12.9.10

စောသက်လင်း ၊ ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၃

ဆရာမ ဂျူး ၏ ပင်လယ်နှင့်တူသော မိန်းမများ ဝတ္ထုသည် ကျွန်တော် နှစ်သက်သော မြန်မာ ဝတ္ထုရှည်များစာရင်းထဲတွင် ထိပ်ဆုံးမှ ပါဝင်ပါသည်။ ဆရာမ၏ ဝတ္ထုရှည်များထဲတွင် ကျွန်တော် အနှစ်သက်ဆုံး တစ်ပုဒ် လည်းဖြစ်သည်။ ဝတ္ထုဖန်တီးမှု အနုပညာအရရော ၊ ဝတ္ထုရေးသားခြင်း အတတ်ပညာအရရော ကျွန်တော် လေးစားသည့် မြန်မာဝတ္ထုရှည် တစ်ပုဒ် ဖြစ်ပါသည်။

ဤဝတ္ထုသည် ၁၉၉၆ ခုနှစ် နှစ်လယ်လောက်တွင် ထွက်ရှိခဲ့ပါသည်။ ကျွန်တော် ပထမနှစ်အပြီး တက္ကသိုလ်ကျောင်းပိတ်ရက်များတွင် ဖတ်ခဲ့ရသည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာ ဒုတိယနှစ် ကျောင်းပြန်အဖွင့်တွင် ဤဝတ္ထုသည် ကျွန်တော်တို့ သူငယ်ချင်းများအကြား ဆွေးနွေးငြင်းခုံခဲ့ကြသည့် ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းတတွေ သမိုင်းကျောင်းဝင်း ပုပ္ပါးဆောင်ရှေ့ ဗန်ဒါပင်အောက်ရှိ သစ်သားခုံတန်းလျားပေါ် ခြင်ကိုက်ခံထိုင်ပြီး ဤဝတ္ထုထဲမှာ ကျဆုံးသွားခဲ့သည့် အိမ်စိုးမေအကြောင်း ငြင်းခုံခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၇ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အထိမ်းအမှတ် ခန်းမ ဖွင့်ပွဲအပြီး တစ်ပတ်လောက်အကြာမှာတော့ တက္ကသိုလ်ကျောင်းများ ပိတ်သွားပါတော့သည်။ ကျွန်တော်တို့တတွေလည်း နယ်သို့ပြန်သွားခဲ့ကြရပြီး ထူးအိမ်သင်၏ ဂျပ်ဆင်ထိပ်က လရိပ်ပြာ ကို နားထောင်ရင်း အချိန်ဖြုန်းခဲ့ကြရသည်။

၁၉၉၇ ဒီဇင်ဘာတွင် ကျွန်တော်သည် ကုမ္ပဏီတစ်ခု၏ လမ်းဆောက်လုပ်ရေး စီမံကိန်းတစ်ခုတွင် အလုပ် လုပ်ပါသည်။ မိုင် ၇၀ လောက် ရှည်သည့် လမ်းတွင် ဟိုစခန်း သည်စခန်း ပြောင်းရွေ့ နေကြရသည်။ ကျွန်တော့် အိပ်ရာလိပ်ထဲတွင် စာအုပ် ၃၊ ၄ အုပ် အမြဲရှိခဲ့သည်။ ဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ စကားပြေ သဘောတရား စကားပြေအတတ်ပညာ၊ ဆရာကျော်အောင် ဘာသာပြန်သည့် ကမ္ဘာ့ ဂန္ထဝင် တစ်ဆယ် (မူရင်း - အင်္ဂလိပ် စာရေးဆရာ William Somerset Maugham ၏ Ten novels and their authors) ၊ ဆရာမ ဂျူး ၏ ပင်လယ်နှင့်တူသော မိန်းမများ။ ထိုအချိန်က ကတ္တရာလမ်းဘေး ကျောက်ပုံပေါ်တွင် ထိုင်ရင်း ကျွန်တော် အခေါက်ခေါက် ဖတ်ခဲ့သော စာအုပ်များဖြစ်ပါသည်။ အခြား ဖတ်စရာဟူ၍လည်းမရှိ။

၁၉၉၉ ဒီဇင်ဘာတွင် တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်သောအခါ ကျွန်တော်တို့တတွေ ပြည်မြို့သို့ ပြောင်းရွေ့ကြရသည်။ ကျွန်တော်အတွက်တော့ ဧရာဝတီမြစ်နှင့် နီးနီးကပ်ကပ် ခင်မင်ခွင့် ရသွားခဲ့ပါသည်။

