25.10.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၄ ။ ( ဘုံဘ၀မှာဖြင့် - သခင်တင်မြ )

ပုဂံစာအုပ်တိုက်မှ ခန့်မှန်း ၁၉၆၃ - ၁၉၆၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် သခင်တင်မြ ဘုံဘ၀မှာဖြင့် စာအုပ်သည် ၆ အုပ်တွဲဖြစ်သည်။ လွန်ခဲ့သည့် ၃၊ ၄ နှစ်ခန့်က ထို ၆ အုပ်တွဲကို ပေါင်းစုပြီး စဆုံး ၁ အုပ် တည်း ပြန်လည် ထုတ်ဝေသည်ကို စာအုပ်ဆိုင်များတွင် တွေ့လိုက်ရသည်။ ကျွန်တော် မ၀ယ်လိုက်ပါ။

ကျွန်တော်သည် စာအုပ်ဟောင်းများကို မြတ်နိုးသူဖြစ်သည်။ စာအုပ်ချင်း တူခဲ့လျှင် ပို၍စောသည့် ပုံနှိပ်မူကို ပိုကြိုက်ပါသည်။ ကျွန်တော်၏ ဤစိတ်ခံစားမှုကို ပြန်ဆန်းစစ်ကြည့်သည့်အခါ အခြားစာပေများထက် မြန်မာ့ နိုင်ငံရေးသမိုင်း စာပေတွင် စာအုပ်ဟောင်းများကို ပို၍တန်ဘိုးထား မြတ်နိုးသည်ကို ကိုယ့်ကိုကိုယ် တွေ့လိုက်ရသည်။ ရသစာအုပ်များ၊ သုတစာအုပ်များ နှင့် အခြား စာပေများတွင်  ကျွန်တော်သည် စာအုပ် အဟောင်း အသစ် သိပ်မရွေး။ ထပ်မံ ဖြည့်စွက်မှုများပါသည်  စာအုပ်အသစ်များသည် ပို၍ပင် စွဲမက်ဖွယ် ကောင်းသေးသည်။ သို့သော် ကျွန်တော်စိတ်ထဲတွင် စောစောထုတ်ဝေခဲ့သည့် မြန်မာ့ နိုင်ငံရေးသမိုင်း စာအုပ်များက ပို၍ အဖြတ်အတောက် စိစစ်မှုကင်းသည်ဟု ထင်နေသည်။ အမှန်တကယ် မှန်သည်၊ မမှန်သည်ကိုတော့ ကျွန်တော် သေသေချာချာ မသိပါ။ တခါမှလည်း စာအုပ်ဟောင်းနှင့် စာအုပ်သစ်ကို ယှဉ်ပြီး တိုက်ဆိုင် မကြည့်ဖူးသေးပါ။

ကျွန်တော်ထံတွင်ရှိသည့် သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် ၆ အုပ်တွဲတွင် ကျွန်တော့် အဖေ စုခဲ့သည်က ပ၊ ဒု၊ တ ၃ အုပ်ဖြစ်သည်။ ထို ၃ အုပ်ကို ကျွန်တော် ဖတ်ပြီးသောအခါ ဆက်ဖတ်ချင်သည့် ချင်ခြင်းက တားမရနိုင်ဖြစ်ပေါ်လာသည်။ သို့ရာတွင် နယ်တွင်နေသည့် သာမန် လူငယ်တစ်ယောက် အနေဖြင့် ကန့်သတ်ချက်များစွာ ရှိပါသည်။ ကျွန်တော်တို့မြို့ရှိ အစိုးရပြန်ဆက် စာကြည့်တိုက်၊ စာအုပ်အငှါးဆိုင်များ တွင် ဘုံဘ၀မှာဖြင့် ကို ရှာမရနိုင်ပါ။ တစ်ရက်သားကျတော့ ကျွန်တော် အဖေ့ကို မေးကြည့်သည်။ ဘာလို့ ဆက်ပြီး ၀ယ်မသိမ်းထားတာလဲပေါ့။ သူက မိသားစု စားဝတ်နေရေးက စာအုပ်တွေထက် ပိုပြီး အရေးကြီးတယ် ဟု ဖြေခဲ့သည်။ အခုချိန်မှာတော့ ထိုအဖြေကို ကျွန်တော် ကိုယ်တွေ့ နားလည်နေပါပြီ။

ဘုံဘ၀မှာဖြင့် ၆ အုပ်တွဲကို ကျွန်တော် နောက်ဆုံးဖတ်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်ကဖြစ်သည်။ ပြန်မဖတ် ဖြစ်တာ အတော်ကြာသွားခဲ့ပြီ။ စာဖတ်သည့် အချိန်များ ငယ်ဘ၀နှင့်အတူ ပြန်မရတော့တာလည်းကြာပြီ။ ဘုံဘ၀မှာဖြင့် အကြောင်းတွေးကြည့်တော့ ခုနှစ် အချိန်ကာလများ မမှတ်မိ ရောနှောနေသည်။ သို့ဖြင့် ကျွန်တော်သည် သခင်တင်မြ၏ စာအုပ်များကို တတ်နိုင်သလောက် ရှာဖတ်မိသည်။ အောက်တွင် ပါလာ မည့် သခင်တင်မြနှင့်ဆိုင်ရာ မှတ်စုများသည် စာအုပ် ၂ အုပ်မှ ရည်ညွှန်းကောက်နှုတ်ထားသည့် မှတ်စုများ ဖြစ်ပါသည်။

၁။ သခင်တင်မြနှင့် တွေ့ဆုံခြင်း ၊ သခင်တင်မြ ၊ တကောင်းစာအုပ်တိုက် ၊ ပထမအကြိမ် ။
   (သခင်တင်မြ၏ အင်တာဗျူး ဆောင်းပါးများနှင့် သမိုင်း အမှတ်မှားများကို ဖြေရှင်းသည့် သူ၏ ဆောင်းပါး
   အချို့ )

၂။ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ ၊ သခင်တင်မြ ၊ သီဟရတနာ စာအုပ်တိုက် ၊ ၂၀၀၇ မတ်လ ။
   (သခင်တင်မြ၏ ဘ၀ ဇာတ်ကြောင်းကို သူ၏ ဇနီးက ရေးသားသည့် ဟန်ဖြင့် ရေးသားထားသည်။
    ဘုံဘ၀မှာဖြင့် ၏ နောက်ဆက်တွဲ တင်ဆက်မှုဟု စာအုပ်တွင် ဆိုထားပါသည်။)


သခင်တင်မြနှင့် တွေ့ဆုံခြင်း စာအုပ် မာတိကာ

စာအုပ် မျက်နှာဖုံး




* * * * * * * * * *
 
ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ စာအုပ်မှာပါသည့် ဓါတ်ပုံ


မြေအောက်လှုပ်ရှားမှု အသုံးအနှုန်းနှင့် ပတ်သက်၍ ကျွန်တော် ပထမဦးဆုံး ရင်းနှီးခဲ့သည်မှာ ငယ်စဉ် ကျောင်းစာထဲမှ ဖြစ်သည်။ ၁၉၄၀ နှစ်ဆန်း ဇလွန်မြို့ လူထုအစည်းအဝေးတွင် သခင်အောင်ဆန်းအား ချင်းတောင်တန်းမှ လူထုလှုပ်ရှားမှု တိုက်ပွဲများအကြောင်း မဟောပြောရန် အင်္ဂလိပ်တို့က တားမြစ်သည်။ သခင်အောင်ဆန်းက တားမြစ်သဖြင့် ဇလွန်လူထုကို တမင်ဟောပြောခဲ့သည်။ ထို့ကြောင့် ဟင်္သာတ ခရိုင် ရာဇ၀တ်ဝန် ဇေဗီယားက ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်သောကြောင့် သခင်အောင်ဆန်းသည် မြေအောက်သို့ လျှိုဝင်သွားလေသည်။ ဟာ...... မြေကြီးအောက်ကို ဘယ်လိုများ လျှိုဝင်သွားပါလိမ့်။ မြေကြီးအောက်မှာ ဘယ်လိုများ တော်လှန်ရေး လှုပ်ရှားမှု လုပ်ကြမှာပါလိမ့်။ ငယ်စဉ်က ကျွန်တော်သည် မြေအောက်လှုပ်ရှားမှု ၊ တော်လှန်ရေး အသုံးအနှုန်းများကို တွေးတောကြိုက်ခဲ့ဖူးပါသည်။ သို့သော် တရားသော မြေအောက်လှုပ်ရှားမှု၊ မတရားသော မြေအောက်လှုပ်ရှားမှု တို့၏ နောက်ဆက်တွဲဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်မှု ရလဒ်များကို တွေးတောတတ်လာသောအခါ ကျွန်တော် တွေဝေသွားသည်။ တွေဝေသွားလျှင် လမ်းပျောက်သွားတတ်ပါသည်။

ဘုံဘ၀မှာဖြင့် စာအုပ်အကြောင်း အကျဉ်းပြောရလျှင် ၁၉၃၈ ခုနှစ်မှ ၁၉၄၅ သြဂုတ်လ ၁၉ ရက် နေသူရိန် လူထုအစည်းအဝေးကြီး ကျင်းပသည့် နေ့ရက် အချိန်အထိ သခင်တင်မြ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သည်။ နိုင်ငံရေးသမား၏ အတ္ထုပ္ပတ္တိဖြစ်သဖြင့် နိုင်ငံရေးသမိုင်းမှတ်တမ်းများက ပတ်သက်လာသည်။ ထိုကာလသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု၏ အထွတ်အထိပ်ဆုံး ဖူးပွင့်ချိန်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းအနေဖြင့် အရေးကြီးသည့် ကာလလည်းဖြစ်သည်။ မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းတို့၏ ဖြစ်မြဲ ထုံးစံ နှစ်ခြမ်းကွဲမှုများ (သိပ်) မဖြစ်ပေါ်ပဲ အားလုံး ညီညွတ်စွာ ရုန်းကန်သည့် ကာလလည်း ဖြစ် သည်။  (နောင်ကွဲကွာဖို့ အစပျိုး နေတာတွေတော့ ရှိသည်)

သခင်တင်မြသည် ၁၉၃၈-၃၉ ၊ ၁၃၀၀ ပြည့် အရေးတော်ပုံမှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လာပြီး ၁၉၃၉ ၊ အသက် ၁၄-၁၅ အရွယ်တွင် ဓနုဖြူမြို့ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၄၀ မေလ ၁၁-၁၃ ရက်များတွင် သာယာဝတီမြို့ တို့ဗမာအစည်းအရုံးညီလာခံသို့ ဗမာ့လက်ရုံးတပ် ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည်။ ထိုရက်များတွင် သုံးဆယ်မြို့ ရုပ်ရှင်ရုံ၌ ညဘက် ၀ါဒဖြန့်ချိရေး တရားဟောသဖြင့် ကာကွယ်ရေးပုဒ်မ ၃၈ ဖြင့် ဇူလိုင်လတွင် ဓနုဖြူမြို့၌ အဖမ်းခံရသည်။

ဘုံဘ၀မှာဖြင့် စာအုပ်သည် ထိုသို့ ဖမ်းဆီးခံရပြီး ဓနုဖြူမြို့ ရဲစခန်းသို့ ခြေလျှင် အခေါ်ခံရသည်မှ စသည်။ လမ်းတလျှောက် ကြွေးကြော်သံ ဟစ်ကြွေးရင်း ပါလာသဖြင့် ရဲစခန်းရောက်သော် နားရင်းအုပ်ခံရသည်။ ဘုံဘ၀မှာဖြင့် သည် ဤနေရာမှ စတင်သည်။ ထိုမှ သာယာဝတီထောင်ရောက်၊ ၁၉၄၀ သြဂုတ်တွင် ထောင်ကျ၊ အင်းစိန်ထောင်ရောက်။ အင်းစိန်ထောင်တွင် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နုတို့ထံမှ နိုင်ငံရေးသင်တန်း ၊ အင်္ဂလိပ်စာ သင်ယူခဲ့သည်။ ထိုအချိန် ၁၉၄၀ လောက်က နိုင်ငံရေးသမား အကျဉ်းသားများသည် ထောင်ထဲတွင် ဘီ ကလပ် အဆင့်ဖြင့် အခွင့်အရေးကောင်းမွန်စွာ ရရှိခဲ့သည်။ နံနက်ဆိုလျှင် ထောင်တွင်း လမ်းလျှောက်ခွင့်ရသည်။ ဗူးသီးနုနု မသွင်းရ ထောင်တွင်း ယောကျာ်းတို့ ဇာတ်လမ်းဖြင့် ဘုံဘ၀မှာဖြင့် ပထမတွဲ ပြီးဆုံးသည်။ ပထမတွဲကို ဖတ်ရင်း စာရသ ဆွဲဆောင်သဖြင့် ထောင်ကျ ခံချင်စိတ်ပင် ပေါ်ပေါက်လာနိုင်ပါသည်။

