း ပါဝင်ခဲ့သည်။ NLDပါတီ စတင်ဖွဲ့စည်းသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီ သူများတွင်လည်း ပါဝင်ခဲ့သည်။ အမျိုးသား ညီလာခံကိုလည်း ထောက်ခံခဲ့သည်။ ယခုတော့ အသက် အရွယ် ကြီးရင့်သဖြင့် အားလုံးမှ အနားယူသွားခဲ့ပြီ ထင်ပါသည်။ ကျွန်တော်ကတော့ သခင်တင်မြထံမှ သိနိုင်မည့် နိုင်ငံရေးသမိုင်းဆိုင်ရာများကို အတော်စိတ်ဝင်စားပါသည်။ သူ့ထံမှ ဖတ်ချင်သည့် စာအုပ် အတော်များများ ရှိသည်။ သူကွယ်လွန်သွားခဲ့လျှင် ဘယ်တော့မှ ဖတ်ရန် မဖြစ်နိုင်တော့မည့် သမိုင်းစာအုပ် များစွာ သူ့နိုင်ငံရေး အတွေ့အကြုံတွေမှာ ရှိပါသည်။

၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် စာအုပ်ကို ဇာတ်လမ်းတွဲ ရိုက်ကူးရန် ဒါရိုက်တာ စာရေးဆရာ မင်းခိုက်စိုးစန်က ၀ယ်ယူသည့် အကြောင်း (၆ သိန်း လား၊ ၉ သိန်းလား မမှတ်မိတော့) ဂျာနယ် တစ်စောင်တွင် ဖတ်ခဲ့ရဖူးသည်။ ယခုထိတော့ ထိုဇာတ်ကားအကြောင်း မကြားရသေးပါ။


* * * * * * * * * * 

မကြာမီ ....... ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၅ ။ ( ဟဲမင်းဝေး၏ ပင်လယ်ပြာနှင့်တံငါအို )
                  ဖတ်မိဖတ်ရာ .... ကွန်မြူနစ် ကတော်များ ( ကိုဗဟိန်း၏ ဇနီး မခင်ကြီး )
                  အညတရညများ ...
* * * * * * * * * *

No comments:

Post a Comment