29.8.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၂

         လွန်ခဲ့သောနှစ်အတော်ကြာက ဆရာမြသန်းတင့်၏ ပင်ကိုယ်ရေးစာအုပ်တစ်အုပ်ကို ဖတ်ခဲ့ဖူးသည်။ ဆရာ့၏ ကျွန်တော် ဆက်၍ရေးချင်သောဝတ္ထုများ ဖြစ်သည်။ ပုံနှိပ်မှတ်တမ်းကို မမှတ်မိတော့ပါ။ စာပေ သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာများပါသော ဝတ္ထုဆောင်းပါးများဟု သတ်မှတ်လျှင် ရနိုင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ အခြားစာရေးဆရာတို့၏ ဝတ္ထုရှည်တစ်ချို့အား ဆက်လက်၍သာ ရေးသားခွင့် ရခဲ့ပါက ဤသို့ ဖန်တီးချင်ပါသည်ဟု ယူဆ၍ရသည့် တင်ဆက်ပုံမျိုးဖြင့် ဆရာ ဖန်တီး မှော်စွမ်း ပြခဲ့ခြင်း ဖြစ်သည်။ ဇာတ်သိမ်းသွားခဲ့ပြီးဖြစ်သည့် ဝတ္ထုများမှ ဇာတ်ကောင်တို့ကို ဆက်လက်ရှင်သန်ခွင့်ပေးခြင်းသည် စိတ်ဝင်စားဖို့ကောင်းပါသည်။ ကျွန်တော် နှစ်သက်စွဲလမ်း၍ ရှင်သန် စေချင်သည့် ဝတ္ထု ဇာတ်ကောင်များလည်း ရှိသည်။သူတို့ကိုကျွန်တော့် စိတ်ကူးထဲမှာ သိမ်းဆည်းထားသည်။

          ၁၉၃၆ မေလတွင် ထုတ်ဝေခဲ့သည့် Margaret Mitchell ၏ Gone with the wind ဝတ္ထုမှ Scarlett ကို ဆက်လက်ရှင်သန်စေချင်သည့် စာရေးဆရာများက နောက်ဆက်တွဲ ဇာတ်လမ်းလိုလိုဝတ္ထုများ ရေးသားဖို့ ကြိုးစားသည့် ဖြစ်ရပ်များ ရှိခဲ့သည်။ ဆရာမြသန်းတင့်၏ ထိုအကြောင်း ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးသည်။ ထိုဝတ္ထုများထဲမှ တစ်ပုဒ်ကို ဆရာမြသန်းတင့်က မဂ္ဂဇင်းတစ်စောင်တွင် အခန်းဆက် ဘာသာပြန်ခဲ့သည်။ စစချင်း ပထမပိုင်းကို ကျွန်တော် အတော်သဘောကျပြီး စောင့်ဖတ်ဖို့ ကြိုးစားခဲ့သည်။ နောက်တော့ မျက်ခြေပြတ်သွားသည်။ နောက်ပိုင်း သတင်း ဘာမှ မသိတော့။

          ဆရာမြသန်းတင့်ထံ အခွင့်ရခဲ့ပါက ပန်ကြားလိုသော ဆန္ဒတစ်ခုရှိပါသည်။ ဝတ္ထုထဲမှ ဇာတ်ကောင်
များကို ဆက်လက် ရေးသားခဲ့သလို သမိုင်းထဲမှ ဇာတ်ကောင်များကိုလည်း ဆက်လက် ရှင်သန်စေချင်
ပါသည်။ သမိုင်းသည် ဘယ်တော့မှ မပြီးဆုံးနိုင်သော ပြဇာတ်ကြီးနှင့်တူသည်။ ပြဇာတ်အခန်းတိုင်းသည် ပြည်ဖုံးကား ချလိုက်သည်နှင့် သမိုင်းဖြစ်သွားတော့သည်။ အချို့ ဇာတ်ကောင်တို့မှာ စောစီးစွာ ကန်လန့်ကာနောက်ရောက်သွားကြသည်။ အချို့က အခန်းတိုင်းမှာ မဆုံးနိုင်သော တေးသံများဖြင့် ကလို့
ကောင်းနေကြဆဲ။ အချို့ဇာတ်ကောင်တို့ စောစီးစွာ ကျဆုံးသွားကြသည်။ အချို့တို့ ချစ်ခင်ခြင်းခံရသည်။ အချို့ မုန်းတီးခြင်း ခံရသည်။

         ဘာပဲပြောပြော ကျွန်တော်တို့ရင်ထဲမှာ ပြန်ပြီးရှင်သန်လာစေချင်သည့် သမိုင်းထဲမှ ဇာတ်ကောင်များ
ရှိပါသည်။ ဘယ်တော့မှ မရှင်သန်စေချင်တော့သည့် ဇာတ်ကောင်များလည်း သမိုင်းမှာရှိသည်။ တချိန်ကျရင်တော့ ကျွန်တော်တို့ရင်ထဲမှ သမိုင်းဇာတ်ကောင်များ ရှင်သန်လာမည့်အကြောင်း ပြောပြခွင့်ရမည်ထင်ပါသည်။ ထိုသို့ ပြောပြခွင့်ရဖို့ ပြန်ပြီးရှင်သန်လာစေချင်သည့် စာရေးဆရာများ လိုအပ်ပါလိမ့်မည်။

* * * * * * * * * *

၃။ သန်းခေါင်ယံ လွတ်လပ်ရေး ၊ မောင်ပေါ်ထွန်း
        
       အမေရိကန်စာရေးဆရာ Larry Collins နှင့် ပြင်သစ်စာရေးဆရာ Dominique Lapierre တို့ပူးတွဲ ရေးသားခဲ့သော Freedom at Midnight စာအုပ်ကို ဆရာ မောင်ပေါ်ထွန်းက မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ ဟူ၍ ဘာသာပြန် ထားခြင်း ဖြစ်သည်။ စာအုပ်အကြောင်းအရာများက မောင့်ဘက်တန် အကြောင်း နှင့် အိန္ဒိယတိုက်၏ လွတ်လပ်ရေး တိုက်ပွဲ အကြောင်းထက် ပိုမို ကျယ်ပြန့်ပါသည်။ အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံတို့၏ အိန္ဒိယတိုက်မှ သွေးလွှမ်းသည့် ခွဲထွက်မှုအကြောင်း ကို သိနိုင်ပါသည်။ အိန္ဒိယတိုက်ရှိ ဆင်းရဲသားနင်းပြားတို့၏ ဘ၀များ၊ ယခုထက်တိုင် ဖြေရှင်းမရသေးသည့် ကက်ရှ်မီးယား ပြဿနာ၊ ရှေ့နေပေါက်စဘ၀ မှ လုပ်ကြံခံရသည်အထိ ဂန္ဒီ အကြောင်း၊ မဟာရာဇာများ ..... ဤ စာအုပ်မှ အိန္ဒိယတိုက်၏ အကြောင်းအရာပေါင်းများစွာကို ကျွန်တော်တို့အား အသိပေးပါသည်။ ကြီးမားကျယ်ပြန့်သည့် သမိုင်းကို စာဖတ်သူများအား စာအုပ် တစ်အုပ်တည်းဖြင့် အတော်အတန် သိစေနိုင်ပါသည်။


