7.10.10

ကျွန်တော် မသိသော သိပ္ပံမောင်ဝ

ကျွန်တော် ယခုအတောအတွင်း မရည်ရွယ်ဘဲနှင့် သိပ္ပံမောင်ဝ ၏ စာအုပ်များကို ဖတ်ဖြစ်နေသည်။ သူငယ်ချင်း ကျော်ဇောထံမှ မောင်လူအေး အပါအ၀င် သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ (၂၀၀၄ ပုံနှိပ်ခြင်း ) ကို အရင် ငှါးဖတ်ဖြစ်သည်။ ထို့နောက် သူ့ထံမှပင် စာပေယဉ်ကျေးမှု ( ရာပြည့်၊ ၂၀၀၆ မေ ဒုတိယ အကြိမ် ပုံနှိပ်ခြင်း )ကို ဆက်ငှါးဖတ်သည်။ သိပ္ပံမောင်ဝ ချင်ခြင်းကို ကျွန်တော် အာသာ တောင့်တ လာလေပြီ။

သိပ္ပံမောင်ဝ၏ စာများသည် ကျွန်တော်အတွက် မစိမ်းသလိုလို စိမ်းသလိုလိုဟု ပြောနိုင်မည်ထင်သည်။ သူ့အကြောင်းကိုလည်း သိသလိုလို မသိသလိုလို ဟု ထင်နေသည်။ သူ၏ လေလံပွဲ ကို ကျွန်တော် စာမေးပွဲမှာ ဖြေခဲ့ဖူးသည်။ သူ၏ ခေတ်စမ်းစာပေ အထွေထွေ ကို ငယ်ငယ်က ဖတ်ခဲ့ဖူးသည်။ သူ့အကြောင်း မဂ္ဂဇင်းဆောင်းပါး တိုတိုထွာထွာများကို သင့်သလို ဖတ်ခဲ့ဖူးသည်။ သူကွယ်လွန်ခဲ့သည့် အကြောင်း အကြမ်းသိသည်။ ဒါလောက်ပါပဲ။

သိပ္ပံမောင်ဝ၏ စာများကို မစိမ်းသလိုလို သိသလိုလို ထင်နေခဲ့တာ တကယ်တော့ ဘာမှ မသိပါလား ဟု ကျွန်တော်ဇနီးကို ပြောမိသည်။ သူ့ပြန်ပြောစကားက မထင်မှတ်ဘဲ ဖျတ်ခနဲ ရေခဲရေဖြင့် အပက်ခံလိုက်ရ သလို ကျွန်တော်စိတ်မှာ ဗြုံးခနဲ ခံစားလိုက်ရသည်။ ရှင်က ကွန်မြူနစ်စာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေ၊ စာအုပ်တွေလောက်ပဲ သိတာပါ။ ကျွန်တော် စဉ်းစားရတော့သည်။ ဟုတ်ပါသလား။ ကျွန်တော့် အတ္တက ရှေ့ဆက် အများကြီး မစဉ်းစားရအောင် ချက်ချင်းဖြေလိုက်သည်။ ငါတို့နိုင်ငံမှာ ကွန်မြူနစ်စာရေးဆရာ တွေက များခဲ့တာကိုး။ ကျွန်တော့်အတ္တ အနိုင်ရသွားပုံရသည်။ ကျွန်တော် ရှေ့ဆက်အများကြီး မစဉ်းစား မိတော့ပါ။

ဤသို့ဖြင့် ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စာအုပ်များကို လိုက်ရှာတော့သည်။ သူငယ်ချင်းများထံမှ ထပ်မရနိုင်သောအခါ EBook website များမှာ လိုက်ရှာသည်။ အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း၊ အဟိတ် ဝတ္ထုဇာတ်လမ်းများ ၊ စစ်အတွင်း နေ့စဉ်မှတ်တမ်း ၊ ၃ အုပ်ကို အစဉ်လိုက် ဖတ်ဖြစ်သည်။