အင်းစိန်ထောင်ထဲတွင် သခင်စိုးထံ ကွန်မြူနစ်ပါတီသို့ ၀င်ရောက်လိုကြောင်း ပြောပြီး သခင်စိုးက အသိ အမှတ်ပြုခဲ့သည်။ ၁၉၄၁ ဧပြီ ထောင်မှ လွတ်သော် သခင်စိုးက သခင်ဗဟိန်းထံသို့ စေလွှတ်ခဲ့သည်။ ထိုအချိန်က ဗမာပြည် ကွန်မြူနစ်ပါတီတွင် သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူး ၊ သခင်စိုး သည် လူထုခေါင်းဆောင်နှင့် သခင်ဗဟိန်းက ကျောင်းသားလူငယ် စည်းရုံးရေးမှူးတို့ ဖြစ်ကြသည်။ ကိုဗဟိန်းပေးအပ်သည့် နယ်ချဲ့ဆန့်ကျင်ရေး မြေအောက်စည်းရုံးရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ မတ်လ ၇ ရက်နေ့တွင် အင်္ဂလိပ်တို့က ရန်ကုန်မြို့ကို စိတ်တိုင်းကျ ဗုံးဖောက်ခွဲ ဖျက်ဆီး၍ ထိုနေ့ ညနေပိုင်းတွင် ရန်ကုန်မှ အင်္ဂလိပ်စစ်တပ်များ အောင်မြင်စွာ ဆုတ်ခွာသွားကြသည်။  ၁၉၄၂ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်မှုးဗလ ဦးဆောင်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် နှင့်အတူ အမှတ် ၅၅ဂျပန်တပ်မ ရန်ကုန်သို့ ၀င်ရောက်လာခဲ့သည်။ ထိုအချိန်တွင် သခင်တင်မြသည် အထက်မြန်မာပြည်ရှိ ထောင်များတွင် ဖမ်းဆီးခံနေရသည့် သခင်ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရန် တာဝန် ပေးခံရသည်။

ဘုံဘ၀မှာဖြင့် ဒုတိယ၊ တတိယတွဲတို့တွင် မြေအောက် လှုပ်ရှားမှု စွန့်စားခန်းများ နှင့် ဇာတ်ညွန်းဆန်ဆန် အချစ်ဇာတ်လမ်းကိုပါ ဖတ်ရပါသည်။ ၁၉၄၂ မေလ ၄ ရက်နေ့တွင် ဓနုဖြူမြို့ တဘက်ကမ်း လက်ဆွဲချောင်းရွာမှ မသန်းမြင့် (ခ) မဖြူ နှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်မည့်နေ့တွင် သတို့သားက ရောက်မလာသေး။ အခမ်းအနားပြီးသွားပြီး ညရောက်သည်အထိ ရောက်မလာ။ ထိုစဉ်မှာပင် သတို့သမီး၏ အဘွားက ကွယ်လွန်သွားခဲ့သည်။ နောက်တနေ့ အာရုဏ်တက်ကျမှ သတို့သားက မြင်းကို အပြင်းစီး၍ သတို့သမီးထံ ရောက်လာခဲ့သည်။ မင်္ဂလာပွဲက မရှိတော့၊ အသုဘပွဲပဲ ရှိတော့သည်။

ထိုအချိန်တွင် သခင်နိုင်ငံရေး ခေါင်းဆောင်များ၊ ဘီအိုင်အေ စစ်တပ်ခေါင်းဆောင်များအတွင်း၌ အင်္ဂလိပ် နှင့် ဂျပန်တို့အပေါ် သဘောထား အမြင် ၂ မျိုး ကွဲပြားနေသည်။

(ဆက်ရန်)

* * * * * * * *

မကြာမီ ....... ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၅ ။ ( ပင်လယ်ပြာနှင့်တံငါအို )
                  ဖတ်မိဖတ်ရာ ... ကွန်မြူနစ် ကတော်များ ( ကိုဗဟိန်း၏ ဇနီး မခင်ကြီး )

* * * * * * * *

10.10.10

ဖတ်မိဖတ်ရာ ..... သခင်အောင်ဆန်း၏ စွန့်စားခန်းများ၊ ၁ ။

ကျွန်တော် ငယ်ငယ်က တော်တော် ကြောက်တတ်ပါသည်။ ဘာကိုမှ ဆင်ခြင်တွေးတောတတ်ခြင်း မလုပ်နိုင်သေးသည့် အရွယ်မှာ တခုခုဆို ကြောက်တတ်ခြင်းက အရင်ဖြစ်ပါသည်။ တခုခုကို ကြောက်တိုင်း လည်း ငါက ကလေးမို့လို့ ကြောက်တာပါ။ ငါလူကြီးဖြစ်လာရင်တော့ ဒီလောက်လေးတော့ ဘယ်မှုပါ့မလဲကွ။ ငယ်ငယ်က ရိုးသားစွာ ဆင်ခြေပေးခဲ့ဖူးပါသည်။

ကျွန်တော် အခုလည်း တော်တော် ကြောက်တတ်ပါသည်။ ပိုပြီးတောင် ကြောက်တတ်နေခဲ့ပါပြီ။ ငယ်ငယ်က ဆင်ခြေများ မှားသွားခဲ့သည်။ ငယ်ငယ်က ကြောက်တတ်ခြင်းမှာ ဆင်ခြင်တွေးတောတတ်ခြင်း မရှိခဲ့ပဲ အခု ကြောက်သည့်အခါမှာတော့ ဆင်ခြင် တွေးတောတတ်ခြင်းပါ ၀င်လာပါတော့သည်။ သည်တော့ ကြောက်တတ်ခြင်းနှင့်အတူ စိုးရိမ်ပူပန်ခြင်း ဝေဒနာပါ ပူးတွဲ ပါဝင်လာပါသည်။ စိုးရိမ်ပူပန်ခြင်း ဝေဒနာ သည် ခံစားရ အတော်ခက်ပါသည်။

ကျွန်တော် အခုမှာတော့ ဆင်ခြင်တွေးတောတတ်စွာဖြင့် ကြောက်လန့် စိုးရိမ် ပူပန်နေရပါသည်။ နောင်ကို လည်း သည်ထက်ပိုပြီး ကြောက်လန့် စိုးရိမ် ပူပန်နေရဖို့သာ ရှိပါသည်။

စောသက်လင်း

* * * * * * * * * *

ဗိုလ်ချုပ်အောင်ဆန်း၏ အမွိုင်သို့ လျှို့ဝှက်ခရီး ၊ သုတေတီမြင့်ထွန်း

(စိုးစာပေ ၊ တတိယအကြိမ် ၊ ၂ဝဝ၈ ခုနှစ်၊ ဇူလိုင်လ ၊ စာမျက်နှာ - အခန်းအချို့)

Myanmarcupid Community Forum မှ E Book ကို (http://chindwinjournal.com/fontconvert/index.html) Burmese Font Converter ဖြင့်
zawgyi font သို့ ပြောင်းပြီး Font ကွာခြားချက်များကို တတ်နိုင်သလောက် ပြင်ဆင်၍
မူရင်းစာအုပ်မှ တိုက်ရိုက်ကူးယူ တင်ပြထားခြင်းသာ ဖြစ်ပါသည်။

Font ကွာခြားချက် ပြင်ဆင်သည့် ဥပမာ -
ဗိုလ်ချုပ်အောင်ဆန်း၏ အမိြုင္သို့ လိွု့်ဝွက္ခရီး - ဗိုလ်ချုပ် အောင်ဆန်း၏ အမွိုင်သို့ လျှို့ဝှက်ခရီး

* * * * * * * * * *

သခင်အောင်ဆန်း၏ စွန့်စားခန်းများ


ဗိုလ်လကျာ် (သခင်လှဖေ)၊ ဗိုလ်စကြာ (သခင်အောင်သန်း) နှင့် ဗိုလ်တေဇ (သခင်အောင်ဆန်း)
 ၁၉၄၁ ခုနှစ် ဂျပန်ပြည်  (photo - internet)


ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်ပါတီ တစ်ခုအဖြစ် ၁၉၃၉ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့တွင် သခင်အောင်ဆန်း ခေါင်းဆောင်ပြီး တည်ထောင်ဖွဲ့စည်းသည်။

၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အိန္ဒိယပြည်မှ ကွန်မြူနစ်ပါတီ စည်းရုံးရေးမှူးတစ်ဦး ဖြစ်သူ မစ္စတာ နန္ဒဒတ်စ်ဂူပတား သည် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ ထိုသူသည် ရန်ကုန်မြို့သို့ရောက်သည်နှင့် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေတို့ ပါဝင်သော တို့ဗမာအစည်းအရုံးမှ ကွန်မြူနစ်ဝါဒ လေ့လာရေးသမားများနှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ရဲဘော်ဂိုရှယ်၊ ရဲဘော်ဒေး၊ ရဲဘော်နတ်၊ ရဲဘော်ဘိုးစ် စသော ကွန်မြူနစ်ဝါဒ လေ့လာရေးသမား အိန္ဒိယ အမျိုးသားများနှင့် တွေ့ဆုံဆွေးနွေးပြန်၏။ ယင်းသို့ ဆွေးနွေးပြီးလျှင် ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ အရှေ့ပိုင်း ၄၉ လမ်းမှ အိမ်တစ်အိမ်တွင် စတင်တည်ထောင် ဖွဲ့စည်းကြလေသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ကလာပ်စည်းကို ပထမ ဖွဲ့စည်းရာတွင် သခင်အောင်ဆန်းက (အထွေထွေအတွင်း ရေးမှူး ) အဖြစ်တာဝန်ယူသည်။ သခင်စိုး ( လူထုခေါင်းဆောင် ) ၊ ရဲဘော် ဂိုရှယ် ခေါ် ဘတင်(စည်ရုံး ရေးနှင့်လျှို့ဝှက်ရေးမှူး)၊ သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ ရဲဘော်နက် (စာကြည့်တိုက်မှူး)၊ သခင်ဗဟိန်း (ကျောင်းသားလူငယ် စည်းရုံးရေးမှူး)တို့ ဖြစ်ကြ၏။

ကွန်မြူနစ်ပါတီ စည်းရုံးရေးအတွက် လျှို့ဝှက် ကွန်မြူနစ်သင်တန်းကို သခင်စိုး၊ သခင်အောင်ဆန်း၊ ရဲဘော် ဂိုရှယ် တို့က ဦးစီးဖွင့်လှစ်သင်ကြားပေး၏။ ထိုသင်တန်းသို့ သခင်လှမြိုင်၊ သခင်သွင် (ကျိုက်မရောဦးသွင်)၊ ကိုခင် စသည့် လူငယ်ခေါင်းဆောင်များနှင့် သခင်ကျောင်းသားများ ပါဝင်တက်ရောက် သင်ကြားကြသည်။ သခင်နိုင်ငံရေးခေါင်းဆောင်များသည် ကွန်မြူနစ်ဝါဒ သဘောတရားရေးရာများကို မပြတ်လေ့လာနေ၏။ တဖက်မှလည်း အမျိုးသား စည်းရုံးရေးကိုလည်း မနားမနေ ကြိုးစားဆောင်ရွက်နေလေသည်။

သခင်ခေါင်းဆောင်များသည် ဒေါက်တာဘမော် ဦးစီးသော ဆင်းရဲသားဝံသာနုအဖွဲ့များနှင့် ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း အမည်ရှိ နိုင်ငံရေးအင်အားစုကြီး တစ်ရပ်ကိုထူထောင်ရန် ကြံစည်ကြပြန်သည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဆင်းရဲသားဝံသာနုပါတီ ခေါင်းဆောင်များ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ လမ်းစဉ်ကို သခင်အောင်ဆန်းက အစည်းအဝေးမှာပင် တစ်ထိုင်တည်း ရေးဆွဲပြီး အားလုံးအတည်ပြုကြသည်။ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အဖွဲ့ ဥက္ကဌ ဒေါက်တာဘမော်၊ အတွင်းရေးမှူး သခင်အောင်ဆန်းက ဆောင်ရွက် သည်။ ကျန်ခေါင်းဆောင်များမှာ သခင်သန်းထွန်း၊ သခင်လှဘော်၊ သခင်မြ၊ သခင်နု၊ ဦးဘဦး(မန္တလေး)၊ စောဖေသာ၊ ဗန္ဓုလဦးစိန်၊ ဦးဘရွှေ၊ ဒေါက်တာသိမ်းမောင်၊ ဦးထွန်းအောင် စသည်တို့ဖြစ်ကြသည်။

ထိုအစည်းအဝေးသို့ တက်ရောက်သူများမှာ...သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိုလှမောင်၊ သခင် ကျော်ငြိမ်း ၊ သခင်ဗဆွေ ၊ သခင်ဗဟိန်း၊ ကိုထွန်းအုံ၊ ရဲဘော်ဂိုရှယ်၊ ရဲဘော်မွန်ရှီ၊ သခင် ခင်အောင်၊ သခင် ကျော်စိန် တို့ တက်ရောက်ကြလေသည်။ ထိုအစည်းအဝေးမှ သခင်အောင်ဆန်းနှင့် သခင်ကျော်စိန်တို့အား တရုတ်ပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်သို့ သွားရောက်ရေးအတွက် သခင်လှဖေ (ဗိုလ်လကျာ်)က စီစဉ်ပေး ရန် ဆုံးဖြတ်ခဲ့သည်။ သခင်လှဖေ (ဗိုလ်လကျာ်)မှာ တရုတ်ကပြားဖြစ်၍ တရုတ်ပြည်သွားရေးတွင် စီစဉ် ပေးရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

