30.12.10

ဖတ်မိ ဖတ်ရာ .... ထောင်တန်သောစကား ။ မောင်သုည ရေးသည်။

ပန်းဆိုးတန်း စာအုပ်အဟောင်းဈေးတန်းမှ ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၊ ၁၉၅၃-၅၄ ရှာဖွေ ရရှိလာလို့ ဖတ်ကြည့်ပြီး ကောင်းမယ်ထင်လို့ ရိုက်တင်လိုက်ပါတယ်။ အဟောင်းတွေထဲက ကောင်းမယ် ထင်တာလေးတွေပါ။
စောသက်လင်း

* * * * * * * * * *

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၊ ၁၉၅၃ - ၅၄။ (စာမျက်နှာ ၊ ၃၈ - ၃၉)


ထောင်တန်သောစကား ။      မောင်သုည ရေးသည်။




သားက ဆိုသည်။ ' အိုဘဲ့ ဘခင် .... ဤလောက၌ ကျွန်ုပ် မသိသော ပြဿနာများကို မေးပါရစေ။ '

ဘခင်က ဆိုသည်။ ' မေးလော့ ချစ်သား - မေးလော့ '

သားက ဆိုသည်။ ' လောကသည် မီးသတ်၏ လုပ်ငန်းဟူသည်ကား နုနယ်သော ကျောင်းသားများကို အရှိန်ပြင်းသော ရေလုံးဖြင့် ပက်ရန်လော၊ သို့တည်းမဟုတ် - မီးကို ငြိမ်းသတ်ရန်လော။ '

ဘခင်က အဖြေပေးသည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

သားက ထပ်၍ မေးပြန်သေးသည်။

' အိုဘခင် - ယင်းသို့တပြီးကား - အနှီ ပျီဒေါ်သာ နိုင်ငံတွင် လူသားတို့အတွက် ပညာရေး စီမံကိန်းများ ရေးဆွဲကြသော ၀န်ကြီး ၀န်ငယ် အသွယ်သွယ်တို့သည် မိမိတို့၏ သားသမီးများကို အနှီ ပျီဒေါ်သာ အလကားကျောင်းများတွင် ကျောင်းမထားဘဲ နိုင်ငံခြား သာသနာပြု ကျောင်းများမှာသာ အဘယ်သို့သော အကြောင်းကြောင့် - ကျောင်းထားပါသနည်း - ဘခင် '

ဘခင်က ရှင်းရှင်းပင် အဖြေပေးလိုက်ပါတော့သည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

သားက ထပ်၍ပင် မေးပြန်ပါသေးသည်။ ' အိုဘခင် - လောက၌ ' ဒီမိုကရေစီ ' ဟူသည်မှာ ပုဒ်မငါးကို ခေါ်သလော - သို့တည်းမဟုတ် ခြိမ်းခြောက်ခြင်းပင် - ဒီမိုကရေစီလော - သို့တည်းမဟုတ် မဲခိုးခြင်းသည် - ဒီမိုကရေစီလော။ '

ဘခင်က ကောင်းစွာ ဖြေပါသေးသည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

သားကလည်း ထပ်၍ မေးပြန်ပါသေးသည်။ ' အိုဘခင် - တက္ကသိုလ်လောက၌ အကြင်အဖွဲ့ တခုသည် လက်ဦးမဆွ၌ ကျောင်းတလ ပိတ်ရန် တောင်းဆိုပြီးနောက်မှ အဘယ့်ကြောင့် ကျောင်း (၁၅) ရက်ပိတ်ရန် အသံပြောင်းလဲ သွားရပါသနည်း။ '

ဘခင်က ဖြေလိုက်ပါသေးသည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '


သားက ထပ်၍ ထပ်၍ မေးပြန်တော့သည်။ ' အိုဘခင် - ဤတက္ကသိုလ်လောကမှာပင် ကျောင်းသားသမဂ္ဂ အဆောက်အဦဟူသည် စစ်ရဲပိုင် အဆောက်အဦလော - သို့တည်းမဟုတ် ကျောင်းသားထုပိုင် အဆောက် အဦလော။ '

ဘခင်က စိုးရိမ်စွာ ရှင်းရှင်းဖြေလိုက်သည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

သားက ထပ်တွန့်တက်၍ မေးပြန်သေးသည်။ ' အိုဘခင် ' ပျီဒေါ်သာ ပြင်ညာရေး ' ဟူသည်မှာ ကျောင်းသားများကို ကျောင်းထုတ်ခြင်းကို ခေါ်ပါသလော သို့တည်းမဟုတ် မျက်ရည်ယိုဗုံးဖြင့် ပစ်ခြင်းကို ခေါ်ပါသလော။ '

ဘခင်က မျက်လုံးပြူးကာ ဖြေလိုက်ပါ၏။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

သားက ထပ်၍ မေးပြန်ပါသေးသည်။  ' အိုဘခင် - တက္ကသိုလ်ဟူသည်ကား ကျောင်းသားကို ကျည်ဆံ ပေးရန်လော သို့တည်းမဟုတ် ပညာပေးရန်လော။ '

ဘခင်က ဒေါသထွက်စွာ ဖြေလိုက်ပါတော့သည်။ ' ငါမသိဘူး ချစ်သား - ငါမသိဘူး။ '

ဤတွင်မှ သားက ၀မ်းနည်းစွာနှင့် မေးပါတော့သည်။ ' အိုဘခင် - သို့ဖြစ်လျှင် - လောက၌ ဘခင်သိသော အရာဟူ၍ မရှိတော့ပြီတကား။ '

ဤတွင်မှ ဘခင်က အားရပါးရ ဖြေလိုက်ပါတော့သည်။ ' ရှိပါပြီကော ချစ်သား - ရှိပါပြီကော ၊ ယခု ချစ်သား ပြောနေသော စကားများသည် " ထောင်တန်သော စကား " များဖြစ်ကြောင်း ဘခင် ကောင်းကောင်းကြီး အသိဖြစ်တော့သည် ။ နောက်ထပ်၍ မပြောလေနှင့်တော့။ '

မောင်သုည




ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ၊ ၁၉၅၃ - ၅၄။




* * * * * * * * * *

မကြာမီ ...... ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ( ၁၉၉၆ ခုနှစ် )
                  အာဇာနည်နေ့ နှစ်ပတ်လည် အထိမ်းအမှတ် တံဆိပ်ခေါင်းများ

28.12.10

ဖတ်မိဖတ်ရာ .... သုခမိန်လှိုင် နှင့် ဂျူးတို့၏ ကျွန်တော်တို့ နေ့များအကြောင်း

ဆရာ သုခမိန်လှိုင် နှင့် ဆရာမ ဂျူး တို့၏ အနုပညာဆိုင်ရာ ဆွေးနွေးစကားများ ဖြစ်ပါသည်။ ကလျာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။

မဂ္ဂဇင်းများထဲမှ နှစ်သက်ခဲ့သည်များကို ၀ါသနာအရ ဖြစ်ညှပ်သိမ်းဆည်းထားသည့် ဖိုင်အတွင်းမှ ပြန်လည် တွေ့ရှိသဖြင့် မှတ်တမ်း တစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။

သက်ဆိုင်သူများထံ ဖော်ပြခွင့်ပြုပါရန် ပန်ကြား တောင်းခံထားခြင်း မရှိပါသဖြင့် ဤစာဖြင့်ပင် ဖော်ပြခွင့်ပြု ပါရန် ပန်ကြားအပ်ပါသည်။ ဤဆောင်းပါး ပါရှိခဲ့သည့် ကလျာမဂ္ဂဇင်း၏ ပုံနှိပ်မှတ်တမ်းကို သေချာစွာ မမှတ်သားခဲ့မိသည့်အတွက် မဖော်ပြနိုင်သဖြင့် နောင်တကြီးစွာ ရမိပါသည်။

စောသက်လင်း


* * * * * * * * * *






































* * * * * * * * * *

မကြာမီ ...... ဖတ်မိဖတ်ရာ ... မောင်သုည ၏ ထောင်တန်သောစကား
                                          ( ရန်ကုန် တက္ကသိုလ်နှစ်လည်စာစောင် ၁၉၅၃ - ၅၄ )
                  ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ( ၁၉၉၆ ခုနှစ် )

26.12.10

ကျွန်တော် နှစ်သက်သော (ဆရာမ) ကြည်အေး၏ ကဗျာများ

ဆရာမ ကြည်အေး၏ ကဗျာများကို ပြန်လည် ဖတ်ကြည့်ရင်းမှ နှစ်သက်မိသည့် ကဗျာ ၄ ပုဒ်ကို အမှတ်တရ ဖော်ပြအပ်ပါသည်။ ဆရာမ ကြည်အေးထံ ခွင့်ပြုပါရန် တောင်းခံလွှာအား မည်ကဲ့သို့ ပန်ကြားရမည်ကို မသိပါသဖြင့် ဤစာဖြင့်ပင် ခွင့်ပြုပါရန် ပန်ကြားအပ်ပါသည်။

ကျွန်တော် အမှတ်တရ သိမ်းဆည်းထားသည့် ဆရာမ၏ ဝတ္ထုရှည် ၊ ၀တ္ထုတို စာအုပ် အချို့၏ ဓါတ်ပုံများ ကိုလည်း ဖော်ပြလိုက်ပါသည်။

စောသက်လင်း


* * * * * * * * * *

ကြည်အေး ၏ ကဗျာများ
အားမာန်သစ်စာပေ ၊ ၁၉၉၂ မတ်လ ၊ ဒုတိယအကြိမ်
မျက်နှာဖုံး ပန်းချီ - စံတိုး


တစ္ဆေ

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း ၊ ကြွေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေ ခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။


မြစ်နက်ထဲမှာ
ငါရေနှစ်မြုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနားနေလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
(တ) တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
' ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ' ၊ တစ္ဆေ ဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

( တာရာ ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၉ )

အချည်းနှီး မီးအိမ်

ညဥ့်မှောင်ကြီးမှာ
မီးပုံးအပြာ ၊ ရှာယူလာပြီး
လသာဆောင်စွန်း ၊ တိုင်ထိပ်တန်းမှာ
ကြေးနန်းနှင့်တဲ ၊ တွဲလိတွဲလောင်း
ချိတ်ဆွဲလိုက်ပြီး ၊ အချည်းနှီးပင်
ထီးတည်းထိုင်ကာ နေမိ၏။

အဘယ်သူလျှင်
အမူညံ့သက် ၊ ပြုံးနှုတ်ဆက်နှင့်
ဝင်းပြက်မီးခိုင် ၊ ဖယောင်းတိုင်ကို
ကိုင်ဆောင်လာပြီး ၊ ရိုလေရီးခို
ဖော့စီးညင်သာ ၊ မီးပုံးပြာမှာ
စိုက်လာထွန်းညှိပါမည်နည်း။

တွတ်တွတ်ညည်း၍
ညဥ့်လည်းအေးအေး ၊ ငါ့လည်းငေးမိ
ပြေးလွှားမြူးခုန် ၊ အစုန်အဆန်
လေပြန်ဝှေ့နောက် ၊ လေရူးပေါက်မှာ
ဂနာမငြိမ် ၊ ငါ့မီးအိမ်သည်
တွန့်လိမ်လူးလွန့် နေသည်တကား။

( ရှုမ၀ ၊ ၁၉၄၉ ၊ ဇူလိုင် )

နွမ်းလျအိမ်ပြန်

ကိုင်းဖူးထိပ်မှာ
ပွင့်ဦးအသစ် ၊ ယခုလှစ်သည်
ရွှေရစ်ပန်းပြာ ၊ ခပ်မာမာလေး။

လှမ်းမီပေမယ့်
မောနေပါ့မယ် ၊ ခူးမလွယ်ဘူး
မြေ၀ယ်လျောင်းစင်း ၊ မောင့်ခြေရင်းက
သက်ဆင်းကြွေလင့် ၊ ခရေပွင့်လေ .... ။

အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် ၊ လှမ်းကြိုနှင့်သည်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

( ရှုမ၀ ၊ ၁၉၅၃ ၊ ဇန်န၀ါရီလ ) ၊ [ နွမ်းလျအိမ်ပြန် ဝတ္ထုမှ ]

တရားသခင်

ကြည်လင်ရုပ်သွင် ၊ သခင်လာသည်ကို
ကြည်ညိုမြတ်နိုး ၊ ကျွန်ရှိခိုးဆဲ
မာန်ငြိုးကင်းစင် ၊ ဆုထူးမြင်ဆဲ
သင်မိစ္ဆာလား ၊ သမာလား
မေးအားရက်လှသည်။

ကြည်လင်ရုပ်သွင် ၊ သခင်ဟူသည်
တစ်ဆူဂင်္ဂါသဲမှ ၊ ရှင်ဗုဒ္ဓလား
ထမြောက်ပြန်သစ် ၊ ခရစ်တော်လား
ကျော်လွင့်လူ့ရွာ ၊ အလ္လာဟုလား
စကားမွန်မြတ် ၊ ကွန်ဖြူးရှပ်လား
ကားလ်မတ် ၊ အိန်ဂျယ်
လယ်နင် ၊ စတာလင်လား။

ကြည်လင်ရုပ်သွင်
သခင်မွန်ကို ၊ ကျွန်ရှိခိုးလည်း
လူကို ရှိမခိုး ၊ တရားကို ရှိခိုး၏
စိုးစဉ်းချွတ်ယွင်း ၊ ခေတ်နှင့်မလျင်းက
ခြွင်းချက်ဖြင့် ပူဇော်၏။

ကြည်လင်ရုပ်သွင် ၊ သခင်တို့သည်
သူမှီတင်းသော ၊ လူ့ခေတ်ပြောကျယ်
လိုက်လျောကျင့်ဝတ် ၊ ပညတ်မြဲရှင့်။