အခုချိန် ဧရာဝတီမြစ်နှင့်ဝေးရာ မိုင်ပေါင်းများစွာမှာ ဘ၀ကို သက်သာသလို လှော်ခတ်နေရင်းမှ  ဧရာဝတီ ကိုချစ်တယ် ဟုပြောရတာ မျက်နှာပူဖို့တော့ ကောင်းလှသည်။ ဧရာဝတီကတော့ ကျွန်တော်ကို စာနာ ခွင့်လွှတ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ကျွန်တော်သည် ဧရာဝတီမြစ်ကို ကမ်းစပ်ထိ ဆင်း၍ မြစ်ရေနှင့် ထိတွေ့ခဲ့ဖူးသည့် နေရာများကို စဉ်းစား ကြည့်သည်။  မြစ်ညာမှစ၍ စုန်ဆင်းလျှင် တကောင်း ၊ တွင်းငယ် ၊ စပယ်နဂို ၊ သပိတ်ကျင်း။   ဧရာဝတီမြစ်အထက်ဆိုလျှင် တကောင်းအထိသာရောက်ဖူးသည်။ ထို့နောက် မင်းကွန်း၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရတ၀ိုက်။ ဆက်ဆင်းလျှင် ပခုက္ကူ၊ လက်ပင်ခြေပေါ်၊ ပုဂံ ညောင်ဦး၊ စလေ။ ရေနံချောင်း၊ သံကိုင်း၊ မကွေး၊ အောင်လံ၊ ပြည်၊ ထုံးဘို ၊ ဇလွန်၊ ဟင်္သာတ။ ရှေ့ဆက်အောက်ပိုင်းကိုတော့ မရောက်ဖူးတော့ပါ။ ဧရာဝတီမြစ်ကမ်းတိုင်းသည် ကျွန်တော်ကို မိန်းမော တွေးငေးသွားအောင် ပြုစားသွားစမြဲဖြစ်သည်။

ကျွန်တော် ပြည်မြို့သို့ ရောက်ရှိပြီး မေဂျာတူ သူငယ်ချင်း နှစ်ယောက်နှင့် စာပေကို အကြောင်းပြု၍ တွဲမိ သွားသည်။ တစ်ယောက်က ရေနံချောင်းမြို့မှ ဖြစ်ပြီး တစ်ယောက်က ရေနံချောင်းမြို့တဘက်ကမ်း သူဌေးကုန်းရွာမှ ဖြစ်သည်။ ဤသူငယ်ချင်း နှစ်ယောက်ကို အကြောင်းပြု၍ ပင်လယ်နှင့်တူသော မိန်းမများ ဝတ္ထု ဇာတ်အိမ်တည်ရာ နေရာများသို့ ကျွန်တော်၏ လေ့လာရေးခရီး စတင်ပါတော့သည်။

၂၀၀၁ ခုနှစ် အောက်တိုဘာလ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျွန်တော်တို့ သူငယ်ချင်း တတိုက်  စွယ်တော်ဖူးလိုင်းကားဖြင့်ပြည်မြို့မှ သစ်ရာကောက်ရွာ၊ထိုမှ မကွေးမြို့ရှိ သူငယ်ချင်းများအိမ်သို့  သွားလည်ကြသည်။ မြေလတ်ဒေသ မြင်ကွင်းများသည် ကဗျာများနှင့်တူသည်။ မြေကို ထိုးဖြဲထားသည့် ယာခင်းများသည် စုတ်ချက်ကြမ်းသည် ဆီဆေးပန်းချီကားများနှင့်တူသည်။ ပဲစင်းငုံခင်းများကို ဖြတ်သန်းလာသည့် သီတင်းကျွတ်လ၏ နံနက်ခင်းလေသည် ခြည်စောင်ကြားကို ရေခဲဓါးအလား ထိုးခွဲဝင်ရောက်လာသည်။ မြေလတ်သူ မြေလတ်သားများ အလိုလိုနေရင်း ကဗျာဆရာများ ဖြစ်နေသည်မှာ ဤဒေသ၏ ရှုခင်းများကြောင့် ဖြစ်မည်ထင်သည်။ ကံပြားရွာသား သူငယ်ချင်းအိမ်သို့လည်း သွားလည်ကြသည်။ မကွေးမြို့ GTC မှာ ဆောက်လုပ်ဆဲဖြစ်သည် ။ ကျောင်းရှေ့ ရေကန်ကြီးမှာ သဘာဝအတိုင်းရှိသေးသည်။ အသားညိုညို ကံပြားသူများသည်လည်း ခင်မင်ချင်စရာ ကောင်းလှသည်။ မကွေးမြို့၏ မန္တလေးရမ်ညများမှာလည်း ခါတိုင်းထက် ပိုမှောင်လွန်းသည်။