ညက ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့စဉ်မှတ်တမ်းကို ဖတ်သည်။ EBook ဖြစ်ပါသည်။ စာအုပ်အစမှာ ဖော်ပြထားသည့် သိပ္ပံမောင်ဝ၏ အတ္ထုပ္ပတ္တိအကျဉ်းကို သာမန်သာ ဖတ်လိုက်သည်။ ၁၈၉၉ ဇွန်လ ၅ ရက်နေ့တွင် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်၌ မွေးဖွားခဲ့ပြီး ဦးအုန်းရွှေ ၊ ဒေါ်ဒေါ်သစ်တို့၏ ဒုတိယ သားဖြစ်သည်။ ထို့နောက် သူ၏ ပညာရေး အောင်မြင်မှုများ၊ ရရှိခဲ့သည့် ဆု တံဆိပ်များ၊ ကလောင်နာမည်များ ၊ အစိုးရ၀န်ထမ်းဘ၀ ၊ စာပေလက်ရာများ ၊ စာအုပ်များ ...စသည်တို့ကို ဖတ်သည်ဆိုရုံ ခပ်လျှမ်းလျှမ်း မြန်မြန်ဖတ်မိလိုက်သည်။ သူ ကွယ်လွန်သည့် နေ့ရက်ကို သေသေချာချာ မမှတ်မိလိုက်။

စစ်အတွင်း နေ့စဉ်မှတ်တမ်း စာအုပ်သည် ၅-၁-၄၂ နေ့မှ စသည်။ သူနှင့်အတူ သူ၏ဇနီး မြင့် မအူပင်မှ ရန်ကုန်သို့ လိုက်လာသည့် အကြောင်းဖြင့် စထားသည်။ ထိုအချိန်တွင် ဂျပန်တို့က ရန်ကုန်ကို ဗုံးအကြီး အကျယ် ကြဲချနေပြီဖြစ်သည်။ ထိုမှစ၍ သူတို့ မိသားစု၏ စစ်ပြေးခရီးကြမ်း စတင်ခဲ့လေသည်။ သူတို့ စစ်ပြေးခရီးကြမ်းကို အကြမ်းဖျဉ်း ခြယ်မှုန်းထားသည့် သိပ္ပံမောင်ဝ၏ ရေးသားထားမှုကလေးကို ၂-၅-၄၂ရက်နေ့ မှတ်တမ်းတွင် ဤသို့ ဖတ်ရပါသည်။

၂-၅-၄၂။

(..............................။ ဤအကြိမ်ပြေးခြင်းကား နောက်ဆုံးပြေးခြင်းဖြစ်ပါစေ။ စစ်စ၍ ဖြစ်ကတည်းက တပြေးတည်း ပြေးလာကြရသောကြောင့် မြင့်နှင့် ကလေးများမှာ အတော်ပင်ပန်းနေကြရှာလေပြီ။ ကလေးများရော မြင့်ပါ ရှေးကကဲ့သို့ ၀၀ဖြိုးဖြိုးမရှိကြ။ စိတ်ပန်းကိုယ်ပန်းဖြစ်ရုံမျှမက ရွှေဘို၏ အပူရှိန်ကို မခံနိုင်သောကြောင့် မကျန်းမမာဖြစ်ကြသဖြင့် အတော်ပင်ပိန်လှီးနေကြလေပြီ။ မြင့်နှင့် ကလေးများမှာ လက်ဦးဆုံး ရန်ကုန်မှ ပြည်သို့ ပြေးခဲ့ကြရ၏။ ပြည်မှ မအူပင်၊ မအူပင်မှ မန္တလေး၊ မန္တလေးမှ ရွှေဘို၊ ရွှေဘိုမှ ကန့်ဘလူ၊ ကန့်ဘလူမှ ဂါးတာ။ အကြိမ်ပေါင်းများစွာ ပြေးခဲ့ကြရ ရှာလေပြီ။ ခရီးမပန်းဘဲ နေကြမည်လော။ သမီးငယ်ကလေး မယ်ကေးမှာ တစ်လသမီး အရွယ်ကတည်းက ပြေးနေလိုက်သည်မှာ ယခု ၆ လ သမီး အရွယ်သို့ ရောက်ပြီဖြစ်သော်လည်း ပြေးရတုန်းပင်။ သို့ဖြစ်သောကြောင့် မယ်ကေးကို မယ်ပြေးဟူ၍သာ နာမည်ပြောင်းလိုက်ချင်တော့၏။  .................................................................)
( စစ်အတွင်း နေ့စဉ်မှတ်တမ်း ၊ သိပ္ပံမောင်ဝ ၊ ဒုတိယအကြိမ် ၊ မြနန္ဒာ စာအုပ်တိုက် ၊ ၂၀၀၂ ဒီဇင်ဘာ ၊ စာမျက်နှာ ၂၉၃ )