ဖြူဖြောင့်ချစ်တတ် ၊ အပြစ်ခွင့်လွတ်
နားလည်ညွှတ်ပျောင်း
လွတ်မြောက်ကင်းလျက်
အသက်လှူရက် ၊ ဆင်းရဲဖက်ခဲ့
ကိုယ်ပျက်ငြူစူ ၊ နူသူကိုပင်
ကြည်ဖြူလက်ကမ်း ၊ ဖက်ယမ်းပေါင်းသင်း
သနားခြင်းဖြင့် ၊ တရားမင်းဟု
စစ်မှန်ခြင်းတည်ရာ ၊ သခင်လာသည်
နာမည်မရှိ ၊ အသိဝေငှ
အလှတရားမျှဖြစ်၏။

( ရှုမ၀ ၊ ၁၉၇၁ ၊ ဇန်န၀ါရီ )

* * * * * * * * * *
External links:
 
 
 
 * * * * * * * * * *
 



ကြည်အေး ၏ ဝတ္ထုတိုများ - ၂
အားမာန်သစ်စာပေ
၁၉၉၃ ဇန်န၀ါရီ ၊ ပထမအကြိမ်
မျက်နှာဖုံး ပန်းချီ - မြင့်မောင်ကျော်
ကြည်အေး ၏ ဝတ္ထုတိုများ - ၎
အားမာန်သစ်စာပေ
၁၉၉၅ ဧပြီ ၊ ပထမအကြိမ်
မျက်နှာဖုံး ပန်းချီ - ဇော်ညွန့်ဖေ



ကေဖွဲ့ဆိုသီ
ရာပြည့်စာအုပ်တိုက်

၁၉၉၇ ဇန်န၀ါရီ ၊ ဒုတိယအကြိမ်
မျက်နှာဖုံး ပန်းချီ - ပိုပို
(ပ ကြိမ် ၊ ၁၉၆၃ ၊ ချိုးဖြူစာပေတိုက်)
























မှန်ကွဲစများပေါ်က ကျွန်မ
ယွန်းရွှေအိမ် စာအုပ်ထုတ်လုပ်ရေး

၁၉၉၇ ၊ ဧပြီ ၊ ပထမအကြိမ်
မျက်နှာဖုံး ဒီဇိုင်း - ကိုဇော်

အိပ်မက်နှင်းမြူ ဝတ္ထုတိုစု
ရာပြည့်စာအုပ်တိုက်
၂၀၀၁ ဒီဇင်ဘာ ၁ ၊ ပထမ အကြိမ်
မျက်နှာဖုံး ပန်းချီ
ဝင်းဖေမြင့် ၏
ဝေးဝေးလွင့်လွင့် ပန်းချီကား
















မှန်၏ မှောင်ရိပ် ၊ စိုးနဲ့ခိုင်
ရွှေစာစဉ်
၂၀၀၀ အောက်တိုဘာ ၊ ပထမ အကြိမ်
မျက်နှာဖုံး ပန်းချီ - နေမျိုးဆေး

























* * * * * * * * * *

မကြာမီ   ......  ဖတ်မိဖတ်ရာ ... မောင်သုည ၏ ထောင်တန်သောစကား
                                                     ( ရန်ကုန် တက္ကသိုလ်နှစ်လည်စာစောင်  ၁၉၅၃ - ၅၄ )
                    ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ( ၁၉၉၆ ခုနှစ် )

5.12.10

ကျွန်တော်ပြန်ဖတ်ချင်နေသော စာအုပ်များ ၊ ၅ ။ ( ဟဲမင်းဝေး၏ ပင်လယ်ပြာနှင့် တံငါအို )

စာဖတ်ခြင်းနှင့် ဆိုင်သည့် စိတ်ခံစားမှုတစ်ခုကို အင်္ဂလိပ်ဘာသာဖြင့် ပညာရပ်အသုံးအနှုံး တစ်ခုရှိသည်။ အခု စဉ်းစားတော့ ကျွန်တော် မေ့နေသည်။ ဘယ်တော့မှ ပြန်သတိရမည်မသိ။

ဆိုလိုသည်ကတော့ ... ကျွန်တော်တို့တတွေ ကြုံရာ တွေ့ရာ စာတွေ ဖတ်ခဲ့ကြသည်။ သည်လိုဖတ်ရင်း အချို့ စာအုပ်များကို ဖတ်သည့်အခါ နားမလည်နိုင်သဖြင့် ထိုစာအုပ်ကို ဖတ်ရင်း ကြောက်လန့်သွားခဲ့သည်။ ဆက်မဖတ်တော့။ နောင်ကိုလည်း မဖတ်ဖြစ်တော့။ နောက်ပိုင်း အမှတ်မထင် ကြုံကြိုက်၍ ထိုစာအုပ်ကို တွေ့လျှင်ပင် ...ဟာ ငါကြောက်သွားခဲ့တဲ့ စာအုပ်ပါလား ၊ ဘာတွေ ရေးထားမှန်းကို နားမလည်ဘူး ... ဆိုပြီး မှတ်မိနိုင်ပါသေးသည်။ မြန်မာလိုဆိုလျှင်တော့ စာပိသွားတယ် ပြောမလား၊ စာကြောက်သွားတယ် ပြောမလား။

ဤကဲ့သို့ စာအုပ်တစ်အုပ်အား ကြောက်လန့်သွားသည့်စိတ်ကို ဖြစ်ပေါ်လာစေသည့် အကြောင်း အချက်များစွာ ရှိနိုင်ပါသည်။ အသက်အရွယ် ၊ အတွေ့အကြုံ ၊ စိတ်ဝင်စားနိုင်မှု ၊ စာဖတ် ၀မ်းစာ ပြည့်စုံမှု အခြေအနေ ၊ စိတ် နှင့် ပတ်ဝန်းကျင် အခြေအနေ ၊ ပညာအရည်အချင်း ၊ .....။ တစ်ယောက်နှင့် တစ်ယောက် တူညီနိုင်ဖို့ မလွယ်ကူသည့် အခြေခံ အကြောင်းအရာများ ဖြစ်ပါသည်။

ကျွန်တော်သည် စာဖတ်ခဲ့သည့် သက်တမ်းတလျှောက် (သက်တမ်း တိုပါသေးသည်) စာအုပ်ကို ဖတ်နေ ရင်းမှ ဘယ်လိုမှ နားမလည်နိုင် ၊ မခံစားနိုင်တော့သဖြင့် ကြောက်လန့်သွားခဲ့သည့် စာအုပ်များ အကြောင်းကို တွေးမိသည်။ အတော်များများ ရှိပါသည်။ ဆက်မဖတ်ဖြစ်တော့ဘဲ ဘေးချထားခဲ့ပြီး ၊ နောင် လချီ နှစ်ချီကြာမှ ပြန်ဖတ်ဖြစ်သည့် စာအုပ်များလည်းရှိသည်။ ယခုထိ ပြန်မဖတ်ဖြစ်သေးသည့် စာအုပ်များ လည်း များစွာ ရှိပါသည်။

ကျွန်တော် ၁၀ တန်းဖြေပြီး အားနေသည့် အချိန်တွင် ဦးကြီး တစ်ယောက်က ဒီစာအုပ်ကောင်းတယ် ၊ ဖတ်ကြည့် ဆိုပြီး မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ကို ပေးပါသည်။ ကျွန်တော် ဖတ်ပါသည်။ ဘယ်လိုမှ နားမလည်ပါ။ ကြိုးစားပြီး ဖတ်ကြည့်တော့ အိပ်ပျော်သွားခဲ့သည်။ ယခုထိလည်း ပြန်မဖတ်ဖြစ်သေးပါ။ ကျွန်တော့်အတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါလိမ့်မည်။

တက္ကသိုလ်ကျောင်းကြီး ၃ နှစ်နီးပါး ပိတ်နေသည့် ကာလ (၁၉၉၆ ဒီဇင်ဘာ - ၁၉၉၉ ဒီဇင်ဘာ) တုန်းက ကျွန်တော်သည် ဆရာကြီး ဦးရွှေအောင်၏ စာဖတ်သူများ စာအုပ်ကို ဖတ်ပါသည်။ နားမလည်ပါ။ ထို စာအုပ်သည်လည်း ၀ယ်ခဲ့သည့်အတိုင်း အသစ်နီးပါး စာအုပ်စင် ချောင်ထဲတွင် သိမ်းထားလိုက်ပါသည်။

ထိုသို့ ပြန်မဖတ်ဖြစ်တော့သည့် စာအုပ်များ ရှိသလို ပြန်ဖတ်ဖြစ်ခဲ့ပြီး ကျွန်တော် ကြိုက်နှစ်သက်သွားသည့် စာအုပ်များလည်း ရှိပါသည်။ ပင်လယ်ပြာနှင့် တံငါအို စာအုပ်သည် ကျွန်တော် ငယ်ငယ်က နားမလည် မခံစားတတ်ခဲ့ဘဲ နောင်မှ စွဲလန်းမိသော စာအုပ်တစ်အုပ်ဖြစ်သည်။ စိတ်ပျက် စိတ်အားငယ်မိသည့် အခါတိုင်း အားကိုးရာ ဆန္ဒဖြင့် ဖတ်ဖို့ တမ်းတမိသော စာအုပ်မျိုးဖြစ်သည်။

ဤစာအုပ်သည် ကမ္ဘာအနှံ့ ကျော်ကြားပါသည်။ အမေရိကန် စာရေးဆရာကြီး Ernest Miller Hemingway ၏ The Old Man and the Sea ကို ဘာသာမပြန်သည့် တိုင်းပြည်၊ စာပေဟူ၍ မရှိသလောက် ဖြစ်မည်ထင်သည်။ ကောင်းကင်မှာ ပြေးလွှားနေသည့် တိမ်တိုက်များကို ငေးကြည့်ရင်း ရုပ်လုံးဖော် ခံစားရ သလို ဤစာအုပ်ကို စိတ်လှုပ်ရှားစွာ ခံစားကြသည့် လူပေါင်းများစွာ ကမ္ဘာအနှံ့ မှာရှိပါသည်။ ကိုယ့်အတ္တ၊ ကိုယ့်ယုံကြည် တွေးခေါ်မှု၊ ကိုယ့်ခံစားမှုတို့ကို အခြေခံ၍ ဤစာအုပ်ကို အဓိပ္ပာယ်ဖွင့်သည့် လူပေါင်း များစွာသည် ဤစာအုပ်ကြောင့် ကိုယ့်ဘ၀ကို ကျေနပ်သွားကြသည်။ ဤစာအုပ်ကြောင့် လူပေါင်းများစွာ သည် အားမာန်သစ်သော နေ့ရက်များ မွေးဖွားလာကြသည်။


( Photo - Wikipedia )

ကျွန်တော်ဝယ်သိမ်းထားသည့် စာအုပ်သည် ဆရာမောင်ဆုရှင် ဘာသာပြန်သည့် ပင်လယ်ပြာနှင့် တံငါအို ဖြစ်သည်။ စာအုပ်သည် ဇာတ်လမ်းရော၊ အရေးအသားရော ရိုးရိုးလေးသာဖြစ်သည်။ ရှုပ်ထွေးအောင် တမင်တကာ ဖန်တီးထားသည့် နိမိတ် သင်္ကေတများမပါ။ ဇာတ်ဆောင်တွေ အများကြီးမပါ။ လုပ်ပြောသည့် အသက်မပါသော စကားပြောခန်းများမပါ။

ဝတ္ထု၏ အဓိက ဇာတ်ဆောင်မှာ အသက်ကြီးပြီဖြစ်သည့် ကျူးဘားလူမျိုး တံငါသည် အဘိုးအို ဆန်တီယာဂို (Santiago) ၏ အကြောင်းသာဖြစ်သည်။ ဝတ္ထုသည် အဘိုးအို ငါးတစ်ကောင်မှ ဖမ်းမရဘဲ ပင်လယ်မှ ပြန်လာသည့် အချိန်ဖြင့် စတင်ထားသည်။ ထိုနေ့သည် အဘိုးအို လက်ဘလာဖြင့် ပင်လယ်မှ ပြန်လာ ရသည့် ရက်ပေါင်း ၈၄ ရက် ပြည့်မြောက်သော နေ့ဖြစ်သည်။ အဘိုးအို အဖြစ်ကို ကြည့်ပြီး သူငယ်လေး မန်နိုလင် (Manolin) သည် စိတ်မကောင်း ဖြစ်နေရသည်။ တံငါသည် အချို့က လှောင်ပြောင်နေကြသည်။ သူငယ်လေး မန်နိုလင်သည် ပထမရက်ပေါင်း ၄၀ အထိ အဘိုးအိုနှင့်အတူ တစ်လှေထဲ ငါးဖမ်း ထွက်ခဲ့သူဖြစ်သည်။ ထိုရက်များအတွင်း ငါးတစ်ကောင်မှ မရသဖြင့် မိဘများကြောင့် အခြား တံငါလှေနှင့် လိုက်ပါနေရသူဖြစ်သည်။ သူငယ်လေးသည် အသက် ၅ နှစ်အရွယ်ကတည်းက အဘိုးအိုနှင့်အတူ ငါးဖမ်း လိုက်ခဲ့သူဖြစ်၍ အဘိုးအိုကို သံယောဇဉ်ရှိသူဖြစ်သည်။

သူတို့နှစ်ဦး ကမ်းစပ်နားရှိ တံငါဈေးတန်းတွင် ဘီယာဝင်သောက်ကြရင်း သူငယ်လေး ငယ်စဉ်က အကြောင်း ပြောကြသည်။ မနက်ဖြန် ကံကောင်းတော့မည့် အကြောင်း ပြောကြသည်။ ထို့နောက် သူတို့နှစ်ဦး အဘိုးအို၏ တဲသို့ ပြန်ကြသည်။ တဲမှာ ပရိဘောဂ အနည်းငယ်ဖြင့် စုတ်ချာနေသည်။ တဲနံရံတွင် အဘိုးအို၏ ဇနီး ချိတ်ဆွဲထားခဲ့သည့် Jesus နှင့်ဆိုင်သော ပုံအချို့ ရှိနေသည်။ တချိန်တုန်း ကတော့ ဇနီးသည်၏ ဓါတ်ပုံလေးလည်း နံရံပေါ်တွင် ရှိခဲ့သည်။ အဘိုးအိုသည် ထိုဓါတ်ပုံလေးကို ကြည့်ခြင်း ဖြင့် အထီးကျန်သလို ခံစားလာရကာ ၊ နောက်ပိုင်းတော့ သူ၏ အကျီ င်္အတွင်းအိတ်ထဲတွင်သာ သိမ်းထား တော့သည်။