မကွေးမြို့မှ ရေနံချောင်းမြို့ ရောက်သည့်နေ့တွင် တမြို့လုံးလျှောက်လည်ကြသည်။ စနေနံဘုရား၊ ကျောက်စာရုံ၊ ကုန်းရိုးကလေးများ၊ သဲချောင်းများ၊ရေနံစင်ကြီးများ....။ မြင်ကွင်းများသည် ဆရာမ ဂျူး ၏ စာများထဲမှ ရှုခင်းများဖြစ်ကြသည်။ ဆရာမ ဂျူး ၏ ပထမဆုံး ပုံနှိပ် စာမူဖြစ်သည့် ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုထဲမှ ဇာတ်ဝင်ခန်းနေရာ ဖူးစာကုန်းသို့လည်း ရောက်ခဲ့သည်။ မိုးရေစားမြောင်း အပြိုင်းပြိုင်းဖြင့် ဖူးစာကုန်းကမ်းပါးသည် မတ်စောက်လှ၏။ ရေနံချောင်းမြို့ ညောင်လှဆိပ်ကမ်းမှ ဧရာဝတီ မြစ် တဘက်ကမ်းရှိ သူဌေးကုန်းရွာသို့ ကူးခဲ့ကြသည်။ သူဌေးကုန်းရွာသည် ဧရာဝတီမြစ်နှင့် မုန်းချောင်း ဆုံတွေ့သည့် နေရာ အထက်နားလေးတွင် ရှိပါသည်။

ဝတ္ထုထဲတွင် စိတ်ဖြင့်ရင်းနှီးခဲ့သော နေရာများသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းသည် ရင်ခုန်စရာ ကောင်းပါသည်။

နောက်နေ့နံနက် ကျွန်တော်တို့ သူငယ်ချင်း ၃ ယောက် စက်ဘီးကိုယ်စီဖြင့် လယ်ကန်သင်းရိုးများပေါ်ဖြတ်၍ သံကိုင်းဆိပ်ကမ်းသို့ သွားကြသည်။ တစ်နာရီခန့် နင်းရပါသည်။ လယ်များ ရိတ်သိမ်းပြီးကာစ ဖြစ်သည်။ ကောက်ရိုးစိမ်းရနံ့များ သင်းပျံ့နေသည်။ တချို့နေရာများတွင် ဧရာဝတီ နံဘေးမှကပ်၍ နင်းရသည်။ ကြက်သွန်နီများကို မြစ်ရေတင်၍ တပိုင်တနိုင် စိုက်ပျိုးနေကြသည်။ ကျွန်တော်တို့တတွေ လူပြတ်သည့် နေရာများတွင် သံကုန်အော်ဟစ်ကြ၏။

ကျွန်တော်တို့ သံကိုင်းဆိပ်သို့ ရောက်သောအချိန်သည် နံနက် ၈ နာရီခန့်ရှိပြီ။ မော်တော်နှင့် လှေအချို့တို့ ဆိုက်ကပ်လာကြပြီး အချို့က ထွက်ခွါဖို့ ပြင်ဆင်နေကြသည်။ ဆိပ်ကမ်းတွင် လူသူစည်ကားနေ၏။ မြစ်ရေသည် ကမ်းပါးအောက်ဘက် အတော်ဝေးဝေးတွင် စီးဆင်းနေသည်။ ဆိပ်ကမ်းသည် သာမန်သာဖြစ်သည်။  ဧရာဝတီမြစ်နံဘေး နေရာတိုင်းတွင် တွေ့နိုင်သည့် ပုံမှန် ဆိပ်ကမ်း မျိုးပင်ဖြစ်၏။ သံကိုင်းဆိပ်ကမ်းသည် ရေနံချောင်းမြို့ မြစ်တဘက်ကမ်း မျက်စောင်းမထိုးတထိုး လောက် တွင်ရှိသည်။ ကျွန်တော်တွင် ရည်ညွန်းစရာ ဓါတ်ပုံများ မရှိသဖြင့် Google Earth မှ ပုံများဖြင့်သာ ညွန်းလို ပါသည်။

