29.8.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၂

         လွန်ခဲ့သောနှစ်အတော်ကြာက ဆရာမြသန်းတင့်၏ ပင်ကိုယ်ရေးစာအုပ်တစ်အုပ်ကို ဖတ်ခဲ့ဖူးသည်။ ဆရာ့၏ ကျွန်တော် ဆက်၍ရေးချင်သောဝတ္ထုများ ဖြစ်သည်။ ပုံနှိပ်မှတ်တမ်းကို မမှတ်မိတော့ပါ။ စာပေ သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာများပါသော ဝတ္ထုဆောင်းပါးများဟု သတ်မှတ်လျှင် ရနိုင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ အခြားစာရေးဆရာတို့၏ ဝတ္ထုရှည်တစ်ချို့အား ဆက်လက်၍သာ ရေးသားခွင့် ရခဲ့ပါက ဤသို့ ဖန်တီးချင်ပါသည်ဟု ယူဆ၍ရသည့် တင်ဆက်ပုံမျိုးဖြင့် ဆရာ ဖန်တီး မှော်စွမ်း ပြခဲ့ခြင်း ဖြစ်သည်။ ဇာတ်သိမ်းသွားခဲ့ပြီးဖြစ်သည့် ဝတ္ထုများမှ ဇာတ်ကောင်တို့ကို ဆက်လက်ရှင်သန်ခွင့်ပေးခြင်းသည် စိတ်ဝင်စားဖို့ကောင်းပါသည်။ ကျွန်တော် နှစ်သက်စွဲလမ်း၍ ရှင်သန် စေချင်သည့် ဝတ္ထု ဇာတ်ကောင်များလည်း ရှိသည်။သူတို့ကိုကျွန်တော့် စိတ်ကူးထဲမှာ သိမ်းဆည်းထားသည်။

          ၁၉၃၆ မေလတွင် ထုတ်ဝေခဲ့သည့် Margaret Mitchell ၏ Gone with the wind ဝတ္ထုမှ Scarlett ကို ဆက်လက်ရှင်သန်စေချင်သည့် စာရေးဆရာများက နောက်ဆက်တွဲ ဇာတ်လမ်းလိုလိုဝတ္ထုများ ရေးသားဖို့ ကြိုးစားသည့် ဖြစ်ရပ်များ ရှိခဲ့သည်။ ဆရာမြသန်းတင့်၏ ထိုအကြောင်း ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးသည်။ ထိုဝတ္ထုများထဲမှ တစ်ပုဒ်ကို ဆရာမြသန်းတင့်က မဂ္ဂဇင်းတစ်စောင်တွင် အခန်းဆက် ဘာသာပြန်ခဲ့သည်။ စစချင်း ပထမပိုင်းကို ကျွန်တော် အတော်သဘောကျပြီး စောင့်ဖတ်ဖို့ ကြိုးစားခဲ့သည်။ နောက်တော့ မျက်ခြေပြတ်သွားသည်။ နောက်ပိုင်း သတင်း ဘာမှ မသိတော့။

          ဆရာမြသန်းတင့်ထံ အခွင့်ရခဲ့ပါက ပန်ကြားလိုသော ဆန္ဒတစ်ခုရှိပါသည်။ ဝတ္ထုထဲမှ ဇာတ်ကောင်
များကို ဆက်လက် ရေးသားခဲ့သလို သမိုင်းထဲမှ ဇာတ်ကောင်များကိုလည်း ဆက်လက် ရှင်သန်စေချင်
ပါသည်။ သမိုင်းသည် ဘယ်တော့မှ မပြီးဆုံးနိုင်သော ပြဇာတ်ကြီးနှင့်တူသည်။ ပြဇာတ်အခန်းတိုင်းသည် ပြည်ဖုံးကား ချလိုက်သည်နှင့် သမိုင်းဖြစ်သွားတော့သည်။ အချို့ ဇာတ်ကောင်တို့မှာ စောစီးစွာ ကန်လန့်ကာနောက်ရောက်သွားကြသည်။ အချို့က အခန်းတိုင်းမှာ မဆုံးနိုင်သော တေးသံများဖြင့် ကလို့
ကောင်းနေကြဆဲ။ အချို့ဇာတ်ကောင်တို့ စောစီးစွာ ကျဆုံးသွားကြသည်။ အချို့တို့ ချစ်ခင်ခြင်းခံရသည်။ အချို့ မုန်းတီးခြင်း ခံရသည်။