တဲထဲတွင် အဘိုးအိုနှင့် သူငယ်လေးသည် မရှိသည့် ညစာကို ရှိသယောင်ဖြင့် ညစာအကြောင်း၊ တခါက ရက်ပေါင်း ၈၇ ရက်အထိ ငါးမရခဲ့ဖူးသည့် အကြောင်း၊ အမေရိကန် ဘေ့စ်ဘောအသင်းများအကြောင်း၊ ကစားသမားများ မန်နေဂျာများအကြောင်း ပြောဆိုနေကြသည်။ အဘိုးအိုသည် ဘေ့စ်ဘောအသင်းများ ထဲမှ ယန်းကီး (Yankees) အသင်းကို အားပေးသူဖြစ်သည်။ အဘိုးအိုသည် ငယ်စဉ်က အာဖရိကသို့ ရောက်ခဲ့ဖူးသည်။ အာဖရိက၏ ညနေချိန်တွင် ပင်လယ်ကမ်းစပ်၌ ခြင်္သေ့များကို တွေ့ခဲ့သည့် အကြောင်း ပြောဆိုကြသည်။ ထို့နောက် အဘိုးအိုသည် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ အဘိုးအိုသည် သူငယ်စဉ်က ရောက်ခဲ့သည့် အာဖရိကကို အိပ်မက်နေသည်။ အာဖရိကကမ်းစပ်မှ ပင်လယ်လှိုင်းသံများ၊ ကုန်းမြေကို ဖြတ်သန်းလာသည့် လေညှင်းနံ့များကို အိပ်မက်နေသည်။ ကမ်းစပ်မှ ခြင်္သေ့များကိုလည်း အိပ်မက် နေသည်။ သူသည် အာဖရိကကို သဘောကျသူဖြစ်သည်။ သူသည် ယခုအခါ အာဖရိက အကြောင်းကိုသာ အိပ်မက် မက်တော့သည်။

အာရုဏ်တက်ချိန်တွင် အဘိုးအိုသည် အစာဟူ၍ ရေပုလင်းလေးတစ်လုံးဖြင့် ပင်လယ်သို့ ငါးဖမ်း ထွက်သွားသည်။ သူငယ်လေးက ကမ်းစပ်ထိ လိုက်ပို့သည်။ ထိုနေ့သည် ၈၅ ရက် ပြည့်မြောက်သော နေ့ ဖြစ်သည်။ အဘိုးအိုသည် ယုံကြည်ချက်အပြည့်ဖြင့် ကမ်းမှ အလှမ်းဝေးကွာသည့် နေရာအထိ သွားရောက် လေသည်။ ထိုနေ့ နေ့လည်တွင် အဘိုးအိုသည် ကြီးမားလှသည့် မာလင်း Marlin ငါးတစ်ကောင်ကို ဖမ်းမိသည်။ ငါးကြီး၏ ပြင်းထန်သည့် ရုန်းကန်အားကြောင့် ကြိုးကို ဘယ်လိုမှ မဆွဲနိုင်သဖြင့် ငါးကြီး ပြေးရာနောက်သို့ လှေငယ်သည် ကြိုးတန်းလန်းဖြင့် လိုက်ပါသွားရသည်။ ငါးကြီးသည် နှစ်ရက် နှစ်ည တိုင်တိုင် ပြေးလွှားနေသည်။ ထိုအချိန်များအတွင်း အဘိုးအိုနှင့် ငါးကြီး၏ အသက်လုတိုက်ပွဲမှာ ပြင်းထန် လွန်းလှသည်။ တတိယမြောက်နေ့တွင် ငါးကြီးသည် အဘိုးအိုကို အရှုံးပေးလိုက်ရတော့သည်။

အဘိုးအိုသည် ငါးသေကြီးကို လှေနံဘေးတွင် ကပ်တွဲလျှက် ကမ်းသို့ ပြန်လာခဲ့သည်။ သူသည် ရလာမည့် ငွေကြေးနှင့် ကျွေးနိုင်မည့် လူစာရင်းကို တွက်ချက်နေလေသည်။ လှေနှင့် တွဲကပ်ပါလာသည့် ငါးကြီးမှ သွေးညှီနံ့ကြောင့် ငါးမန်းများ လှေနားကပ်လာပြီး ငါးသေကြီးကို လုယက် စားသောက်ကြသည်။ အဘိုးအို သည် ငါးမန်းများကို ခုခံ တိုက်ခိုက်ရပြန်သည်။ ညရောက်လာသောအခါ အဘိုးအိုသည် ငါးမန်းများကို အရှုံးပေးလိုက်ရတော့သည်။ အာရုဏ်တက်ချိန် ကမ်းစပ်သို့ ပြန်ရောက်သည့်အခါ ငါးသေကြီးသည် ဦးခေါင်း၊ ကျောရိုးနှင့် အမြီးပိုင်းသာ ကျန်တော့သည်။ အသားများ အားလုံး ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။ အဘိုးအိုသည် အားအင်ကုန်ခမ်း ပင်ပန်းစွာဖြင့် လှေရွက်တိုင်ကို ထမ်းပြီး တဲသို့ပြန်လာကာ အိပ်စက် နေလေသည်။

နံနက် မိုးလင်းသောအခါ ကမ်းစပ်ရှိ အဘိုးအို၏ လှေနံဘေးတွင် တွဲကပ်နေဆဲဖြစ်သည့် ငါးအရိုးကြီးကို အခြားတံငါသည်များက တိုင်းတာပြီး အံ့သြနေကြသည်။ ငါးရိုးကြီးကြောင့် ကမ်းစပ်တစ်ခုလုံး လှုပ်လှုပ် ရှားရှား ဖြစ်နေကြသည်။ သူငယ်လေးသည် အဘိုးအို၏ တဲဆီသို့ ရောက်လာခဲ့သည်။ အဘိုးအို နှိုးလာ သောအခါ နောင်ကို ငါးဖမ်းအတူ ထွက်ကြဖို့ ကတိ ဖလှယ်ကြသည်။ ထို့နောက် အဘိုးအိုသည် အိပ်ပျော် သွားပြန်သည်။ သူသည် အာဖရိက ကမ်းစပ်မှ ခြင်္သေများကို အိပ်မက် မက်နေသည်။

ဝတ္ထုသည် ဤမျှသာဖြစ်သည်။ ဝတ္ထုအကျဉ်းချုပ်သည် ပျင်းဖို့ကောင်းပါလိမ့်မည်။ အကောင်းဆုံးကတော့ ပင်လယ်ပြာနှင့် တံငါအို ကို ဖတ်ခြင်းသာဖြစ်ပါလိမ့်မည်။

ဤဝတ္ထုမှ ကျွန်တော်တို့ ဘာတွေ ရခဲ့ကြသနည်း။ ဝတ္ထုများမှ ရနိုင်သော အရာသည် မည်သည့် အရာ ဖြစ်မည်နည်း။ တစ်ခုခုတော့ ရနိုင်မှာပဲ ဆိုပြီး ကျွန်တော်တို့တတွေ ဝတ္ထုများကို ဖတ်ကြသလား။ .......

ကျွန်တော်တို့သည် ပင်လယ်ကြီးထဲ ငါးဖမ်းထွက်နေကြသူများ ဖြစ်ကြပါသည်။ ဘယ်တော့ ငါးကြီး မိမည်မသိ၊ ဘယ်တော့ ငါးအရိုးဘဲ ကျန်မည်မသိ။ ငါးအရိုးချည်းသာ ကျန်ခဲ့သည့် အချိန်ရောက်လျှင် ကျွန်တော်တို့ မက်နေကြ အိပ်မက် ဆက်မက်နိုင်ဖို့ အိပ်ပျော်ပါ့မလား ...မသိ။ တကယ်တော့ ကျွန်တော်တို့ မသိနိုင် သေးသော အရာများ များပြားလှပါသည်။


Ernest Hemingway on safari in Kenya in 1953
(Photo - Wikipedia)

ပင်လယ်ပြာနှင့် တံငါအို ဝတ္ထု မူရင်း စာရေးဆရာ ဟဲမင်းဝေး၏ ဘ၀မှာလည်း စိတ်ဝင်စားဖို့ ကောင်းပါ သည်။ အောက်တွင် ဖော်ပြထားသည့် External Links တွင် သူ့အကြောင်းကို ဆက်လက် ဖတ်ရှုနိုင်ပါ သည်။ ဟဲမင်းဝေးနှင့် ဘ၀တစ်ကွေ့တွင် တွေ့ကြုံ ရင်းနှီးခဲ့ဖူးသည့် ရုရှ စာရေးဆရာကြီး အီလျာ အာရင်ဘတ်က ( Ilya Grigoryevich Ehrenburg ) သူ၏ အမှတ်တရ ရုပ်ပုံလွှာ ( Memoirs ) စာအုပ်ထဲတွင် ဟဲမင်းဝေးအကြောင်း တစ်ခန်း ရေးသားပုံဖော်ခဲ့သည်။ အီလျာအာရင်ဘတ်ကတော့ The Old Man and the Sea နှင့် ဟဲမင်းဝေး၏ အခြား ထင်ရှားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည့် For Whom the Bell Tolls နှစ်ပုဒ်ကို နှိုင်းယှဉ် ရေးဖွဲ့သွားပါသည်။

ဟဲမင်းဝေး၏ For Whom the Bell Tolls ဝတ္ထုကို စာရေးဆရာ ကိုကို က ခေါင်းလောင်းသံ အမည်ဖြင့် မြန်မာပြန်ဆိုခဲ့ပြီး ပုဂံစာအုပ်တိုက်မှ ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။

ကျွန်တော်သည် ခေါင်းလောင်းသံ ဝတ္ထုကို မခံစားတတ်သဖြင့် နှစ်ကြိမ်တိုင် ကြိုးစား ဖတ်ကြည့်ပါသည်။ အခုထိ မခံစားတတ်သေးပါ။ အချိန်တစ်ချိန်သို့ ရောက်လျှင်တော့ဖြင့် ကျွန်တော် ခံစားနိုင်လိမ်မည် ထင်ပါ သည်။




From left: Marcelline, Sunny, Clarence,
 Grace, Ursula and Ernest (1905).
(Photo - Wikipedia)

Hemingway photographed
 in Milan, 1918, dressed in uniform.
For two months he drove ambulances
until he was wounded.
(Photo - Wikipedia)
















(Photo - http://americanthings.wordpress.com/)















ကိုကို မြန်မာပြန်ထားသည့်
ခေါင်းလောင်းသံ ဝတ္ထု စာအုပ်မျက်နှာဖုံး

ခေါင်းလောင်းသံ ဝတ္ထု ပုံနှိပ်မှတ်တမ်း
(၁-၉-၆၅၊ ပထမအကြိမ်၊ ပုဂံစာအုပ်တိုက်)




* * * * * * * * * *






( Ilya Ehrenberg's Memoirs   Eve of War
 မြသန်းတင့်
 လူများ၊ သက္ကရာဇ်များ - ဘ၀  ၁၉၃၃ - ၁၉၄၁
စာမျက်နှာ - ၂၀၅ - ၂၁၈ )




ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ

၁၉၃၇ ခု မတ်လ မက်ဒရစ်မြို့တွင် ဖြစ်သည်။ ကျွန်တော်သည် ဆေးရုံအဖြစ်ပြောင်းထားသည့် ယခင် နန်းတော်ဟိုတယ်တွင် တည်းနေသည်။ ဒဏ်ရာရသူများက ညည်းနေသည်။ ဆေးရုံတစ်ခုလုံး ကာဘော် လစ်နံ့ နံနေတော့သည်။ အဆောက်အအုံတွင် အပူငွေ့ ပေးထားခြင်းမရှိ။ ၁၉၂၀ ခုနှစ်က မော်စကိုကဲ့သို့ အစားအသောက်လည်း ရှားပါးပါသည်။ ကျွန်တော်သည် အိပ်မပျော်ခင်တွင် အမဲသား စတိတ်ကြော်ကလေး တစ်တုံးလောက်ကို တောင့်တနေမိပါသည်။

တစ်ညနေတွင်မူ ကျွန်တော်သည် ဆိုဗီယက် အကြံပေး အရာရှိများနှင့် ကောလဆော့ဗ်တို့ တည်းခိုနေသော ဂေးလော့ဟိုတယ်ကို သွားရန် စိတ်ကူးပါသည်။ ထိုနေရာသို့ ရောက်လျှင် နွေးနွေးထွေးထွေးကလေး နေရမည်။ အစားအသောက် မြိုးမြိုးမြက်မြက်ကလေးတော့ စားရမည်။

ထုံးစံအတိုင်းပင် ကောလဆော့ဗ်၏ အခန်းတွင် မြင်နေကျလူများနှင့် လူစိမ်းများကို တွေ့ရသည်။ ဂေလော့ဒ်ဟိုတယ်သည် ကျွန်တော်ကိုသာမက အခြားသူများကိုလည်း ဆွဲဆောင်နေပါသည်။ စားပွဲပေါ်တွင် ၀က်ပေါင်ခြောက်ကြီး တစ်ခုနှင့် ပုလင်းအချို့ကို တွေ့ရပါသည်။ ကောလဆော့ဗ်က ' ဟဲမင်းဝေးလည်း ရောက်နေတယ်ဗျ ' ပြောပါသည်။ ကျွန်တော်သည် အကြီးအကျယ် စိတ်လှုပ်ရှားသွားကာ ၀က်ပေါင်ခြောက် ကိုပင် မေ့သွားပါသည်။