ဝတ္ထုကို သံကိုင်းဆိပ်ကမ်းတွင် စတင်သလို ၊ အဆုံးလည်း သည်နေရာမှာပင်။ ဟင်္သာသည် သူ၏ သား နှင့် သမီးကို သံကိုင်းမော်တော်ဆိပ်တွင် လာကြိုသည့် အခန်းဖြင့် ဝတ္ထုစတင်သလို၊ မြစ်အတွင်း သွားလာဖို့ စပ်ထားသည့်လှေငယ်ဖြင့် ပင်လယ်တွင်းသို့ ဟင်္သာ ထွက်ခွာသွားသည့်အခန်းဖြင့် ဝတ္ထုကို အဆုံး သတ်ခဲ့ပါသည်။ ဟင်္သာ နှင့် အိမ်စိုးမေ တို့ စတင်တွေ့ဆုံသည့် နေရာမှာလည်း သံကိုင်းဆိပ်ကမ်းသို့ ကူးလာ သည့် ကူးတို့လှေပေါ်တွင် ဖြစ်သည်။ လှေပေါ်မှ အဆင်းတွင် အိမ်စိုးမေ က ဟင်္သာကို မေး၏။

''အယ် ... နေဦး၊ ခဏနေဦး ကောင်လေး''
ကောင်မလေး၏ အသံကြောင့် သူ တုံ့ခနဲ ရပ်သွား၏။ ကောင်မလေး သူ့ထံ လျှောက်လာသည်။ ပန်းနုရောင် ဂါဝန်ကလေးသည် မြစ်ပြင်မှ ဖြတ်တိုက်လာသော လေဖြင့် အနားများ ဖားဖားလွင့်လျက် ရှိသည်။ ကောင်မလေး၏ စူးရှသော မျက်ဝန်းများ အနည်းငယ်မျှပင် မပြုံးပါ။ နီထွေးပါးလျားသော နှုတ်ခမ်းများသည် သူ မြင်ဖူးသည့် ကော်ပတ်ရုပ်လှလှလေး၏ နှုတ်ခမ်းလို ကော့၍ စိုလက်နေသည်။
''နင့်ကို မေးခွန်းတစ်ခု မေးမလို့၊ နင် တို့ဗမာအစည်းအရုံးဆိုတာ သိလား''
''ခင်ဗျာ ....''
သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ''မသိဘူး၊ အဲဒါက ဘယ်မှာလဲ'' ကောင်မလေးသည် သူ့ကို ခြေဆုံး ခေါင်းဆုံး ဟန်ပါပါ တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်အောက်မှာ သူ့ ကိုယ်ခန္ဓာ ကြုံ့ဝင်သွား၏။

ဧရာဝတီမြစ်ကမ်းနံဘေးရှိ သံကိုင်းမော်တော်ဆိပ်
သံကိုင်းဆိပ် ထနောင်းပင်အောက်ရှိ အညာမုန့်ဟင်းခါးမှာ စားကောင်းလှသည်။ အညာမုန့်ဟင်းခါးသည် အောက်ပြည်မုန့်ဟင်းခါးနှင့် မတူ၊ ပဲကို အခြေခံသည့် မုန့်ဟင်းရည်ဖြစ်သည်။ သံကိုင်းဆိပ်ကမ်းမှ ကုန်းစောင်းရွာသို့ ခရီးဆက်ကြသည်။ မြင်းလှည်းများသာ အဓိက အသုံးပြုသည့် လမ်းလိုဖြစ်နေသည်။ ပြင်ပမှလမ်းသည် ဝတ္ထုထဲမှ လမ်းလို ကြမ်းတမ်းနေဆဲ။ အချို့ လယ်ကွင်းများမှာ ရိတ်သိမ်းနေကြသည်။ လမ်းဘေးနှစ်ဘက်မှ ထနောင်းပင်များမှာလည်း ဝတ္ထုထဲကလိုပင်အစီအရီ။ ရေမြောင်းများထဲတွင် ရေခမ်းခြောက်စပြုနေပြီ။

သံကိုင်းမော်တော်ဆိပ် နှင့် ကုန်းစောင်းရွာကို ဆက်သွယ်ထားသည့် ထနောင်းပင်များ ဘေးနှစ်ဘက် ခြံရံထားသော ကျောက်လမ်း