ကျွန်တော်သည် ဤစာပုဒ်လေးကို ဖတ်ပြီးသောအခါ စိတ်မောလူမော ဖြစ်သွား၏။ စာအုပ်ထဲတွင် ပူးဝင် နေသည့် စိတ်သည် အခုမှ ခွါထွက်လာသည်။ နာရီကြည့်လိုက်တော့ နံနက် ၄ နာရီ ထိုးတော့မည်။ စနေညကုန်ဆုံး၍ တနင်္ဂနွေအာရုံတက်ချိန် ရောက်လာပြီ။ အပြင်ဘက်တွင် မိုးဖွဲဖွဲ ကျနေသည်။ 

ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့ရက်များအကြောင်း တွေးနေသည်။ သူ၏ စစ်အတွင်း နေ့ရက်များသည် သူ့အတွက် ပင်ပန်းပေလိမ့်မည်။ မိသားစုအတွက် ပူပန်စိုးရိမ်ရသည့် မီးတောက်သည် သူ့ နေ့ရက် စာမျက်နှာများတွင် အပူရောင်ထင်ဟပ်နေသည်။ အိုင်စီအက်တစ်ယောက်ကို အိပ်မပျော်စေသော အတွေးများသည် စာမျက်နှာများပေါ်တွင် အရိပ်ထင်နေသည်။ သာမန် ဆင်းရဲသား နင်းပြား တိုင်းသူ ပြည်သားများ၏ စာမျက်နှာများပေါ်တွင် မည်သို့သော မီးတောက်များ မငြိမ်းနိုင် ပူလောင်နေမှာပါလိမ့်။ သူတို့ထက်စာလျှင် အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက် အိုင်စီအက် အစိုးရ အရာရှိကြီး၏ စစ်ပြေးညများသည် လရောင်ဆမ်းနေပါလိမ့်မည်။ ကလေးထိန်း ထမင်းချက် ကားမောင်းသူ၊ ကိုယ်ပိုင်ကား၊ ရွှေငွေ မိတ်ဆွေ အသိုင်းအ၀ိုင်း ပြည့်စုံနေပါသည်။
 
ကျွန်တော့် မသိစိတ် အတ္တက သိပ္ပံမောင်ဝ၏ နေ့စဉ်မှတ်တမ်းအတွင်းမှ သခင်အောင်ဆန်း ဗိုလ်တေဇ ဘီအိုင်အေ တပ်မတော်အကြောင်း တွေ့ရလို တွေ့ရငြား ရှာကြည့်နေမိသည်။ စာအုပ်နောက်ပိုင်းမှာ သခင်တပ် အကြောင်း အလျှဉ်းသင့်သလို ရေးထားသည်ကို တွေ့ရသည်။ ဂျပန်တပ် သခင်တပ်များနှင့် တိုက်ခိုက်နေရာ ရှေ့တန်းစစ်မျက်နှာသို့ အင်္ဂလိပ်တပ်များ စစ်ကူဆင်းသွားသည့် သတင်းကို မှတ်တမ်းရေးနေရင်း သိပ္ပံမောင်ဝသည် မည်သို့ ဆုတောင်းနေမှာပါလိမ့်၊ ကျွန်တော် တွေးနေမိသည်။ တပြိုင်တည်းမှာ တိုင်းသူပြည်သားများကရော မည်သို့ဆုတောင်းနေကြမှာပါလိမ့်၊ ကျွန်တော်တွေးနေမိ သည်။

တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင် ဆရာစံကို သိပ္ပံမောင်ဝက ဒင်္ဂါးပြားတစ်ခု၏ ခေါင်းဟု မြင်နေလျှင် ပြည်သူပြည်သားများက ပန်းဟု မြင်နေမည်လား။ ကိုယ့်ဘက်က အာဇာနည်ဆိုလျှင် သူ့ဘက်ကဆို သူပုန်လား။ နှစ်ဦးနှစ်ဘက်ကြားတွင် စည်းတစ်ခု ခြားနေသည်လား။ ထိုစည်းသည် သမိုင်းမှာ ခေါင်း နှင့် ပန်း ၊ အုပ်ချုပ်သူ နှင့် ဖိနှိပ်ခံရသူ ၊ အမှားနှင့်အမှန် ကြာလေကြာလေ ခြားနားသွား မည်လား။ ........ ကျွန်တော် တွေးနေမိသည်။
 