လူတိုင်းတွင် ကိုယ်ကြိုက်သည့် ဖေးဖရိတ် စာရေးဆရာ ရှိတတ်ပါသည်။ သို့ရာတွင် ထိုစာရေးဆရာကို ဘာကြောင့်ကြိုက်ပြီး ထိုစာရေးဆရာကို ဘာကြောင့်မကြိုက်သလဲဟု ရှင်းပြရသည်မှာ တော်တော် ခက်ပါသည်။ ဤအမျိုးသမီးကိုတော့ ချစ်ပြီး ထိုအမျိုးသမီးကို ဘာကြောင့် မချစ်သနည်းဟု ရှင်းပြရ သကဲ့သို့ပင် ခက်ပါသည်။ ကျွန်တော်နှင့် ခေတ်ပြိုင် စာရေးဆရာများထဲတွင် ကျွန်တော်သည် ဟဲမင်းဝေးကို အကြိုက်ဆုံး ဖြစ်ပါသည်။

၁၉၃၁ ခုနှစ်တုန်းက စပိန်ပြည်သို့ ရောက်စဉ် တိုးလားက သိပ်နာမည်မကြီးသေးသည့် စာရေးဆရာ တစ်ယောက်၏ စာအုပ်တစ်အုပ်ကို ပေးပါသည်။ ထိုစာအုပ်မှာ ' နေမင်းသည်လည်း ထွက်မြဲသာ ' ဆိုသည့်ဝတ္ထုဖြစ်သည်။

' ဒီစာအုပ်က စပိန်ပြည်အကြောင်း ထင်တာပဲဗျ။ စပိန်ပြည်အကြောင်းကို သိရတာပေါ့။ ဖတ်ကြည့်ပါလား ' ဟု တိုးလားက ပြောသည်။ ကျွန်တော်သည် ထိုစာအုပ်ကို ဖတ်ကြည့်ပါသည်။ ထို့နောက် ' လက်နက်များကို နှုတ်ဆက်ခြင်း ' ကိုလည်း ဖတ်ပါသည်။ ဟဲမင်းဝေးသည် ကျွန်တော်အား စပိန်ပြည် အကြောင်းကို ကျွန်တော်နားလည်အောင် ကူညီခဲ့ပါသည်။ ကျွဲရိုင်းသတ်ပွဲများအကြောင်း မဟုတ်ပါ။ ဘ၀အကြောင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင်လျှင် စာပွဲတစ်လုံးတွင်ထိုင်၍ ၀ီစကီသောက်နေသည့် အရပ် ထောင်ထောင်မောင်းမောင်း၊ မှုန်တေတေ လူတစ်ယောက်ကို မြင်သည့်အခါတွင် ကျွန်တော် စိတ်လှုပ်ရှားခြင်း ဖြစ်ပါသည်။ ကျွန်တော်က သူ့စာများကို ဘယ်လို နှစ်သက်စွဲလမ်းခဲ့ကြောင်း၊ သူ့ကို ဘယ်မျှလေးစားကြောင်း စသည်တို့ကို လျှောက်ပြောပါသည်။ ကျွန်တော် ပြောနေပုံသည် တော်တော်ခွကျနေပုံရပါသည်။ ဟဲမင်းဝေး၏ မျက်မှောင် သည် ပို၍ ကုတ်သွားပါသည်။ ၀ီစကီ နောက်တစ်ပုလင်းကို ဖွင့်ပါသည်။ ပုလင်းကို ၀ယ်ခဲ့သူမှာ သူပင် ဖြစ်လိမ့်မည် ထင်ပါသည်။ သူများထက်လည်း ပိုသောက်နိုင်ပါသည်။

ကျွန်တော်က မက်ဒရစ်တွင် သူ ဘာလုပ်နေသနည်း ဟု မေးပါသည်။ သူက သတင်းကိုယ်စားလှယ်တစ်ခု၏ သတင်းထောက်အဖြစ် လာခြင်းဖြစ်ကြောင်း ပြောပြပါသည်။ သူက ကျွန်တော့်ကို စပိန်လိုပြောပြီး ကျွန်တော်က သူ့ကို ပြင်သစ်လို ပြန်ပြောပါသည်။

' ခင်ဗျား ဆောင်းပါးတွေနဲ့သတင်းတွေကို ကြေးနန်းနဲ့ပဲ ပို့သလား ' ဟု ကျွန်တော်က မေးသည်။ ဟဲမင်းဝေး သည် ဗြုန်းခနဲ ထိုင်ရာမှ ထလိုက်ကာ ပုလင်းကို ကောက်ကိုင်၍ ကျွန်တော့်ကို ရွယ်လိုက်ပြီး ' ဘာလဲ ခင်ဗျား ကျုပ်ကို လှောင်နေတာလား ' ဟု မေးပါသည်။ သတင်းကို ပြင်သစ်လို နိုဗယ်လေဟု ခေါ်ပြီး စပိန် ဘာသာဖြင့်ဆိုလျှင် နိုဗယ်လာမှာ ဝတ္ထု ဟူ၍ အဓိပ္ပာယ်ထွက်ပါသည်။ တစ်ယောက်က ပုလင်းကို လှမ်းဆွဲ ထားလိုက်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု လွဲကြသည်တို့ ပျောက်သွားပြီး ကျွန်တော်တို့ နှစ်ယောက် ရယ်မိကြပါသည်။ ဟဲမင်းဝေးက သူဘာကြောင့် စိတ်ဆိုးရကြောင်းကို ရှင်းပြပါသည်။ ဝေဖန်ရေးဆရာများက သူ၏ ဝတ္ထုအရေးအသားသည် ' ကြေးနန်း ရိုက်သည့် စကားပြေ ' နှင့် တူသည်ဟု ပြော ကြကြောင်း ဟဲမင်းဝေးက ရှင်းပြပါသည်။ ကျွန်တော်က ရယ်ပါသည်။

' ပြီးတော့ ကျွန်တော့် ၀ါကျတွေက တိုနှံ့နှံ့နဲ့ ဓါးနဲ့ စင်းထားသလိုပဲတဲ့ ' ဟုပြောပြီး သူက ဆက်၍ ပြောပါ သည်။  'ခင်ဗျား ၀ီစကီ မကြိုက်တာ နာတယ်ဗျာ၊ ၀ိုင်က အပျော်သောက်ဖို့ဗျ၊ ၀ီစကီကတော့ လောင်စာ အတွက် သောက်တာ '

ဟဲမင်းဝေးသည် စပိန်သို့ ဘာကြောင့် ရောက်လာသနည်း ဟု လူတော်တော်များများက အံ့သြနေကြ ပါသည်။ သူသည် စပိန်ပြည်ကို သဘောကျသောကြောင့် ဖြစ်ပါသည်။ ဖက်ဆစ်ဝါဒကို မုန်းသောကြောင့် ဖြစ်ပါသည်။ စပိန်ပြည်တွင်းစစ် မဖြစ်မီ အီတလီတို့က အဘီးဆီးနီးယားကို ၀င်တိုက်ကတည်းက သူသည် အီတလီကျူးကျော်မှုကို လူသိရှင်ကြား ဆန့်ကျင်ခဲ့ပါသည်။ သို့ရာတွင် အဘယ်ကြောင့် မက်ဒရစ်တွင် နေနေပါသနည်း။ ပထမတွင် သူသည် ဂျောရစ်အိုင်ဗင်းနှင့်အတူ ရုပ်ရှင်ကားတစ်ကားကို ရိုက်နေပါသည်။ သူသည် အမေရိကသို့ ဆောင်းပါးများ မကြာမကြာ ရေးပို့ခဲ့ပါသည်။ သူသည် ဖက်ဆစ်တို့က အမြောက်ကြီးများဖြင့် လှမ်းထုနေသော တယ်လီဖုန်းရုံးအနီးတွင်ရှိသည့် ဟိုတယ်ဖလော်ရီဒါတွင် တည်းနေပါသည်။ အလွန်ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲသဖြင့် ထိုနေရာမှာ တော်တော် ပျက်စီးနေပါသည်။ ဟဲမင်းဝေးမှအပ ထိုနေရာတွင် မည်သူမျှ မနေကြတော့ပါ။ သူသည် ရေနံဆီ မီးဖိုဖြင့် ရေနွေးတည်ပြီး ကော်ဖီဖျော်ပါသည်။ လိမ္မော်သီးစားပါသည်။ ၀ီစကီသောက်ပါသည်။ ထို့နောက် အချစ်နှင့် ပတ်သက်သည့် ပြဇာတ်တစ်ပုဒ်ကို တရကြမ်းရေးနေပါသည်။ ဖလော်ရီဒါနယ်တွင် သူ့ကိုယ်ပိုင် အိမ်တစ်လုံးရှိပါသည်။ ထိုနေရာတွင် အေးအေးဆေးဆေးနေပြီး သူဝါသနာပါရာ အလုပ်များဖြစ်သည့် ငါးမျှားခြင်း၊ အမဲသားစတိတ်ကလေးစားခြင်း၊ ပြဇာတ်ကလေးရေးခြင်းတို့ဖြင့် အေးအေးဆေးဆေး နေနိုင်ပါသည်။ မက်ဒရစ်တွင်ဆိုလျှင် သူသည် အမြဲတမ်း ဆာလောင်ငတ်မွတ်နေပါသည်။ သို့ရာတွင် ဟဲမင်းဝေးသည် စိတ်မပျက်ပါ။ သူ့ကို အမေရိကသို့ ပြန်လာရန် ကြေးနန်းဖြင့် မကြာခဏ လှမ်းခေါ်ပါသည်။ သို့ရာတွင် သူသည် ကြေးနန်းများကို စိတ်ဆိုးဆိုးဖြင့် လွှင့်ပစ်လိုက်ကာ 'ကျုပ်ရောက်တဲ့နေရာမှာ ကျုပ် ပျော်နေပြီပဲ' ဟု ပြောတတ်ပါသည်။ သူ့ကိုယ်တွင်းက စာရေးဆရာသည် အန္တရာယ်များ၊ သေခြင်းနှင့် သူရဲ ကောင်းစွန့်စားမှုများကို သဘောကျနေပါသည်။ ဖက်ဆစ်တွေကို အနိုင်တိုက်မှ ဖြစ်မယ်ဗျ ဟု သူ ပြောတတ်ပါသည်။ သူသည် လက်မြှောက်အရှုံးပေးရန် ငြင်းဆိုသူများအနက် တစ်ယောက်ဖြစ်ပြီး ထိုငြင်းဆိုမှုသည် သူ့ကို လန်းဆန်းစေပြီး ငယ်ရွယ်နုပျိုစေပါသည်။

ဟဲမင်းဝေးသည် ဝေးလော့ဒ်ဟိုတယ်တွင် ကျွန်တော်တို့ ဆိုဗီယက်တပ်နီတော် တပ်သားများကို တွေ့ပါသည်။ သူသည် ရန်သူ့နယ်မြေများထဲသို့ မကြာခဏသွားရောက်သည့် တစ်ဇောက်ကန်း သတ္တိကောင်းသူ ဟာဂျီကို သဘောကျပါသည်။ (ဟာဂျီသည် ကော့ကေးဆပ် နယ်သားတစ်ယောက်ဖြစ်ပြီး စပိန်လူမျိုးတစ်ယောက် အဖြစ်သို့ ချက်ချင်း ကူးပြောင်းသွားနိုင်သူမျိုး ဖြစ်ပါသည်) သူ၏ နာမည်ကျော် ဝတ္ထု ဖြစ်သည့် " ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ " ဝတ္ထုထဲမှ ပြောက်ကျားများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရေးသားချက်တို့မှာ ဟာဂျီထံမှ ကြားရသည့် အကြောင်းအရာများ ဖြစ်ပါသည်။ (ဟာဂျီသည် စပိန် ပြည်တွင်းစစ်တွင် မသေမပျောက် ကျန်ရစ်ခဲ့သည်မှာ ၀မ်းသာစရာ ဖြစ်ပါသည်။ ကျွန်တော်နှင့် သူ နောက်တစ်ကြိမ် ထပ်တွေ့သည့်အတွက် ၀မ်းသာရပါသည်။ )

ကျွန်တော်သည် ဂွါဒါလာဂျာရာတွင် ဟဲမင်းဝေးနှင့် အတူရှိခဲ့ပါသည်။ သူသည် စစ်ရေးစစ်ရာများကို နားလည်ပြီး အခြေအနေကို ချက်ချင်းသဘောပေါက်လွယ်သူ ဖြစ်ပါသည်။ အီတလီစစ်တပ်သုံး လက်ပစ်ဗုံးများအား ကျွန်တော်တို့လူတွေ ယူလာသည်ကို ကြည့်နေသည့် ဟဲမင်းဝေးကို ကျွန်တော် သတိရနေပါသည်။ အီတလီ လက်ပစ်ဗုံးများမှာ အကြီးစား စထရော်ဘယ်ရီသီးကြီးများလို နီနီရဲရဲကြီးတွေ ဖြစ်ပါသည်။ " ဒီကောင်တွေက လက်ပစ်ဗုံးတွေ အများကြီး ထားပစ်ခဲ့တာကိုးဗျ၊ အီတလီ လက်ပစ်ဗုံးတွေကို ကြည့်ရတာ အီတလီတွေအတိုင်းပဲ " ဟုပြောပြီး ပြုံးနေပါသည်။