ဆရာမ ဂျူး က ဝတ္ထုမှာ လမ်းအကြောင်းကို ဤသို့ ရေးထားသည်။

".........ကုန်းစောင်း နှင့် သံကိုင်း အကြားကလမ်းသည် လမ်းခင်းသည့် ကျောက်တုံးကြီးများပင် အစီအရီ ပေါ်နေ လောက်အောင် ဟောင်းနွမ်းပြီး ချိင့်ခွက်များ များပြားစွာ အိုဟောင်းနေသည့် လမ်းဖြစ်သောကြောင့် မြင်းလှည်း နှင့် ခရီးသွားရတာ အလွန် ကြမ်းတမ်း လှသည်။ ကျောက်တုံးများပေါ် မှ ဘီးဖြတ်နင်းတိုင်း မြင်းလှည်း အိမ် သည် လှုပ်ခါဆောင့်ယမ်းလျက် ထိုင်ရသည့် ခရီးသည်မှာ ကိုယ်ခန္ဓာအဆစ်တွေ ပြုတ်ထွက် သွားပြီဟု ထင်ရမတတ် နာကျင်စေသည်။....."
" .........လမ်းဘေးဝဲယာတွင် ထနောင်းပင်များ စီတန်းလျက်ရှိသည်။ ထနောင်းပင်တွေ၏ အလွန်မှာတော့ မှည့်ဝင်းလျက်ရှိသည့် စပါးနှံများဖြင့် လှပသော လယ်ကွက်များ....။ ညွတ်ကျနေသည့် စပါးနှံများသည် လေဖြင့်ခပ်ငိုက်ငိုက် ယိမ်းနွဲ့နေကြသည်။......"

ကုန်းစောင်းရွာ ( ရေမြောင်းတာဘောင်ကြီးက ရွာကို ဖြတ်သန်းသွားခဲ့သည် )

ကုန်းစောင်းရွာသည် စာရေးဆရာ နေ၀င်းမြင့်၏ မွေးရပ်မြေ ဇာတိလည်း ဖြစ်ပါသည်။ ဆရာငယ်ရွယ်စဉ်က ကုန်းစောင်းရွာတွင် ပညာသင်ကြားခဲ့သည်။ ဤရွာမှပင် စာပေနှင့် ရင်းနှီးခဲ့သည်ဟု မဂ္ဂဇင်း အင်တာဗျူး တစ်ခုတွင် ဖတ်ခဲ့ဖူးသည်။ ကုန်းစောင်းရွာကို ဖြတ်သွားခဲ့သည့် ရေမြောင်းမှာ ဝတ္ထုထဲရော ပြင်ပမှာပါ ထင်ရှားသည့် နေရာဖြစ်ပါသည်။  ဝတ္ထုထဲတွင်...".......... တလင်းပြင်၏ တစ်ဖက်က မြောင်းပေါင်ပေါ်တွင် ကြီးမားသော သရပ်ပင်တန်းသည် အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းညို့ ငြိမ်သက်နေ၏။ ဤပတ်ဝန်းကျင်၏ တစ်ခုတည်းသောအသံမှာ မြောင်းကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ပင် ဖြစ်သည်။ ........"    "......... ဤရေမြောင်းကြီးသည် ကုန်းစောင်း၏ အသက်ဖြစ်သည်။ ကုန်းစောင်းအနီးတဝိုက်က လယ်ကွင်းများသည် ဤရေမြောင်းမှ ရေသွင်းယူ၍ ရှင်သန်ကြီးထွားကြရသည်။ ထို့အပြင် ဤရေမြောင်းသည် မမ အိမ်စိုးမေ နှစ်သက်သော အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။......... "

ကုန်းစောင်းဈေးမှာ လူစည်းကားနေသည်။ ဈေးအ၀င်ပေါက်နားက လက်ဖက်ရည်ဆိုင်၏ ကုက္ကိုပင်အောက် စားပွဲခုံမှာ ၀င်ထိုင်ကြသည်။ ကျွန်တော်သည် တစုံတယောက်ကို ရှာဖွေနေ၏။ တကယ်တော့ ကျွန်တော်စိတ်ကူး  ကြောင်နေသည်သာဖြစ်သည်။ ဝတ္ထုသည် ဝတ္ထုသာဖြစ်၍ လက်တွေ့လောကသည်သာ အစစ်အမှန် ဖြစ်သည်။