ဗြိတိသျှ အစိုးရသည် အရူးမီးဝိုင်း ဖြစ်နေသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များကို ပိုက်စိပ်တိုက်၍ ဖမ်းဆီးနေချိန်ဖြစ်သည်။ သခင်အောင်ဆန်းသည် နိုင်ငံတကာ နိုင်ငံရေး အခြေအနေများကို
အစဉ်မပြတ် လေ့လာအကဲခတ်နေပြီး စုံထောက်ပုလိပ်များ အနံ့ခံ၍မရအောင် အမျိုးမျိုး ပုန်းလျှိုး၍ နေလေ သည်။ သခင်လှဖေ က သခင်အောင်ဆန်းတို့ တရုတ်ပြည်သို့ ထွက်ခွာသွားနိုင်ရေးအတွက် အမျိုးမျိုးအဖုံဖုံ ကြံစည်စိတ်ကူးနေသည်။ ပင်လယ်ဝမှသွား၍ နိုင်ငံခြားပင်လယ်ကူးသင်္ဘောပေါ်သို့ တင်ဆောင်ပေးရလျှင် ကောင်နိုးနိုး အထင်ဖြင့် မြန်မာ့ပင်လယ်ဝသို့ သင်္ဘောဖြင့် ထွက်ကြည့်ဖူးသည်။ နောက်ဆုံးတွင် တရုတ် အမျိုးသားများနှင့် စိတ်ချယုံကြည်ရသော အဆက်အသွယ်ကောင်းကို ရှာကာ တရုတ်ပြည်သွား နိုင်ငံခြား သင်္ဘောဖြင့် ခိုးထွက်ရန် စိတ်ကူးရရှိပြီး လက်တွေ့အကောင်အထည်ပေါ်အောင် စီစဉ်လေတော့ သည်။

လျှို့ဝှက်သည့်ကိစ္စများကို စီစဉ်ရာ၌ ရန်ကုန်မြို့ တရုတ်ပိုင်းတွင် အပေါင်းအသင်းအများဆုံးနှင့် မြန်မာ နိုင်ငံရေးသမားဟူသမျှကို အမြဲတမ်း အကူအညီပေးလေ့ရှိသော ရန်ကုန်မြို့ ၁၉ လမ်း၊ အိမ်အမှတ် ၁၂၁ နေ ဦးကျော်ခင်ကို သခင်လှဖေ ( ဗိုလ်လကျာ် ) က သတိရလိုက်မိသည်။ ထိုစဉ်အခါက ၁၉ လမ်း ၊ ဦးကျော်ခင်သည် တက္ကစီအငှားကားထောင်ထားသူ ဖြစ်သည်။ ၁၉ လမ်း၊အမှတ် ၁၂၁ တွင် ငါးခြောက် ပွဲရုံထောင်ထားသည်။ ရန်ကုန် တရုတ်တန်းနှင့် ပတ်သက်သော ကိစ္စကြီးငယ်များတွင် သူမပါလျှင် မပြီးပေ။ အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိပိရိရိရှိသည်။ သတ္တိရှိသည်။ လျင်မြန် ဖျတ်လတ်သည်။ သူ့နေအိမ်မှာ သခင်လူငယ်များ နေအိမ် စားအိမ် ဖြစ်ခဲ့သည်။ သခင်နိုင်ငံရေးသမားများနှင့် ပေါင်းလွန်း၍ သခင်လူငယ်များက သခင်ကျော်ခင် ဟူ၍ပင် အသိအမှတ်ပြုကာ ခေါ်ဝေါ်နေသေးသည်။

တစ်ချိန်တစ်ခါက သာယာဝတီထောင်တွင် မြန်မာနိုင်ငံရေးသမား သခင်များကို နယ်ချဲ့ အင်္ဂလိပ်အစိုးရက ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ထား၏။သာယာဝတီရုံး၌ အမှုစစ်ဆေးမည့်နေ့တွင် ရန်ကုန်မှ သခင်အောင်ဆန်း၊ သခင်မြ၊ သခင် လှဖေနှင့်တို့ဗမာအစည်းအရုံးဝင် သခင်ကြီးငယ်တို့သည် အမှုစစ်ဆေး ပြီး ရုံးမှ ထောင်သို့ ပြန်အသွင်းတွင် အခွင့်အခါရသည်နှင့် တို့ဗမာအစည်းအရုံး၏ ထင်ရှားသော သခင် ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သူကို လမ်းတစ်ဝက်မှပုလိပ်များ လက်တွင်းက လုယူကြရန်အတွက် ၁၉ လမ်း ဦးကျော်ခင်၏ ကားဖြင့်ပင် အသေးစိတ် အစီအစဉ်များ လုပ်ကိုင်ခဲ့ဖူးသည်။

၁၃ဝဝ ပြည့် အရေးတော်ပုံဖြစ်စဉ်က ရေနံမြေမှ လုပ်သားတပ်ကြီးသည် ရေနံချောင်းမှ ရန်ကုန်သို့ မိုင်ပေါင်းများစွာ ချီတတ်၍ ဆန္ဒပြခဲ့သည်။ ထိုစဉ်ကလည်း ရန်ကုန်မှ တို့ဗမာအစည်းအရုံးဝင် သခင်ကြီးငယ် တို့သည် ဦးကျော်ခင်၏ (ဖလိုင်းစတင်းဒတ် ကားနံပါတ် အာရ်ဘိ ၅၅၄၄) နှင့် (ခရစ်စတာ ကားနံပါတ် အာရ်ဘီ ၅၅၈ဝ) မော်တော်ကားတို့ဖြင့် ကြိုတင်စီစဉ်မှုများကို ပြုလုပ်ခဲ့ဖူးသည်။ ထို့ကြောင့် သခင် အောင်ဆန်းတို့ နိုင်ငံခြားသို့ ထွက်ခွာသွားနိုင်ရေး ကိစ္စတွင်လည်း ဦင်္းကျော်ခင်၏ အကူအညီသည် များစွာ လိုအပ်နေပေသည်။

တစ်နေ့သောအခါတွင် သခင်လှဖေ၊ ကျုံမငေး သခင်ထိန်ဝင်း၊ ဒေးဒရဲ သခင်မြသွင်တို့ သခင်လူငယ် တစ်စုသည် ၁၉ လမ်း ဦးကျော်ခင်နေအိမ်သို့ ရောက်ရှိလာသည်။ထိုသို့ ရောက်ရှိလာပြီး သခင်လှဖေက ဦးကျော်ခင်အား - သခင်အောင်ဆန်းနဲ့  ရဲဘော်တစ်ဦး တရုတ်ပြည်ကို လျှို့ဝှက်ပြီး သင်္ဘောနဲ့ ပို့ချင်တယ်။ စိတ်ချယုံကြည်ရမယ့် အဆက်အသွယ်ရှာပေးပါ' ဟု ဆိုလာ၏။ ဦးကျော်ခင်က စဉ်းစားလိုက်သည်။ ရန်ကုန် တရုတ်တန်း ၁၉ လမ်းရှိ တန်ကျုစိန်ကလပ် (ကစားဝိုင်း)တွင် တရုတ်သင်္ဘောသားများ မကြာခဏ လာရောက် တည်းခိုလေ့ရှိသည်။ နိုင်ငံခြားတရုတ်သင်္ဘောသား တချို့ကလည်း မာကျောက် (တရုတ်ဖဲ) ကစားသည်။ တချို့ကလည်းမိန်းမပျက်များနှင့် ပျော်ပါးသည်။ တရုတ်သင်္ဘောသား တချို့လည်း ညအိပ် ညနေ တည်းခိုနေသည်ကိုသွားအမှတ်ရမိသည်။

ထို့ကြောင့် ဦးကျော်ခင်က ထိုင်ရမှထသွားပြီး ကလပ်ပိုင်ရှင် သူဌေးတန်ကျူစိန်ထံသို့ သွားရောက်၍...' ဦးကျူစိန် ... တရုတ်ပြည်ကို တရုတ်သင်္ဘောနဲ့ ဗမာ လူနှစ်ယောက် ထည့်လိုက်ချင်တယ်၊ အဲဒါစီစဉ်ပေးပါ' ဟုပြောလိုက်သည်။ ထိုအခါ တန်ကျူစိန်ကလည်း ရင်းနှီးသူပီပီ...' ဒီအပတ် ဟိုင်လီသင်္ဘော ဆိုက်လာရင် စီစဉ်ပေးမယ်လေ၊ သင်္ဘောက တရုတ်ပြည် အမွိုင်ထိသာသွားတယ်။ အမွိုင်မြို့ အထိ တာဝန်ယူပို့ပေးမယ်၊ သင်္ဘောခ တစ်ယောက်ကို ငွေသုံးရာ ပေးရမယ်' 'တစ်ယောက်ကို သုံးရာ ပေးရမယ် ဆိုတော့ မများဘူး လားကွ' 'ဦးကျော်ခင် စဉ်းစားလေ၊ အစိုးရမသိအောင် ခိုးပြီးပို့ရမယ့် ကိစ္စ၊ အစိုးရသိရင် အားလုံး ဒုက္ခရောက် ကုန်မယ်၊ ပိုက်ဆံ ကောင်းကောင်းမပေးရင် ဘယ်လိုလုပ်ပြီး ပို့လို့ရမလဲ' 'ဘယ်သူမှမသိအောင်ကော စိတ်ချ ရပါ့မလား' 'စိတ်ချ' 'တိုင်ပင်ပြီးတော့ အကြောင်းပြန်မယ်' ဟုပြောကာ ဦးကျော်ခင်သည် ကလပ်ပေါ်မှ ဆင်းလာခဲ့သည်။

ကလပ်ပိုင်ရှင်သူဌေး တန်ကျူစိန်ကိုယ်တိုင်က လိုင်လီသင်္ဘောဖြင့် လိုက်ပါသွားမည့် ဗမာ နှစ်ယောက်သည် မည်သူမည်ဝါ ဖြစ်သည်ကိုမသိ။ မည်သည့်အတွက်ကြောင့် နိုင်ငံခြားသို့ ခိုးထွက်သွားသည်ကိုလည်း မစုံစမ်း။ မိမိနှင့် မသက်ဆိုင်သည့် ကိစ္စကို စပ်စပ်စုစု လုပ်တတ်သူတစ်ယောက်မဟုတ်။ သူသည် လောင်းကစားတွင်သာ စိတ်ပါဝင်စားနေသူ တစ်ဦးဖြစ်သည်။ဦးကျော်ခင်သည် ကလပ်ပိုင်ရှင် တန်ကျူစိန် နှင့် တွေ့ခဲ့ရပုံ အကြောင်းစုံကို သခင်လှဖေ တို့လူစုအား ပြောပြသည်။ ထို့နောက် များမကြာခင်တွင် အကြောင်းပြန်ကြားမည်ဟု ပြောကာ သခင်လှဖေတို့ လူသိုက် ပြန်သွားလေတော့သည်။
ဤအချိန်တွင် တရုတ်ပြည် ရှန်ဟဲမြို့ရှိ မြေအောက်လှုပ်ရှားမှုများကို လုပ်နေသော တရုတ် ကွန်မြူနစ်ပါတီ မှ ပါတီဝင်တစ်ဦး မြန်မာနိုင်ငံသို့  ရောက်ရှိလာသည်။ ထိုစဉ်က ရှန်ဟဲမြို့ကို ဂျပန်တို့က သိမ်းပိုက်ထား၍ တရုတ် ကွန်မြူနစ် ပါတီသည် မြေလျှိုးကာ လုပ်ကိုင်နေရသည်။ ထိုတရုတ် ကွန်မြူနစ် ပါတီဝင်ကို နယူး အီးဗနင်းပို့စ် တရုတ် ညနေသတင်းစာ အယ်ဒီတာ တိတ်ဂွမ်၏ မိတ်ဆက်ပေးချက်အရ တရုတ်ပြည်သို့ သွားမည့် သခင်အောင်ဆန်း နှင့် သခင်ကျော်စိန်  ( ပြည်သူ့စာပေ ) တို့ တွေ့ဆုံ ကြရခြင်း ဖြစ်လေသည်။

တရုတ်ပြည် အမွိုင်သို့ သွားရောက်ကြမည့် အစီအစဉ်ကို ပြောပြသောအခါ ထို တရုတ်ကွန်မြူနစ်ပါတီဝင်က အမွိုင်သို့ မသွားရန် တားမြစ်သည်။ သူ၏ ရှင်းလင်းအကြောင်းပြချက်မှာ အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ် ပါတီဝင်များသည် အလွန်အားနည်းနေ၍ ပါတီဌာနချုပ်နှင့်လည်း အဆက်အသွယ် မရှိသလောက် ဖြစ် နေသည်။ နောက်တစ်ချက်မှာ အမွိုင်မြို့သည် ဂျပန်ကင်ပေတိုင်တို့၏ ဌာနချုပ်ဖြစ်နေသည်။ ဂျပန် သူလျှို များလည်း ခြေချင်းလိမ်နေသော မြို့ဖြစ်လေသည်။ ထို့ကြောင့် တရုတ်ပြည်သို့သွားမည်ဆိုလျှင် ရှန်ဟဲမြို့ သို့သာ သွားရောက်ရန် အကြံပေးသည်။