ပထမကမ္ဘာစစ်တုန်းက ဟဲမင်းဝေးသည် အီတလီ - သြစထရီးယန်း စစ်မျက်နှာတွင် အပျော်တမ်း တပ်သား တစ်ယောက်အနေဖြင့် တိုက်ခဲ့ဖူးပါသည်။ အမြောက်ဆန်ထိသဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသည်။ စစ်ကို မြင်ခဲ့ပြီးသည့်နောက်တွင် သူသည် စစ်ကိုမုန်းလာခဲ့ပါသည်။ အီတလီစစ်သားများက သူတို့ ရိုင်ဖယ် သေနတ်များကို ပစ်ချရန် အဆင်သင့်ဖြစ်သည်ဟု သိရသည့်အခါ သူဝမ်းသာနေပါသည်။ (ဖက်ဆစ် အီတလီတပ်မှုး) ဖရက်ဒရစ် ဟင်နရီသည် လက်နက်များကို နှုတ်ဆက်ခဲ့ပါသည်။ " စစ်ကို ကျွန်တော် မေ့ လိုက်တော့မယ်ဗျာ၊ ကျွန်တော်ဘာသာ သီးခြားငြိမ်းချမ်းရေးလုပ်တော့မယ် " ဟု သူက ပြောခဲ့ပါသည်။

သို့ရာတွင် တက္ကသိုလ်မြို့တစ်မြို့ဖြစ်သည့် ဂျာရာမာတွင် ဟဲမင်းဝေးသည် နိုင်ငံတကာ အပျော်တမ်း တပ်မဟာ၏ စက်သေနတ်များကို စစ်ဆေးနေပါသည်။ ကျွန်တော်တို့ စကားဝိုင်းတစ်ခုတွင် ဟဲမင်းဝေးက " ကျွန်တော် နိုင်ငံရေးကို သိပ်နားမလည်ပါဘူးဗျာ၊ ၀ါသနာလည်း မပါပါဘူး၊ ဒါပေမယ့် ဖက်ဆစ်ဝါဒဆိုတာ ဘာလဲဆိုတာ ကျွန်တော်သိတယ်လေ၊ ခု စပိန်မှာ တိုက်နေတာဟာ မှန်ကန်တဲ့ အရေးကိစ္စအတွက် တိုက်နေတာဗျ " ဟု ပြောပါသည်။

သူသည် ဗိုလ်ချုပ်လူးကတ်စ် ကွပ်ကဲသည့် အမှတ် ၁၂ တပ်မဟာ ဌာနချုပ်သို့ မကြာခဏ သွားလေ့ ရှိပါသည်။ (ဗိုလ်ချုပ်လူးကတ်စ် ဟန်ဂေရီယန် စာရေးဆရာ မိတ်ဇယ်လကာ ဖြစ်ပါသည်။ ) ပထမကမ္ဘာစစ်တုန်းက သူတို့ နှစ်ဦးသည် ရန်ဘက် စစ်တပ်ကြီးနှစ်ခု၏ ကတုတ်ကျင်းများထဲမှနေ၍ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ခဲ့ကြဖူးပါသည်။ ယခု မက်ဒရစ်မြို့အနီးတွင်မူ သူတို့ နှစ်ယောက်သည် မိတ်ဆွေ ရောင်းရင်းများအဖြစ် စကားစမြည် ပြောနေကြပါသည်။

မိတ်ဇယ်လကာက သက်ပြင်းချလိုက်ပြီး "စစ်ပွဲဆိုတာ ညစ်ပတ်တဲ့ အလုပ်ဗျ၊ မဟုတ်ဘူးလား"ဟု မေးသည်။

" ဘယ်လိုလဲ " ဟဲမင်းဝေးက အဖြေပေးပြီး ခဏအကြာတွင် ဆက်၍ ပြောသည်။ " ကဲ ရဲဘော် ဗိုလ်ချုပ်ကြီး ၊ ဖက်ဆစ် အမြောက်တပ်တွေ ဘယ်နားမှာလဲဆိုတာ ပြစမ်းဗျာ " ဟု ပြောသည်။ သူတို့ နှစ်ယောက်သည် ရောင်စုံခဲတံတွေဖြင့် ရှုပ်ယှက်ခတ်နေအောင် မှတ်သားထားသည့် မြေပုံကြီး တစ်ခုဖြင့် နာရီပေါင်းများစွာ အလုပ်ရှုပ်နေကြသည်။

အီဘားရား နန်းတော်ဟောင်းကြီးရှေ့တွင် ရိုက်ထားသည့် ဓါတ်ပုံကလေးတစ်ပုံ ကျွန်တော်ထံတွင် ရှိနေ ပါသည်။ ဟဲမင်းဝေး၊ အိုင်မင်း၊ ရက်ဂလား နှင့် ကျွန်တော်တို့ဖြစ်သည်။ ဟဲမင်းဝေးသည် နုပျိုသေးသွယ် တုန်း။ သူ့မျက်နှာက အပြုံးလဲ့လဲ့ဖြင့်။

တစ်ခါတွင် သူက ကျွန်တော်ကို ပြောပါသည်။ " ပုံသဏ္ဌာန်တွေကတော့ ပြောင်းနေတာပဲဗျ၊ ဒါပေမယ့် အကြောင်းအရာတွေ (သဲမ်းတွေ) ကတော့ ...။ ကဲ ခင်ဗျားကို ကျွန်တော်မေးမယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ စာရေး ဆရာတွေအားလုံး ရေးခဲ့ကြပြီး ခုတိုင်လည်း ရေးနေကြတဲ့ အကြောင်းအရာတွေဟာ ဘာတွေလဲ။ မများပါဘူးဗျာ၊ လက်တစ်ဖက်တည်းနဲ့ ရေလို့ ရပါတယ်၊ အချစ်ရယ်၊ သေခြင်းတရားရယ်၊ အလုပ်ရယ်၊ တိုက်ပွဲရယ် မဟုတ်လား။ ချုပ်ကြည့်လိုက်တော့ အရာအားလုံးဟာ ဒါတွေထဲမှာ ပါနေတာပဲ မဟုတ်လား၊ ထားပါဗျာ၊ စစ် ၊ ပြီးတော့ ပင်လယ် ၊ ဒီအထဲမှာ အကုန်ပါနေတယ် "

တစ်ခါတွင်လည်း ကျွန်တော်တို့သည် ပျူအာတာဒဲဆော ရပ်ကွက်ရှိ ကဖေးတစ်ခုထဲတွင် ထိုင်ရင်း စာကြောင်းပေကြောင်းကို ပြောနေကြပါသည်။ ကဖေးမှာ ဗုံးထိသွားသည့် အိမ်နှစ်လုံးကြားတွင် ထူးထူး ဆန်းဆန်း ကျန်ရစ်ခဲ့ခြင်းဖြစ်ပါသည်။ ကဖေးတွင် လိမ္မော်ရည်နှင့် ရေခဲရေသာ ရပါသည်။ ထိုနေ့မှာ ချမ်းအေးသော နေ့တစ်နေ့ ဖြစ်သည်။ ဟဲမင်းဝေးသည် သူ့ခါးကြားအိတ်ထဲမှ ပုလင်းပြားကလေးကို ထုတ်ကာ ၀ီစကီကို ငှဲ့ပါသည်။

" စာရေးဆရာတစ်ယောက်ဟာ အရာရာတိုင်းကို အကုန်ပါအောင် ဘယ်လိုလုပ်ပြီးမှ မရေးနိုင်ဘူးဗျ၊ နေ့ရက်တွေ၊ အတွေးတွေ၊ ခံစားချက်တွေကို အတိုချုပ်လောက်ပဲ ရေးနိုင်မှာပဲ။ ဒါမှ မဟုတ်ရင်လည်း ယေဘုယျကို သီးခြားထဲမှာ ထည့်ပြီး ပြောနိုင်ရုံပဲ။ တွေ့ဆုံမှု တစ်ခုအတွင်းမှာ ဒိုင်ယာလော့ စကားပြောခန်း တစ်ခုထဲမှာ ထည့်ပြောရုံလောက်ပဲ တတ်နိုင်မှာပဲ။ ကျွန်တော်က အသေးစိတ်တွေလောက်ကိုပဲ ရေးတယ်၊ သူတို့ကတော့ အသေးစိတ်တွေရဲ့ အသေးစိတ်ကို ရေးပြဖို့ ကြိုးစားကြတယ် "

ကျွန်တော်က သူ့စာအုပ်များထဲတွင် အထူးခြားဆုံးမှာ ဒိုင်ယာလော့ဖြစ်ကြောင်း၊ ထိုသို့သော ဒိုင်ယာလော့ မျိုးကို မည်သို့ ရေးသည်ကို စဉ်းစား၍ မရကြောင်းဖြင့်ပြောသည်။ သူက ပြုံးလိုက်ရင်း " အမေရိကန် ဝေဖန် ရေးဆရာတစ်ယောက်ကတော့ ဒိုင်ယာလော့တွေကို တိုတိုတုတ်တုတ်နဲ့ ရေးနိုင်တာဟာ ၀ါကျတွေကို စပိန်ဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်လို့ ရေးနိုင်တာတဲ့၊ သူက အလေးအနက် ပြောနေတာဗျ။ "

ဟဲမင်းဝေး၏ ဒိုင်ယာလော့များသည် ယခုတိုင် ကျွန်တော့်ကို အံ့အားသင့်စေတုန်းဖြစ်ပါသည်။ မှန်ပါသည်။ ဝတ္ထုရှည် တစ်ပုဒ်၊ သို့မဟုတ် ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော်စိတ်ဝင်စားစွာ ဖတ်နေချိန်၌ ထိုဝတ္ထု ကိုဘယ်လိုရေးသည် ၊ ထိုဒိုင်ယာလော့ကို ဘယ်လိုရေးသည် ဆိုသည်တို့ကို ကျွန်တော်စဉ်းစားမနေပါ။ ထိုအချိန်၌ ကျွန်တော်သည် စာဖတ်သူ သက်သက်သာ ဖြစ်ပါသည်။ သို့ရာတွင် နောင်၌ ကျွန်တော့် ကိုယ်တွင်းမှ စာရေးဆရာသည် ကျွန်တော်၏ အတတ်ပညာဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စများကို တွေးတောစဉ်းစားစ ပြုလာပါသည်။ စာရေးခြင်းအတတ်ပညာကို နားလည်လာသည့်အခါတွင် စာအုပ်တစ်အုပ် ကောင်းမကောင်း၊ ညံ့မညံ့ ၊ တော်ရိရော်ရိ ရေးမရေးကို ကျွန်တော် ပြောနိုင်ပါသည်။ ကျွန်တော့်ကို နင့်ခနဲစွဲသွားအောင် မလုပ်နိုင်သည့်တိုင် ကျွန်တော် ကြိုက်နိုင်ပါသည်။သို့ရာတွင် ဟဲမင်းဝေး ၏ စာအုပ်များထဲက ဒိုင်ယာလော့မှာမူ ကျွန်တော်ကို အတွေးရခက်စေပါသည်။ အနုပညာတွင် အရေး အကြီးဆုံးမှာ အနုပညာ၏ စွမ်းအားတည်ရာ ရေသောက်မြစ်ကို နားမလည်နိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ဘလော့၏ ကဗျာတစ်ပုဒ်မှ အောက်ပါ စာသားအချို့ကို ရာစုနှစ် တစ်ဝက်လုံးလုံး အထပ်ထပ် ရွတ်ခဲ့ဖူးပါသည်။ " သင့်ကိုခေါ်ညား၊ သင်ကားရက်စက်၊ အနောက်ဘက်သို့ လှည့်၍မကြည့်၊ ငါငိုကြွေးလည်း၊ ရွေးမျှမပါ၊ ငဲ့မညှာတည့် " ဆိုသည့် စာသားများဖြစ်ပါသည်။ ထိုကဗျာထဲတွင် အထွေအထူး စဉ်းစားရန် အတွေးသစ်ဆို၍ ဘာမျှမပါပါ။ စကား အသစ်အဆန်းဆို၍ တစ်လုံးမျှ မပါပါ။ ဟဲမင်းဝေး၏ ဒိုင်ယာလော့များတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ သူ့ဒိုင်ယာလော့များသည် ရိုးစင်း၍ တစ်ချိန်တည်းမှာ အသိရခက်သည့် သဘောကိုလည်း ဆောင်ပါသည်။

တစ်နေ့တွင် လီလီဘရစ်က မိတ်ဆွေများကို ဖိတ်၍ ကျွေးမွေးစဉ် တိပ်ရီကော်ဒါကို တိတ်တိတ် ဖွင့်ထား ပါသည်။ နောင်တွင် ကျွန်တော်တို့ ပြောနေသည့် စကားများကို ပြန်နားထောင်ရပါသည်။ ကိုယ်ပြောသည့် စကားများကို နားထောင်ရင်း စိတ်မသက်မသာ ဖြစ်နေကြပါသည်။ ကျွန်တော်တို့ပြောသော စကားများမှာ ရှည်လျားထွေပြားသော စာပေဆန်ဆန် စကားပိုဒ်တွေ ဖြစ်နေပါသည်။ ဟဲမင်းဝေး၏ ဇာတ်ဆောင်များကမူ ခြားနားစွာ စကားပြောပါသည်။ သူတို့မှာ တိုတောင်းစွာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိ အမှုမဲ့ အမှတ်မဲ့ ပြောပါသည်။ တစ်ချိန်တည်းတွင် စကားလုံးတိုင်းသည် စကားပြောသူ၏ စိတ်ဓါတ်အခြေအနေကို ဖော်ပြလျှက်ရှိပါသည်။ သူ့ဝတ္ထုရှည်များ၊ ဝတ္ထုတိုများကို ဖတ်ရသည့်အခါ၌ အပြင်တွင် လူတွေ စကားပြောပုံနှင့် အတူတူဖြစ်နေသည်ဟု ခံစားရပါသည်။ သို့ရာတွင် ထို ဒိုင်ယာလော့များမှာ သူများ ပြောသည်ကိုကြားပြီး ရေးထားခြင်းမဟုတ်ပါ။ လက်ရေးတိုဖြင့် လိုက်ပြီးရေးခြင်း မဟုတ်ပါ။ အနုပညာရှင် တစ်ယောက်က ဖန်တီးလိုက်သည့် ဒိုင်ယာလော့တစ်ခု၏ အနှစ်သာရများ ဖြစ်ပါသည်။ စပိန်လူမျိုးများသည် ဟဲမင်းဝေး၏ ဇာတ်လိုက်များလို စကားပြောကြသည်ဆိုသည့် အမေရိကန် ဝေဖန်ရေးဆရာတစ်ဦး၏ ကောက်ချက်ကို နားလည်နိုင်ပါသည်။ သို့ရာတွင် ဟဲမင်းဝေးသည် ဒိုင်ယာလော့များကို ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ပြန်ဆိုရေးသားခြင်း မဟုတ်ပါ။ တကယ့် အစစ်အမှန်တရား၏ ဘာသာ စကားတစ်ခုကို အနုပညာ၏ ဘာသာစကားအဖြစ်သို့ ဘာသာပြန်ခြင်းသာ ဖြစ်ပါသည်။