ကျွန်တော်တို့ သူငယ်ချင်း၏ အဒေါ်အိမ်သို့ သွားလည်ကြသည်။ သူငယ်ချင်းက ဆွေမျိုးများနှင့် စကားပြောနေစဉ် ကျွန်တော်သည် ရေမြောင်းတာဘောင်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ သစ်ပင်တန်းကြီးသည် ရေမြောင်းဘောင်ကို အရိပ်ထိုး လွှမ်းမိုးထား၏။ ရေမြောင်းဘောင် တဘက်ခြမ်းရှိ စပါးစက်ြကီးမှ မီးခိုးများ ထွက်နေသည်။ ရေသည် သီတင်းကျွတ်လနှင့် မလိုက်ဖက်အောင် မြောင်းထဲတွင် အရှိန်ဖြင့် စီးဆင်းနေ၏။ ဆည်ရေလွှတ်နေခြင်းဖြစ်မည်။

ကျွန်တော်သည် ဝတ္ထုအကြောင်း စဉ်းစားနေမိသည်။ ဝတ္ထုသည် သာမန်ဇာတ်လမ်းသာ ဖြစ်၏။ ငွေအိမ်၊ အိမ်စိုးမေ၊ ငွေအိမ်စံ အမျိုးသမီး ၃ ဦး အကြောင်း၊ ထိုအမျိုးသမီး ၃ ဦးက မိမိတို့ဆိုင်ရာခေတ်ကို  ဖြတ်သန်း ကြသည့်အခါမှာ စိတ်ဝင်စားစရာများဖြစ်လာသည်။ ခေတ်က လူတို့၏ အတွေးအခေါ်များကို ပြောင်းလဲ စေသလား ၊  လူတို့၏ အတွေးအခေါ်များက ခေတ်ကို ပြောင်းလဲစေသလား။ နှစ်ခုစလုံးကတော့ ပြောင်းလဲ နေကြသည်။ ဝတ္ထုထဲတွင် အမျိုးသမီး ၃ ဦးက သူတို့၏ ခေတ်ကို ထင်ဟပ်စေသည့် စကားများကို ပြောခဲ့ကြသည်။ ကျွန်တော် အကြိုက်ဆုံးမှာ ဆိုရှယ်လစ်ခေတ်တွင် ငွေအိမ်စံ ပြောခဲ့သည့်စကားဖြစ်သည်။

''ဘဘကလဲ အိမ့်ကို တစ်ခါပြောဖူးတယ် ဖေဖေ၊ ငွေအိမ်စံဟာ အဘွားတွေ အမေတွေနဲ့ နည်းနည်းမှ မတူဘူးတဲ့''  သမီး၏အပြုံးက လျော့တိလျော့ရဲကလေး ...။ သမီး၏မျက်ဝန်းများမှာ ခေါင်းမာမှုနှင့် နာကျင်မှုကို တွေ့ရ၏။          ''ဘဘ   ဆိုလိုချင်တာကို အိမ် သိပါတယ်။ ဘွားဘွားကလဲ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ဖို့ တက်ကြွတဲ့ မျိုးချစ်စိတ်နဲ့ကြီးပြင်းခဲ့တယ်၊ မေမေကလဲ ဂျပန်ခေတ်မှာ ဂျပန်ကို တော်လှန်ဖို့ တက်ကြွတဲ့ မျိုးချစ်စိတ်နဲ့ ကြီးပြင်းခဲ့တယ်။ အိမ်က ဘာတော်လှန်ရမှာလဲ၊ ဘာမျိုးချစ်စိတ်နဲ့ ဘာကို တော်လှန်ရမှာလဲ ဖေဖေ'' ကျွန်တော် စကားဆွံ့အသွားကာ သမီး၏ လက်ဖျားကလေးတစ်ဖက်ကို ခပ်ဖွဖွဆုပ်မိသည်။

တိုက်ပွဲအတွင်း အိမ်စိုးမေ ကျည်သင့်၍ ကျဆုံးခါနီး ဟင်္သာကို ''ရဲဘော်၊ ဝပ်လေ .... ဝပ်နေ'' ဟု ကိုယ်နှင့် ကာကွယ်ရင်း ပြောခဲ့သောစကားသည် ကျွန်တော်ကို နှစ်ပေါင်းများစွာ ယနေ့တိုင် အဖြေမရအောင် တွေးတော စေခဲ့ပါသည်။ ဇနီးက ခင်ပွန်းကို အန္တရာယ်သင့်ခါနီးမှာ ရဲဘော် ဟု အော်ဟစ်သွားခဲ့ခြင်းသည် တော်လှန်ရေးကြောင့်လား၊ အိမ်စိုးမေမို့လို့လား။