ရှန်ဟဲမြို့ အပြည်ပြည်ဆိုင်ရာ ရပ်ကွက်တွင် တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်တန်း ခေါင်းဆောင် လျူရှောက်ချီ လည်း ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ အင်အားကောင်းသည်။ ရှန်ဟဲမြို့သို့ အရောက်သွားလျှင် အပြည်ပြည်ဆိုင်ရာလွတ်လပ်မှုများကို ခံစားနိုင်ခွင့်ရှိသည်။ ရှန်ဟဲမြို့သို့သာ သခင်အောင်ဆန်းတို့ အရောက်သွားလျှင် အစစအရာရာ တာဝန်ယူပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိသော ပီနန်မြို့သို့ ပို့ပေးမည့်အကြောင်းကို စုံလင်စွာ ပြောသွားလေသည်။

ဤတွင် သခင်လှဖေ (ဗိုလ်လကျာ်)အား သခင်အောင်ဆန်းက တရုတ်ပြည် ရှန်ဟဲမြို့သို့ သွားလာနိုင်ရေး အတွက် စီစဉ်ရန် ပြောသည်။ သို့သော် သခင်လှဖေ (ဗိုလ်လကျာ်) ဆက်သွယ်ထားသော သင်္ဘောမှာ တရုတ်ပြည် အမွိုင်သို့သာ ပို့ပေးနိုင်မည်ဟု တင်ပြသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် တရုတ်ပြည် အမွိုင်မြို့သို့ အရောက်သွားပြီး ထိုမှတစ်ဆင့် ဖြစ်သလို ကြံဖန်ဆောင်ရွက်ရန် သခင်အောင်ဆန်းက ဆုံးဖြတ်ခဲ့ပေသည်။ ထိုအခါတွင် သခင်အောင်ဆန်းနှင့် အတူ လိုက်ပါရန် စီစဉ်ထားသော သခင်ကျော်စိန် ( ပြည်သူ့စာပေ )က...' အမွိုင်ကို သွားမယ်ဆိုရင် ဂျပန် ကင်ပေတိုင်ရဲ့ အဖမ်းခံရုံသာရှိမယ်၊ မလိုက်လိုပါ' ဟု ပြောသည်။ ယင်းကြောင့် သခင်ကျော်စိန် (ပြည်သူ့ စာပေ) အစား သခင်လှမြိုင် (ဗိုလ်ရန်အောင်) ကို လိုက်ပါနိုင်ရန် စီစဉ်ရလေသည်။

သခင်အောင်ဆန်းတို့အား နိုင်ငံခြားသွားရေးအတွက် တာဝန်ယူ စီစဉ်ပေးနေသော သခင်လှဖေ(ဗိုလ်လကျာ်)သည် သင်္ဘောခ ငွေ ၆ဝဝ ကျပ်ကိုရှာရပြန်သည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ အမွိုင်သို့ လျှို့ဝှက်၍ ခရီးသွားနိုင်ရေးအတွက် လိုအပ်သောငွေကြေးကို ဒေးဒရဲ သခင်မြသွင်နှင့် ဒေးဒရဲ သခင်အောင်သန်းတို့က တာဝန်ယူသည်။ ဒေးဒရဲ သခင်မြသွင်နှင့် သခင်အောင်သန်းတို့သည် ဒေးဒရဲမြို့ရှိ မျိုးချစ်စိတ် ထက်သန်သောဦးဘမောင် (ဆန်စက်သူဌေး)၊ ဦးထိုက် (လယ်ပိုင်ရှင်)၊ ဦးသန့် (ကုန်သည်)တို့ ထံမှ လျှို့ဝှက်၍ ငွေကြေးကောက်ခံပေးသည်။

တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက်ခရီး ထွက်နိုင်ရန် အတွက် ငွေကြေး ပြည့်ပြည့်စုံစုံ ရရှိ သောအခါ သခင်လှဖေ (ဗိုလ်လကျာ်)သည် ဦးကျော်ခင်နှင့် ထပ်မံတွေ့ဆုံ ကြပြန်၏။ ဦးကျော်ခင် နှင့် ကလပ်သူဌေး တန်ကျူစိန်တို့ တွေ့သောအခါ ဟိုင်လီသင်္ဘောဆိုက်ပြီ ဖြစ်၍ အသေးစိတ် ကိစ္စများ စီစဉ်ရပြန်လေ၏။ ထိုအကြိမ်တွင် သခင်အောင်ဆန်း၊ သခင်လှမြိုင်နှင့် ဟိုင်လီ သင်္ဘောကပ္ပတိန် တရုတ် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံကြပြန်သည်။ ကလပ်သူဌေး တန်ကျူစိန်က စကားပြန်အဖြစ် တာဝန်ယူသည်။

ဟိုင်လီသင်္ဘောကပ္ပတိန် တရုတ်အမျိုးသားက ပြောသည်မှာ...' ဟိုင်လီသင်္ဘောပေါ်မှ တရုတ်သင်္ဘောသား ဆယ်ယောက် ကုန်းပေါ်ကိုတက်လာမယ်၊ တရုတ်သင်္ဘောသားနှစ်ဦးက တန်ကျူစိန်ရဲ့ ကလပ်မှ နေရစ်မယ်၊ ဒီနေရစ်ခဲ့တဲ့ တရုတ် သင်္ဘောသား နှစ်ယောက်အစား ခင်ဗျားတို့နှစ်ယောက်က ဝင်ပြီး ဣနြေ္ဒ္ဒမပျက် ဟိုင်လီသင်္ဘော ပေါ်ကို ပြန်တက်ဖို့ပဲ ' ဟု ပြောပြသည်။

ထို့နောက် သင်္ဘော ကပ္ပတိန် တရုတ်အမျိုးသားက ဆက်၍  ' ဟိုင်လီသင်္ဘောကို သင်္ဘောသား ဆယ် ယောက်ပြန်တက်ရင် တန်းစီပြီး တရုတ် အမျိုးသား တစ်ဦးက လူစစ်မယ်၊ ဒီအခါမှာ ကိုယ့်နာမည်ကို ခေါ်လိုက်ရင် ရှေ့ကိုလျှောက်သွား၊ ဆလံပေး၊ ဦးခေါင်းငုံ့ အလေးပြု ၊ ပြီးရင် ကိုယ့်နေရာကိုယ် ပြန်သွားနေ၊ တောင်တောင် မြောက်မြောက်ကို မျက်လုံးကစားပြီး မကြည့်နဲ့၊ သင်္ဘောအပေါ်ထပ်ကနေ ဂေါ်ရာ ပုလိပ်တွေနဲ့ စုံထောက်တွေက မျက်တောင်မခတ်ဘဲ ကြည့်နေ တယ်။ တစ်ခုခု မှားယွင်းချွတ်ချော်သွားရင် အားလုံးဒုက္ခရောက်သွားမယ်၊ အလွန်သတိထားပါ။ ဣနြေ္ဒမပျက်ပါနဲ့၊ သင်္ဘောသား ဆယ်ဦးပြည့်အောင် နာမည်ခေါ်ပြီးရင် ရှေ့ဆုံးက တရုတ်သင်္ဘောသား ဝင်တဲ့ အခန်းထဲကို တန်းတန်းမတ်မတ် လိုက်သွားပါ။ တန်းစီပြီး လူစစ်မဲ့ တရုတ်အမျိုးသားက တန်လူရှောင် လို့ ခေါ်ရင် ခင်ဗျားသွားပါ၊ ( သခင်အောင်ဆန်းကို မေးငေါ့ပြသည်။ ) တရုတ် နာမည် တန်ဆူတောင်လို့ ခေါ်ရင် ခင်ဗျားပဲ (သခင်လှမြိုင်ကို မေးငေါ့ပြသည်။ ) ကိုယ့်နာမည်ကိုလဲ မြဲမြဲမှတ်ထားပါ' ဟူ၍ ပြောလေ သည်။

သခင်အောင်ဆန်းတို့၏ အမွိုင်သို့ လျှို့ဝှက်ခရီးတွင် ဟိုင်လီသင်္ဘောပေါ်တက်သည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ဤတစ်ချက် အောင်မြင်သွားလျှင် ဘေးမသီ၊ ရန်မခနိုင်တော့ပေ။ တရုတ်လူမျိုးကဲ့သို့ ဟန်ဆောင် သည့်အခါ သခင်အောင်ဆန်းသည် တန်လူရှောင် ဟူသော တရုတ်အမည်ကို ပြောင်းလဲခံယူထားသည်။ သခင်လှမြိုင်မှာမူ တန်ဆူတောင် ဟူသောအမည်ကို ခံယူ ထားရလေ၏။

စစ်ကြိုခေတ်က ရန်ကုန်တရုတ်တန်းသည် အလွန်စည်ကားသော နေရာတစ်ခု ဖြစ်သည်။ နိုင်ငံခြားသား တရုတ်အမျိုးသား အများအပြားနေထိုင်ရာ ရပ်ကွက်လည်းဖြစ်သည်။ ကုန်သည်ပွဲစားများ၏ စီးပွားရေး လုပ်ငန်း အချက်အချာနေရာ တစ်ခုလည်းဖြစ်သည်။ လူစိမ်းတစ်ယောက်သည် ရန်ကုန် တရုတ်တန်းသို့ ရောက်လေလျှင် တရုတ်ပြည်မကြီးရှိ မြို့ငယ်လေးတစ်မြို့သို့ ရောက်နေဘိအလား စိတ်ထဲတွင် ထင်ရ လောက်အောင် တရုတ်ယဉ်ကျေးမှု အဆောင်အယောင်များက လွှမ်းမိုးသွားလေသည်။ တရုတ်အမျိုးသား များသည်  မိမိနှင့် မသက်ဆိုင်သည့် ကိစ္စတွင် ဝင်ရောက် မေးလေ့မရှိ ၊ စပ်စုလေ့မရှိ၊ စူးစမ်းလေ့မရှိ၊ အေး အေးဆေးဆေးသာနေတတ်သောလူမျိုး ဖြစ်လေသည်။ ထို့ကြောင့် ကစားဝိုင်း၊ ဘိန်းခင်း၊ အရက်ပုန်း၊ ဟိုတယ်မယ်၊  ပြည့်တန်ဆာနှင့် ပျော်ပါးရန် လောဂျင်းအခန်း အစရှိသည်များ ရှိသော ဒုစရိုက်ဘုံလေးတစ်ခု ဖြစ်သည်။ စစ်ကြိုခေတ်က နိုင်ငံရေးကိစ္စများကို လျှို့ဝှက်ပြီး လုပ်ကိုင်ရန် အကောင်းဆုံး ရပ်ကွက်တစ်ခု ဖြစ်လေသည်။

၁၉၄ဝ ပြည့်နှစ်၊ သြဂုတ်လ (၇) ရက်နေ့ နေ့လယ်တွင် ချိန်းထားသည့်အတိုင်း သခင် လှဖေ (ဗိုလ်လကျာ်) သည် ၁၉ လမ်း၊ ဦးကျော်ခင် နေအိမ်သို့ ရောက်လာ၏။ ဦးကျော်ခင်က သူ့ကားဖြင့်ပင် ရန်ကုန်မြို့ သိမ်ဖြူလမ်း သို့ သွားကာ ထောင်တွင်းသို့ ရောက်နေသော သခင်ခေါင်းဆောင်သခင်နု၏  နေအိမ်မှ သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ကို ခေါ်ဆောင်လာသည်။ ဦးကျော်ခင်က ၁၉ လမ်း၊ အမှတ် ၁၂၁ သူ့အိမ်သို့ရောက်သောအခါ သခင်အောင်ဆန်း နှင့်သခင်လှမြိုင်တို့ကို သူ့နေအိမ် အပေါ်ထပ်ရှိ သီးသန့် အခန်းတွင် ပုန်းအောင်းနေစေသည်။

သခင်အောင်ဆန်းမှာ မျက်နှာလည်းမပျက်၊ စိုးရိမ်ပူပန်သည့် အရိပ် အယောင်လည်း မရှိ၊ မည်သူ့ကိုမှလည်း စကားမပြော၊ အခန်းတွင်းဝယ် စာတစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည်။ ဦးကျော်ခင်သည် ရန်ကုန် တရုတ်တန်းတွင် အသိအကျွမ်း အပေါင်းအသင်းများသူ ဖြစ်၍ သတင်းထူးများ ရှိ မရှိ ကို သိရလေအောင် တရုတ်တန်းသို့ တစ်ပတ်လှည့်ပြီး စုံစမ်းလေ့လာ ကြည့်သည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ သူ့နေအိမ်တွင် ရောက်နေမှန်း မည်သူမျှ မရိပ်မိလေမှ စိတ်အေး လေတော့ပြီ။