ဟဲမင်းဝေးကို အမှတ်မဲ့ တွေ့လိုက်လျှင် ရုတ်တရက်သော် သူ့ကို စိတ်ကူးယဉ် ဘိုဟီးမီးယန်းတစ်ယောက်၊ သို့မဟုတ် ပုံစံကျနေသည့် ဟိုစပ်စပ် သည်စပ်စပ် လူတစ်ယောက်ဟု ထင်စရာဖြစ်သည်။ သူသည် အရက်လည်းသောက်သည်။ အမျိုးမျိုးသော ကြောင်ကွက်ကလေးတွေလည်းရှိသည်။ ကမ္ဘာအနှံ့ လျှောက် သွားသည်။ ပင်လယ် ရေနက်ပိုင်းသို့သွား၍ ငါးမျှားသည်။ အာဖရိကသို့ သွား၍ အမဲကြီးလိုက်သည်။ ကျွဲရိုင်း သတ်ပွဲ ကောင်းကောင်းကိုလည်း ၀ါသနာပါသည်။ ဘယ်အချိန်တွင် စာရေးသည်ကို မပြောနိုင်ပါ။ သို့ရာတွင် သူသည် အလွန် အလုပ်လုပ်သူ ဖြစ်ပါသည်။ အပျက်အစီးတွေကြားက ဖလော်ရီဒါဟိုတယ်သည် စာရေးဆရာတစ်ယောက် စာရေးဖို့ ကောင်းသော နေရာတစ်ခု မဟုတ်ပါ။ သို့ရာတွင် သူသည် ထိုအဆောက်အအုံပျက်များကြားတွင် နေ့တိုင်းထိုင်၍ စာရေးနေပါသည်။ စာရေးဆရာတစ်ယောက်သည် စာရေးမလျှော့ရ၊ မဆုတ်မနစ် ရေးရမည်ဖြစ်ကြောင်း၊ မကောင်းလျှင် ကောင်းသည့်တိုင် အကြိမ်ကြိမ် ပြန်ရေးရမည် ဖြစ်ကြောင်း၊ ငါးကြိမ် ဆယ်ကြိမ်ဖြစ်လျှင် ဖြစ်ပေ့စေ ပြန်ရေးရမည် ဖြစ်ကြောင်းဖြင့် ကျွန်တော့်ကို ပြောပြသည်။

ကျွန်တော်သည် ဟဲမင်းဝေးထံမှ အများကြီး သင်ယူခဲ့ရပါသည်။ သူ့ခေတ်မတိုင်မီတုန်းက စာရေးဆရာ များသည် ဇာတ်ဆောင်များကို ဖွဲ့နွဲ့ရေးကြပါသည်။ များသောအားဖြင့် အကောင်းချည်းရေးကြပါသည်။ ဟဲမင်းဝေးသည် သူ့ဇာတ်ဆောင်များကို ဘယ်တော့မှ ဖွဲ့နွဲ့ ရေးခြင်း မရှိပါ။ အရှိကို အရှိအတိုင်း ပြသ ပါသည်။ ထိုအချက်သည် နိုင်ငံတော်တော်များများရှိ စာရေးဆရာများအပေါ်တွင် သက်ရောက်သော သူ့သြဇာ၏ အရိပ်လက္ခဏာ ဖြစ်ပါသည်။ သူ့စာများကို အားလုံးက ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မည်။ သို့ရာတွင် အားလုံးကမူ သူ့ထံမှ တစ်ခုခုတော့ သင်ယူ လေ့လာကြရပါသည်။

သူသည် ကျွန်တော့်ထက် ရှစ်နှစ်ငယ်ပါသည်။ နှစ်ဆယ်ပြည့်လွန် နှစ်များတုန်းက ပါရီတွင် သူဘယ်လို နေခဲ့ရသည်ကို ပြောပြသည့်အခါတွင် ကျွန်တော်သည် တအံ့တသြ ဖြစ်နေပါသည်။ လွန်ခဲ့သည့် ရှစ်နှစ်က ကျွန်တော်နေခဲ့ရသည်နှင့် အတူတူဖြစ်နေပါသည်။ သူသည် ရိုတန်းကဖေးနှင့် ကပ်လျှက်ရှိသည့် ဆယ်လက် (လက်ရွေးစင်) ကဖေးတွင် ထိုင်ရင်း ကျွန်တော့်လိုပင် နောက်ထပ် မုန့်ကြွပ်ကလေး တစ်ခုလောက်ကို တောင့်တနေပါသည်။ ကျွန်တော် အံ့သြရခြင်းမှာ အခြားကြောင့် မဟုတ်ပါ။ ၁၉၂၂ ခုနှစ်လောက် အရောက် တွင် မွန်ပါနာဆေခေတ်သည် ကုန်ဆုံးသွားခဲ့ကာ ဆယ်လက် (လက်ရွေးစင်) ကဖေးတွင် ချမ်းသာသည့် အမေရိကန် ကမ္ဘာလှည့်ခရီးသည်တွေနှင့် ပြည့်နေလိမ့်မည်ဟု ထင်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ဟဲမင်းဝေးသည် ထိုနေရာတွင် အငတ်ငတ် အပြတ်ပြတ်ဖြင့် ထိုင်၍ ကဗျာတွေကို ရေးကာ သူ့ ပထမဆုံး ဝတ္ထုရှည်ကို စိတ်ကူးနေခဲ့ပါသည်။

အတိတ်အကြောင်းကို ပြန်ပြောကြရင်း ကျွန်တော်တို့နှစ်ယောက်သည် သူရော ကျွန်တော်ပါ ခင်မင် ရင်းနှီးသော မိတ်ဆွေများကို တွေ့လာရပါသည်။ ကဗျာဆရာ ဘလေ့စ်ဆင်န္ဒရာ၊ ပန်းချီဆရာ ပါဆင် စသူတို့ ဖြစ်ပါသည်။ သူတို့ နှစ်ယောက်စလုံးတွင် ဟဲမင်းဝေးနှင့် တူသည့်အချက်တွေရှိပါသည်။ မုန်တိုင်းထန်သော ဘ၀ ၊ အချစ်ကြောင့် စိတ်ဆင်းရဲရခြင်း ၊ သက်စွန့်ဆံဖျား အန္တရာယ် ၊ သေခြင်း စသည်တို့ ဖြစ်ပါသည်။


Ernest Hemingway, Michael & Helen Lerner And Julio Sanchez
With A Nice Catch Of Marlin In Bimini. (wiki အရ ဒီဓါတ်ပုံက ၁၉၃၅ ခုနှစ်ကပါ။)
(Photo - http://forums.floridasportsman.com/)

ဟဲမင်းဝေးသည် စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ယောက်ဖြစ်ပြီး ဘ၀ကို အဟုန်ကြီးစွာ ခုံမင်ပါသည်။ သူသည် ဖလော်ရီဒါ ကမ်းခြေနားမှ ဖြတ်သွားသော အလွန်ကြီးပြီး အလွန်ရှားသည့် ငါးမျိုးအကြောင်း ၊ ကျွဲရိုင်းသတ်ပွဲ တစ်ပွဲအကြောင်း ၊ သူဝါသနာအလျောက် မွေးထားသည့် မြင်းများအကြောင်းကို နာရီပေါင်းများစွာ မရပ်မနား ပြောနိုင်ပါသည်။ တစ်ခါတွင်မူ သူသည် ငါးမျှားသည့် အဖြစ်အပျက် တစ်ခုအကြောင်းကို ပြောနေရာမှ ကြားဖြတ်ကာ

"ဘ၀မှာလည်း အဲဒီအတိုင်းပဲဗျ ၊ ဘ၀မှာ အဓိပ္ပာယ်တစ်ခုတော့ရှိတယ် ၊ လောကမှာ လူ့ဂုဏ်သိက္ခာဆိုတဲ့ အရာဟာရှိတယ် ၊ တစ်မြန်နေ့တုန်းက တက္ကသိုလ်မြို့တော်နားမှာ အမေရိကန်တစ်ယောက် တိုက်ပွဲမှာ ကျသွားတယ် ၊ ကျွန်တော့်ကို နှစ်ခါလောက် လာတွေ့ဖူးတယ် ၊ ကျောင်းသားပဲ ၊ ကျွန်တော်တို့နှစ်ယောက် ပြောတဲ့ စကားတွေကတော့ စုံလို့ပဲ၊ ကဗျာအကြောင်းပါတယ်၊ ဟော့ဒေါ့ ( ခွေးပူမုန့် ) အကြောင်း ပါတယ် ၊ သူ့ကိုတွေ့စေချင်တယ်ဗျာ ၊ သူပြောတဲ့စကားက တော်တော်ကောင်းတယ်ဗျ၊ စစ်ပွဲလောက် ညစ်ပတ် စုတ်ပဲ့တဲ့ အရာရယ်လို့ ဘာမှမရှိဘူးတဲ့ ၊ ဒါပေမဲ့ သူဘာကြောင့် လူဖြစ်လာသလဲဆိုတာ ဒီရောက်မှ သူ သဘောပေါက်တယ်တဲ့ ၊ ဖက်ဆစ်တွေကို မက်ဒရစ်က မောင်းထုတ်ပစ်ရမယ်တဲ့ ၊ နှစ်နဲ့နှစ် ပေါင်းရင် လေးဖြစ်သလို သေချာအောင်လုပ်ရမယ်တဲ့ "

အတန်ကြာ နားနေပြီးမှ ဟဲမင်းဝေးကဆက်ပြောပါသည်။

" ဖြစ်ပျက်နေတာတွေကတော့ ခင်ဗျားမြင်တဲ့ အတိုင်းပဲ ၊ ကျွန်တော်က လက်နက်တွေကို အပြီးအပိုင် နှုတ်ဆက် ခွဲခွာချင်တဲ့လူ၊ ဒါပေမဲ့ နှုတ်ဆက်လို့ မရပဲဖြစ်နေတယ်"

အနာဂတ်တွင် အနှစ်ငါးဆယ်ကြာအထိ မကြေညာသော စစ်ပွဲများ ရှိနေမည်ဖြစ်ကြောင်း ၊ သူသည် ထိုစစ်ပွဲ များတွင် ပါဝင်တိုက်ခိုက်ရန် သဘောတူပြီး ဖြစ်ကြောင်းဖြင့် ရေးခဲ့သည်။ ထိုအချိန်သည် ဘယ်အချိန် ဖြစ်ကြောင်းကို သူမသိ။ သို့ရာတွင် စာရင်းတော့ ပေးထားလိုက်ပြီ။ ထိုစကားများကို ပြောသူမှာ သူ့ ဇာတ်ဆောင်တစ်ယောက် ဖြစ်သည်။ သို့ရာတွင် စာရေးဆရာကိုယ်တိုင်လည်း ထိုသို့သော စကားများကို တစ်ကြိမ်မက ပြောဖူးပါသည်။

စကားဝိုင်းတစ်ခုကို ကျွန်တော် သတိရနေသေးသည်။ ဝေဖန်ရေးသမားများသည် ရူးနှမ်းသူများ ၊ သို့မဟုတ် ရူးနှမ်း ဟန်ဆောင်သူများ ဖြစ်ကြောင်းဖြင့် သူကပြောသည်။

"ကျွန်တော့် ဇာတ်ဆောင်တွေ အားလုံးဟာ အာရုံကြောရောဂါ စွဲကပ်နေသူတွေတဲ့ ၊ ဒါပေမဲ့ ခက်တာက ကမ္ဘာမြေကြီးပေါ်က ဘ၀ဟာ အဟိတ်တိရစာန် ဘ၀မျိုးဆိုတာကိုတော့ ဘယ်သူမှ ထည့်မစဉ်းစားကြဘူးဗျ ၊ လူတစ်ယောက်ဟာ စိတ်ညစ်လာပြီဆိုရင် သူ့ကို အာရုံကြောရောဂါစွဲကပ်နေပြီလို့ ပြောလိုက်ကြတော့တာပဲ ၊ ကြိုးဝိုင်းထဲ ရောက်နေတဲ့ ကျွဲရိုင်းတစ်ကောင်ဟာ အာရုံကြောရောဂါ စွဲကပ်နေမှာပေါ့ ၊ စားကျက်ထဲ မှာတော့ ဘယ်မှာ ဒီလိုဟုတ်မလဲ ၊ ပကတိ ကျန်းမာနေမှာပေါ့ ၊ ဒီအတိုင်းဖြစ်နေကြတာပဲ မဟုတ်လား"


၁၉၃၇ ခုနှစ် အကုန်၌ ကျွန်တော်သည် တာရူအယ်မှ ဘာစီလိုနာသို့ ပြန်လာခဲ့သည်။ ပင်လယ်ကမ်းစပ်က လိမ္မော်ပင်များတွင် အပွင့်တွေဝေနေသည့်တိုင် တာရူအယ်အနီးသို့ ရောက်သည့်အခါတွင် အမြင့်သို့ တက်လာပြီဖြစ်သဖြင့် ကျွန်တော်တို့တစ်တွေ ခိုက်ခိုက်တုန်ချမ်းကာ တခွီးခွီး နှာခြေကြသည်။ ဘာစီလိုနာသို့ ရောက်သည့်အခါတွင် ကျွန်တော့်မှာ ခိုက်ခိုက်တုန်ကာ မောလွန်းသဖြင့် အိပ်ပျော်သွားခဲ့သည်။ တစ်ယောက်က လှုပ်နှိုးသည့်အခါတွင်မှ ကျွန်တော် နိုးလာခဲ့သည်။ ဟဲမင်းဝေးသည် ကျွန်တော့်ကို မိုး၍ ရပ်နေသည်။ " ဘယ်လိုလဲဗျ တာရူအယ်ကျတော့မှာလား ၊ ကျွန်တော် ခု ကာပါနဲ့ လိုက်သွားမလို့။ "