         ဘာပဲပြောပြော ကျွန်တော်တို့ရင်ထဲမှာ ပြန်ပြီးရှင်သန်လာစေချင်သည့် သမိုင်းထဲမှ ဇာတ်ကောင်များ
ရှိပါသည်။ ဘယ်တော့မှ မရှင်သန်စေချင်တော့သည့် ဇာတ်ကောင်များလည်း သမိုင်းမှာရှိသည်။ တချိန်ကျရင်တော့ ကျွန်တော်တို့ရင်ထဲမှ သမိုင်းဇာတ်ကောင်များ ရှင်သန်လာမည့်အကြောင်း ပြောပြခွင့်ရမည်ထင်ပါသည်။ ထိုသို့ ပြောပြခွင့်ရဖို့ ပြန်ပြီးရှင်သန်လာစေချင်သည့် စာရေးဆရာများ လိုအပ်ပါလိမ့်မည်။

* * * * * * * * * *

၃။ သန်းခေါင်ယံ လွတ်လပ်ရေး ၊ မောင်ပေါ်ထွန်း
        
       အမေရိကန်စာရေးဆရာ Larry Collins နှင့် ပြင်သစ်စာရေးဆရာ Dominique Lapierre တို့ပူးတွဲ ရေးသားခဲ့သော Freedom at Midnight စာအုပ်ကို ဆရာ မောင်ပေါ်ထွန်းက မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ ဟူ၍ ဘာသာပြန် ထားခြင်း ဖြစ်သည်။ စာအုပ်အကြောင်းအရာများက မောင့်ဘက်တန် အကြောင်း နှင့် အိန္ဒိယတိုက်၏ လွတ်လပ်ရေး တိုက်ပွဲ အကြောင်းထက် ပိုမို ကျယ်ပြန့်ပါသည်။ အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံတို့၏ အိန္ဒိယတိုက်မှ သွေးလွှမ်းသည့် ခွဲထွက်မှုအကြောင်း ကို သိနိုင်ပါသည်။ အိန္ဒိယတိုက်ရှိ ဆင်းရဲသားနင်းပြားတို့၏ ဘ၀များ၊ ယခုထက်တိုင် ဖြေရှင်းမရသေးသည့် ကက်ရှ်မီးယား ပြဿနာ၊ ရှေ့နေပေါက်စဘ၀ မှ လုပ်ကြံခံရသည်အထိ ဂန္ဒီ အကြောင်း၊ မဟာရာဇာများ ..... ဤ စာအုပ်မှ အိန္ဒိယတိုက်၏ အကြောင်းအရာပေါင်းများစွာကို ကျွန်တော်တို့အား အသိပေးပါသည်။ ကြီးမားကျယ်ပြန့်သည့် သမိုင်းကို စာဖတ်သူများအား စာအုပ် တစ်အုပ်တည်းဖြင့် အတော်အတန် သိစေနိုင်ပါသည်။


Nehru & Gandhi


        အိန္ဒိယတိုက်ရှိ ဟိန္ဒူလူမျိုးများနှင့် မွတ်စလင်ဘာသာကိုးကွယ်သူလူမျိုးများတို့၏ စေ့စပ်မရနိုင်သော ပြဿနာများနှင့် တောင်းဆိုမှုများကြောင့် ဗြိတိသျှတို့က နိုင်ငံ ၂ ခု ခွဲဖို့ ပြင်ဆင်ပါသည်။ အိန္ဒိယတိုက်သို့ တစ်ခါမှ မရောက်ဖူးသော အင်္ဂလန်ရှေ့နေများက လန်ဒန်ရှိ စားပွဲပေါ်မှ အိန္ဒိယတိုက်မြေပုံပေါ်သို့ မျဉ်း တစ် ကြောင်းဆွဲချလိုက်သည်။ ဤသို့ဖြင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့၏ နယ်နိမိတ်မျဉ်းဖြစ်ပေါ်လာသည်။ သားက တစ်နိုင်ငံ အမေက တစ်နိုင်ငံ ၊ စာသင်ကျောင်းများက တစ်နိုင်ငံ ကျောင်းသားများက တစ်နိုင်ငံ ၊ စက်ရုံများက တစ်နိုင်ငံ ကုန်ကြမ်းစိုက်ခင်းများက တစ်နိုင်ငံ ။ သမိုင်းကို ဇွတ်အတင်း ရေးဆွဲပြစ်လိုက်သည်။ စာအုပ်ဖတ်ရင်းမှ အိန္ဒိယတိုက်ရှိ ဆင်းရဲသားနင်းပြားတို့၏ ငိုကြွေးသံများကို ကြားနိုင်ပါသည်။