ထိုစဉ် တရုတ်တန်း ၁၉ လမ်းထိပ်ရှိ တရုတ်ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်နှင့် ချုပ်ပြီး တရုတ်အင်္ကျီ၊ တရုတ် ဘောင်းဘီ အရွယ်အမျိုးမျိုးကို ရောင်းသော ဆိုင်များ ရှိသည်။ ယင်းသို့ချုပ်ပြီး အထည်များ ရောင်းသော ဆိုင်မှ တရုတ်အင်္ကျီ တစ်ထည်လျှင် ခြောက်မူး၊ တရုတ်ဘောင်းဘီ တစ်ထည်လျှင် ငါးမူးပေး၍ နှစ်စုံဝယ်ကာ ဦးကျော်ခင်သည် ၁၉ လမ်း နေအိမ်သို့ပြန်ခဲ့သည်။

ဤတရုတ်အင်္ကျီနှင့် တရုတ်ဘောင်းဘီတို့မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တရုတ်အမျိုးသား အသွင်သို့ ရုပ်ပြောင်းစေရန်အတွက် ဖြစ်သည်။ ဦးကျော်ခင်သည် နာရီတကြည့်ကြည့်ဖြင့် အချိန်ကို စောင့် နေသည်။ ညနေမိုးချုပ်သွားလေပြီ။ ပြုလုပ်ရမည့်အလုပ်မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တရုတ်အမျိုးသား သင်္ဘောသားများကဲ့သို့ ဝတ်ဆင်ပြီး စဥ့်အိုးတန်း၊ အမှတ် (၁) ဆိပ်ကမ်း၌ ဆိုက်ကပ်ထား သော  ဟိုင်လီကုန်တင်သင်္ဘောပေါ်သို့  ၁၉၄ဝပြည့်နှစ်၊ သြဂုတ်လ (၇) ရက်နေ့၊ ည (၁ဝ)နာရီ အချိန်တွင် အရောက်တင်ပို့ရန် ဖြစ်လေသည်။

ညဥ့် (၉) နာရီ ကျော်လေပြီ ။ ၁၉ လမ်း ဦးကျော်ခင် နေအိမ်တွင် သခင်အောင်ဆန်းသည် တရုတ်အင်္ကျီ တရုတ်  ဘောင်းဘီတို့ကို ဝတ်ဆင်ပြီး တန်လူရှောင် တရုတ်ကြီး ဖြစ်သွားသည်။သခင်လှမြိုင်ကလည်း တရုတ်အင်္ကျီ၊ တရုတ်ဘောင်းဘီ တို့ကိုဝတ်၍ တန်ဆူတောင် အမည်ခံ တရုတ်ပေါက်ဖော်ကြီး အဖြစ်သို့ ပြောင်းလဲ လိုက်ကြသည်။

တစ်ခုမကျန် အားလုံးပြုဖွယ် ကိစ္စများကို စီစဉ်ပြုလုပ်ပြီး အဆင်သင့်ဖြစ်သောအခါ တရုတ် တန်လူရှောင် အမည်ခံ သခင်အောင်ဆန်း၊ တရုတ် တန်ဆူတောင် အမည်ခံ သခင် လှမြိုင်၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ ကျုံမငေး သခင်ထိန်ဝင်း၊ တရုတ်ကလပ်သူဌေး တန်ကျူစိန်၊ ဦးကျော်ခင်တို့ လူစုသည် ၁၉လမ်း အောက်လမ်း ဘက်သို့ ခြေလှန်းမှန်မှန်နှင့် လျှောက်လာကြသည်။ ရန်ကုန် တရုတ်တန်း၏ညမှာ အသက်ဝင် လှုပ်ရှားလျက်ရှိသည်။ လူသွားလမ်း ပလက်ဖောင်းပေါ်ဝယ် ဖွင့်ထားသော စားသောက်ဆိုင်နှင့် ဈေးဆိုင်များ တွင်လူစည်ကားလျက်ရှိသည်။ တစ်မျှော်တစ်ခေါ် တွေ့နေရသော ညဈေးတန်းမီးရောင်မှာ ထိန်ထိန် လင်းလျက် ရှိပေသည်။ တရုတ်တန်း လမ်းကျဉ်းများဆီမှ မာကျောက် (တရုတ်ဖဲ) ရိုက်သံကား ဆူဆူညံ လျက်  ရှိသည်။

ကြိတ်ကြိတ်တိုး စည်ကားနေသော တရုတ်တန်း လူအုပ်ကြီးအတွင်းမှ တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက် ခရီး ထွက်မည့် သခင်အောင်ဆန်းတို့ လူသိုက်ကို အဘယ်သူသည် သိမည်နည်း။ ၁၉ လမ်း အောက်လမ်း နှင့် ဒါလဟိုဇီလမ်းထိပ်တွင် လွယ်အိပ်ကိုယ်စီ လွယ်ထားပြီး လွယ်အိပ်အတွင်းဝယ် လက်နှိုက် ထားသော လူနှစ်ယောက်ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုမသင်္ကာဖွယ် လူနှစ်ယောက်က တရုတ် အင်္ကျီ ဘောင်းဘီများ ဝတ်ဆင်ထားသော သခင်အောင်ဆန်းအား စူးစူးစိုက်စိုက် ကြည့်နေသည်။ သခင် အောင်ဆန်း က တစ်ချက်မျက်လုံးဝေ့၍ ကြည့်လိုက်ပြီး ဣနြေ္ဒလည်းမပျက်၊ ဂရုလည်း မပြုဘဲ ဤသူနှစ်ယောက်ရှေ့ကပင် ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်သွား၏။ ဤသူနှစ်ယောက်မှာ သခင် အောင်ဆန်းတို့ လူစုနောက်တွင် ကျန်ရစ်ခဲ့လေင်္ပြီ။ သခင်အောင်ဆန်းတို့ လူစုသည် ၁၉ လမ်း အောက်လမ်းမှ ဖြည်းဖြည်းမှန်မှန် လျှောက်လာကြရာ လမ်းနားလမ်းထိပ်သို့ ရောက်လာသည်။

သခင်အောင်ဆန်းတို့ လူစုမှ ဦးကျော်ခင်သည် အမှတ်မထင် ၁၉ လမ်း အတွင်းသို့ လှည့်ကြည့်လိုက်သည်။ စောစောက သူတို့အား စူးစူးစိုက်စိုက် မသင်္ကာသည့်ဟန်ဖြင့် ကြည်လိုက်သော လူနှစ်ယောက်အား အရိပ်အယောင်မျှ မတွေ့ရပေ။ ထိုအခါမှ ကမ်းနား ညာဘက်သို့ ချိုးကွေ့ကာ စဥ့်အိုးတန်း အမှတ် ၁ နိုင်ငံခြား ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းသို့ ဆက်၍ သွားကြလေသည်။ ဆိပ်ကမ်းသို့ ရောက်ချိန်ဝယ် ညဥ့် ၁ဝ နာရီ မထိုးသေးပေ။ ၁၅ မိနစ်ခန့် လိုသေးသည်။ဟိုင်လီသင်္ဘောမှ တရုတ်သင်္ဘောသား (၈)ဦးက အသင့်စောင့်ဆိုင်းနေကြသည်။ တရုတ်အမျိုးသားများကဲ့သို့ ရုပ်ပြောင်းရုပ်လွှဲလုပ်ထားသော သခင် အောင်ဆန်း နှင့် သခင်လှမြိုင်တို့ နှစ်ယောက်နှင့်ဆိုလျှင် စုစုပေါင်း ဆယ်ယောက်ဖြစ်သွား၏။

စစ်ကြိုခေတ်က သင်္ဘောဆိပ်ကမ်း၊ မီးရထားဘူတာရုံစသော လူရှုပ်သည့် နေရာမျိုးသည် သူခိုး၊ ဂျပိုး၊ အလစ်သုတ်၊ ခါးပိုက်နိုက်များ၏ စားကျက်ဖြစ်သည်။ ထို့အတူ ပုလိပ်၊ လူဆိုးထိန်းနှင့် စုံထောက်များ ခြေရှုပ်ရာ အရပ်လည်း ဖြစ်၏။ ယင်းအတွက်ကြောင့် ဤသို့ လူရှုပ်ရာအရပ်တွင် စကားပြောလျှင် သတိထားပြီး ပြောရ၏။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် လိုက်လံ ပို့ဆောင်သူ ရဲဘော် ရဲဘက်များကို တစ်ဦးမကျန် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နှုတ်မှ တစ်ခွန်းတစ်ပါဒမျှ ဖွင့်ဟပြီး မပြောပေ။ ထို့နောက်တွင် ဟိုင်လီ တရုတ်သင်္ဘောသား (၈) ဦးနှင့် အတူ သမ္ဗန် နှစ်စင်းပေါ်သို့ တက်လိုက် သွားလေ သည်။ သမ္ဗန်တစ်စီးလျှင် လူ (၅) ယောက်စီ တင်ဆောင်ထားသော သမ္ဗန်လေး (၂) စင်းသည် ရန်ကုန်မြစ် တွင်းဝယ် တကျွိကျွိမြည်လျက် လှော်ခတ်နေသည်။

သမ္ဗန်ကလေးနှစ်စင်းသည် ဟိုင်လီသင်္ဘောရှိရာဘက်သို့ ဦးတည်ပြီး လှော်ခတ်သွားသည် မှ မီးရောင် တလက်လက်အောက်တွင် အထင်းသား မြင်တွေ့နေရလေသည်။ များမကြာလှသော အချိန်ပိုင်းအတွင်းမှာ ပင် တရုတ်အမျိုးသားအသွင်သဏ္ဌန် ရုပ်ပြောင်း ရုပ်လွှဲလုပ်ထားသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တို့ လိုက်ပါသွားသော သမ္ဗန် နှစ်စင်းသည် ဟိုင်လီသင်္ဘောနံဘေးတွင် ဆိုက်ကပ်လိုက်သည်။

သမ္ဗန်ပေါ်မှ သင်္ဘောသားများသည် သင်္ဘောပေါ်သို့ ကြိုးလှေကားမှ တက်ရောက်သွား ကြသည်။ ဟိုင်လီ သင်္ဘောပေါ်တွင် မီးများထန်လင်းလျက်ရှိသည်။ လှေကားထပ်နားအရောက်တွင် သင်္ဘောသား ဆယ်ဦးသည် ညီညီညာညာတန်းစီ၍ နေကြလေသည်။ ဟိုင်လီသင်္ဘောတွင် တာဝန်ကျသူ အကြီးအကဲက တစ်ဦးချင်းကို တရုတ်အမည်များကို ခေါ်ယူလိုက်သည်။ ထိုသို့ခေါ်လေတိုင်း တရုတ်သင်္ဘောသားများသည် တစ်ယောက်ချင်းထွက်ကာ ဆလံပေး ဦးခေါင်းညွတ်ကာ အလေးပြုပြီး မိမိတို့နေရာသို့ ပြန်သွားကြသည်။

ယင်းကဲ့သို့ တရုတ်သင်္ဘောသားများကို တန်းစီပြီး လူစစ်ဆေးနေသည်ကို မျက်ခြည်မပြတ် ကြည့်ရှု အကဲခတ်နေသူများမှာ သင်္ဘောအပေါ်ထပ်မှ ဗြိတိသျှနယ်ချဲ့ အမှုတော်ထမ်း ဂေါ်ရာပုလိပ် နှင့် စုံထောက်များဖြစ်လေသည်။ တရုတ်သင်္ဘောသားများအား စစ်ဆေးရာ ဆယ်ဦးပြည့်သွားလေပြီ။ သင်္ဘောသားများအား တန်းဖြုတ်ကာ မိမိတို့အခန်းသို့ တန်းစီပြီး ဝင်သွားကြလေ၏။

ဟိုင်လီသင်္ဘောပေါ်တွင် ထိုသို့လူစစ်နေသည်ကို စဥ့်အိုးတန်းဆိပ်ကမ်းမှ စောင့်ကြည့်နေသူများမှာ သခင်လှဖေ (ဗိုလ်လကျာ်)၊ ကျုံမငေးသခင်ထိန်ဝင်း၊ တန်ကျူစိန်၊ ဦးကျော်ခင်တို့သည် စိတ်တထင့်ထင့်ဖြင့် ကြည့်ရှုနေကြရ၏။

ခလုပ်မထိ၊ ဆူးမငြိဘဲ တရုတ်သင်္ဘောသားအားလုံး မိမိတို့အခန်းများ အတွင်းသို့ ရောက်သွားလေမှ စိတ်အေးရလေတော့ပြီ။ အင်္ဂလိပ်နယ်ချဲ့တို့၏ စုံထောက်ပုလိပ် အစောင့်အကြပ် အထပ်ထပ်ကြားမှ သခင် အောင်ဆန်းနှင့်သခင်လှမြိုင်တို့သည် တန်လူရှောင်နှင့် တန်ဆူတောင် တရုတ်အမည်တို့ဖြင့် ဟိုင်လီ သင်္ဘော အတွင်းခန်းများသို့ ရောက်ရှိသွားကြသည်။

တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက်ထွက်ခွာနိုင်ရန် စီစဉ်ပေးသော သခင်လှဖေ (ဗိုလ်လကျာ်)၊ ဦးကျော်ခင်၊ တန်ကျူစိန်တို့သည် စဥ့်အိုးတန်းဆိပ်ကမ်းမှ ပြန်လာကြသည့် တိုင်အောင် စိတ်ဒုံးဒုံး မချကြသေးပေ။ ဟိုင်လီသင်္ဘောကြီးသည် ရန်ကုန်မြစ်အတွင်းမှ မထွက်ခွာသေး၍ တစ်ခုခုဖြစ်မည်ဆိုလျှင် ဖြစ်နိုင်စရာ အကြောင်းရှိသေးသဖြင့် ရင်တမမနှင့် ဖြစ်နေကြရသေးသည်။

ဦးကျော်ခင်သည် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တို့နှင့် ပက်သက်၍ မည်သို့သော သတင်းဆိုးများ ကြားရမည်နည်းဟု အစဉ်နားစွင့်နေသည်။ ရန်ကုန်ဆိပ်ကမ်း အခြေအနေအရပ်ရပ်ကို အမြဲမပြတ် ထောက်လှမ်း လေ့လာမှု ပြုနေရသည်။ ရန်ကုန်မြို့ အတွင်းဝယ် စုံထောက်များ အသွားအလာ သတင်း အပို့အယူများကို သတိထားကာ ယူနေရလေ၏။

နောက်တစ်နေ့ဖြစ်သော ၁၉၄ဝ ပြည့်နှစ်၊ သြဂုတ်လ (၈) ရက်နေ့၊ ညနေ (၅) နာရီ ခန့်တွင် သခင်လှဖေ (ဗိုလ်လကျာ်) နှင့် ၁၉ လမ်း ဦးကျော်ခင်တို့သည် စဥ့်အိုးတန်းဆိပ်ကမ်းသို့ သွားရောက်ကာ ဟိုင်လီ သင်္ဘောကြီးကို ကြည့်ရှုသည်။ အမှတ်မထင် မမျှော်လင့်ဘဲ ဟိုင်လီသင်္ဘောကြီးသည် မီးခိုးတလူလူနှင့် ထွက်စ ပြုနေသည်ကို တွေ့လိုက်ရသည်။ ဤတွင်မှ သခင်လှဖေနှင့် ဦးကျော်ခင်တို့သည့် စိတ်နှလုံး ဒုံးဒုံးချ နိုင်တော့ပြီ။ များမကြာလှသော အချိန်အတောအတွင်းမှာပင် အရှိန်ရလာသည့် ဟိုင်လီ သင်္ဘောကြီး၏ ဦးပိုင်းသည် ရေပြင်ကို အရှိန်ပြင်းစွာဖြင့် ထိုးခွဲလျက် ထွက်ခွာသွားနေသည်။

သင်္ဘောဦးပိုင်း လက်ဝဲလက်ယာတို့မှ ပေါ်ထွက်လာသော လှိုင်းဂယက် တို့ကြောင့် သမ္ဗန်ငယ်လေးများ ရန်ကုန်မြစ်အတွင်းဝယ် လူးလွန့်လှုပ်ရှားနေလေသည်။ မြန်မာ့သမိုင်းစဉ်ကို ဇွတ်အတင်းပြောင်းမည့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ စီးနင်းပါသွားသည့် ဟိုင်လီသင်္ဘောကြီးကို ဆက်လက် ကြည့်ချင် သေးသည်။ ထို့ကြောင့် သခင်လှဖေ ( ဗိုလ်လကျာ် ) နှင့် ဦးကျော်ခင်တို့သည့် အဆင်သင့် ပါလာသော ကားဖြင့် စဥ့်အိုးတန်းဆိပ်ကမ်းမှ ပန်းဆိုးတန်းဆိပ်ကမ်းသို့ အမြန်မောင်းကာ ဟိုင်လီသင်္ဘောကြီးကို တစ်ဖန် ကြည့်ရှုကြပြန်သေးသည်။

ဟိုင်လီသင်္ဘောသည် သူတို့နှစ်ဦးကို နှုတ်ဆက်နေဘိသကဲ့သို့ ခေါင်းတိုင်မှ မီးခိုး တလူလူဖြင့် စဥ့်အိုးတန်း ဘက်မှ တရွေ့ရွေ့လာလျက် သူတို့မျက်စိရှေ့မှ တဖြည်းဖြည်း ဖြတ်သန်းသွားလေတော့သည်။ ထိုအချိန်ဝယ် သခင်လှဖေ (ဗိုလ်လကျာ်)နှင့် ဦးကျော်ခင် တို့၏ ရင်တွင်းဝယ် ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်း ခံစားမှုကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား ချစ်သောစိတ်၊ ရဲဘော်ရဲဘက်ချင်း ခင်မင်သောစိတ်၊ နိုင်ငံရေးသမားချင်း ရင်းနှီးသောစိတ်တို့ကြောင့် သူတို့ နှစ်ဦးစလုံး သည် မျက်ရည်များပင် ဝိုင်းလျက်ရှိသည်။

* * * * * * * *

မကြာမီ ....... ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၄ ။ ( ဘုံဘ၀မှာဖြင့် - သခင်တင်မြ )
                  ဖတ်မိဖတ်ရာ ... သခင်အောင်ဆန်း၏ စွန့်စားခန်းများ ၊ ၂ ။
 
* * * * * * * *

7.10.10

ကျွန်တော် မသိသော သိပ္ပံမောင်ဝ

ကျွန်တော် ယခုအတောအတွင်း မရည်ရွယ်ဘဲနှင့် သိပ္ပံမောင်ဝ ၏ စာအုပ်များကို ဖတ်ဖြစ်နေသည်။ သူငယ်ချင်း ကျော်ဇောထံမှ မောင်လူအေး အပါအ၀င် သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ (၂၀၀၄ ပုံနှိပ်ခြင်း ) ကို အရင် ငှါးဖတ်ဖြစ်သည်။ ထို့နောက် သူ့ထံမှပင် စာပေယဉ်ကျေးမှု ( ရာပြည့်၊ ၂၀၀၆ မေ ဒုတိယ အကြိမ် ပုံနှိပ်ခြင်း )ကို ဆက်ငှါးဖတ်သည်။ သိပ္ပံမောင်ဝ ချင်ခြင်းကို ကျွန်တော် အာသာ တောင့်တ လာလေပြီ။

သိပ္ပံမောင်ဝ၏ စာများသည် ကျွန်တော်အတွက် မစိမ်းသလိုလို စိမ်းသလိုလိုဟု ပြောနိုင်မည်ထင်သည်။ သူ့အကြောင်းကိုလည်း သိသလိုလို မသိသလိုလို ဟု ထင်နေသည်။ သူ၏ လေလံပွဲ ကို ကျွန်တော် စာမေးပွဲမှာ ဖြေခဲ့ဖူးသည်။ သူ၏ ခေတ်စမ်းစာပေ အထွေထွေ ကို ငယ်ငယ်က ဖတ်ခဲ့ဖူးသည်။ သူ့အကြောင်း မဂ္ဂဇင်းဆောင်းပါး တိုတိုထွာထွာများကို သင့်သလို ဖတ်ခဲ့ဖူးသည်။ သူကွယ်လွန်ခဲ့သည့် အကြောင်း အကြမ်းသိသည်။ ဒါလောက်ပါပဲ။

သိပ္ပံမောင်ဝ၏ စာများကို မစိမ်းသလိုလို သိသလိုလို ထင်နေခဲ့တာ တကယ်တော့ ဘာမှ မသိပါလား ဟု ကျွန်တော်ဇနီးကို ပြောမိသည်။ သူ့ပြန်ပြောစကားက မထင်မှတ်ဘဲ ဖျတ်ခနဲ ရေခဲရေဖြင့် အပက်ခံလိုက်ရ သလို ကျွန်တော်စိတ်မှာ ဗြုံးခနဲ ခံစားလိုက်ရသည်။ ရှင်က ကွန်မြူနစ်စာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေ၊ စာအုပ်တွေလောက်ပဲ သိတာပါ။ ကျွန်တော် စဉ်းစားရတော့သည်။ ဟုတ်ပါသလား။ ကျွန်တော့် အတ္တက ရှေ့ဆက် အများကြီး မစဉ်းစားရအောင် ချက်ချင်းဖြေလိုက်သည်။ ငါတို့နိုင်ငံမှာ ကွန်မြူနစ်စာရေးဆရာ တွေက များခဲ့တာကိုး။ ကျွန်တော့်အတ္တ အနိုင်ရသွားပုံရသည်။ ကျွန်တော် ရှေ့ဆက်အများကြီး မစဉ်းစား မိတော့ပါ။

ဤသို့ဖြင့် ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စာအုပ်များကို လိုက်ရှာတော့သည်။ သူငယ်ချင်းများထံမှ ထပ်မရနိုင်သောအခါ EBook website များမှာ လိုက်ရှာသည်။ အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း၊ အဟိတ် ဝတ္ထုဇာတ်လမ်းများ ၊ စစ်အတွင်း နေ့စဉ်မှတ်တမ်း ၊ ၃ အုပ်ကို အစဉ်လိုက် ဖတ်ဖြစ်သည်။

ညက ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့စဉ်မှတ်တမ်းကို ဖတ်သည်။ EBook ဖြစ်ပါသည်။ စာအုပ်အစမှာ ဖော်ပြထားသည့် သိပ္ပံမောင်ဝ၏ အတ္ထုပ္ပတ္တိအကျဉ်းကို သာမန်သာ ဖတ်လိုက်သည်။ ၁၈၉၉ ဇွန်လ ၅ ရက်နေ့တွင် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်၌ မွေးဖွားခဲ့ပြီး ဦးအုန်းရွှေ ၊ ဒေါ်ဒေါ်သစ်တို့၏ ဒုတိယ သားဖြစ်သည်။ ထို့နောက် သူ၏ ပညာရေး အောင်မြင်မှုများ၊ ရရှိခဲ့သည့် ဆု တံဆိပ်များ၊ ကလောင်နာမည်များ ၊ အစိုးရ၀န်ထမ်းဘ၀ ၊ စာပေလက်ရာများ ၊ စာအုပ်များ ...စသည်တို့ကို ဖတ်သည်ဆိုရုံ ခပ်လျှမ်းလျှမ်း မြန်မြန်ဖတ်မိလိုက်သည်။ သူ ကွယ်လွန်သည့် နေ့ရက်ကို သေသေချာချာ မမှတ်မိလိုက်။

စစ်အတွင်း နေ့စဉ်မှတ်တမ်း စာအုပ်သည် ၅-၁-၄၂ နေ့မှ စသည်။ သူနှင့်အတူ သူ၏ဇနီး မြင့် မအူပင်မှ ရန်ကုန်သို့ လိုက်လာသည့် အကြောင်းဖြင့် စထားသည်။ ထိုအချိန်တွင် ဂျပန်တို့က ရန်ကုန်ကို ဗုံးအကြီး အကျယ် ကြဲချနေပြီဖြစ်သည်။ ထိုမှစ၍ သူတို့ မိသားစု၏ စစ်ပြေးခရီးကြမ်း စတင်ခဲ့လေသည်။ သူတို့ စစ်ပြေးခရီးကြမ်းကို အကြမ်းဖျဉ်း ခြယ်မှုန်းထားသည့် သိပ္ပံမောင်ဝ၏ ရေးသားထားမှုကလေးကို ၂-၅-၄၂ရက်နေ့ မှတ်တမ်းတွင် ဤသို့ ဖတ်ရပါသည်။

၂-၅-၄၂။

(..............................။ ဤအကြိမ်ပြေးခြင်းကား နောက်ဆုံးပြေးခြင်းဖြစ်ပါစေ။ စစ်စ၍ ဖြစ်ကတည်းက တပြေးတည်း ပြေးလာကြရသောကြောင့် မြင့်နှင့် ကလေးများမှာ အတော်ပင်ပန်းနေကြရှာလေပြီ။ ကလေးများရော မြင့်ပါ ရှေးကကဲ့သို့ ၀၀ဖြိုးဖြိုးမရှိကြ။ စိတ်ပန်းကိုယ်ပန်းဖြစ်ရုံမျှမက ရွှေဘို၏ အပူရှိန်ကို မခံနိုင်သောကြောင့် မကျန်းမမာဖြစ်ကြသဖြင့် အတော်ပင်ပိန်လှီးနေကြလေပြီ။ မြင့်နှင့် ကလေးများမှာ လက်ဦးဆုံး ရန်ကုန်မှ ပြည်သို့ ပြေးခဲ့ကြရ၏။ ပြည်မှ မအူပင်၊ မအူပင်မှ မန္တလေး၊ မန္တလေးမှ ရွှေဘို၊ ရွှေဘိုမှ ကန့်ဘလူ၊ ကန့်ဘလူမှ ဂါးတာ။ အကြိမ်ပေါင်းများစွာ ပြေးခဲ့ကြရ ရှာလေပြီ။ ခရီးမပန်းဘဲ နေကြမည်လော။ သမီးငယ်ကလေး မယ်ကေးမှာ တစ်လသမီး အရွယ်ကတည်းက ပြေးနေလိုက်သည်မှာ ယခု ၆ လ သမီး အရွယ်သို့ ရောက်ပြီဖြစ်သော်လည်း ပြေးရတုန်းပင်။ သို့ဖြစ်သောကြောင့် မယ်ကေးကို မယ်ပြေးဟူ၍သာ နာမည်ပြောင်းလိုက်ချင်တော့၏။  .................................................................)
( စစ်အတွင်း နေ့စဉ်မှတ်တမ်း ၊ သိပ္ပံမောင်ဝ ၊ ဒုတိယအကြိမ် ၊ မြနန္ဒာ စာအုပ်တိုက် ၊ ၂၀၀၂ ဒီဇင်ဘာ ၊ စာမျက်နှာ ၂၉၃ )