ပင်လယ်နှင့်တူသောမိန်းမများ ဝတ္ထုနှင့် ပတ်သက်၍ ကျွန်တော်မှာ ပြောစရာတွေ အများကြီးရှိသလို ရုပ်ရှင် ဖြစ်သည့် တစ်ခါကဧရာဝတီညများနှင့် ပတ်သက်၍လည်း ပြောစရာတွေ အများကြီးရှိသည်။ ဝတ္ထု ဖန်တီး သည့်အနုပညာနှင့် ရုပ်ရှင်ရိုက်ကူးသည့်အနုပညာကြားတွင် ကွာခြားမှုတွေရှိပါသည်။ထို့ကြောင့်ပင်လယ်နှင့် တူသောမိန်းမများ ပြောခဲ့ကြသည့် စကားလုံးများထက် တစ်ခါက ဧရာဝတီညများသည် မပြနိုင် ဖြစ်သွားခဲ့ရသည်။ လေးဖြူ သီဆိုခဲ့သည့် တစ်ခါကဧရာဝတီညများထဲမှ ရုပ်ရှင်သီချင်းကိုတော့ ကြိုက်သည်။ တေးရေးဆရာကို သိချင်သည်။ ( http://myanmarmp3album.com/2009/03/22/8264/ )


ကျွန်တော်တို့ မုန်းမြစ်ဆိပ်သို့ ဆက်သွားခဲ့ကြသည်။ မုန်းမြစ်သည်လည်း ဝတ္ထုထဲမှာ အဓိက ဇာတ်ဆောင် ဖြစ်ခဲ့သည်။ မုန်းမြစ်သည် ဧရာဝတီမြစ်အတွင်း စီးဝင်ခါနီး တတ်နိုင်သလောက် ကွေ့ဝိုက် စီးဆင်းနေ၏။ မုန်းမြစ်သည် ကျွန်တော့်ရှေ့တွင် အရှိန်ဖြင့် စီးဆင်းနေသည်။  ၀ါးဖောင်တို့ မြစ်ပြင်ထဲ မျောပါသွားကြ၏။ မုန်းဆိပ်မှာ ကူးတို့လှေတစ်စီး ဆိုက်ထားသည်။


ကုန်းစောင်းရွာ ၊ လယ်ကွင်းများ နှင့် ကွေ့ဝိုက်နေသော မုန်းမြစ်

ဟင်္သာနှင့် အိမ်စိုးမေတို့ ဒုတိယအကြိမ် ပြန်လည် ဆုံတွေ့သည်မှာ မုန်းဆိပ် ကူးတို့လှေပေါ်မှာဖြစ်သည်။  
ဝတ္ထုထဲမှာ''အစ်မ သံကိုင်းဆိပ်မှာ ကျွန်တော့်ကို မေးခဲ့တဲ့ မေးခွန်းတွေ ကျွန်တော် ဖြေနိင်ပြီ အစ်မ၊ ထပ်မေးဦးမလား ဟင်'' သူက ဝါးလုံးဖြင့် ထိုးသွားပြီး မြစ်အထက်ဘက်သို့ လှေကို ဆန်သွား၏။

ကျွန်တော်တို့ ကူးတို့လှေပေါ်မှာတော့ ကျွန်တော်တို့ ၃ ဦးနှင့် လှေသမား အဘိုးကြီးသာပါသည်။ ကျွန်တော်တို့ မုန်းမြစ်ကိုကူး၍ ကျောင်းတော်ရာ ၊ ထိုမှ ပွင့်ဖြူမြို့သို့ ခရီးဆက်ကြဦးမည်။ မုန်းမြစ်တဘက် ကမ်းပါးသည် မတ်စောက်လှ၏။ ကျွန်တော်သည် မုန်းမြစ်ကို ငုံ့ပြီးငေးကြည့်နေသည်။

ကျွန်တော်၏ စိတ်ကူးမြင်ကွင်းထဲတွင် လှေတစ်စီး မုန်းမြစ်ပြင်၌ တိမ်လိုဘဲ အရှိန်ဖြင့် မျှောပါနေသည်။ ကမ်းပါးပေါ်တွင် မြင်းလှည်းတစ်စီး ဒုန်းစိုင်းပြေးနေ၏။ ပထမတော့ စိတ်စွဲလမ်းလွန်းလို့ မြင်ယောင်တာပဲဟု ထင်မိသည်။  ''မမ အိမ်စိုးမေ ....'' သူ့အသံ ကျယ်လောင်လွန်းသဖြင့် တိမ်တွေပင် လန့်ဖျပ်ကာ ပို၍လျင်မြန်စွာ ပြေးသွားလေသည်။ မမက ရုတ်ခြည်း လှည့်ကြည့်သည်။ မြင်းလှည်းကလည်း ပြေးနေဆဲ ... လှေကလည်း ပြေးနေဆဲ..... တိမ်တွေကလည်း ပြေးနေဆဲ...................။