သူက ကျွန်တော့်ကို မေးသည်။ တံခါးဝတွင် ကျွန်တော့်မိတ်ဆွေ ဓာတ်ပုံဆရာ ကာပါ ရပ်နေသည်။ (ကာပါမှာ အင်ဒိုချိုင်းနား စစ်ပွဲတွင် ကျဆုံးသွားခဲ့ပါသည်။)

"ဟင့်အင်း ကျွန်တော်မသိဘူး၊ ကျွန်တော်ရှိတုန်းကတော့ ကောင်းကောင်း ခံတိုက်နေတာပဲ၊ ဖက်ဆစ် တွေက နောက်ထပ် တပ်ကူတွေ ပို့ပေးလိမ့်မယ်လို့တော့ ပြောနေကြတယ်။"

ထိုအချိန်၌ ကျွန်တော်သည် အိပ်ရာမှ ကောင်းကောင်းနိုးနေပါပြီ။ ဟဲမင်းဝေးကို ကြည့်လိုက်သည့်အခါတွင် ကျွန်တော် လန့်သွားသည်။ သူ့ကိုယ်ပေါ်တွင် နွေရာသီ ၀တ်စုံကလေးသာ ၀တ်ထားသောကြောင့် ဖြစ်သည်။  " ဟေ့လူ ခင်ဗျား ရူးနေသလား၊ အပြင်မှာ အေးလိုက်တာ သေတော့မယ် "

သူက ရယ်ပြီး " ကျွန်တော့်ကိုယ်ပိုင် အပူငွေ့ပေးတဲ့ စက်ရှိတယ်လေ " ဟုဆိုကာ အိတ်ကတ် အမျိုးမျိုးထဲမှ ၀ီစကီဘူး အမျိုးမျိုးကို ထုတ်ပြနေသည်။ သူသည် ရွှင်လန်းလျက်ရှိကာ ပြုံးနေသည်။ "လွယ်တော့ မလွယ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီကောင်တွေကို နိုင်မှာပါ "

ကျွန်တော်က စပိန်တပ်မှုးများ၏ အမည်များကို သူ့ကိုပေးသည်။ ဂရီဂိုဗစ်ကို တွေ့အောင် ရှာဖို့လည်း မှာလိုက်သည်။ " ခင်ဗျားကို ကူညီနိုင်မှာပါ "

ကျွန်တော်တို့သည် စပိန်လို နှုတ်ဆက်ကြသည်။ ယင်းမှာ တစ်ယောက်ကျောကို တစ်ယောက် ပုတ်ခြင်း ဖြစ်သည်။ ဟဲမင်းဝေးသည် ကျွန်တော်က အိပ်ရာထဲ အိပ်နေပြီး သူက ကျွန်တော့်ကို မိုး၍ မတ်တပ် ရပ်နေသောပုံကို သိမ်းထားပါသည်။ အမေရိကတွင် ပုံနှိပ်ထုတ်ဝေသည့် သူ့အကြောင်း ရေးထားသော စာအုပ်တစ်အုပ်တွင် ထိုပုံကိုဖော်ပြထားသည်။


Ernest Hemingway with Ilya Ehrenburg and Gustav Regler
during the Spanish Civil War, not dated, circa 1937.
Photograph in the Ernest Hemingway Photograph Collection,
John F. Kennedy Presidential Library and Museum, Boston
(Photo - http://www.jfklibrary.org)

၁၉၃၈ ခုနှစ် ဇွန်လ စပိန်ပြည်သို့ ကျွန်တော်ပြန်လာသည့်အခါတွင် ဟဲမင်းဝေးသည် စပိန်တွင်မရှိတော့။ ကျွန်တော့်မျက်စိထဲတွင်မူ နုပျိုသေးသွယ်သော ဟဲမင်းဝေးကိုသာ အမြဲမြင်နေသည်။ နောင်ဆယ်နှစ်အကြာ မုတ်ဆိတ်တွေ ဖြူဖွေးလျက် တောင့်တင်းကြံ့ခိုင်သော အဘိုးအိုတစ်ယောက်၏ ဓာတ်ပုံကို မြင်သည့် အခါတွင် ကျွန်တော်သူ့ကို မမှတ်မိတော့ပါ။

၁၉၄၁ ခု ဇူလိုင်လ ကုန်ခါနီးတွင် သူ့ကို နောက်တစ်ခေါက် တွေ့ပြန်ပါသည်။ ညတိုင်းလိုလိုပင် မော်စကိုတွင် လေကြောင်းရန် အချက်ပေး ဥသြသံများ ရှိတတ်ပါသည်။ ကျွန်တော်တို့နှစ်ယောက်ကို ဗုံးခိုကျင်းထဲ ဆင်းဖို့ မနည်းခေါ်ယူရပါသည်။ ကျွန်တော်က ကောင်းကောင်းအိပ်ချင်ပါသည်။ ထို့ကြောင့် ဘိုးရစ်လက်ပလင်နှင့် ကျွန်တော်သည် ပီရီဒယ်ကနိုရှိ ဗစ်ရှနက်စကီ ၏ လွတ်နေသော ဒါးချား (တောအိမ်) သို့ သွားအိပ်ရန် စိတ်ကူးကြပါသည်။ တစ်ယောက်က ကျွန်တော့်ကို ရုရှားဘာသာသို့ ပြန်ထားသည့် ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ ဝတ္ထု စာမူကို ငှားလိုက်ပါသည်။ ကျွန်တော်တို့ ကောင်းကောင်း မအိပ်ဖြစ်ကြပါ။ စာရွက်များကို တစ်ယောက်တစ်လှည့်စီ အဆုံးအထိ ဖတ်လိုက်ကြပါသည်။ ( နောက်တစ်နေ့တွင် လက်ပလင်မှာ ကိယက် စစ်မြေပြင်သို့ သွားရမည် ဖြစ်ပါသည်။ သူသည် ထိုနေရာမှ ဘယ်တော့မှ ပြန်မလာတော့ပါ။ ) လေယာဉ်ပစ် အမြောက်များက တ၀ုန်းဝုန်း ပစ်ခတ်နေချိန်တွင် ကျွန်တော်တို့သည် စာကိုသာ ဖတ်နေကြပါသည်။ ဝတ္ထုမှာ စပိန်ပြည်အကြောင်း၊ စစ်အကြောင်း ဖြစ်ပါသည်။  ဝတ္ထုကို ဖတ်ပြီးသွားသည့်အခါတွင် ကျွန်တော်တို့သည် စကားတစ်လုံးမျှ မပြောမိကြဘဲ ပြုံးနေကြပါသည်။

" ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ" သည် ကြေကွဲစရာကောင်းသည့် ဇာတ်လမ်းတစ်ခု ဖြစ်ပါသည်။ သို့ရာတွင် လူသားအပေါ် ယုံကြည်မှုကို ဖွဲ့ နွဲ့ ထားပါသည်။ ကြမ္မာဆိုးနှင့် တွေ့ရသည့် မြင့်မြတ်သောအချစ်၊ ရောဘတ်ဂျော်ဒန်ဆိုသည့် အမေရိကန် အပျော်တမ်း တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်သည့် ရန်သူ့နယ်မြေထဲက ပြောက်ကျားတပ်စုတစ်စု၏ သူရဲကောင်း စိတ်ဓါတ်တို့ကို ဖွဲ့နွဲ့ထားသည့် ဝတ္ထုဖြစ်ပါသည်။ စာအုပ် နောက်ပိုင်း စာမျက်နှာများမှာ လူ့ဘ၀၊ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့်လွှတ်မှု တို့ကို ဂုဏ်ပြုချီးကျူး ထားပါသည်။ ရောဘတ်ဂျော်ဒန်သည် ခြေထောက်တစ်ဖက် ကြေမွကာ လမ်းမတွင် လဲနေပါသည်။ သူ့ရဲဘော်များအား သူ့ကိုထားပစ်ခဲ့ပြီး လွတ်ရာကျွတ်ရာသို့ သွားရန်ပြောနေပါသည်။ သူတစ်ယောက် တည်းသာ ကျန်ခဲ့ပါသည်။ သူ့တွင် မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက် ရှိပါသည်။ သူ့ကိုယ်သူ ပစ်သတ် သွားနိုင်ပါသည်။ သို့ရာတွင် သေခါနီးတွင် ဖက်ဆစ်များကို သတ်နိုင်သလောက် သတ်သွားချင်ပါသေးသည်။ ဟဲမင်းဝေးသည် ထိုအခန်းတွင် အတွင်းစိတ် စကားစဉ်နည်းကို အသုံးပြုသွားပါသည်။ အောက်တွင် အချို့ကို ကူးယူ ဖော်ပြလိုက်ပါသည်။

" ငါတို့တစ်တွေ အခြေအနေ သိပ်ကောင်းနေတုန်းမှာ ငါ့ကို ဒါကြီးလာပြီး ထိတာပဲ၊ (သူတွေးသည်) ဒါပေမဲ့ ငါ တံတားအောက်မှာ ရောက်နေတုန်း ကျမလာလို့ တော်သေးတာပေါ့၊ ဒါပေမဲ့ နောင်ကျရင် ဒါတွေကို ဒီထက် စနစ်တကျဖြစ်အောင် လုပ်နိုင်တော့မှာပါ၊ ငါတို့မှာ ခရီးဆောင် လှိုင်းတိုအသံလွှင့် စက်လေး တစ်လုံး ရှိရမယ်၊ ဟုတ်တယ်၊ ငါတို့မှာ ရှိရမယ့် အရာတွေအများကြီးပဲ၊ ငါ့မှာ ခြေထောက်တစ်ချောင်းလည်း အပိုရှိဖို့ ကောင်းတယ်။

နားထောင်စမ်း၊ ဟုတ်တယ်၊ ရှိအောင်လုပ်ရဦးမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ငါသာ သတိမေ့မြောသွားရင် ဒါမှမဟုတ် တစ်ခုခုဖြစ်သွားရင် ငါဘာအသုံးကျဦးမှာလဲ၊ သူတို့ ငါ့ကို ခေါ်သွားကြရင် ငါ့ကို မေးခွန်းတွေ အများကြီး မေးကြမယ်၊ ဟိုဟာ ဒီဟာတွေ လုပ်ကြတော့မယ်၊ ဒီလိုဆိုရင် ဘယ်ကောင်းမလဲ။

ဂျော်ဒန် မင်းက ဒါမျိုးမှာ မတော်ဘူး (သူ့ကိုယ်သူ ပြောသည်။) ဒါမျိုးမှာမတော်ဘူး၊ ဒါဖြင့် ဘယ်သူက ဒါမျိုး မှာ တော်သလဲ၊ ဒါတော့ ငါမသိဘူး၊ ခုလည်း မစဉ်းစားနိုင်သေးဘူး၊ ဒါပေမဲ့ မင်းတော့မဟုတ်ဘူး၊ ဟုတ်တယ် မင်းမလုပ်တတ်ဘူး၊ ဟုတ်တယ် မင်းမတော်ဘူး၊ မတော်ဘူး ခုနေ ကောက်လုပ်နိုင်ရင် ဘယ်လောက်များ ကောင်းမလဲ၊ မင်းမလုပ်နိုင်ဘူးလား။

မလုပ်နိုင်ဘူး၊ မင်းမလုပ်ရဘူး၊ မင်းမှာ တခြားလုပ်စရာတွေ ရှိသေးတယ်၊ မင်းဟာ သတိ ရှိနေသေးသရွေ့ မင်းလုပ်ရမယ်၊ မင်း စဉ်းစားနိုင်နေသေးသရွေ့ မင်းစောင့်ရမယ်၊ လာစမ်းပါစေ၊ လာပါစေ။

သူတို့ တခြားမှာ ရောက်နေတာကို စဉ်းစားလိုက်စမ်း (သူ့ဘာသာ သူပြောသည်။) သူတို့တစ်တွေ တောထဲ ကို ဖြတ်လာနေတာကို စဉ်းစားကြည့်လိုက်စမ်း၊ သူတို့တစ်တွေ ချောင်းကလေးတစ်ချောင်းထဲ ဖြတ်လာ တာကို စဉ်းစားကြည့်လိုက်၊ သူတို့တစ်တွေ စားကျက်ကုန်းပေါ်မှာ မြင်းတွေနဲ့ လာနေတာကို စဉ်းစား ကြည့်လိုက်၊ သူတို့တစ်တွေ တောင်စောင်းကလေးပေါ်ကို တက်လာတာကို စဉ်းစားကြည့်လိုက်၊ သူတို့ တစ်တွေကို စဉ်းစားလိုက်စမ်း၊ ဟုတ်ပြီ စဉ်းစား၊ အိုကေ၊ ဒီနေ့ည။

" ငါ သိပ်မစောင့်နိုင်တော့ဘူး (သူ့ဘာသာသူ တွေးသည်။) ငါသည့်ထက်ကြာကြာ စောင့်နေရရင် သတိ မေ့မြော သွားလိမ့်မယ်။ " နည်းနည်းလေး စောင့်ပြီး သူတို့ကို နည်းနည်းကလေးဖြစ်ဖြစ် တားထားနိုင်ခဲ့ရင် ဒါမှမဟုတ် ဗိုလ်ကို ရခဲ့ရင် အဲဒီလို ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းသွားမှာပဲ၊ သေသေသပ်သပ် တစ်ခုလုပ်နိုင်ခဲ့ရင်......။