    နယ်ချဲ့ကိုတော်လှန်စဉ်က ဂန္ဒီနောက်သို့ ကောက်ကောက်ပါလိုက်ခဲ့သည့် အိန္ဒိယပြည်သူလူထုကြီးသည် လွတ်လပ်ရေးရခါနီးတော့ ဟိန္ဒူလူမျိုးများ၊ မွတ်စလင်ဘာသာကိုးကွယ်သူများ ဖြစ်ကုန်ကြသည်။ အနိုင်ကျင့်မှုများ၊  သွေးကြွေးဆပ်မှုများ၊ သွေးပင်လယ်များ ဖြစ်ပေါ်လာသည်။ ဂန္ဒီကြီး စိတ်ပျက်ပြီး ဟိန္ဒူ-မွတ်စလင် ညီညွတ်ရေး အတွက် အစာငတ်ခံ ဆန္ဒပြတော့သည်။ နောက်ဆုံး လုပ်ကြံခံလိုက်ရသည်။

     အိန္ဒိယနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် Jawaharlal nehru ၏ မွေးရပ်ဇာတိ ကက်ရှ်မီးယားပြည်နယ်မှ မြို့ကလေးသည် ပါကစ္စတန်တို့ ထိန်းချုပ်ရာသို့ ပါသွားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အုပ်ချုပ်သူ Muhammad Ali Jinnah ၏ မွေးရပ်ဇာတိမြို့ကလေးသည် အိန္ဒိယနိုင်ငံထဲမှာ ကျန်ရစ်ခဲ့သည်။ နေရူး နှင့် အလီဂျင်းနား တို့၏ နိုင်ငံရေး ကစားကွက်များမှာ စိတ်လှုပ်ရှားဖို့ကောင်းသည်။

        နိုင်ငံ ၂ ခု ခွဲရင်း ပစ္စည်းများကိုပါ ခွဲဝေကြသည်။ အိန္ဒိယဘုရင်ခံချုပ်ပိုင် မြင်းလှည်းကိုခွဲဝေသည့် ဗြိတိသျှ အရာရှိမှာ အကြံပိုင်သည်။ တစ်ခုတည်းသော မြင်းလှည်းဟွန်းကို အိန္ဒိယ နှင့် ပါကစ္စတန် ဆိုင်ရာ တို့က လုကြရင်း အငြင်းပွားကြသည်။ ဗြိတိသျှအရာရှိက သူယူမည်ဟုဆိုကာ ဆုံဖြတ်လိုက်တော့သည်။

        ဂန္ဒီကြီး ငယ်နုစဉ်က တစ်ခုသော နေ့လည်ခင်းတွင် အိပ်ခန်းအတွင်း၌ မယားဖြစ်သူနှင့် ကလူ ကြည် စယ်ရင်း ကြည်နူးနေသည်။ ထိုအချိန်တွင် သူ့ဖခင် သေဆုံးသည့် သတင်းကို လူတစ်ယောက်က လာပြော လေသည်။ အရှိန်ပြင်းသော စိတ်ခံစားမှုများကို တပြိုင်တည်းကြုံလိုက်ရသဖြင့် ဂန္ဒီကြီး ရှော့ ရသွားခဲ့သည်။ သူပျော်ရွှင်နေသည့် အချိန်တွင် သူချစ်ခင်ရသည့် ဖခင်သေဆုံးသွားခဲ့သည် ဟူသော စိတ်ခံစားမှုက ဂန္ဒီကြီးကို နှိပ်စက်လေတော့သည်။ ထိုအချိန်မှစ၍ ဂန္ဒီကြီးသည် အဗြဟ္မစရိယာ သိက္ခာပုဒ်ကို သေဆုံးသည် အထိ ကျင့်သုံးသွားခဲ့သည်။ ( ၀န်ကြီးချုပ်ဟောင်း ဦးနု သည်လည်း တချိန်က အဗြဟ္မစရိယာ သိက္ခာပုဒ်ကို ကျင့်သုံးသည်ဟု ကြားဖူးသည်။ အသေးစိတ်တော့ မသိပါ )

       ဤစာအုပ်သည် အရောင်အသွေး စုံလင်သည့် သမိုင်းပန်းချီကားများကို ထည့်ထားသည့် မှတ်တမ်းနှင့် တူသည်။ ဤစာအုပ်ကို ပူးတွဲ ရေးသားခဲ့သော စာရေးဆရာ နှစ်ဦး တို့၏ လက်ရာများမှာလည်း အံ့သြစရာ ကောင်းလှသည်။