ဘယ်လိုဘဲ အမြင်တွေ ကွဲပြား မစေ့စပ်နိုင်စေကာမူ လူတစ်ယောက်၏ စစ်အတွင်း စိုးရိမ်အားငယ်မှုများ၊ မရေရာမှုများ၊ မျှော်လင့်ချက်များအကြောင်း နေ့စဉ်မှတ်တမ်းအနေနှင့်မူ သိပ္ပံမောင်ဝ၏ နေ့စဉ် မှတ်တမ်းသည် ကျွန်တော်ကို ဆွဲဆောင်လွန်းလှသည်။ ကျွန်တော်သည် စာအုပ်ကို ဆက်ဖတ်သည်။ ၁၉၄၂ မေလ နေ့စဉ်မှတ်တမ်းများ မှ ၁၉၄၂ ဇွန်လမှတ်တမ်းများ သို့ ရောက်လာသည်။ စာမျက်နှာများမှ စိုးရိမ် မွန်းကြပ်သည့် အနံ့များ ပိုရလာသည်။ ၅-၆-၁၈၉၉ နေ့တွင် မွေးဖွားခဲ့သည့် သိပ္ပံမောင်ဝ၏ ၄၃ နှစ်ပြည့် မွေးနေ့သို့ ကပ်လာသည်။ သူ၏ ၄၃ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ၅-၆-၄၂ ရက် မှတ်တမ်းတွင် အတိတ်ကို သုံးသပ်မှုများ၊ အကောင်းမြင်မျှော်လင့်မှုများကို ရေးမှတ်ထားသည်။

၅-၆-၄၂။

လွန်ခဲ့သည့် ၈ နှစ်ခန့် အခါက ဗေဒင်ကျွမ်းကျင်သော မိတ်ဆွေတစ်ဦးက ယခုနှစ် မွေးနေ့မတိုင်မီအတွင်း သေလောက်သောဘေးနှင့် တွေ့ပေလိမ့်မည်ဟု ဟောဖူး၏။ ထိုအခါက ထိုမိတ်ဆွေ ဟောပြောချက်ကို မယုံကြည်ခဲ့ပေ။ နောင်တွင်လည်း အမှုမထားခဲ့ပေ။ ယခုနှစ်အတွင်း ဘေးဒုက္ခအပေါင်းတို့နှင့် တွေ့ကြုံသောအခါကျမှ ထိုမိတ်ဆွေ ဟောပြောချက်များကို ပြန်လည်သတိရမိပေ၏။ ဗေဒင်က မှန်သောကြောင့်ပေလော မပြောတတ်။ ဤနှစ်အတွင်း ဒုက္ခအမျိုးမျိုးတို့နှင့် တွေ့ကြုံခဲ့ရသည်ကား မှန်ပေ၏။

ယနေ့ကား မွေးနေ့ဖြစ်၏။ သန်းခေါင်းကျော်လျှင် မွေးနေ့လွန်တော့မည်။ မိတ်ဆွေဗေဒင်ဆရာ ဟောပြော ချက် အရဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်။ ဤအကြောင်းများကို တွေးမိသောကြောင့် ၀မ်း မြောက်မိတော့သတည်း။

မနက်က ဦးစန်းနှင့် အတူ အညောင်းပြေ အညာပြေ တောလမ်းအတိုင်း အတော်ခပ်ဝေးဝေးပင် လမ်းလျှောက်ကြလေသည်။ အတော်ပင် စိတ်ကြည်နူး၏။

နေ့ခင်း လက်ဖက်ရည် သောက်ချိန်တွင် ဦးစန်းနှင့် ဦးဘသန်းတို့က အားလုံးကို အထပ်တစ်ရာ (ပလာတာ) နှင့် ကြက်သားဟင်းကို ကျွေးကြလေသည်။ အားရပါးရ စားလိုက်ကြသည်မှာ အတော်ပင် ကုန်၏။   မြို့နှင့် အလွန်ဝေးသော တောထဲတွင် အထပ်တစ်ရာ နှင့် ကြက်သားတို့ကို စားသောက် ကြရသည်မှာ ကုသိုလ် ထူးသည်ဟု ဆိုရပေမည်။ အောက်အရပ်မှ ပြေးလာစဉ်က နောက်ဆုံး တောရွာကလေးများတွင် တိမ်းရှောင်နေရသောအခါ ထမင်းနှင့်ဆားကိုမှ မှန်မှန်စားရပါ့မလားဟု တွေးတော စိုးရိမ်မိပေ၏။