Nehru & Gandhi


        အိန္ဒိယတိုက်ရှိ ဟိန္ဒူလူမျိုးများနှင့် မွတ်စလင်ဘာသာကိုးကွယ်သူလူမျိုးများတို့၏ စေ့စပ်မရနိုင်သော ပြဿနာများနှင့် တောင်းဆိုမှုများကြောင့် ဗြိတိသျှတို့က နိုင်ငံ ၂ ခု ခွဲဖို့ ပြင်ဆင်ပါသည်။ အိန္ဒိယတိုက်သို့ တစ်ခါမှ မရောက်ဖူးသော အင်္ဂလန်ရှေ့နေများက လန်ဒန်ရှိ စားပွဲပေါ်မှ အိန္ဒိယတိုက်မြေပုံပေါ်သို့ မျဉ်း တစ် ကြောင်းဆွဲချလိုက်သည်။ ဤသို့ဖြင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့၏ နယ်နိမိတ်မျဉ်းဖြစ်ပေါ်လာသည်။ သားက တစ်နိုင်ငံ အမေက တစ်နိုင်ငံ ၊ စာသင်ကျောင်းများက တစ်နိုင်ငံ ကျောင်းသားများက တစ်နိုင်ငံ ၊ စက်ရုံများက တစ်နိုင်ငံ ကုန်ကြမ်းစိုက်ခင်းများက တစ်နိုင်ငံ ။ သမိုင်းကို ဇွတ်အတင်း ရေးဆွဲပြစ်လိုက်သည်။ စာအုပ်ဖတ်ရင်းမှ အိန္ဒိယတိုက်ရှိ ဆင်းရဲသားနင်းပြားတို့၏ ငိုကြွေးသံများကို ကြားနိုင်ပါသည်။

    နယ်ချဲ့ကိုတော်လှန်စဉ်က ဂန္ဒီနောက်သို့ ကောက်ကောက်ပါလိုက်ခဲ့သည့် အိန္ဒိယပြည်သူလူထုကြီးသည် လွတ်လပ်ရေးရခါနီးတော့ ဟိန္ဒူလူမျိုးများ၊ မွတ်စလင်ဘာသာကိုးကွယ်သူများ ဖြစ်ကုန်ကြသည်။ အနိုင်ကျင့်မှုများ၊  သွေးကြွေးဆပ်မှုများ၊ သွေးပင်လယ်များ ဖြစ်ပေါ်လာသည်။ ဂန္ဒီကြီး စိတ်ပျက်ပြီး ဟိန္ဒူ-မွတ်စလင် ညီညွတ်ရေး အတွက် အစာငတ်ခံ ဆန္ဒပြတော့သည်။ နောက်ဆုံး လုပ်ကြံခံလိုက်ရသည်။

     အိန္ဒိယနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် Jawaharlal nehru ၏ မွေးရပ်ဇာတိ ကက်ရှ်မီးယားပြည်နယ်မှ မြို့ကလေးသည် ပါကစ္စတန်တို့ ထိန်းချုပ်ရာသို့ ပါသွားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အုပ်ချုပ်သူ Muhammad Ali Jinnah ၏ မွေးရပ်ဇာတိမြို့ကလေးသည် အိန္ဒိယနိုင်ငံထဲမှာ ကျန်ရစ်ခဲ့သည်။ နေရူး နှင့် အလီဂျင်းနား တို့၏ နိုင်ငံရေး ကစားကွက်များမှာ စိတ်လှုပ်ရှားဖို့ကောင်းသည်။

        နိုင်ငံ ၂ ခု ခွဲရင်း ပစ္စည်းများကိုပါ ခွဲဝေကြသည်။ အိန္ဒိယဘုရင်ခံချုပ်ပိုင် မြင်းလှည်းကိုခွဲဝေသည့် ဗြိတိသျှ အရာရှိမှာ အကြံပိုင်သည်။ တစ်ခုတည်းသော မြင်းလှည်းဟွန်းကို အိန္ဒိယ နှင့် ပါကစ္စတန် ဆိုင်ရာ တို့က လုကြရင်း အငြင်းပွားကြသည်။ ဗြိတိသျှအရာရှိက သူယူမည်ဟုဆိုကာ ဆုံဖြတ်လိုက်တော့သည်။

        ဂန္ဒီကြီး ငယ်နုစဉ်က တစ်ခုသော နေ့လည်ခင်းတွင် အိပ်ခန်းအတွင်း၌ မယားဖြစ်သူနှင့် ကလူ ကြည် စယ်ရင်း ကြည်နူးနေသည်။ ထိုအချိန်တွင် သူ့ဖခင် သေဆုံးသည့် သတင်းကို လူတစ်ယောက်က လာပြော လေသည်။ အရှိန်ပြင်းသော စိတ်ခံစားမှုများကို တပြိုင်တည်းကြုံလိုက်ရသဖြင့် ဂန္ဒီကြီး ရှော့ ရသွားခဲ့သည်။ သူပျော်ရွှင်နေသည့် အချိန်တွင် သူချစ်ခင်ရသည့် ဖခင်သေဆုံးသွားခဲ့သည် ဟူသော စိတ်ခံစားမှုက ဂန္ဒီကြီးကို နှိပ်စက်လေတော့သည်။ ထိုအချိန်မှစ၍ ဂန္ဒီကြီးသည် အဗြဟ္မစရိယာ သိက္ခာပုဒ်ကို သေဆုံးသည် အထိ ကျင့်သုံးသွားခဲ့သည်။ ( ၀န်ကြီးချုပ်ဟောင်း ဦးနု သည်လည်း တချိန်က အဗြဟ္မစရိယာ သိက္ခာပုဒ်ကို ကျင့်သုံးသည်ဟု ကြားဖူးသည်။ အသေးစိတ်တော့ မသိပါ )