      ယေးတက္ကသိုလ်ထွက် အမေရိကန်စာရေးဆရာ Larry Collins (၁၉၂၉ စက်တင်ဘာ ၁၄-၂၀၀၅ ဇွန်၂၀) နှင့် ပြင်သစ်စာရေးဆရာ Dominique Lapierre (၁၉၃၁) တို့သည် ပြင်သစ်နိုင်ငံ ပါရီမြို့ ကော်ဖီဆိုင် တစ်ခု တွင် တွေဆုံမိကြပြီး ရင်ခုန်သံ တူညီသည့် ဂျာနယ်လစ် သူငယ်ချင်းများဖြစ်သွားကြသည်။ ၁၉၆၅ တွင် သူတို့နှစ်ဦး ပူးတွဲ ရေးသားသည့် ပထမဆုံး စာအုပ် Is Paris Burning? ကို ထုတ်ဝေခဲ့သည်။ ကျွန်တော်သည် ဆရာမြသန်းတင့်၏ ပါရီကျဆုံးခန်း ဘာသာပြန်စာအုပ်ကို မဖတ်ဖူးပါ။ ထိုကြောင့် ပါရီကျဆုံးခန်း ၏ မူရင်း သည် Is Paris Burning? ဟုတ်၊ မဟုတ် မသိဖြစ်နေပါသည်။ ဟုတ်မည်လို့တော့ ထင်နေပါသည်။ Is Paris Burning? သည် ချက်ချင်းအောင်မြင်သွားခဲ့ပြီး ရုပ်ရှင်အဖြစ် ၁၉၆၆ တွင် ရိုက်ကူးခဲ့သည်။

        သမိုင်းဖြစ်ရပ်များကို ဂျာနယ်လစ်အတတ်ပညာဖြင့် ခပ်သွက်သွက်ရေးသားသည့် စာပေပုံစံသစ်သည် သူတို့၏ စတိုင်အဖြစ်ထင်ရှားလာခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၆၅ မှ ၂၀၀၅ အတွင်း စာအုပ် ၆အုပ်ကိုပူးတွဲ ရေးသားခဲ့သည်။ ၁၉၇၂ တွင် O Jerusalem ကို ထုတ်ဝေခဲ့သည်။ ဆရာကျော်အောင် ဘာသာပြန်ခဲ့သည့် အိုဂျေရုဆလင် ၏ မူရင်းဖြစ်သည်။ ဆရာကျော်အောင်သည် ထိုစာအုပ်ဖြင့် ၁၉၉၅ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ) ကို ရရှိခဲ့သည်။ ၁၉၇၅ တွင် Freedom at Midnight စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဆရာ မောင်ပေါ်ထွန်းက ဘာသာပြန်ခဲ့သည်။

Is Paris Burning? ၁၉၆၅

O Jerusalem , ၁၉၇၂

















   ပြင်သစ်စာရေးဆရာ Dominique Lapierre သည် ကျွန်တော်တို့နိုင်ငံရှိ ဘာသာပြန်စာပေ နှစ်သက်သူ များနှင့် ရင်းနှီးပြီးသားသူတစ်ဦးဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ဖို့ မွေးဖွားလာသည့် ပါရမီရှင် တစ်ဦးဖြစ်သည်။ သံတမန်ဝန်ထမ်းဖြစ်သည့် ဖခင်နောက်လိုက်ပါရင်း အသက် တဆယ့်သုံးနှစ်အရွယ်တွင် အမေရိကသို့ ရောက်လာသည်။ အသက် တဆယ့်ရှစ်နှစ်မပြည့်ခင် အရွယ်တွင် အဖွား၏ လက်ဆောင် ကားဟောင်းကိုပြင်ဆင်ပြီး အမေရိကတလွှား ခရီးထွက်ခဲ့သည်။ သူ့အိတ်ထဲတွင် ဒေါ်လာ သုံးဆယ် လောက်သာပါသည်။ စာတိုက်ပုံးများ ဆေးသုတ်သည့် အလုပ်ကဲ့သို့ ရရာဝင်လုပ်ခဲ့ပြီး ခရီးမှ ပြန်ရောက်လာသောအခါ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ A Dollar for a Thousand Kilometers ။ ဤစာအုပ်သည် စစ်ပြီးခေတ် ပြင်သစ် နှင့် ဥရောပနိုင်ငံအချို့တွင် အရောင်းရတွင်ကျယ်သော စာအုပ်ဖြစ်လာခဲ့သည်။