ယခုကား ထမင်းနှင့် ဟင်းကောင်းကောင်းများကို စားသောက်ရရုံမျှမကသေး နေ့ခင်းနေ့လယ်တွင် ပလာတာနှင့် ကြက်သားဟင်းကိုပင် စားသောက်ရလေသည်။

ဂျပန်များ မတက်လာမီ ဒရောသောပါး ပြေးကြလွှားကြစဉ်က ဂျုံအိတ်များကို တင်လာသော မီးရထားတွဲတို့ကို ကန့်ဘလူတွင် ဖြုတ်ထားခဲ့လေသည်။ အုပ်ချုပ်ရေးကလည်း ပျက်ပြား၊ ဂျပန်တို့ကလည်း မရောက်သေးသော အခိုက်အတန့်ကလေးတွင် ကန့်ဘလူ အနီးအနားများမှ ရွာသားတို့သည် ထိုဂျုံအိတ်တို့ကို သွား၍ လှည်းများဖြင့် တိုက်ယူကြကုန်၏။ ထိုသူတို့ထံမှ ဂျုံအိတ်တစ်အိတ်ကို ၆ ကျပ်ပေး၍ ၀ယ်ပြီးနောက် ဦးစန်း၏ ထမင်းချက်အား ပလာတာ အလုပ်ခိုင်းလေသည်။ ဦးစန်း၏ ထမင်းချက်ကား ပလာတာ အလုပ်ကောင်းသူဖြစ်၏။ ဦးဘသန်း၏ တပည့် မောင်ဘကြိုင်ကလည်း ကြက်သားဟင်း အချက်ကောင်း၊ အလွန်နေရာကျလေသည်။ ရန်ကုန် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ၊ မန္တလေး ၀ါဟစ်ဆိုင် တို့ကို မသွား ပါဘဲလျှက် မြို့နှင့် မနီးမဝေး တောရွာကလေးမှာပင် ပလာတာ ကြက်သား ဟင်းကောင်းများကို စားသောက် ကြရသည်မှာ ကုသိုလ်ထူးသည်ဟု ဆိုရမည်မဟုတ်ပါလော။

ယခုအခါ ကြောက်စိတ် တုန်လှုပ်စိတ်များ အတော်ကလေးပျောက်စ ပြုလာလေပြီ။ လူအများ၏ စိတ်ထဲတွင် မည်သို့သော အုပ်ချုပ်ရေးလာမည်နည်းဟူ၍ တောင့်တနေကြမည်မှာ ဓမ္မတာပင်တည်း။ ယခုကဲ့သို့ မငြိမ်မသက်ဖြစ်နေသော အခါတွင် ငြိမ်သက်အေးချမ်းရေးမှာ လူတိုင်းတောင့်တနေမည်ကား မလွဲတည်း။ ငြိမ်သက်အေးချမ်းမှုကိုလည်း ကြံ့ခိုင်သော ဗဟိုအစိုးရလာမှသာ ရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ကြံ့ခိုင်ကောင်းမွန်သော ဗဟိုအစိုးရ အမြန်လာပါစေဟု ဆုတောင်းနေကြလေသည်။
(စစ်အတွင်း နေ့စဉ်မှတ်တမ်း၊ သိပ္ပံမောင်ဝ၊ ဒုတိယအကြိမ်၊ မြနန္ဒာ စာအုပ်တိုက်၊ ၂၀၀၂ ဒီဇင်ဘာ၊ စာမျက်နှာ ၃၃၁ - ၃၃၂)

ကြံ့ခိုင် ကောင်းမွန်သော ဗဟို အစိုးရ အမြန်လာပါစေဟု သိပ္ပံမောင်ဝသည်  ၅-၆-၄၂ နေ့ ကတည်းက ဆုတောင်းနေလေသည်။ ကျွန်တော်သည် စာအုပ်ဖတ်နေရင်းမှ ပြုံးလိုက်မိသည်။ ကျွန်တော်တို့သည်လည်း ယခုထိ ဆုတောင်းနေရသည် မဟုတ်ပါလား။ သမိုင်းစက်ဝန်းသည် တစ်ပတ် လည်မိသည်လား သို့မဟုတ် ဆုတောင်းနေရသည့် အမှတ်ကလေးမှာရပ်နေပြီး ဆက်မလည်သေးတာလား၊ ကျွန်တော် တွေးနေမိသည်။