       ဤစာအုပ်သည် အရောင်အသွေး စုံလင်သည့် သမိုင်းပန်းချီကားများကို ထည့်ထားသည့် မှတ်တမ်းနှင့် တူသည်။ ဤစာအုပ်ကို ပူးတွဲ ရေးသားခဲ့သော စာရေးဆရာ နှစ်ဦး တို့၏ လက်ရာများမှာလည်း အံ့သြစရာ ကောင်းလှသည်။

      ယေးတက္ကသိုလ်ထွက် အမေရိကန်စာရေးဆရာ Larry Collins (၁၉၂၉ စက်တင်ဘာ ၁၄-၂၀၀၅ ဇွန်၂၀) နှင့် ပြင်သစ်စာရေးဆရာ Dominique Lapierre (၁၉၃၁) တို့သည် ပြင်သစ်နိုင်ငံ ပါရီမြို့ ကော်ဖီဆိုင် တစ်ခု တွင် တွေဆုံမိကြပြီး ရင်ခုန်သံ တူညီသည့် ဂျာနယ်လစ် သူငယ်ချင်းများဖြစ်သွားကြသည်။ ၁၉၆၅ တွင် သူတို့နှစ်ဦး ပူးတွဲ ရေးသားသည့် ပထမဆုံး စာအုပ် Is Paris Burning? ကို ထုတ်ဝေခဲ့သည်။ ကျွန်တော်သည် ဆရာမြသန်းတင့်၏ ပါရီကျဆုံးခန်း ဘာသာပြန်စာအုပ်ကို မဖတ်ဖူးပါ။ ထိုကြောင့် ပါရီကျဆုံးခန်း ၏ မူရင်း သည် Is Paris Burning? ဟုတ်၊ မဟုတ် မသိဖြစ်နေပါသည်။ ဟုတ်မည်လို့တော့ ထင်နေပါသည်။ Is Paris Burning? သည် ချက်ချင်းအောင်မြင်သွားခဲ့ပြီး ရုပ်ရှင်အဖြစ် ၁၉၆၆ တွင် ရိုက်ကူးခဲ့သည်။

        သမိုင်းဖြစ်ရပ်များကို ဂျာနယ်လစ်အတတ်ပညာဖြင့် ခပ်သွက်သွက်ရေးသားသည့် စာပေပုံစံသစ်သည် သူတို့၏ စတိုင်အဖြစ်ထင်ရှားလာခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၆၅ မှ ၂၀၀၅ အတွင်း စာအုပ် ၆အုပ်ကိုပူးတွဲ ရေးသားခဲ့သည်။ ၁၉၇၂ တွင် O Jerusalem ကို ထုတ်ဝေခဲ့သည်။ ဆရာကျော်အောင် ဘာသာပြန်ခဲ့သည့် အိုဂျေရုဆလင် ၏ မူရင်းဖြစ်သည်။ ဆရာကျော်အောင်သည် ထိုစာအုပ်ဖြင့် ၁၉၉၅ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ) ကို ရရှိခဲ့သည်။ ၁၉၇၅ တွင် Freedom at Midnight စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဆရာ မောင်ပေါ်ထွန်းက ဘာသာပြန်ခဲ့သည်။

Is Paris Burning? ၁၉၆၅

O Jerusalem , ၁၉၇၂

















   ပြင်သစ်စာရေးဆရာ Dominique Lapierre သည် ကျွန်တော်တို့နိုင်ငံရှိ ဘာသာပြန်စာပေ နှစ်သက်သူ များနှင့် ရင်းနှီးပြီးသားသူတစ်ဦးဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ဖို့ မွေးဖွားလာသည့် ပါရမီရှင် တစ်ဦးဖြစ်သည်။ သံတမန်ဝန်ထမ်းဖြစ်သည့် ဖခင်နောက်လိုက်ပါရင်း အသက် တဆယ့်သုံးနှစ်အရွယ်တွင် အမေရိကသို့ ရောက်လာသည်။ အသက် တဆယ့်ရှစ်နှစ်မပြည့်ခင် အရွယ်တွင် အဖွား၏ လက်ဆောင် ကားဟောင်းကိုပြင်ဆင်ပြီး အမေရိကတလွှား ခရီးထွက်ခဲ့သည်။ သူ့အိတ်ထဲတွင် ဒေါ်လာ သုံးဆယ် လောက်သာပါသည်။ စာတိုက်ပုံးများ ဆေးသုတ်သည့် အလုပ်ကဲ့သို့ ရရာဝင်လုပ်ခဲ့ပြီး ခရီးမှ ပြန်ရောက်လာသောအခါ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ A Dollar for a Thousand Kilometers ။ ဤစာအုပ်သည် စစ်ပြီးခေတ် ပြင်သစ် နှင့် ဥရောပနိုင်ငံအချို့တွင် အရောင်းရတွင်ကျယ်သော စာအုပ်ဖြစ်လာခဲ့သည်။

     အသက် နှစ်ဆယ့်တစ်နှစ်ပြည့်သည့်နေ့တွင် ဖက်ရှင်အယ်ဒီတာ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပြီး ၊ မက္ကဆီကို သို့ ခရိုက်စလာကားဟောင်းကြီး၊ ဒေါ်လာ ၃၀၀ လောက်နှင့် ဟန်နီးမွန်းထွက်ခဲ့ကြသည်။ ဆန်ဖရန်စစ္စကိုတွင် ကားကို ရောင်းပစ်လိုက်ပြီး ဂျပန်သို့ ရောက်လာကြပြန်သည်။ ဂျပန်မှ ဟောင်ကောင်၊ ထိုင်း၊ အိန္ဒိယ ၊ ပါကစ္စတန်၊ အီရန်၊ တူရကီ၊ လက်ဘနွန်။ ဟန်နီးမွန်းမှာ နှစ်ချီကြာမြင့်သော ခရီးဖြစ်ခဲ့သည်။ ပြင်သစ်သို့ ပြန်ရောက်လာပြီး သူ၏ ဒုတိယစာအုပ် Honeymoon around the Earth ကို ရေးသားခဲ့သည်။ ထို့နောက်အမေရိကန်စာရေးဆရာ Larry Collins နှင့် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးထင်ရှားသည့် စာအုပ်များကို ပူးတွဲ ရေးသားခဲ့ကြသည်။