* * * * * * * * *

၅။ ဘုံဘ၀မှာဖြင့် ၊ သခင်တင်မြ

မြေအောက်တော်လှန်ရေး ။ မြေအောက်တော်လှန်ရေး အသုံးအနှုန်းနှင့် ပတ်သက်၍ ကျွန်တော် ပထမဦးဆုံး ရင်းနှီးခဲ့သည်မှာ ငယ်စဉ် ကျောင်းစာထဲမှ ဖြစ်သည်။ ဟင်္သာတ ခရိုင်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်သောကြောင့် သခင်အောင်ဆန်းသည် တော်လှန်ရေးလုပ်ရန် မြေအောက်သို့လျှိုဝင် သွားလေသည်။  ဟာ...... မြေကြီးအောက်ကို ဘယ်လိုများ လျှိုဝင်သွားပါလိမ့်။ မြေကြီးအောက်မှာ ဘယ်လိုများ တော်လှန်ရေး လုပ်ကြမှာပါလိမ့်။ ကျွန်တော် ငယ်စဉ်က တွေးခဲ့ဖူးပါသည်။

( ဆက်ရန် )
---------------------------------------------------------------------------------------


မကြာမီ ....... စွန်လွတ်ခြင်း။
                  ကင်းဝန်မင်းကြီး ၊ botanical garden နှင့် သမိုင်းထဲမှာ ရပ်ပြီး မကျန်ရစ်ခဲ့တဲ့မြို.။

--------------------------------------------------------------------------------------

4 comments:

tu tu said...

အဘိုးရဲ့ ရေနံတွင်းတွေ မီးတက်ရှို့ခဲ့တဲ့ အိမ်စိုးမေကို မှတ်မိနေတယ်။
ဒါပေမဲ့ အဲဒီဝတ္ထုကိုစဉ်းစားမိတိုင်း မျက်စိထဲပြန်မြင်ယောင်တာက ငွေအိမ်၊ အိမ်စိုးမေ၊ ငွေစံအိမ် တစ်ယောက်မှ မဟုတ်ဘူး။ ဟသာင်္တို့သားအဖ မြင်းစီးကြတဲ့ ဇာတ်ဝင်ခန်း။ ဇာတ်လမ်းတစ်လျှောက်လုံး ဟသာင်္ကို နည်းနည်းမှ အထင်မကြီးခဲ့ပေမယ့်“ဒုန်းစိုင်းနေသောမြင်းတစ်ကောင်ရှေ့၌ မတ်မတ်ရပ်ခဲ့စဉ်က ကျွန်တော် ဘယ်လို ခံစားနေခဲ့ရသလဲဟု သား သဘောပေါက်သွားပါလိမ့်မည်” ဆိုတဲ့ ဟသာင်္ကို အဲဒီဇာတ်ဝင်ခန်းနဲ့အတူ မှတ်မိနေတယ်။

Min ZayYar said...

ကိုကြီး..ကျွန်တော်..ဘုံဘ၀မှာဖြင့်..ဖတ်ချင်တယ်.ရှိရင်.share ပေးပါ

tun said...

သီချင်းက မြင့်မိုးအောင် ရေးတာပါ။ သက်ရှီမြစ်တစ်စင်းတဲ့ ။ ကော်ပီ သီချင်းတစ်ပုဒ်ပါပဲ ။ အစော တော် တော် မှတ်မှတ်သားသားရှိတာပဲ ။ ဒိုင်ယာရီရေးထားတယ်ထင်တယ်။

kyaw than said...

ကျနော်ကတော့ နောက်ဆုံးက ကဗျာလေးကိုဘဲ
မှတ်မိတယ် ဘာတဲ့................

သူစိမ်း ဆိုတဲ့ ကဗျာလေးပါဘဲ

တိမ်တွေကိုဘဲ မြတ်နိုးတယ် ဆိုတဲ့ 
အပိုက်ကို အကြိုက်ဆုံးဘဲ.......။

Post a Comment