ကျွန်တော်သည် ဤစာပုဒ်လေးကို ဖတ်ပြီးသောအခါ စိတ်မောလူမော ဖြစ်သွား၏။ စာအုပ်ထဲတွင် ပူးဝင် နေသည့် စိတ်သည် အခုမှ ခွါထွက်လာသည်။ နာရီကြည့်လိုက်တော့ နံနက် ၄ နာရီ ထိုးတော့မည်။ စနေညကုန်ဆုံး၍ တနင်္ဂနွေအာရုံတက်ချိန် ရောက်လာပြီ။ အပြင်ဘက်တွင် မိုးဖွဲဖွဲ ကျနေသည်။ 

ကျွန်တော်သည် သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့ရက်များအကြောင်း တွေးနေသည်။ သူ၏ စစ်အတွင်း နေ့ရက်များသည် သူ့အတွက် ပင်ပန်းပေလိမ့်မည်။ မိသားစုအတွက် ပူပန်စိုးရိမ်ရသည့် မီးတောက်သည် သူ့ နေ့ရက် စာမျက်နှာများတွင် အပူရောင်ထင်ဟပ်နေသည်။ အိုင်စီအက်တစ်ယောက်ကို အိပ်မပျော်စေသော အတွေးများသည် စာမျက်နှာများပေါ်တွင် အရိပ်ထင်နေသည်။ သာမန် ဆင်းရဲသား နင်းပြား တိုင်းသူ ပြည်သားများ၏ စာမျက်နှာများပေါ်တွင် မည်သို့သော မီးတောက်များ မငြိမ်းနိုင် ပူလောင်နေမှာပါလိမ့်။ သူတို့ထက်စာလျှင် အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက် အိုင်စီအက် အစိုးရ အရာရှိကြီး၏ စစ်ပြေးညများသည် လရောင်ဆမ်းနေပါလိမ့်မည်။ ကလေးထိန်း ထမင်းချက် ကားမောင်းသူ၊ ကိုယ်ပိုင်ကား၊ ရွှေငွေ မိတ်ဆွေ အသိုင်းအ၀ိုင်း ပြည့်စုံနေပါသည်။
 
ကျွန်တော့် မသိစိတ် အတ္တက သိပ္ပံမောင်ဝ၏ နေ့စဉ်မှတ်တမ်းအတွင်းမှ သခင်အောင်ဆန်း ဗိုလ်တေဇ ဘီအိုင်အေ တပ်မတော်အကြောင်း တွေ့ရလို တွေ့ရငြား ရှာကြည့်နေမိသည်။ စာအုပ်နောက်ပိုင်းမှာ သခင်တပ် အကြောင်း အလျှဉ်းသင့်သလို ရေးထားသည်ကို တွေ့ရသည်။ ဂျပန်တပ် သခင်တပ်များနှင့် တိုက်ခိုက်နေရာ ရှေ့တန်းစစ်မျက်နှာသို့ အင်္ဂလိပ်တပ်များ စစ်ကူဆင်းသွားသည့် သတင်းကို မှတ်တမ်းရေးနေရင်း သိပ္ပံမောင်ဝသည် မည်သို့ ဆုတောင်းနေမှာပါလိမ့်၊ ကျွန်တော် တွေးနေမိသည်။ တပြိုင်တည်းမှာ တိုင်းသူပြည်သားများကရော မည်သို့ဆုတောင်းနေကြမှာပါလိမ့်၊ ကျွန်တော်တွေးနေမိ သည်။

တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင် ဆရာစံကို သိပ္ပံမောင်ဝက ဒင်္ဂါးပြားတစ်ခု၏ ခေါင်းဟု မြင်နေလျှင် ပြည်သူပြည်သားများက ပန်းဟု မြင်နေမည်လား။ ကိုယ့်ဘက်က အာဇာနည်ဆိုလျှင် သူ့ဘက်ကဆို သူပုန်လား။ နှစ်ဦးနှစ်ဘက်ကြားတွင် စည်းတစ်ခု ခြားနေသည်လား။ ထိုစည်းသည် သမိုင်းမှာ ခေါင်း နှင့် ပန်း ၊ အုပ်ချုပ်သူ နှင့် ဖိနှိပ်ခံရသူ ၊ အမှားနှင့်အမှန် ကြာလေကြာလေ ခြားနားသွား မည်လား။ ........ ကျွန်တော် တွေးနေမိသည်။
 
ဘယ်လိုဘဲ အမြင်တွေ ကွဲပြား မစေ့စပ်နိုင်စေကာမူ လူတစ်ယောက်၏ စစ်အတွင်း စိုးရိမ်အားငယ်မှုများ၊ မရေရာမှုများ၊ မျှော်လင့်ချက်များအကြောင်း နေ့စဉ်မှတ်တမ်းအနေနှင့်မူ သိပ္ပံမောင်ဝ၏ နေ့စဉ် မှတ်တမ်းသည် ကျွန်တော်ကို ဆွဲဆောင်လွန်းလှသည်။ ကျွန်တော်သည် စာအုပ်ကို ဆက်ဖတ်သည်။ ၁၉၄၂ မေလ နေ့စဉ်မှတ်တမ်းများ မှ ၁၉၄၂ ဇွန်လမှတ်တမ်းများ သို့ ရောက်လာသည်။ စာမျက်နှာများမှ စိုးရိမ် မွန်းကြပ်သည့် အနံ့များ ပိုရလာသည်။ ၅-၆-၁၈၉၉ နေ့တွင် မွေးဖွားခဲ့သည့် သိပ္ပံမောင်ဝ၏ ၄၃ နှစ်ပြည့် မွေးနေ့သို့ ကပ်လာသည်။ သူ၏ ၄၃ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ၅-၆-၄၂ ရက် မှတ်တမ်းတွင် အတိတ်ကို သုံးသပ်မှုများ၊ အကောင်းမြင်မျှော်လင့်မှုများကို ရေးမှတ်ထားသည်။

၅-၆-၄၂။

လွန်ခဲ့သည့် ၈ နှစ်ခန့် အခါက ဗေဒင်ကျွမ်းကျင်သော မိတ်ဆွေတစ်ဦးက ယခုနှစ် မွေးနေ့မတိုင်မီအတွင်း သေလောက်သောဘေးနှင့် တွေ့ပေလိမ့်မည်ဟု ဟောဖူး၏။ ထိုအခါက ထိုမိတ်ဆွေ ဟောပြောချက်ကို မယုံကြည်ခဲ့ပေ။ နောင်တွင်လည်း အမှုမထားခဲ့ပေ။ ယခုနှစ်အတွင်း ဘေးဒုက္ခအပေါင်းတို့နှင့် တွေ့ကြုံသောအခါကျမှ ထိုမိတ်ဆွေ ဟောပြောချက်များကို ပြန်လည်သတိရမိပေ၏။ ဗေဒင်က မှန်သောကြောင့်ပေလော မပြောတတ်။ ဤနှစ်အတွင်း ဒုက္ခအမျိုးမျိုးတို့နှင့် တွေ့ကြုံခဲ့ရသည်ကား မှန်ပေ၏။

ယနေ့ကား မွေးနေ့ဖြစ်၏။ သန်းခေါင်းကျော်လျှင် မွေးနေ့လွန်တော့မည်။ မိတ်ဆွေဗေဒင်ဆရာ ဟောပြော ချက် အရဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်။ ဤအကြောင်းများကို တွေးမိသောကြောင့် ၀မ်း မြောက်မိတော့သတည်း။

မနက်က ဦးစန်းနှင့် အတူ အညောင်းပြေ အညာပြေ တောလမ်းအတိုင်း အတော်ခပ်ဝေးဝေးပင် လမ်းလျှောက်ကြလေသည်။ အတော်ပင် စိတ်ကြည်နူး၏။

နေ့ခင်း လက်ဖက်ရည် သောက်ချိန်တွင် ဦးစန်းနှင့် ဦးဘသန်းတို့က အားလုံးကို အထပ်တစ်ရာ (ပလာတာ) နှင့် ကြက်သားဟင်းကို ကျွေးကြလေသည်။ အားရပါးရ စားလိုက်ကြသည်မှာ အတော်ပင် ကုန်၏။   မြို့နှင့် အလွန်ဝေးသော တောထဲတွင် အထပ်တစ်ရာ နှင့် ကြက်သားတို့ကို စားသောက် ကြရသည်မှာ ကုသိုလ် ထူးသည်ဟု ဆိုရပေမည်။ အောက်အရပ်မှ ပြေးလာစဉ်က နောက်ဆုံး တောရွာကလေးများတွင် တိမ်းရှောင်နေရသောအခါ ထမင်းနှင့်ဆားကိုမှ မှန်မှန်စားရပါ့မလားဟု တွေးတော စိုးရိမ်မိပေ၏။

ယခုကား ထမင်းနှင့် ဟင်းကောင်းကောင်းများကို စားသောက်ရရုံမျှမကသေး နေ့ခင်းနေ့လယ်တွင် ပလာတာနှင့် ကြက်သားဟင်းကိုပင် စားသောက်ရလေသည်။

ဂျပန်များ မတက်လာမီ ဒရောသောပါး ပြေးကြလွှားကြစဉ်က ဂျုံအိတ်များကို တင်လာသော မီးရထားတွဲတို့ကို ကန့်ဘလူတွင် ဖြုတ်ထားခဲ့လေသည်။ အုပ်ချုပ်ရေးကလည်း ပျက်ပြား၊ ဂျပန်တို့ကလည်း မရောက်သေးသော အခိုက်အတန့်ကလေးတွင် ကန့်ဘလူ အနီးအနားများမှ ရွာသားတို့သည် ထိုဂျုံအိတ်တို့ကို သွား၍ လှည်းများဖြင့် တိုက်ယူကြကုန်၏။ ထိုသူတို့ထံမှ ဂျုံအိတ်တစ်အိတ်ကို ၆ ကျပ်ပေး၍ ၀ယ်ပြီးနောက် ဦးစန်း၏ ထမင်းချက်အား ပလာတာ အလုပ်ခိုင်းလေသည်။ ဦးစန်း၏ ထမင်းချက်ကား ပလာတာ အလုပ်ကောင်းသူဖြစ်၏။ ဦးဘသန်း၏ တပည့် မောင်ဘကြိုင်ကလည်း ကြက်သားဟင်း အချက်ကောင်း၊ အလွန်နေရာကျလေသည်။ ရန်ကုန် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ၊ မန္တလေး ၀ါဟစ်ဆိုင် တို့ကို မသွား ပါဘဲလျှက် မြို့နှင့် မနီးမဝေး တောရွာကလေးမှာပင် ပလာတာ ကြက်သား ဟင်းကောင်းများကို စားသောက် ကြရသည်မှာ ကုသိုလ်ထူးသည်ဟု ဆိုရမည်မဟုတ်ပါလော။

ယခုအခါ ကြောက်စိတ် တုန်လှုပ်စိတ်များ အတော်ကလေးပျောက်စ ပြုလာလေပြီ။ လူအများ၏ စိတ်ထဲတွင် မည်သို့သော အုပ်ချုပ်ရေးလာမည်နည်းဟူ၍ တောင့်တနေကြမည်မှာ ဓမ္မတာပင်တည်း။ ယခုကဲ့သို့ မငြိမ်မသက်ဖြစ်နေသော အခါတွင် ငြိမ်သက်အေးချမ်းရေးမှာ လူတိုင်းတောင့်တနေမည်ကား မလွဲတည်း။ ငြိမ်သက်အေးချမ်းမှုကိုလည်း ကြံ့ခိုင်သော ဗဟိုအစိုးရလာမှသာ ရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ကြံ့ခိုင်ကောင်းမွန်သော ဗဟိုအစိုးရ အမြန်လာပါစေဟု ဆုတောင်းနေကြလေသည်။
(စစ်အတွင်း နေ့စဉ်မှတ်တမ်း၊ သိပ္ပံမောင်ဝ၊ ဒုတိယအကြိမ်၊ မြနန္ဒာ စာအုပ်တိုက်၊ ၂၀၀၂ ဒီဇင်ဘာ၊ စာမျက်နှာ ၃၃၁ - ၃၃၂)