                                 
                    













       
  Dominique Lapierre သည် သူတစ်ဦးတည်းလည်း စာအုပ်များရေးသားခဲ့သည်။ ထိုစာအုပ်များထဲမှ ကျွန်တော် သိသလောက်ဆို ၂ အုပ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်သည်။ နောက်ထပ်ရှိသေးသလား ... ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ရှိစေချင်ပါသည်။ ထို ၂ အုပ်မှာ City of Joy (၁၉၈၅) နှင့် Beyond Love (၁၉၉၀) တို့ ဖြစ်ပါသည်။ ဆရာမြသန်းတင့်က City of Joy ကို သုခမြို့တော် (၁၉၉၂)နှင့် Beyond Love ကို အချစ်မိုးကောင်းကင် (၂တွဲ၊ ၁၉၉၅) တို့အဖြစ် ဘာသာပြန်ဆိုခဲ့သည်။ ထို၂ အုပ်မှာ ကျွန်တော်က အချစ်မိုးကောင်းကင် ကို ပိုကြိုက်ပါသည်။ AIDS ကို စတင် တွေ့ရှိခဲ့ကြပုံ အကြောင်းဖြစ်သည်။

      Dominique Lapierre ၏ စာအုပ်များကို မြန်မာဘာသာ သို့ ပြန်ဆိုဖို့ အများကြီး ကျန်ရှိပါသေးသည်။ အင်္ဂလိပ်ဘာသာဖြင့်မူရင်းစာအုပ်များကို မဖတ်နိုင်သေးသရွေ့တော့ ကျွန်တော်တို့သည် မြန်မာ ဘာသာပြန်စာအုပ် များကို မျှော်လင့် စောင့်စားနေကြရဦးမည်သာ ဖြစ်သည်။

 * * * * * * * * *

၎။ ပင်လယ်နှင့် တူသော မိန်းမများ ၊ ဂျူး

( ဆက်ရန် )
---------------------------------------------------------------------

မကြာမီ ....... ကင်းဝန်မင်းကြီး ၊ botanical garden နှင့် သမိုင်းထဲမှာ ရပ်ပြီး မကျန်ရစ်ခဲ့တဲ့မြို.။
                  သမီးလေးကို မြန်မာစာ သေစာရှင်စာ လောက်တော့ ရေးတတ်၊ ဖတ်တတ် စေချင်ပါသည်။

--------------------------------------------------------------------------------

22.8.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ

ကျွန်တော် ခရီးထွက်ဖို့ ပြင်ဆင်နေပါသည်။ ခရီးက ၁၀ ရက်ကျော် ကြာပါလိမ့်မည်။ စိတ်ကူးရှိသမျှ အကောင်းဆုံး အဆင်ပြေအောင် စီစဉ်ထားပါသည်။ တည်းခိုစရာ၊ စားသောက်ဖို့ရာ ပူပန်ရန်မလို။ visaမလို၊ passportမလို။ ခရီးစဉ်ရက်များ ကာလမှာလည်း မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ အလုပ်ကိစ္စ  ......ကိစ္စ....များကို တွေးတော ပူပန်နေဖို့မလိုအောင် စီစဉ်ထားပါသည်။

ကျွန်တော် နောက်ထပ် ကြိုတင်စီစဉ်ထားသည်မှာ တည်းခိုမည့်နေရာတွင် internet မရှိစေရန် ဖြစ်သည်။ ရှိနေလျှင် သုံးဖြစ်မည်စိုး၍ မရှိအောင် စီစဉ်ထားခြင်းဖြစ်သည်။ internet တွင် မည်မည်ရရ မရှိပဲ ဖြုန်းတီးပစ်ခဲ့သော အချိန်များစွာကို နောင်တရမှပဲ နှမြောနေမိတော့သည်။

ကျွန်တော်သွားမည့်နေရာတွင် လည်ပတ်စရာ ရှေးဟောင်းအဆောက်အဦများ မရှိ ၊ ပြတိုက်များ မရှိ ၊ shoping mall များ မရှိ ၊ လမ်းဘေး ကော်ဖီဆိုင်များ မရှိ ၊ ထိုင်ပြီး တွေးငေးနေဖို့ကောင်းသော တူးမြောင်းဘေးမှ ခုံတန်းလျားများ မရှိ ၊.....ဘာမှ မရှိ။

ခင်ဗျားကဖြင့် မေးတော့မှာပဲ။ ဒါဆိုရင် ............။

ကျွန်တော်ထွက်မည့်ခရီးက စာဖတ်ခရီး ဖြစ်ပါသည်။ စာဖတ်ဖို့ သက်သက် ထွက်မည့်ခရီးဖြစ်သည်။ ကျွန်တော်ဘ၀မှာ စာဖတ်ဖို့အချိန် ရှားပါးနေတာ ကြာပြီ။ ကျွန်တော်ပြန်ဖတ်ချင်သော စာအုပ်များအတွက် အချိန် အလှည့်မပေးနိုင်တာ ကြာပါပြီ။ ထို့ကြောင့် ကျွန်တော် ခရီးထွက်ဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ အရာအားလုံး .......နှင့် လွတ်ကင်း ဝေးရာ တစ်နေရာသို့ ခရီးထွက်ပြီး ကျွန်တော်ပြန်ဖတ်ချင်သော စာအုပ်များကို ဖတ်ပစ်လိုက်မည်။

ကျွန်တော့် ကျောပိုးအိတ်ထဲသို့ ကျွန်တော့်အကြိုက် ကော်ဖီကို အရင်ထည့်ရမည်။ ကော်ဖီက နေ့စဉ်ဘ၀ ဖြစ်နေတာကြာပြီ။ ပြီးတော့  ကျောပိုးအိတ်ထဲသို့ ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များထည့်ရမည်။ ဘာကန့်သတ်ချက်မှ မပါပဲ ရင်ထဲက ဆန္ဒသက်သက်ဖြင့် စာအုပ်များကို ရွေးရမည်။ ပြန်ဖတ်ချင်နေသော စာအုပ်တိုင်းကိုလည်း ထည့်၍ရမည်မဟုတ်ပါ။ ကျွန်တော့် ကျောပိုးအိတ်က စာအုပ် ၁၀ အုပ်သာ ၀င်ဆန့်နိုင်ပါသည်။