     အသက် နှစ်ဆယ့်တစ်နှစ်ပြည့်သည့်နေ့တွင် ဖက်ရှင်အယ်ဒီတာ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပြီး ၊ မက္ကဆီကို သို့ ခရိုက်စလာကားဟောင်းကြီး၊ ဒေါ်လာ ၃၀၀ လောက်နှင့် ဟန်နီးမွန်းထွက်ခဲ့ကြသည်။ ဆန်ဖရန်စစ္စကိုတွင် ကားကို ရောင်းပစ်လိုက်ပြီး ဂျပန်သို့ ရောက်လာကြပြန်သည်။ ဂျပန်မှ ဟောင်ကောင်၊ ထိုင်း၊ အိန္ဒိယ ၊ ပါကစ္စတန်၊ အီရန်၊ တူရကီ၊ လက်ဘနွန်။ ဟန်နီးမွန်းမှာ နှစ်ချီကြာမြင့်သော ခရီးဖြစ်ခဲ့သည်။ ပြင်သစ်သို့ ပြန်ရောက်လာပြီး သူ၏ ဒုတိယစာအုပ် Honeymoon around the Earth ကို ရေးသားခဲ့သည်။ ထို့နောက်အမေရိကန်စာရေးဆရာ Larry Collins နှင့် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးထင်ရှားသည့် စာအုပ်များကို ပူးတွဲ ရေးသားခဲ့ကြသည်။

                                 
                    













       
  Dominique Lapierre သည် သူတစ်ဦးတည်းလည်း စာအုပ်များရေးသားခဲ့သည်။ ထိုစာအုပ်များထဲမှ ကျွန်တော် သိသလောက်ဆို ၂ အုပ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်သည်။ နောက်ထပ်ရှိသေးသလား ... ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ရှိစေချင်ပါသည်။ ထို ၂ အုပ်မှာ City of Joy (၁၉၈၅) နှင့် Beyond Love (၁၉၉၀) တို့ ဖြစ်ပါသည်။ ဆရာမြသန်းတင့်က City of Joy ကို သုခမြို့တော် (၁၉၉၂)နှင့် Beyond Love ကို အချစ်မိုးကောင်းကင် (၂တွဲ၊ ၁၉၉၅) တို့အဖြစ် ဘာသာပြန်ဆိုခဲ့သည်။ ထို၂ အုပ်မှာ ကျွန်တော်က အချစ်မိုးကောင်းကင် ကို ပိုကြိုက်ပါသည်။ AIDS ကို စတင် တွေ့ရှိခဲ့ကြပုံ အကြောင်းဖြစ်သည်။

      Dominique Lapierre ၏ စာအုပ်များကို မြန်မာဘာသာ သို့ ပြန်ဆိုဖို့ အများကြီး ကျန်ရှိပါသေးသည်။ အင်္ဂလိပ်ဘာသာဖြင့်မူရင်းစာအုပ်များကို မဖတ်နိုင်သေးသရွေ့တော့ ကျွန်တော်တို့သည် မြန်မာ ဘာသာပြန်စာအုပ် များကို မျှော်လင့် စောင့်စားနေကြရဦးမည်သာ ဖြစ်သည်။

 * * * * * * * * *

၎။ ပင်လယ်နှင့် တူသော မိန်းမများ ၊ ဂျူး

( ဆက်ရန် )
---------------------------------------------------------------------

မကြာမီ ....... ကင်းဝန်မင်းကြီး ၊ botanical garden နှင့် သမိုင်းထဲမှာ ရပ်ပြီး မကျန်ရစ်ခဲ့တဲ့မြို.။
                  သမီးလေးကို မြန်မာစာ သေစာရှင်စာ လောက်တော့ ရေးတတ်၊ ဖတ်တတ် စေချင်ပါသည်။

--------------------------------------------------------------------------------

1 comment:

Myat Shu said...

ဆရာရယ် တူလိုက်တာ။ ဆရာအခု ပြောသွားတဲ့ စာအုပ်တွေဟာ ကျနော့် အကြိုက်ဆုံးစာရင်းထဲမှာ ပါပါတယ်။ ပြောရရင် Dominique Lapierre ရေးတာတွေ တော်တော် ကြိုက်ပါတယ်။ သန်းခေါင်ယံလွတ်လပ်ရေးရော၊ အိုဂျေရုဆလင်ရော ဖတ်လိုက်ရကတည်းက လူမျိုးရေး အစွန်းရောက်ပြင်းထန်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေကို ကြောက်လန့်မိနေတော့တာပဲး( (Aye Lei)

Post a Comment