ကြံ့ခိုင် ကောင်းမွန်သော ဗဟို အစိုးရ အမြန်လာပါစေဟု သိပ္ပံမောင်ဝသည်  ၅-၆-၄၂ နေ့ ကတည်းက ဆုတောင်းနေလေသည်။ ကျွန်တော်သည် စာအုပ်ဖတ်နေရင်းမှ ပြုံးလိုက်မိသည်။ ကျွန်တော်တို့သည်လည်း ယခုထိ ဆုတောင်းနေရသည် မဟုတ်ပါလား။ သမိုင်းစက်ဝန်းသည် တစ်ပတ် လည်မိသည်လား သို့မဟုတ် ဆုတောင်းနေရသည့် အမှတ်ကလေးမှာရပ်နေပြီး ဆက်မလည်သေးတာလား၊ ကျွန်တော် တွေးနေမိသည်။

မိုးဖွဲဖွဲရွာနေသည့် နံနက် ၅ နာရီသည် တိတ်ဆိတ်နေ၏။ EBook ကို ပြနေသည့် ကွန်ပြူတာ၏ scroll bar သည် အောက်နားသို့ ကပ်နေပြီ။ ကျွန်တော်သည် စာမျက်နှာများကို မပြီးဆုံးစေချင်သေးပါ။ သိပ္ပံမောင်ဝ၏ ၄၃ နှစ်ပြည့် မွေးနေ့ နောက်တစ်ရက်အကြောင်းကို ကျွန်တော်ဆက်ဖတ်သည်။ စာမျက်နှာသည် ဗလာကို ပြနေ၏။ ဘာမှမရှိ။ အောက်နားတွင်  ဤတွင်အဆုံးသတ်သည် ဟုသာပါသည်။ ရှေ့ဆက် ဖော်ပြထား သည်မှာ ဦးစိန်တင် ( သိပ္ပံမောင်ဝ ) သည် ၆-၆-၄၂ တွင် ကွယ်လွန်သွားရှာသည်။ နေ့စဉ်မှတ်တမ်းသည် ပြီးဆုံး သွားလေပြီ။ သိပ္ပံမောင်ဝသည် သူ၏ ၄၃ နှစ်ပြည့် မွေးနေ့အပြီး နောက်တစ်ရက်တွင် ရေတိမ် နစ်ရရှာလေပြီ။ လှစ်ဟာသွားသော ရတနာ၏ ကွက်လပ်သည် အစားထိုးဖို့ ခက်လှပေသည်။

သိပ္ပံမောင်ဝ ကွယ်လွန်ခဲ့သည့် အကြောင်းကို ဆရာ မင်းယုဝေ က သိပ္ပံမောင်ဝ အတ္ထုပ္ပတ္တိ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားထားသည်။  
(.............................။ သိပ္ပံမောင်ဝသည် စစ်အတွင်း ကာလပျက်ချိန်တွင် ၁၉၄၂ ခု ၊ ဇွန်လ ၆ ရက်နေ့ ရွှေဘိုခရိုင် ကန့်ဘလူမြို့ အနီး ဂါဒါးဆည်ကြီးရွာ၌ ဓါးပြလူဆိုးတို့၏ နှိပ်စက်မှုကိုခံရကာ ကွယ်လွန်ခဲ့ရှာလေသည်။ ဇနီးသည် ဒေါ်ခင်ခင်မြင့်၊ သား တင်မောင်မြင့်၊ သမီး တင်မေမြင့်၊ တင်ရွှေမြင့် တို့ ကျန်ရစ်လေသည်။ သိပ္ပံမောင်ဝ ကွယ်လွန်ကြောင်း သတင်းမှာ (၈.၇.၄၂) နေ့ထုတ် မြန်မာ့အလင်း သတင်းစာတိုက်တွင် အောက်ပါအတိုင်း ပါရှိလေသည်။

ဦးစိန်တင် နှင့် ဦးဘသန်း ဓါးပြလူဆိုးများ လက်ချက်ဖြင့် သေဆုံးနေပုံ
[ ကျွန်ုပ်တို့ အထူးသတင်းထောက်ထံမှ ]

အိုင်စီအက် ဦးစိန်တင် နှင့် ကန့်ဘလူ နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း (နှုတ်ခမ်းမွှေး ဦးဘသန်း မဟုတ်) ၄င်းတို့ ဇနီးပါ ဓါးပြများက သေနတ်ဖြင့် ပစ်သတ်သွားသည့် သတင်းကို ကျွန်ုပ်တို့ သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

သတင်းအကျယ်မှာ ဦးစိန်တင်အား အိန္ဒိယသို့ခေါ်ရန် အထူးမီးရထားဖြင့် ရွှေဘိုမြို့မှ မြစ်ကြီးနားသို့ ခေါ်ဆောင်သွားရာ မြစ်ကြီးနား မရောက်မီ ကန့်ဘလူဘူတာသို့ ရောက်သောအခါ ဦးစိန်တင်အိမ်သားစု စီးလာသော ရထားတွဲကို ဖြတ်ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်ကျန်ရစ်ခဲ့သည်ဆိုကြောင်း။

ကန့်ဘလူတွင် ဦးစိန်တင်နှင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း တို့တွေ့ကြ၍ နေရေးထိုင်ရေးတို့ကို တိုင်ပင်ကြပြီး အခြားသစ်တောအရာရှိများနှင့် ပူးပေါင်းကြလျက် ကန့်ဘလူအရှေ့ (၁၁)မိုင်အကွာ ဂါဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ နေထိုင်ကြသည်ဆိုကြောင်း။

ထိုသို့ နေထိုင်ရာတွင် ဓါးမြတိုက်မည်ဆိုသော သတင်းကို သန့်သန့်ကြားသိရှိရသဖြင့် ဦးစိန်တင်တို့ လူတစ်စုမှာ နောက်တစ်နေ့တွင် ကန့်ဘလူသို့ ပြောင်းရွှေ့နေထိုင်ရန် စီမံကြသေးသည်ဆိုကြောင်း။ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီ အချိန်လောက်တွင် ဓါးပြလူဆိုးကြီး ငဖျော်၏ တပည့်ကြီး သက်ထွန်းနှင့် လူပေါင်း ၁၀၀ ကျော်ခန့်တို့မှာ သေနတ်များဖြင့် ဗိုလ်တဲသို့ ပစ်ကြသည်ဟုဆိုကြောင်း။ ထိုသို့ သေနတ်သံကြားသဖြင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း၏ ဇနီးမှာ လန့်ပြီးထလိုက်ရာ သေနတ်မှန်ပြီး ၄င်းနေရာမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း။ ဦးစိန်တင်တို့ လူတစ်စုမှာ မိမိတို့အား ဓါးမြတိုက်ကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် လက်နက်ချပြီဆိုကြောင်းကို အော်ပြောပြီး သေနတ်များကို ဗိုလ်တဲလက်ရန်းမှ လူဆိုးများ မြင်အောင် ပစ်ချကြကြောင်း။

ဦးစိန်တင်တို့ လူတစ်စုနှင့် သစ်တောဘက်ဌာနတွင်လုပ်သော အရာရှိ ဦးခန့်တို့အား တရားဘက်နှင့် သစ်တောဘက်ကို ခွဲခြားပြီး လူစီတန်းရပ်ခိုင်းပြီးနောက် ဦးစိန်တင် နှင့် ဦးဘသန်းတို့အား ဗိုလ်တဲ အပြင်ဘက်သို့ ပြေးခိုင်းပြီး ဦးဘသန်းအား နောက်မှနေပြီး လူဆိုးတစ်ယောက်က သေနတ်ဖြင့် ပစ်ကြောင်း၊ ဦးစိန်တင်မှာလည်း သားကလေးကို လက်ဆွဲလျက်ပြေးရာ ဗိုလ်တဲအပြင်ဘက်ကျမှ ၄င်း၏ ဇနီးအော်သံ ကိုကြားသဖြင့် ဗိုလ်တဲအတွင်းသို့ ပြန်ဝင်လာရာ လူဆိုးတစ်ယောက်က သေနတ်ဖြင့် ပစ်လိုက်သဖြင့် ဦးစိန်တင်မှာလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း။ ဓါးမြဗိုလ်ကလည်း အရေးပိုင်ကို မပစ်ရန် အော်ပြောငြားလည်း ဓါးပြတစ်ယောက်၏ သေနတ်လက်ချက်က ဦးသွားသည်ဆိုကြောင်း။

ထိုသို့အခြင်းအရာဖြစ်ပွားပြီးနောက် ဓါးပြဗိုလ်သက်ထွန်းက သစ်တောအရာရှိ ဦးကောဝိန်အား ခင်ဗျားနေရပ်ပြန်ရန် ရော့ ငွေ ၁၀၀ ယူဆိုပြီး ငွေစက္ကူများ ပေးအပ်ပြီး ပစ္စည်းများကို လှည်းဖြင့်တင်ဆောင်ပြီး ထွက်သွားကြသည်ဆိုကြောင်း။ ဓါးပြပေးထားခဲ့သော ငွေစက္ကူများကို ရေတွက်ကြည့်ရာ ငွေ ၂၉၀ ဖြစ်နေသည်ကို တွေ့ရှိရသည်ဆိုကြောင်း။

ဓါးပြလူဆိုးများသည် ဦးစိန်တင်နှင့် ဦးဘသန်း တို့အား ပစ်သတ်ပြီးနောက် ရွှေငွေပစ္စည်း ၃ သိန်းကျော်ဘိုးကို လှည်း ၂၁ စီးဖြင့် တိုက်ပြီးယူသွားကြကြောင်း။ ဦးစိန်တင်မှာ ဓါးပြလူဆိုးတို့၏ လက်ချက်ဖြင့် သေဆုံးခြင်းခံရကြောင်းကို ကြားသိရသည်နှင့် တစ်ပြိုင်နက် မိတ်ဆွေသင်္ဂဟအပေါင်းတို့ သွားရောက်ကြပြီး ၄င်းတို့ အလောင်းများကို ကိစ္စပြီးစီးအောင် ၀ိုင်းဝန်းကူညီလျက် ဆောင်ရွက်ပေးကြကြောင်း။

ဦးစိန်တင်၏ ဇနီးသည်အား သစ်တောဝန်ထောက် ဦးကံတရားက သွားရောက်ပြီး ကန့်ဘလူသို့ ပြောင်းရွှေ့နေထိုင်ရန် ခေါ်ဆောင်သော်လည်း ကန့်ဘလူမြို့တော့ဖြင့် မလိုက်ပါရစေနှင့်တော့၊ ရန်ကုန်ကိုသာ ပြန်ချင်ကြောင်းကို သနားစဖွယ် ပြောကြားလိုက်ကြောင်း။ ထိုကဲ့သို့ အရာရှိများကို သတ်ပြီး ပစ္စည်းများကို တိုက်ယူသွားသော ဓါးပြဗိုလ်သက်ထွန်းတို့ ဓါးပြသတင်းအား ဖမ်းဆီးရမိအောင် ဦးထွန်းလှအောင်နှင့် ဦးခင်ဖေတို့က ကြိုးစားရှာဖွေနေကြောင်း။

သိပ္ပံမောင်ဝသည် ကွယ်လွန်ချိန်၌ အသက် ၄၃ နှစ် အရွယ်မျှသာ ရှိလေသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ကွယ်လွန်သောအခါ သိပ္ပံမောင်ဝက ဆရာ့အား နောင်အနှစ် နှစ်ဆယ် နေစေချင် သေးသည်ဟု တမ်းတခဲ့သည်။ ဦးမောင်ကြီးသည် ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ်ရှိနေပြီ။ အသက် ၄၀ ကျော် အရွယ်ကလေးတွင် ကွယ်လွန်သွားရှာသော သိပ္ပံမောင်ဝအတွက် ကျွန်တော်တို့ မည်သို့ တမ်းတရပါမည်နည်း။
မင်းယုဝေ

( အောက်စ်ဖို့ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း ၊ သိပ္ပံမောင်ဝ ၊ စတုတ္ထအကြိမ် ပုံနှိပ်ခြင်း ၊ တကောင်းစာအုပ်တိုက် ၊ စာမျက်နှာ ၁၈-၁၉ )

ကျွန်တော်သည် သူ၏ နောက်ဆုံး နေ့စဉ်မှတ်တမ်း စာမျက်နှာကို မရေမတွက်နိုင်အောင် ဖတ်နေမိသည်။ ဖတ်တိုင်း နောက်တစ်နေ့အကြောင်း မသိနိုင်သေးသည့် သူ၏ ယနေ့ည မျှော်လင့်မှုများအတွက် ရင်နင့်နေသည်။ သူ၏ နောက်ဆုံးစာမျက်နှာကို ဖတ်နေရင်းမှ ကျွန်တော်၏ မနက်ဖြန်အကြောင်းကို တွေးနေမိသည်။ မနက်ဖြန် အကြောင်းကို သေသေချာချာ မသိသေးသည့်အတွက် သည်ကနေ့ညမှာ ကျွန်တော်တို့ ဘာမဆိုကို မျှော်လင့်နိုင်ပါသေးသည်။

စောသက်လင်း
* * * * * * * * * *

မကြာမီ ....... ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၄ ။ ( ဘုံဘ၀မှာဖြင့် - သခင်တင်မြ )
                  ဖတ်မိဖတ်ရာ ... သခင်အောင်ဆန်းနှင့် ၀ါးလုံးအတွင်း နေရာယူကြပါ။

* * * * * * * * * *