စာဖတ်ခရီးအတွက် စာအုပ် ၁၀ အုပ်ကို ရွေးချယ်ခြင်းဖြင့် အိပ်ပျက်ညပေါင်း အတော် ကုန်ဆုံး သွားခဲ့သည်။ နောက်ဆုံး ဆုံးဖြတ်ချက် ချအပြီးမှာတော့ ကိုယ့်ကိုကိုယ် ကျေနပ်သွားခဲ့သည်ဟု ကျွန်တော် ထင်မိပါသည်။ ခဏနေတော့ မသေချာသလို ခံစားရပြန်သည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ စာအုပ် ၁၀ အုပ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပါတော့သည်။ အိတ်ကို ပိတ်လိုက်ပြီး ခရီးထွက်ဖို့ အချိန်ကို ကျွန်တော် စောင့်နေလိုက်တော့သည်။

အချိန်တစ်ခုကို ရောက်ရင်တော့ဖြင့် ကျွန်တော့်ရဲ့ စာဖတ်ခရီး စဖြစ်မည်ဟု ထင်မိပါသည်။


* * * * * * * * *

၁။ အရင်ဧကရာဇ် .. အခုလူ ၊ ဒေါက်တာ သန်းထွန်း ၊ မုံရွေး စာအုပ်တိုက်

တရုတ်နိုင်ငံကို နောက်ဆုံး အုပ်စိုးခဲ့သော ဧကရာဇ် Pu Yi ၏ ကိုယ်တိုင်ရေး  အတ္ထုပ္ပတ္တိဖြစ်သောFrom Emperor to Citizen ကို ဆရာကြီးက ဘာသာပြန်ထားခြင်းဖြစ်သည်။ PuYi ၏ ဘ၀မှာစိတ်ဝင်စားဖို့ ကောင်းသည်။ ၁၉၀၆တွင် မွေးဖွားခဲ့ပြီး သူ၏ အသက် ၂ နှစ်၁၀ လသားအရွယ် ၁၉၀၈တွင် တရုတ်နိုင်ငံကို အုပ်စိုးနေသော မင်းဆက်၏  ဧကရာဇ်ဖြစ်လာခဲ့သည်။ ဖြုတ်ချခံရလိုက်၊ ဧကရာဇ် ပြန်ဖြစ်လိုက်ဖြင့် အရွယ်ရောက်လာခဲ့ပြီး ၁၉၄၅ သြဂုတ် ၁၆ တွင် ဆိုဗီယက်တပ်နီများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဆိုက်ဘေးရီးယားတွင် ၃ နှစ်ကျော် နေခဲ့ရပြီး တရုတ်ပြည်သို့ ပြန်လည်လွှဲပြောင်းခြင်းခံခဲ့ရသည်။ တရုတ် ကွန်မြူနစ်ပါတီ၏ Fushun War Criminals ထောင်တွင် ဦးနှောက်ဆေးကြောခြင်းကို ၁၀နှစ်ကျော် ခံခဲ့ရပြီး သာမန်နိုင်ငံသား ဖြစ်လာခဲ့သည်။ ၁၉၆၇ အောက်တိုဘာ ၁၇ ၊ အသက် ၆၁ နှစ်အရွယ်တွင် ပီကင်းမြို့၌ ကွယ်လွန်သွားခဲ့သည်။

ကျွန်တော့်အတွက် စာအုပ်အစမှာ ဖတ်ရ အလွန်ခက်သည်။  စာအုပ်ထဲမှ   တရုတ် နာမည်များမှာ လည်း မှတ်ရ အတော်ခက်သည်။ တဖြည်းဖြည်းဖြင့် ဖတ်ရသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးနှောက် ဆေးကြောခြင်း အခန်းများမှာ ( learning how to become a human being ) ကြောက်စရာ ကောင်းလှသည်။

သူ၏ အကြောင်းကို Columbia Pictures မှ ရုပ်ရှင်အဖြစ် ၁၉၈၇ တွင်   The Last Emperor ဇာတ်ကားကို  ရိုက်ကူးခဲ့သည်။ ရုပ်ရှင်မှာ အော်စကာဆုများ ရရှိပြီး အောင်မြင်ခဲ့သည်။  မကြာသေးခင်က ထိုရုပ်ရှင်ဇာတ်ကားကို on line မှ ဒုတိယ အကြိမ် ကျွန်တော် ကြည့်ရှုခဲ့သည်။ အမှောင်ခန်းများလွန်းသည် ထင်သော်လည်း ကျွန်တော် နှစ်သက်သော ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါသည်။ 

Columbia Pictures မှ ၁၉၈၇ တွင် ရိုက်ကူးခဲ့သောThe Last Emperor ရုပ်ရှင်ဇာတ်ကား

စာအုပ် မျက်နှာဖုံး
Pu Yi , 1922







* * * * * * * * *

၂။ မရဏ အိပ်မက်တစ်ခု ၏ မှတ်တမ်း ၊ မြသန်းတင့် ၊ ရာပြည့်စာအုပ်တိုက်

          ၁၉၈၂ ခုနှစ်အတွက် စာပေနိုဗယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည့် Colombia နိုင်ငံသား စာရေးဆရာ  Gabriel García Márquez ၏  Chronicle of a Death Foretold ဝတ္ထုကို ဆရာမြသန်းတင့်မှ မရဏ အိပ်မက်တစ်ခု ၏ မှတ်တမ်း အမည်ဖြင့် ဘာသာပြန်ထားခြင်းဖြစ်သည်။ဆရာမြသန်းတင့်၏ စာအုပ်အမှာတွင် မြန်မာစာဖတ်သူများကို Gabriel García Márquez နှင့် မိတ်ဆက်ပေးထားသည်။ Gabriel García Márquez ၏ ဝတ္ထုများထဲမှ မြန်မာဘာသာသို့ ပြန်ဆိုသည့် ပထမဆုံးဝတ္ထု ဖြစ်မည်ထင်သည်။ သူ၏ ဝတ္ထုများထဲမှ နောက်ထပ် မြန်မာဘာသာသို့ ပြန်ဆိုသည့် စာအုပ်များ ရှိ ၊ မရှိ ကျွန်တော် မသိတော့ပါ။ လက်လှမ်း မမှီတော့ပါ။ ရှိခဲ့လျှင် ကျွန်တော် ဖတ်ချင်ပါသည်။ Gabriel García Márquez ၏ ဝတ္ထုများမှာ ဘာသာပြန်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ဟု ထင်ပါသည်။