မိုးဖွဲဖွဲရွာနေသည့် နံနက် ၅ နာရီသည် တိတ်ဆိတ်နေ၏။ EBook ကို ပြနေသည့် ကွန်ပြူတာ၏ scroll bar သည် အောက်နားသို့ ကပ်နေပြီ။ ကျွန်တော်သည် စာမျက်နှာများကို မပြီးဆုံးစေချင်သေးပါ။ သိပ္ပံမောင်ဝ၏ ၄၃ နှစ်ပြည့် မွေးနေ့ နောက်တစ်ရက်အကြောင်းကို ကျွန်တော်ဆက်ဖတ်သည်။ စာမျက်နှာသည် ဗလာကို ပြနေ၏။ ဘာမှမရှိ။ အောက်နားတွင်  ဤတွင်အဆုံးသတ်သည် ဟုသာပါသည်။ ရှေ့ဆက် ဖော်ပြထား သည်မှာ ဦးစိန်တင် ( သိပ္ပံမောင်ဝ ) သည် ၆-၆-၄၂ တွင် ကွယ်လွန်သွားရှာသည်။ နေ့စဉ်မှတ်တမ်းသည် ပြီးဆုံး သွားလေပြီ။ သိပ္ပံမောင်ဝသည် သူ၏ ၄၃ နှစ်ပြည့် မွေးနေ့အပြီး နောက်တစ်ရက်တွင် ရေတိမ် နစ်ရရှာလေပြီ။ လှစ်ဟာသွားသော ရတနာ၏ ကွက်လပ်သည် အစားထိုးဖို့ ခက်လှပေသည်။

သိပ္ပံမောင်ဝ ကွယ်လွန်ခဲ့သည့် အကြောင်းကို ဆရာ မင်းယုဝေ က သိပ္ပံမောင်ဝ အတ္ထုပ္ပတ္တိ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားထားသည်။  
(.............................။ သိပ္ပံမောင်ဝသည် စစ်အတွင်း ကာလပျက်ချိန်တွင် ၁၉၄၂ ခု ၊ ဇွန်လ ၆ ရက်နေ့ ရွှေဘိုခရိုင် ကန့်ဘလူမြို့ အနီး ဂါဒါးဆည်ကြီးရွာ၌ ဓါးပြလူဆိုးတို့၏ နှိပ်စက်မှုကိုခံရကာ ကွယ်လွန်ခဲ့ရှာလေသည်။ ဇနီးသည် ဒေါ်ခင်ခင်မြင့်၊ သား တင်မောင်မြင့်၊ သမီး တင်မေမြင့်၊ တင်ရွှေမြင့် တို့ ကျန်ရစ်လေသည်။ သိပ္ပံမောင်ဝ ကွယ်လွန်ကြောင်း သတင်းမှာ (၈.၇.၄၂) နေ့ထုတ် မြန်မာ့အလင်း သတင်းစာတိုက်တွင် အောက်ပါအတိုင်း ပါရှိလေသည်။

ဦးစိန်တင် နှင့် ဦးဘသန်း ဓါးပြလူဆိုးများ လက်ချက်ဖြင့် သေဆုံးနေပုံ
[ ကျွန်ုပ်တို့ အထူးသတင်းထောက်ထံမှ ]

အိုင်စီအက် ဦးစိန်တင် နှင့် ကန့်ဘလူ နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း (နှုတ်ခမ်းမွှေး ဦးဘသန်း မဟုတ်) ၄င်းတို့ ဇနီးပါ ဓါးပြများက သေနတ်ဖြင့် ပစ်သတ်သွားသည့် သတင်းကို ကျွန်ုပ်တို့ သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

သတင်းအကျယ်မှာ ဦးစိန်တင်အား အိန္ဒိယသို့ခေါ်ရန် အထူးမီးရထားဖြင့် ရွှေဘိုမြို့မှ မြစ်ကြီးနားသို့ ခေါ်ဆောင်သွားရာ မြစ်ကြီးနား မရောက်မီ ကန့်ဘလူဘူတာသို့ ရောက်သောအခါ ဦးစိန်တင်အိမ်သားစု စီးလာသော ရထားတွဲကို ဖြတ်ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်ကျန်ရစ်ခဲ့သည်ဆိုကြောင်း။