" ကောင်းပြီလေ ( သူပြောသည် ) သူသည် တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်နေသည်။ သူ့ကိုယ်သူ သတိထား သည်။ ထိုကြားထဲမှပင် တောင်စောင်းပေါ်မှ နှင်းခဲတို့ လျှောကျသကဲ့သို့ သူ့ကိုယ်မှ လျှောကျသွားတော့ မည်လားဟု ထင်ရသည်။ အေးဆေးတည်ငြိမ်စွာဖြင့် သူတို့ လာသည်အထိ အသက်ရှိနေပါစေဟု ဆုတောင်းနေမိသည်။

" ရောဘတ်ဂျော်ဒန် ကံကောင်းသည်ဟု ဆိုရမည်။ ထိုအခိုက်မှာပင် ရန်သူ့ မြင်းတပ်သည် တောအုပ်ထဲမှ ထွက်လာကာ လမ်းကို ဖြတ်ကူးလာသည်ကို မြင်လိုက်ရသည်။ "

ဟဲမင်းဝေးသည် သူ့ဝတ္ထု  ခေါင်းစဉ်ကို ၁၇ ရာစုနှစ် ကဗျာဆရာ ဂျွန်ဒန်း၏  '၀တ်ပြုကိုးကွယ်ခြင်း' ဆိုသော ကဗျာထဲမှ ယူထားခြင်းဖြစ်သည်။ စာအုပ်အဖွင့်တွင် အောက်ပါ စာပုဒ်များကိုလည်း ဖော်ပြထားသည်။

ဘယ်လူသားမှ ပေါများပြည့်စုံ
ခေါ်တုံမရ၊ အစသူငါ၊
လူတိုင်းသာလျှင်၊ ပထ၀ီဝင်
မြေပြင်တိုက်ကြီး၊ အသီးသီး၏
စိတ်အပိုင်းတည့်၊ တိမ်စိုင်တစ်စ
ပင်လယ်ဝမှ၊ မျောလာကလျှင်
သူတစ်ယောက်သေခြင်း၊ ငါသေခြင်း...
လူ့သင်းပင်း၌ အချင်းချင်းလူ
အတူတူတည့် ဆူညံသောင်းသောင်း
ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံဟု
မေးရန်မသင့် ယခုထိုးသံ
ခေါင်းလောင်းသံသည် သင့်ထံအတွက်သာ
ဖြစ်သတည်း။

ထိုစာပုဒ်များသည် ဟဲမင်းဝေး ရေးခဲ့သမျှတို့အတွက်လည်း ဆောင်ပုဒ်ဖြစ်နိုင်ပါသည်။ ခေတ်တွေ ပြောင်း သွားကြပါသည်။ သူလည်း ပြောင်းသွားပါသည်။ သို့ရာတွင် လူတစ်ယောက်၏ ကံကြမ္မာသည် အခြားသူများ ၏ ကံနှင့်ခွဲခွာ၍ မရစကောင်းဟူသော သူ့ခံစားချက် (ယင်းကို ကျွန်တော်တို့က လူသားဝါဒဟု စာပေ ဆန်ဆန် ခေါ်ကြပါသည်။) ကား ပြောင်းလဲခြင်းမရှိပါ။

ဟဲမင်းဝေး ကွယ်လွန်ပြီးနောက် အမေရိကန် မဂ္ဂဇင်းတစ်စောင်တွင် ဆောင်းပါးတစ်စောင်ကို ကျွန်တော် ဖတ်လိုက်ရပါသည်။ ဆောင်းပါးရှင်က စပိန်ပြည်တွင်းစစ်သည် ဟဲမင်းဝေး အဖို့ ကျွဲရိုင်းသတ်ပွဲတစ်ပွဲနှင့် ကြံ့ရိုင်းပစ်ပွဲတစ်ပွဲကြားတွင် မတော်တဆ ကြုံတွေ့ရသည့် အဖြစ်အပျက်တစ်ခုထက် ဘာမျှမပိုဟု ရေးထားပါသည်။ ရန်သူအ၀ိုင်းခံနေရသော မက်ဒရစ်မြို့ထဲတွင် ဟဲမင်းဝေး နေရစ်ခဲ့ခြင်းမှာ မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း သူစစ်သတင်းထောက် လုပ်ခဲ့စဉ်က စစ်ရုံးတွင် ထိုင်မနေဘဲ ပြင်သစ် ဖက်ဆစ် ဆန့်ကျင်ရေး ပြောက်ကျားများနှင့် အတူနေခဲ့ခြင်းမှာ မတော်တဆ မဟုတ်ပါ။ ဖြစ်ရပ် မဟုတ်ပါ။ ဖီဒဲကတ်စတရို၏ အောင်ပွဲကို ဆီးကြိုခဲ့ခြင်းမှာ မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ သူသည် သူ၏ လမ်းကြောင်းကို ရေးဆွဲပြီးသား ဖြစ်ပါသည်။

Ernest Hemingway and Cuban leader Fidel Castro
(Photo - http://www.allvoices.com/)

အခြေအနေ အလွန်ဆိုးသည့် ၁၉၄၂ ခုနှစ်တုန်းက ကျွန်တော် ရေးခဲ့ဖူးပါသည်။ " ဥရောပတိုက်လုံးဆိုင်ရာ ဂွါဒါလာဂျာရာ အရေးနိမ့်မှုကြီး ( ဥရောပတို့က ဂျာမဏီအောက်သို့ ရောက်ခြင်း) ဖြစ်ပြီးသည့်နောက်တွင် ကျွန်တော်သည် ဟဲမင်းဝေးကို တွေ့ချင်နေပါသည်။ ကျွန်တော်တို့သည် ဘ၀ကို ကာကွယ်ရမည်သာ ဖြစ်ပါသည်။ ယင်းမှာ ကံမကောင်းသော ကျွန်တော်တို့ မျိုးဆက်၏ တာဝန်ကြီး ဖြစ်ပါသည်။ ကျွန်တော် တို့နှင့်တကွ များစွာတို့သည် ဘ၀၏ အောင်ပွဲကြီးကို ကျွန်တော်တို့ မျက်စေ့နှင့် မြင်ခွင့်မကြုံခဲ့ပါက ကျွန်တော်တို့၏ နောက်ဆုံးအချိန်တွင် ကာစတီလီယန် ပေတစ်ရာလမ်းမကြီးပေါ်တွင် ခြေတစ်ဖက် ကြေမွကာ လဲနေသည့် အမေရိကန်တို့ကို လည်းကောင်း၊ စက်သေနတ်ကလေးကို လည်းကောင်း၊ ကြီးမြတ်သော နှလုံးသားတို့ကိုလည်းကောင်း သတိရနေကြရမည်သာ ဖြစ်ပါသည်။ "

" ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ" ကို လူတော်တော်များများက ခပ်ပေါ့ပေါ့ သဘောထားကာ လျှော့တွက် ကြပါသည်။ " ပင်လယ်နှင့် တံငါအို " ဝတ္ထုသည် တစ်မျိုးဖြစ်ပြီး နုပျိုခြင်း ၊ လူ့ဂုဏ်သိက္ခာအတွက် တိုက်ရ သော စစ်ပွဲတို့သည် တစ်ဘာသာ ဖြစ်ပါသည်။ သူ့ဝတ္ထုကို လူအမျိုးမျိုးက အမြင်အမျိုးမျိုးဖြင့် ဝေဖန် ကြပါသည်။ အချို့က ဟဲမင်းဝေးသည် စစ်တိုက်ရခြင်းကို တရာမျှတ သယောင် ရေးသည်ဟု ရှုတ်ချ ကြပါသည်။ အချို့က စစ်ပွဲမှ အဖြစ်အပျက်အချို့အား ဖော်ပြပုံကို မနှစ်သက်ကြခြင်း ဖြစ်ပါသည်။ အချို့က အင်ဒရေမာတီနှင့် ပတ်သက်၍ ရေးသားချက်တို့ကို ကန့်ကွက်ကြပါသည်။

၁၉၄၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့ ကျွန်တော်ရောက်သွားသည့်အခါ ဟဲမင်းဝေးထံမှ စာရှည်ကြီး တစ်စောင် ကျွန်တော် ရပါသည်။ ကျူးဘားရှိ သူ့ထံ အလည်လာဖို့ ဖိတ်ခြင်းဖြစ်ပါသည်။ သူသည် စပိန် အကြောင်းကို လွမ်းလွမ်းဆွေးဆွေးဖြင့် ရေးထားပါသည်။ ကျွန်တော်ကလည်း ကျူးဘားသို့ မသွားနိုင်ပါ။ သူ မကွယ်လွန်မီကလေးတွင် ကျွန်တော့်ကို နှုတ်ခွန်းဆက် ပို့သကာ မကြာခင် တွေ့နိုင်မည်ဟု မျှော်လင့် ကြောင်းဖြင့် ရေးထားပါသည်။ ကျွန်တော်ကလည်း သူ့ မျှော်လင့်ချက်ကို မျှဝေ ခံယူပါသည်။

ထို့နောက်တွင်မူ သတင်းစာများထဲက သတင်းတိုတိုကလေးကို တွေ့လိုက်ရပါသည်။ ဟဲမင်းဝေး ကွယ်လွန် ကြောင်းကို သတင်းစာများထဲတွင် ဘယ်နှစ်ခါ ပါပြီးပြီနည်း။ ၁၉၄၄ ခုနှစ်က တစ်ကြိမ်။ နောက် ဆယ်နှစ် ကြာသည့်အခါတွင် သူ စီးသွားသည့် လေယာဉ် ယူဂန်ဒါတွင် ပျက်ကျစဉ်က တစ်ကြိမ် ပါဖူးပါသည်။ သတင်းပါတိုင်း ဖြေရှင်းချက် ပေါ်လာခဲ့ပါသည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ ဖြေရှင်းချက် မပေါ်လာ တော့ပါ။ မည်သို့ ဖြစ်သည်ကို ကျွန်တော် မသိပါ။ ဆရာဝန် တစ်ယောက်ဖြစ်သည့် သူ့အဖေသည် ကိုယ့် ကိုယ်ကို အဆုံးစီရင်သွားကြောင်းကို ဟဲမင်းဝေးက ကျွန်တော့်ကို တစ်ခါမျှ မပြောဖူးပါ။ မိတ်ဆွေများထံမှ တစ်ဆင့်ကြားရခြင်း ဖြစ်ပါသည်။ " ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ" ဝတ္ထုမှ ဇာတ်လိုက်သည် သေခါနီးတွင် ဤသို့ တွေးခဲ့ပါသည်။

" ငါ့အဖေ လုပ်သွားတဲ့အလုပ်ကို ငါမလုပ်ချင်ဘူး၊ ငါလုပ်ချင်တယ်ဆိုရင် ဖြစ်ပါတယ်၊ ဒါပေမယ့် မလုပ်ချင်ဘူး၊ ဒီအလုပ်ကို ငါဆန့်ကျင်တယ်၊ ဒီအကြောင်းကို မတွေးနဲ့ " ဟု ပြောခဲ့ပါသည်။

ဟဲမင်းဝေးသည် ရောဘတ်ဂျော်ဒန်လို မဟုတ်ဘဲ ပြဿနာကို တစ်မျိုးတစ်ဖုံ ဖြေရှင်းခဲ့ပါသလော။ သို့မဟုတ် ထိုအဖြစ်သည် သူမကြာခဏ ရေးဖွဲ့ခဲ့ဖူးသည့် မိုက်မဲသော အမှု တစ်ခုလော။ မည်သို့ဖြစ်စေ သေခြင်းတရားသည် သူ၏ ဘ၀ထဲတွင် ရုတ်တရက်ပေါက်ကွဲ သွားခဲ့ပါသည်။ သို့ဖြင့်သူသည် ရှင်တုန်းက ခပ်ကြမ်းကြမ်း နေခဲ့သလို သေသည့်အခါတွင်လည်း ခပ်ကြမ်းကြမ်း သေသွားခဲ့သည်ဟု ပြောလျှင် ပို၍ မှန်လိမ့်မည် ထင်ပါသည်။

ကျွန်တော့် ဘ၀လမ်းကြောင်းကို ပြန်လည် ငဲ့စောင်း ကြည့်လိုက်သောအခါ၌ ကံကောင်းထောက်မ၍ ကျွန်တော်တွေ့ခဲ့သော စာရေးဆရာများအနက် နှစ်ယောက်မှာ ကျွန်တော့်အား စိတ်ကူးယဉ်ခြင်း၊ ဝေ့လည် ကြောင်ပတ် စဉ်းစားတွေးခေါ်ခြင်း၊ အမြင်ကျဉ်းမြောင်းခြင်းတို့မှ လွတ်ကင်းစေရုံမျှမက အသက်ရှုတတ် အောင် ၊ အလုပ်လုပ်တတ်အောင် ၊ ကြံ့ကြံ့ခံတတ်အောင် သင်ကြားကူညီပေးလိုက်သူ နှစ်ယောက် ရှိပါ သည်။ ယင်းတို့မှာ ဘေဘယ်နှင့် ဟဲမင်းဝေးတို့ ဖြစ်ပါသည်။

ဤအသက်အရွယ်ရောက်မှတော့ ကျွန်တော့်အဖို့ ၀န်မခံရဲစရာ ဘာမျှမရှိပါ။

( Ilya Ehrenberg's Memoirs Eve of War ၊ မြသန်းတင့် ၊ လူများ၊ သက္ကရာဇ်များ - ဘ၀)




Ernest and Mary Hemingway are
buried in the town cemetery in Ketchum, Idaho.
(Photo - Wikipedia)

* * * * * * * * * *

External Links -


* * * * * * * * * *

မကြာမီ ....... ဖတ်မိဖတ်ရာ ... ကွန်မြူနစ် ကတော်များ ( ကိုဗဟိန်း၏ ဇနီး မခင်ကြီး )
                ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ( ၁၉၉၆ ခုနှစ် )