          စာရေးဆရာကြီး Gabriel García Márquez ကို ၁၉၂၇ မတ်လ ၆ ရက်နေ့တွင် Colombia နိုင်ငံ Aracataca မြို့ ၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်၌ ဥပဒေဘာသာရပ်ကို သင်ကြားနေရင်းမှ ဂျာနယ်လစ် ဖြစ်လာခဲ့သည်။ စာပေဝေဖန်သူများ၊ ပညာရှင်များက သူ၏ ဂျာနယ်လစ် လုပ်ဆောင်မှုများထက် သူ၏ ဝတ္ထုတိုများ၊ ဝတ္ထုရှည်များက ပို၍ ထင်ရှားသည်ဟု သတ်မှတ်ကြသည်။ သူ၏ စာပေဖန်တီးမှု အနုပညာ၊ အတတ်ပညာ လက်ရာစတိုင် ကို magical realism အဖြစ် သတ်မှတ်ကြသည်။ သူ၏ စာပေသြဇာမှာ လက်တင်အမေရိက နိုင်ငံများသာမက ကမ္ဘာသို့တိုင် ကြီးမားသည်။

         Chronicle of a Death Foretold ဝတ္ထုကို ၁၉၈၁ တွင် စပိန်ဘာသာဖြင့် စတင် ထုတ်ဝေခဲ့ပြီး ၁၉၈၃ တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၄င်းတို့ကို ကျွန်တော် ဘယ်လိုလုပ် ဖတ်နိုင်ပါမည်နည်း။ ဆရာမြသန်းတင့် ဘာသာပြန်၍သာ ဤလိုဝတ္ထုမျိုး ဖတ်ခွင့်ရခဲ့ပါသည်။ ဝတ္ထုက စာမျက်နှာ နည်းနည်းလေးပဲ ဖြစ်သလို ဇာတ်လမ်းကလည်း ရိုးရိုးလေးသာဖြစ်သည်။ ပုံမှန်နည်းလမ်းဖြင့်သာ ရေးသားခဲ့ပါက ထုတ်ဝေနိုင်ဖို့ပင် ခပ်ခက်ခက်။ ဝတ္ထုတစ်ပုဒ် ဖန်တီးသည့် အတတ်ပညာ၊ အနုပညာကြောင့် ရိုးရိုး ဇာတ်လမ်းပင် ကမ္ဘာ့စာပေလက်ရာ ဖြစ်သွားခဲ့သည်။ ဤလိုဝတ္ထုသည် ဖတ်ပြီး တစိမ့်စိမ့်တွေးလေလေ အရသာတက်လာလေလေ ၊  ဖန်တီးသည့် အတတ်ပညာကို ချီးကြူးလေလေ ဖြစ်သွားပါသည်။

Gabriel García Márquez , ၂၀၀၉
Chronicle of a Death Foretold , ၂၀၀၃

         



US edition ပထမအကြိမ် မျက်နှာဖုံး, ၁၉၈၃
စပိန်စကားပြော ရုပ်ရှင် , ၁၉၈၇

          ဝတ္ထုကို မူရင်းနာမည်ဖြင့်ပင် စပိန်စကားပြော ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး ၁၉၈၇ ၊ Cannes ရုပ်ရှင်
ပွဲတော်တွင် ပြသခဲ့သည်။ ၁၉၉၅ ၊ Broadway တွင် ပြဇာတ်အဖြစ် မူရင်းနာမည်ဖြင့် တင်ဆက်ခဲ့သည်။ ကျွန်တော်ကတော့ ရုပ်ရှင်ရော ၊ ပြဇာတ်ရောကို အခွင့်ရလျှင် ကြည့်ချင်ပါသည်။


* * * * * * * *

၃။ သန်းခေါင်ယံ လွတ်လပ်ရေး ၊ မောင်ပေါ်ထွန်း


( ဆက်ရန် ) 

-----------------------------------------------------------

15.8.10

မလက်ကာမြို.မှ တံဆိပ်ခေါင်းပြတိုက် (၂) (MELAKA STAMP MUSEUM)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းများကိုချည်း သီးသန့်ပြသထားတဲ့ တံဆိပ်ခေါင်းပြတိုက် ရယ်လို့ ကျွန်တော်မတွေ့ဖူးခဲ့ပါဘူး။ အခန်းတစ်ခု အနေနဲ့ အများနဲ့ရောပြထားတာတွေတော့ ရှိပါသည်။ အမျိုးသားပြတိုက်မှာ ကျွန်တော်တွေ့ခဲ့ဖူးသည်။ ရှေးဟောင်းပစ္စည်းစုဆောင်းတာ ၀ါသနာပါတဲ့ ရဟန်းတွေ ၊ လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ပိုင် ပြခန်းလေးတွေမှာ ကြည့်ခဲ့ဖူးသည်။ သူငယ်ချင်းတွေရဲ့ albums တွေမှာ မြင်ခဲ့ဖူးသည်။ အရောင်းပြခန်းတွေ ကတော့ အများကြီးရှိပါသည်။ ရန်ကုန်စာတိုက်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဆိုးတန်းနားတ၀ိုက်၊ ဟိုတယ်တချို့၊..........။  ၀ါသနာပါ ပြည်သူတွေ အနေနဲ့ ငွေကြေးသုံးစွဲဖို့ အခက်အခဲ ရှိကြတော့ ၀ယ်ပြီး စုဆောင်းဖို့အထိ စိတ်နောက် ကိုယ်ပါ မလိုက်နိုင်ကြပါဘူး။ ဒီတော့ တံဆိပ်ခေါင်းအရောင်းဈေးကွက်က အလည်လာတဲ့ နိုင်ငံခြားသားတွေကိုဘဲ ရည်ရွယ်သလို ဖြစ်နေပါသည်။