ကန့်ဘလူတွင် ဦးစိန်တင်နှင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း တို့တွေ့ကြ၍ နေရေးထိုင်ရေးတို့ကို တိုင်ပင်ကြပြီး အခြားသစ်တောအရာရှိများနှင့် ပူးပေါင်းကြလျက် ကန့်ဘလူအရှေ့ (၁၁)မိုင်အကွာ ဂါဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ နေထိုင်ကြသည်ဆိုကြောင်း။

ထိုသို့ နေထိုင်ရာတွင် ဓါးမြတိုက်မည်ဆိုသော သတင်းကို သန့်သန့်ကြားသိရှိရသဖြင့် ဦးစိန်တင်တို့ လူတစ်စုမှာ နောက်တစ်နေ့တွင် ကန့်ဘလူသို့ ပြောင်းရွှေ့နေထိုင်ရန် စီမံကြသေးသည်ဆိုကြောင်း။ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီ အချိန်လောက်တွင် ဓါးပြလူဆိုးကြီး ငဖျော်၏ တပည့်ကြီး သက်ထွန်းနှင့် လူပေါင်း ၁၀၀ ကျော်ခန့်တို့မှာ သေနတ်များဖြင့် ဗိုလ်တဲသို့ ပစ်ကြသည်ဟုဆိုကြောင်း။ ထိုသို့ သေနတ်သံကြားသဖြင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း၏ ဇနီးမှာ လန့်ပြီးထလိုက်ရာ သေနတ်မှန်ပြီး ၄င်းနေရာမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း။ ဦးစိန်တင်တို့ လူတစ်စုမှာ မိမိတို့အား ဓါးမြတိုက်ကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် လက်နက်ချပြီဆိုကြောင်းကို အော်ပြောပြီး သေနတ်များကို ဗိုလ်တဲလက်ရန်းမှ လူဆိုးများ မြင်အောင် ပစ်ချကြကြောင်း။

ဦးစိန်တင်တို့ လူတစ်စုနှင့် သစ်တောဘက်ဌာနတွင်လုပ်သော အရာရှိ ဦးခန့်တို့အား တရားဘက်နှင့် သစ်တောဘက်ကို ခွဲခြားပြီး လူစီတန်းရပ်ခိုင်းပြီးနောက် ဦးစိန်တင် နှင့် ဦးဘသန်းတို့အား ဗိုလ်တဲ အပြင်ဘက်သို့ ပြေးခိုင်းပြီး ဦးဘသန်းအား နောက်မှနေပြီး လူဆိုးတစ်ယောက်က သေနတ်ဖြင့် ပစ်ကြောင်း၊ ဦးစိန်တင်မှာလည်း သားကလေးကို လက်ဆွဲလျက်ပြေးရာ ဗိုလ်တဲအပြင်ဘက်ကျမှ ၄င်း၏ ဇနီးအော်သံ ကိုကြားသဖြင့် ဗိုလ်တဲအတွင်းသို့ ပြန်ဝင်လာရာ လူဆိုးတစ်ယောက်က သေနတ်ဖြင့် ပစ်လိုက်သဖြင့် ဦးစိန်တင်မှာလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း။ ဓါးမြဗိုလ်ကလည်း အရေးပိုင်ကို မပစ်ရန် အော်ပြောငြားလည်း ဓါးပြတစ်ယောက်၏ သေနတ်လက်ချက်က ဦးသွားသည်ဆိုကြောင်း။

ထိုသို့အခြင်းအရာဖြစ်ပွားပြီးနောက် ဓါးပြဗိုလ်သက်ထွန်းက သစ်တောအရာရှိ ဦးကောဝိန်အား ခင်ဗျားနေရပ်ပြန်ရန် ရော့ ငွေ ၁၀၀ ယူဆိုပြီး ငွေစက္ကူများ ပေးအပ်ပြီး ပစ္စည်းများကို လှည်းဖြင့်တင်ဆောင်ပြီး ထွက်သွားကြသည်ဆိုကြောင်း။ ဓါးပြပေးထားခဲ့သော ငွေစက္ကူများကို ရေတွက်ကြည့်ရာ ငွေ ၂၉၀ ဖြစ်နေသည်ကို တွေ့ရှိရသည်ဆိုကြောင်း။