မှတ်တမ်းတွေအရ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းစတင်သုံးစွဲတာ ၁၈၈၀-၈၁ ခုနှစ် နောက်ပိုင်းမှ ဖြစ်သည်။ ဗြိတိသျှပိုင် အိန္ဒိယနိုင်ငံ၏ လက်အောက်ခံနယ်အဖြစ်ရှိစဉ်က အိန္ဒိယနိုင်ငံသုံး တံဆိပ်ခေါင်းများကို ဘားမား (Burma) စာတမ်း ထပ်ဆင့် ရိုက်နှိပ်ပြီး အသုံးပြုခဲ့ရသည်။ တံဆိပ်ခေါင်း သုံးစွဲမှုသက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်သဖြင့် ထိုက်သင့်သော သမိုင်းကြောင်း ရှိနေပါပြီ။ တံဆိပ်ခေါင်းပြတိုက်တစ်ခု အနေနဲ့ ရှိသင့်ပါပြီ။ ကျွန်တော်တို့နိုင်ငံ စံနှုန်းအရ ပြတိုက်များသည် လူစည်ကားသော နေရာမဟုတ်သဖြင့် စီးပွားရေးအရ အောင်မြင်မည် မဟုတ်သော်လည်း နိုင်ငံတစ်ခုအနေဖြင့် ပြည်သူ့ ဘဏ္ဍာငွေများကို အမျိုးသား တံဆိပ်ခေါင်းပြတိုက်တစ်ခု အတွက် အရှုံးခံသင့်ပါသည်။

မလက်ကာမြို. တံဆိပ်ခေါင်းပြတိုက်သည် စီးပွားရေးအရ အောင်မြင်မည် မထင်သော်လည်း ပြတိုက်အနေဖြင့် ကျကျနန ပြင်ဆင်ထားသည်။ လေအေးစက် တပ်ဆင်ထားသည်။ သန့်စင်ခန်း    ကောင်းမွန်သည်။ ပြခန်းများ အလင်းပေးထားပုံ သပ်ရပ်သည်။ အခြေခံ လိုအပ်ချက်များမှာ စိတ်ကျေနပ်စရာကောင်းပါသည်။

ပြတိုက်အပေါ်ထပ်ကိုလည်း ပြခန်း ၄ ခန်း ဖွဲ့ထားပါတယ်။ ပထမအခန်းတွင် မလေးရှားနိုင်ငံ စာပို့တိုက်လုပ်ငန်း၏ ရှေးဟောင်းစာတိုက်ပုံးများ၊ ၀န်ထမ်း ယူနီဖောင်းများကိုပြသထားတယ်။ ဒုတိယအခန်းက multimedia room ဆန်သည်။ Projector တပ်ဆင်ထားသည်။ ဘာတွေပြမလဲတော့မသိပါ။




တံဆိပ်ခေါင်းဝါသနာရှင်တစ်ဦး အနေဖြင့် အကြိုက်တွေ့မည့် နေရာမှာ တတိယနှင့် နောက်ဆုံးပြခန်းများဖြစ်သည်။ ဤအခန်းတွင် မလေးရှားနိုင်ငံ၏ ၁၉၅၅ မှ ၂၀၀၉ ခုနှစ် အထိ ထုတ်ဝေခဲ့သမျှ တံဆိပ်ခေါင်းများကို နံရံကပ် ဗီရို အံဆွဲများဖြင့် ပြသထားသည်။ အချို့မှာ အသုံးပြုပြီးသားများ ဖြစ်သည်။ ကြည့်ရှုချိန်များစွာ မရသဖြင့် အံဆွဲ ၃ ၊ ၄ ကိုသာ ဆွဲဖွင့် ကြည့်ခဲ့သည်။ မလက်ကာမြို့နှင့်သာ သီးသန့် သက်ဆိုင်သည့် စာလေး တစ်စောင်ကိုလည်း ပြသ ထားသည်။ ၃-၉-၃၇ နေ့စွဲဖြင့် စာတစ်စောင်ဖြစ်သည်။







၁၉၅၅ မှ ၂၀၀၉ ခုနှစ် အထိ ထုတ်ဝေခဲ့သမျှ တံဆိပ်ခေါင်းများ


၃-၉-၃၇ နေ့စွဲဖြင့် စာတစ်စောင်

နောက်ဆုံးအခန်းမှာ အဖိုးတန်းရှေးဟောင်း တံဆိပ်ခေါင်းများကို ပြသထားသည်။ သည်လောက် ရှေးဟောင်းတံဆိပ်ခေါင်းများကို ကျွန်တော်အရင်က မမြင်ဖူးခဲ့ပါ။ Victoria ဘုရင်မ ခေတ်အတွင်း ၁၈၄၀ မှ ၁၉၀၁ ခုနှစ် အထိ ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်းများ၊ Edward VII ဘုရင်ခေတ် ၁၉၀၁ မှ ၁၉၁၀ ခုနှစ် အထိ တံဆိပ်ခေါင်းများ၊ ဗြိတိသျှပိုင် လက်အောက်ခံနယ်အဖြစ်ရှိစဉ်က ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်းများ ၊ .....စုံလင်လှပါသည်။ ဒီရှေးဟောင်းတံဆိပ်ခေါင်းများကို မြင်ခွင့်ရတာ ကျေနပ်ဖို့ ကောင်းပါသည်။ ငွေကြေးဖြင့် တန်ဖိုးဖြတ်မရသော ခံစားမှု ဖြစ်သည်။









ပြတိုက်မှ အပြန်လမ်းတွင် မိုးက ဖွဲဖွဲ ရွာနေသေးသည်။ ကျွန်တော်တို့ နိုင်ငံမှာလည်း တံဆိပ်ခေါင်းများကို သီးသန့်ပြသထားတဲ့ တံဆိပ်ခေါင်းပြတိုက် ရှိရင် ကောင်းမှာပဲဟု တွေးတောနေမိပါသည်။


စောသက်လင်း

ကျမ်းကိုး - ၁၉၈၀ စာပေဗိမာန်စာမူဆု သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ
              " ပြည်သူကို ပညာပေးသော တံဆိပ်ခေါင်းများ " ၊ ဘုတလင် သစ်နီ ၊
            - တံဆိပ်ခေါင်းဓါတ်ပုံများ မျှဝေပေးသော သူငယ်ချင်း အောင်စိုးသူ အား ကျေးဇူးတင်ပါသည်။

----------------------------------------------------------------------------------------------------------

11.8.10

မလက်ကာမြို.မှ တံဆိပ်ခေါင်းပြတိုက် (MELAKA STAMP MUSEUM)

မလက်ကာမြို.ကို သွားလည်မယ်လုပ်တော့ ကျွန်တော် မဖြစ်မနေရောက်အောင် သွားမယ်လို့ တေးမှတ်ထားတဲ့ နေရာတွေထဲမှာ တံဆိပ်ခေါင်းပြတိုက် မပါ ပါဘူး။ တံဆိပ်ခေါင်းပြတိုက် အကြောင်းကို မလက်ကာ လက်ကမ်း လမ်းညွှန်တွေ ၊ အင်တာနက် လမ်းညွှန်တွေမှာလည်း ကျွန်တော် မတွေ့မိလိုက်ဘူး။ သမိုင်းတွေနဲ့  မြို.တစ်မြို.လို့ နာမည်ရှိတဲ့ မလက်ကာမှာ ဒီလို ပြတိုက်ရှိနိုင်တယ်လို့လည်း မတွေးမိခဲ့ပါဘူး။ 

ရုတ်တရက် ရွာချလိုက်တဲ့မိုးကို လွတ်အောင်ရှောင်ဖို့ နေရာရှာရင်းနဲ့ မလက်ကာမြို.ရဲ့ တံဆိပ်ခေါင်း ပြတိုက် ရှေ့ကို ကျွန်တော် အမှတ်မထင်ရောက်သွားခဲ့ပါတယ်။  
   



MUZIUM SETEM MELAKA ( MELAKA STAMP MUSEUM )

ပြတိုက်မျက်နှာစာကတော့ ဓါတ်ပုံမှာ မြင်ရတဲ့အတိုင်း အဖြူရောင် နှစ်ထပ်တိုက်ပါ။ ရှေ့တံတိုင်းမှာ ကပ်ထားတဲ့ အဆောက်အဦ မှတ်တမ်းအရ ရှေးက DUTCH အစိုးရ အရာရှိတွေ အတွက်  ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကို မတွေ့ရပါဘူး။ 19 MARCH 1954 မှာ MELAKA STATE MUSEUM အဖြစ် စတင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။ 1982 မှာ STATE MUSEUM ကို     အခြားနေရာသို့ပြောင်းရွေ့စေခဲ့ပြီး MELAKA STAMP MUSEUM အဖြစ် ပြောင်းလဲခဲ့ပါတယ်။ မလေးရှားနိုင်ငံ ပြတိုက်နှင့် ရှေးဟောင်းအဆောက်အဦများ ဌာနက ANCIENT MONUMENT တစ်ခုအဖြစ် ဥပဒေပြဌာန်း ကာကွယ်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်။


            ပြတိုက်အဆောက်အဦ အ၀င်

ကျွန်တော် ပြတိုက်ထဲဝင်သွားတော့ မလေးရိုးရာဝတ်စုံ ၀တ်ဆင်ထားတဲ့ မလေးအမျိုးသားက ခုမှ ရုံးစဖွင့်တဲ့ အလုပ်ရှုပ်ပုံမျိုးနဲ့ မအားလပ်နေလေရဲ့။ ဧည့်ကြိုကောင်တာကို သေသေချာချာ ပြင်ဆင် ထားပါတယ်။ ဒီနေ့အတွက် ပထမဆုံး ဧည့်သည်ပါ။ မလေးရှား RM 1.00 ပေးရပါတယ်။ မြန်မာငွေ ၄၀၀ ကျပ် လောက်ပေါ့။


ပြတိုက်အောက်ထပ် ဧည့်ကြိုကောင်တာ 

ပြတိုက်အောက်ထပ်ကို ပြခန်း ၄ ခန်း ဖွဲ့ပြီး ခင်းကျင်းထားပါတယ်။ ဘာလို့လဲမသိဘူး...တံဆိပ်ခေါင်းရောင်းတဲ့ အခန်းကို ပိတ်ထားတယ်။ ကျွန်တော်ကလည်း တံဆိပ်ခေါင်းကို ၀ယ်ပြီး စုဆောင်းဖို့အထိ အစီအစဉ်မရှိသေးတော့ အတော်ပါပဲ။ ဒုတိယပြခန်းမှာ နိုင်ငံတကာ သံရုံးတွေက ပြတိုက်ကို လှူဒါန်းထားတဲ့ တံဆိပ်ခေါင်းတွေကိုပြထားတယ်။ တောင်ကိုရီးယား၊ လော၊ နယ်သာလန်၊ ဘရာဇီး၊.......။ မလေးရှား နဲ့ နိုင်ငံတကာက ထင်ရှားတဲ့ VIP တွေ ပြတိုက်ကို လာလေ့လာတဲ့ ဓါတ်ပုံတွေကိုလည်း ချိတ်ဆွဲထားတယ်။


နယ်သာလန်နိုင်ငံသံရုံးမှ ပြတိုက်ကို လှူဒါန်းထားသော တံဆိပ်ခေါင်းများ  

တတိယပြခန်းမှာ မလေးရှားနိုင်ငံရဲ့ တံဆိပ်ခေါင်းများ ဒီဇိုင်းရွေးချယ် ပြုလုပ်ပုံမှ ပုံနှိပ်ထုတ်ဝေတဲ့အထိ လုပ်ငန်းအဆင့်ဆင့်ကို ဓါတ်ပုံပိုစတာတွေနဲ့ ရှင်းလင်ပြသထားပါတယ်။ မလေးရှားနိုင်ငံရဲ့ လက်ရှိ အသုံးပြုနေဆဲ တံဆိပ်ခေါင်းများကိုလည်း ဒီအခန်းမှာ ကြည့်ရှု့နိုင်ပါတယ်။ ပြတိုက်အောက်ထပ်ရဲ့ နောက်ဆုံးပြခန်းမှာ မလေးရှားနိုင်ငံရဲ့ စာဖြန့်ဖြူးတဲ့ သမိုင်း ယနေ့အထိ တိုးတက်လာပုံကို ရုပ်တုတွေ၊ ပန်းချီကားတွေ၊ ဓါတ်ပုံတွေနဲ့ ရှင်းလင်းပြသထားပါတယ်။


  မလေးရှားနိုင်ငံရဲ့ လက်ရှိ အသုံးပြုနေဆဲ တံဆိပ်ခေါင်းများ


ပြတိုက်အောက်ထပ်ရဲ့ အနောက်ဘက် မြင်ကွင်း

----------------------------------------------------