ဓါးပြလူဆိုးများသည် ဦးစိန်တင်နှင့် ဦးဘသန်း တို့အား ပစ်သတ်ပြီးနောက် ရွှေငွေပစ္စည်း ၃ သိန်းကျော်ဘိုးကို လှည်း ၂၁ စီးဖြင့် တိုက်ပြီးယူသွားကြကြောင်း။ ဦးစိန်တင်မှာ ဓါးပြလူဆိုးတို့၏ လက်ချက်ဖြင့် သေဆုံးခြင်းခံရကြောင်းကို ကြားသိရသည်နှင့် တစ်ပြိုင်နက် မိတ်ဆွေသင်္ဂဟအပေါင်းတို့ သွားရောက်ကြပြီး ၄င်းတို့ အလောင်းများကို ကိစ္စပြီးစီးအောင် ၀ိုင်းဝန်းကူညီလျက် ဆောင်ရွက်ပေးကြကြောင်း။

ဦးစိန်တင်၏ ဇနီးသည်အား သစ်တောဝန်ထောက် ဦးကံတရားက သွားရောက်ပြီး ကန့်ဘလူသို့ ပြောင်းရွှေ့နေထိုင်ရန် ခေါ်ဆောင်သော်လည်း ကန့်ဘလူမြို့တော့ဖြင့် မလိုက်ပါရစေနှင့်တော့၊ ရန်ကုန်ကိုသာ ပြန်ချင်ကြောင်းကို သနားစဖွယ် ပြောကြားလိုက်ကြောင်း။ ထိုကဲ့သို့ အရာရှိများကို သတ်ပြီး ပစ္စည်းများကို တိုက်ယူသွားသော ဓါးပြဗိုလ်သက်ထွန်းတို့ ဓါးပြသတင်းအား ဖမ်းဆီးရမိအောင် ဦးထွန်းလှအောင်နှင့် ဦးခင်ဖေတို့က ကြိုးစားရှာဖွေနေကြောင်း။

သိပ္ပံမောင်ဝသည် ကွယ်လွန်ချိန်၌ အသက် ၄၃ နှစ် အရွယ်မျှသာ ရှိလေသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ကွယ်လွန်သောအခါ သိပ္ပံမောင်ဝက ဆရာ့အား နောင်အနှစ် နှစ်ဆယ် နေစေချင် သေးသည်ဟု တမ်းတခဲ့သည်။ ဦးမောင်ကြီးသည် ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ်ရှိနေပြီ။ အသက် ၄၀ ကျော် အရွယ်ကလေးတွင် ကွယ်လွန်သွားရှာသော သိပ္ပံမောင်ဝအတွက် ကျွန်တော်တို့ မည်သို့ တမ်းတရပါမည်နည်း။
မင်းယုဝေ

( အောက်စ်ဖို့ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း ၊ သိပ္ပံမောင်ဝ ၊ စတုတ္ထအကြိမ် ပုံနှိပ်ခြင်း ၊ တကောင်းစာအုပ်တိုက် ၊ စာမျက်နှာ ၁၈-၁၉ )

ကျွန်တော်သည် သူ၏ နောက်ဆုံး နေ့စဉ်မှတ်တမ်း စာမျက်နှာကို မရေမတွက်နိုင်အောင် ဖတ်နေမိသည်။ ဖတ်တိုင်း နောက်တစ်နေ့အကြောင်း မသိနိုင်သေးသည့် သူ၏ ယနေ့ည မျှော်လင့်မှုများအတွက် ရင်နင့်နေသည်။ သူ၏ နောက်ဆုံးစာမျက်နှာကို ဖတ်နေရင်းမှ ကျွန်တော်၏ မနက်ဖြန်အကြောင်းကို တွေးနေမိသည်။ မနက်ဖြန် အကြောင်းကို သေသေချာချာ မသိသေးသည့်အတွက် သည်ကနေ့ညမှာ ကျွန်တော်တို့ ဘာမဆိုကို မျှော်လင့်နိုင်ပါသေးသည်။

စောသက်လင်း
* * * * * * * * * *

မကြာမီ ....... ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၄ ။ ( ဘုံဘ၀မှာဖြင့် - သခင်တင်မြ )
                  ဖတ်မိဖတ်ရာ ... သခင်အောင်ဆန်းနှင့် ၀ါးလုံးအတွင်း နေရာယူကြပါ။

* * * * * * * * * *

No comments:

Post a Comment